အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
အခန်း (၁၂၄) ကွမ်တမ်ဟိုးဒင်းစ်
စကြဝဠာ၏ ကျယ်ပြောမှုနှင့် ရှုပ်ထွေးမှုများသည် လူသားတို့၏ စိတ်ကူးစိတ်သန်းများကို များစွာ ကျော်လွန်နေလေသည်။ ရှဖေး၏ ရှင်းပြချက်များကြောင့် အခြားလူသုံးဦးမှာ စူးစမ်းလိုစိတ်နှင့် တောင့်တမှုများဖြင့် ပြည့်နှက်သွားရသော်လည်း နှမြောစရာကောင်းသည်မှာ ၎င်းတို့တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော ကြယ်တာရာပင်လယ်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခံစားခွင့် မရှိခြင်းပင် ဖြစ်ပေသည်။ ၎င်းတို့အနေဖြင့် ရှဖေး၏ စကားများမှတစ်ဆင့် စကြဝဠာ၏ အံ့ဖွယ်များကို စိတ်ကူးကြည့်ရုံသာ တတ်နိုင်ကြလေသည်။
“ အခု ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ဘယ်လိုရှိလဲ ” ရှဖေးက မေးလိုက်သည်။
“ လောလောဆယ် ကွမ်တမ်ဟိုးဒင်းစ်ရဲ့ လုပ်ငန်းနယ်ပယ်က တခြားဂြိုဟ်တွေကနေ နည်းပညာတွေ ဝယ်ယူတာနဲ့ တခြားလုပ်ငန်းတွေမှာ ရှယ်ယာထည့်ဝင်တာလောက်မှာပဲ ရှိပါသေးတယ်၊ အခုဆိုရင် ကွန်ပျူတာကုမ္ပဏီကြီးဖြစ်တဲ့ IBM ၊ စွမ်းအင်ကုမ္ပဏီ မိုဘဲ ၊ မော်တော်ကားထုတ်လုပ်ရေး ဂျင်နရယ်မော်တာ ၊ စက်မှုလုပ်ငန်းကြီး ဆဲမန်း နဲ့ တခြားကုမ္ပဏီအချို့ကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ပြီး ကုမ္ပဏီ ၁၁ ခုကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါပြီ ” ချာလီက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလေသည်။
ရှဖေး ခေါင်းညိတ်လိုက်သည်။ ကွမ်တမ်ဟိုးဒင်းစ်ပြောလိုက်သည်မှာ ရှဖေး ပေးထားသော သူ၏ ကုမ္ပဏီအမည် ဖြစ်ပေသည်။ အန်ဒရေနှင့် အခြားသူများသည် လွန်ခဲ့သော ခြောက်လအတွင်း ဤကုမ္ပဏီကို တာဝန်ယူခဲ့ကြခြင်း ဖြစ်သည်။ အချိန်တိုအတွင်း ဤမျှ ကောင်းမွန်သော ရလဒ်များ ရရှိခဲ့ခြင်းမှာ ၎င်းတို့၏ အံ့ဖွယ်အောင်မြင်မှုပင် ဖြစ်ပေသည်။ အဆုံးစွန်တွင် ထိုကုမ္ပဏီကြီးများသည် ကမ္ဘာပေါ်တွင် သြဇာအာဏာရှိသော သစ်ပင်ကြီးများကဲ့သို့ ဖြစ်ရာ ၎င်းတို့ကို အမြစ်ကလှန်၍ သိမ်းပိုက်ရန်မှာ မလွယ်ကူလှပေ။
“ ပြီးတော့ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းအချို့ကို အဓိကတင်သွင်းသူ ဖြစ်နေပေမဲ့ ကြယ်တာရာအချင်းချင်း ကုန်သွယ်မှုမှာတော့ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက သုညနီးပါးပါပဲ ” ချာလီက သူ၏ အစီရင်ခံစာကို အဆုံးသတ်ရင်း ပုခုံးတွန့်ပြလိုက်သည်။
“ ရပါတယ်… အရင်ဆုံး ထုတ်လုပ်မှု အခြေစိုက်စခန်းကို အရင် တည်ဆောက်ရအောင်၊ ဒီတစ်ခေါက် ကျွန်တော် စာရာနဲ့ အယ်လန်ကို ခေါ်လာတာက ကုမ္ပဏီရဲ့ နောက်တစ်ဆင့် လုပ်ငန်းစဉ်တွေကို ကူညီဖို့ပဲ၊ သူတို့က အတွေ့အကြုံရှိတဲ့ အာကာသယာဉ်မှူးတွေဆိုတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ယာဉ်မောင်းတွေကို လေ့ကျင့်ပေးနိုင်ပြီး ကိုယ်ပိုင် သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ကို တည်ထောင်နိုင်လိမ့်မယ် ” ရှဖေးက ပြောလိုက်သည်။
ရှဖေး၏ အကြံအစည်မှာ ကမ္ဘာမြေကို ကုန်ချောထုတ်လုပ်သည့် အခြေစိုက်စခန်းအဖြစ် ပြောင်းလဲရန် ဖြစ်သည်။ အခြားဂြိုဟ်များမှ တွင်းထွက်သယံဇာတများကို ဝယ်ယူကာ ကမ္ဘာပေါ်တွင် ကုန်ချောထုတ်လုပ်ပြီး မဟာမိတ်နယ်မြေ တစ်ခုလုံးသို့ ပြန်လည်ရောင်းချရန် ဖြစ်ပေသည်။ ကမ္ဘာမြေတွင် လုပ်အားခ သက်သာသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ မဟာမိတ်အတွင်းရှိ အခြားဂြိုဟ်များထက် များစွာ သက်သာမည် ဖြစ်သည်။
ကြယ်တာရာအချင်းချင်း ကုန်သွယ်မှု ပြုလုပ်ရာတွင် ထိရောက်သော သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့တစ်ခု ရှိရန်မှာ အလွန်အရေးကြီးပြီး ၎င်းမှာ ကွမ်တမ်ဟိုးဒင်းစ်၏ နောက်ထပ် အရေးကြီးသော ခြေလှမ်းတစ်ခုပင် ဖြစ်ပေသည်။
ဝူလုံသည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေပုံ ရသည်။
“ ကောင်းတာပေါ့… အကယ်၍ အာကာသယာဉ်မောင်း သင်တန်းကျောင်း တည်ထောင်မယ်ဆိုရင် ငါ အရင်ဆုံး နာမည်ပေးမယ် ”
“ အစ်ကိုဝူ… ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုက ကုမ္ပဏီရဲ့ လုံခြုံရေးကြီးကြပ်ရေးမှူး၊ ထုတ်လုပ်ရေးဌာန အကြီးအကဲနဲ့ ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌပဲလေ၊ အစ်ကို့ရဲ့ အဆင့်အတန်းက အရင်လို မဟုတ်တော့ဘူး၊ သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ရဲ့ ယာဉ်မောင်းလုပ်ဖို့ကတော့ အစ်ကိုနဲ့ မသင့်တော်ဘူး ထင်တယ် ” ရှဖေးက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ ရုံးခန်းထဲမှာ တစ်နေကုန် ပိတ်မိနေရတာ ငါ ပျင်းလို့ သေတော့မယ်၊ ငါသာ မင်းလို စကြဝဠာအနှံ့ ပျံသန်းနိုင်ရင် ဘယ်လောက် ကောင်းမလဲ ” ဝူလုံက သက်ပြင်းချလိုက်ရင်း တမ်းတမ်းတတ ပြောလေသည်။
ဝူလုံသည် စိတ်ရင်းခံက တောသားတစ်ယောက် ဖြစ်သဖြင့် ရုံးခန်းထဲတွင် အလုပ်လုပ်ရခြင်းမှာ သူ့အတွက် ညှဉ်းပန်းနှိပ်စက်ခံရသကဲ့သို့ ဖြစ်ပေသည်။ သို့သော်လည်း သူသည် အလွန် သစ္စာရှိသူ ဖြစ်သည်။ ရှဖေးကို ကူညီမည်ဟု ပေးခဲ့သော ကတိကို သူသည် စာချုပ်တစ်ခုကဲ့သို့ မှတ်ယူထားပြီး မည်သို့ပင်ဖြစ်စေ ဖောက်ဖျက်မည်မဟုတ်ပေ။ ထို့ကြောင့်လည်း သူသည် နေ့စဉ်နှင့်အမျှ စာရွက်စာတမ်းပုံကြီးများကြားတွင် စိတ်ရှည်လက်ရှည် အချိန်ပိုဆင်း၍ အလုပ်လုပ်နေခြင်း ဖြစ်ပေသည်။
“ အစ်ကိုဝူ… နည်းနည်းလောက် ထပ်ပြီး သည်းခံပေးပါဦး၊ အစ်ကို့နေရာမှာ အစားထိုးဖို့ သင့်တော်တဲ့သူ ရှာတွေ့တာနဲ့ အစ်ကိုလုပ်ချင်တဲ့ အလုပ်ကို ပေးလုပ်ပါ့မယ် ” ရှဖေးက နှစ်သိမ့်လိုက်သည်။
ဝူလုံ၏ မျက်လုံးများ တောက်ပသွားပြီး အားရပါးရ ရယ်မောလိုက်တော့သည်။
“ အမှန်တော့ ငါက စိတ်ညစ်လို့ ညည်းမိတာပါ၊ ငါ ကွမ်တမ်ဟိုးဒင်းစ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်နေပြီဆိုတာ သိတော့ ငါ့အမေက အပျော်ဆုံးပဲ၊ သူက ငါ နေရာအနှံ့ လျှောက်သွားနေတာကို အမုန်းဆုံးပဲလေ၊ အခုလို အခြေတကျ ဖြစ်နေတာကို သူက အလိုချင်ဆုံးပဲ၊ ဒါနဲ့… ငါ့အမေက မင်းကို ထမင်းစားဖိတ်ခိုင်းနေတယ်၊ သူ့ရဲ့ လက်ရာကောင်းဖြစ်တဲ့ ‘အော်စမန်သပ်စ် ကြက်သားဟင်း’ ကို မင်းကို ကျွေးချင်လို့တဲ့၊ မနက်ဖြန် ငါနဲ့အတူ လိုက်ခဲ့ပါလား ”
“ အန်တီ့ရဲ့ လက်ရာကို ကျွန်တော် မြည်းစမ်းချင်တာပေါ့၊ ဒါပေမဲ့ ကံမကောင်းတာက ကျွန်တော် မနက်ဖြန် စောစော ထွက်သွားရတော့မှာမို့ နောက်တစ်ခေါက်မှပဲ လာခဲ့ပါ့မယ် ” ရှဖေးက ဝမ်းနည်းစွာဖြင့် ငြင်းပယ်လိုက်သည်။
“ ဘယ်လို… ဒီလောက်တောင် စောရသလား ” အားလုံးမှာ အံ့အားသင့်သွားကြသည်။
“ မင်း ရောက်တာမှ မကြာသေးဘူး၊ ပြန်ထွက်သွားဦးမလို့လား၊ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေပါဦးလား ”
ရှဖေးက ပြုံးပြလိုက်ပြီး “ ကုမ္ပဏီကို အစ်ကိုတို့ ကိုင်တွယ်နေတာ သိရလို့ ကျွန်တော် စိတ်ချလက်ချ သွားနိုင်တာပါ၊ ပြီးတော့ လိုအပ်ရင် အင်တာနက်ကနေ ဆက်သွယ်လို့ ရတာပဲလေ ”
“ ကိုယ်ပိုင်တပ်ဖွဲ့ တည်ထောင်ဖို့က ကောင်းတဲ့ အကြံဉာဏ်ပါ၊ ဒါပေမဲ့ အဲဒီကုန်တင်သင်္ဘောတွေကို ထိန်းသိမ်းဖို့ လူတွေလိုလိမ့်မယ်၊ ပြီးတော့ ကုမ္ပဏီရဲ့ ရန်ပုံငွေကလည်း လောလောဆယ် ကျဉ်းထဲကျပ်ထဲ ရောက်နေတော့ ကုန်တင်သင်္ဘောကြီး တစ်စီးဝယ်ဖို့တောင် ပိုက်ဆံ လောက်မယ်မထင်ဘူး ” ချာလီက ဤကိစ္စကို စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“ အဲဒီပြဿနာကို ကျွန်တော် စဉ်းစားထားပြီးသားပါ ” ရှဖေးသည် ဟုန်ထာရှန်း ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီးမှ “ ကျွန်တော် သင်္ဘောသင်္ချိုင်းမှာ သူငယ်ချင်းကောင်းတွေ ရခဲ့တယ်၊ သူတို့ဆီကနေ ကုန်တင်သင်္ဘောအချို့ကို သင့်တင့်တဲ့ ဈေးနဲ့ ဝယ်လို့ရတယ်၊ အရင်ဆုံး သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ အသေးစားလေး တစ်ခု တည်ထောင်မယ်၊ သင်္ဘောတွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက်လည်း ကျွန်တော့်စိတ်ထဲမှာ လူတစ်ယောက် ရှိပြီးသားပဲ၊ မနက်ဖြန် အဲဒီကိစ္စတွေကို သွားပြီး လုပ်ဆောင်ပါ့မယ် ”
ရှဖေး ပြောနေသော လူမှာ အခြားသူမဟုတ်ဘဲ အဘိုးအို ပေါ်တာ ၏ တပည့် ဘိုတန် ဖြစ်သည်။ သူ၏ သစ္စာရှိမှုက ရှဖေးကို အမှတ်ရစေခဲ့သည်။ သူ၏ ကျွမ်းကျင်မှုနှင့် စရိုက်မှာလည်း ရှဖေး၏ အမြင်တွင် အပြစ်ပြောစရာ မရှိပေ။ သို့သော်လည်း ထိုလူသည် အဘိုးအိုပေါ်တာအပေါ် အလွန် သစ္စာရှိသူဖြစ်ရာ သူ့ကို ကုမ္ပဏီသို့ ခေါ်ဆောင်ရန်မှာ မလွယ်ကူလှပေ။ ရှဖေးအနေဖြင့် အချိန်နှင့် ကြိုးစားမှု အနည်းငယ် ပေးရမည် ဖြစ်ပေသည်။
“ ကုမ္ပဏီအတွက် ရန်ပုံငွေ ဘယ်လောက် ထပ်လိုသေးလဲ ” ရှဖေးက မေးလိုက်သည်။
ချာလီသည် စိတ်ထဲမှပင် လျင်မြန်စွာ တွက်ချက်လိုက်သည်။ သူသည် သူ၏ သင်္ချာဆိုင်ရာ အထူးစွမ်းရည်ကို အသုံးပြုထားသဖြင့် ဤကဲ့သို့သော တွက်ချက်မှုများတွင် အလွန် လျင်မြန်ပြီး ကွန်ပျူတာအချို့ထက်ပင် ပို၍ မြန်ဆန်လေသည်။
“ လောလောဆယ် ကုမ္ပဏီမှာ စီမံကိန်းပေါင်း ဒါဇင်နဲ့ချီပြီး တန်းစီနေတယ်၊ အားလုံးက အဆင့်မြင့် နည်းပညာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတာ၊ ဈေးကွက်ထဲက စွမ်းအင်အလွန်အကျွံစားပြီး သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ပစ္စည်းတွေကို အစားထိုးဖို့အတွက် အဲဒါတွေက အလွန် အရေးကြီးပါတယ် ”
ရှဖေးက လက်ကာပြလိုက်ပြီး ချာလီ၏ စကားကို ဖြတ်လိုက်သည်။
“ ကျွန်တော် အစ်ကိုတို့ သုံးယောက်ကို ကုမ္ပဏီမှာ အဓိက ရာထူးတွေ ပေးထားတာက အစ်ကိုတို့အပေါ် အပြည့်အဝ ယုံကြည်လို့ပဲ၊ အသေးစိတ်တွေကို သိဖို့ မလိုဘူး၊ ကိန်းဂဏန်းကိုပဲ ပြောပြပါ ”
ရှဖေး၏ စကားကို ကြားလိုက်ရသဖြင့် ချာလီမှာ စိတ်လှုပ်ရှားသွားရသည်။ အန်ဒရေနှင့် ဝူလုံတို့လည်း ရင်ထဲတွင် နွေးထွေးသွားကြသည်။ ရှဖေး၏ ယုံကြည်မှုကြောင့် ၎င်းတို့တွင် ဂုဏ်ယူလိုစိတ်များ အလိုအလျောက် ဖြစ်ပေါ်လာလေသည်။
“ စံပြကိန်းဂဏန်းအရဆိုရင် ကြယ်တာရာဒင်္ဂါး ၉၃,၁၅၀,၀၀၀ လောက် လိုအပ်ပါတယ်၊ ဒါဆိုရင် အသေးစိတ် အချက်တိုင်းကို ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်၊ အကယ်၍ မရဘူးဆိုရင်လည်း အချို့စီမံကိန်းတွေကို ခေတ္တဆိုင်းငံ့ထားပြီး ရန်ပုံငွေရမှ ပြန်စလို့ ရပါတယ် ” ချာလီက ပြောလိုက်သည်။
“ ပြဿနာမရှိပါဘူး… ကျွန်တော် ခဏနေရင် ကုမ္ပဏီရဲ့ အကောင့်ထဲကို ဒင်္ဂါးသန်း နှစ်ရာ လွှဲပေးလိုက်မယ်၊ ကုန်တင်သင်္ဘောတွေ အတွက်ကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ ကျခံပါ့မယ်၊ ကုမ္ပဏီရဲ့ ရန်ပုံငွေကို မထိပါဘူး ” ရှဖေးက ပြောလိုက်သည်။
“ ထပ်ပြောရရင် ကျွန်တော့်ဆီမှာ လစဉ် အတိုးရနေတဲ့ ကိုယ်ပိုင်ဘဏ်အကောင့် တစ်ခု ရှိတယ်၊ အများကြီး မဟုတ်ပေမဲ့ အနည်းနဲ့အများတော့ အထောက်အကူ ဖြစ်မှာပါ၊ အဲဒီအကောင့်ကိုလည်း အရေးပေါ် အခြေအနေတွေမှာ သုံးဖို့ ကုမ္ပဏီကိုပဲ လွှဲပေးထားလိုက်မယ် ”
ရှဖေး၏ အကောင့်ထဲတွင် လက်ရှိ၌ ဒင်္ဂါး ၁.၀၄ ဘီလီယံ ရှိနေသဖြင့် ကုမ္ပဏီအတွက် သန်းရာနှင့်ချီ၍ ထုတ်ပေးရန်မှာ ပြဿနာ မဟုတ်ပေ။ ထို့အပြင် ကုမ္ပဏီ၏ အခြေအနေမှာ ယခုမှ ပေါက်ခါစ ကြက်ကလေးနှင့် တူရာ နောင်တစ်ချိန်တွင် ကြီးထွားလာပြီး ဥ ဥနိုင်သည့်အခါ သူ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဆုံးရှုံးမည် မဟုတ်ပေ။
ရှဖေး ပြောနေသော ဘဏ်အကောင့်မှာ ကဗျာများမှ ရရှိသော ဝင်ငွေများ ဖြစ်သည်။ ကဗျာများကြောင့် ဖြစ်ပေါ်ခဲ့သော ဂယက်ရိုက်မှုများ ငြိမ်သက်သွားပြီ ဖြစ်ရာ လစဉ်ရောင်းအားမှ ရရှိသော ဝင်ငွေမှာ တဖြည်းဖြည်း လျော့နည်းလာနေသည်။ ရှဖေးအတွက်မူ ဒင်္ဂါးသန်းအနည်းငယ်မှာ ယခုအချိန်တွင် ဘာမှမဟုတ်တော့သဖြင့် ကုမ္ပဏီကိုသာ စီမံခန့်ခွဲခိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
ထိုလူသုံးဦးမှာ အံ့အားသင့်သွားကြသည်။ ရှဖေးသည် ဒင်္ဂါးသန်း နှစ်ရာကို အေးအေးလူလူပင် ပြောဆိုနေသဖြင့် သူ၏ ကြွယ်ဝမှုမှာ ၎င်းတို့ ထင်ထားသည်ထက် များစွာ ပိုနိုင်ကြောင်း သိလိုက်ရသည်။
“ ဒင်္ဂါးသန်း နှစ်ရာဆိုတာ အများကြီးပဲ၊ ကုမ္ပဏီက အဲဒီလောက်အထိ အခုချက်ချင်း မလိုသေးပါဘူး ” အန်ဒရေက သတိကြီးစွာဖြင့် ပြောလိုက်သည်။
“ ကုမ္ပဏီတစ်ခုအတွက် အရေးကြီးဆုံးက လုံလောက်တဲ့ လည်ပတ်ရန်ပုံငွေ ရှိဖို့ပဲ၊ အစ်ကိုတို့ အလုပ်ကို ကောင်းကောင်းလုပ်ပါ၊ ကုန်ကျစရိတ်အတွက် မပူနဲ့၊ သင့်တော်တဲ့ နေရာတွေမှာ သုံးစွဲနေသရွေ့တော့ ကျွန်တော်တို့ အဲဒါတွေ အကုန်လုံးကို ပြန်ပြီး ရှာနိုင်မှာပါ ” ရှဖေးကမူ ဂရုမစိုက်ဘဲ ပြောလိုက်သည်။
အန်ဒရေသည် တစ်ခုခုကို တွေးမိဟန်ဖြင့် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။ “ ရှဖေး… ဖက်ဒရေးရှင်း သမ္မတ ပန်ဒက်ဗ် က မင်းနဲ့ တွေ့ချင်တယ်လို့ ခဏခဏ ပြောနေတယ်၊ ပြီးတော့ ကမ္ဘာမြေဖက်ဒရေးရှင်း နာမည်နဲ့ ကွမ်တမ်ဟိုးဒင်းစ်ရဲ့ ရှယ်ယာတွေကို ဝယ်ယူချင်တဲ့ ဆန္ဒလည်း ရှိနေတယ်၊ ကုမ္ပဏီက ဖက်ဒရေးရှင်းရဲ့ လက်အောက်မှာ ရှိနေတာဆိုတော့ သူ့ရဲ့ အကြံပြုချက်ကို စဉ်းစားရင် ကောင်းမလားလို့ ”
ရှဖေးက ခေါင်းခါယမ်းလိုက်ပြီး
“ သူ့ကို ဘာသွားတွေ့မှာလဲ၊ ကျွန်တော် နိုင်ငံရေးသမားတွေကို စိတ်မဝင်စားဘူး၊ ရှယ်ယာဝယ်မယ့် ကိစ္စကိုလည်း ငြင်းလိုက်ပါ၊ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော့်မှာ ကိုယ်ပိုင်အကြံဉာဏ်တွေ ရှိတယ်၊ ရှယ်ယာရှင်တွေ များလာရင် ကန့်သတ်ချက်တွေပဲ များလာလိမ့်မယ်၊ ကျွန်တော် လုပ်သမျှ အရာတိုင်းကို ရှယ်ယာရှင်တွေကို လိုက်ပြီး ရှင်းပြမနေချင်ဘူး၊ အဲဒါက အလုပ်ရှုပ်လွန်းတယ် ”
“ ကွမ်တမ်ဟိုးဒင်းစ်က ဖက်ဒရေးရှင်း လက်အောက်မှာ ရှိနေရင်လည်း ဘာဖြစ်လဲ၊ ကျွန်တော်တို့က တရားဝင် စီးပွားရေးလုပ်နေတာပဲ၊ အခွန်လည်း မှန်မှန်ဆောင်တယ်လေ၊ အဲဒီနိုင်ငံရေးသမားတွေကို ဂရုစိုက်နေဖို့ မလိုပါဘူး၊ အမှန်အတိုင်း ပြောရရင် ဖက်ဒရေးရှင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေက အားရစရာ မရှိဘူး၊ လူသားမဟာမိတ်ထဲ ဝင်တာ သုံးနှစ်ကျော်ပြီ၊ ကမ္ဘာမြေက ခုထိ ဘာမှ မတိုးတက်သေးဘူး ”
ရှဖေး ပြောသည်မှာ အမှန်တရားပင် ဖြစ်သည်။ လက်ရှိ ဖက်ဒရေးရှင်း အစိုးရကို ရှေးရိုးစွဲဝါဒီများက ထိန်းချုပ်ထားပြီး ၎င်းတို့သည် ပြင်ပယဉ်ကျေးမှုများကို ကြောက်ရွံ့စိုးရိမ်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ စည်းစိမ်နှင့် ရာထူးကိုသာ ကာကွယ်ရန် ဂရုစိုက်ကြပြီး မဟာမိတ်အတွင်းရှိ အခွင့်အလမ်းများကို အသုံးချရန် စိတ်မဝင်စားကြပေ။
ကမ္ဘာမြေအတွက် အရေးကြီးဆုံးမှာ မိမိတို့၏ အင်အားကို တိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ စကြဝဠာသည် လက်တွေ့ကျသော နေရာဖြစ်ပြီး အင်အားမရှိလျှင် ပြောဆိုပိုင်ခွင့်လည်း ရှိမည်မဟုတ်ပေ။ ကမ္ဘာသားတစ်ဦးအနေဖြင့် ရှဖေးသည် ကမ္ဘာမြေဖက်ဒရေးရှင်း၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု နှုန်းထားအပေါ် လုံးဝ စိတ်ပျက်နေခြင်း ဖြစ်ပေသည်။
“ အဲဒီနိုင်ငံရေးသမားတွေက ပါးစပ်နဲ့ပဲ ပြောတတ်တာ၊ ဘာမှလည်း လက်တွေ့မလုပ်ကြဘူး၊ အခုထိ ဖက်ဒရေးရှင်းမှာ ကိုယ်ပိုင်စစ်သင်္ဘောတောင် မရှိသေးဘူး၊ ဒါပေမဲ့ သူတို့ရဲ့ အစီရင်ခံစာထဲမှာတော့ ကာကွယ်ရေးစနစ်တွေ တိုးတက်နေပါတယ်တဲ့၊ စစ်အသုံးစရိတ်ကတော့ နှစ်တိုင်း ဒီအတိုင်းပဲ၊ ဒါပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်မှာလဲ၊ စစ်ပွဲဖြစ်လာရင် ရိုင်ဖယ်ကိုင်တဲ့ စစ်သားတွေနဲ့ပဲ တိုက်ဖို့ စဉ်းစားနေကြတာလား ” ဝူလုံက နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။
“ ထားလိုက်ပါတော့ အစ်ကိုဝူ၊ ဒီမှာ စိတ်ဆိုးနေလို့လည်း ဘာမှထူးမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရှေ့မှာရှိတဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ကြရအောင် ” ရှဖေးက ဝူလုံ၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
ချာလီကလည်း သဘောတူလိုက်သည်။ “ ဟုတ်တယ်… ငါတို့ လုပ်နေတဲ့ အလုပ်က ကမ္ဘာ့နိုင်ငံရေးထက် အများကြီး ပိုပြီး အရေးကြီးတယ်၊ ကုမ္ပဏီရဲ့ နောက်တစ်ဆင့်ကတော့ နယ်ပယ်ချဲ့ထွင်ဖို့ပဲ၊ လောလောဆယ် ငါတို့ ထုတ်နိုင်တဲ့ ပစ္စည်းတွေက သိပ်မများသေးဘူး၊ အများစုကလည်း ခေတ်နောက်ကျနေတဲ့ ပစ္စည်းလေးတွေပဲ၊ အဲဒါတွေကို တခြားဂြိုဟ်တွေမှာ သွားရောင်းလည်း အကျိုးအမြတ် အများကြီး ရမှာမဟုတ်ဘူး၊ ငါတို့ အရေးတကြီး လိုအပ်နေတာက ကိုယ်ပိုင် တံဆိပ်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ပစ္စည်းတစ်ခုပဲ ”
ရှဖေးက သူ၏ ထင်မြင်ချက်ကို ပြောပြသည်။ “ အဲဒီအတွက်လည်း အလောတကြီး မလုပ်ပါနဲ့ဦး၊ ကျွန်တော်တို့ ပစ္စည်းတွေက အဆင့်နိမ့်တယ်ဆိုပေမဲ့ ဈေးသက်သာရင်တော့ ဈေးကွက်က အမြဲရှိနေမှာပဲ၊ အခု လိုအပ်တာက ဈေးကွက်ထဲမှာ နာမည်တစ်ခု ရဖို့ပဲ၊ နာမည်ရလာပြီဆိုမှ စက်မှုလုပ်ငန်းတွေကို အဆင့်မြှင့်ဖို့ အာရုံစိုက်လို့ ရတာပေါ့ ”
၎င်းတို့လေးဦးသည် အချိန်အတော်ကြာ ဆွေးနွေးကြပြီးနောက် ဖက်ဒရေးရှင်း ကြယ်တာရာ လေဆိပ်အနီးတွင် အာကာသယာဉ်မောင်း သင်တန်းကျောင်းနှင့် သယ်ယူပို့ဆောင်ရေး အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
ဖက်ဒရေးရှင်း လေဆိပ်သည် အလွန်ကျယ်ဝန်းပြီး အသုံးမပြုဘဲ ထားသော နေရာများစွာ ရှိပေသည်။ ထိုနေရာအနီးတွင် သင်တန်းကျောင်း တည်ဆောက်ခြင်းဖြင့် ကုန်ကျစရိတ်နှင့် အချိန်ကို များစွာ သက်သာစေမည် ဖြစ်သည်။
သင်ကြားရေးပိုင်းကိုတော့ စာရာနှင့် အယ်လန်တို့က တာဝန်ယူမည် ဖြစ်ပြီး ရှဖေးအနေဖြင့် ပထမအသုတ် စက်မှုသင်္ဘောများကို ယူဆောင်လာပြီးနောက် သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ကို ချက်ချင်း စတင်ဖွဲ့စည်းနိုင်မည် ဖြစ်ပေသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ရှဖေးသည် သင်္ဘောသင်္ချိုင်းဆီသို့ ထွက်ခွာခဲ့လေသည်။ ကမ္ဘာပေါ်ရှိ အလုပ်များကို အန်ဒရေနှင့် အခြားသူများထံ လွှဲအပ်ခဲ့ပြီးနောက် ရှဖေးသည် စိတ်အေးလက်အေးဖြင့် ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။
စာရာနှင့် အယ်လန်တို့သည်လည်း ရှဖေးအား သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ တည်ထောင်ရာတွင် ကူညီရန် လိုလိုလားလားပင် သဘောတူခဲ့ကြသည်။ ၎င်းတို့၏ အမြင်တွင် ကြယ်ရိုင်းနယ်မြေမှ အသက်ရှင်လျက် ထွက်လာနိုင်ခြင်းမှာပင် ကံကောင်းလှပြီ ဖြစ်ပေသည်။ ကမ္ဘာမြေသည် အဆင့်နိမ့်သော ယဉ်ကျေးမှုဖြစ်သော်လည်း ခြောက်သွေ့လှသော ကြယ်ရိုင်းနယ်မြေနှင့် ယှဉ်လျှင်တော့ နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ ဖြစ်နေပြီး အနည်းဆုံးတော့ စားဝတ်နေရေးအတွက် စိုးရိမ်စရာ မလိုတော့ပေ။
နှစ်ရက်အကြာတွင် သွေးစုပ်ဖုတ်ကောင်အာကာသယာဉ်သည် သင်္ဘောသင်္ချိုင်းရှိ အဘိုးအို ပေါ်တာ၏ စက်ရုံဝင်းအတွင်းသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ သို့သော်လည်း ဘိုတန်နှင့် စက်ပြင်ဆရာ အနည်းငယ်သာ သူ့ကို ထွက်ကြိုကြလေသည်။
“ ဟင်… ဦးလေးပေါ်တာ ဘယ်မှာလဲ ” ရှဖေးက ပြုံးလျက် မေးလိုက်ရင်း သူတို့အတွက် ပြင်ဆင်လာသော လက်ဆောင်များကို ပေးလိုက်သည်။
ဘိုတန်က သက်ပြင်းချလိုက်ပြီး စာတစ်စောင်ကို ထုတ်ပေးလိုက်ရင်း “ ဒါကို မင်းဘာသာမင်းပဲ ဖတ်ကြည့်လိုက်ပါတော့ ” ဟု ပြောလိုက်လေသည်။
အခန်း (၁၂၅) ပေါ်တာ ထွက်သွားပြီလား
ဘိုတန်သည် ရှဖေးထံသို့ စာတစ်စောင် ကမ်းပေးလိုက်သော်လည်း ၎င်းကို ချက်ချင်း ဖွင့်ခွင့်မပြုခဲ့ပေ။ သူသည် ရှဖေးကို ရုံးခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီး လိုက်ကာများကို သေချာစွာ ပိတ်ကာ တံခါးကိုလည်း အသေအချာ သော့ခတ်လိုက်ပြီးမှသာ စာကို ဖွင့်ဖတ်ခွင့် ပြုလေသည်။
ဘိုတန် အဘယ်ကြောင့် ဤမျှအထိ သတိထားနေရသည်ကို ရှဖေး နားမလည်နိုင်ပေ။ သူသည် စူးစမ်းလိုစိတ်ဖြင့် စာအိတ်ကို ဖွင့်လိုက်ပြီး အတွင်းမှ အဖြူရောင် စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။
ခေတ်သစ်လူသားများသည် အီးမေးလ် ပို့ခြင်း သို့မဟုတ် ဗီဒီယိုဖုန်း ခေါ်ဆိုခြင်းကဲ့သို့သော အဆင့်မြင့် နည်းပညာသုံး ဆက်သွယ်မှုများကိုသာ ပိုမိုနှစ်သက်ကြပီး ဤကဲ့သို့ စာရေးသားခြင်းမှာ လူအများစု မေ့လျော့နေကြပြီ ဖြစ်သော အလေ့အထတစ်ခု ဖြစ်ပေသည်။ အဘိုးအို ပေါ်တာက ဤကဲ့သို့သော အလေ့အထဟောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်းထားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။
စာရွက်ပေါ်ရှိ စာလုံးများမှာ သပ်ရပ်ပြီး ကျနလှပေသည်။ အဘိုးအို ပေါ်တာ၏ ကြမ်းတမ်းလှသော လက်များက ဤမျှ လှပသော လက်ရေးများကို ရေးသားနိုင်လိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ သူ အသုံးပြုထားသော ဘာသာစကားမှာ ကြယ်ပျံအရေးအသားဟု ခေါ်သော ရှေးဟောင်း စာလုံးများ ဖြစ်ပြီး ကြယ်ပျံများစွာ ရောယှက်နေသကဲ့သို့ ရှုပ်ထွေးပြီး လှပလှပေသည်။
“ ကြယ်ပျံအရေးအသားပါလား ” ဖန်တန်က အလွန်ပင် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
“ မဟာမိတ်နယ်မြေထဲက သူဌေးကြီးတွေနဲ့ ရှေးဟောင်းမျိုးနွယ်စုကြီးတွေကပဲ သူတို့ကလေးတွေကို ဒီစာစနစ်ကို ငယ်ငယ်ကတည်းက သင်ပေးကြတာ၊ ဆယ်စုနှစ်နဲ့ချီပြီး အချိန်မပေးရင် ဘယ်သူမှ မတတ်နိုင်တဲ့ စာမျိုးပဲ ”
“ ဒီစာစနစ်က ဂုဏ်သိက္ခာရဲ့ သင်္ကေတတစ်ခုပဲ၊ သာမန်လူတွေကတော့ လှပပေမဲ့ ရှုပ်ထွေးလှတဲ့ ဒီလိုစာမျိုးကို သင်ဖို့ အချိန်အလဟဿ အကုန်မခံကြဘူး၊ အဘိုးအို ပေါ်တာက ဒါကို ရေးတတ်တယ်ဆိုတော့… သူ့ရဲ့ နောက်ခံက သာမန်စက်ပြင်ဆရာ တစ်ယောက်ထက်တော့ အများကြီး ပိုနိုင်တယ် ”
ဖန်တန်၏ ရှင်းပြချက်ကို ကြားလိုက်ရသဖြင့် ရှဖေး၏ သံသယမှာ ပို၍ ကြီးထွားလာသည်။ ကံကောင်းသည်မှာ သူ၏ ဦးနှောက်ထဲတွင် အရည်အသွေးမြင့် ဘာသာပြန် ချစ်ပ်ပြား တပ်ဆင်ထားသဖြင့် ဤရှေးဟောင်းစာကို သူ မှတ်မိနိုင်ခြင်း ဖြစ်ပေသည်။ သူသည် စာကို သေသေချာချာ တစ်ခေါက် ဖတ်ကြည့်လိုက်သည်။
“ ဘိုတန်… မင်းက ငါ့ရဲ့ အသစ္စာရှိဆုံး တပည့်ပါ၊ မင်း ငါ့အနားမှာ ရှိနေတာက ငါ့အတွက်တော့ အလွန် ကျေနပ်စရာ ကောင်းတယ် ”
“ မင်း ဒီစာကို ဖတ်နေရတဲ့ အချိန်မှာ ငါ ဒီကနေ ထွက်သွားတာ ကြာပြီ ဖြစ်လိမ့်မယ်၊ ငါ အရင်က ဆုံးရှုံးခဲ့တဲ့ အရာအချို့ကို ပြန်သွားယူဖို့ ရှိတယ်၊ ငါ့ကို လိုက်ရှာဖို့ မကြိုးစားပါနဲ့၊ မင်း ရှာတွေ့မှာလည်း မဟုတ်ဘူး ”
“ ဒီစက်ရုံကို ဆက်ပြီး ထားဖို့ အကြောင်းမရှိတော့ဘူး၊ ဒါကို ရောင်းလိုက်ပြီး ရလာတဲ့ ပိုက်ဆံကို မင်းရဲ့ လုပ်ဖော်ကိုင်ဖက် တပည့်တွေနဲ့ ခွဲယူလိုက်ကြပါ၊ ဒါက ငါ့ရဲ့ နောက်ဆုံး လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ၊ ဆို နီ ရဲ မိသားစုကိုလည်း ဝေစုတစ်ခု ပေးလိုက်ဦး၊ ငါ ဒီကို စရောက်တုန်းက သူတို့က ငါ့ကို အများကြီး ကူညီခဲ့တာ၊ တခြား အလုပ်သမားတွေကိုလည်း နစ်နာကြေးတွေ ရက်ရက်ရောရော ပေးလိုက်ပါ၊ သူတို့ကို တခြား စက်ရုံတွေမှာ အလုပ်သွားရှာခိုင်းလိုက်တော့ ”
“ ဆောင်းဆန် နဲ့ လီနာတို့ကတော့ ငါနဲ့အတူ ပါလာတယ်၊ တစ်ယောက်က မသန်စွမ်းဖြစ်နေပြီး နောက်တစ်ယောက်က အမျိုးသမီး ဖြစ်နေတော့ သူတို့ ဒီမှာ ဆက်နေဖို့ အဆင်မပြေဘူး၊ သူတို့ရဲ့ ဘေးကင်းရေးကို ငါကိုယ်တိုင် တာဝန်ယူပါ့မယ် ”
“ ပြီးတော့… ရှဖေးအတွက် တစ်ခုခု ချန်ထားခဲ့တယ်၊ အဲဒါက ငါ့ရဲ့ မီးခံသေတ္တာထဲမှာ ရှိတယ်၊ ဖွင့်ရမယ့် ကုဒ်ကတော့ မင်းရဲ့ မွေးနေ့ပဲ၊ ငါ့အထင် မမှားဘူးဆိုရင် ရှဖေးက သေချာပေါက် ပြန်လာလိမ့်မယ်၊ အဲဒီအခါကျရင် ဒါကို သူ့ကို ပေးလိုက်ပါ၊ နောက်ဆုံးအနေနဲ့ သူ ဖတ်ပြီးတာနဲ့ ဒီစာကို မီးရှို့ဖျက်ဆီးခိုင်းလိုက်ပါ ”
ရှဖေးသည် စာကို စားပွဲပေါ်သို့ ပြန်ချလိုက်ပြီး နဖူးတွင် အရေးအကြောင်းများ ပေါ်လာသည်။ အဘိုးအို ပေါ်တာသည် သူ ဘာသွားလုပ်မည်ကို စာထဲတွင် မပြောထားသော်လည်း စာသားများအရ သူ ပြန်လာမည် မဟုတ်ကြောင်း ရှဖေး ခန့်မှန်းလိုက်မိသည်။ မဟုတ်ပါက သူ၏ ချွေးနှင့် သွေးများစွာ ရင်းနှီးထားသော ဤစက်ရုံကို ရောင်းခိုင်းလိမ့်မည် မဟုတ်ပေ။
“ ဆရာက ပြန်လာမှာ မဟုတ်ဘူးလား ” ဘိုတန်က စိုးရိမ်တကြီး မေးလိုက်သည်။ သူကိုယ်တိုင်လည်း အဖြေကို သိထားသော်လည်း လက်မခံချင်သဖြင့် ရှဖေး၏ ထင်မြင်ချက်ကို မေးမြန်းနေခြင်း ဖြစ်သည်။
“ အင်း… ဦးလေးပေါ်တာက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချထားပုံ ရတယ် ” ရှဖေးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
ဘိုတန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက် ကျသွားရသည်။
“ ဆရာက ဘာလို့ ထွက်သွားရတာလဲ… ငါတို့ ဒီမှာ အဆင်ပြေနေကြတာပဲကို… ”
ရှဖေးသည် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ဘိုတန်ကို နှစ်သိမ့်လိုက်သည်။
“ ဦးလေးပေါ်တာမှာ သူ မဖြစ်မနေ လုပ်ရမယ့် အရေးကြီးတဲ့ အလုပ်တစ်ခု ရှိလို့ ဖြစ်မှာပါ၊ ဒါနဲ့… သူ ထွက်သွားတုန်းက ဘယ်လို အာကာသယာဉ်ကို မောင်းသွားတာလဲ ”
“ ဂါယန် ထရစ္စတန်-အဆင့်ဖရီးဂိတ် စစ်သင်္ဘောပါ၊ လက်နက်တွေ အပြည့်အစုံ ပါသလို အင်ဂျင်နှစ်လုံးတွဲ စနစ်လည်း တပ်ထားတယ် ” ဘိုတန်က ဝမ်းနည်းစွာ ပြန်ဖြေလေသည်။
ရှဖေးသည် အနည်းငယ် အံ့အားသင့်သွားသည်။ အင်ဂျင်နှစ်လုံးတွဲ စနစ်ပြောလိုက်သည်မှာ ပုံမှန်မဟုတ်သော တပ်ဆင်မှုမျိုး ဖြစ်ပေသည်။ ယခုခေတ် ခုန်ကူးအင်ဂျင် နည်းပညာများမှာ အလွန် တိုးတက်နေပြီဖြစ်ရာ အင်ဂျင်နှစ်လုံး တပ်ဆင်ခြင်းသည် သင်္ဘော၏ စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေမည် မဟုတ်ပေ။ အကယ်၍ အလွန်ဝေးလံသော သို့မဟုတ် အလွန် အန္တရာယ်များသော နေရာများကို သွားရန်အတွက် မဟုတ်လျှင်ပေါ့။
အဘိုးအို ပေါ်တာသည် ဤခရီးအတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်းနှင့် သူသွားမည့် နေရာမှာ အလွန် ထူးခြားသော ပတ်ဝန်းကျင်မျိုး ရှိနိုင်ကြောင်း ရှဖေး သေချာပေါက် သိလိုက်ရသည်။ ထို့ကြောင့်လည်း သူက အင်ဂျင်နှစ်လုံးတွဲ သင်္ဘောကို တမင်တကာ မောင်းနှင်သွားခြင်း ဖြစ်ပေသည်။
‘ ဘယ်လို ပတ်ဝန်းကျင်မျိုးမို့လို့ အင်ဂျင်နှစ်လုံးတွဲ စနစ်ကို လိုအပ်ရတာလဲ ’ ရှဖေးက ခေါင်းငုံ့ကာ စဉ်းစားနေမိသည်။
ဘိုတန်သည် ရှဖေးထံမှ မီးခြစ်ကို တောင်းကာ အဘိုးအို ပေါ်တာ၏ စာကို မီးရှို့ဖျက်ဆီးလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ခါးသီးသော ခံစားချက်များ ပေါ်နေပြီး မျက်လုံးများမှာလည်း အရောင်မှိန်နေလေသည်။
ရှဖေးသည် သူ၏ ဘေးတွင် ထိုင်လိုက်ပြီး ဘာမှ မပြောတော့ပေ။ ဤကဲ့သို့သော အချိန်မျိုးတွင် နှစ်သိမ့်ရန် စကားလုံးများကို သူ ရှာမတွေ့ပေ။ အမှန်တကယ်တွင် ဆရာနှင့် တပည့်ကြားရှိ သံယောဇဉ်မှာ သာမန် သိကျွမ်းသူများထက် များစွာ ပိုမို နက်ရှိုင်းလှပေသည်။ ဘိုတန်သည် အဘိုးအို ပေါ်တာ၏ အနားမှ မခွာလိုသဖြင့် သူ၏ ဇနီးကိုပင် ကွာရှင်းရန် ဝန်မလေးခဲ့သူ ဖြစ်ရာ သူသည် ဆရာအပေါ် မည်မျှ သစ္စာရှိကြောင်း ထင်ရှားလှပေသည်။
ဘိုတန်သည် ထရပ်လိုက်ပြီး ရှဖေးကို မီးခံသေတ္တာရှိရာသို့ ခေါ်သွားကာ ကုဒ်နံပါတ်ကို ရိုက်ထည့်လိုက်သော်လည်း သူကိုယ်တိုင် မဖွင့်ခဲ့ပေ။
“ ဆရာက မင်းအတွက် တစ်ခုခု ချန်ခဲ့တယ်၊ မင်းဘာသာမင်းပဲ ကြည့်လိုက်ပါ၊ ငါ အပြင်မှာ ခဏစောင့်နေမယ် ”
ဘိုတန်က အပြင်သို့ ထွက်သွားရန် ပြင်သောအခါ ရှဖေးက သူ့ကို ဆွဲထားလိုက်သည်။
“ မင်း ထွက်သွားဖို့ မလိုပါဘူး၊ ငါတို့ အတူတူပဲ ကြည့်ကြတာပေါ့ ”
“ မဟုတ်ဘူး ” ဘိုတန်က ခေါင်းကို တတွတ်တွတ် ညိတ်လိုက်သည်။
“ ဒါက ဆရာက မင်းအတွက် ချန်ခဲ့တာလေ၊ ငါ့ကို ကြည့်ခွင့်ပေးတယ်လို့လည်း သူ မပြောထားဘူး ”
ဤလူမှာ အလွန်ပင် ရိုးသားပြီး ခေါင်းမာလှပေသည်။ ရှဖေးသည် ဘိုတန်ကို ကြည့်ရင်း သူ၏ ဆရာအပေါ် ထားရှိသော လေးစားမှုကို ဖန်တန်နှင့် သွားတူနေကြောင်း သတိပြုမိလိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ ဆရာနှင့် ပတ်သက်လျှင် အလွန် အလေးအနက် ထားတတ်ကြသည်။ ကွာခြားချက်မှာ ဖန်တန်သည် ဤအချက် တစ်ခုတွင်သာ အလေးအနက် ထားတတ်ပြီး ကျန်သည့် အရာများတွင်မူ ပေါ့ပေါ့တန်တန် နေတတ်ခြင်း ဖြစ်ပေသည်။
ရှဖေးက ပြုံးလိုက်ပြီး “ ဦးလေးပေါ်တာက ဒါကို ငါ့အတွက် ပေးခဲ့တယ်ဆိုရင် ဒါက အခု ဘယ်သူ့ပိုင်ဆိုင်မှုလဲ ”
“ မင်း ပိုင်တာပေါ့ ”
“ ငါ ပိုင်တာဆိုမှတော့ ငါက မင်းကို အတူတူ ကြည့်ဖို့ ဖိတ်ခေါ်လို့ မရဘူးလား ”
“ ဒါကတော့… ” ဘိုတန် ဆွံ့အသွားရသည်။ အကျိုးအကြောင်း ပြန်ပြောရာတွင် သူသည် ရှဖေးကို မည်သို့မျှ မယှဉ်နိုင်ပေ။ ရှဖေးသည် လှည့်ကွက်များစွာ ရှိသူ ဖြစ်ပေသည်။
အမှန်စင်စစ် ရှဖေးသည် ထိုလူကို စည်းရုံးရန် စိတ်ကူးရှိသေးသည်။ ကွမ်တမ်ဟိုးဒင်းစ် သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ တည်ထောင်ရန်အတွက် ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတစ်ဦး လိုအပ်နေပြီး ရှဖေး၏ စိတ်ထဲတွင် အသင့်တော်ဆုံးမှာ ဘိုတန်ပင် ဖြစ်ပေသည်။
အဘိုးအို ပေါ်တာလည်း မရှိတော့ဘဲ စက်ရုံကလည်း ရောင်းတော့မည် ဖြစ်ရာ ဤသည်မှာ အလွန် ကောင်းမွန်သော အခွင့်အရေးပင် ဖြစ်သည်။ ဘိုတန်ကဲ့သို့ သစ္စာရှိပြီး ရိုးသားသော လူမျိုးကို သူ၏ အဖွဲ့ထဲသို့ ခေါ်ဆောင်နိုင်ပါက ရှဖေးအတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။
ပါရမီရှိသူကို ရှာဖွေရန် ခက်ခဲသော်လည်း ဘိုတန်ကဲ့သို့ ရိုးသားသစ္စာရှိသော စရိုက်မျိုးမှာတော့ ပိုက်ဆံနှင့် ဝယ်၍ မရနိုင်သော အရာပင် ဖြစ်ပေသည်။
“ မင်း မငြင်းတော့ဘူးဆိုရင် သဘောတူတယ်လို့ပဲ ငါ သတ်မှတ်လိုက်မယ်နော် ” ရှဖေးက ရယ်မောရင်း ပြောလိုက်သည်။
သူသည် မီးခံသေတ္တာထဲသို့ လက်နှိုက်လိုက်ပြီး အနက်ရောင် သတ္တုသေတ္တာလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အလွန် မကြီးမားလှဘဲ လက်ရာမှာလည်း ရိုးရှင်းလှပေသည်။ ၎င်းသည် နှစ်ပေါင်းများစွာ အသုံးပြုထားပုံ ရသဖြင့် အချို့နေရာများတွင် မညီမညာ ဖြစ်နေလေသည်။
ရှဖေးသည် သေတ္တာကို စားပွဲပေါ်တင်ကာ အသာအယာ ဖွင့်လိုက်သည်။
“ ဟင်… ဒါက ဘာလဲ ” ရှဖေးက အံ့သြစွာဖြင့် ရေရွတ်လိုက်မိသည်။
သေတ္တာထဲတွင် ရွှေရောင် ဘောလုံးငယ်လေး တစ်ခု ရှိနေလေသည်။ ရှဖေးသည် ၎င်းကို ယူကာ သူ၏ လက်ဝါးပေါ်တင်၍ စစ်ဆေးကြည့်လိုက်သည်။ ထိုရွှေရောင်ဘောလုံးလေးမှာ ဆီးသီးတစ်လုံးထက် မကြီးလှပေ။ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းပြီး ထူးဆန်းသော အမှတ်အသားများစွာ ထွင်းထုထားပြီး လက်ထဲတွင်လည်း အတော်လေး လေးလံနေလေသည်။
ရှဖေးသည် ထိုဘောလုံးလေးကို ဘိုတန်အား ပြလိုက်ပြီး သေတ္တာအောက်ခြေမှ စာရွက်အပိုင်းအစလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ဤစာမှာလည်း ရှုပ်ထွေးသော ကြယ်ပျံအရေးအသားဖြင့် ရေးသားထားခြင်း ဖြစ်ပေသည်။
“ ရှဖေး… မင်းက ငါ့အပေါ်မှာ အမှတ်တရ ကောင်းကောင်းတွေ ချန်ထားခဲ့တယ်လို့ ငါ ပြောရလိမ့်မယ်၊ ဒါကတော့ ရှေးဟောင်းယဉ်ကျေးမှုက လာတဲ့ အဝေးလံဆုံး ဆက်သွယ်ရေး လက်ခံစက် တစ်ခုပဲ၊ ဒါကို မင်း ယူထားလိုက်ပါ၊ ငါ ရှာနေတဲ့ အရာကို တွေ့တာနဲ့ မင်းကို ငါ ဆက်သွယ်လိုက်မယ်၊ အဲဒီအချိန်ကျရင် ငါ့ကို ကူညီပေးဖို့ မင်းရဲ့ အကူအညီ လိုကောင်း လိုလာနိုင်တယ် ” ရှဖေးက စာပါ အကြောင်းအရာများကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်သည်။
ဘိုတန်သည် ထိုစကားကို ကြားလိုက်ရသဖြင့် ရုတ်တရက် လန့်သွားသည်။
“ ဆရာက မင်းကို ဆက်သွယ်မယ် ဟုတ်လား ”
ရှဖေးက ခေါင်းညိတ်ပြလိုက်ပြီး “ စာထဲမှာ ရေးထားတာအရတော့ အဲဒီလိုပဲ ထင်ရတာပဲ ”
ဘိုတန်သည် ရှဖေး၏ လက်မောင်းကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲကိုင်လိုက်သည်။
“ ဟေး… မင်း ငါ့ကို စစ်သင်္ဘောတွေ ပြုပြင်တဲ့ နေရာမှာ အကူအညီပေးဖို့ ခေါ်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ ငါ စဉ်းစားပြီးပြီ… ငါ မင်းနဲ့အတူ လိုက်ခဲ့ပါ့မယ် ”
ရှဖေးမှာ အံ့အားသင့်သွားသည်။
“ ဘိုတန်… မင်းရဲ့ သဘောထားက ဘာလို့ ဒီလောက်တောင် မြန်မြန် ပြောင်းသွားရတာလဲ၊ နောက်ထပ် အချိန်ယူပြီး ထပ်မစဉ်းစားချင်တော့ဘူးလား ”
“ မလိုတော့ဘူး ” ဘိုတန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ ငါ့ဆရာက မင်းကို ဆက်သွယ်မယ်ဆိုမှတော့ မင်းနောက်ကို လိုက်သွားတာက သူ့ကို ပြန်တွေ့နိုင်မယ့် နည်းလမ်းပဲလေ၊ ငါ လစာတောင် မလိုပါဘူး၊ ငါ့ကို မင်းနဲ့အတူ လိုက်ခွင့်ပေးရင် ရပါပြီ ”
ရှဖေး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ အဘိုးအို ပေါ်တာက သူ့ကို မရည်ရွယ်ဘဲ များစွာ ကူညီခဲ့ခြင်း ဖြစ်ပေသည်။ မူလက သူသည် ဘိုတန်ကို စည်းရုံးရန် နည်းလမ်းအမျိုးမျိုး သုံးရန် ပြင်ဆင်ထားသော်လည်း ယခုမူ ထိုအရာများ မလိုအပ်တော့ပေ။ ဘိုတန်ကိုယ်တိုင်က လိုက်ပါရန် တောင်းဆိုလာသဖြင့် သူ့ကို မောင်းထုတ်ရန် အကြောင်းမရှိပေ။
သူသည် ဖန်တန်ကို လှမ်းကြည့်လိုက်သောအခါ စိတ်ခံစားမှု ပြင်းထန်သော ထိုလုပ်ကြံသတ်ဖြတ်သူမှာလည်း ဘိုတန်၏ ဆုံးဖြတ်ချက်ကြောင့် စိတ်လှုပ်ရှားနေသည်ကို တွေ့ရသည်။ သူ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်နေပြီး ရှဖေးကို ကြည့်လိုက် မိမိကိုယ်ကိုယ် ကြည့်လိုက်ဖြင့် ရှိနေလေသည်။ ထို့နောက် ဖန်တန်သည် မောစတုန်းထဲသို့ ပြန်ဝင်သွားပြီး ဘာမှ ထပ်မပြောတော့ပေ။
ရှဖေးသည် လက်ဖက်ရည် နှစ်ခွက်ကို ငှဲ့လိုက်ပြီး ဘိုတန်၏ ရှေ့တွင် ထိုင်လိုက်သည်။
“ မင်း ငါ့နောက်ကို လိုက်မယ်ဆိုတာ လက်ခံပါတယ်၊ တကယ်တော့ ငါက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်၊ ဒါပေမဲ့ ငါက ကောင်းကင်ကွပ်မျက်ခြင်း သင်တန်းစခန်းမှာ ကျောင်းတက်နေရတာဆိုတော့ မင်း ငါ့အနားမှာ ရှိနေဖို့က သိပ်ပြီး အဆင်မပြေလှဘူး ”
ဘိုတန်သည် ထိုစကားကို ကြားသောအခါ စိုးရိမ်သွားပုံ ရသည်။
“ ဒါဆိုရင် ငါ ဘာလုပ်ရမလဲ ”
ရှဖေးက ရယ်မောရင်း ပြောလိုက်သည်။
“ မင်း စိုးရိမ်စရာ မလိုပါဘူး၊ ငါ့မှာ ကမ္ဘာမြေပေါ်မှာ ‘ကွမ်တမ်ဟိုးဒင်းစ်’ ဆိုတဲ့ ကုမ္ပဏီတစ်ခု ရှိတယ်၊ လောလောဆယ် အဲဒီမှာ ပြုပြင်ထိန်းသိမ်းရေး ကြီးကြပ်သူတစ်ဦး လိုအပ်နေတယ်၊ မင်း အဲဒီမှာ ခေတ္တ အလုပ်လုပ်နေပါလား၊ ဦးလေးပေါ်တာဆီက သတင်းရတာနဲ့ မင်းကို ချက်ချင်း အကြောင်းကြားပေးပါ့မယ်လို့ ငါ ကတိပေးတယ် ”
ဘိုတန်သည် အနည်းငယ် တွန့်ဆုတ်နေဟန် တူပေသည်။ သူသည် ရှဖေး၏ အနားတွင် မရှိလျှင် စိတ်မချသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
“ ကမ္ဘာမြေက ငါ့ရဲ့ ဇာတိမြေပါ၊ နည်းပညာ အဆင့်အတန်းက သိပ်မမြင့်သေးပေမဲ့ ပတ်ဝန်းကျင်ကတော့ သင်္ဘောသင်္ချိုင်းထက် အများကြီး ပိုကောင်းပါတယ်၊ တစ်နှစ်မှာ ရာသီလေးခု ရှိသလို လှပတဲ့ ရာသီဥတုကိုလည်း မင်း ခံစားရလိမ့်မယ်၊ ပြီးတော့ အဆုံးမရှိတဲ့ သမုဒ္ဒရာတွေလည်း ရှိတယ်၊ မင်းရဲ့ သမီးလေးကလည်း ကျောင်းတက်ရမယ့် အရွယ် ရောက်နေပြီ၊ မင်းရဲ့ ဇနီးကလည်း ကျန်းမာရေး သိပ်မကောင်းဘူး မဟုတ်လား၊ ဒီလို သင်္ဘောသင်္ချိုင်း ပတ်ဝန်းကျင်က မင်းရဲ့ မိသားစုကို စောင့်ရှောက်ဖို့အတွက် မသင့်တော်ဘူးလေ ”
ရှဖေးသည် ဘိုတန်အား အကျိုးအကြောင်းများဖြင့် ရှင်းပြပြီးနောက် ဘိုတန်မှာ နောက်ဆုံးတွင် သူ၏ မိသားစုနှင့်အတူ ကမ္ဘာမြေသို့ ပြောင်းရွှေ့နေထိုင်ရန်နှင့် ထိုနေရာတွင် အလုပ်လုပ်ရန် သဘောတူလိုက်လေသည်။ ရှဖေးမှာ အတိုင်းမသိ ဝမ်းသာသွားရသည်။ ပြဿနာတစ်ခု ပြေလည်သွားလျှင် ကျန်သည့်အရာများမှာလည်း အလိုအလျောက် အဆင်ပြေသွားတတ်သည် မဟုတ်လား။
ဘိုတန်သည် ကျွမ်းကျင်သော သင်္ဘောစက်ပြင်ဆရာ တစ်ဦးဖြစ်ရုံတင်မကဘဲ စက်ကိရိယာ ကိုင်တွယ်မှုတွင်လည်း ကျွမ်းကျင်သူ ဖြစ်ပေသည်။ သူနှင့်အတူ ရှိနေပါက ကွမ်တမ်ဟိုးဒင်းစ်၏ နည်းပညာ အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာလိမ့်မည် ဖြစ်သည်။
ထိုအကြောင်းအရာ ပြီးဆုံးသွားသောအခါ ရှဖေးသည် ကုန်တင်သင်္ဘောများ ဝယ်ယူမည့် ကိစ္စကို စတင်ပြောဆိုလိုက်သည်။
ကုမ္ပဏီ၏ လက်ရှိ အခြေအနေကို ကြားသိပြီးနောက် ဘိုတန်က အကြံပြုသည်။ “ ကုန်တင်သင်္ဘော အကြီးစား တစ်စီးကို ကြယ်တာရာဒင်္ဂါး သုံးဘီလီယံလောက် ကျသင့်လိမ့်မယ်၊ ကွမ်တမ်ဟိုးဒင်းစ်ရဲ့ အတိုင်းအတာအရ ဒါက အလဟဿ ဖြုန်းတီးရာ ရောက်လိမ့်မယ် ”
“ ကျွန်တော် အကြံပေးချင်တာကတော့ ကုန်စည်သယ်ယူဖို့အတွက် စက်မှုသင်္ဘော တပ်ဖွဲ့တစ်ခုကို ဝယ်ဖို့ပဲ၊ စက်မှုသင်္ဘောတွေက မောင်းနှင်ရ လွယ်ကူသလို အဝေး ခရီးစဉ်တွေအတွက်တောင် လူသုံးယောက်ပဲ လိုအပ်တယ်၊ ပြုပြင်ထိန်းသိမ်းခကလည်း ကုန်တင်သင်္ဘောကြီးတွေထက် အများကြီး သက်သာတယ်၊ ဒါကြောင့် စက်မှုသင်္ဘော တပ်ဖွဲ့လေးတစ်ခုနဲ့ အရင်စတာက ပိုကောင်းလိမ့်မယ်၊ လုပ်ငန်း အတိုင်းအတာ ကြီးထွားလာမှ ကုန်တင်သင်္ဘောကြီးတွေကို ဝယ်ရင်လည်း မနောက်ကျပါဘူး ”
ရှဖေးနှင့် ဘိုတန်တို့မှာ အမြင်ချင်း တူညီနေကြသဖြင့် ခဏမျှ ဆွေးနွေးပြီးနောက် ‘ဂါယန် အီတာရွန်’ အမျိုးအစား စက်မှုသင်္ဘော ရှစ်စီးကို ဝယ်ယူကာ သူတို့၏ ပထမဆုံး သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ကို တည်ထောင်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
အီတာရွန် စက်မှုသင်္ဘောများသည် ကုန်စည်ပမာဏ ၂၅၀,၀၀၀ ကုဗမီတာအထိ ဆံ့သဖြင့် လက်ရှိအချိန်တွင် ၎င်းတို့အတွက် လုံလောက်လှပေသည်။ ထို့အပြင် ထိုစက်မှုသင်္ဘောများမှာ ဈေးနှုန်းလည်း သက်သာလှပေသည်။ သင်္ဘောသစ် တစ်စီးလျှင် ဒင်္ဂါးသန်း နှစ်ဆယ်ခန့်သာ ကျသင့်ပြီး ဤသင်္ဘောသင်္ချိုင်းတွင် တပ်ဆင်မည်ဆိုပါက ဈေးနှုန်းမှာ ထက်ဝက်ခန့် လျော့နည်းသွားမည် ဖြစ်ရာ သင်္ဘောတစ်စီးလျှင် ဒင်္ဂါးဆယ်သန်းထက် မပိုနိုင်ပေ။
“ ဒါနဲ့… ‘ကြားဖြတ်တိုက်ခိုက်ရေးသင်္ဘော’ လို့ ခေါ်တဲ့ စစ်သင်္ဘော အမျိုးအစား အကြောင်းကို မင်း ကြားဖူးလား ” ရှဖေးသည် အပြန်လမ်းတွင် သူ တွေ့ခဲ့ရသော စတီလက်တို-အဆင့် သင်္ဘောကို ရုတ်တရက် သတိရသွားသည်။ ထိုသင်္ဘော၏ အလွန်အမင်း မြန်ဆန်သော အမြန်ကြောင့် ရှဖေးမှာ သတိကြီးစွာ ထားနေရသဖြင့် ယခုပင် မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။
အခန်း (၁၂၆) တပ်ဖွဲ့တစ်ခု တည်ထောင်ခြင်း
“ ကြားဖြတ်တိုက်ခိုက်ရေးသင်္ဘော ဟုတ်လား ” ဘိုတန်က ခေါင်းခါယမ်းလိုက်သည်။
“ တစ်ခါမှ မကြားဖူးသလို မမြင်ဖူးဘူး၊ အဲဒါက သင်္ဘောအကြီးစားလား ”
ရှဖေးသည် အနည်းငယ် စိတ်ပျက်သွားပုံ ရသည်။
“ မဟုတ်ဘူး… အရွယ်အစားက ဖရီးဂိတ်စစ်သင်္ဘောလောက်ပဲ၊ ဒါပေမဲ့ သူက တစ်စက္ကန့်ကို မီတာ ၁၄,၀၀၀ နှုန်းနဲ့ ပျံသန်းနိုင်တယ်၊ အဲဒါက သူ့ရဲ့ အမြန်အကုန် မဟုတ်သေးဘူးလို့ ငါထင်တယ်၊ အမြန်အကုန်ဆိုရင် တစ်စက္ကန့်ကို မီတာ ၂၀,၀၀၀ ကျော်အထိ သွားနိုင်လိမ့်မယ် ”
“ ဟင်… ” ဘိုတန်မှာ ဆွံ့အသွားရတော့သည်။ ရှဖေး ခန့်မှန်းလိုက်သော တစ်စက္ကန့်လျှင် မီတာ ၂၀,၀၀၀ ဆိုသည့် အမြန်ကို သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ “ ခုန်ကူးအင်ဂျင်တွေ မပေါ်ခင်က စွမ်းဆောင်ရည်မြင့် ပရိုတွန်အင်ဂျင်တွေ ရှိခဲ့ဖူးတယ်၊ အဲဒီအင်ဂျင်တွေက အမြန်အလွန် မြန်ပေမဲ့ မတည်ငြိမ်ဘူး၊ လောင်စာအများကြီး လိုသလို ပြုပြင်ထိန်းသိမ်းရတာလည်း အရမ်းခက်တယ်၊ အခုဆို ဘယ်သူမှ မသုံးကြတော့ဘူး ”
ရှဖေးသည် သူ၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။
“ ငါ မြင်ခဲ့ရသလောက်တော့ အဲဒီသင်္ဘောမှာ ပရိုတွန်အင်ဂျင် မပါဘူး၊ ထားလိုက်ပါတော့… ငါတို့ စဉ်းစားလို့မရရင်လည်း ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့ ”
၎င်းတို့နှစ်ဦးသည် ရုံးခန်းထဲမှ ထွက်လာပြီး စက်ရုံဝင်းအတွင်းသို့ လျှောက်လာကြသည်။ ဝင်းထဲတွင် သင်္ဘော အစင်းနှစ်ဆယ်ခန့် ရှိနေပြီး စက်ကိရိယာများနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း တန်ဖိုးမှာ ကြယ်တာရာဒင်္ဂါး တစ်ဘီလီယံကျော် ရှိပေလိမ့်မည်။ အဘိုးအို ပေါ်တာသည် သူ၏ တပည့်လေးဦးအပေါ် အလွန်ပင် ရက်ရောလှပေသည်။
အနက်ရောင် ‘သွေးစုပ်ဖုတ်ကောင်’အနက်သီမာ-အဆင့် ဖရီးဂိတ်သင်္ဘောသည် ဝင်း၏ အလယ်တွင် ငြိမ်သက်စွာ ရှိနေသည်။ တိုက်ပွဲထဲရောက်မှသာ ဤထိပ်တန်း ဟိုက်ဘရစ် သင်္ဘောသည် ၎င်း၏ အစွယ်များကို ထုတ်ပြလိမ့်မည် ဖြစ်သည်။
“ မင်း ဘာလို့ ဒီသင်္ဘောကိုပဲ မောင်းနေတာလဲ၊ ငါ့ဆရာပေးတဲ့ စစ်တပ်သုံးသိမ်းငှက် -အဆင့် သင်္ဘောက ဘာဖြစ်သွားလို့လဲ ” ဘိုတန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ရှဖေးက ကြယ်ရိုင်းနယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြသောအခါ ဘိုတန်က နှမြောတသစွာ သက်ပြင်းချလိုက်သည်။
“ တကယ် နှမြောစရာပဲ၊ အဲဒီသင်္ဘောက ငါ ဒီစက်ရုံကို စရောက်တဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက ရှိနေတာ၊ ဆရာက အဲဒါကို အမြဲတမ်း ကိုယ်တိုင် လက်နဲ့တိုက်ပြီး သန့်ရှင်းရေး လုပ်ပေးတတ်တာ ”
“ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ၊ မင်း အသက်လုပြီး ထွက်ပြေးလာရတဲ့ အချိန်မှာ ဆုံးရှုံးသွားတာဆိုတော့ ဆရာလည်း မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး ” ဘိုတန်သည် ရှဖေး၏ အခြေအနေကို နားလည်ပေးလိုက်သည်။
အဆုံးစွန်တွင် ရှဖေးသည် ထိုအချိန်က တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်ပေသည်။ အခြားလူသာဆိုလျှင် လကြတ်ကို ကြယ်ရိုင်းနယ်မြေထဲမှ ထွက်နိုင်အောင်ပင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
ဘိုတန်နှင့် ရှဖေးတို့သည် သွေးစုပ်ဖုတ်ကောင်အတွင်းသို့ ဝင်လိုက်သောအခါ ဘိုတန်မှာ အတွင်းပိုင်းရှိ ရှုပ်ပွနေမှုများကို မြင်ပြီး လန့်သွားရသည်။
“ မင်း တော်တော်လေး ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပုံပဲ၊ မဟုတ်ရင် မင်း ပြုပြင်ထားတာတွေက ဒီလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်နေမှာ မဟုတ်ဘူး ”
“ အဲဒီတုန်းက အချိန်သိပ်မရတော့ အားလုံးကို အလျင်စလို လုပ်ခဲ့ရတာလေ ” ရှဖေးက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
“ ဒီ အနက်သီမာ-အဆင့်မှာ ဘာတွေ ထူးခြားလို့လဲ ” ဘိုတန်က မေးလိုက်သည်။
ရှဖေးသည် သင်္ဘော၏ ထူးခြားချက်များနှင့် ၎င်း၏ မြစ်ဖျားခံရာကို ရှင်းပြလိုက်သည်။ ရှဖေး ပြောပြလေလေ ဘိုတန်မှာ ပို၍ အံ့အားသင့်လေလေ ဖြစ်ပြီး ‘စွမ်းအင်စုပ်ယူစက်’ အကြောင်း ကြားလိုက်ရသောအခါတွင်မူ သူ၏ မျက်လုံးများမှာ အပြင်သို့ပင် ထွက်လာတော့မတတ် ဖြစ်သွားရသည်။
“ စွမ်းအင်စုပ်ယူစက်ကို တပ်ဆင်နိုင်တဲ့ ဖရီးဂိတ်သင်္ဘော ဟုတ်လား… အမလေး… မင်း လကြတ်အစား ဒါကို ဘာလို့ ရွေးခဲ့လဲဆိုတာ အခုမှ နားလည်တော့တယ်၊ ဒီစွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းပဲ၊ ငါသာ မင်းနေရာမှာဆိုရင်လည်း ဒါကိုပဲ ရွေးမှာပဲ ” ဘိုတန်က တံတွေးမျိုချရင်း ပြောလိုက်သည်။
“ သွေးစုပ်ဖုတ်ကောင်ကို ဘယ်လို ပြန်ပြီး အဆင့်မြှင့်ဖို့ စဉ်းစားထားလဲ ”
“ လကြတ်တုန်းကလိုပဲ၊ နေထိုင်စရာ နေရာကို သုံးပုံ နှစ်ပုံလောက် လျှော့ချပြီး တိုက်ခိုက်ရေး ပစ္စည်းတွေအတွက်ပဲ သုံးမယ်၊ ပြီးတော့ ဒုတိယ စွမ်းအင်စုပ်ယူစက် တစ်လုံးကိုလည်း ထပ်ပြီး တပ်ဆင်ချင်တယ် ”
ရှဖေးသည် သင်္ဘောသင်္ချိုင်းသို့ မရောက်မီကပင် သွေးစုပ်ဖုတ်ကောင်ကို မည်သို့ ပြုပြင်မည်ကို စဉ်းစားထားပြီးသား ဖြစ်သည်။ သွေးစုပ်ဖုတ်ကောင်၏ အကြီးမားဆုံးသော အားသာချက်မှာ စွမ်းအင်စုပ်ယူစက် တပ်ဆင်နိုင်ခြင်း ဖြစ်ရာ ရှဖေးသည် ၎င်းကို အပြည့်အဝ အသုံးချချင်နေခြင်း ဖြစ်သည်။
ဒုတိယ စွမ်းအင်စုပ်ယူစက်ကို တပ်ဆင်လိုက်ပါက သွေးစုပ်ဖုတ်ကောင်၏ စွမ်းအင်စုပ်ယူမှု အမြန်မှာ နှစ်ဆ တိုးလာမည် ဖြစ်သည်။ စုပ်ယူစက် နှစ်လုံးနှင့်ဆိုလျှင် ရန်သူ့သင်္ဘောမှ စွမ်းအင်ကုန်အောင် စုပ်ယူရန် မူလက ငါးမိနစ် ကြာသည်ဆိုလျှင် ယခုမူ ထက်ဝက်ခန့်သာ ကြာတော့မည် ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ရန်သူ့သင်္ဘော နှစ်စင်းကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်မည် ဖြစ်သဖြင့် တိုက်ခိုက်ရေး စွမ်းရည်မှာ အထွတ်အထိပ်သို့ ရောက်သွားမည် ဖြစ်ပေသည်။
“ စုပ်ယူစက် နှစ်လုံး တပ်တာက ကောင်းတဲ့ အကြံပဲ၊ ဒါပေမဲ့ ငါ့အထင်တော့ မင်း အကာအကွယ် ဒိုင်းစနစ် အပြင်းစား နှစ်ခုကိုလည်း ထပ်ပြီး တပ်သင့်တယ်၊ စုပ်ယူစက်တွေ ဖွင့်ထားတဲ့ အချိန်မှာ သွေးစုပ်ဖုတ်ကောင်က ရလာတဲ့ စွမ်းအင်တွေနဲ့ ဒိုင်းနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ထိန်းထားနိုင်ပြီး ကာကွယ်ရေးစွမ်းရည်က အများကြီး မြင့်တက်လာလိမ့်မယ် ” ဘိုတန်က စဉ်းစားပြီး ပြောလိုက်သည်။
“ မင်းက ငါ့အကြောင်းကို တကယ် နားလည်တာပဲ၊ အဲဒီ အသုံးမဝင်တဲ့ အသုံးအဆောင်တွေကို အကုန်ထုတ်ပစ်လိုက်၊ တိုက်ခိုက်ရေးစွမ်းရည်သာ ကောင်းမယ်ဆိုရင် ငါ နေ့တိုင်း ကွပ်ကဲမှုခန်းထဲမှာပဲ အိပ်ရလည်း ကျေနပ်ပါတယ် ” ရှဖေးက ပြုံးလျက် ဘိုတန်၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
ပြုပြင်မည့် ပုံစံကို အတည်ပြုပြီးနောက် အလုပ်များကို ချက်ချင်း စတင်လိုက်ကြတော့သည်။
ထိုနေ့ နေ့လည်ခင်းတွင် အဘိုးအို ပေါ်တာ၏ စက်ရုံမှာ အလွန်ပင် အလုပ်များသွားရသည်။
ရှဖေးသည် ယခင်က ဤစက်ရုံတွင် အလုပ်လုပ်ခဲ့ဖူးသဖြင့် ဝန်ထမ်းများနှင့် ရင်းနှီးပြီးသား ဖြစ်ပေသည်။ အလုပ်သမားများသည် သွေးစုပ်ဖုတ်ကောင်ကို အမြန်ဆုံး ပြီးစီးရန်အတွက် အချိန်ပိုဆင်း၍ ကူညီပေးကြသည်။
ရှဖေးကလည်း ၎င်းတို့၏ စေတနာကို မငြင်းပယ်ဘဲ ဆိုနီကို တိတ်တဆိတ် ဆက်သွယ်ကာ ၎င်းတို့အတွက် အကောင်းဆုံးသော ထောက်ပံ့မှုများ ပေးရန် ခိုင်းစေလိုက်သည်။ အစားအသောက်နှင့် အချိုရည်များကို အလျှံပယ် ကျွေးမွေးစေပြီး နေ့စဉ် မတူညီသော ဟင်းလျာများကို ပြင်ဆင်ပေးစေသည်။
အလုပ်များမှာ အလွန်ပင် လျင်မြန်စွာ တိုးတက်လာပြီး တစ်ညအတွင်းမှာပင် သွေးစုပ်ဖုတ်ကောင်ပေါ်မှ အသုံးမပြုတော့မည့် ပစ္စည်းများကို အကုန် ဖြုတ်ချလိုက်နိုင်သည်။
တန်ဖိုးကြီးသော စကျင်ကျောက် ရေချိုးကန်များ၊ နူးညံ့သော မွေ့ယာများ၊ သတ္တု မီးဖိုချောင်သုံး ပစ္စည်းများ… အားလုံးကို အလုပ်သမားများကို ပေးလိုက်သည်။ အားလုံးကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံကြလေသည်။ ရှဖေးကဲ့သို့ အေးစက်မာကြောသော ကြမ်းပြင်ပေါ်တွင် အိပ်နိုင်သူမှာ လူတိုင်း မဟုတ်ပေ။
စွမ်းအင်စနစ်တွင်လည်း သိုလှောင်ဘက်ထရီ တစ်ခုကို ထပ်တိုးလိုက်သည်။ သို့မှသာ ရန်သူ့ထံမှ ခိုးယူလာသော စွမ်းအင်များကို မဖြုန်းတီးဘဲ သိုလှောင်ထားနိုင်မည် ဖြစ်သည်။
ခုန်ကူးနှောင့်ယှက်စနစ် နှင့် ဆွဲငင်ထိန်းချုပ်စနစ် များကိုလည်း ပြန်လည် နေရာချလိုက်ပြီး လေဆာအမြောက်လေးစင်းကို နှစ်ခုတွဲအမြောက်များအဖြစ် ပြောင်းလဲလိုက်သည်။ ဆိုလိုသည်မှာ အမြောက်တစ်ခုစီမှ လေဆာတန်း နှစ်ခုစီ ထွက်လာမည် ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းအားမှာ ခြောက်ဆယ်ရာခိုင်နှုန်းခန့် တိုးလာမည် ဖြစ်သည်။
ထပ်တိုးလာမည့် စွမ်းအင်စားသုံးမှုကိုမူ ရှဖေး မစိုးရိမ်ပေ။ စွမ်းအင်စုပ်ယူစက်မှ ရလာမည့် စွမ်းအင်များက ထိုပစ္စည်းများ အားလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုရန် လုံလောက်နေမည် ဖြစ်သောကြောင့် ဖြစ်သည်။
ထို့အပြင် ဒိုင်းကာစနစ်ကို အမြဲမပြတ် ပြန်လည် ဖြည့်တင်းပေးနိုင်သော CL5 ဒိုင်းစနစ် နှစ်ခုကိုလည်း တပ်ဆင်လိုက်သဖြင့် ကာကွယ်ရေးစွမ်းရည်မှာ သုံးဆယ်ရာခိုင်နှုန်းကျော် တိုးလာခဲ့သည်။
ရှဖေးသည် လကြတ်ပေါ်မှ ပစ္စည်းအချို့ကို ယူလာခဲ့သဖြင့် လိုအပ်သော အစိတ်အပိုင်း အများစုကို ဝယ်စရာ မလိုတော့ပေ။ ထို့အပြင် သွေးစုပ်ဖုတ်ကောင်မှာ သင်္ဘောသစ် ဖြစ်သဖြင့် လဲလှယ်ရမည့် အစိတ်အပိုင်း နည်းပါးကာ ပြုပြင်မှုမှာ ယခင်ကထက် ပို၍ မြန်ဆန်ခဲ့သည်။
သို့သော်လည်း ဒုတိယ စွမ်းအင်စုပ်ယူစက်ကို တပ်ဆင်ရာတွင်တော့ အခက်အခဲ အချို့ ရှိခဲ့သည်။ မူလပါလာသော အဆင့်မြင့် စုပ်ယူစက်မှာ ‘ရှားစန်း’ ထုတ်လုပ်ရေး ကုမ္ပဏီမှ ဖြစ်ပြီး စွမ်းဆောင်ရည် အလွန် ကောင်းမွန်လှသည်။ သို့သော် ထိုကဲ့သို့သော ထိပ်တန်းပစ္စည်းမျိုးကို ဈေးကွက်ထဲတွင် ရှာရန် အလွန်ခက်ခဲသဖြင့် ရှဖေးမှာ သာမန် အမျိုးအစား တစ်ခုကိုသာ တပ်ဆင်လိုက်ရသည်။ ၎င်းမှာ သွေးစုပ်ဖုတ်ကောင်၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ‘အီတာရွန်-အဆင့်’ စက်မှုသင်္ဘော ရှစ်စီးကို သင်္ဘောသင်္ချိုင်း၏ နေရာအနှံ့မှ တစ်စီးပြီးတစ်စီး ယူဆောင်လာခဲ့သည်။ ထိုစက်မှုသင်္ဘောများမှာ အတော်လေး ဟောင်းနွမ်းနေပြီ ဖြစ်သဖြင့် ချက်ချင်း ပြုပြင်ရန် လိုအပ်နေသည်။ သွေးစုပ်ဖုတ်ကောင်၏ အလုပ်များ ပြီးသွားလျှင် ထိုသင်္ဘောများကို ပြုပြင်ရေးခန်းထဲသို့ ထည့်မည် ဖြစ်သည်။
ရှဖေးသည် ကုန်တင်သင်္ဘောများကို စောင့်ရှောက်ရန်အတွက် ‘မစ်တားလီးယန်း ရစ်ဖ်တာ’ နှင့် ကယ်လ်ဒါရီးယန်း ကတ်စထရယ်ဖရီးဂိတ်စစ်သင်္ဘော နှစ်စင်းကိုလည်း ရွေးချယ်လိုက်သည်။
ရစ်ဖ်တာသည် အမြန်မြန်သဖြင့် ရန်သူကို ခြေရာခံရန် သင့်တော်ပြီး ကတ်စထရယ်မှာမူ တိုက်ခိုက်ရေးစွမ်းအား ကောင်းမွန်လှသည်။ ထိုသင်္ဘောနှစ်စင်းသည် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနိုင်ပြီး အမြန်ရော အင်အားပါ ရှိသော အဖွဲ့တစ်ခု ဖြစ်လာမည် ဖြစ်ပေသည်။
အီတာရွန် ရှစ်စီးအတွက် ကြယ်တာရာဒင်္ဂါး ၉၃ သန်း၊ ရစ်ဖ်တာအတွက် ၂၈ သန်းနှင့် ကတ်စထရယ်အတွက် ၃၅ သန်း ကုန်ကျခဲ့သည်။
ဤတပ်ဖွဲ့အတွက် သင်္ဘောဖိုးတင် ၁၅၆ သန်း ကုန်ကျခဲ့ပြီး ပြုပြင်ခများ မပါသေးပေ။ ရှဖေး၏ ခန့်မှန်းချက်အရ တပ်ဖွဲ့တစ်ခုလုံး အဆင်သင့် ဖြစ်စေရန်အတွက် အနည်းဆုံး သန်းနှစ်ရာခန့် ကုန်ကျမည် ဖြစ်သည်။ ဘိုတန်သည် ရှဖေးကို အရင်းဈေးအတိုင်းသာ ရောင်းပေးခဲ့ခြင်းဖြစ်ပြီး အကျိုးအမြတ် တစ်ပြားတစ်ချပ်မှ မယူခဲ့သည်ကိုလည်း မှတ်သားထားရပေမည်။
မဟာမိတ်နယ်မြေအတွင်း ခရီးသွားလာခြင်းမှာ အတော်လေး ဘေးကင်းလှပေသည်။ ပင်လယ်ဓားပြများ တိုက်ခိုက်ခြင်းမှာ ဤစကြဝဠာနယ်မြေတွင် အလွန် ရှားပါးလှသည်။ သို့သော်လည်း ရှဖေးက ထိုစစ်သင်္ဘော နှစ်စင်းကို ဝယ်ရန် အတင်းအကျပ် ဆုံးဖြတ်ခဲ့ခြင်းမှာ အခြား ရည်ရွယ်ချက် ရှိသောကြောင့် ဖြစ်သည်။
ဤတပ်ဖွဲ့သည် ကမ္ဘာမြေဖက်ဒရေးရှင်း၏ ပထမဆုံးသော အာကာသတပ်ဖွဲ့ ဖြစ်လာမည် ဖြစ်သည်။ ၎င်းက သူ၏ ကုမ္ပဏီဖြစ်သော ကွမ်တမ်ဟိုးဒင်းစ်၏ ဂုဏ်သိက္ခာကို များစွာ မြင့်တက်စေမည် ဖြစ်ပေသည်။ ဖက်ဒရေးရှင်း အစိုးရ၌ပင် ကိုယ်ပိုင် စစ်သင်္ဘောတစ်စင်းမှ မရှိသေးချိန်တွင် သူ၏ ကုမ္ပဏီက အပြင်လူ အကူအညီ မပါဘဲ တပ်ဖွဲ့တစ်ခု တည်ထောင်နိုင်ခြင်းမှာ ဖက်ဒရေးရှင်း လူထုကို အံ့အားသင့်သွားစေမည် ဖြစ်သည်။
စီးပွားရေးလုပ်ခြင်းသည်လည်း အနုပညာတစ်ခုပင် ဖြစ်သည်။ ကုမ္ပဏီတစ်ခု၏ ဂုဏ်သိက္ခာ ကောင်းလေလေ၊ စီးပွားဖက်များနှင့် အကျိုးအမြတ်များ ပိုမို ရရှိလေလေ ဖြစ်သည်။ ၎င်းမှာ ဆိုင်တစ်ဆိုင် မဖွင့်မီ ဆိုင်ကို အလှဆင်ခြင်းနှင့် တူပေသည်။ ဂုဏ်သတင်းနှင့် အထင်အမြင်မှာ စီးပွားရေးလုပ်ရာတွင် မေ့လျော့ထား၍ မရသော အရာများ ဖြစ်ပေသည်။
ထို့အပြင် သူ၏ တပ်ဖွဲ့သည် ဝေးလံသော အဆင့်မြင့် ဂြိုဟ်များသို့ သွားရောက်ရမည် ဖြစ်ရာ ကွမ်တမ်ဟိုးဒင်းစ်၌ ဖရီးဂိတ်သင်္ဘောတောင် မရှိကြောင်း သိသွားပါက ပြင်ပကမ္ဘာမှ လူများက မည်သို့ ထင်ကြမည်နည်း။ အင်အားမရှိသော ကုမ္ပဏီတစ်ခုနှင့် မည်သူက စီးပွားရေး လုပ်ချင်မည်နည်း။
သူ့အတွက် တပ်ဖွဲ့တစ်ခု တည်ထောင်ရန် ဆုံးဖြတ်ပြီးပြီဖြစ်ရာ အကောင်းဆုံးသာ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ အချို့သော ပိုက်ဆံများကို ချွေတာနိုင်သော်လည်း အချို့မှာမူ သုံးစွဲရန် လိုအပ်ပေသည်။
ရှဖေး၏ ဘဏ်အကောင့်ထဲမှ ပိုက်ဆံများမှာ တရိပ်ရိပ် လျော့နည်းလာနေသည်။ တပ်ဖွဲ့တည်ဆောက်ရန် သန်းနှစ်ရာ၊ ကုမ္ပဏီ လည်ပတ်ရန် ရန်ပုံငွေ သန်းနှစ်ရာနှင့် သွေးစုပ်ဖုတ်ကောင်ကို ပြုပြင်ခများက ရှဖေးအား ပိုက်ဆံသုံးရသည်မှာ မည်မျှ လွယ်ကူကြောင်း သတိပေးနေသကဲ့သို့ ရှိပေသည်။
ကံကောင်းသည်မှာ ဘိုတန်သည် အဘိုးအို ပေါ်တာ ချန်ထားခဲ့သော စက်ကိရိယာများကို မရောင်းချခြင်းပင် ဖြစ်သည်။ သူ အချိန်အကြာကြီး အသုံးပြုခဲ့သော ကိရိယာများနှင့် ခွဲခွာရန် ခက်ခဲနေသဖြင့် ကမ္ဘာမြေသို့ ပြောင်းရွှေ့သောအခါ ထိုပြုပြင်ထိန်းသိမ်းရေး ကိရိယာအားလုံးကို ယူဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ရှဖေးအတွက် ထိုပစ္စည်းများ ဝယ်ယူရမည့် ကုန်ကျစရိတ်ကို သက်သာစေခဲ့သည်။
ဆယ်ရက်အကြာတွင် ပြုပြင်ပြီးစီးသွားသော သွေးစုပ်ဖုတ်ကောင်ကို ပုံစံသစ်ဖြင့် ပြင်ပသို့ ထုတ်ယူလာခဲ့သည်။ လုပ်ဆောင်ရမည့် အရာအားလုံး ပြီးစီးသွားပြီ ဖြစ်ပေသည်။
“ ရှဖေး… မင်းရဲ့ သင်္ဘောက ကြည့်ရတာ အရမ်း သာမန်ကာလျှံကာ နိုင်လွန်းတယ်၊ ထိပ်တန်း အထူးတပ်ဖွဲ့သုံး သင်္ဘောနဲ့တောင် မတူဘူး ” ဘိုတန်က မှတ်ချက်ပေးလိုက်သည်။
“ အင်း… ” ရှဖေးက ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ သာမန်ကာလျှံကာ နေမှ အသက်ရှည်မှာပေါ့၊ အရမ်း ပေါ်လွင်နေတာက မကောင်းပါဘူး၊ ကျန်တဲ့ စက်မှုသင်္ဘောတွေနဲ့ ဖရီးဂိတ်တွေကိုတော့ မင်းပဲ တာဝန်ယူလိုက်တော့၊ ငါ ဒီည ကောင်းကင်ကွပ်မျက်ခြင်း သင်တန်းစခန်းကို ပြန်သွားရမယ် ”
“ စိတ်မပူပါနဲ့… ဒီက အလုပ်တွေ ပြီးတာနဲ့ မင်းရဲ့ တပ်ဖွဲ့ကို ကမ္ဘာမြေအရောက် ငါ ဘေးကင်းကင်းနဲ့ ပို့ပေးပါ့မယ်၊ ဒါပေမဲ့ ဆရာ ချန်ထားခဲ့တဲ့ ဒီစက်ရုံကိစ္စတွေကို ရှင်းရဦးမှာဆိုတော့ အချိန်နည်းနည်းတော့ ကြာလိမ့်မယ် ” ဘိုတန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
ထို့နောက် ဘိုတန်သည် နှမြောတသစွာဖြင့် လှည့်ကြည့်လိုက်ပြီး သူနှင့် သူ၏ ဆရာတို့ အတူတူ ပြုပြင်ခဲ့ကြသော သင်္ဘောများကို ကြည့်ကာ ငေးမောနေမိသည်။
“ အချိန်ယူပြီး ဖြည်းဖြည်းချင်း လုပ်ပါ၊ ဦးလေးပေါ်တာက ဒီစက်ရုံအတွက် အများကြီး ကြိုးစားခဲ့တာ၊ ရောင်းမယ်ဆိုရင်တောင် သေချာ ဂရုစိုက်ပါ၊ ဂုဏ်သတင်း ကောင်းတဲ့ ဝယ်လက်ကိုပဲ ရွေးပါ၊ မင်းဆရာရဲ့ ဂုဏ်သိက္ခာကို အပျက်မခံပါနဲ့ ” ရှဖေးသည် ဟုန်ထာရှန်း ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ပြောလိုက်သည်။
“ ဟုတ်ကဲ့… စိတ်ချရတဲ့ ဝယ်လက်ကိုပဲ ရောင်းပါ့မယ် ” ဘိုတန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ ဒါနဲ့… ဆိုနီက ငါတို့နဲ့အတူ ကမ္ဘာမြေကို လိုက်ချင်တယ်လို့ ငါ့ကို တိုးတိုးလေး ပြောထားတယ်၊ သူက တစ်ခါတလေ စိတ်ကူးယဉ်တတ်ပေမဲ့ လူဆိုးတော့ မဟုတ်ပါဘူး၊ ပြီးတော့ သူက သင်္ဘောမောင်းတာရော ပြုပြင်တာရော အတွေ့အကြုံ ရှိတယ်ဆိုတော့ ငါ့ရဲ့ လက်ထောက်အဖြစ် လုပ်ဖို့ သင့်တော်ပါတယ် ”
“ ဒီရက်ပိုင်း သူ့ကို ခဏခဏ တွေ့နေရတာပဲ၊ ဘာလို့ ငါ့ကို ကိုယ်တိုင် မပြောတာလဲ ” ရှဖေးက မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။
ဘိုတန်က ရယ်မောလိုက်ပြီး “ ဆိုနီက တစ်နေကုန် ပြုံးဖြဲဖြဲ လုပ်နေပေမဲ့ သူ့အမေကိုတော့ အကြောက်ဆုံးပဲ၊ သူ့အမေက မင်းကို အလုပ်မရှုပ်စေနဲ့လို့ မှာထားလို့ ငါ့ကနေတစ်ဆင့် မင်းကို လှမ်းမေးခိုင်းတာ ဖြစ်မှာပါ ”
ရှဖေး ခဏမျှ စဉ်းစားလိုက်သည်။ ဆိုနီသည် အတော်လေး ထက်မြက်သော်လည်း တည်ငြိမ်မှု အနည်းငယ် လိုအပ်နေသေးသည်။ အရေးကြီးသော နေရာတွင် မထားသရွေ့တော့ ကုမ္ပဏီအတွက် အထောက်အကူ ဖြစ်နိုင်ပေသည်။
“ ရပါတယ်… ငါ သဘောတူတယ်လို့ သူ့ကို ပြောလိုက်ပါ၊ ဆိုနီရဲ့ အမေနဲ့ သူ့ညီ နီမို ကိုလည်း ကမ္ဘာမြေကို အတူတူ ခေါ်လာခဲ့လိုက်ပါ၊ သူတို့က ဒီသင်္ဘောသင်္ချိုင်းမှာပဲ နေလာကြတာဆိုတော့ ဆိုနီတို့ မိသားစု ပါလာရင် မင်းရဲ့ ဇနီးနဲ့ သမီးအတွက်လည်း အဖော်ရတာပေါ့ ”
ရှဖေးသည် ဘိုတန်ကို သူ၏ လူအဖြစ် သတ်မှတ်ပြီးကတည်းက ဘိုတန်နှင့် ပတ်သက်သမျှ အရာအားလုံးကို ထည့်သွင်းစဉ်းစားပေးနေခြင်း ဖြစ်သည်။ ဘိုတန်ကဲ့သို့ သံယောဇဉ်ကြီးသူများမှာ ပိုက်ဆံထက် စိတ်ကျေနပ်မှုကိုသာ ပို၍ တန်ဖိုးထားတတ်ကြသည်။ ထို့အတူ ဘိုတန်က ရှဖေးကို သူ၏ လူအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ရာ ရှဖေး လိုအပ်သမျှ အရာအားလုံးကို သူ၏ အစွမ်းရှိသရွေ့ ကူညီပေးတော့မည် ဖြစ်ပေသည်။
“ ကောင်းပါပြီ ” ဘိုတန်သည် ရှဖေးကို ကြည့်ကာ စိတ်လှုပ်ရှားသွားရသည်။
“ ငါ့မိသားစုအတွက် အခုလို စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်၊ ကဲ… သွားကြစို့၊ ညီအစ်ကိုတွေ စောင့်နေကြပြီ၊ ဒီတစ်ခွက် သောက်ပြီးရင် မင်း သင်တန်းစခန်းကို ပြန်သွားရမယ်၊ ကောင်းကင်ကွပ်မျက်ခြင်း သင်တန်းစခန်းကို ဝင်ရတာ မလွယ်ဘူးဆိုတော့ မင်း အခွင့်အရေးကို တန်ဖိုးထားသင့်တယ် ”
“ အကယ်၍ ငါ့ဆရာက မင်းကို ဆက်သွယ်ခဲ့ရင်… ”
ရှဖေးက ဘိုတန်၏ ပုခုံးကို ပုတ်လိုက်ပြီး “ စိတ်အေးအေးထားပါ၊ ဦးလေးပေါ်တာ ငါ့ကို ဆက်သွယ်တာနဲ့ မင်းကို ချက်ချင်း အကြောင်းကြားပေးပါ့မယ် ”
သွေးစုပ်ဖုတ်ကောင်သည် အော့တာမြို့ အပြင်ဘက်ရှိ လေဆိပ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။
ရှဖေးသည် အချိန်မဆွဲဘဲ ကောင်းကင်ကွပ်မျက်ခြင်း စခန်းသို့ အပြေးအလွှား သွားခဲ့သည်။ မနက် ကိုးနာရီ ဖြစ်ရာ အလုပ်စတင်ချိန် ဖြစ်ပေသည်။ ရှဖေးသည် အဆောင်သို့ပင် မဝင်တော့ဘဲ စာကြည့်တိုက်သို့ တန်းသွားလိုက်လေသည်။
ဟက်စတား တွင် ဆောင်းရာသီ ရောက်နေပြီ ဖြစ်သည်။ ဖြူဖွေးသော စာကြည့်တိုက်ကြီးမှာ အမှိုက်များဖြင့် တစ်ဖန် ပြန်လည် ဝန်းရံခံနေရသည်ကို ရှဖေး မြင်လိုက်ရသည်။ သစ်ရွက်ခြောက်များ၊ စက္ကူများနှင့် ထူထပ်သော နှင်းများမှာ ရှဖေး မရှိခိုက် ယခင်ကကဲ့သို့ ပြန်လည် ရှုပ်ပွနေခြင်း ဖြစ်ပေသည်။
စာကြည့်တိုက်အတွင်းတွင် အပူပေးစက်များမှာ အစွမ်းကုန် အလုပ်လုပ်နေပြီး ချင်မန်မှာတော့ နက်မှောင်သော ကြောင်ကြီးကို ပွေ့ပိုက်လျက် အိပ်ပျော်နေဆဲ ဖြစ်သည်။
ရှဖေးသည် ချင်မန် မှာထားသော လက်ဖက်ခြောက်များကို စားပွဲပေါ်သို့ အသာအယာ တင်လိုက်သည်။ ‘ လုံကျင်း’ လက်ဖက်ရည်မှာ အလွန် ရှားပါးလှရာ အန်ဒရေပင်လျှင် အချိန်အတော်ကြာ ရှာဖွေပြီးမှ ၁၂ ပိဿာခန့်သာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှဖေးသည် ‘တာဟုန်ဖောင်း’ နှင့် ‘ပိလော့ချွန်း’ ကဲ့သို့သော အခြား အရည်အသွေးမြင့် လက်ဖက်ရည်များကိုလည်း ချင်မန်အတွက် ယူလာခဲ့လေသည်။
ရှဖေးသည် ဖျော်ပြီးသား လက်ဖက်ရည်အိုးကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် စာကြည့်တိုက်အတွင်းရှိ ဖုန်မှုန့်များကို အလျင်အမြန် သန့်ရှင်းရေး လုပ်လိုက်သည်။
ချင်မန်သည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ပျင်းရိဝဖိုနေသော ကြောင်နက်ကြီးကို သူ၏ ညာလက်ဖြင့် ပွတ်သပ်ပေးရင်း အလုပ်ရှုပ်နေသော ရှဖေးကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။
ချင်မန် နိုးလာသည်ကို မြင်သောအခါ ရှဖေးသည် ပြုံးလျက် အနားသို့ လာကာ လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။
“ အဖိုး… ဒါက ကျွန်တော့် ဇာတိက ထွက်တဲ့ ‘တာဟုန်ဖောင်း’ ပါ၊ သူက လုံကျင်းလောက် မမွှေးပေမဲ့ သူ့မှာ ကိုယ်ပိုင် ထူးခြားချက် ရှိပါတယ်၊ တစ်ငုံလောက် မြည်းကြည့်ပါဦး ”
ချင်မန်သည် လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းနားသို့ ယူဆောင်ကာ တစ်ငုံမျှ သောက်လိုက်ပြီး အရသာခံကြည့်ကာ “ နူးညံ့ပြီး အရသာရှိသားပဲ… မဆိုးပါဘူး ” ဟု ရေရွတ်လိုက်သည်။
လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီးနောက် ချင်မန်သည် ဟောင်းနွမ်းနေသော သော့နှစ်ချောင်းကို ထုတ်ပေးလိုက်သည်။
“ ဒါတွေက မြေအောက်ထပ်က အခန်းနှစ်ခန်းရဲ့ သော့တွေပဲ၊ ဒါကို ယူထားလိုက်၊ ဒီနေ့ကစပြီး မင်းရဲ့ ပုံမှန်တာဝန်တွေအပြင် မြေအောက်ထပ်ကိုလည်း သန့်ရှင်းရေး လုပ်ရမယ် ”
ရှဖေးမှာ အံ့အားသင့်သွားပြီးမှ ချင်မန်၏ လက်ထဲမှ သော့များကို ယူလိုက်လေသည်။ ထိုအဖိုးအိုသည် မြေအောက်ထပ်ရှိ လျှို့ဝှက်ခန်း နှစ်ခန်းအနားသို့ သူ့ကို တစ်ခါမှ အကပ်မခံခဲ့ဖူးသော်လည်း ယနေ့တွင် သော့များကို ပေးလိုက်ပြီ ဖြစ်သည်။ ဤသည်မှာ ဘာကို ဆိုလိုခြင်း ဖြစ်သနည်း။