အခန်း (၁၁၂၀-၁၁၂၂)
Vol. 75 Ch. 1120-1122
အခန်း (၁၁၂၀) - ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်
"ငါတို့ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်က နှစ်ပေါင်းတစ်သောင်းလုံး ပြိုင်ဘက်ကင်း ဧကရာဇ်အဖြစ် ရပ်တည်ခဲ့တာကွ"
ကောင်းကင်မီးတောက်မြို့တော်ရှိ နတ်ဘုရားဆောင် အလယ်ဗဟိုတွင် အကြီးအကဲတစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ငါတို့ သခင်လေး ရှိနေတာတင်ကိုပဲ ဘယ်သူနဲ့မှ မတူတဲ့ မြင့်မြတ်မှုမျိုး ဖြစ်နေတာ အခုတော့ သူ့ကို ဘယ်ကမှန်းမသိတဲ့ ကောင်စုတ်လေးက သတ်သွားတယ်၊ ဒါ ငါတို့အတွက် မကြုံဖူးလောက်အောင် ကြီးမားတဲ့ အရှက်ခွဲခံရမှုပဲ"
ထိုစကားကို ကြားသောအခါ နတ်ဘုရားမျိုးနွယ်ထဲရှိ အခြားသူများလည်း မနေနိုင်ဘဲ ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
"ဟုတ်တယ်... ငါတို့ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ် အနေနဲ့ ဒီလူကို အမြစ်ပြတ် ရှင်းပစ်ရမယ်၊ မဟုတ်ရင် နှစ်ပေါင်းတစ်သောင်း ကြိုးစားတည်ဆောက်ခဲ့တဲ့ ဂုဏ်သတင်း ညှိုးနွမ်းသွားလိမ့်မယ်"
"သတ်... သတ်... သတ်... သွေးကြွေးဆပ်ကြမယ်ဟေ့"
ကောင်းကင်မီးတောက် နတ်ဘုရားဆောင် တစ်ခုလုံး လက်စားချေလိုသော အော်ဟစ်သံများဖြင့် ဆူညံပွက်လောရိုက်သွားလေသည်။
ထိုအချိန်၌ပင် တည်ငြိမ်သော အသံတစ်သံ ဖြတ်ဝင်လာခဲ့သည်။
"တော်ကြတော့"
ချက်ချင်းပင် တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး အလယ်ထိုင်ခုံတွင် လူတစ်ယောက်၏ ပုံသဏ္ဌာန် စတင် ပေါ်ပေါက်လာသည်။ သူသည် ဒေါသထွက်နေသော်လည်း အမူအရာ ပျက်ယွင်းခြင်းမရှိဘဲ ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ သူ၏ နဖူးအလယ်ရှိ မီးတောက်အမှတ်အသားသည် သူ့ကို ပိုမို ကြောက်မက်ဖွယ် ကောင်းစေပြီး မည်သူမျှ မကြည့်ရဲလောက်အောင် စွမ်းအားကြီးမားလေသည်။
ထိုလူကို မြင်လိုက်ရသောအခါ လူတိုင်း တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
"မျိုးနွယ်စုခေါင်းဆောင်ကို ဂါရဝပြုပါတယ်"
မှန်ပေသည်။ ဤလူမှာ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ကို အုပ်ချုပ်သူ ချီစစ်ရှန်ဖြစ်ပေသည်။ ရွှယ်အန်း သတ်ဖြတ်ခဲ့သော ချီဟုန်ပေါ်သည် သူ၏ တရားဝင်သားရင်း ဖြစ်သည်။
ချီစစ်ရှန်သည် လျှပ်စီးကဲ့သို့ စူးရှသော မျက်လုံးများဖြင့် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"အဲ့ရွှယ်အန်း ဆိုတဲ့ကောင်ကို ရှင်းပစ်ရမယ် ဆိုတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဒီလူက ဒီလောက် ရဲရဲတင်းတင်း လုပ်ရဲတယ်ဆိုတော့ ထျန်ကျောက် နတ်ဘုရားတွေလိုပဲ သာမန်မဟုတ်လောက်ဘူး၊ ဒါကြောင့် ငါတို့ အလောတကြီး မလုပ်သင့်ဘူး"
"ဟုတ်ကဲ့ပါ"
လူအုပ်ကြီးက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။ ထို့နောက် ချီစစ်ရှန်၏ အကြည့်သည် ရွေ့လျားသွားပြီး ခေါင်းငုံ့ကာ ရပ်နေသော လူငယ်တစ်ဦးအပေါ်သို့ ကျရောက်သွားသည်။
"ရွှယ်ဖုန်း... စကြဝဠာ အရပ်လေးမျက်နှာက အင်အားကြီး မိသားစုတွေကို အကြောင်းကြားဖို့ ငါ မင်းကို ခိုင်းထားတယ်မလား၊ လုပ်ပြီးပြီလား"
ထိုလူငယ်သည် ရှေ့သို့ တိုးလာပြီး ဦးညွှတ်လိုက်သည်။
"အဖေ၊ အဖေ ခိုင်းတဲ့အတိုင်း ဘယ်သူ့ကိုမှ မကျန်ရစ်စေဘဲ အကုန်လုံးကို အကြောင်းကြားပြီးပါပြီ"
ချီစစ်ရှန် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"ကောင်းပြီ၊ သူတို့ ဘယ်လို တုံ့ပြန်ကြလဲ"
"ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်က ဝိညာဉ်ဓားပျံကို စေလွှတ်လိုက်ပါပြီ၊ သူတို့ ဒီကို လာနေကြပါပြီ၊ ဝူထုန် နတ်ဘုရားဂိုဏ်းကလည်း သူတို့ ရောက်မယ့်အချိန်ကို ပြောဖို့ သတင်းပို့ဝိညာဉ်တမန် လွှတ်လိုက်ပါတယ်၊ တခြား အင်အားကြီး မိသားစုတွေကလည်း ယေဘုယျအားဖြင့် အကြောင်းပြန်ကြပါတယ်၊ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
ချီရွှယ်ဖုန်း ခဏရပ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဆီကတော့ ဘာအကြောင်းပြန်ကြားချက်မှ မရသေးပါဘူး"
"ထိုက်ယင် နတ်ဘုရားမျိုးနွယ် ဟုတ်လား..."
ထိုနာမည်ကို ကြားသောအခါ ချီစစ်ရှန်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး သူ့မျက်နှာပေါ်တွင် ကစားချင်သော အမူအရာတစ်ခု ပေါ်လာသည်။ နတ်ဘုရား အဆောင်အတွင်းရှိ လေထုအခြေအနေသည် အနည်းငယ် ထူးဆန်းလာခဲ့သည်။
"ဟက်... ဒီ ထိုက်ယင်မျိုးနွယ်က ငါတို့ကို အာခံရဲတယ်ပေါ့၊ ကြည့်ရတာ ဒီမိန်းမတွေ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က သက်တောင့်သက်သာ နေခဲ့ရလွန်းတော့ အထင်မှားနေကြပုံပဲ"
အကြီးအကဲတစ်ဦးက လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော်လည်း သဘောတူတယ်၊ ဒီအခွင့်အရေးယူပြီး ထိုက်ယင်မျိုးနွယ်ကို သိမ်းပိုက်လိုက်ရင်ရော၊ သူတို့အင်အားက နည်းပေမဲ့ အဲဒီက မိန်းမပျိုလေးတွေက တော်တော် ဆွဲဆောင်မှု ရှိသားပဲ... ဟဲဟဲ"
အခြားအကြီးအကဲ တစ်ဦးက တဏှာရာဂ ဖုံးလွှမ်းနေသော မျက်နှာထားဖြင့် ထူးဆန်းစွာ ရယ်မောလိုက်သည်။
သူ၏ စကားကြောင့် ခန်းမထဲရှိ လူအများအပြား ထူးဆန်းစွာ ပြုံးလိုက်ကြပြီး မျက်လုံးများ အရောင်တောက်သွားကာ ထိုအကြံပြုချက်ကို သဘောတူလိုက်ကြသည်။
ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်မှ လူများသည် ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို သိမ်းပိုက်လိုစိတ် ပြင်းပြနေကြပြီး မထီမဲ့မြင်ပြုခြင်း၊ တပ်မက်ခြင်းများ ရှိနေကြသည်။ ၎င်းသည် နှစ်ရှည်လများ တည်ရှိခဲ့သော မျိုးနွယ်စုချင်း ဆက်ဆံရေးနှင့် အငြိုးအတေးများကြောင့် ဖြစ်သည်။
အမည်နာမအရ ကြည့်လျှင်ပင် ကောင်းကင်မီးတောက်နှင့် ထိုက်ယင်တို့သည် လုံးဝ ဆန့်ကျင်ဘက် အင်အားစုများ ဖြစ်ကြသည်။
ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်သည် ကောင်းကင်မီးတောက် ချောက်နက်ကို နှစ်ပေါင်းတစ်သောင်းခန့် ထိန်းချုပ်ထားခဲ့ပြီး အစွမ်းနှင့် အဆက်အသွယ်များမှာ ခန့်မှန်း၍ မရနိုင်ပေ။ ထို့အပြင် မျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်များစွာ ပေါ်ထွန်းခဲ့သဖြင့် စကြဝဠာတွင် ပြိုင်ဘက်ကင်း နံပါတ်တစ် အထက်တန်းလွှာ မျိုးနွယ်စု ဖြစ်လာခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် ထိုက်ယင် နတ်ဘုရားမျိုးနွယ်သည် ကောင်းကင်မီးတောက်မျိုးနွယ်နှင့် ခြားနားသည်။ ကောင်းကင်မီးတောက်သည် တောက်လောင်နေသော မီးလျှံဖြစ်လျှင် ထိုက်ယင်သည် ဘယ်သောအခါမျှ အရည်မပျော်သော ထာဝရ ရေခဲပြင်ဖြစ်သည်။
ကောင်းကင်မီးတောက် မျိုးနွယ်သည် ကောင်းကင်မီးတောက် သဲကန္တာရတွင် အခြေစိုက်ပြီး ထိုက်ယင်မျိုးနွယ်၏ နယ်မြေမှာ ထိုက်ယင်ရေကန် အနီးတွင် တည်ရှိသည်။
သူတို့၏ ကျင့်ကြံခြင်း နည်းလမ်းများသည် ဓာတ်သဘောအရ ဆန့်ကျင်ဘက် ဖြစ်နေရုံသာမက လုပ်ရပ်များနှင့် ပုံစံများလည်း လုံးဝ ကွဲပြားခြားနားသည်။
ရှေးဟောင်း ဒဏ္ဍာရီများအရ မူလ ထိုက်ယင် နတ်ဘုရားမျိုးနွယ်သည်လည်း အလွန် အစွမ်းထက်ခဲ့ပြီး ကောင်းကင်မီးတောက် မျိုးနွယ်အောက် နိမ့်ကျခဲ့ခြင်း မရှိပေ။ မျိုးနွယ်စုနှစ်ခုသည် ထိပ်တန်း မျိုးနွယ်စုများအဖြစ် တန်းတူ ကျော်ကြားခဲ့သည့် ဇာတ်လမ်းများပင် ရှိခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ အကြောင်းအမျိုးမျိုးကြောင့် ထိုက်ယင် နတ်ဘုရားမျိုးနွယ်သည် လျင်မြန်စွာ ယိုယွင်းကျဆင်းလာခဲ့သည်။
ယနေ့ခေတ်တွင် သူတို့သည် အရေးမပါသော မျိုးနွယ်စုတစ်ခု အဆင့်သို့ လျှောကျသွားခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာအတွင်း ဆန်းကြယ်နတ်ဘုရားမဟု လူသိများသော ပါရမီရှင် ကျုံးအန်းအန်းသာ ပေါ်ထွက်လာခြင်း မရှိခဲ့လျှင် သူတို့သည် မြင့်မြတ် မျိုးနွယ်စု အဆင့်အတန်းမှ သာမန်အင်အားစု အဆင့်သို့ လျှော့ချခံလိုက်ရပေလိမ့်မည်။
ထို့ကြောင့် ကောင်းကင်မီးတောက် မျိုးနွယ်မှ လူများသည် ထိုက်ယင်မျိုးနွယ်အကြောင်း ပြောသည့်အခါ မထီမဲ့မြင်ပြုသော စကားလုံးများ ပါဝင်လေ့ရှိသည်။
ထို့အပြင် ထိုက်ယင် နတ်ဘုရားမျိုးနွယ်သည် အမျိုးသမီး သီးသန့် ကျင့်ကြံသူများ ဖြစ်ကြပြီး တပည့်အားလုံးသည် ဆန်းကြယ်ယင်ဓာတ် ပါရှိသော အမျိုးသမီးများ ဖြစ်ကြသည်။ ကောင်းကင်မီးတောက် လျှို့ဝှက်နည်းလမ်းများကို ကျင့်ကြံသူများအတွက် ထိုအမျိုးသမီးများသည် သက်ရှိ အားဆေးများသာလျှင် ဖြစ်ကြသည်။
ထိုအကြောင်းပြချက်များကြောင့်ပင် ချီရွှယ်ဖုန်း၏ စကားကို ကြားသောအခါ သူတို့၏ တပ်မက်စိတ်များ ယိုဖိတ်လာခြင်း ဖြစ်သည်။
ချီစစ်ရှန်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ချီစစ်ရှန်သည် ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် ယခင်က ကိစ္စရပ်များကို လွန်လွန်ကျွံကျွံ မလုပ်ဆောင်လိုခဲ့ပေ။ သို့သော် ယခုအခါ အင်အားကြီး မျိုးနွယ်စု အသီးသီးကို စိန်ခေါ်ရဲသော လူငယ်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အင်အားကြီး မျိုးနွယ်စုအားလုံးကို စည်းရုံးနိုင်ရန်အတွက် သဘောထားကွဲလွဲသော အသံများကို ဖျောက်ဖျက်ပစ်ရမည်ကို ချီစစ်ရှန် သိရှိသည်။ သို့သော် ယခုချက်ချင်း လုပ်ဆောင်ရန်အတွက်မူ ချီစစ်ရှန်၏ စိတ်ထဲတွင် အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။
ချီရွှယ်ဖုန်းသည် ဖခင်ဖြစ်သူ၏ တွေဝေမှုကို ရိပ်မိလိုက်သည့်အလား သူ၏ မျက်လုံးများ အရောင်လက်သွားပြီး ရိုသေစွာ ပြောလိုက်သည်။
"အဖေ... ကျွန်တော် ကိုယ်တိုင် ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဆီ သွားရောက် စုံစမ်းခွင့်ပြုပါ၊ သူတို့ အလိုက်တသိ ခေါင်းငုံ့လာရင်တော့ ကောင်းတာပေါ့၊ အကယ်၍ ကျွန်တော်တို့ အမိန့်ကို အာခံရဲရင်တော့ မျိုးနွယ်စုရဲ့ စစ်သည်တွေကို စေလွှတ်ပြီး ရှင်းပစ်လို့ ရတာပဲ၊ အဲဒီကျရင် ဘယ်သူကမှ ကျွန်တော်တို့ကို အပြစ်ပြောလို့ မရတော့ဘူးလေ၊ ဘယ်လိုသဘောရလဲ"
ထိုစကားကို ကြားပြီးနောက် ချီစစ်ရှန်သည် သူ၏ ဒုတိယသားကို လေးနက်စွာ ကြည့်လိုက်မိသည်။
သူ၏ တရားဝင် သားကြီးဖြစ်သော ချီဟုန်ပေါ် အသက်ရှိစဉ်က ချီရွှယ်ဖုန်း၏ အရည်အချင်းများသည် အစ်ကိုဖြစ်သူ၏ အရိပ်အောက်တွင် လုံးဝ ပျောက်ကွယ်နေခဲ့သည်။ ချီရွှယ်ဖုန်း၏ အပြုအမူသည်လည်း လူတိုင်း မျှော်လင့်ထားသည့်အတိုင်း အပျော်အပါးမက်သော သခင်လေးတစ်ယောက် ပုံစံမျိုးသာ ဖြစ်ပြီး ကျင့်ကြံခြင်းကို စိတ်မဝင်စားဘဲ နေ့စဉ်နေ့တိုင်း ပျော်ပါးနေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ လူအများ၏ မျက်လုံးထဲတွင် ချီရွှယ်ဖုန်းသည် ကောင်းကင်မီးတောက်မျိုးနွယ်၏ ဒုတိယသခင်လေး ဖြစ်သည်မှလွဲ၍ ဘာမျှ သုံးမရသော လူတစ်ယောက် ဖြစ်လာခဲ့သည်။
ချီစစ်ရှန် ကိုယ်တိုင်ပင်လျှင် သူ၏ သားငယ်သည် ပြုပြင်၍ မရတော့ဟု ထင်မြင်ယူဆခဲ့သည်။ သို့သော် မမျှော်လင့်စွာ ချီဟုန်ပေါ် သေဆုံးပြီးနောက် ချီရွှယ်ဖုန်း၏ စိတ်နေသဘောထားသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဥပမာအားဖြင့် ယခု သူ၏ အကြံပြုချက်သည် အလွန် ချိန်ဆမှုရှိပြီး မဟာဗျူဟာ ကျလှသည်။
ချီစစ်ရှန် သာမက ခန်းမထဲရှိ အခြားသူများသည်လည်း ချီရွှယ်ဖုန်းကို အံ့သြမှု၊ နားမလည်မှုများဖြင့် ကြည့်လိုက်ကြသည်။
ဖခင်ဖြစ်သူနှင့် လူအုပ်ကြီး၏ အကြည့်အောက်တွင် ချီရွှယ်ဖုန်းသည် ခေါင်းကို ငုံ့ထားလိုက်ရာ သူ၏ မျက်နှာသည် အရိပ်ထဲတွင် ရောက်နေပြီး ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အရိပ်အယောင်များကို မည်သူမျှ မမြင်နိုင်ကြပေ။ အချိန်အတော်ကြာမှ ချီစစ်ရှန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... ဒါဆို မင်း သွားကြည့်လိုက်ပါ"
"ဟုတ်ကဲ့ပါ အဖေ"
ချီရွှယ်ဖုန်းက ရိုသေစွာ ပြန်ဖြေလိုက်သည်။ သူ၏ မျက်လုံးနက်ရှိုင်းသော နေရာတွင် မသိမသာ အောင်နိုင်သူ၏ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက် သူသည် ဦးညွှတ်ကာ ကောင်းကင်မီးတောက် နတ်ဘုရားဆောင်ထဲမှ ထွက်ခွာသွားလေသည်။
သူ ထွက်ခွာသွားပြီးနောက် နတ်ဘုရားဆောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး အကြီးအကဲတစ်ဦးက မြှောက်ပင့်လိုသော ရယ်သံဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့ သခင်လေး ဆုံးပါးသွားပေမဲ့ ကြည့်ရတာ ဒုတိယသခင်လေးကလည်း ရေကန်ထဲမှာပဲနေမယ့် နဂါးတော့ မဟုတ်ဘူး"
ရုတ်တရက် ခန်းမတစ်ခုလုံး မြှောက်ပင့်သံများဖြင့် ပြည့်နှက်သွားလေသည်။ ချီစစ်ရှန်သည် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေလေတော့သည်။
အခန်း (၁၁၂၁) - ထိုက်ယင် နတ်ဘုရားမျိုးနွယ်
ချီရွှယ်ဖုန်းသည် ကောင်းကင်မီးတောက် နတ်ဘုရားဆောင်ထဲမှ ထွက်ခွာလာသောအခါ အပြင်တွင် စောင့်ဆိုင်းနေကြသော နောက်လိုက်များသည် သူ့အား အလျင်အမြန် ခရီးဦးကြို ပြုလိုက်ကြသည်။
"ဒုတိယသခင်လေး"
"သခင်လေး ရွှယ်ဖုန်း"
နောက်လိုက်များကြားသို့ ရောက်သောအခါ မူလက ခါးကိုင်းပြီး ရိုကျိုးနေခဲ့သော ချီရွှယ်ဖုန်းသည် ခါးကို တဖြည်းဖြည်း မတ်လိုက်သည်။ ယခု သူ့ကို ကြည့်လိုက်လျှင် မျက်နှာပေါ်တွင် ဖုံးလွှမ်းခဲ့သော နှိမ့်ချမှုနှင့် ရိုသေမှုများ ပျောက်ကွယ်သွားပြီဖြစ်ပြီး၊ မောက်မာမှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် အစားထိုး ဝင်ရောက်လာလေသည်။
"ဒုတိယသခင်လေး... အခြေအနေ ဘယ်လိုလဲ၊ မျိုးနွယ်စုခေါင်းဆောင်နဲ့ အကြီးအကဲတွေက ဘာပြောလိုက်သလဲ"
ချီရွှယ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။
"ငါကိုယ်တိုင် ပြောမှတော့ အဖေက ချက်ချင်း သဘောတူလိုက်တာပေါ့ကွ"
ထို့နောက် သူသည် နောက်လိုက်များကို လျစ်လျူရှုစွာ ကြည့်ပြီး အမိန့်ပေးလိုက်သည်။
"ပြင်ဆင်ကြ... ငါတို့ အခု ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဆီ သွားကြမယ်"
စိတ်လှုပ်ရှားနေသော နောက်လိုက်များသည် သူ့စကားကို ကြားသောအခါ ချက်ချင်း တက်ကြွသွားကြသည်။
"ဟုတ်ကဲ့ပါ"
သူတို့အတွက်မူ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဆီ သွားရောက်ခြင်းသည် အပျော်ခရီးထွက်ရသကဲ့သို့ပင် ဖြစ်သည်။ ထိုနေရာတွင် လှပသော ကျင့်ကြံသူ အမျိုးသမီးလေးများကို ပိုးပန်းခွင့် ရကောင်းရနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် သူတို့သည် အရာအားလုံးကို တက်ကြွစွာ ပြင်ဆင်လိုက်ကြပြီး ချီရွှယ်ဖုန်း၏ နောက်မှ လိုက်ပါထွက်ခွာလာခဲ့ကြသည်။
အခြားသော မြင့်မြတ်သည့် မိသားစုများနှင့် ယှဉ်လျှင် ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ နယ်မြေသည် ကောင်းကင်မီးတောက် သဲကန္တာရနှင့် သိပ်မဝေးလှပေ။
ထို့အပြင် ချီရွှယ်ဖုန်းတို့တစ်သိုက်သည် ပျံသန်းလှေကို စီးနင်းလိုက်ပါလာသဖြင့် နေ့ဝက်ခန့် ကြာသောအခါ ထိုက်ယင်ရေကန် တည်ရှိရာ နေရာသို့ ရောက်ရှိလာခဲ့ကြလေသည်။
ဤနေရာရှိ ရှုခင်းသည် ကောင်းကင်မီးတောက် သဲကန္တာရနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။ သူတို့၏ အောက်တွင် ကျယ်ပြန့်သော ရေပြင်ကြီး ရှိနေပြီး ခရီးတစ်လျှောက်လုံးတွင် ကျွန်းစုများ ဟိုတစ်စု သည်တစ်စု ပျံ့နှံ့တည်ရှိနေသည်။
ထို့အပြင် ဧရိယာတစ်ခုလုံးသည် နူးညံ့သော ရေဓာတ်သဘောဆောင်သည့် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသဖြင့် ပင်လယ်ကဲ့သို့ ကျယ်ပြောလှသော ဤရေကန်ကြီးသည် သက်ရှိများဖြင့် စည်ကားသိုက်မြိုက်နေလေသည်။ အနည်းဆုံးတော့ ရေနေသတ္တဝါမျိုးနွယ်ပေါင်း ကုဋေချီ၍ နေထိုင်ကျက်စားလျက် ရှိကြသည်။
ထိုမြင်ကွင်းသည် ချီရွှယ်ဖုန်းနှင့် သူ၏ လူများကို မှင်သက်သွားစေခဲ့သည်။ ခြောက်သွေ့သော သဲကန္တာရနှင့် ယဉ်ပါးနေသော သူတို့အဖို့ ဤနေရာရှိ ရှုခင်းသည် အလွန်တရာ လှပလွန်းနေသည်။
"ထိုက်ယင်မျိုးနွယ်က မိန်းမတွေက အရမ်းလှတယ်ဆိုတာ မဆန်းပါဘူး၊ ငါ အရင်ကတော့ သံသယ ရှိခဲ့ဖူးတယ်၊ အခုတော့ အဲဒါ အမှန်ဖြစ်ဖို့များတယ်လို့ ထင်သွားပြီ၊ ဘာပဲဖြစ်ဖြစ်လေ... ဒီလိုနေရာမျိုးမှာ ကြာကြာနေရင် ရုပ်ဆိုးတဲ့ မိစ္ဆာတောင် လှလာမှာပဲ"
ချီရွှယ်ဖုန်းက သဘောကျစွာ ရေရွတ်လိုက်သည်။ နောက်လိုက်တစ်ယောက်က ထိုစကားကိုကြားပြီး ရယ်မောလိုက်သညခ။
"ဒုတိယသခင်လေး... မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်နဲ့ လာတာဆိုတော့ အဲဒီကောင်မလေးတွေ အနေတတ်မယ်ဆိုရင် သခင်လေးကို နတ်ဘုရားတစ်ပါးလို ဆက်ဆံကြမှာပါ၊ အရာအားလုံးက သခင်လေး စိတ်ကြိုက် ဖြစ်လာမှာပါ... မဟုတ်ဘူးလား"
"ဟုတ်တယ်... ဒီတစ်ခါတော့ ဒုတိယသခင်လေး စည်းစိမ်ခံစားရတော့မှာပဲ"
ဘေးမှ တစ်စုံတစ်ယောက်က ဝင်ထောက်ခံလိုက်သည်။ ချီရွှယ်ဖုန်းက မျက်နှာထား တင်းလိုက်သည်။
"ပေါက်ကရတွေ... ငါက အရေးကြီးကိစ္စနဲ့ လာတာကွ"
နောက်လိုက်များသည် ကြောက်လန့်သွားပြီး ပါးစပ်ပိတ်သွားကြသည်။ သို့သော် မကြာမီမှာပင် ချီရွှယ်ဖုန်းက နှုတ်ခမ်းကို သပ်လိုက်ပြီး တည်ကြည်လေးနက်ဟန်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ အရေးကြီး ကိစ္စတွေ ပြီးသွားရင်တော့... လူဆိုတာ နည်းနည်းပါးပါး အပန်းဖြေရမှာပေါ့"
နောက်လိုက်များသည် အစပိုင်းတွင် ကြောင်သွားပြီးနောက် သဘောကျစွာ ဝိုင်းရယ်လိုက်ကြသည်။
"ဒုတိယသခင်လေး ပြောတာ ပညာသားပါလိုက်တာဗျာ"
သူတို့၏ စကားဝိုင်းသည် ညစ်ညမ်းသော ဘက်သို့ ဦးတည်နေစဉ်မှာပင် ပျံသန်းလှေသည် ရုတ်တရက် ရပ်တန့်သွားပြီး ရှေ့မှ အော်ဟစ်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။
"ရပ်လိုက်... ရှေ့က ကျူးကျော်သူတွေ၊ ရှင်တို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ နယ်မြေထဲကို ဝင်ရောက်နေပြီ"
ထိုအသံနှင့်အတူ နူးညံ့သော ရေကန့်လန့်ကာ တစ်ခုသည် ပျံသန်းလှေ၏ လမ်းကြောင်းကို ခိုင်မာစွာ ပိတ်ဆို့လိုက်လေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ချီရွှယ်ဖုန်းသည် လျင်မြန်စွာ မတ်တတ်ရပ်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ ရှေ့ရှိ လေဟာနယ်ထဲတွင် ရပ်နေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
ထိုနှစ်ယောက်ကို မြင်လိုက်ရသည်နှင့် ပျံသန်းလှေထဲတွင် လေချွန်သံများ ထွက်ပေါ်လာလေသည်။
"ကျွတ်... ကျွတ်... ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှာ အလှပဂေးတွေ များတယ်ဆိုတာ အလကားပြောတာ မဟုတ်ဘူးပဲ၊ တကယ်ကို အမှန်ပဲကွ၊ တံခါးစောင့်တွေတောင် ဒီလောက်လှနေမှတော့..."
"ဟဲဟဲ... ဒုတိယသခင်လေး နောက်လိုက်ရတာ ကျွန်တော်တို့အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာတာပဲ"
နောက်လိုက်များ ဤမျှ စိတ်လှုပ်ရှားနေရခြင်းမှာ လမ်းပိတ်ထားသော အမျိုးသမီးနှစ်ဦး၏ ရုပ်ရည်သွင်ပြင်သည် အလွန် နူးညံ့သိမ်မွေ့ လှပနေသောကြောင့် ဖြစ်သည်။ သူတို့သည် ငယ်ရွယ်ပုံရသော်လည်း ပို၍ ငယ်ရွယ်လေ၊ ပို၍ နုနယ်ပြီး ချစ်ခင်စဖွယ် ကောင်းလေ ဖြစ်နေသည်။
ထိုအချိန်တွင် ရှေ့ဆုံးမှ အမျိုးသမီး တပည့်က ခက်ထန်စွာ ပြောလိုက်သည်။
"ဘယ်သူတွေလဲ၊ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဆီမှာ ဘာကိစ္စရှိလို့လဲ"
ထိုအမေးကို ကြားသောအခါ ချီရွှယ်ဖုန်းက မသိမသာ ပြုံးလိုက်သည်။ ထို့နောက် သူသည် ပျံသန်းလှေထဲမှ ထွက်ခွာလိုက်ပြီး အပြင်ဘက်သို့ ခြေချလိုက်သည်။
"ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်က ဒုတိယသခင်လေး ချီရွှယ်ဖုန်း... လာရောက် ဂါရဝပြုပါတယ်"
ချီရွှယ်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။
ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦး၏ မျက်နှာထားများ တပြိုင်နက် ပြောင်းသွားကြသည်။ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်သည် ဘာကို ကိုယ်စားပြုသည်ကို သူတို့ ကောင်းစွာ သိရှိကြသည်။
ထို့အပြင် လာရောက်သူသည် ကောင်းကင်မီးတောက်မျိုးနွယ်၏ ဒုတိယသခင်လေး ဖြစ်နေသဖြင့် ပေါ့ပေါ့တန်တန် သဘောထား၍ မရနိုင်သော အဆင့်အတန်း ဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်စလုံးသည် မျက်နှာထားကို တည်လိုက်ကြပြီး လက်ကိုယှက်ကာ ပြောလိုက်သည်။
"ကောင်းကင်မီးတောက်မျိုးနွယ်က ဒုတိယသခင်လေး ဖြစ်နေတာကိုး၊ ကျေးဇူးပြုပြီး ဒီမှာ ခဏလောက် စောင့်ပေးပါ၊ ကျွန်မတို့ သတင်းသွားပို့လိုက်ပါဦးမယ်"
ချီရွှယ်ဖုန်း၏ တပ်မက်သော အကြည့်များသည် ထိုအမျိုးသမီးနှစ်ဦးအပေါ်တွင် စွဲကပ်နေသည်။ အထူးသဖြင့် သူတို့ထံမှ ထွက်ပေါ်နေသော ယင်ဓာတ် အငွေ့အသက်များကို သူ သဘောကျနေပြီး သူ့ကို အလွန် သက်တောင့်သက်သာ ဖြစ်စေသည်။ ထို့ကြောင့် သူတို့၏ စကားကို ကြားသောအခါ သူက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
သို့သော် အမျိုးသမီးနှစ်ဦး သတင်းပို့ရန် ပြန်လှည့်သွားခါနီးအချိန်၌ ကြည်လင်ပြတ်သားပြီး အေးစက်သော အမျိုးသမီး အသံတစ်သံသည် ကျယ်ပြန့်သော ရေပြင်ကြီးကို ဖြတ်သန်းလျက် လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။
"သတင်းပို့နေစရာ မလိုတော့ဘူး၊ သခင်လေးရွှယ်ဖုန်း ကိုယ်တိုင်ရောက်လာမှတော့ ဝင်ခဲ့ပါရှင်"
ထိုအသံကြောင့် အမျိုးသမီးနှစ်ဦး တုန်လှုပ်သွားကြပြီး ချီရွှယ်ဖုန်းဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ဒုတိယသခင်လေးချီ... အခု စကားပြောလိုက်တာက ကျွန်မတို့ရဲ့ ဂိုဏ်းတူအစ်မကြီးပါ၊ ကျေးဇူးပြုပြီး လိုက်ခဲ့ပါရှင်"
ထိုသို့ပြောပြီးသည်နှင့် အမျိုးသမီးနှစ်ဦးသည် လှံတံရှည်များကို ထုတ်ကာ သူတို့၏ နောက်ကျောဘက်သို့ ပိုင်းဖြတ်လိုက်ရာ မမြင်ရသော ရေကန့်လန့်ကာသည် ကွဲအက်ပွင့်ဟသွားလေသည်။
"ကြွပါရှင်"
သို့သော် ချီရွှယ်ဖုန်း၏ မျက်နှာထားသည် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ တံခါးစောင့် တပည့်များက ဂိုဏ်းတူအစ်မကြီးဟု ရိုသေစွာ ခေါ်ဝေါ်လိုက်ခြင်းသည် စောစောက စကားပြောလိုက်သော အမျိုးသမီး၏ အဆင့်အတန်းကို ဖော်ပြနေသည်။
သူမသည် ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ နှစ်ထောင်ပေါင်းများစွာအတွင်း အတော်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရပြီး လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း စကြဝဠာ အရပ်လေးမျက်နှာတွင် ထူးချွန်ပြောင်မြောက်ဆုံး အမျိုးသမီးအဖြစ် ကျော်ကြားသူ ဖြစ်သည်။ ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ ဂုဏ်ယူစရာ ကျုံးအန်းအန်းပင် ဖြစ်သည်။
သို့သော် ထိုအချက်ကြောင့်ပင်လျှင် ချီရွှယ်ဖုန်း စိတ်ထဲ၌ မသက်မသာ ဖြစ်သွားရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အသံလွှဲပြောင်းပေးပို့ရုံသာ ပေးပို့ခဲ့ပြီး သူ့ကို လူကိုယ်တိုင် လာရောက် မကြိုဆိုသောကြောင့် ဖြစ်သည်။
သူ့အမြင်တွင် အကယ်၍သာ သူ၏ အစ်ကိုကြီးဖြစ်သော ကောင်းကင်မီးတောက် သခင်လေး ချီဟုန်ပေါ်သာ လာရောက်ပါက ကျုံးအန်းအန်းသည် သေချာပေါက် ကိုယ်တိုင်ထွက်ပြီး လာကြိုဆိုလိမ့်မည်။ သို့သော် သူ့အလှည့် ရောက်သောအခါ ရိုးရှင်းသော အသံပေးပို့မှုသာ ရရှိခဲ့သည်။
ဤအချက်သည် ချီရွှယ်ဖုန်းကို သဘာဝကျစွာပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် သူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခေါင်းမော့ကာ ထိုနေရာသို့ ဝင်ရောက်သွားလေသည်။
အတွင်းဘက်တွင် ရေဓာတ်သဘောဆောင်သော ဝိညာဉ်စွမ်းအားများသည် ပိုမို ကြွယ်ဝလာပြီး ခြေအောက်ရှိ ရေကန်မျက်နှာပြင်သည် ပိုမို နက်ရှိုင်းလာကာ အေးစက်သော လေအလွှာများကိုပင် ထုတ်လွှတ်နေသည်။
ဤနေရာသည် ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ အသက်သွေးကြောဖြစ်သော ထိုက်ယင်ရေကန်ပင် ဖြစ်ပေသည်။
ထိုက်ယင်ရေကန်၏ အလယ်ဗဟိုတွင် ကျယ်ပြန့်သော ကျွန်းကြီးတစ်ကျွန်း ရှိလေသည်။ ကျွန်းပေါ်တွင် လက်ရာမြောက်သော အဆောက်အဦး များစွာ တည်ရှိပြီး အားလုံးသည် ထူးခြားထင်ရှားသော ပုံပန်းသဏ္ဌာန်များ ရှိကြသည်။
သို့သော် ထိုအဆောက်အဦး အများအပြားသည် ယိုယွင်းပျက်စီးနေပြီး ယခင်က ခမ်းနားထည်ဝါမှုများ ပျောက်ဆုံးနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ဤအချက်က ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ လက်ရှိ ကျဆင်းနေသော အခြေအနေကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။
ချီရွှယ်ဖုန်း ကျွန်းအနီးသို့ ရောက်ရှိလာမှသာ အတွင်းဘက်မှ အလင်းတန်းများ ပျံတက်လာသည်ကို မြင်လိုက်ရသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ ဂုဏ်ယူစရာ ကျုံးအန်းအန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
ကျုံးအန်းအန်း၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် သူမသည် ချီရွှယ်ဖုန်းဘက်သို့ လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
"သခင်လေး ရွှယ်ဖုန်းကို တွေ့ရတာ ဝမ်းသာပါတယ်"
ချီရွယ်ဖုန်းသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း သူ၏ အကြည့်များသည် ကျုံးအန်းအန်းထံသို့ အလိုအလျောက် ရောက်ရှိသွားပြီး ဖမ်းစားခြင်း ခံလိုက်ရသည်။ အကြောင်းရင်းမှာ ကျုံးအန်းအန်း၏ ရင်သပ်ရှုမောဖွယ် အလှအပကြောင့်ပင် ဖြစ်သည်။
မိန်းမလှများကို နှစ်သက်တတ်သူ တစ်ဦးအနေဖြင့် သူမ၏ အလှသည် သူ့ကို ရူးသွပ်လုနီးပါး ဖြစ်သွားစေသည်။ ရလဒ်အနေဖြင့် သူ၏ အကြည့်များသည် အနည်းငယ် စည်းလွတ်ဝါးလွတ် ဖြစ်လာခဲ့သည်။ ထိုအကြည့်ကို တုံ့ပြန်သည့်အနေဖြင့် ကျုံးအန်းအန်းသည် မျက်လွှာချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"သခင်လေး ရွှယ်ဖုန်း... ကြွပါရှင်”
အခန်း (၁၁၂၂) - ကြက်ကိုသတ်၍ မျောက်ကိုခြောက်ခြင်း၊ အစီအစဉ်များ ပျက်သုဉ်းခြင်း
ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ အစည်းအဝေးခန်းမဆောင်သည် ဇိမ်ခံပစ္စည်းများဖြင့် ခမ်းနားထည်ဝါခြင်း မရှိသော်လည်း သိမ်မွေ့သော ကျက်သရေရှိမှုဖြင့် ပြင်ဆင်ထားလေသည်။
ချီရွှယ်ဖုန်းသည် လက်ဖက်ရည် လာချပေးပြီးမှသာ အသိစိတ် ပြန်လည်ဝင်ရောက်လာသည်။ ထိုအချိန်တွင် ကျုံးအန်းအန်းက တိုးညင်းစွာ မေးလိုက်သည်။
"သခင်လေး ရွှယ်ဖုန်းက ကျွန်မတို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဆီကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ မသိဘူး"
ချီရွှယ်ဖုန်း၏ အကြည့်သည် တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် သူသည် ကုလားထိုင်တွင် နောက်မှီချလိုက်ကာ အေးအေးလူလူပင် လက်ဖက်ရည်ကို စတင်သောက်သုံးလိုက်လေသည်။ ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ တပည့်များစွာတို့သည် ကျုံးအန်းအန်း၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး ချီရွှယ်ဖုန်း လက်ဖက်ရည်သောက်နေသည်ကို စောင့်ကြည့်နေကြသည်။ အချိန်အတန်ကြာမှ ချီရွှယ်ဖုန်းသည် ကျေနပ်အားရစွာ သက်ပြင်းချလိုက်သည်။
"လက်ဖက်ခြောက်ကောင်းပဲ၊ မင်းတို့ ထိုက်ယင်မျိုးနွယ်မှာ ဒီလောက်ကောင်းတဲ့ လက်ဖက်ခြောက် ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"
ကျုံးအန်းအန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"ဒါက ထိုက်ယင်ရေကန်ဘေးမှာ သဘာဝအတိုင်း ပေါက်တဲ့ လက်ဖက်ခြောက်ပါ၊ အရသာ တကယ်ရှိပါတယ်၊ တကယ်လို့ သခင်လေး ရွှယ်ဖုန်း ကြိုက်တယ်ဆိုရင် ပြန်ခါနီးကျရင် လက်ဆောင်ထည့်ပေးလိုက်ပါ့မယ်"
ချီရွှယ်ဖုန်းက ပြုံးလိုက်သည်။
"ဒီလိုဆိုရင်တော့ အားနာစရာကြီး ဖြစ်နေမှာပေါ့"
ကျုံးအန်းအန်းက ထပ်ပြုံးလိုက်ပြန်သည်။
"လက်ဖက်ခြောက် နည်းနည်းလေးပါ၊ သခင်လေး ရွှယ်ဖုန်းက ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ"
သူမ၏ စကားဆုံးသည်နှင့် တပြိုင်နက် ယခင်က ပြုံးရွှင်နေသော ချီရွှယ်ဖုန်းသည် ရုတ်တရက် စားပွဲကို ဒုန်းကနဲ ရိုက်ချလိုက်ပြီး အေးစက်စွာ အော်ဟစ်လိုက်လေသည်။
"မိန်းကလေး အန်းအန်း... မင်းရဲ့ အမှားကို မင်းသိလား"
ဤမေးခွန်းကြောင့် ခန်းမထဲရှိ လူတိုင်း မျက်နှာပျက်သွားကြသော်လည်း ကျုံးအန်းအန်းသည် တုန်လှုပ်ခြင်းမရှိဘဲ ချီရွှယ်ဖုန်းကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။
"သခင်လေး ရွှယ်ဖုန်း... ကျွန်မတို့ရဲ့ အမှားဆိုတာ ဘာကို ဆိုလိုတာလဲ"
"ဟဲဟဲ..."
ချီရွှယ်ဖုန်းသည် ကုလားထိုင်ကို နောက်ပြန်မှီလိုက်ပြီး ကျုံးအန်းအန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မိန်းကလေး အန်းအန်း... ငါတို့နှစ်ယောက်စလုံးက ပါးနပ်တဲ့သူတွေပဲ၊ စကားကို ဝေ့ဝိုက်မပြောနေတော့ဘူး၊ အရင်တုန်းက ငါတို့ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်က ပို့လိုက်တဲ့ ကောင်းကင်မီးတောက် အမိန့်စာကို မင်းတို့ လက်ခံရရှိလား၊ မရရှိဘူးလား"
လေထုအခြေအနေသည် ချက်ချင်းပင် တင်းမာသွားလေသည်။ လူတိုင်း၏ အကြည့်များသည် ကျုံးအန်းအန်းအပေါ်တွင် စုပြုံကျရောက်သွားကြသည်။ ကျုံးအန်းအန်းသည် မျက်လွှာချလိုက်ပြီး ခဏအကြာတွင် တိုးညင်းစွာ ခေါင်းညိတ်လိုက်သည်။
"ရပါတယ်"
ချီရွှယ်ဖုန်း၏ မျက်နှာထား ပိုမို အေးစက်သွားပြီးနောက် မထီမဲ့မြင် ပြုံးလိုက်သည်။
"လက်ခံရရှိတယ်ဆိုရင် ဘာလို့ ထိုက်ယင်မျိုးနွယ်က အကြောင်းမပြန်တာလဲ"
ကျုံးအန်းအန်း တိတ်ဆိတ်နေသည်။ ချီရွှယ်ဖုန်းက ဆက်ပြောသည်။
"ငါ့အဖေက မဟာဗျူဟာနဲ့ အင်အားကြီး မိသားစုတွေကို စုစည်းပြီး ဟို ရွှယ်အန်းဆိုတဲ့ ကောင်စုတ်ကို ရှင်းပစ်ဖို့ ကောင်းကင်မီးတောက် အမိန့်စာ တစ်သိန်းတောင် ထုတ်ပြန်ထားတာ မင်းသိရဲ့လား၊ ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်တို့၊ ဝူထုန် နတ်ဘုရားဂိုဏ်းတို့ အပါအဝင် တခြား ဂိုဏ်းကြီးတွေတောင် အကြောင်းပြန်ပြီးပြီ၊ မင်းတို့ ထိုက်ယင်မျိုးနွယ်ကပဲ ဘာသံမှ မထွက်ဘဲ တိတ်ဆိတ်နေတယ်၊ ဒါ ဘာသဘောလဲ၊ မိန်းကလေးကျုံးဆီက ရှင်းပြချက်တစ်ခုလောက် လိုချင်တယ်"
"ဟုတ်တယ်... ဒုတိယသခင်လေး ကိုယ်တိုင် လာတာတောင် မင်းတို့က ထွက်မကြိုဘူး၊ ဒါ တော်တော်ကို မလေးမစား လုပ်ရာရောက်တယ်နော်၊ မင်းတို့ ထိုက်ယင်မျိုးနွယ်က ငါတို့ ဒုတိယသခင်လေးကို အရေးမလုပ်တာ သိသာနေတာပဲ"
ရန်လိုသော နောက်လိုက်တစ်ဦးက ဝင်ပြောလိုက်သည်။ ထိုအချိန်တွင် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ တပည့်အများအပြား၏ မျက်နှာများသည် အရုပ်ဆိုးလာကြသည်။ အထူးသဖြင့် ဂိုဏ်းတူအစ်မကြီး ကျုံးအန်းအန်းက နှုတ်ဆိတ်နေသဖြင့် လူများစွာ စိုးရိမ်ပူပန်လာကြသည်။
သို့သော် ချီရွှယ်ဖုန်း၏ အမြင်တွင်မူ ဤအရာသည် ကျုံးအန်းအန်းက သွယ်ဝိုက်၍ အညံ့ခံနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ မျက်လုံးများထဲတွင် ကျေနပ်အားရမှုများ တဖြည်းဖြည်း ပေါ်လာပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"မိန်းကလေးကျုံး ... ဒီကိစ္စကြောင့် ငါ့အဖေ ဘယ်လောက်တောင် ဒေါသထွက်နေလဲ မင်းသိလား၊ မင်းတို့ကို အပြစ်ပေးဖို့ လူတောင် လွှတ်ချင်နေတာ၊ ငါ တောင်းပန်လိုက်လို့သာ ခဏ စိတ်ငြိမ်သွားတာ၊ ဒါပေမဲ့ ဒီကိစ္စကို ဒီအတိုင်း ပြီးသွားမယ်လို့ မင်း ထင်နေရင်တော့..."
ချီရွှယ်ဖုန်းသည် လှပသော အမျိုးသမီးများဖြင့် ပြည့်နှက်နေသော အခန်းကို ဝေ့ဝဲကြည့်လိုက်ပြီး နှုတ်ခမ်းကို တပ်မက်စွာ သပ်လျက် ပြောလိုက်သည်။
"မင်းတို့အနေနဲ့ တန်ကြေးတစ်ခုခုတော့ ပေးဆပ်သင့်တယ်လေ၊ ဒါမှ ငါပြန်ရောက်ရင် ကောင်းကောင်း ရှင်းပြလို့ရမှာပေါ့... ဟုတ်တယ်မလား"
"ဩော်... ဘာတန်ကြေးလဲ"
ကျုံးအန်းအန်းက ရုတ်တရက် မေးလိုက်သည်။ ချီရွှယ်ဖုန်းသည် သူ၏ သံသယများ မှန်ကန်ကြောင်း သေချာသွားသဖြင့် ကျုံးအန်းအန်း ကြောက်လန့်သွားပြီဟု ယုံကြည်လိုက်သည်။ ထို့ကြောင့် သူက ဆော့ကစားချင်သော လေသံဖြင့် ပြောလိုက်သည်။
"ငါက ခရီးဝေးကလာတော့ တော်တော် ပင်ပန်းနေပြီ၊ တကယ်လို့ မင်းတို့ ဂိုဏ်းက မိန်းကလေးတစ်ယောက်လောက်များ ငါအနားယူနေတုန်း လာပြုစုပေးမယ်ဆိုရင်တော့... ညှိနှိုင်းလို့ရမယ့် အခြေအနေ ရှိတာပေါ့"
ထိုစကားထွက်ပေါ်လာသည်နှင့် တပြိုင်နက် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ အမျိုးသမီး အများအပြားသည် မျက်နှာထားများ ပြောင်းလဲသွားကြပြီး ကျုံးအန်းအန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ချီရွှယ်ဖုန်းက မသိမသာ နှာခေါင်းရှုံ့လိုက်သည်။
"မိန်းကလေး အန်းအန်း... ဘယ်လိုသဘောရလဲ"
ထိုအချိန်တွင် ကျုံးအန်းအန်းသည် ရုတ်တရက် ခေါင်းမော့လာသည်။ သူမ၏ အကြည့်များသည် စူးရှထက်မြက်နေပြီး ချီရွှယ်ဖုန်းကို အေးစက်စွာ ကြည့်လျက် ပြန်ပြောလိုက်သည်။
"ပထမအချက်... ကျွန်မ ပြောချင်တာက ထိုက်ယင် နတ်ဘုရားမျိုးနွယ်ဆိုတာ ရှင်တို့ ကောင်းကင်မီးတောက်မျိုးနွယ်ရဲ့ လက်အောက်ငယ်သားလည်း မဟုတ်ဘူး၊ တပည့်လည်း မဟုတ်ဘူး၊ ဒါကြောင့် ရှင်က ဒီကိုလာပြီး ကျွန်မတို့ကို စွပ်စွဲပိုင်ခွင့် မရှိဘူး"
"ဒုတိယအချက်... ရှင်တို့ရဲ့ ကောင်းကင်မီးတောက် အမိန့်စာကို ကျွန်မတို့ ရပါတယ်၊ ဒါပေမဲ့ ရှင်တို့ရဲ့ မဟာမိတ်အဖွဲ့ကြီး အောင်မြင်မယ်လို့ ကျွန်မ မထင်ဘူး၊ ဒါကြောင့် ထိုက်ယင်မျိုးနွယ်အနေနဲ့ ပါဝင်ဖို့ အစီအစဉ် မရှိဘူး"
"နောက်ဆုံးအချက်ကတော့..."
ကျုံးအန်းအန်းသည် ချီရွှယ်ဖုန်းကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပြီး ရွံရှာစက်ဆုပ်သော အမူအရာဖြင့် ပြောလိုက်သည်။
"ရှင့်လို စိတ်ဓာတ်အောက်တန်းကျတဲ့လူကများ ကျွန်မတို့ ထိုက်ယင်မျိုးနွယ်က အမျိုးသမီးတွေကို တပ်မက်ချင်နေတာလား၊ ကိုယ့်အရည်အချင်းကို ကိုယ်ပြန်ကြည့်ဦး... ယောင်လို့တောင် စိတ်မကူးနဲ့"
ကျုံးအန်းအန်း၏ စကားကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ချီရွှယ်ဖုန်းသည် အလွန်အမင်း အံ့အားသင့်သွားသဖြင့် ခေတ္တမျှ တုံ့ပြန်နိုင်ခြင်း မရှိပေ။ သူ သတိပြန်ဝင်လာသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ၊ ထပ်ပြောကြည့်စမ်း"
ကျုံးအန်းအန်းက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
"ကျွန်မ ပြောတာ ရှင်းရှင်းလေးပါ၊ ကျွန်မတို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်က ရှင့်လိုလူမျိုး လာပြီး အမိန့်ပေးလို့ရတဲ့ နေရာ မဟုတ်ဘူး"
"မင်း..."
ချီရွှယ်ဖုန်းသည် သူ့နားသူပင် မယုံနိုင် ဖြစ်နေရသည်။
ထိုက်ယင် နတ်ဘုရားမျိုးနွယ်သို့ လာရောက်သည့် ဤခရီးစဉ်သည် လွယ်ကူချောမွေ့ပြီး အချစ်ဇာတ်လမ်းများနှင့် ပြည့်နှက်နေလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ ထို့အပြင် သူ ဤနေရာသို့ လာရောက်ရန် စေတနာ့ဝန်ထမ်း လုပ်ခဲ့ရခြင်းမှာ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို စံပြအဖြစ် အပြစ်ပေးကာ သူ၏ အာဏာစက်ကို တည်ဆောက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူ၏ အစ်ကို ချီဟုန်ပေါ် သေဆုံးသွားပြီဖြစ်ရာ ယခုအခါ သူသည် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၏ တရားဝင် ဆက်ခံသူ ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
ထို့ကြောင့် သူသည် ယခင်က သတိထားနေခဲ့သော မဟာဗျူဟာကို ပြောင်းလဲလိုက်ပြီး ထင်ပေါ်ကျော်ကြားရန် စတင် ကြိုးပမ်းလာခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်စွာ သူ၏ ပထမဆုံး ကြိုးပမ်းမှုသည် နံရံကို ခေါင်းနဲ့ ပြေးဆောင့်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
အထူးသဖြင့် ကျုံးအန်းအန်း၏ စကားများသည် သူ့ကို သက်ညှာမှုမရှိဘဲ ပြန်လည်ပုက်ခတ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ယခု ပြန်လည်မတိုက်ခိုက်လျှင် ကောင်းကင်မီးတောက် မျိုးနွယ်၏ သခင်လေးဟူသော ရာထူးသည် ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထိုသို့ တွေးလိုက်ပြီးနောက် သူ၏ မျက်နှာထားသည် တဖြည်းဖြည်း တည်တင်းလာပြီး မဲမှောင်စွာ ပြောလိုက်သည်။
"မိန်းကလေး ကျုံး... မင်း ဘာပြောနေလဲဆိုတာ မင်းကိုယ်မင်း သိမယ်လို့ မျှော်လင့်ပါတယ်"
ကျုံးအန်းအန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။
"ကျွန်မ ကောင်းကောင်း သိပါတယ်၊ တကယ်တော့ ဒီအတွေးတွေ ကျွန်မစိတ်ထဲမှာ ရှိနေတာ ကြာပါပြီ၊ ရှင်တို့လို မောက်မာဝင့်ကြွားတဲ့ ကောင်းကင်မီးတောက်မျိုးနွယ်က လူတွေကို ဒီစကားတွေ ပြောချင်နေတာ ကြာပြီ"
ချီရွှယ်ဖုန်း တစ်ယောက်တည်း အံ့အားသင့်သွားသည် မဟုတ်ပေ။ ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ အဖွဲ့ဝင်များပင်လျှင် မှင်သက်နေကြလေသည်။
ပုံမှန်အားဖြင့် ထိုက်ယင် နတ်ဘုရားမျိုးနွယ်သည် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်နှင့် ဆက်ဆံရာတွင် အမြဲတမ်း အလျှော့ပေး သည်းခံလေ့ရှိသည်။ ဂုဏ်ယူဝင့်ကြွားတတ်သော ဆန်းကြယ်နတ်ဘုရားမ ကျုံးအန်းအန်း ကိုယ်တိုင်ပင်လျှင် မီးနတ်ဘုရား သခင်လေး ချီဟုန်ပေါ်နှင့် ရင်ဆိုင်ရသောအခါ ဘေးဖယ်ပေးရပြီး မပေါ့ဆရဲပေ။
သို့သော် ယနေ့ သူမတို့၏ ဂိုဏ်းတူအစ်မကြီး ဘာဖြစ်သွားသနည်း။ သူမသည် အဘယ့်ကြောင့် ရုတ်တရက်ကြီး ဤမျှ ရဲရင့်ပြတ်သားသွားပြီး ကောင်းကင်မီးတောက် သခင်လေးကိုပင် မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲရသနည်း။
မည်သို့ပင်ဖြစ်စေ ထိုက်ယင်မျိုးနွယ်မှ တပည့်များစွာတို့သည် စိတ်ဓာတ်ခွန်အားများစွာ ရရှိလိုက်ကြပြီး ကျုံးအန်းအန်းကို လေးစားအားကျစွာ ကြည့်လိုက်ကြသည်။
ချီရွှယ်ဖုန်းမှာမူ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေလေသည်။ သူ့အမြင်တွင် ကျုံးအန်းအန်း၏ သဘောထားမှာ သူသည် အငယ်ဆုံးသခင်လေး ဖြစ်နေသောကြောင့် ဤသို့ ဆက်ဆံခြင်း ဖြစ်မည်ဟု ယူဆလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ၏ အစ်ကိုနှင့် ရင်ဆိုင်ရစဉ်က ဤကဲ့သို့ ပြုမူရဲခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။