← Chapters

အခန်း (၁၁၁၇-၁၁၁၉)

Vol. 75 Ch. 1117-1119

အခန်း (၁၁၁၇-၁၁၁၉)

Vol. 75 Ch. 1117-1119

အခန်း (၁၁၁၇) - နေလတို့ တပြိုင်နက် တောက်ပမှု၊ ရွှယ်အန်းကို ဦးညွှတ်ကြခြင်း

ရွှယ်အန်း၏ စကားကြောင့် လူတိုင်း မှင်သက်ဆွံ့အသွားကြလေသည်။

"နတ်ဘုရားတွေ ကျဆုံးပြီ၊ နတ်ဘုရားဘုံလည်း ပျက်သုဉ်းသွားပြီ..."

ထိုစကားလုံးများသည် ဒဏ္ဍာရီပုံပြင်များထက်ပင် ပို၍ စိတ်ကူးယဉ်ဆန်နေသယောင် ရှိနေသည်။ အနည်းဆုံးတော့ လူအများစု၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ အတိုင်းသား ပေါ်လွင်နေကြသည်။

အထူးသဖြင့် သု့န်ယင်းကျဲဖြစ်သည်။ သူသည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ရူးသွပ်စွာ ထပ်မံ အော်ဟစ်ရယ်မောလိုက်ပြန်သည်။

"အရှင်ရွှယ်... ခင်ဗျားရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကိုတော့ ကျွန်တော် တကယ် လေးစားပါတယ်ဗျာ၊ နတ်ဘုရားတွေ သေပြီ ဟုတ်လား၊ ကျွတ်... ကျွတ်... ခင်ဗျားကိုယ်ခင်ဗျား နတ်ဘုရားဘုရင်ပါလို့ မကြေညာလိုက်တာလဲ၊ ခင်ဗျားကြောင့် ကျွန်တော် ရယ်ရလွန်းလို့ သေတော့မယ်... ဟားဟားဟား"

သူ၏ ရယ်မောသံသည် နတ်ဘုရားစင်မြင့် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသော်လည်း ရွှယ်အန်းသည် ဒေါသ မထွက်ခဲ့ပေ။ ထိုအစား သူသည် အလွှာလိုက် ပိတ်ဆို့ထားသော နေရာလပ်ကို မော့ကြည့်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

"အင်းလေ၊ ရှေးလူကြီးတွေ ပြောသလိုပေါ့... နွေရာသီမှာပဲ ရှင်သန်တဲ့ ပိုးကောင်လေးတွေက ရေခဲအကြောင်း ဘယ်နားလည်နိုင်ပါ့မလဲ၊ ပင်လယ်ထဲ မရောက်ဖူးသူက ပင်လယ်အကြောင်း ဘယ်မှန်းဆနိုင်ပါ့မလဲ ဆိုတာမျိုးပေါ့"

သု့န်ယင်းကျဲ ရပ်တန့်သွားပြီး သူ၏ ရယ်မောသံများလည်း တိတ်ဆိတ်သွားသည်။

"ခင်ဗျား ဘာကို ဆိုလိုတာလဲ"

ရွှယ်အန်းသည် သူ၏ ဖြူဖွေးသော သွားတန်းများ ပေါ်လာသည်အထိ အေးစက်စွာ ပြုံးပြလိုက်ပြီး။

"ဘာမှ မဟုတ်ပါဘူး၊ ငါ တွေးမိတာက မသိနားမလည်မှု ဆိုတာ တကယ် ကြောက်စရာကောင်းပါလားလို့ပါ"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ဒီနေရာက အရမ်း မွန်းကျပ်တာပဲ၊ ဖွင့်ပြီး လေရှူကြတာပေါ့"

သူ၏ အသံဆုံးသည်နှင့် ဓားအလင်းတန်းတစ်ချက်မှာ လေဟာနယ်ထဲမှ ရုတ်တရက် လက်ခနဲ ပေါ်ထွက်လာပြီး ရွှယ်အန်းက လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလျက် ဓားဖြင့် ပိုင်းချလိုက်လေသည်။

ဂလစ်

မှန်သားပြင် ကွဲအက်သွားသကဲ့သို့ ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ဤနတ်ဘုရားစင်မြင့် အပိုင်းအစကို ပိတ်ဆို့ထားသော အတားအဆီးများသည် အလွှာလိုက် စတင် ကွဲအက်လာခဲ့သည်။ သို့သော် ထိုမျှဖြင့် ပြီးဆုံးမသွားသေးပေ။

အတားအဆီး ကျိုးပျက်သွားသောအခါ နေရာလပ်သည်လည်း အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုအက်ကွဲကြောင်းများသည် အစပိုင်းတွင် သေးငယ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။ အသက်ရှူချိန် အနည်းငယ်အတွင်း၌ပင် နေရာလပ်တစ်ခုလုံး အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့လေသည်။

အက်ကွဲကြောင်းများ အကန့်အသတ်သို့ ရောက်ရှိသွားသောအခါ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ယာယီ တည်ဆောက်ထားသော နတ်ဘုရားစင်မြင့် လျှို့ဝှက်နယ်မြေကြီးသည် ပြိုကွဲပျက်စီးသွားခဲ့လေသည်။

အလင်းစက်လေးများဖြင့် တောက်ပနေသော နေရာလပ် အပိုင်းအစများသည် ကြယ်တာရာ ပင်လယ်ပြင်ကဲ့သို့ ကွဲပြားပျောက်ကွယ်သွားစဉ်တွင် ညအချိန် ရောက်နေပြီဖြစ်သော ပြင်ပကမ္ဘာ၏ ကြယ်တာရာ ကောင်းကင်ယံသည် ပိုမို ထင်ရှားပေါ်လွင်လာခဲ့သည်။

လူတိုင်း ထိုမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိကြသည်။ မည်သူမျှ စကားမပြောကြသလို၊ မပြောရဲကြပေ။

ရွှယ်အန်း၏ မြေကြီးတုန်ဟီးသွားစေသော ဓားချက်ကြောင့် သူတို့ ကြောက်ရွံ့သွားရခြင်း သက်သက် မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ ပြင်ပလေထု၏ ပုံမှန်မဟုတ်သော အခြေအနေကို လူတိုင်း ခံစားလိုက်မိသောကြောင့် ဖြစ်သည်။

ယခင် ထျန်ကျောက်ဘုံတွင် နတ်ဘုရားများ၏ အရှိန်အဝါသည် ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်မှု ရှိကာ လောက တစ်ခုလုံးတွင် ပျံ့နှံ့နေလေ့ရှိသည်။ ထိုခံစားချက်သည် တောရိုင်းထဲမှ တောက်လောင်နေသော မီးပုံကြီးတစ်ခုကဲ့သို့ပင် ဖြစ်ပြီး အဝေးမှနေ၍ပင် သိသာထင်ရှားစွာ ခံစားနိုင်သည်။

သို့သော် ယခုအခါ လူတိုင်း၏ နတ်ဘုရားအာရုံ ဖြန့်ကျက်နိုင်သော အတိုင်းအတာအတွင်း၌ တောရိုင်းမြေပြင်ကြီးသည် တိတ်ဆိတ်နေပြီး လုံးဝ ငြိမ်သက်နေလေသည်။

"ဒါ... ဒါ ဘာဖြစ်သွားတာလဲ"

သု့န်ယင်းကျဲသည် ထိတ်လန့်သော မျက်နှာထားဖြင့် သူ့ဘာသာ တီးတိုး ရေရွတ်လိုက်သည်။ ထိုအချိန်တွင် လူအုပ်ထဲမှ ကျုံးအန်းအန်းသည် တုန်ရီသော အသံဖြင့် ရုတ်တရက် အော်ပြောလိုက်သည်။

"အားလုံး... အားလုံးပဲ ကောင်းကင်ကို မော့ကြည့်လိုက်ကြ"

အားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။ညဉ့်ကောင်းကင်ယံရှိ လမင်း၏ ဘေးတွင် တောက်လောင်နေသော နေမင်းတစ်စင်း စတင် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ နေရောင်ခြည်အောက်တွင် အမှောင်ထု ဖုံးလွှမ်းနေသော မြေပြင်ကြီးသည် တဖြည်းဖြည်း လင်းလက်လာလေသည်။

"နေနဲ့လ တပြိုင်နက် တောက်ပနေတာပဲ၊ ဒါ... ဒါက နတ်ဘုရားဘုရင် လှည့်လည်သွားလာတဲ့အခါမှ ပေါ်လာတတ်တဲ့ နိမိတ်လေ"

ကျုံးအန်းအန်း တီးတိုး ရေရွတ်လိုက်မိသည်။ ထိုအချိန်၌ပင် ရွှယ်အန်းသည် ကောင်းကင်ထက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူ၏ ခြေလှမ်းများသည် နှေးကွေးပုံရသော်လည်း အလွန်တရာ လျင်မြန်လှပေသည်။

တစ်ခဏအတွင်းမှာပင် ရွှယ်အန်းသည် လေဟာနယ်အလယ်တွင် ရပ်တန့်လိုက်သည်။ သူ၏ ပုံရိပ်သည် ညဉ့်ကောင်းကင်ယံတွင် ပေါ်လာသောအခါ နေနှင့်လ၏ အလင်းရောင်များ မှေးမှိန်သွားပြီး ကြယ်များသည်လည်း တလက်လက် တောက်ပခြင်း မရှိတော့ပေ။

၎င်းတို့သည် ရွှယ်အန်း ရောက်ရှိလာခြင်းကို ကြိုဆိုသည့်အနေဖြင့် ရိုသေစွာ ဦးညွှတ်လိုက်ကြသည့်အလား ထင်မှတ်ရသည်။

လူတိုင်း၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာကြသည်။ ကျုံးအန်းအန်းသည် တုန်ရီနေပြီး သွားများကို စေ့ကာ ပြောလိုက်သည်။

"နေနဲ့လက ခေါင်းငုံ့အရိုအသေပြုနေတာ၊ ဒါ... ဒါက နတ်ဘုရားဘုရင်ကိုပဲ လုပ်တဲ့ ဂါရဝပြုခြင်းမျိုးပဲ"

ထိုအချိန်တွင် ကောင်းကင်ထက်၌ လက်ကို နောက်ပစ်လျက် ရပ်နေသော ရွှယ်အန်းသည် အောက်မှ လူအုပ်ကြီးကို ငုံ့ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ငါ ပြောသားပဲ... နတ်ဘုရားတွေ သေကုန်ပြီလို့၊ အခု ယုံပြီလား"

ဝုန်း...

လူအုပ်ကြီးသည် သေခြင်းတရားနှင့် ထိတွေ့လိုက်ရသကဲ့သို့ တိတ်ဆိတ်သွားပြီးနောက် ပြင်းထန်စွာ ဆူညံပွက်လောရိုက်သွားလေသည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တစ်စုံတစ်ယောက်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"ဘုရားရေ... လူတစ်ယောက်တည်းနဲ့ ထျန်ကျောက် နတ်ဘုရားတွေကို သုတ်သင်လိုက်တယ်ဆိုတော့ သူက ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ"

တစ်စုံတစ်ယောက်က အံ့သြတကြီး တွေးတောလိုက်သည်။

"အခုမှ သိရမယ့်အစား စောစောကတည်းကသာ သိခဲ့ရင် ကျိန်စာနတ်ဘုရားမကို ငါ ဘယ်တော့မှ ဆန့်ကျင်ခဲ့မှာ မဟုတ်ဘူး"

တစ်စုံတစ်ယောက်က နောင်တများစွာဖြင့် ညည်းတွားလိုက်သည်။

သို့သော် သူတို့ အံ့သြသည်ဖြစ်စေ၊ နောင်တရသည်ဖြစ်စေ အဆုံးတွင် လူတိုင်းသည် တညီတညွတ်တည်း ခေါင်းကို နက်ရှိုင်းစွာ ငုံ့လိုက်ကြပြီး ရွှယ်အန်းအပေါ် အမြင့်မားဆုံးသော ရိုသေလေးစားမှုကို ပြသလိုက်ကြလေသည်။

ကျုံးအန်းအန်း ခိုးကြည့်လိုက်သောအခါ အထက်ကောင်းကင် လေဟာနယ်ရှိ နေနှင့်လသည် အလင်းရောင် ကင်းမဲ့နေပြီး မြေပြင်ကြီးပေါ်ရှိ သတ္တဝါအားလုံး ခေါင်းငုံ့ထားကြသည်ကို တွေ့လိုက်ရသည်။

ကမ္ဘာလောက တစ်ခုလုံး ငြိမ်သက်သွားသကဲ့သို့ ဖြစ်နေပြီး ရွှယ်အန်း တစ်ယောက်တည်းသာ မိုးနှင့်မြေကြားတွင် မာန်ပါပါ ရပ်တည်နေလေသည်။ သူ၏ ဝတ်ရုံဖြူသည် လေထဲတွင် တလွင့်လွင့် လှုပ်ရှားနေပြီး ထိုအခိုက်အတန့်ရှိ အလင်းရောင်အားလုံးသည် သူ့တစ်ယောက်တည်းအပေါ်တွင်သာ စုဝေးနေသကဲ့သို့ ဖြစ်နေသဖြင့် သူ့ကို တည့်တည့်ကြည့်ရန်ပင် မဖြစ်နိုင်လောက်အောင် ရှိနေလေသည်။

ကျုံးအန်းအန်းသည် သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ သူမသည် မြင့်မြတ်သော မိသားစုမှ ဆင်းသက်လာသည့် ဆန်းကြယ်နတ်ဘုရားမ တစ်ယောက်အနေဖြင့် ပါရမီရှင် လူငယ်များစွာကို မြင်ဖူးခဲ့သလို သက်တမ်းရှည်ကြာပြီး အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများစွာနှင့်လည်း ဆုံတွေ့ဖူးခဲ့သည်။

သို့သော် မည်မျှပင် မြင့်မြတ်အစွမ်းထက်သော ပုဂ္ဂိုလ်ဖြစ်ပါစေ ရွှယ်အန်း ပေးစွမ်းနိုင်သော တုန်လှုပ်မှုကို ယှဉ်နိုင်ခြင်း မရှိပေ။

ဒီလူငယ်က တကယ်တမ်း ဘယ်သူလဲ... ပြီးတော့ ဘာလို့ ဒီလောက် ပြိုင်ဘက်ကင်းတဲ့ အစွမ်းတွေ ရှိနေရတာလဲ

ဤမေးခွန်းများသည် ကျုံးအန်းအန်း၏ စိတ်ထဲတွင် လှည့်ပတ်နေလေသည်။

ထိုအချိန်တွင် ရွှယ်အန်း၏ အကြည့်သည် ကျောက်ရုပ်လို ဖြစ်နေသော သု့န်ယင်းကျဲအပေါ်သို့ ကျရောက်သွားပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

"အခုရော... ရယ်စရာ ကောင်းနေသေးလား"

သု့န်ယင်းကျဲ၏ စိတ်များ ဗလာဖြစ်သွားသည်။ သူ့မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သမျှသည် သူ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ချေသည်။ ရွှယ်အန်း စကားပြောလိုက်မှသာ သူသည် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။

ထို့နောက် သူသည် လူတိုင်း အံ့အားသင့်သွားစေမည့် အပြုအမူတစ်ခုကို လုပ်ဆောင်လိုက်သည်။ သူသည် သူ၏ နဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ဘုန်းကနဲ အသံနှင့်အတူ သွေးများ ပတ်ဖြန်းသွားပြီး သူ၏ ဦးနှောက်များ ပွင့်ထွက်ကာ အသက်မဲ့နေသော ခန္ဓာကိုယ်ကြီး လဲကျသွားလေသည်။

လူများသည် အနည်းငယ် ကြောင်အမ်းသွားကြသည်။ သု့န်ယင်းကျဲ ဆိုသည်မှာ ဒေသခံ ထိပ်သီးအဖြစ် သတ်မှတ်ခံထားရသော ပျံလွှားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖြစ်သည်။ သို့သော် ရွှယ်အန်းနှင့် ရင်ဆိုင်ရသောအခါ သူသည် ပြန်လည်တိုက်ခိုက်ရန်ပင် မရဲတော့ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့လေသည်။

ရွှယ်အန်းသည် မြေပြင်ပေါ်ရှိ သု့န်ယင်းကျဲ၏ အလောင်းကို ငုံ့ကြည့်လိုက်ပြီး နက်နဲသော အပြုံးဖြင့် ပြုံးကာ ပြောလိုက်သည်။

"သူ့အခြေအနေသူ သိသားပဲ၊ ဒါပေမဲ့... ကလေးကစားကွက်တွေ လာသုံးနေတာတော့ ရယ်စရာ ကောင်းလွန်းမနေဘူးလား"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လက်ချောင်းကို ပေါ့ပေါ့ပါးပါး ပေးလိုက်ရာ အလင်းတန်းတစ်ခု ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

အသက်ရှူချိန် တစ်ခဏ ကြာပြီးနောက် ဝေးကွာသော ကောင်းကင်ယံမှ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အော်ဟစ်သံသည် ခဏသာ ကြာပြီးနောက် အရာအားလုံး ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

လူတိုင်း တုန်လှုပ်သွားကြပြီး လူအများစု၏ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်မှုများ ပေါ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအော်သံသည် သု့န်ယင်းကျဲ၏ အသံမှန်း သိသာထင်ရှားနေသောကြောင့်ပင်။

အစောက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသော သု့န်ယင်းကျဲသည် အမှန်တကယ် မသေဆုံးသေးဘဲ လျှို့ဝှက်နည်းလမ်းကို အသုံးပြု၍ ရွှယ်အန်းကို လှည့်စားကာ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ကံဆိုးစွာဖြင့် သူ၏ မျှော်လင့်ချက် အစီအစဉ်အားလုံးသည် ရွှယ်အန်း၏ ပေါ့ပါးသော လက်တစ်ဖက် လှုပ်ရှားမှုအောက်တွင် ပျက်စီးသွားခဲ့ရလေသည်။ဒေသခံ ထိပ်သီးတစ်ဦးကို ဤမျှ လွယ်ကူစွာ သတ်ဖြတ်လိုက်သည့် ပုံစံသည် လူအုပ်ကြီး၏ နှလုံးသားများကို တုန်လှုပ်သွားစေသည်။ ထိုအချိန်၌ ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"မကြောက်ကြပါနဲ့၊ ငါ မင်းတို့အားလုံးကို သတ်ဖို့ အစီအစဉ် မရှိပါဘူး"

လိပ်ပြာမလုံဖြစ်နေကြသူ အများစုသည် ထိုစကားကို ကြားလိုက်ရသောအခါ သက်ပြင်းချနိုင်သွားကြသည်။

ရွှယ်အန်းက ဆက်ပြောသည်။

"ရိုးရိုးသားသား ပြောရရင် ငါက သက်ညှာမှုမရှိဘဲ လိုက်သတ်နေတဲ့ လူစားမျိုး မဟုတ်ဘူး၊ မင်းတို့က အပြစ်ကင်းတယ်လို့ မဆိုနိုင်ပေမဲ့ပေါ့၊ ဒါပေမဲ့ ငါ မင်းတို့ကို အခွင့်အရေး တစ်ခုပေးဖို့ ဆုံးဖြတ်လိုက်တယ်"

အခွင့်အရေး ဟုတ်လား၊ ဘာအခွင့်အရေးလဲ...

လူအုပ်ကြီး၏ မျက်နှာများတွင် နားမလည်သော အရိပ်အယောင်များ ပေါ်လာကြသည်။ ရွှယ်အန်း ဘာလုပ်ချင်သည်ကို သူတို့ နားမလည်ကြသော်လည်း အားလုံး၏ ရင်ထဲတွင် ကျပ်တည်းမှုကို ခံစားနေကြရသည်။ ထိုအချိန်တွင် ရွှယ်အန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။

"မင်းတို့ အားလုံးက အင်အားကြီး မိသားစုတွေက လာကြတာပဲ၊ ငါ မင်းတို့ကို ဆယ်ရက် အချိန်ပေးမယ်၊ ဒီနေ့ကနေ နောက်ထပ် ဆယ်ရက်နေရင် မင်းတို့ရဲ့ အင်အားစုတွေ အားလုံးကို ဒီနေရာမှာ လာစုစေချင်တယ်၊ ပြီးတော့..."

ရွှယ်အန်းက ကျောချမ်းဖွယ်ကောင်းအောင် ပြုံးလိုက်သည်။

"ငါ့ဆီမှာ လာအညံ့ခံကြ…”

အခန်း (၁၁၁၈) - မင်းပြောစရာရှိတာ ဒါအကုန်ပဲလား

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ရှိနေသူအားလုံး မျက်နှာပျက်သွားကြလေသည်။

ဤနေရာတွင် စုဝေးနေကြသူများမှာ အင်အားကြီး မိသားစုအသီးသီးမှ ဖြစ်ကြပြီး ၎င်းတို့၏ အင်အားကို လျှော့တွက်၍ မရကြောင်း နားလည်ထားကြသည်။ ထျန်ကျောက် နတ်ဘုရားဘုရင် အုပ်စိုးစဉ်ကာလကပင် ဤအင်အားကြီး မိသားစုများသည် အမှန်တကယ် ဒူးမထောက် အညံ့မခံခဲ့ကြပေ။

ယခု အဖြူရောင် ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဤမျှ ရဲတင်းသော စကားများကို ပြောဆိုလိုက်ခြင်းသည် လူအများ၏ စိတ်နှလုံးထဲတွင် မကျေနပ်မှုများကို မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ထိုအချိန်တွင် ရွှယ်အန်း၏ အကြည့်သည် လျှပ်စီးကဲ့သို့ စူးရှနေပြီး လူအုပ်ကြီးကို ဝေ့ဝဲကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းတို့ထဲက တော်တော်များများ မကျေမနပ် ဖြစ်နေကြတယ်ဆိုတာ ငါသိပါတယ်"

"ဒါက ဖြစ်တက်တာပဲ၊ ငါ မင်းတို့ကို အပြစ်မတင်ပါဘူး၊ ဒါပေမဲ့ ငါ ဒါကိုတော့ ပြောချင်တယ်၊ နောက် ဆယ်ရက်နေရင်... ဒီနေရာမှာ ရှိနေတဲ့ ဘယ်အင်အားကြီး မိသားစုမဆို ရောက်မလာခဲ့ဘူးဆိုရင်... သူတို့က လောကမှာ ဆက်လက်ရှိနေဖို့ မလိုအပ်တော့ဘူး၊ မင်းတို့... နားလည်လား"

ဝုန်း...

ရွှယ်အန်း၏ စကားသည် လူအုပ်ကြီးကြားထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ရိုက်ခတ်သွားပြီး လူတိုင်းကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဆက်လက်ရှိနေဖို့ မလိုအပ်တော့ဘူးဆိုသည့် စကား၏ နောက်ကွယ်မှ သတ်ဖြတ်ခြင်း အငွေ့အသက်ကို သူတို့အားလုံး နားလည်ကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့သော စကားသည် အလွန်အမင်း မောက်မာလွန်းရာ ရောက်နေပေသည်။

စုဝေးနေကြသူများ၏ နောက်ကွယ်ရှိ အင်အားစုများသည် စွမ်းအားကြီးမားကြပြီး အကယ်၍ ပေါင်းစည်းလိုက်ပါက ထျန်ကျောက်ဘုံထက်ပင် သာလွန်နိုင်ကြောင်း သိထားရမည်။ ထို့ကြောင့် လူအများစုသည် မျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် မကျေနပ်ချက် အငြိုးအတေးများကို သိုဝှက်ထားလိုက်ကြလေသည်။

ရွှယ်အန်းက ထိုအချက်ကို သတိထားမိသော်လည်း ပေါ့ပါးစွာ ပြုံးရုံသာ ပြုံးလိုက်ပြီး လက်ကာပြကာ ပြောလိုက်သည်။

"သွားကြတော့... နောက် ဆယ်ရက်နေရင် မင်းတို့အားလုံးကို ငါ ဒီနေရာမှာ စောင့်နေမယ်"

လူများသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ရွှယ်အန်းကို တညီတညွတ်တည်း ဦးညွှတ်လိုက်ကြကာ ကောင်းကင်သို့ ပျံတက်သွားကြပြီး အလင်းတန်းများအဖြစ် ကိုယ်စီ လူစုခွဲ ထွက်ခွာသွားကြလေသည်။

ရွှယ်အန်းသည် ထွက်ခွာသွားသူများကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်ပြီးနောက် အောက်သို့ ဆင်းသက်လိုက်သည်။

ဤအချိန်၌ ကွင်းပြင်ထဲတွင် ချူရှောင်ယွင်နှင့် ကျိန်စာသင့်မြို့တော်မှ တပည့်အနည်းငယ်သာ ကျန်ရစ်တော့သည်။

သို့သော် မထွက်ခွာသေးသော နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်။ သူမမှာ ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ အဆင့်အတန်းမြင့်မားသော ဆန်းကြယ်နတ်ဘုရားမ ကျုံးအန်းအန်းဖြစ်ပေသည်။

ရွှယ်အန်း မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ကျုံးအန်းအန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှေ့သို့ တိုးလာကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

"ထိုက်ယင် နတ်ဘုရားမျိုးနွယ်က ဆန်းကြယ်နတ်ဘုရားမ ကျုံးအန်းအန်း... အရှင်ရွှယ်ကို ဂါရဝပြုပါတယ်"

ရွှယ်အန်းက သူမကို လျစ်လျူရှုစွာ ကြည့်လိုက်ပြီး ပြုံးစစ မျက်နှာထားဖြင့် ပြောလိုက်သည်။

"မင်းကို ငါမှတ်မိတယ်၊ ကျောက်စိမ်းစားသောက်ဆိုင်မှာတုန်းက မင်းလည်း ရှိနေတယ် မဟုတ်လား"

ကျုံးအန်းအန်းက ခေါင်းညိတ်လိုက်သည်။

"သခင်ကြီး ပြောတာ မှန်ပါတယ်၊ အဲဒီညတုန်းက ကျွန်မ ရှိနေခဲ့ပါတယ်"

"ဒါဆို မင်းက ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်က ချီဟုန်ပေါ်တို့နဲ့ တစ်ဖွဲ့တည်း ဖြစ်လောက်တယ်၊ အခု ဘာကိစ္စရှိလို့ ငါ့ဆီ လာတာလဲ"

ရွှယ်အန်းက ကျုံးအန်းအန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ကျုံးအန်းအန်းသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် အကြည့်တစ်ချက်တည်းနှင့် သူမကို ဤမျှ တုန်လှုပ်သွားအောင် လုပ်နိုင်သည်ဆိုလျှင် ဤလူ၏ အစွမ်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။ သို့သော် သူမသည် ကြောက်ရွံ့မှုကို အမြန်ထိန်းချုပ်လိုက်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။

"သခင်ကြီး... ကျွန်မက ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ ဆန်းကြယ်နတ်ဘုရားမပါ၊ ကိစ္စရပ်တော်တော်များများကို လုပ်ပိုင်ခွင့်အာဏာ ရှိပါတယ်၊ အဲဒါကြောင့် ကျွန်မ ဆုံးဖြတ်လိုက်ပါပြီ၊ အခုကစပြီး ထိုက်ယင် နတ်ဘုရားမျိုးနွယ်က သခင်ကြီးကို ခြွင်းချက်မရှိ အညံ့ခံပါ့မယ်"

"ဩော်..."

ရွှယ်အန်း၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"ဘာလို့လဲ"

ကျုံးအန်းအန်းက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

"နတ်ဘုရားဘုံမှာက အစွမ်းထက်တဲ့သူကို လေးစားရတာ ထုံးစံပဲလေ၊ သခင်ကြီးရဲ့ အစွမ်းကို အားလုံး မြင်ပြီးသားပါ၊ အင်အားကြီး မိသားစုတွေထဲမှာ အားအနည်းဆုံးဖြစ်တဲ့ ကျွန်မတို့ ထိုက်ယင်မျိုးနွယ်က သခင်ကြီးကို အညံ့ခံတာ မှန်ကန်တဲ့ ရွေးချယ်မှုပါ"

ရွှယ်အန်းက ပြုံးလိုက်သော်လည်း ဆန်းကြယ်နတ်ဘုရားမတစ်ပါး၏ မြှောက်ပင့်စကားကြောင့် ပျော်ရွှင်သွားခြင်း မရှိဘဲ ရိုးရှင်းစွာ ပြောလိုက်သည်။

"ပြီးတော့ရော..."

ကျုံးအန်းအန်းက ကြောင်သွားသည်။

"မင်း မပြန်သေးဘဲ ကျန်နေခဲ့တာ... ဒါလေး ပြောဖို့ သက်သက်တော့ မဟုတ်လောက်ဘူးမလား"

ကျုံးအန်းအန်း ခေါင်းညိတ်လိုက်မိပြီး သူမ၏ မျက်လုံးထဲတွင် ရိုသေလေးစားမှုများ ပေါ်လာသည်။

နတ်ဘုရားဘုံ၌ ကြီးမားသော အစွမ်းအပြင် ရွှယ်အန်းကဲ့သို့ ပြင်ပ ဂုဏ်ဒြပ် အမွမ်းအတင်များကြောင့် မတုန်လှုပ်သော ရှင်းလင်းသည့် စိတ်ထားမျိုး ပိုင်ဆိုင်ထားသူ သိပ်မရှိလှပေ။ အထူးသဖြင့် ရွှယ်အန်း၏ အသွင်အပြင်မှာ အလွန်ငယ်ရွယ်နေသေးသည်ကို ထည့်သွင်းစဉ်းစားလျှင် သူသည် ပို၍ပင် ကြောက်စရာကောင်းနေသည်။

ကျုံးအန်းအန်း တွေ့ဖူးသော ပါရမီရှင် လူငယ်များသည် သွေးနုသားနုဖြင့် စိတ်မြန်လက်မြန် ရှိကြသူများသာ မဟုတ်ပါလား။ ကျုံးအန်းအန်းကဲ့သို့ အဆင့်အတန်းမြင့်မားသော ဆန်းကြယ်နတ်ဘုရားမတစ်ပါးက ချီးကျူးစကား ပြောလိုက်လျှင် ထိုလူငယ်များသည် မူးနောက်သွားပြီး သူမ၏ ဆန္ဒအတိုင်း လိုက်ပါသွားတတ်ကြသည်။

ကျုံးအန်းအန်းအနေဖြင့် ကျန်နေရစ်ပြီး ရွှယ်အန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် မျှော်လင့်ခဲ့သော်လည်း သူ၏ လျစ်လျူရှုမှုကြောင့် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ သို့သော် သူမသည် အံ့ကိုကြိတ်ကာ ခေါင်းမော့လိုက်ပြီး ရွှယ်အန်းကို လေးနက်စွာ ကြည့်လိုက်သည်။

"သခင်ကြီးက တကယ် အမြင်စူးရှတာပဲ၊ ဟုတ်ပါတယ်... ကျွန်မ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိပါသေးတယ်၊ အဲဒါက သခင်ကြီးရဲ့ လက်ရှိ အာဏာတည်မြဲရေးနဲ့ သေရေးရှင်ရေး ကိစ္စပါ"

ထိုသို့ပြောပြီးနောက် ကျုံးအန်းအန်းသည် ရွှယ်အန်း ထိတ်လန့်သွားမည့် အမူအရာကို စောင့်မျှော်ကြည့်ရှုနေမိသည်။ ထိုသို့ဖြစ်လျှင် သူမ၏ စကားက ပိုထိရောက်မည်။

ကံဆိုးစွာဖြင့် သူမ၏ တွက်ကိန်းများ ကောင်းမွန်သော်လည်း လက်တွေ့အခြေအနေက သူမ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ရွှယ်အန်း၏ မျက်နှာထားမှာ ဂရုမစိုက်သကဲ့သို့ တည်ငြိမ်နေဆဲဖြစ်ပြီး မျက်တောင်ပင် မခတ်ဘဲ ပြောလိုက်သည်။

"ဩော်... ပြောပြပါဦး"

ကျုံးအန်းအန်းသည် သူ၏ တုံ့ပြန်ပုံကြောင့် အံ့အားသင့်သွားရသည်။

ဘာဖြစ်တာလဲ၊ ငါပြောတာ မရှင်းလင်းလို့လား၊ သူ ဘာလို့ ဘာမှ မတုံ့ပြန်တာလဲ..

သို့သော် သူမသည် အခြေအနေကို သဘောပေါက်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရန် ဆုံးဖြတ်လိုက်သည်။

"သခင်ကြီး... အခုတလော သခင်ကြီး လုပ်ခဲ့တဲ့ ကိစ္စတွေက မိသားစု အသီးသီးကို သေချာပေါက် ဒေါသထွက်စေပါလိမ့်မယ်၊ ဒီအင်အားစုတွေက အမြစ်တွယ်နေတာ ကြာပြီဖြစ်ပြီး ထျန်ကျောက်ဘုံထက်တောင် သက်တမ်းရင့်ပါသေးတယ်၊ ပုံမှန်ဆိုရင် သူတို့က တစ်စည်းတစ်လုံးတည်း မရှိတတ်ကြပေမဲ့ ဒီတစ်ခါတော့ အခြေအနေက ထူးခြားနေပါတယ်"

ကျုံးအန်းအန်းသည် ရွှယ်အန်းကို ခိုးကြည့်လိုက်ချိန် သူ ဂရုမစိုက်သော ပုံစံဖြင့်သာ ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် ကူကယ်ရာမဲ့သွားသော်လည်း လေးနက်စွာ ဆက်ပြောလိုက်သည်။

"သခင်ကြီး... အရင်တုန်းက သခင်ကြီးက ကောင်းကင်မီးတောက်၊ ရှေးဟောင်းဓားနဲ့ ဝူထုန် နတ်ဘုရားဂိုဏ်းလို အင်အားကြီးတွေရဲ့ ဆက်ခံသူ ပါရမီရှင်တွေကို သုတ်သင်ခဲ့တယ်လေ၊ ဒီမိသားစုတွေက ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်ဘဲ အခု သခင်ကြီးရဲ့ လုပ်ရပ်က သူတို့အတွက် အခွင့်ကောင်း ဖြစ်သွားစေနိုင်ပါတယ်"

"အဲဒီအခါကျရင် ဒီမိသားစုတွေက သခင်ကြီးကို ဆန့်ကျင်ဖို့ လက်တွဲသွားကြပါလိမ့်မယ်"

ထိုသို့ပြောပြီးနောက် ကျုံးအန်းအန်းသည် ရွှယ်အန်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။ သို့သော် အံ့သြစရာကောင်းသည်မှာ သူမ၏ စကားကို နားထောင်ပြီးနောက် ရွှယ်အန်းသည် ထိတ်လန့်သွားခြင်း မရှိဘဲ ပျင်းရိစွာ သမ်းဝေလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း ပြောစရာရှိတာ ဒါအကုန်ပဲလား"

ကျုံးအန်းအန်း ကြောင်အမ်းသွားပြီး အလိုအလျောက် ခေါင်းညိတ်လိုက်မိသည်။

"ငါက ဘာများ အရေးကြီးတာလဲလို့၊ သူတို့ ပေါင်းစည်းချင်ရင် ပေါင်းစည်းပါစေပေါ့၊ မပေါင်းစည်းမှသာ ထူးဆန်းနေမှာ"

ကျုံးအန်းအန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါပေမဲ့..."

ရွှယ်အန်းက လက်ကာပြပြီး တားလိုက်ကာ လျစ်လျူရှုစွာ ပြောလိုက်သည်။

"ငါ စောစောကတည်းက ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ၊ ဆယ်ရက်နေလို့ ဘယ်မိသားစုမဆို ရောက်မလာခဲ့ရင် သူတို့ ဆက်ရှိနေဖို့ မလိုတော့ဘူးလို့လေ"

"အဲဒါကြောင့် သူတို့ ပေါင်းစည်းသည်ဖြစ်စေ၊ မပေါင်းစည်းသည်ဖြစ်စေ၊ အချိန်တန်ရင် ဓားတစ်ချက်တည်းနဲ့ ပြီးသွားမယ့် ကိစ္စပဲ၊ ဘာလို့ အဲဒီလောက် ဗျာများနေရတာလဲ"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းက ပျင်းရိစွာ အကြောဆန့်လိုက်သည်။

"ကဲပါ... ကိစ္စတွေလည်း တော်တော်များများ ပြီးပြီဆိုတော့ ပြန်အိပ်ဖို့ အချိန်တန်ပြီ”

အခန်း (၁၁၁၉) - အရပ်မျက်နှာအသီးသီးမှ လှုပ်ရှားမှုများ

ရွှယ်အန်း ထွက်ခွာသွားသည်။ ကျုံးအန်းအန်းသည် နေရာမှာပင် ကျောက်ရုပ်ပမာ မလှုပ်မယှက် ရပ်ကျန်ရစ်ခဲ့သည်။

ရွှယ်အန်း၏ ပုံရိပ် ပျောက်ကွယ်သွားပြီးမှသာ သူမတစ်ကိုယ်လုံး တုန်ရီလာပြီး ခေါင်းငိုက်စိုက်ကျကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်လှောင်ပြောင်သော အပြုံးမျိုးဖြင့် ခါးသက်စွာ ရယ်မောလိုက်မိလေသည်။

သူမသည် ဤအခွင့်အရေးကို အသုံးပြု၍ အခုမှ ထွန်းသစ်စ ပါရမီရှင် လူငယ်လေးနှင့် ပိုမို ရင်းနှီးကျွမ်းဝင်လာမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သူမ၏ အကြံအစည်အားလုံး သဲထဲရေသွန် အချည်းနှီး ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အထူးသဖြင့် ရွှယ်အန်း၏ နောက်ဆုံးစကားဖြစ်သော ဓားတစ်ချက်တည်းနဲ့ ပြီးသွားမယ့် ကိစ္စပဲ ဆိုသည့် စကားကြောင့် ကျုံးအန်းအန်းသည် ထပ်ခါတလဲလဲ ခါးသက်စွာ ပြုံးနေမိသည်။

မောက်မာဝင့်ကြွားခြင်း ဆိုတာ ဘာလဲဆိုသည်အား သူမ ယနေ့မှ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။

"ဒါပေမဲ့ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ် နဲ့ တခြား အင်အားကြီး မိသားစုတွေက ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး၊ တကယ်လို့များ သူတို့ ပေါင်းစည်းလိုက်မယ်ဆိုရင် သူတို့ရဲ့ အင်အားက ထျန်ကျောက် နတ်ဘုရားတွေထက် နိမ့်ကျမနေဘူး၊ အဲဒီအခါကျရင်... ရှင်ပြောသလိုမျိုး တကယ်ပဲ အဆင်ပြေချောမွေ့ပါ့မလား"

ကျုံးအန်းအန်းသည် တိုးတိုးလေး ရေရွတ်ပြီးနောက် ခေါင်းခါလိုက်ကယ သူမ၏ ကိုယ်ခန္ဓာသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားလေသည်။

ထိုသူများ လူစုခွဲ ထွက်ခွာသွားကြသည်နှင့် တပြိုင်နက် ထျန်ကျောက်ဘုံ အတွင်း ဖြစ်ပျက်ခဲ့သမျှ သတင်းများသည် တောမီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

ထိုသတင်းကို ကြားလိုက်ရသူ အများစု၏ ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်နိုင်ခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုဖြစ်ရပ်များသည် စိတ်ကူးယဉ်ရန်ပင် ခက်ခဲလွန်းသော ကိစ္စများ ဖြစ်နေသည် မဟုတ်ပါလား။ လူတစ်ယောက်တည်းက နတ်ဘုရားဘုံတစ်ခုလုံးကို ဖျက်ဆီးပြီး နတ်ဘုရားများကို သတ်ဖြတ်ပစ်လိုက်သည် ဆိုခြင်းမှာ ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်လိုပင် ဖြစ်နေသည်။

သို့သော် နောက်ဆက်တွဲ သတင်းများ ထပ်မံ ထွက်ပေါ်လာသည်။ ရွှယ်အန်းသည် အင်အားကြီး မိသားစု အသီးသီးကို ဆယ်ရက်အတွင်း ကျိန်စာသင့်မြို့တော်သို့ လာရောက် အညံ့ခံရန် အမိန့်ထုတ်ထားကြောင်း သတင်းများ ပျံ့နှံ့လာလေသည်။

ထို့အပြင် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်မှ သခင်လေး ချီဟုန်ပေါ်၊ ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်မှ ဆက်ခံသူ ပိုင်ချုံး၊ ဝူထုန် နတ်ဘုရားဂိုဏ်းမှ ကျီဟောင်ချုံးနှင့် အခြားသော ပါရမီရှင် လူငယ်များသည် ရွှယ်အန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်ဟူသော ဆိုးရွားသည့် သတင်းများလည်း ပါလာလေသည်။

ဤသတင်းများသည် နေရာအနှံ့ကို တုန်လှုပ်ချောက်ချားမှုများ ဖြစ်စေခဲ့သည်။

"ဘာ... အဲ့ ရွှယ်အန် ဆိုတဲ့ကောင်က အင်အားကြီး မိသားစုတွေက ဆက်ခံသူတွေကို သတ်ပစ်လိုက်ရုံတင်မကဘူး၊ အခု သူတို့လာပြီး အညံ့ခံဖို့ တောင်းဆိုနေတာလား"

"ဟုတ်တယ်... ပြီးတော့ သူက ပြောသေးတယ်၊ ဆယ်ရက်အတွင်း ရောက်မလာရင် သူတို့ လောကမှာ ဆက်ရှိနေဖို့ မလိုတော့ဘူးတဲ့၊ ဒီလူက ဘယ်လောက်တောင် မောက်မာလိုက်သလဲကွာ"

လူတိုင်းသည် ထိတ်လန့်တကြား ဖြစ်နေကြစဉ်မှာပင် အင်အားကြီး မိသားစုများ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေမိကြသည်။

တစ်ချိန်တည်းမှာပင် ထိုအင်အားကြီး မိသားစုများအတွင်း၌ ရွှယ်အန်း၏ စကားကြောင့် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော လူများသည် အမျက်ဒေါသ ထွက်နေကြလေသည်။

ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်တွင်

မျိုးနွယ်စု ခေါင်းဆောင် ပိုင်တု၏ မျက်နှာသည် မည်းမှောင်အုံ့မှိုင်းနေပြီး သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဓားချီများ ဝဲပျံရစ်ပတ်နေကာ ရှေ့ရှိ ကျောက်စားပွဲပေါ်တွင် ဓားရာများ ထင်ကျန်ရစ်စေသည်အထိ ဖြစ်နေသည်။ သူသည် အဒေါသထွက်နေသည်မှာ ထင်ရှားလှသည်။

သူ သတင်းစကားကို ကြားပြီးနောက် သူ့ မျက်လုံးများထဲတွသ် အေးစက်သော အလင်းရောင် တစ်ချက် လက်သွားပြီး ဓားအလင်းတန်း တစ်ချက်ဖြင့် ရှေ့ရှိ ကျောက်စားပွဲကို အမှုန့်ဖြစ်သွားသည်အထိ ရိုက်ခွဲပစ်လိုက်လေသည်။ ထို့နောက် သူသည် မတ်တတ်ရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါတို့ ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်ရဲ့ ဆက်ခံသူကို သတ်ပစ်ရုံတင်မကဘူး၊ ငါတို့ကိုပါ အညံ့ခံဖို့ အမိန့်ပေးရဲတယ်ပေါ့၊ ဒီ ရွှယ်အန်းဆိုတဲ့ကောင်... တကယ်ကို လွန်လွန်းနေပြီ"

"သူက ငါ့သား ချုံးအာကိုတောင် သတ်ပစ်လိုက်တယ်၊ ငါတို့ ရှေးဟောင်းဓားမျိုးနွယ်က ဒီအကြွေးကို မဖြစ်မနေ ပြန်ယူရမယ်"

နောက်ထပ် အကြီးအကဲ တစ်ဦးကလည်း ဟိန်းဟောက်လိုက်သည်။

"ဟုတ်တယ်... အခုချက်ချင်း စစ်ချီပြီးတော့ အဲဒီ ရွှယ်ဆိုတဲ့ကောင်ကို အပြီးတိုင် သုတ်သင်ပစ်ကြစို့"

တစ်ခဏအတွင်း ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ် တစ်ခုလုံးသည် ဆူညံပွက်လောရိုက်သွားပြီး ဒေါသတကြီး အော်ဟစ်သံများ မိုးချုန်းသကဲ့သို့ ထွက်ပေါ်လာလေသည်။

သို့သော် ခေါင်းအေးအေးထားနိုင်သူများလည်း ရှိနေသေးသည်။ အသက်ကြီးသော အဘိုးအိုတစ်ဦးက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"မျိုးနွယ်စု ခေါင်းဆောင်... ကောလာဟလတွေအရ အဲ့ရွှယ်အန်းက ထျန်းကျောက် နတ်ဘုရား အကုန်လုံးကို သုတ်သင်ပစ်လိုက်တယ်တဲ့၊ ဒါက သူက တကယ်ပဲ သာမန်လူမဟုတ်ဘူးဆိုတာ ပြသနေတာပဲ၊ တကယ်လို့ လက်စားချေချင်တယ်ဆိုရင် ရေရှည်အစီအစဉ်တွေ ဆွဲမှ ဖြစ်လိမ့်မယ်"

ဤအကြံပြုချက်ကြောင့် လူများစွာ တွန့်ဆုတ်သွားကြသည်။ မှန်ပေသည်။ ရွှယ်အန်းသည် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ထျန်ကျောက်ဘုံသည် သူ၏ လက်ချက်ဖြင့် ပျက်စီးသွားကြောင်း သူတို့ ကြားသိထားကြသည်။

ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်သည် အစွမ်းထက်သော်လည်း ထျန်ကျောက် နတ်ဘုရားများနှင့် ယှဉ်လျှင် အနည်းငယ် နိမ့်ကျနေသေးသည်။

"ဒါဆို မဟာအကြီးအကဲက ဘာအကြံပေးချင်လို့လဲ..."

ပိုင်တုသည်လည်း စိတ်ငြိမ်သွားပြီဖြစ်၍ လေးနက်သော အသံဖြင့် မေးလိုက်သည်။

"မျိုးနွယ်စု ခေါင်းဆောင်... ကျိန်စာသင့်မြို့တော်မှာ သေဆုံးသွားတာက ကျွန်တော်တို့ မျိုးနွယ်က ဆက်ခံသူ တစ်ယောက်တည်း မဟုတ်ပါဘူး၊ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၊ ဝူထုန် နတ်ဘုရားဂိုဏ်းနဲ့ တခြား အင်အားကြီး မိသားစုတွေက ဆက်ခံသူတွေလည်း ပါပါတယ်၊ အထူးသဖြင့် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ဆိုရင် သူတို့ ရာစုနှစ်တစ်ခုလောက် ပျိုးထောင်ထားတဲ့ သခင်လေးကို ဆုံးရှုံးလိုက်ရတာပါ"

မဟာအကြီးအကဲက ခေတ္တမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။

"ဒီအင်အားကြီး မိသားစုတွေက ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော် ထင်တာကတော့... အခု အရေးကြီးဆုံးက ဒီမိသားစုတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ရွှယ်အန်းကို ဝိုင်းဝန်းချေမှုန်းဖို့ပါပဲ"

"ကောင်းပြီ"

ပိုင်တုက ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ကို ငါ အခုချက်ချင်း ဆက်သွယ်လိုက်မယ်"

သို့သော် သူ အမိန့်စာ ပေးပို့ရန် ပြင်ဆင်နေစဉ်မှာပင် မီးတောက်တစ်ခုသည် လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်ဆီသို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။

ပိုင်တု၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီး လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ မီးတောက်သည် သူ၏ လက်ဝါးထဲသို့ ကျရောက်လာလေသည်။ မီးတောက် ကွဲပြားသွားသောအခါ အတွင်း၌ စာတစ်စောင် ပါရှိနေသည်။ စာထဲတွင် ရိုးရှင်းသော စာလုံး ရှစ်လုံးသာ ပါရှိသည်။

"ရန်သူကြီးကို ရှင်းလင်းရန်၊ တစ်ကြိမ် ဆုံတွေ့ကြစို့"

ထိုစာကို မြင်သောအခါ ပိုင်တုသည် ကနဦးတွင် မှင်သက်သွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။

"အရမ်းကောင်းတယ်၊ ကြည့်ရတာ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ကလည်း ငါတို့နဲ့ သဘောထားတူပုံပဲ"

သူသည် စုဝေးနေသော လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"လူကြီးမင်းတို့... သွားကြစို့"

ထိုသို့ပြောပြီးသည်နှင့် သူသည် ဝတ်ရုံလက်ကို ခါလိုက်ရာ တစ်ကိုယ်လုံး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ပျံတက်သွားလေသည်။ သူ့နောက်တွင် ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်မှ အကြီးအကဲများနှင့် အစွမ်းထက် ပုဂ္ဂိုလ်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခုန်တက်ကာ ဓားအလင်းတန်းများအဖြစ် ပြောင်းလဲလျက် ပိုင်တု၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားကြလေသည်။

တစ်ချိန်တည်းမှာပင် ဝူထုန် နတ်ဘုရားဂိုဏ်း၏ ဌာနချုပ်၌...

ကျီဟောင်ချုံး သေဆုံးသည့် သတင်းရောက်ရှိလာသောအခါ ဂိုဏ်းအတွင်း၌ ငိုကြွေးသံများနှင့် အော်ဟစ်သံများဖြင့် ဆူညံသွားပြီး ဌာနချုပ်၏ ဘုရားကျောင်းနောက်ဘက်တွင် တည်ရှိသော မိစ္ဆာနတ်ဘုရားများစွာတို့သည်လည်း ကျယ်လောင်စွာ ငိုကြွေးကြလေသည်။

ဂိုဏ်းချုပ်ကြီး ရှုန်းရှောင်သည် ကောင်းကင်ကို မော့ကြည့်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ဝူထုန် နတ်ဘုရားဂိုဏ်းအနေနဲ့ ဒီကောင်စုတ်လေးကို အပိုင်းပိုင်းအစစ ဖြစ်အောင် သတ်ပစ်ရမယ်"

သူသည် ဝူထုန် နတ်ဘုရားဂိုဏ်းမှ မိစ္ဆာနတ်ဘုရားများကို ဦးဆောင်၍ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပင် မီးတောက်တစ်ခုသည်လည်း ဤနေရာသို့ ရောက်ရှိလာပြန်သည်။

ရှုန်းရှောင်သည် မီးတောက်ကို လက်ဖြင့် ဖမ်းယူလိုက်ပြီး သူ၏ ကြမ်းတမ်းသော မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာကာ လက်ကို ဂရုမစိုက်သလို ဝှေ့ယမ်းလိုက်သည်။

"ဟေ့ကောင်တွေ... ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်က အဲ့ရွှယ်အန်းကို ရှင်းပစ်ဖို့ ငါတို့ကို ဖိတ်ခေါ်နေတယ်၊ သွားလိုက်ကြတာပေါ့ကွာ"

ထိုသို့ပြောပြီးသည်နှင့် သူသည် ဝတ်ရုံလက်ကို ဖြန့်လိုက်ရာ ချက်ချင်းပင် မဲနက်သော လေပြင်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ထိုးတက်သွားလေသည်။ ဝူထုန် နတ်ဘုရားဂိုဏ်းမှ မိစ္ဆာနတ်ဘုရားများသည်လည်း ကြောက်မက်ဖွယ် ရယ်မောသံများနှင့်အတူ သူ့နောက်မှ ကပ်လျက် လိုက်ပါသွားကြလေသည်။

ထို့အပြင် ဤမီးတောက် အချက်ပြမှုများသည် တောက်ပသော အလင်းတန်းများအဖြစ် စကြဝဠာ အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းသွားပြီး အင်အားကြီး မိသားစုများကို တစ်ခုပြီးတစ်ခု အကြောင်းကြားလိုက်လေသည်။

တစ်ခဏအတွင်း အရပ်မျက်နှာ အသီးသီးမှ တိမ်တိုက်များ လှုပ်ရှားလာပြီး ကောင်းကင်ယံသည် အလင်းရောင်များဖြင့် ပြည့်နှက်သွားလေသည်။ မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များနှင့် မြင့်မြတ်သော သတ္တဝါများသည် ဦးတည်ရာ တစ်ခုတည်းသို့ အလျင်အမြန် သွားရောက်နေကြသည်။

ဤနေရာသည် ကောင်းကင်မှ တိမ်တိုက်များပင် မီးတောက်ပုံသဏ္ဌာန် ဖြစ်ပေါ်နေသော ကြက်သွေးရောင် မီးတောက် နတ်ဘုရား ပြည်နယ်ဖြစ်သည်။

မြေပြင်သည် ခြောက်သွေ့နေပြီး ပူပြင်းသော လေပြင်းများ တိုက်ခတ်နေသဖြင့် သက်ရှိများ ရှင်သန်ရန် ခက်ခဲသော နေရာဖြစ်သည်။ သို့သော် ဤမျှ ကြမ်းတမ်းသော ပတ်ဝန်းကျင်၌ပင် မြေရိုင်းစွန်း တစ်နေရာတွင် ကြီးကျယ်ခမ်းနားလှသော မြို့တော်ကြီးတစ်ခု တည်ရှိနေလေသည်။

ဤမြို့တော်၏ အတိုင်းအတာသည် အလွန်ကြီးမားလှပြီး ကျိန်စာသင့်မြို့တော်ထက်ပင် ဆယ်ဆခန့် ပိုကြီးမားသည်။ မြို့ရိုးများကိုပင် တန်ဖိုးကြီးသော မီးတောက် ပုံဆောင်ခဲများဖြင့် တည်ဆောက်ထားသည်။

ထို့ကြောင့် မြို့တော်တစ်ခုလုံးသည် တောက်ပသော အနီရောင်ဖြင့် လင်းလက်နေပြီး အဝေးမှ ကြည့်လျှင် ဧရာမ မီးတောက်ကြီးတစ်ခု ကောင်းကင်သို့ လောင်ကျွမ်းနေသကဲ့သို့ ထင်မှတ်ရသည်။

ဤနေရာသည် စကြဝဠာ အရပ်လေးမျက်နှာရှိ မြင့်မြတ်သော မျိုးနွယ်စုများအကြား နံပါတ်တစ်ဟု သတ်မှတ်ခံထားရပြီး ထျန်ကျောက်ဘုံကပင် လေးစားမှု ပေးရသော ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၏ နေထိုင်ရာ နေရာဖြစ်သည်။

သို့သော် ယခုအချိန်၌ ကောင်းကင်မီးတောက် မြို့တော်ကြီး၏ လေထုသည် အနည်းငယ် လေးလံဖိစီးနေသည်။

ချီဟုန်ပေါ် သေဆုံးမှုသည် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့၏ သမိုင်းကြောင်းသည် အလွန်ရှည်ကြာလှသဖြင့် ထျန်ကျောက် နတ်ဘုရားများကိုပင် ဧည့်သည်များအဖြစ် သတ်မှတ်ထားကြသည်။ ဤမျှ ရှည်ကြာသော သမိုင်းတစ်လျှောက်တွင် မည်သူမျှ သူတို့ကို မလေးမစား လုပ်ရဲခြင်း မရှိခဲ့ပေ။

၎င်းတို့၏ အင်အားသည် တစ်ကဏ္ဍ ဖြစ်သော်လည်း အဓိက အချက်မှာ နတ်ဘုရားဘုံ တစ်ခုလုံးတွင် အလွန်ရှားပါးသော မြင့်မြတ်သော မီးတောက်ကို သူတို့ ထိန်းချုပ်ထားနိုင်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် နတ်ဘုရားဘုံတစ်ခုလုံးကို အုပ်စိုးသော အထွတ်အထိပ် ပုဂ္ဂိုလ်များပင်လျှင် သူတို့နှင့် ရင်ဆိုင်ရပါက လေးစားမှု ပြသကြရသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်မီးတောက် တစ်ပိုင်းတစ်စ ရရှိရန်အတွက် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ကို မဖြစ်မနေ ဖြတ်သန်းရမည် ဖြစ်သောကြောင့်ဖြစ်သည်။

ထောင်စုနှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်သည် စိတ်ကူး၍ပင် မရနိုင်သော ကြွယ်ဝချမ်းသာမှုများကို စုဆောင်းမိရုံသာမက လူတိုင်းကိုလည်း အလွန်အမင်း ဂုဏ်ယူဝင့်ကြွားလာစေခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်မှ သခင်လေး ချီဟုန်ပေါ်၏ သေဆုံးခြင်းသည် မျိုးနွယ်စုဝင် လူတိုင်း၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

All Chapters