အခန်း (၁၁၁၄-၁၁၁၆)
Vol. 75 Ch. 1114-1116
အခန်း (၁၁၁၄) - ကျောက်စိမ်းရော ကျောက်ခဲပါ အတူတူ လောင်ကျွမ်းသွားကြ...
"ယောက်ျား... ကျွန်မတို့တွေ ဘယ်သွားကြမလဲ"
အန်းယန်က မေးလိုက်သည်။ ရွှယ်အန်းသည် သူမ၏ ပန်းရောင်သန်းနေသေးသော ပါးပြင်လေးကို ပေါ့ပေါ့ပါးပါး ဆွဲညှစ်လိုက်ပြီး ပြုံးလျက်ပြောလိုက်သည်။
"ကျိန်စာသင့်မြို့တော်ကို အရင်ပြန်ကြမယ်"
"ဟင်... လီဟန် ကောင်းကင်ဘုံကို သွားမှာ မဟုတ်ဘူးလား"
အန်းယန်သည် အနည်းငယ် နားမလည် ဖြစ်သွားသည်။
"လီဟန် ကောင်းကင်ဘုံကို သွားမှာပေါ့ကွ၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး၊ ဒီက ကိစ္စတွေ အားလုံး ရှင်းပြီးမှ ထွက်ကြမယ်"
"ဩော်..."
အန်းယန်က ခေါင်းညိတ်လိုက်ပြီး တိတ်တဆိတ် လျှောက်လာကာ ရွှယ်အန်း၏ ခါးကို အနောက်မှ သိုင်းဖက်လိုက်ပြီး သူ၏ ကျောပြင်တွင် မျက်နှာအပ်ထားလိုက်သည်။
"ယောက်ျား..."
အန်းယန်၏ အသံမှာ အနည်းငယ် ခပ်အုပ်အုပ်လေး ဖြစ်နေသည်။
"ဟင်..."
"ရှင် ပင်ပန်းနေမှာပဲ"
ရွှယ်အန်းသည် အနည်းငယ် အံ့အားသင့်သွားပြီး တိုးတိုးလေး ရယ်မောလိုက်သည်။
"ဘာလို့ ရုတ်တရက်ကြီး ဒါကို လာပြောနေတာလဲ"
အန်းယန်သည် ရယ်ချင်သလို၊ စိတ်ဆိုးသလို ဖြစ်သွားပြီး ရွှယ်အန်းကို အနည်းငယ် ဆွဲဆိတ်လိုက်သည်။
"မိန်းမက ယောက်ျားအတွက် ခံစားပေးဖို့ အကြောင်းပြချက် လိုသေးလို့လား"
"မလိုပါဘူးဗျာ... မလိုပါဘူး၊ အား... အား... ယန်အာ၊ လွှတ်ပါဦး"
ရွှယ်အန်းက ဟန်ဆောင်နာကျင်ပြလိုက်သည်။အန်းယန်မှာ ပြောစရာစကားမဲ့သွားသည်။
"ဒီလောက်ကြီး ပိုပိုသာသာ လုပ်ပြနေဖို့ လိုလို့လား၊ ကျွန်မက အားနည်းနည်းလေးပဲ သုံးရသေးတာကို"
"ယန်အာရယ်၊ ကိုယ်က မင်း လက်ကလေးတွေ နာသွားမှာ စိုးလို့ပါကွာ"
"ဟွန်း... လျှောက်ပြောနေတာပဲ"
အန်းယန်က နှာခေါင်းရှုံ့လိုက်သော်လည်း ရယ်မောလိုက်လေသည်။ သို့သော် သူမ၏ ရယ်မောသံသည် မကြာမီ မှေးမှိန်သွားပြီး ရွှယ်အန်း၏ ကျောပြင်ကို လေးလေးနက်နက် မှီတွယ်ကာ တီးတိုး ပြောလိုက်သည်။
"ယောက်ျား... ရှင့်ပခုံးပေါ်မှာ တာဝန်တွေ အများကြီး ထမ်းထားရတာနော်၊ ကျွန်မ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်"
"ပြီးတော့ ဒီတစ်ခါ ရှင်က နတ်ဘုရားတွေ အများကြီးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတာ၊ ရှင်က အစွမ်းထက်တယ် ဆိုပေမဲ့... ရှင်က တစ်ယောက်တည်းပဲ ရှိတာလေ"
ထိုသို့ပြောရင်းနှင့် သူမ၏ အသံသည် တိမ်ဝင်သွားကာ လည်ချောင်းဝတွင် ဆို့နင့်လာလေသည်။ ရွှယ်အန်း တိတ်ဆိတ်သွားသော်လည်း နွေးထွေးသော ခံစားမှုတစ်ခု သူ၏ နှလုံးသားကို ဖြတ်သန်းသွားခဲ့သည်။
သူသည် ကောင်းကင်ဘုံကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပြီး နတ်ဘုရားဘုံ၏ ထောင့်တစ်နေရာကို သွေးဖြင့် ဆေးကြောခဲ့သည်။ လူတိုင်းက သူ၏ အင်အားကို မြင်တွေ့ခဲ့ကြသည်။ သို့သော် သူထမ်းပိုးထားရသော ဖိအားများကိုမူ ဤအမျိုးသမီးတစ်ယောက်တည်းသာ ခံစားနားလည်ပေးခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော အမျိုးသမီးမျိုးမှာ သူ့ဘေးနားတွင် ရှိနေခြင်းသည်ပင် လုံလောက်သည်ထက်ပင် ပိုသည်ဟု ရွှယ်အန်း ခံစားလိုက်ရသည်။
ရွှယ်အန်းသည် ကိုယ်ကို လှည့်လိုက်ပြီး အန်းယန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူမ၏ ဆံပင်ရှည်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"ကဲပါ... မင်းယောက်ျားက ဘာလုပ်နေလဲဆိုတာ သိပါတယ်၊ လုပ်ရဲတယ်ဆိုကတည်းက အောင်မြင်မယ်ဆိုတာ ယုံကြည်မှုရှိလို့ပေါ့ကွာ၊ အရမ်းကြီး လျှောက်မတွေးနဲ့နော်... ဟုတ်ပြီလား"
"အွန်း..."
အန်းယန်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သော်လည်း ခဏအကြာတွင် ထပ်ပြောပြန်သည်။
"ဒါပေမဲ့ ကျွန်မ ရှင့်အတွက် တကယ် စိတ်ပူနေတာ၊ မှော်ရတနာဆောင်ထဲမှာတုန်းက အပြင်မှာ ဘာဖြစ်နေလဲဆိုတာ ကျွန်မ မြင်နေရတယ်၊ ဒါပေမဲ့ ဘာမှ ကူညီပေးလို့ မရဘူးလေ၊ အဲဒီ ခံစားချက်က တကယ် ခံရခက်လွန်းတယ်"
ထိုသို့ပြောကာ အန်းယန်က ခေါင်းမော့လာသည်။ သူမ၏ မျက်နှာထားမှာ အသနားခံနေသည့်အလား ရွှယ်အန်းကို ကြည့်နေသည်။
"ယောက်ျား... မှော်ရတနာဆောင်ထဲမှာ ရှိနေတုန်းက ရှင်ပေးထားတဲ့ ကျင့်စဉ်တွေကို ကျွန်မ ကြိုးစားပမ်းစား ကျင့်ကြံခဲ့တာနော်၊ ကျွန်မရဲ့ အစွမ်းတွေလည်း အများကြီး တိုးတက်လာပြီ၊ ဒါကြောင့် နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ရင် ကျွန်မကို အထဲမှာ ပိတ်မထားနဲ့တော့၊ ရှင့်ဘေးနားမှာ အတူတူ တိုက်ခိုက်ခွင့်ပေးပါ... နော်"
သူမပြောနေစဉ်တွင် သူမ၏ မျက်နှာသည် လေးနက်တည်ကြည်မှုများနှင့် ပြည့်နှက်နေသည်။ ရွှယ်အန်းသည် တိတ်ဆိတ်စွာ ကြည့်နေပြီး ခဏကြာမှ အနည်းငယ် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ကိုယ် ကတိပေးတယ်"
"တကယ်လား"
အန်းယန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ဝမ်းသာအားရ အော်လိုက်သည်။
"ဒါဆို အရမ်းကောင်းတာပဲ"
ထို့နောက် သူမသည် ချက်ချင်း ပြန်လည် တည်ငြိမ်သွားပြီး ပြတ်သားသော မျက်နှာထားဖြင့်ပြောလိုက်သည်။
"ယောက်ျား... စိတ်မပူနဲ့နော်၊ ကျွန်မက ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး၊ ရှင့်အတွက် အားအကိုးရဆုံး အထောက်အပံ့ ဖြစ်စေရမယ်"
"အင်း... ကိုယ် ယုံတယ်၊ ယန်အာက ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ၊ မင်း လုပ်နိုင်မှာပါ"
ရွှယ်အန်းက အန်းယန်၏ ဆံပင်ကို ချစ်ခင်စွာ ပွတ်သပ်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။ ရွှယ်အန်းနှင့် အန်းယန်တို့ နှစ်ယောက်သည် အချင်းချင်း အချစ်များကိုပြသနေကြချိန် ကျိန်စာသင့်မြို့တော်ရှိ အသစ်တည်ဆောက်ထားသော နတ်ဘုရားစင်မြင့်၏ လေထုအခြေအနေသည် အလွန်အမင်း တင်းမာနေလေသည်။
ဤစင်မြင့်သည် သီးခြားကမ္ဘာတစ်ခုသဖွယ် ဖွဲ့စည်းထားပြီး ချူရှောင်ယွင်၏ အမိန့်ဖြင့် ပိတ်ဆို့ထားသဖြင့် ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေလေသည်။ သို့ဖြစ်ရာ ပြင်ပတွင် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို သူတို့ ဘာမျှ မသိရှိကြပေ။
သို့သော် အချိန်မည်မျှ ကြာမြင့်သွားပြီလဲ ဆိုသည်ကိုမူ လူတိုင်း ကောင်းစွာ ခန့်မှန်းနိုင်ကြသည်။ ခန့်မှန်းချက်များအရ ရွှယ်အန်း ထွက်ခွာသွားသည်မှာ သုံးရက် တိတိ ရှိနေပြီ ဖြစ်သည်။
အစပိုင်းတွင် လူများသည် သောက်စားကာ စကားစမြည်ပြောနေကြပြီး လေထုသည် အနည်းငယ် ပေါ့ပါးနေခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း တဖြည်းဖြည်း တိတ်ဆိတ်လာကြပြီး လေထုသည် ပိုမို တင်းမာလာလေသည်။
အထူးသဖြင့် ချူရှောင်ယွင်၏ မျက်နှာသည် တဖြည်းဖြည်း ဖြူဖပ်ဖြူရော် ဖြစ်လာနေသည်။ ထိုအချိန်တွင် လူအုပ်ကြီးသည် စင်မြင့်၏ ထောင့်တစ်နေရာတွင် တိတ်တဆိတ် စုရုံးလာကြပြီး အချင်းချင်း တီးတိုး ပြောဆိုလာကြသည်။
"သုံးရက်တောင် ရှိပြီ၊ ရွှယ်အန်းက ပြန်မလာသေးဘူး၊ ငါထင်တာတော့ သူ ဒုက္ခအကြီးကြီး တွေ့နေပြီနဲ့ တူတယ်"
တစ်စုံတစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်သည်။
"ဟက်... ငါ အစကတည်းက ပြောသားပဲ၊ ဒါက ဟာသတစ်ခုပါလို့၊ သူတစ်ယောက်တည်းနဲ့ ထျန်ကျောက် နတ်ဘုရားတွေကို သုတ်သင်မယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
နောက်တစ်ယောက်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ရွှယ်အန်းက အခုလောက်ဆို သေတောင် သေနေလောက်ပြီ၊ ဆက်စောင့်နေတာက အလကားပဲ၊ သူ ပြန်လာမှာ မဟုတ်တော့ဘူး"
"အေးလေ... ဒီမှာ စောင့်နေရတာ အဓိပ္ပာယ်မရှိဘူး၊ ဒါပေမဲ့ အဓိက ပြဿနာက အခုမှ တက်လာတဲ့ ဒီနတ်ဘုရားမက နေရာတစ်ခုလုံးကို ပိတ်ထားတော့ ငါတို့ ထွက်ချင်ရင်တောင် ထွက်လို့မရဘူး ဖြစ်နေတယ်"
"သူ ဒီလို ထာဝရ ပိတ်ထားနိုင်မယ်လို့တော့ ငါမထင်ဘူး၊ ငါတို့ရဲ့ မိသားစုတွေကလည်း လွယ်လွယ်နဲ့ ကစားလို့ရတာမှ မဟုတ်တာ၊ အဆက်အသွယ် မရတာ ရက်အတော်ကြာနေပြီဆိုတော့ မကြာခင် တစ်ယောက်ယောက် လာရှာကြမှာပဲ၊ ဒီကိစ္စကို သူ ဘယ်လို အဆုံးသတ်မလဲဆိုတာ ငါ စောင့်ကြည့်ချင်သေးတယ်"
တစ်စုံတစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။
"ငါကြောက်တာက ဒီနတ်ဘုရားမ စိတ်လွတ်ပြီး အကုန်လုပ်ချလိုက်မှာကိုပဲ"
"မင်း ပြောချင်တာက... ကျောက်စိမ်းရော ကျောက်ခဲပါ အတူတူ လောင်ကျွမ်းသွားတာမျိုးလား"
တစ်စုံတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
"အတိအကျပဲ"
ထိုစကားကြောင့် လူတိုင်း၏ မျက်နှာများ မဲမှောင်သွားကြသည်။
"တောက်... ဒီအရူးမနဲ့ အတူတူတော့ အသေမခံနိုင်ဘူး၊ ငါက ဘာလို့ ဒီမှာ စောင့်နေရမှာလဲ"
ကြွက်သားများ တောင့်တင်းသော လူတစ်ယောက်သည် ဒေါသတကြီး မတ်တတ်ရပ်လိုက်ပြီး ရှေ့သို့ ထွက်လာခဲ့သည်။
"နတ်ဘုရားမ..."
ထိုလူက ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။ ထိုင်ခုံပေါ်တွင် မျက်လုံးမှိတ်၍ မှီနေသော ချူရှောင်ယွင်သည် သူ့အသံကို ကြားသောအခါ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"အင်း... ဂိုဏ်းချုပ်သုန့်၊ ဘာကိစ္စလဲ"
ထိုလူသည် ပျံလွှားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး အတော်အတန် ဩဇာအာဏာကြီးမားသော သု့န်ယင်းကျဲဖြစ်သည်။ သု့န်ယင်းကျဲသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"နတ်ဘုရားမ... ကျွန်တော် မေးစရာ တစ်ခုပဲ ရှိတယ်၊ ကျွန်တော်တို့ ဒီမှာ နတ်ဘုရားမနဲ့အတူ စောင့်နေတာ သုံးရက်ရှိပြီ၊ တကယ်လို့များ မစ္စတာရွှယ်သာ ပြန်မလာခဲ့ရင် ကျွန်တော်တို့က ဒီအတိုင်းပဲ ဆက်စောင့်နေရမှာလား"
သူ၏ စကားအပေါ် ထောက်ခံသည့် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။
"ဟုတ်တယ်... နတ်ဘုရားမ၊ ငါတို့ စောင့်နေတာ သုံးရက်ရှိပြီ၊ အရေးတကြီး ကိစ္စမရှိရင် အခုလောက်ဆို ငါတို့ သွားလို့ရသင့်ပြီ၊ ဒါကြောင့် ကျေးဇူးပြုပြီး ပိတ်ထားတာကို ဖွင့်ပေးပါ"
"ဟုတ်တယ်... စောင့်ချင်ရင် တစ်ယောက်တည်း ဆက်စောင့်နေပါ၊ ကျုပ်တို့မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်"
တစ်ယောက်စလိုက်သည်နှင့် လူအုပ်ကြီး၏ အသံများ ပိုမို ကျယ်လောင်လာကြသည်။ သို့သော် မေးခွန်းထုတ်သံများစွာကို ရင်ဆိုင်နေရသော်လည်း ချူရှောင်ယွင်၏ မျက်နှာထားမှာ ရေခဲတမျှ အေးစက်နေဆဲဖြစ်ပြီး ရုတ်တရက် စားပွဲကို ဒုန်းကနဲ ရိုက်လိုက်သည်။
"အားလုံး ပါးစပ်ပိတ်ထားကြစမ်း"
တစ်နေရာလုံး တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ချူရှောင်ယွင်သည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ရှင်တို့ကို တစ်ခါတည်း ပြောလိုက်မယ်၊ အရှင်ရွှယ်ပြန်မလာမချင်း ဘယ်သူမှ ထွက်သွားလို့ မရဘူး"
"သူ ဘယ်တော့မှ ပြန်မလာရင်ရော"
သု့န်ယင်းကျဲသည် ဒေါသကို အနိုင်နိုင် ထိန်းချုပ်ကာ အေးစက်စွာ မေးလိုက်သည်။
"ဒါဆိုရင်လည်း ဆက်စောင့်ရမှာပဲ"
သု့န်ယင်းကျဲသည် ဒေါသတကြီး အော်ရယ်လိုက်သည်။
"တကယ်လို့ အရှင်ရွှယ်က သေသွားပြီး ဘယ်တော့မှ ပြန်မလာတော့ရင်ရော…”
အခန်း (၁၁၁၅) - ကျိန်စာမျက်ဝန်းနှင့် နဂါးပျံသိုင်းကွက်
ချူရှောင်ယွင်၏ မျက်ဝန်းအစုံတွင် အေးစက်သော အလင်းရောင်များ ဖြတ်ပြေးသွားပြီး ခက်ထန်ပြတ်သားစွာ ပြောလိုက်သည်။
"အရှင်ရွှယ်က အဆင်ပြေမှာပါ၊ ပြီးတော့ ဘာပဲဖြစ်ဖြစ်... သူ ပြန်မလာမချင်း ရှင်တို့ဘယ်သူမှ ဒီနေရာကနေ ခြေတစ်လှမ်းတောင် ခွာခွင့်မရှိဘူး"
ထိုစကားကြောင့် ရှိနေသူ အားလုံးကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
သု့န်ယင်းကျဲသည် ဒေါသထွက်လွန်း၍ ရင်ဝကို ဖိထားရမတတ် ဖြစ်နေသော်လည်း ချူရှောင်ယွင်သည် ကျိန်စာနတ်ဘုရားမ၏ ရာထူးနှင့် စွမ်းအားများကို ဆက်ခံထားသူဖြစ်သောကြောင့် သူမ၏ အစွမ်းကို လျှော့တွက်၍ မရပေ။
ထို့ကြောင့် သူသည် စကားကို လွန်လွန်ကျွံကျွံ မပြောရဲဘဲ ချူရှောင်ယွင်ကို အမုန်းတရားများဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး လှည့်ထွက်သွားလေသည်။သို့သော် ဤဖြစ်ရပ်ကြောင့် ထိုနေရာရှိ အခြေအနေသည် ပိုမို၍ တင်းမာထူးဆန်းလာခဲ့သည်။
လူအများအပြားသည် ချူရှောင်ယွင်ကို ခိုးကြည့်ကြပြီး သူတို့၏ မျက်လုံးများထဲ၌ ရန်လိုသော အရိပ်အယောင်များ ရံဖန်ရံခါ ဖြတ်ပြေးသွားတတ်ကြသည်။
ချူရှောင်ယွင်သည် ထိုအချက်ကို ကောင်းစွာ သိရှိသော်လည်း သူမ၏ စိတ်ထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ထားပြီး ဖြစ်သည်။ အကယ်၍ ရွှယ်အန်းသာ တစ်စုံတစ်ရာ ဖြစ်သွားပြီး ပြန်မလာနိုင်တော့ပါက ဤလူများထဲမှ မည်သူမျှ ပြန်ထွက်သွားခွင့် ရမည်မဟုတ်ပေ။ သူတို့အားလုံးသည် ဤနေရာ၌ပင် စတေးခံအဖြစ် ကျန်ရစ်ခဲ့ရပေလိမ့်မည်။
ချူရှောင်ယွင် ဤသို့ ပြုလုပ်ရခြင်းမှာ ဤနေရာမှ သတင်းအချက်အလက်များကို ပိတ်ဆို့လိုသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်းသည် အင်အားကြီး မိသားစုအချို့မှ ဆက်ခံသူများကို သတ်ဖြတ်ခဲ့ပြီးဖြစ်သောကြောင့် သတင်းပေါက်ကြားသွားလျှင် ထိုမိသားစုများသည် ဤကိစ္စကို ဒီအတိုင်း ထားလိုက်မည် မဟုတ်ပဲ တရားမျှတမှု တောင်းဆိုရန် သေချာပေါက် ရောက်လာကြပေလိမ့်မည်။
ထိုအခါ ရွှယ်အန်းသည် အရှေ့တွင် ထျန်ကျောက်ကဲ့သို့သော နတ်ဘုရားများ ရှိနေပြီး အနောက်တွင် အင်အားကြီး မိသားစုများ ရှိနေသဖြင့် ကြားညပ်သွားမည် မဟုတ်ပါလား။
ချူရှောင်ယွင်သည် ထိုအချက်ကို တွေးမိသဖြင့် ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ကျောက်စိမ်းရော ကျောက်ခဲပါ အတူတူ လောင်ကျွမ်းခြင်းဟူသော လမ်းစဉ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
လူများ စိတ်မငြိမ်မသက် ဖြစ်နေကြပြီး အများစုမှာ မကျေနပ်ချက်များ ရှိနေသည်ကိုလည်း သူမ သိထားသည်။ သို့သော် ထိုအရာများအတွက် ချူရှောင်ယွင်က အေးစက်စွာ ပြုံးရုံသာ ပြုံးလိုက်သည်။
သူမသည် ဤနေရာလပ်တစ်ခုလုံးကို လုံးဝ ပိတ်ဆို့ထားပြီးဖြစ်သောကြောင့် သူမဘက်မှ လိုလိုလားလား ဖွင့်မပေးသမျှ ကာလပတ်လုံး ထွက်ပေါက်ဟူသည်မှာ သူမ၏ အလောင်းကို ကျော်ဖြတ်သွားမှသာ ရရှိနိုင်ပေလိမ့်မည်။
ထိုအတွေးဖြင့် ချူရှောင်ယွင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်မှိတ်လိုက်သည်။ သူမ၏ တိတ်ဆိတ်ငြိမ်သက်နေသော အပြုအမူကြောင့် လူအများကြားတွင် လှုပ်ရှားမှုရေချိန် မြင့်တက်လာပြန်သည်။
"တောက်... ဒီမိန်းမ ရူးနေပြီနဲ့ တူတယ်၊ အရှင်ရွှယ်က သေဖို့ သေချာသလောက် ဖြစ်နေပြီကို၊ ငါတို့က ဒီမှာ သေမယ့်ရက်ကို ထိုင်စောင့်ပြီး သူ့အတွက် စတေးခံရမှာလား"
"ဟုတ်တယ်၊ ကြည့်ရတာ ဒီမိန်းမက အဲဒီအတိုင်း လုပ်ဖို့ ဆုံးဖြတ်ထားပုံရတယ်"
"ငါထင်တာတော့ ငါတို့အားလုံး ပေါင်းပြီး ဒီအရူးမကို ဖမ်းချုပ်ပြီးမှ ထွက်သွားဖို့ နည်းလမ်းရှာသင့်တယ်"
"လုပ်ကြတာပေါ့ကွာ"
လူများ ဆွေးနွေးလာလေလေ သူတို့၏ မျက်နှာထားများမှာ ပိုမို အရုပ်ဆိုးလာလေလေ ဖြစ်သည်။ ထိုလူအုပ်ကြီးထဲတွင် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ နတ်ဘုရားမျိုးဆက်ဖြစ်သော ကျုံးအန်းအန်း တစ်ယောက်သာ တိတ်ဆိတ်နေခဲ့သည်။
အမှန်တွင် သူမသည် စိတ်ထဲ၌ သက်ပြင်းချနေမိသည်။ ချူရှောင်ယွင်၏ တွေးခေါ်ပုံကို သူမ နားလည်သော်လည်း အခြေအနေမှာ အလွန် အန္တရာယ်များနေသည်ဟု ခံစားနေရသည်။ ရွှယ်အန်း ပျောက်သွားသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး မည်သည့် သဲလွန်စမျှ မရရှိသေးသဖြင့် သူသည် ကံဆိုးမိုးမှောင်ကျသွားပြီ ဖြစ်နိုင်ခြေ အလွန်များပြားနေသည်။
သို့သော် ပါးနပ်လှသော ကျုံးအန်းအန်းသည် စကားဝင်မပြောဘဲ ဘက်မလိုက်သော အနေအထားဖြင့်သာ အချိန်လုံး နေခဲ့လေသည်။
ဤအချိန်တွင် လူအုပ်စုသည် တိတ်တဆိတ် ဆွေးနွေးတိုင်ပင်ပြီးနောက် ဘာမျှမဖြစ်သကဲ့သို့ လူစုခွဲလိုက်ကြသည်။ သို့သော် ထိုသူများသည် ဘာလုပ်ရမည်ကို ကောင်းစွာ သိရှိနေကြသည်။ သူတို့သည် ကုလားထိုင်ပေါ်တွင် ထိုင်နေသော ချူရှောင်ယွင်ကို ပစ်မှတ်ထားကာ တိတ်တဆိတ် ဝိုင်းရံလိုက်ကြလေသည်။
ချူရှောင်ယွင်သည် ထိုအရာများကို လုံးဝ သတိမထားမိသည့်အလား ကုလားထိုင်ပေါ်တွင် နောက်မှီလျက် မျက်လုံးမှိတ်ကာ အားအင်မွေးမြူနေဆဲ ဖြစ်သည်။
ထိုအခြေအနေကို မြင်သောအခါ သု့န်ယင်းကျဲသည် ဘေးပတ်ဝန်းကျင်မှ လူများကို မျက်စိဖြင့် အချက်ပြလိုက်ရာ အားလုံးက သဘောတူကြောင်း ခေါင်းညိတ်ပြကြသည်။
သု့န်ယင်းကျဲသည် အေးစက်စွာ ပြုံးလိုက်ပြီးနောက် ဦးဆောင်ကာ ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်လေသည်။ ပျံလွှားနဂါးဂိုဏ်းသည် အင်အားကြီး မိသားစုတစ်ခု ဖြစ်သည့်အားလျော်စွာ ဂိုဏ်းချုပ်ဖြစ်သော သု့န်ယင်းကျဲ၏ အစွမ်းသည် သာမန်မဟုတ်ပေ။
သူသည် စစ်မှန်အင်မော်တယ် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သော်လည်း ချီစွမ်းအင်သုံး နဂါးပျံသိုင်းကွက်ကို ထိန်းချုပ်ရာတွင် သူ၏ ကျွမ်းကျင်မှုမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
အထူးသဖြင့် ယခုတစ်ကြိမ်တွင် ဤနေရာမှ အမြန်ဆုံး လွတ်မြောက်လိုသဖြင့် သု့န်ယင်းကျဲသည် သူ၏ အပြင်းထန်ဆုံး သတ်ကွက်ကို တိုက်ရိုက် ထုတ်သုံးလိုက်လေသည်။
ဝိညာဉ်စွမ်းအင်များသည် နဂါးဆယ်ကောင်ကျော်အဖြစ် ပြောင်းလဲသွားပြီး ချူရှောင်ယွင်အား ပြင်းထန်သော အားအင်ဖြင့် တိုက်ခိုက်လိုက်သည်ကို မြင်တွေ့လိုက်ကြရ၏။ ထို့အပြင် သု့န်ယင်းကျဲ၏ တိုက်ခိုက်မှုသည် အချက်ပြမှုတစ်ခု ဖြစ်လာပြီး ဝိုင်းရံထားကြသော လူအားလုံးကို လှုပ်ရှားစေခဲ့သည်။
ပြင်းထန်သော အလင်းရောင်များ လက်ခနဲ ဖြစ်ပေါ်လာပြီး စွမ်းအားများသည် မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။ တိုက်ခိုက်သူများသည် ပြိုင်ဘက်ကင်း အစွမ်းထက်သူများ မဟုတ်ကြသော်လည်း အားလုံးသည် အတော်အတန် စွမ်းအားကြီးသူများ ဖြစ်ကြသည်။ အထူးသဖြင့် အားလုံး ပူးပေါင်းလိုက်သောအခါ ၎င်းတို့၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလာလေသည်။
သို့သော် ထိုသို့သော ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် အရပ်မျက်နှာ အသီးသီးမှ တောက်ပသော အလင်းရောင်များ လွှမ်းခြုံထားခြင်းခံရသည့် ချူရှောင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်လေသည်။
ထိုမျက်လုံးများထဲတွင် ခံစားချက်ဟူ၍ လုံးဝ မရှိပဲ မျက်လုံးသူငယ်အိမ်များပင် ပျောက်ကွယ်နေပြီး မီးခိုးရောင် သက်သက်သာ ဖြစ်နေသည်။ ထိုမျှသာမက ဤမျက်လုံးများနှင့်အတူ ချူရှောင်ယွင်၏ ခန္ဓာကိုယ်မှ မိုးထိအောင် မြင့်တက်နေသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။
သု့န်ယင်းကျဲသည် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအရာ ပေါ်လာခဲ့သည်။ ထိုအချိန်မှာပင် ချူရှောင်ယွင်သည် သူ့ဘက်သို့ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်လေသည်။
သူမ၏ အကြည့်ကျရောက်ရာ လေဟာနယ်၌ ကြီးမားသော အပေါက်ကြီးနှစ်ခု လောင်ကျွမ်း ဖြစ်ပေါ်လာသည့်အလား ဖြစ်သွားပြီး မကြာမီမှာပင် သု့န်ယင်းကျဲသည် သူ၏ ဝိညာဉ် ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ သက်စောင့်စွမ်းအားများသည် လျင်မြန်စွာ ယိုစီးပျောက်ကွယ်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် လျင်မြန်စွာ အိုမင်းရင့်ရော်လာလေသည်။
ဤပြောင်းလဲမှုများသည် သု့န်ယင်းကျဲကို အတိုင်းအဆမရှိ ကြောက်လန့်သွားစေခဲ့သည်။ ချူရှောင်ယွင်နှင့် တိုက်ခိုက်ရန်ပင် စိတ်မဝင်စားနိုင်တော့ဘဲ အလျင်အမြန် ရှောင်တိမ်းလိုက်က။ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒါ ကျိန်စာမျက်ဝန်းပဲ၊ ဒီမိန်းမက ကျိန်စာမျက်ဝန်းကို ထုတ်သုံးလိုက်ပြီ"
ထိုစကားကို ကြားလိုက်ရသူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။
ကျိန်စာနတ်ဘုရားမအား နာမည်ဆိုးဖြင့် ကျော်ကြားစေခဲ့သော နည်းလမ်းမှာ ဤ ကျိန်စာမျက်ဝန်းပင် ဖြစ်ကြောင်း လူသိများလေသည်။ ၎င်းကို ထုတ်သုံးလိုက်လျှင် အင်မော်တယ်သခင်အဆင့်ရှိသူများပင် ကြောက်ရွံ့ကြရသည်။
အကြောင်းမှာ ကျိန်စာ၏ စွမ်းအားသည် သွေးမျိုးဆက်နှင့် သက်စောင့်စွမ်းအား အပေါ်တွင် တိုက်ရိုက် သက်ရောက်မှု ရှိသောကြောင့် ဖြစ်ပြီး ဖြေရှင်းရန် အလွန်ခက်ခဲလှသည်။ ထို့ကြောင့်ပင် ကျိန်စာနတ်ဘုရားမ၏ ဂုဏ်သတင်းမှာ ကြီးမားခဲ့ခြင်း ဖြစ်သည်။
သို့သော် သု့န်ယင်းကျဲနှင့် အခြားသူများ မမျှော်လင့်ထားခဲ့သည့် အရာမှာ ယခင် ကျိန်စာနတ်ဘုရားမ၏ စွမ်းအားနှင့် ကျင့်ကြံမှုအဆင့်ကို ဆက်ခံရုံသာ ရှိသေးသော ချူရှောင်ယွင်သည် ဤမျှ အစွမ်းထက်သော နတ်ဘုရားနည်းလမ်းကို အသုံးပြုနိုင်လိမ့်မည်ဟု ထင်မထားခဲ့ခြင်းပင်။ ချက်ချင်းပင် လူအုပ်ကြီး ဖရိုဖရဲ ဖြစ်ကုန်ကြလေသည်။
သု့န်ယင်းကျဲသည် သူ၏ မြင့်မားသော ကျင့်ကြံမှုအဆင့်ကို အားကိုး၍ ကျိန်စာမျက်ဝန်း၏ လိုက်လံတိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် အခြားသူများမှာမူ ကံမကောင်းခဲ့ကြပေ။
အထူးသဖြင့် နောက်ထပ် ကျိန်စာတိုက်ခံရမည်ကို ကြောက်ရွံ့နေသော သု့န်ယင်းကျဲသည် သူ့ဘေးနားရှိ ကျင့်ကြံသူတစ်ဦးကို လူသားဒိုင်းအဖြစ် ဆွဲယူကာ အကာအကွယ် လုပ်လိုက်လေသည်။
ထိုကျင့်ကြံသူသည် ရွှေအင်မော်တယ် အဆင့်အထက်၊ စစ်မှန်အင်မော်တယ်အဆင့် အောက်တွင် ရှိသော စစ်မှန်နတ်ဘုရားအဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်းသည် အလွန်အမင်း အစွမ်းထက်သူ မဟုတ်သော်လည်း အတော်အတန် အင်အားရှိသူ ဖြစ်သည်။
သို့သော် သု့န်ယင်းကျဲ၏ ထိန်းချုပ်မှုအောက်တွင် သူသည် ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိ ဖြစ်နေခဲ့သည်။ ထိုအချိန်မှာပင် ချူရှောင်ယွင်၏ အကြည့်သည် ဖြတ်သန်းသွားခဲ့သည်။
ထို စစ်မှန်နတ်ဘုရားအဆင့် ကျင့်ကြံသူသည် တစ်ကိုယ်လုံး တုန်ရီသွားပြီး ကောင်းကင်ကို တုန်လှုပ်စေလောက်သည့် အော်ဟစ်သံကြီးကို ပြုလုပ်လိုက်လေသည်။ ၎င်းသည် အော်ဟစ်သံနှင့်အတူ လျင်မြန်စွာ အိုမင်းရင့်ရော်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အစွမ်းထက်သော ကျင့်ကြံသူဘဝမှ အားနည်းသော အဘိုးအိုကြီးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် သူ၏ အရေပြားများသည် တစ်စစီ ကွဲအက်လာပြီး နောက်ဆုံးတွင် သူ၏ ဝိညာဉ် ပြိုကွဲကာ သေဆုံးသွားခဲ့ရလေသည်။
ဤမြင်ကွင်းသည် ဝိုင်းရံထားကြသော လူတိုင်းကို ကြက်သီးထသွားစေခဲ့သည်။ အထူးသဖြင့် သု့န်ယင်းကျဲ၏ နှလုံးသားထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူတွေးထားခဲ့သည်မှာ ချူရှောင်ယွင်သည် ကျိန်စာနတ်ဘုရားမ၏ ရာထူးကို ဆက်ခံခါစသာ ရှိသေးသဖြင့် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားမည် မဟုတ်ဟူ၍ ဖြစ်သည်။ ယခင်က အရှင်ရွှယခရှိနေသောကြောင့်သာ သူ မလှုပ်ရှားရဲခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အရှင်ရွှယ်သေဆုံးပြီဟု ယူဆရသဖြင့် သူ ထိုသို့သော အတွေးများ ဝင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ တွက်ချက်မှားသွားခဲ့လေသည်။ ဤသို့ ဖြစ်လာမည်ဟုသာ သိခဲ့လျှင် သူသည် ရှေ့ဆုံးမှ ဦးဆောင်ရန် ဘယ်သောအခါမှ စေတနာ့ဝန်ထမ်း လုပ်ခဲ့မည် မဟုတ်ပေ။
သု့န်ယင်းကျဲသည် စိတ်ထဲတွင် ခါးသီးစွာ နောင်တရလိုက်ပြီး ချူရှောင်ယွင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် လျင်မြန်စွာ ရွေ့လျားလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ကနဦးက အရှိန်အဝါ ကြီးမားနေသော ချူရှောင်ယွင်သည် ရုတ်တရက် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သွေးတစ်ပွက် အန်ချလိုက်လေသည်။
သွေးများ အန်ထွက်လာသည်နှင့်အတူ အရာရာကို လွှမ်းမိုးထားသော သူမ၏ အစွမ်းထက်သည့် မျက်လုံးများသည်လည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရလေသည်။
အခန်း (၁၁၁၆) - ငါပြောခဲ့တဲ့ စကားတွေ အားလုံးက အမှန်တရားတွေဖြစ်သွားပြီ
ထိုမြင်ကွင်းကို ကြည့်ပြီး လူတိုင်း မှင်သက်သွားကြသော်လည်း သု့န်ယင်းကျဲမှာမူ အလွန်အမင်း ဝမ်းသာသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"အားလုံး အတူတူ တိုက်ကြ၊ ဒီမိန်းမက သူ့ရဲ့ နတ်ဘုရားအဆင့်အတန်းကို လောင်ကျွမ်းပြီးတော့မှ ကျိန်စာမျက်ဝန်းကို သုံးနိုင်တာ၊ သူ မခံနိုင်တော့ဘူး"
သု့န်ယင်းကျဲ ပြောခဲ့သည့်အတိုင်းပင် ချူရှောင်ယွင် သည် သူမ၏ နတ်ဘုရားအဆင့်အတန်းကို အသက်လု၍ လောင်ကျွမ်းစေပြီးမှသာ ကျိန်စာမျက်ဝန်းကို အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
သူမသည် နတ်ဘုရားရာထူးကို ဆက်ခံသည်မှာ အချိန်တိုတောင်းလွန်းလှပြီး ရက်အနည်းငယ်မျှဖြင့် ဤစွမ်းအားကို အပြည့်အဝ ထိန်းချုပ်ရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် ဤလူများကို မောင်းထုတ်ရန်အတွက် သူမသည် ရှိသမျှ အရာအားလုံးကို ပုံအောကာ လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။
လောကတွင် တစ်ခါတစ်ရံ၌ အသက်ကိုရင်း၍ ကြိုးပမ်းပါသော်လည်း အရာမထင်ဘဲ လုံလောက်မှု မရှိသည်များလည်း ရှိတတ်စမြဲဖြစ်သည်။ သူမသည် နတ်ဘုရားအဆင့်အတန်းကို လောင်ကျွမ်းစေခြင်းကြောင့် သူမ၏ ကျင့်ကြံမှုအဆင့်ကို ထိခိုက်စေခဲ့ကာ ချက်ချင်းပင် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့လေသည်။
သွေးအန်ခြင်းသည် အစပျိုးခြင်းမျှသာ ဖြစ်ပြီး သူမ၏ အရှိန်အဝါတစ်ခုလုံးသည် လျင်မြန်စွာ ကျဆင်းလာခဲ့သည်။ ထိုအချိန်၌ပင် သူမကို ဝိုင်းရံထားကြသူများ၏ စိတ်ဓာတ်သည် မြင့်တက်လာကြပြီး သူမအား သက်ညှာမှုမရှိဘဲ ရက်စက်စွာ တိုက်ခိုက်ကြလေတော့သည်။
အထူးသဖြင့် သု့န်ယင်းကျဲ ဖြစ်ပြီး သူက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
"သောက်နတ်ဘုရားမ... မင်းက ငါ့ကို တော်တော်လန့်သွားအောင် လုပ်လိုက်တာပဲ၊ အခု အဲဒီ ရွှယ်ဆိုတဲ့ကောင်နဲ့ ပြန်ဆုံဖို့ ငါ ပို့ပေးလိုက်မယ်"
သူသည် လက်နှစ်ဖက်ကိုဝေ့လိုက်ကာ ချီစွမ်းအင်သုံး နဂါးပျံသိုင်းကွက်ကို အစွမ်းကုန် လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားပြီး ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ကြမ်းတမ်းသည့် နဂါးကြီး ဒါဇင်ပေါင်းများစွာသည် ချူရှောင်ယွင်ထံသို့ ခုန်အုပ်လိုက်ကြလေသည်။
ချူရှောင်ယွင်သည် ဝင်ရောက်လာသော တောက်ပသည့် အလင်းရောင်များကို ရင်ဆိုင်ကာ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်သည်။ သူမ၏ မျက်နှာထားမှာ တည်ငြိမ်နေသည်။
ဘာပဲဖြစ်ဖြစ်... မိသားစုအတွက် လက်စားချေပြီးပြီပဲ၊ တကယ်လို့ သခင်ကြီး မရှိတော့ရင် ငါလည်း လိုက်သွားလိုက်မယ်...
သို့သော် သယမ မသေဆုံးခင် ဤလူများထဲမှ မည်သူ့ကိုမျှ လွတ်မြောက်ခွင့် မပေးရန် သူမ ဆုံးဖြတ်လိုက်သည်။ ထိုသို့ တွေးပြီးနောက် ချူရှောင်ယွင်သည် သူမ၏ နတ်ဘုရားစွမ်းအားများကို ရူးသွပ်မတတ် စတင်လည်ပတ်စေလိုက်ရာ သူမ၏ အရေပြားများသည် သဘာဝမဟုတ်သော နီရဲသည့် အရောင်များ ယှက်သန်းလာခဲ့လေသည်။
"သူ့ကို မြန်မြန်တားကြ၊ သူက နတ်ဘုရားအဆင့်အတန်းကို ဖောက်ခွဲပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တော့မှာ"
ထိုအခြေအနေကို မြင်လိုက်ရသော တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သု့န်ယင်းကျဲမှာ ထိတ်လန့်မှုနှင့် ဒေါသတို့ ရောပြွမ်းသွားသည်။
"သောက်ရူးမ... မင်းသေတာတောင် ငါတို့ကိုပါ ဆွဲခေါ်သွားချင်နေသေးတာလား"
ထိုသို့ပြောကာ နဂါးပျံသိုင်းကွက်မှ နဂါးကြီးများသည် အရှိန်ရုတ်တရက် မြင့်တက်သွားပြီး ချူရှောင်ယွင်၏ ခေါင်းပေါ်သို့ ချက်ချင်း ရောက်ရှိလာကာ သူမတစ်ကိုယ်လုံးကို ဝါးမျိုရန် ပါးစပ်ကြီးများကို ဖြဲထားလိုက်ကြသည်။ ချူရှောင်ယွင်သည် လုံးဝ မျှော်လင့်ချက်မဲ့သွားခဲ့ချေသည်။
သခင်ကြီး... ကျွန်မ လိုက်လာပြီ
သူမသည် စိတ်ထဲတွင် ပြောလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေသည်။ နဂါးကြီးများသည် သူမထံသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီး လူအုပ်ထဲမှ ကျုံးအန်းအန်းပင်လျှင် ဆက်မကြည့်ရက်တော့သဖြင့် ခေါင်းလွှဲသွားကာ ချူရှောင်ယွင် သေဆုံးတော့မည်ဟု ယုံကြည်သွားသည်။
သို့သော် ထိုစဉ် အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ယခင်က ဝင့်ကြွားနေသော သု့န်ယင်းကျဲသည် ဧရာမ ဆင်ကြီးတစ်ကောင် ဝင်တိုက်လိုက်သကဲ့သို့ နောက်သို့ လွင့်ထွက်သွားကာ လေထဲတွင်ပင် သွေးများ အန်ကျလာလေသည်။ ထိုအချိန်၌ပင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ငါသေပြီလို့ ဘယ်သူက ပြောလဲ"
ထိုအသံနှင့်အတူ ချူရှောင်ယွင်၏ ရှေ့ရှိ လေဟာနယ်ထဲတွင် လှိုင်းဂယက်များ ထသွားပြီးနောက် အဖြူရောင် ဝတ်ဆင်ထားသော လူငယ်တစ်ဦး၏ပုံရိပ် ပေါ်လာခဲ့လေသည်။
ထိုလူငယ် ပေါ်လာသည့် အချိန်သည် ဒါဇင်ပေါင်းများစွာသော နဂါးပျံသိုင်းကွက်၏ နဂါးကြီးများ ရှေ့သို့ တိုးဝင်လာသည့် အချိန်နှင့် ကွက်တိ ဖြစ်နေသည်။ သို့သော် လူငယ်သည် မျက်တောင်ပင် မခတ်ဘဲ လျစ်လျူရှုစွာ ပြောလိုက်သည်။
"ထွက်သွားစမ်း"
သူ၏ အမိန့်ပေးသံနှင့်အတူ လူငယ်၏ ရှေ့တွင် ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး နဂါးကြီးများသည် ရုန်းကန်ရန်ပင် အချိန်မရလိုက်ဘဲ လေပြင်းထဲတွင် တစ်စစီ လွင့်စင်ပျောက်ကွယ်သွားကြလေသည်။ စကားတစ်ခွန်းတည်းနှင့် ဤမျှ ကြီးမားသော စွမ်းအားကို ထုတ်လိုက်နိုင်သည်။
ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လူတိုင်းသည် ပြုစားခံလိုက်ရသကဲ့သို့ မတ်တတ်ရပ်လျက် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။
မျှော်လင့်ချက်ကုန်ဆုံးကာ သေခြင်းတရားကို ရင်ဆိုင်ရန် ပြင်ဆင်ထားသော ချူရှောင်ယွင်သည် ထိုအသံကို ကြားလိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး ကြောင်အမ်းသွားခဲ့သည်။ ခေတ္တမျှ ကြာပြီးနောက်မှ သူမသည် သတိပြန်ဝင်လာပြီး အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"သခင်ကြီး..."
မှန်ပေသည်။ ထိုရောက်ရှိလာသူမှာ ရွှယ်အန်းပင် ဖြစ်သည်။ သူသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ကို နောက်ပစ်လျက် ရပ်နေကာ လူအုပ်ကြီးကို အေးစက်သော မျက်နှာထားဖြင့် ဝေ့ဝဲကြည့်လိုက်သည်။
သူ၏ အကြည့်ရောက်ရှိရာ နေရာတိုင်းတွင် လူများသည် မသိစိတ်၏ စေ့ဆော်မှုကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိလျက်သား ဖြစ်သွားကြသည်။ အထူးသဖြင့် ချူရှောင်ယွင်ကို တိုက်ခိုက်ခဲ့ကြသူများ၏ မျက်နှာများသည် ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားကြလေသည်။
"မင်းတို့အားလုံး ငါသေပြီလို့ ထင်နေကြတယ်လို့ ကြားတယ်"
ရွှယ်အန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။
မည်သူမျှ စကားမပြောရဲကြပေ။ ဤတိတ်ဆိတ်နေသော ခန်းမထဲတွင် သု့န်ယင်းကျဲ၏ နာကျင်စွာ ညည်းနေရသော အသံသာ ထွက်ပေါ်နေသည်။
သူသည် ရွှယ်အန်း၏ ပေါ့ပေါ့ပါးပါး ရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့ရပြီး ယခုအခါ မတ်တတ်ပင် မရပ်နိုင်တော့ဘဲ နံရံကိုမှီ၍ အသက်လု ရှူနေရလေသည်။ ရွှယ်အန်းသည် ရှေ့သို့ ခြေလှမ်းကျဲကျဲ လှမ်းလိုက်ပြီး သူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သု့န်ယင်းကျဲသည် ရွှယ်အန်းကို အလွန်အမင်း ထိတ်လန့်စွာ ကြည့်လိုက်ပြီး ထစ်အထစ်အဖြင့် ပြောရှာသည်။
"သခင်ကြီး... အသက်ချမ်းသာပေးပါ..."
ရွှယ်အန်းက သူ့ကို ဆက်မပြောရန် လက်ကာပြလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ငါ မင်းကို ဘာလို့ ရိုက်လဲဆိုတာ သိလား"
သု့န်ယင်းကျဲက ကြောက်လန့်တကြား ခေါင်းခါလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
"သိ... သိပါပြီ၊ ကျွန်တော် တုံးအပြီး နတ်ဘုရားမကို ဆန့်ကျင်ခဲ့တာပါ၊ ကျွန်တော် သေသင့်ပါတယ်၊ ကျွန်တော်က အသုံးမကျတဲ့ကောင်ပါ..."
ရွှယ်အန်းက ရယ်မောလိုက်သည်။
"မင်းတို့က အစကတည်းက လူမှ မဟုတ်တာ၊ မင်းတို့ကိုယ်မင်းတို့ မြင့်မြတ်တဲ့ နတ်ဘုရားတွေလို့ ဂုဏ်ယူနေကြတာ မဟုတ်ဘူးလား"
ထိုစကားကြောင့် သု့န်ယင်းကျဲ တောင့်ခဲသွားပြီးနောက် အတင်းဟန်ဆောင် ပြုံးလိုက်သည်။
"သခင်ကြီး ပြောတာ မှန်ပါတယ်၊ ကျွန်တော်က တကယ်ပဲ လူမဟုတ်ပါဘူး"
သို့သော် ရွှယ်အန်းသည် သူ့စကားများကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
"အဲဒါက တစ်ချက်ပဲ ရှိသေးတယ်၊ တကယ်လို့ အဲဒီကိစ္စတစ်ခုတည်းဆိုရင် ငါ လက်ဖျားနဲ့တောင် တို့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီအရာကိုကျတော့... မင်း ဘယ်လို ရှင်းပြမလဲ"
ထိုသို့ပြောရင်းနှင့် ရွှယ်အန်းသည် လက်ဝါးကို ဖြန့်လိုက်ရာ လေထဲတွင် ပေါလောပေါ်နေသော နတ်ဘုရားအာရုံတစ်ခု ပေါ်လာခဲ့လေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ သု့န်ယင်းကျဲ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။ ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"ပိတ်ဆို့ထားတာကို ဖောက်ထွက်ပြီး သတင်းပို့ဖို့အတွက် နတ်ဘုရားအာရုံ လျှို့ဝှက်နည်းလမ်းကို သုံးတာက ခွင့်လွှတ်ပေးလို့ ရတယ်၊ ဒါပေမဲ့ မင်းက ဒီနည်းလမ်းကို သုံးပြီးတော့ ရိတ်သိမ်းချင်နေတာ၊ ပြောစမ်း... ဒါကို ဘယ်လို ဖြေရှင်းမလဲ"
ဤ နတ်ဘုရားအာရုံသည် ရွှယ်အန်းမှ ကျိန်စာသင့်မြို့တော်သို့ လာရာလမ်းတွင် ကြားဖြတ်ဖမ်းယူရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အတွင်းမှ သတင်းစကားမှာ ရိုးရှင်းဘှသည်။ ကျိန်စာသင့်မြို့တော်၏ လက်ရှိအခြေအနေကို ဖော်ပြထားခြင်း ဖြစ်သည်။
အမှန်တွင် ဤအရာသည် ကိစ္စသေးတစ်ခုသာ ဖြစ်ပြီး ရွှယ်အန်းအနေဖြင့် ဤမျှ သေးငယ်သော ကိစ္စများတွင် ဝင်ပါလေ့မရှိပေ။ သို့သော် အရေးကြီးသည့် အချက်မှာ နတ်ဘုရားအာရုံ၏ အဆုံးတွင် ပါရှိသည့် နောက်ဆက်တွဲ သတင်းအချက်အလက် ဖြစ်ပြီး ဖတ်လိုက်ရသူတိုင်းကို ကျောချမ်းသွားစေနိုင်သည်။
သု့န်ယင်းကျဲသည် ကျိန်စာသင့်မြို့တော်၏ လက်ရှိ အားနည်းချက်ကို အခွင့်ကောင်းယူ၍ သူ၏ လက်အောက်ငယ်သားများကို လာရောက်ပြီး အရင်းအမြစ်များ ရိတ်သိမ်းခိုင်းလိုခြင်း ဖြစ်သည်။
ထိုအရင်းအမြစ်များမှာ ယခင်က ကျိန်စာနတ်ဘုရားမ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သော နတ်ဘုရားအုပ်ချုပ်သည့် တိုင်းပြည်များကို စဉ်းစားကြည့်လျှင် နားလည်နိုင်ပေသည်။ မြင့်မားသော ရာထူးများ ရယူထားကြသည့် နတ်ဘုရားများအတွက် ယုံကြည်ခြင်းစွမ်းအားကို ပေးစွမ်းနိုင်သော သာမန်ပြည်သူလူထုသည် အရင်းအမြစ်တစ်ခုသာ ဖြစ်သည်။
ထို့အပြင် ရိတ်သိမ်းသည်ဟူသော စကားလုံး ကိုယ်တိုင်ကပင် သွေးထွက်သံယိုဖြစ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ပြနေပေသည်။
ထို့ကြောင့်ပင် ရွှယ်အန်း ရောက်လာသည်နှင့် ချက်ချင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သုန့်ယင်းကျဲသည် အကြံအစည် ပေါက်ကြားသွားသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာသည် သေလူတစ်ယောက်ကမာ မီးခိုးရောင် သန်းသွားပြီး သူ၏ ဘဝဆုံးပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
သို့သော် ထို့နောက် တစ်စုံတစ်ခုကို သတိရလိုက်သကဲ့သို့ သူသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး မျက်နှာကြီး ရှုံ့မဲ့ကာ ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။
"ရွှယ်မျိူးရိုး... မင်း သိပ်အစွမ်းထက်တယ် မထင်နဲ့၊ အခု မင်း ငါ့ကိုသတ်လိုက်ရင်တောင် ငါ မကျေနပ်နိုင်ဘူး"
"ဩော်... မင်းက မကျေနပ်ဘူးပေါ့"
"ဟုတ်တယ်"
သု့န်ယင်းကျဲက မထီမဲ့မြင် ပြုံးလိုက်သည်။
"မင်း အရင်တုန်းက ပြောတော့ ထျန်ကျောက်ဘုံက နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်မယ်ဆို၊ အခုကျ ဒီ ၃ ရက်လုံးလုံး မင်း တစ်နေရာရာမှာ သွားပုန်းနေတာမလား"
ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ သု့န်ယင်းကျဲ၌ ဆုံးရှုံးစရာ ဘာမျှမရှိတော့သဖြင့် ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။ အခြားလူများစွာလည်း စိတ်ထဲတွင် တိတ်တဆိတ် ထောက်ခံလိုက်ကြသည်။
ဟုတ်ပေသည်။ သု့န်ယင်းကျဲ ပြောတာ မှန်ကောင်းမှန်လိမ့်မည်။ ရွှယ်အန်းသည် သုံးရက်လုံးလုံး ပုန်းနေခဲ့ခြင်း ဖြစ်နိုင်သည်။ ချူရှောင်ယွင် ကိုယ်တိုင်ပင်လျှင် ရွှယ်အန်း ပြောခဲ့သည့်အတိုင်း တကယ် လုပ်ဆောင်နိုင်ခဲ့သည်ဟု မယုံကြည်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စသည် ယုံနိုင်စရာ မရှိလောက်အောင် ဖြစ်နေသောကြောင့်ဖြစ်သည်။
သို့သော် သု့န်ယင်းကျဲ၏ ရယ်မောသံများကြားတွင် ရွှယ်အန်းသည် မာန်ပါပါ ရပ်နေပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"ငါပြောခဲ့တဲ့ စကားတွေ အားလုံး အမှန်ဖြစ်လာခဲ့ပြီ၊ နတ်ဘုရားတွေ သေကုန်ပြီ၊ ထျန်ကျောက်ဘုံဆိုတာ မရှိတော့ဘူး"
ထိုစကားနှင့်အတူ သု့န်ယင်းကျဲ၏ ရယ်မောသံသည် ရုတ်တရက် ရပ်တန့်သွားပြီး ခန်းမကြီး တစ်ခုလုံးသည် သုသာန်ပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။