အခန်း (၁၁၂၃-၁၁၂၅)
Vol. 75 Ch. 1123-1125
အခန်း (၁၁၂၃) - တပည့်က ကိုယ့်ကိုယ်ကို အပြစ်မရှိဘူးလို့ ယုံကြည်ပါတယ်
ထိုအချက်ကို တွေးမိသည်နှင့် ချီရွှယ်ဖုန်း၏ ဒေါသများ မီးတောင်ပေါက်ကွဲသကဲ့သို့ ပွင့်အန်ထွက်လာခဲ့သည်။
"ကောင်မစုတ်... ဒီနေ့ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ဆိုတာ ဘယ်လောက် အစွမ်းထက်လဲ မင်းသိအောင် ငါပြမယ်၊ တိုက်ကြစမ်း"
သူ၏ အမိန့်ပေးသံနှင့်အတူ ချီရွှယ်ဖုန်း၏ နောက်လိုက်တစ်သိုက်သည် သားရဲများအလား ရှေ့သို့ တိုးဝင်လာကြလေသည်။
သူတို့အတွက်မူ ကျုံးအန်းအန်းသည် အင်အားကြီး မျိုးနွယ်မှ ဆက်ခံသူဟု ပြောသော်လည်း အစွမ်းထက်သော အမျိုးသမီးတစ်ဦးသာ ဖြစ်သည်ဟု ထင်မြင်ကြသည်။ သူတို့ဘက်တွင် လူအင်အား သာလွန်နေသဖြင့် ဤအမျိုးသမီးကို နိုင်နင်းနိုင်မည်ဟု သေချာနေကြသည်။
ထို့အပြင် ကျုံးအန်းအန်းသည်လည်း အလွန် လှပသူဖြစ်ရာ တိုက်ခိုက်နေစဉ်အတွင်း အခွင့်ကောင်းယူ၍ အမြတ်ထုတ်နိုင်မည်ဟု တွေးတောနေကြသည်။ ထိုအတွေးများနှင့်အတူ ၎င်းတို့သည် ယုတ်မာသောအကြံများဖြင့် ရှေ့သို့ ပြေးဝင်လာကြလေသည်။
သို့သော် သူတို့၏ မျက်နှာပေါ်တွင် အပြုံးများ မပီပြင်သေးခင်မှာပင် သူတို့၏ ခန္ဓာကိုယ်များသည် တစ်ယောက်ပြီးတစ်ယောက် ရေခဲရိုက်ခံရသကဲ့သို့ တောင့်ခဲသွားကြလေသည်။
ကျုံးအန်းအန်းထံမှ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး အလွန်အမင်း အေးစက်သော အငွေ့အသက်များသည် ထိုလူမိုက်များကို ရေခဲရုပ်တုများအဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်လေသည်။
ဂလစ်
ရေခဲရုပ်တုများပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီးနောက် အားလုံးသည် အမှုန့်အဖြစ် ကြေမွ ပျက်စီးသွားကြလေသည်။ ရိုက်ချက် တစ်ချက်တည်းဖြင့် ၎င်းတို့တစ်သိုက်လုံး နေရာတင် သေဆုံးသွားခဲ့ကြသည်။
ယခုတစ်ကြိမ်တွင်မူ ချီရွှယ်ဖုန်းမှာ ပါးစပ်အဟောင်းသားဖြင့် မှင်သက်သွားရလေသည်။ သူသည် မြေပြင်ပေါ်ရှိ အမှုန့်များကို ကြောင်အမ်းအမ်း ကြည့်နေပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ကာ ကျုံးအန်းအန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ကောင်မစုတ်... မင်းက ငါတို့ ကောင်းကင်မီးတောက် မျိုးနွယ်ဝင်တွေကို သတ်ရဲတယ်ပေါ့၊ ကြည့်ရတာ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီနဲ့တူတယ်၊ ဒီနေ့ ငါ မင်းကို ကောင်းကောင်း ဆုံးမပေးရသေးတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် ချီရွှယ်ဖုန်းသည် လက်ဝါးကို မြှောက်ကာ ရိုက်ချလိုက်လေသည်။ လေပြင်းများ တိုက်ခတ်လာပြီး အပူလှိုင်းများ လှိမ့်ဝင်လာသည်။ လက်ဝါးရိုက်ချက်သည် တိုက်ရိုက် ပြေးဝင်သွားသည်။
သို့သော် ကျုံးအန်းအန်းသည် နေရာမှ မရွေ့ခဲ့ပေ။ လက်ဝါးလေပြင်းသည် လမ်းခုလတ်သို့ပင် မရောက်ရှိသေးမီ လေဟာနယ်ထဲမှ ထွက်ပေါ်လာသော အေးစက်မှု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့လေသည်။
"ဒါ... ဒါက..."
ချီရွှယ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ ကျုံးအန်းအန်းက အေးစက်စွာ ပြုံးလိုက်သည်။
"ကျွန်မရဲ့ ထိုက်ယင်ရေကန်ထဲမှာ ကောင်းကင်မီးတောက် အမိန့်ကို သုံးရတယ်လို့၊ ရှင် ဘာတွေ တွေးနေတာလဲ ဆိုတာ ကျွန်မ တကယ် နားမလည်နိုင်ဘူး၊ ရှင် မပြောနဲ့ ရှင့်အဖေ လာရင်တောင် သူ့အစွမ်းက တစ်ဝက်လောက် လျော့ကျသွားမှာ"
ချီရွှယ်ဖုန်း တစ်ကိုယ်လုံး တုန်ရီသွားပြီး အဆုံးတွင် အခြေအနေကို သဘောပေါက်သွားလေသည်။
ထိုက်ယင်ရေကန်၏ အတိုင်းအတာ အတွင်းတွင် ရေဓာတ်သဘောဆောင်သည့် ဝိညာဉ်စွမ်းအားမှလွဲ၍ ကျန်သည့် စွမ်းအားများ အားလုံး ဖိနှိပ်ခံရသည်။ အထူးသဖြင့် မီးဓာတ်သဘောဆောင်သည့် ဝိညာဉ်စွမ်းအားများသည် အကြီးအကျယ် အားနည်းသွားတတ်သည်။ သူ့တွင် ကောင်းကင်ကို တုန်လှုပ်စေနိုင်သော စွမ်းရည်များ ရှိသည်ဆိုလျှင်ပင် ဤနေရာ၌ ထုတ်သုံးရန် ခက်ခဲပေလိမ့်မည်။
သို့သော် မကြာမီ သူသည် ပြန်လည် တည်ငြိမ်သွားပြီး ကျုံးအန်းအန်းကို မထီမဲ့မြင် ပြုံးပြလိုက်သည်။
"ကောင်းပြီလေ... မင်းတို့ ထိုက်ယင်မျိုးနွယ်က တော်တော် လုပ်ရဲတာပဲ၊ ငါပြန်ရောက်ရင် အဖေ့ကို သေချာပေါက် တင်ပြမယ်၊ အဲဒီကျရင် မင်းတို့ နောင်တမရပါစေနဲ့လို့ ဆုတောင်းပေးလိုက်မယ်"
ထိုသို့ပြောပြီးသည်နှင့် သူသည် ပြန်လှည့်ထွက်ခွာရန် ပြင်လိုက်သည်။
"နေဦး"
ကျုံးအန်းအန်းက ရုတ်တရက် လှမ်းတားလိုက်သည်။
"ဟင်..."
ချီရွှယ်ဖုန်း ပြန်လှည့်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
"ဘာလဲ... မင်းတို့ ထိုက်ယင်မျိုးနွယ်က ငါ့ကိုပါ သတ်ချင်နေတာလား"
ကျုံးအန်းအန်း ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှင်က စောစောက ထိုက်ယင်မျိုးနွယ်ကို စော်ကားခဲ့တယ်လေ၊ အဲဒီအတွက် ရှင်းပြချက်တစ်ခုတော့ ပေးခဲ့သင့်တယ်မလား"
"ရှင်းပြချက် ဟုတ်လား၊ ရယ်စရာတွေ လာပြောမနေနဲ့၊ ဘာရှင်းပြချက် လိုချင်နေတာလဲ"
ချီရွှယ်ဖုန်းက မထီမဲ့မြင် ပြုကာ ပြောလိုက်သည်။ ထိုအချိန် ကျုံးအန်းအန်းသည် ရုတ်တရက် ချီရွှယ်ဖုန်းထံသို့ ပြေးသွားပြီး သူ့ပါးကို နှစ်ချက်ဆင့်၍ ရိုက်ချလိုက်လေသည်။
ဖြောင်း... ဖြောင်း...
ဤရိုက်ချက်များကြောင့် ချီရွှယ်ဖုန်း၏ မျက်နှာသည် သိသိသာသာ ရောင်ရမ်းသွားသည်။ လူတိုင်း အံ့အားသင့်သွားကြလေသည်။ ချီရွှယ်ဖုန်းသည် ကျုံးအန်းအန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"မင်း... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့"
"ရိုက်တော့ ဘာဖြစ်လဲ၊ ရှင်တို့လို အလိုလိုက်ခံထားရတဲ့ မျိုးရိုးမြင့်တွေကို ကျွန်မ ကြည့်မရတာ ကြာပြီ"
ကျုံးအန်းအန်းက အေးစက်စွာ ပြုံးပြီး ဆက်ပြောလိုက်သည်။
"ပြန်ရောက်ရင် ရှင့်အဖေကို ပြောလိုက်၊ ထိုက်ယင် နတ်ဘုရားမျိုးနွယ်ရဲ့ ကိစ္စက ရှင်တို့နဲ့ ဘာမှမဆိုင်ဘူးလို့၊ နားလည်လား"
ချီရွှယ်ဖုန်း ပြန်ပြောရန် ပြင်လိုက်သော်လည်း ကျုံးအန်းအန်းက လက်ကို ထပ်မြှောက်လိုက်သည်ကို မြင်သောအခါ တုန်လှုပ်သွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်လေသည်။
"ထွက်သွားတော့"
ချီရွှယ်ဖုန်းသည် လှည့်ပြီး ထွက်ပြေးလေတော့သည်။ သူသည် ထိုက်ယင်ရေကန်၏ အနီးအနားမှ လွတ်မြောက်သွားပြီးမှသာ သူသည် ပြန်လှည့်ကြည့်လိုက်ပြီး မျက်နှာကြီး ရှုံ့မဲ့ကာ မုန်းတီးစွ။ဖြင့် အော်ဟစ်လိုက်သည်။
"ကျုံးမျိုးရိုး... မင်းတို့ စောင့်နေကြ၊ ဒီကိစ္စ မပြီးသေးဘူး၊ ငါတို့ ကောင်းကင်မီးတောက် မျိုးနွယ်က မင်းတို့ကို ပြန်ပေးဆပ်ခိုင်းမယ်"
ထိုအချိန်တွင် ကျုံးအန်းအန်းသည် လက်ကိုမြှောက်ကာ နောက်ထပ် လက်ဝါးရိုက်ချက်တစ်ခု ထုတ်လွှတ်လိုက်ရာ အေးစက်သော အလင်းတန်းတစ်ခု ချီရွှယ်ဖုန်းထံသို့ ပြေးဝင်သွားလေသည်။
ချီရွှယ်ဖုန်းသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး သွေးရူးသွေးတန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားလေသည်။ သူ၏ ပုံရိပခ လုံးဝ ပျောက်ကွယ်သွားမှသာ ကျုံးအန်းအန်းသည် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ဧည့်ခန်းမဆောင်ထဲတွင် လက်ခုပ်သံများ ထွက်ပေါ်လာသည်။ အမျိုးသမီး တပည့်များသည် စိတ်ရင်းမှန်ဖြင့် လက်ခုပ်တီးကြပြီး မျက်နှာများတွင် လေးစားအားကျမှုများ အပြည့်အဝ ပေါ်လွင်နေသည်။ ကျုံးအန်းအန်းက သူတို့ကို အနည်းငယ် ပြုံးပြလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ဒေါသသံများ ပါဝင်နေသော အသက်ကြီးကြီး အမျိုးသမီးတစ်ဦး၏ အသံသည် ကျွန်း၏ နောက်ဘက်ခြမ်းမှ ထွက်ပေါ်လာသည်။
"ကျုံးအန်းအန်း... ဒီကို လာခဲ့စမ်း"
ထိုအသံကြောင့် အမျိုးသမီး တပည့်အားလုံး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် အသံရှင်မှာ ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ ပြစ်ဒဏ်ပေးခြင်းကဏ္ဍကို တာဝန်ယူထားသော အကြီးအကဲ ရွှယ်ဟွင်းဖြစ်နေသောကြောင့်ဖြစ်သည်။
သူမ၏ စိတ်ထားသည် အလွန် ကြမ်းတမ်းသည်ဟု နာမည်ကြီးပြီး တပည့်အားလုံးက ကြောက်ရွံ့ကြသည်။ ထို့အပြင် သူမနှင့် ကျုံးအန်းအန်းကြားတွင် အမြဲတမ်း ကတောက်ကဆ အနည်းငယ် ရှိခဲ့သည်။ ယခု သူမကို ခေါ်လိုက်ခြင်းသည် ကောင်းသော လက္ခဏာ မဟုတ်နိုင်ပေ။
တပည့်အားလုံး၏ စိုးရိမ်ပူပန်သော အကြည့်များကြားတွင် ကျုံးအန်းအန်းသည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး နောက်ဘက် တောင်တန်းဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။
ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို တပည့်များ လေ့ကျင့်ရာ ရှေ့ဘက်တောင်တန်းနှင့် အကြီးအကဲများ နေထိုင်ရာ နောက်ဘက်တောင်တန်းဟူ၍ ခွဲခြားထားသည်။ တရားစီရင်ရေး ခန်းမဆောင်သည် နောက်ဘက် တောင်တန်းတွင် တည်ရှိသည်။
ကျုံးအန်းအန်း ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားသောအခါ ထိုက်ယင်မျိုးနွယ်၏ မဟာအကြီးအကဲများ အားလုံး စုဝေးရောက်ရှိနေကြပြီး ဆွေးနွေးငြင်းခုံနေကြသည်ကို တွေ့လိုက်ရသည်။
ကျုံးအန်းအန်းကို မြင်လိုက်ရမှသာ ဆွေးနွေးမှုများ ရပ်တန့်သွားကြသည်။ ကျုံးအန်းအန်းသည် ဘေးဘီဝဲယာကို မကြည့်ဘဲ လေးလေးနက်နက် နှုတ်ဆက်လိုက်သည်။
"မဟာအကြီးအကဲများကို ဂါရဝပြုပါတယ်"
ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အကြီးအကဲများစွာသည် ကျုံးအန်းအန်းကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ ထိုက်ယင်မျိုးနွယ်၏ ထူးချွန်ပြောင်မြောက်သော ဤတပည့်အပေါ် အကြီးအကဲများအနေဖြင့် သံယောဇဉ်ရှိကြသည်မှာ သဘာဝဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူမ လုပ်ဆောင်ခဲ့သည်များက အနည်းငယ် လွန်လွန်းနေသည်။ ရုတ်တရက် အလယ်တွင် ထိုင်နေသော ရွှယ်ဟွင်းသည် စားပွဲကို ရိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ကျုံးအန်းအန်း... ယဉ်ကျေးပြမနေနဲ့တော့၊ ပြောစမ်း စောစောက နင် ဘာလုပ်ခဲ့တာလဲ"
ကျုံးအန်းအန်းသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ကြည်လင်ပြတ်သားသော အကြည့်ဖြင့် ပြောလိုက်သည်။
"အကြီးအကဲ ရွှယ်ဟွင်းက ဘယ်အရာကို ဆိုလိုတာပါလဲ"
ရွှယ်ဟွင်း ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။
"ငါ့ရှေ့မှာ အ၊ချင်ယောင် လာဆောင်မနေနဲ့၊ စောစောက ကောင်းကင်မီးတောက် မျိုးနွယ်က လူတွေ ရောက်လာတယ် မဟုတ်လား"
"ဟုတ်ပါတယ်"
"အဲဒါကို မင်း ဘယ်လို ကိုင်တွယ်လိုက်သလဲ"
ကျုံးအန်းအန်း ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပေါ့ပါးစွာ ပြောလိုက်သည်။
"သူက မလေးမစား ပြောဆိုလို့ ကျွန်မ မောင်းထုတ်လိုက်ပါတယ်"
ထိုစကားကြောင့် အကြီးအကဲများကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ရွှယ်ဟွင်းသည် ဒေါသကြောင့် ခါးသက်သက် ရယ်မောလိုက်သည်။
"မောင်းထုတ်လိုက်တယ် ဟုတ်လား၊ မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား"
ကျုံးအန်းအန်းက ခေါင်းညိတ်လိုက်သည်။
"တပည့် နားလည်ပါတယ်"
"တပည့် ဟုတ်လား၊ မင်းက တပည့်ဆိုတာကို သိသေးတယ်ပေါ့၊ မျိုးနွယ်စုခေါင်းဆောင်က တံခါးပိတ်မကျင့်ကြံခင် မျိုးနွယ်စု ကိစ္စတွေကို တစ်စိတ်တစ်ပိုင်း ကိုင်တွယ်ဖို့ မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းလုပ်ရပ်က လွန်လွန်းတယ်လို့ မထင်ဘူးလား"
ထိုသို့ပြောကာ ရွှယ်ဟွင်း၏ မျက်နှာထား အေးစက်သွားသည်။
"မင်းရဲ့ လုပ်ရပ်ကြောင့် ငါတို့ ထိုက်ယင်မျိုးနွယ် ပြန်ပြင်လို့မရတဲ့ ပျက်စီးခြင်းဆီ ရောက်သွားနိုင်တယ်ဆိုတာ သိလား"
"ကဲ... အခု မင်းအပြစ်ကို မင်းဝန်ခံမလား"
ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ အကြီးအကဲ အများအပြားသည် ကျုံးအန်းအန်းအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း ရွှယ်ဟွင်း ပြောသည့် စကားများသည်လည်း အမှန်တရားများသာ ဖြစ်နေသည်။ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ကို ဤသို့ စော်ကားလိုက်ခြင်းသည် အားနည်းနေပြီဖြစ်သော ထိုက်ယင်မျိုးနွယ်ကို ကပ်ဘေးဆိုက်စေနိုင်သည်။
သို့သော် ထိုအချိန်၌ ရွှယ်ဟွင်း၏ မေးခွန်းကို ရင်ဆိုင်နေရသော ကျုံးအန်းအန်းသည် ခေါင်းခါလိုက်သည်။
"တပည့်က ကိုယ့်ကိုယ်ကို အပြစ်မရှိဘူးလို့ ယုံကြည်ပါတယ်”
အခန်း (၁၁၂၄) - အကုန်လုံးကို ပုံအောလိုက်ခြင်း
"အပြစ်မရှိဘူး ဟုတ်လား၊ ဟားဟား... ဒါဆို ပြောစမ်းပါဦး၊ ဘယ်အရာက အပြစ်ရှိတာလဲဆိုတာ"
ရွှယ်ဟွင်းက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
တရားစီရင်ရေးခန်းမဆောင်၏ အကြီးအကဲ တစ်ဦးအနေဖြင့် သူမသည် ကျုံးအန်းအန်းအပေါ် မကျေနပ်ချက်များ ရှိနေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မူလက မျိုးနွယ်စုခေါင်းဆောင် တံခါးပိတ်ကျင့်ကြံသွားပြီးနောက်တွင် ထိုက်ယင် နတ်ဘုရားမျိုးနွယ်ကို သူမ ကိုင်တွယ်ရမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် မမျှော်လင့်စွာ မျိုးနွယ်စုခေါင်းဆောင်သည် အာဏာကို အတွေ့အကြုံမရှိသေးသော ကောင်မလေးတစ်ယောက်လက်ထဲသို့ အပ်နှင်းခဲ့လေသည်။
ထိုအချက်က သူမကို ဒေါသထွက်စေခဲ့သည်မှာ သဘာဝပင် ဖြစ်ပြီး သူမသည် ကျုံးအန်းအန်းကို မကြာခဏဆိုသလို သူမ၏ မကျေနပ်ချက်များကို သိသာစေရန် ပြုလုပ်လေ့ရှိသည်။ သို့သော် ကျုံးအန်းအန်းသည် ထိုက်ယင်မျိုးနွယ်အတွင်း အလွန်လူချစ်လူခင်များပြီး အရာရာကို သတိကြီးစွာဖြင့် လုပ်ဆောင်လေ့ရှိသည်။ ရွှယ်ဟွင်းအနေဖြင့် သူမ၏ အမှားကို ရှာမတွေ့ခဲ့သဖြင့် တိတ်တဆိတ် ဒေါသထွက်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ။
ယခု ဤကိစ္စရပ် ပေါ်ပေါက်လာသည်အထိပင်။ ဤအရာသည် သူမအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ရာ သူမသည် အခွင့်အရေးကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး အဆုံးထိ လိုက်လံတိုက်ခိုက်မည်မှာ သေချာသည်။
ကျုံးအန်းအန်းသည် ရွှယ်ဟွင်းကို မော့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အကြီးအကဲ ရွှယ်ဟွင်း... ရှင်က ကျွန်မရဲ့ လုပ်ရပ်တွေက မျိုးနွယ်စုကို ပြန်ပြင်လို့မရတဲ့ ပျက်စီးခြင်းဆီ ဦးတည်သွားစေလိမ့်မယ်လို့ ပြောတယ်၊ ဒါပေမဲ့ ကျွန်မ အမြင်မှာတော့... ကျွန်မက မျိုးနွယ်စုကို ကယ်တင်နေတာပါ"
ထိုစကားကြောင့် ရွှယ်ဟွင်းသာမက အကြီးအကဲများအားလုံး အံ့အားသင့်သွားကြသည်။
"အန်းအန်း... ဘာလို့ အဲဒီလို ပြောရတာလဲ"
အကြီးအကဲတစ်ဦးက စိတ်အားထက်သန်စွာ မေးလိုက်သည်။ ကျုံးအန်းအန်း မျက်လွှာချလိုက်ပြီး ခဏတာ တိတ်ဆိတ်နေပြီးနောက် တိုးညင်းစွာ ရယ်မောလိုက်သည်။
"ရှင်းပါတယ်... ဒီတစ်ခါ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၊ ရှေးဟောင်းဓား နတ်ဘုရားမျိုးနွယ်၊ ဝူထုန် နတ်ဘုရားဂိုဏ်းနဲ့ တခြား အင်အားကြီး မိသားစုတွေက နာမည်ခံအရတော့ ရွှယ်အန်းဆိုတဲ့လူကို ဆန့်ကျင်ဖို့ ပေါင်းစည်းထားကြတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့က ဒါကို အခွင့်ကောင်းယူပြီး အာဏာကို စုစည်းချင်နေကြတာပါ"
အာဏာ စုစည်းချင်တာ ဟုတ်လား...
ထိုစကားကြောင့် အကြီးအကဲ အများအပြား၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။ ရွှယ်ဟွင်းတစ်ယောက်သာ မထီမဲ့မြင် မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဩော်... သူတို့က ဘယ်လိုလုပ် အာဏာစုစည်းကြမှာလဲ၊ ပြီးတော့ အဲဒါက ငါတို့ ထိုက်ယင်မျိုးနွယ်နဲ့ ဘာဆိုင်လို့လဲ"
ကျုံးအန်းအန်းသည် အကြီးအကဲ ရွှယ်ဟွင်းကို လေးနက်စွာ ကြည့်လိုက်သည်။
"ရိုးရှင်းပါတယ်... အခု ထျန်ကျောက်ဘုံက အလွတ်ကြီး ဖြစ်သွားပြီ၊ ဒီလောက်ကြီးမားတဲ့ ကိတ်မုန့်ကြီးကို တွေ့တော့ မရေမတွက်နိုင်တဲ့ အင်အားကြီး မိသားစုတွေက သေချာပေါက် တပ်မက်ကြမှာပေါ့"
"ပြီးတော့ သူတို့ထဲက ခေါင်းဆောင်ဖြစ်တဲ့ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်လို အုပ်စုတွေက ကိတ်မုန့်တစ်ခုလုံးကို ဝါးမျိုချင်နေကြတာ၊ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ သူတို့ရဲ့ အင်အားတွေ အကုန်လုံးကို အရင်ဆုံး စုစည်းဖို့ လိုတယ်"
"အဲဒီ ရည်မှန်းချက် အောင်မြင်ဖို့အတွက် သူတို့က ပိုအားနည်းတဲ့ အင်အားကြီး မိသားစုတွေကို သေချာပေါက် လှုပ်ရှားတိုက်ခိုက်ကြမှာပဲ"
"ဒါက ငါးကြီးက ငါးလေးကို စား၊ ငါးလေးက ပုစွန်ဆိတ်ကို စားဆိုသလိုပဲ၊ ဒီအခြေအနေကို ကြည့်ရင် အကြီးအကဲတို့ရော ကျွန်မတို့ ထိုက်ယင်မျိုးနွယ်က ဘယ်လောက်ကြာကြာ ခံနိုင်မယ် ထင်လဲ"
ကျုံးအန်းအန်း၏ စကားများကို ကြားသောအခါ လူတိုင်း၏ မျက်နှာထားများ အရုပ်ဆိုးလာကြသည်။ အကြီးအကဲ ရွှယ်ဟွင်းက အေးစက်စွာ ရယ်မောရင်း တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အခြား အကြီးအကဲတစ်ဦးက ဦးအောင် ပြောလိုက်သည်။
"အန်းအန်း... မင်း ဆိုလိုတာက ကောင်းကင်မီးတောက် မျိုးနွယ်က စကြဝဠာထဲက အင်အားကြီး မိသားစုတွေကို စုစည်းတာ မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ပေါ့ ဟုတ်လား"
ကျုံးအန်းအန်းက ခေါင်းညိတ်လိုက်သည်။
"အတိအကျပါပဲ၊ ပြီးတော့ ကျွန်မတို့ ထိုက်ယင်မျိုးနွယ်က တခြားသူတွေနဲ့ မတူဘူး၊ ကျွန်မတို့မှာ ကောင်းကင်မီးတောက် မျိုးနွယ်နဲ့ မကျေပွဲတွေ ရှိခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိတယ်၊ ပြီးတော့ ကျွန်မတို့က သူတို့နဲ့ အနီးကပ်ဆုံးမှာ ရှိနေတယ်၊ အရေးကြီးဆုံး အချက်ကတော့..."
သူမသည် စကားကို ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။
"ကျွန်မတို့ အားလုံးက အမျိုးသမီးတွေလေ၊ ဒီအတိုင်းသာဆိုရင် ကျွန်မတို့က ကောင်းကင်မီးတောက် မျိုးနွယ် ဝါးမျိုချင်ဆုံး အရည်ရွှမ်းတဲ့ အသားတုံးကြီး ဖြစ်သွားမှာပေါ့၊ တကယ်လို့ ဒီတစ်ခါ ကျွန်မတို့သာ သွားလိုက်ရင် ကျားအိမ်ထဲ သိုးဝင်သွားသလို ဖြစ်ပြီး ဘယ်တော့မှ ပြန်ထွက်ရမှာ မဟုတ်တော့ဘူး"
ကျုံးအန်းအန်း၏ ရှင်းပြချက်သည် ယုတ္တိရှိပြီး ဆက်စပ်မှု ရှိနေသဖြင့် အကြီးအကဲ အားလုံး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ အထူးသဖြင့် သေချာ စဉ်းစားကြည့်သောအခါ သူမ၏ အချက်များသည် အလွန် မှန်ကန်ကြောင်း ခံစားလိုက်ရသည်။ သို့သော် အကြီးအကဲ ရွှယ်ဟွင်းက မထီမဲ့မြင် နှာခေါင်းရှုံ့လိုက်သည်။
"ရယ်စရာပဲ... နင် ပြောသလိုသာဆိုရင် ငါတို့ မသွားရင်တောင် ကောင်းကင်မီးတောက် မျိုးနွယ်က လာသိမ်းမှာပဲလေ၊ နင်ကိုယ်တိုင်ပဲ ပြောတယ်မလား၊ ငါတို့က အနီးဆုံးမှာ ရှိတာဆိုတော့ ပျံသန်းလှေနဲ့လာရင် တစ်ရက်တောင် မကြာဘူးလို့"
ကျုံးအန်းအန်း ခဏတာ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။
"ကြားရတာ ကြမ်းတမ်းပေမဲ့ အမှန်တရားက အဲ့လိုပါပဲ"
"ဒါဆို မင်းပြောပုံအရ ငါတို့ ထိုက်ယင်မျိုးနွယ်က သေလမ်းပဲ ရှိတော့တာပေါ့၊ သွားလည်းသေ၊ မသွားဘဲ ထိုင်နေလည်း သေဖို့ စောင့်နေရုံပဲမလား"
ရွှယ်ဟွင်းက လှောင်ပြောင်သရော်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ကျုံးအန်းအန်းက ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး... နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်"
"နောက်ထပ် နည်းလမ်း ဟုတ်လား၊ ဘာနည်းလမ်းလဲ"
ရွှယ်ဟွင်းက အံ့အားသင့်သွားသည်။ ကျုံးအန်းအန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ကျိန်စာသင့်မြို့တော်မှာ သွားခိုလှုံကြမယ်"
ဝုန်း...
ထိုစကားကြောင့် ခန်းမဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေသည်။
"ဟို လျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင် လူငယ်ဆီမှာ အညံ့ခံမယ် ပြောတာလား"
အကြီးအကဲတစ်ဦးက ထိတ်လန့်တကြား မေးလိုက်သည်။
"ကြည့်ရတာ စိတ်မချရပါဘူး၊ အဲဒီ လူငယ်က ဘယ်လောက်ပဲ အစွမ်းထက်တယ် ပြောပြော၊ တကယ်လို့ သူက ထျန်ကျောက်ဘုံ တစ်ခုလုံးကို တစ်ယောက်တည်း ဖျက်ဆီးခဲ့တယ် ဆိုရင်တောင်မှ ဒီလောက်များပြားတဲ့ အင်အားကြီး မိသားစုတွေကို ယှဉ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
နောက်တစ်ယောက်က ထောက်ပြသည်။
"ဟုတ်တယ်၊ ငါလည်း အဲဒါက အရမ်း အန္တရာယ်များလွန်းတယ်လို့ ထင်တယ်"
အကြီးအကဲများသည် အချင်းချင်း တီးတိုး ဆွေးနွေးလာကြသည်။ ရွှယ်ဟွင်းသည် အားရပါးရ ရယ်မောလိုက်ပြီး သူမ၏ ရယ်သံများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
"ရယ်စရာကောင်းလိုက်တာ... ကျိန်စာသင့်မြို့တော်မှာ ခိုလှုံမယ်တဲ့လား၊ မင်း ဒီလိုလုပ်တာက ငါတို့ ထိုက်ယင်မျိုးနွယ်ကို အပြင်က အင်အားကြီး မိသားစုတွေ အကုန်လုံးနဲ့ ရန်တိုက်ပေးသလို ဖြစ်နေတာကိုရော သိရဲ့လား၊ အကျိုးဆက်တွေကို ထည့်စဉ်းစားမိရဲ့လား"
ကျုံးအန်းအန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"ဒါဆို ရှင်ထင်တာက ကျွန်မတို့ရဲ့ လက်ရှိအခြေအနေက အင်အားကြီး မိသားစုတွေ အကုန်လုံးနဲ့ ရန်မဖြစ်နေဘူးလို့ ထင်နေတာလား"
"မင်း..."
ရွှယ်ဟွင်းသည် စကားမပြောနိုင် ဖြစ်သွားသည်။ အချိန်အတန်ကြာမှ သူမသည် ပြန်လည် တည်ငြိမ်သွားပြီး မထီမဲ့မြင် ပြုံးကာပြောလိုက်သည်။
"ဒါပေမဲ့ မင်း ဘာပဲပြောပြော၊ တကယ်လို့ ငါတို့သာ ကျိန်စာသင့်မြို့တော်မှာ သွားခိုလှုံရင် အဲဒါက တကယ့် ပျက်စီးခြင်းပဲ၊ ဘာလို့လဲဆိုတော့ အဲဒါက သေလမ်းဆီကို တန်းတန်းမတ်မတ် လျှောက်သွားတာနဲ့ တူတူပဲမို့လို့"
ကျုံးအန်းအန်း ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး... ဆန့်ကျင်ဘက်ပဲ၊ ကျွန်မ တို့ ထိုက်ယင်မျိုးနွယ်အတွက် ဒါက အခွင့်အရေးတစ်ခုလို့ ကျွန်မ ယုံကြည်တယ်"
"အခွင့်အရေး ဟုတ်လား၊ ဘာအခွင့်အရေးလဲ"
"ပြန်လည် ကြီးပွားတိုးတက်လာမယ့် အခွင့်အရေး၊ အင်အားကြီး မိသားစုတွေ အများကြီးကို ကျော်တက်နိုင်မယ့် အခွင့်အရေး၊ ပြီးတော့ ထျန်ကျောက်ဘုံကိုတောင် ထိန်းချုပ်နိုင်မယ့် အခွင့်အရေးပဲ"
ကျုံးအန်းအန်းက ပြတ်သားစွာ ပြောလိုက်သည်။ တစ်ခန်းလုံး တိတ်ဆိတ်သွားပြန်သည်။ အကြီးအကဲများ အားလုံးသည် ကျုံးအန်းအန်း ဖော်ပြလိုက်သော အနာဂတ်ကြောင့် မှင်သက်သွားကြသည်။ ခဏကြာမှ ရွှယ်ဟွင်းသည် ရုတ်တရက် အော်ဟစ်ရယ်မောလိုက်လေသည်။
"ကျုံးအန်းအန်း... နင် ဘာပြောနေလဲဆိုတာရော သိရဲ့လား၊ ငါထင်တာတော့ နင် ရူးများသွားပြီလား၊ ဒါမှမဟုတ် ခေါင်းကို တစ်ခုခုနဲ့ ထိခိုက်မိထားသလားပဲ၊ ကြီးပွားတိုးတက်ဖို့ အခွင့်အရေး ဟုတ်လား၊ ငါတို့က ဘယ်လိုလုပ် တိုးတက်လာမှာလဲ၊ အဲ့ရွှယ်အန်းဆိုတဲ့ကောင်က အင်အားကြီး မိသားစုတွေ အကုန်လုံးကို အနိုင်ယူနိုင်မယ်လို့ မင်း တကယ် ထင်နေတာလား"
ကျုံးအန်းအန်းသည် ခေါင်းကို အားပါပါ ညိတ်လိုက်သည်။
"ဟုတ်တယ်... အဲဒါ ကျွန်မ ယုံကြည်တဲ့ အရာပဲ"
ရွှယ်ဟွင်း၏ မျက်နှာပေါ်မှ လှောင်ပြောင်သော အပြုံးသည် ဖုံးဖိ၍ မရနိုင်လောက်အောင် ဖြစ်လာသည်။
"မင်း ယုံကြည်တယ် ဟုတ်လား၊ ဘာကို အကြောင်းပြုပြီး ယုံကြည်တာလဲ၊ သက်သေအထောက်အထား ရှိလား"
ကျုံးအန်းအန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။
"သက်သေမရှိပါဘူး၊ ဒါပေမဲ့ ကျွန်မမှာ အာရုံခံစားမှုတစ်ခု ရှိတယ်၊ ဒီတစ်ခါ အင်အားကြီး မိသားစုတွေရဲ့ မဟာမိတ်အဖွဲ့ကြီးဟာ အကြီးအကျယ် ရှုံးနိမ့်ပြီး နောက်ဆုံး အောင်နိုင်သူက သေချာပေါက် ရွှယ်အန်း ဖြစ်လိမ့်မယ်ဆိုတဲ့ အသိပဲ"
လူများ ကြောင်အမ်းသွားကြသည်။ အာရုံခံစားမှု? သူမက ခံစားမှု တစ်ခုတည်းအပေါ် မူတည်ပြီး အရာအားလုံးကို ပုံအောလိုက်ဖို့ ဆန္ဒရှိနေသည်လား။ အကြီးအကဲ ရွှယ်ဟွင်းသည် ပို၍ပင် လှောင်ပြောင်စွာ ရယ်မောလိုက်သည်။
"ကျုံးအန်းအန်း... နင်က ထိုက်ယင်မျိုးနွယ်ရဲ့ နှစ်တစ်ထောင်အတွင်း အတော်ဆုံး ဆက်ခံသူဆိုတာနဲ့ တကယ် လိုက်ဖက်တာပဲ၊ အာရုံခံစားမှုတစ်ခုတည်းနဲ့ ဒီလောက် လုပ်ရဲတယ်ပေါ့၊ ဒါပေမဲ့ နင် စဉ်းစားဖူးလား... တကယ်လို့ နင့်ရဲ့ခံစားမှုကသာ မှားယွင်းခဲ့ရင် ငါတို့ ဘယ်လောက်ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုမျိုးနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုလေ"
ကျုံးအန်းအန်းသည် ရွှယ်ဟွင်းကို မော့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဒါဆို ရှင်ပြောပြပါဦး၊ ကောင်းကင်မီးတောက် မျိုးနွယ်နဲ့ တခြား အင်အားကြီး မိသားစုတွေ လက်ထဲ ကျရောက်ပြီး ကစားစရာ ဖြစ်ပြီး ဂုဏ်သိက္ခာမဲ့စွာ သေဆုံးရတာနဲ့ ရှိသမျှ အကုန်ပုံအောပြီး ဒီအခွင့်အရေးကို အရယူ တိုက်ခိုက်တာမှာ ဘယ်ဟာက ပိုကောင်းလဲ"
"မင်း..."
ရွှယ်ဟွင်း၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားသည်။
"ရှင် ဘာပြောချင်လဲ ကျွန်မ သိပါတယ်၊ ဒါက အရမ်း အန္တရာယ်များတယ်လို့ ရှင် တွေးနေမှာပါ၊ ဒါပေမဲ့ ရှင် မစဉ်းစားမိဘူးလား၊ ကိစ္စတိုင်းမှာ အန္တရာယ်ဆိုတာ ရှိစမြဲပဲလေ”
အခန်း (၁၁၂၅) - သူတစ်ယောက်တည်းပဲ
"ပြီးတော့ ဒီတစ်ကြိမ်က..."
ကျုံးအန်းအန်းက ဆက်ပြောသည်။
"ကျွန်မတို့ ထိုက်ယင် နတ်ဘုရားမျိုးနွယ်အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ၊ တကယ်လို့ ငါတို့ လောင်းကြေးထပ်တာ မှန်သွားရင် ကျွန်မတို့ အရင်ကလို အရှိန်အဝါတွေကို ပြန်ရရုံတင်မကဘူး၊ အဲဒီထက်တောင် သာလွန်သွားနိုင်သေးတယ်"
"တကယ်လို့ ကျွန်မတို့ ရှုံးနိမ့်သွားရင်လည်း... ရှိသမျှ အကုန်ပုံအောပြီး ဒီလူတွေကို တိုက်ခိုက်သွားရုံပဲ၊ အနည်းဆုံးတော့ ကျွန်မတို့ သေခါနီး ပြန်စဉ်းစားတဲ့အခါ နောင်တရနေမှာ မဟုတ်တော့ဘူး၊ ဘာလို့လဲဆိုတော့... အစွမ်းကုန် ကြိုးစား တိုက်ခိုက်ခဲ့ကြလို့ပဲ၊ ကံတရားက ကျွန်မတို့ဘက်မှာ မရှိဘူးဆိုရင်လည်း လက်ခံလိုက်ရုံပဲပေါ့"
ဤနေရာအထိ ပြောပြီးနောက် ကျုံးအန်းအန်းသည် ခေါင်းမော့ကာ လူတိုင်းကို ကြည့်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
"အကြီးအကဲတို့... ကျွန်မ ပြောတာ မှန်တယ်လို့ မထင်ကြဘူးလား"
ကျုံးအန်းအန်း၏ စကားများကြောင့် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အကြီးအကဲများ အားလုံးသည် သူမ၏ စကားများကို လေးလေးနက်နက် စဉ်းစားနေကြလေသည်။ ရွှယ်ဟွင်း တစ်ယောက်သာ မထီမဲ့မြင် ပြုနေဆဲဖြစ်သည်။
"လောင်းကြေးထပ်မယ် ဟုတ်လား၊ ဟက်... ဒီလောက် စကားတွေ အများကြီး ပြောပြီးမှ မင်းက လောင်းကစား လုပ်နေတာပေါ့၊ ဒါပေမဲ့..."
သူမ စကားမဆုံးခင်မှာပင် တောင်တန်း၏ နောက်ဘက်မှ သက်ပြင်းချသံ သဲ့သဲ့ ထွက်ပေါ်လာသည်။
"အန်းအန်း ပြောတာ မှန်တယ်၊ ငါတို့ရဲ့ လက်ရှိ အခြေအနေက... ဒီလောင်းကြေးတစ်ခုကလွဲပြီး ဘာမှ မကျန်တော့တာ အမှန်ပဲ"
ထိုအသံ ထွက်ပေါ်လာသည်နှင့်အတူ အနည်းငယ် ပိန်လှီနွမ်းနယ်နေသော်လည်း အလွန်တရာ လှပကျက်သရေရှိသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်သည် သူတို့ကြားတွင် ရုတ်တရက် ပေါ်ပေါက်လာလေသည်။
တရားစီရင်ရေး ခန်းမဆောင်ထဲရှိ အကြီးအကဲများအားလုံး တုန်လှုပ်သွားကြပြီးနောက် မတ်တတ်ရပ်လိုက်ကြကာ စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။
"မျိုးနွယ်စုခေါင်းဆောင်"
ကျုံးအန်းအန်းသည်လည်း ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အမြင့်မားဆုံးသော ရိုသေမှုဖြင့် ဒူးထောက်လိုက်လေသည်။
"ဆရာသခင်ကို ဂါရဝပြုပါတယ်"
မှန်ပေသည်။ ရောက်ရှိလာသူမှာ ကာလကြာရှည်စွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ ခေါင်းဆောင် မုကူချင်းပင် ဖြစ်သည်။
သူမက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"အားလုံး ထကြပါ"
လူတိုင်း မတ်တတ်ရပ်လိုက်ကြပြီး မျက်နှာများတွင် စိတ်လှုပ်ရှား ဝမ်းသာမှုများ ပြည့်နှက်နေသည်။ ရွှယ်ဟွင်း၏ မျက်နှာတစ်ခုသာ အလွန် အရုပ်ဆိုးနေလေသည်။ သို့သော် မုကူချင်းသည် သူမကို ဂရုမစိုက်ဘဲ ကျုံးအန်းအန်းကိုသာ ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"စောစောက မင်းပြောခဲ့တာတွေ အကုန်လုံး ဆရာကြားပါတယ်၊ ပြောတာ ကောင်းတယ်"
ကျုံးအန်းအန်းသည် မုကူချင်းကို ကြည့်လိုက်သောအခါ သူမ၏ မျက်နှာပေါ်မှ နွမ်းနယ်မှုများကို သတိထားမိလိုက်သဖြင့် မျက်လုံးထဲတွင် စိုးရိမ်မှုများ ဖြတ်ပြေးသွားသည်။ သို့သော် သူမသည် ခေါင်းကိုငုံ့ကာ ပြန်ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာသခင်"
ထိုအခါမှသာ မုကူချင်းသည် ရွှယ်ဟွင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်နှာထား ပိုမို အေးစက်သွားသည်။
"အကြီးအကဲရွှယ်... ငါ တံခါးပိတ် ကျင့်ကြံဖို့ မသွားခင်တုန်းက ကိစ္စရပ်အားလုံးကို အန်းအန်းရဲ့ ဆုံးဖြတ်ချက်အတိုင်း ထားရမယ်၊ မင်းတို့ အားလုံးက သူ့ကို ပံ့ပိုးပေးရမယ်လို့ ရှင်းရှင်းလင်းလင်း မှာခဲ့တာ မှတ်မိပါတယ်၊ အဲဒါကို နင် ဘာလုပ်ခဲ့သလဲ"
ထိုစကားကို ကြားသောအခါ ရွှယ်ဟွင်းသည် တုန်ရီစွာဖြင့် ဒူးထောက်ကျသွားလေသည်။
"မျိုးနွယ်စုခေါင်းဆောင်... ကျွန်မ..."
မုကူချင်းက လက်ကာပြပြီး အေးစက်စွာ ဖြတ်ပြောလိုက်သည်။
"တော်တော့... မင်းကို အာဏာကြီးကြီးမားမား မပေးခဲ့လို့ မင်း နာကြည်းနေတယ်ဆိုတာ ငါသိတယ်၊ ဒါက မင်းစိတ်ထဲမှာ မသမာတဲ့ အကြံအစည်တွေ ရှိနေသေးတယ် ဆိုတာကို ပြနေတာပဲ၊ နောက်ဘက်တောင်တန်းမှာ သုံးနှစ်လောက် တံခါးပိတ်ကျင့်ကြံလိုက်ဦး၊ တရားစီရင်ရေး ခန်းမဆောင် ကိစ္စတွေကို လောလောဆယ် လက်လွှတ်လိုက်တော့"
ရွှယ်ဟွင်းမှာ ပြောစရာစကားမဲ့ပြီး မှင်သက်စွာ ရပ်ကျန်နေခဲ့သည်။ မုကူချင်းက မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
"ငါ ပြောတာ ကြားလား"
"ဟု... ဟုတ်ကဲ့ပါ"
ရွှယ်ဟွင်းသည် မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ခေါင်းငုံ့ကာ ဖြေလိုက်သည်။
"သွားတော့"
မုကူချင်းက ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ ရွှယ်ဟွင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာ ထွက်ခွာသွားလေသည်။
"မင်းတို့ အားလုံးလည်း... သွားလို့ရပြီ"
မုကူချင်းက လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။ အကြီးအကဲများစွာသည် တညီတညွတ်တည်း ဦးညွှတ်လိုက်ကြပြီး တရားစီရင်ရေး ခန်းမဆောင်ထဲမှ ထွက်ခွာသွားကြလေသည်။
အခန်းထဲတွင် ဆရာနှင့် တပည့် နှစ်ယောက်တည်း ကျန်ရစ်သောအခါ မုကူချင်းသည် ရုတ်တရက် သွေးတစ်လုပ်ကို အန်ချလိုက်ပြီး သူမ၏ မျက်နှာသည် ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
"ဆရာသခင်"
ကျုံးအန်းအန်းသည် မုကူချင်း၏ ဘေးသို့ ချက်ချင်း ရောက်ရှိသွားသည်။ မုကူချင်းသည် ခါးသက်သက် ပြုံးလိုက်ပြီး လက်ကာပြလိုက်သည်။
"ငါ့ကို မထိနဲ့၊ ငါ ကျင့်ကြံရင်း လမ်းမှားရောက်ပြီး မိစ္ဆာစိတ် ဝင်ရောက်တာ ခံလိုက်ရတယ်"
ကျုံးအန်းအန်း တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ယခု တွေ့ဆုံရာတွင် ဆရာသခင်သည် အဘယ်ကြောင့် ဤမျှ မောပန်းနွမ်းနယ်နေပြီး အရှိန်အဝါများ မှေးမှိန်နေရသည်ကို သူမ နားလည်သွားသည်။
မုကူချင်းသည် နှုတ်ခမ်းထောင့်မှ သွေးစများကို ညင်သာစွာ သုတ်လိုက်သည်။ သူမ၏ မျက်နှာသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသော်လည်း မျက်လုံးထဲမှ ပင်ပန်းနွမ်းနယ်မှုများမှာ ပိုမို နက်ရှိုင်းလာသည်။ သို့သော် သူမသည် ထိုအရာကို ဂရုမစိုက်ဘဲ တိုးညင်းစွာ မေးလိုက်သည်။
"အန်းအန်း... အခုမှ ပေါ်လာတဲ့ ပါရမီရှင် လူငယ်က တကယ်ပဲ အနိုင်ရမယ်လို့ ယုံကြည်လား"
ကျုံးအန်းအန်း ခေါင်းညိတ်လိုက်သည်။
"ဆရာ... ကျွန်မ ထိုက်ယင်မျိုးနွယ်ကို ကိုယ်စားပြုပြီး ကျိန်စာသင့်မြို့တော်ကို သွားခဲ့ပါတယ်၊ ဖြစ်ပျက်ခဲ့သမျှကို မျက်ဝါးထင်ထင် မြင်ခဲ့ရသလို ရွှယ်အန်း ဆိုတဲ့လူနဲ့လည်း တိုက်ရိုက်တွေ့ခဲ့ပါတယ်"
"ဩော်... သူ့အပေါ် တပည့်က ဘယ်လိုမြင်လဲ"
မုကူချင်းက ခပ်တိုးတိုး မေးလိုက်သည်။
ကျုံးအန်းအန်းသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းမော့လာကာ အလွန် လေးနက်သော ပုံစံဖြင့် ပြောလိုက်သည်။
"ကျွန်မ သူ့ကို အကဲခတ်လို့ မရဘူး"
မုကူချင်း၏ မျက်နှာထား ပြောင်းလဲသွားသည်။
သူမသည် ထိုက်ယင်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်ကာ ကျုံးအန်းအန်း၏ ဆရာသခင် တစ်ဦးဖြစ်သောကြောင့် သူမ၏ တပည့်အကြောင်းကို သူမ ကောင်းစွာ သိရှိသည်။ ငယ်စဉ်ကတည်းက ကျုံးအန်းအန်းသည် ဉာဏ်ကောင်းပြီး စနစ်တကျ ရှိသလို အလွန်လည်း တည်ငြိမ်သူ ဖြစ်သည်။
အဓိကအချက်မှာ သူမသည် သူမ၏ အသက်အရွယ်ထက် ပိုမို ရင့်ကျက်သော စိတ်ထားကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ၎င်းသည် ကိစ္စရပ်များကို အပေါ်ယံသာမက အတွင်းကျကျ ထိုးဖောက်မြင်နိုင်စွမ်း ရှိသည်။ ထိုအကြောင်းပြချက်ကြောင့်ပင် မုကူချင်း တံခါးပိတ်ကျင့်ကြံနေစဉ်တွင် ၎င်းအား အာဏာလွှဲအပ်ခဲ့ခြင်း ဖြစ်သည်။
သူမအမြင်တွင် ကျုံးအန်းအန်းသည် မည်သူ့ကိုမဆို ထိုးဖောက်မြင်နိုင်စွမ်း ရှိသည်။ သို့သော် သူမ မမျှော်လင့်ထားသည်မှာ ရွှယ်အန်း၏ လျှို့ဝှက်နက်နဲမှုများကိုမူ သူမ၏ တပည့် ထိုးဖောက်မမြင်နိုင်ခြင်းပင်ဖြစ်သည်။
ဤအချိန်တွင် ကျုံးအန်းအန်းသည် ခါးသက်သက် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ အစွမ်းထက်တဲ့ နတ်ဘုရားသခင်တွေ၊ ပါရမီရှင် လူငယ်တွေ အများကြီးနဲ့ တွေ့ဖူးပါတယ်၊ ဥပမာ ထျန်ကျောက် ဆက်ခံသူ ချီဟုန်ပေါ်ဆိုရင် အရမ်း ထူးချွန်ပြောင်မြောက်တယ်လို့ ပြောလို့ရပါတယ်"
"ဒါပေမဲ့ ဒီလူတွေက ဘယ်လောက်ပဲ အစွမ်းထက်ပြီး မြင့်မြတ်ပါစေ... သူတို့မှာ အားနည်းချက်တွေ ရှိတယ်၊ ဥပမာ ချီဟုန်ပေါ်ရဲ့ မောက်မာမှုနဲ့ ရာဂစိတ်ပြင်းထန်မှုက သူ့ရဲ့ အကြီးမားဆုံး ကျဆုံးခန်းပဲ"
"နတ်ဘုရားဖြစ်စေ၊ လူသားဖြစ်စေ... အားနည်းချက် ရှိတယ်ဆိုရင် ပျော့ကွက် ရှိတာပဲ၊ အဲဒီလိုလူမျိုးကို ဘယ်လောက်ပဲ အစွမ်းထက်ထက် ကိုင်တွယ်လို့ ရတယ်လို့ ကျွန်မ အမြဲ ယုံကြည်ခဲ့တယ်"
"ဒါပေမဲ့ အရှင်ရွှယ်အန်းကတော့ မတူဘူး..."
ထိုသို့ပြောရင်းနှင့် ကျုံးအန်းအန်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
"ကျွန်မ သူ့ဆီမှာ ဘာအားနည်းချက်မှ မတွေ့ရဘူး၊ သူက ဘာအားနည်းချက်မှ မရှိတဲ့ လူတစ်ယောက်လိုပဲ"
ထိုစကားကို ကြားသောအခါ မုကူချင်း၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဤကဲ့သို့သော သုံးသပ်ချက်သည် အလွန် မြင့်မားလွန်းသောကြောင့် ဖြစ်သည်။ ကျုံးအန်းအန်းသည် တစ်စုံတစ်ရာကို ပြန်လည်အောက်မေ့နေသကဲ့သို့ ငေးငိုင်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်မ သူ့ကို ပထမဆုံး တွေ့တုန်းက ကျိန်စာသင့်မြို့တော်က ကျောက်စိမ်းစားသောက်ဆိုင်မှာပါ၊ အဲဒီတုန်းက သူက ချူရှောင်ယွင်နဲ့အတူ ပါလာတာပါ"
"အစတုန်းက ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြဘူး၊ ကျွန်မတောင်မှ သူ့ကို ရုပ်ရည်ချောမောတာကလွဲရင် ဘာမှ ထူးခြားမှုမရှိတဲ့ သာမန်လူငယ်လေး တစ်ယောက်လို့ပဲ ထင်ခဲ့တာ"
"ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက ထျန်ကျောက်ရဲ့ အတော်ဆုံး ပါရမီရှင် ချီဟုန်ပေါ်လို လူမျိုးကိုတောင် အညံ့မခံဘဲ ရင်ဆိုင်ခဲ့တယ်၊ နေရာတင် လက်ပါရဲတဲ့အထိ သတ္တိရှိခဲ့တယ်၊ အဲဒါက ကျွန်မရဲ့ အာရုံကို ဖမ်းစားခဲ့ပေမဲ့ အဲဒီအချိန်တုန်းကတော့ သူ့ကို ဘာမသိညာမသိ လုပ်ရဲကိုင်ရဲတဲ့ ပါရမီရှင် လူငယ်လေး တစ်ယောက်လို့ပဲ ထင်ခဲ့တာပါ"
"ဒါပေမဲ့ နောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေက ကျွန်မရဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းပြန်လှန်ပစ်လိုက်တယ်"
"ကျိန်စာနတ်ဘုရားမရဲ့ ဂုဏ်ပြုပွဲမှာ သူက ချီဟုန်ပေါ်နဲ့ တခြား အင်အားကြီး မိသားစုက ဆက်ခံသူတွေ အကုန်လုံးကို တစ်ချက်တည်းနဲ့ သတ်တဲ့အပြသ် ကျိန်စာနတ်ဘုရားမကို သတ်ပြီး နတ်ဘုရားရာထူးကို ရယူကာ ချူရှောင်ယွင်ကို လွှဲပေးခဲ့တယ်၊ ဒီဖြစ်ရပ်တွေက အရူးတစ်ယောက်ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေလို့ ထင်ရပေမဲ့ သူ့လက်ထဲမှာတော့ အဲဒီအရာတွေက ပြောပြဖို့တောင် မတန်တဲ့ သာမန်ကိစ္စလေးတွေလို ဖြစ်နေခဲ့တယ်"
"ဒါပေမဲ့ အဲဒီမှာတင် မပြီးသေးဘူး၊ အဲဒီလို လုပ်ပြီးတာတောင်မှ သူက ထျန်းကျောက် နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်မယ်လို့ ပြောပြီး မောက်မာစွာ ထွက်ခွာသွားခဲ့တယ်၊ အဲဒီတုန်းက ကျွန်မတို့ အားလုံးက သူ ကြွားလုံးထုတ်နေတယ်လို့ပဲ ထင်ခဲ့ကြတာ"
"မမျှော်လင့်ဘဲ သုံးရက်ကြာတဲ့အခါ... ထျန်ကျောက်ဘုံကြီးက ဗလာဖြစ်သွားခဲ့တယ်၊ အဲဒီလို လုပ်ခဲ့တဲ့သူကလည်း တခြားသူ မဟုတ်ပါဘူး... သူတစ်ယောက်တည်းပါပဲ"
ထိုစကားကို ကြားသောအခါ မုကူချင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လာခဲ့သည်။ သူမသည် ကျယ်ပြောလှသော စကြဝဠာအတွင်းမှ အင်အားကြီး မျိုးနွယ်စုတစ်ခုအနေဖြင့် ထျန်ကျောက် နတ်ဘုရားများ၏ အစွမ်းကို ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်ပေသည်။