ရတနာနယ်မြေကို ရှင်းလင်းခြင်း...
Vol. 70 Ch. 990
" အဲ့ဒီအကြောင်း ထပ်ပြောမနေတော့နဲ့။ " မန်ခွန်းက အခြားနတ်ဘုရားအရှင်သခင်များကို ကြည့်လိုက်သည်။ " အခုအခြေအနေအရ ငါတို့ မန်ဟွမ်ရှေးဟောင်းနိုင်ငံက လီယန်ရှေးဟောင်းနိုင်ငံနဲ့ တစ်ဖက်တည်း ရပ်တည်ရတော့မယ်။ ငါတို့ ရတနာနယ်မြေကို မသိမ်းပိုက်နိုင်ခဲ့ရင်တောင် လီယန်ရှေးဟောင်းနိုင်ငံက သိမ်းပိုက်နိုင်အောင် ကူညီပေးရမယ်။ "
လက်ရှိတွင် တဖုရှေးဟောင်းနိုင်ငံက အသာစီးရနေသော်လည်း အမှန်တကယ် အဆုံးအဖြတ်ပေးမည့်တိုက်ပွဲသို့ ရောက်မလာသေးပေ။ လီယန်ရှေးဟောင်းနိုင်ငံနှင့် မန်ဟွမ်ရှေးဟောင်းနိုင်ငံတို့အတွက် အခွင့်အရေးရှိနေသေးသည်။
အခြားနတ်ဘုရားအရှင်သခင်များကလည်း ထိုစကားကို ကြားသောအခါ လေးနက်သော အမူအရာများဖြင့် ခေါင်းညိမ့်လိုက်ကြသည်။ မန်ဟွမ်ရှေးဟောင်းနိုင်ငံက လီယန်ရှေးဟောင်းနိုင်ငံနှင့် မဟာမိတ်ဖွဲ့ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
တတိယမြောက် အမြုတေတိုင်ကြီး၏ ရှေ့တွင် တဖု၊ ရွှမ်ယင်၊ တလင်းနှင့် ကျင်းလဲ့ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက စုဝေးနေကြသည်။
" ဟားဟား... အားလုံးပဲ။ အခု ငါတို့ သန့်စင်ထားတဲ့ အမြုတေတိုင်အရေအတွက်က လီယန်ရှေးဟောင်းနိုင်ငံထက် အများကြီးသာလွန်နေပေမယ့် ပေါ့ပေါ့ဆဆတော့ မနေသင့်ဘူး။ " ဖုရှုက နတ်ဘုရားအရှင်သခင်များကို ကြည့်ပြီး ပြောလိုက်သည်။
ပုံမှန်အားဖြင့် အသစ်ထွက်ပေါ်လာသော ရတနာနယ်မြေများအတွက် ယှဉ်ပြိုင်မှုမှာ နောက်ဆုံးရာစုနှစ်အတွင်း အဆုံးအဖြတ် တိုက်ပွဲကြီးများ ဖြစ်ပွားလေ့ရှိသည်။ အဆုံးအဖြတ် တိုက်ပွဲဆိုသည်မှာ ရှေးဟောင်းနိုင်ငံအသီးသီးမှ အစွမ်းထက်ဆုံး အင်အားကြီးသူများက မည်သည့်ချန်လှပ်မှုမှ မရှိဘဲ အစွမ်းကုန်တိုက်ခိုက်ခြင်းကို ဆိုလိုသည်။
အကယ်၍ နောက်ဆုံးတိုက်ပွဲဖြစ်လာလျှင်တောင် ကြိုတင်၍ အသားစီးရထားခြင်းက ဆက်လက်၍ အားသာချက်ဖြစ်စေမည်ဟု ဖုရှုက အပြည့်အဝ ယုံကြည်ထားသည်။ ဖုရှုက နဂါးငွေ့တန်းကိူ အချိန်ဆွဲထားနိုင်လျှင် လီယန်ရှေးဟောင်းနိုင်ငံဘက်မှ ထူးထူးခြားခြား ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
" ဒါဆိုရင်တော့ ညီအကိုဖုရှုကို ကြိုပြီး ဂုဏ်ပြုထားပါရစေ။ " ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ စုယက စကားပြောလိုက်သည်။
ရုတ်တရက် အောက်ရှိ ကျင်းလဲ့ရှေးဟောင်းနိုင်ငံမှ လဲ့စီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" ဖုရှု " လဲ့စီက ချက်ချင်း ပြောလိုက်သည်။ " အဲ့ဒီနဂါးငွေ့တန်းက ငါသန့်စင်ထားတဲ့ အမြုတေတိုင်အနီးမှာ ရုတ်တရက် ပေါ်လာတယ်။ "
" အို " ဖုရှု၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။ " နဂါးငွေ့တန်းက ဘာလုပ်ဖို့ လာတာလဲ မေးကြည့်ပါဦး။ "
နဂါးငွေ့တန်း၏ ပေါ်လာမှုကြောင့် ဖုရှုက အဆုံးအဖြတ်တိုက်ပွဲကို တွေးမိသွားသည်။ သို့သော် သူက သံသယရှိနေဆဲ ဖြစ်သည်။ ပုံမှန် ရတနာနယ်မြေယှဉ်ပြိင်မှုတွင် အဆုံးအဖြတ်တိုက်ပွဲများက အမြုတေတိုင်ကြီးများတွင်သာ ဖြစ်လေ့ရှိပြီး အမြုတေတိုင်ကြီးများမရှိလျှင်တောင် အဓိကအမြုတေတိုင်များကိုသာ ပစ်မှတ်ထားလေ့ရှိသည်။
သို့မှသာ လိုအပ်သလို ရှေ့တိုးနောက်ဆုတ် လုပ်နိုင်လေသည်။ သို့သော် လဲ့စီ၏ စကားအရ နဂါးငွေ့တန်းက ရတနာနယ်မြေ၏ အစွန်အဖျားတွင် ပေါ်လာခြင်းဖြစ်သည်။
ခဏကြာသောအခါ လဲ့စီ၏ အမူအရာက မှင်သက်သွားခဲ့သည်။
" ဘာဖြစ်လို့လဲ။ " ဖုရှုက သတိပြုမိသွားပြီး ချက်ချင်း မေးလိုက်သည်။
" အဲ့ဒီအမြုတေတိုင်မှာ ထားခဲ့တဲ့ ငါ့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာ ပျက်စီးသွားပြီ။ " လဲ့စီက လျင်မြန်စွာ ပြောလိုက်သည်။
" ပျက်စီးသွားတာလား။ " ဖုရှုက အနည်းငယ် မှင်သက်သွားသည်။
လဲ့စီက ကျင်းလဲ့ရှေးဟောင်းနိုင်ငံ၏ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်ပြီး မိုးကြိုးများမှ မွေးဖွားလာသော သက်ရှိဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို သတ်ဖြတ်ရန် ဖုရှုပင် အချိန်အနည်းငယ် ယူရပေလိမ့်မည်။
" ကျင်းလဲ့ရှေးဟောင်းနိုင်ငံရဲ့ လက်နက်ကရော " ဖုရှုက မေးလိုက်သည်။
" သုံးဖို့တောင် အချိန်မရလိုက်ဘူး။ " လဲ့စီက ပြောလိုက်သည်။
" သုံးဖို့တောင် အချိန်မရလိုက်ဘူးလား။ " ဖုရှုက တိတ်ဆိတ်သွားခဲ့သည်။
အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်က ရှေးဟောင်းနိုင်ငံ၏ အမွေအနှစ်လက်နက်ကို အတွေးတစ်ချက်ဖြင့် အသက်သွင်းနိုင်သည်။ သို့သော် သူက တုန့်ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကျဆုံးသွားခဲ့သည်။ ဖုရှုက အနည်းငယ် တုန်လှုပ်သွားပြီး သူ့ကိုသူ ထိန်းချုပ်လိုက်သည်။
" ဖုရှု " တလင်းရှေးဟောင်းနိုင်ငံမှ လင်းကန်ကလည်း ရုတ်တရက် စကားပြောလိုက်သည်။ " နဂါးငွေ့တန်းက ငါစောင့်နေတဲ့ အမြုတေတိုင်မှာ ပေါ်လာပြန်ပြီ။ "
" မင်းသတိထား..." ဖုရှုက ထိတ်လန့်သွားပြီး ချက်ချင်း သတိပေးလိုက်သည်။
အမြုတေတိုင်နှစ်ခုကြား အကွာအဝေးကို နဂါးငွေ့တန်းက အလွန်လျင်မြန်စွာ ဖြတ်သန်းသွားသော်လည်း ဖုရှုက ၎င်းကို စဉ်းစားရန် အချိန်မရပေ။
" ငါ..." လင်းကန်က ခေါင်းညိမ့်လိုက်သော်လည်း ခဏအတွင်း သူ၏ အမူအရာက ဖြူလျော့သွားခဲ့သည်။
" ဘာဖြစ်တာလဲ။ " ဖုရှုက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ချက်ချင်း ခံစားမိလိုက်သည်။
" ကျဆုံးသွားပြီ။ ငါ့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာက ကျဆုံးသွားပြီ။ " လင်းကန်က အနည်းငယ် တုန်လှုပ်နေသည်။ လဲ့စီ၏ အဖြစ်အပျက်ကြောင့် သူက အလွန်သတိထားနေခဲ့သည်။
ရှေးဟောင်းနိုင်ငံ၏ အမွေအနှစ်လက်နက်ကို အချိန်မရွေး အသက်သွင်းရန် သူက အဆင်သင့်ပြင်ထားပြီး နဂါးငွေ့တန်း ဘာပြောမလဲကိုသာ စောင့်ကြည့်နေခဲ့သည်။ သို့သော် နဂါးငွေ့တန်းက သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် မည်သည့်ခုခံမှုမှ မလုပ်နိုင်ဘဲ ချက်ချင်း ကျဆုံးသွားခဲ့ရခြင်းဖြစ်သည်။
" လဲ့စီ... နဂါးငွေ့တန်း သူက..." လင်းကန်က လဲ့စီကို ကြည့်လိုက်သည်။
" ငါ့ကို မကြည့်နဲ့။ ငါလည်း ရုတ်တရက်ကြီး သေသွားတာပဲ။ " လဲ့စီက ခေါင်းခါပြီး ပြောလိုက်သည်။
" ဖုရှု... နဂါးငွေ့တန်းက ငါ့ဆီရောက်လာတယ်။ " ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ ဒီယင်က ပြောလိုက်သည်။
" တွန့်ဆုတ်မနေနဲ့။ မင်းတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံရဲ့ အမွေအနှစ်လက်နက်က တိုက်ရိုက်အသက်သွင်းလိုက်။ " ဖုရှုက ချက်ချင်း ပြောလိုက်သည်။ လဲ့စီနှင့် လင်းကန်တို့၏ သေဆုံးမှုများက သူ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။
" မင်း " ဖုရှုက ဒီယင်ကို စိုက်ကြည့်လိုက်သည်။
" သေပြီ။ " ဒီယင်က ခေါင်းခါပြီး ပြောလိုက်သည်။ " ငါ အမွေအနှစ်လက်နက်ကို အသက်သွင်းလိုက်တယ်။ ဒါပေမယ့် နဂါးငွေ့တန်းက အရမ်းသန်မာလွန်းတယ်။ လက်နက်က မခံနိုင်ဘဲ တိုက်ရိုက်ကြေမွသွားတယ်။ "
" အမွေအနှစ်လက်နက်တောင် မခံနိုင်ဘူးလား။ " ဖုရှုက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
ရှေးဟောင်းနိုင်ငံအသီးသီး၏ အမွေအနှစ်လက်နက်များက ဘိုးဘေးအဆင့် လက်နက်များနှင့်ယှဉ်လျှင် အများကြီးနိမ့်ကျသော်လည်း ဘိုးဘေးများကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ရာ အသန်မာဆုံးနတ်ဘုရားအရှင်သခင်ပင်လျှင် ထိုလက်နက်၏ စွမ်းအားကို ထိုးဖောက်ရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။
" ဖုရှု ငါ..."
" ဖုရှု နဂါးငွေ့တန်း ရောက်လာပြီ။ "
ဖုရှုက စိတ်ရှုပ်ထွေးနေစဉ် အောက်မှ နတ်ဘုရားအရှင်သခင်များ၏ ထိတ်လန့်တကြားအသံများဖြင့် ပြောလာကြပြီး အားလုံးမှာ နဂါးငွေ့တန်းလက်ချက်ဖြင့် ကျဆုံးကုန်ကြသည်။
ရှေ့မှ ကျဆုံးခဲ့သော နတ်ဘုရားအရှင်သခင်များ၏ သတိပေးချက်များရှိသော်လည်း မထူးခြားခဲ့ပေ။ သူတို့က တုန့်ပြန်ရန်ပင် အချိန်မရလိုက်ပေ။ ခဏအတွင်း အမြုတေတိုင် ၁၀၃တိုင်ကို နဂါးငွေ့တန်းက သိမ်းပိုက်ပြီး သန့်စင်သွားခဲ့သည်။
" အမြုတေတိုင် ၁၀၃ တိုင်..." ဖုရှုက တုန်လှုပ်သွားပြီး သူ၏ ရှေ့တွင် ရတနာနယ်မြေ၏ မြေပုံပေါ်လာသည်။
မြေပုံပေါ်ရှိ အလင်းစက် သုံးရာကျော်ထဲမှ အလင်းစက်တစ်ဝက်နီးပါးမှာ အနီရောင်သို့ ပြောင်းလဲသွားခဲ့ပြီး ၎င်းမှာ နဂါးငွေ့တန်း သိမ်းပိုက်လိုက်ခြင်းကို ဆိုလိုသည်။
" နဂါးငွေ့တန်းက ထောင့်တစ်နေရာက စပြီးတော့ ရတနာနယ်မြေထဲက အမြုတေတိုင်အားလုံးကို သိမ်းပိုက်နေတာပဲ။ " ဖုရှုက နားလည်သွားပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ဖုရှုက ရုတ်တရက် အထက်သို့ မော့ကြည့်လိုက်သည်။ သူမသိလိုက်ချိန်တွင် လူငယ်တစ်ယောက်က ထိုနေရာတွင် လက်နောက်ပစ်၍ ရပ်နေပြီး ဖုရှုနှင့် နတ်ဘုရာအရှင်သခင်များကို ငုံ့ကြည့်နေသည်။
" မင်းတို့အလှည့်ပဲ။ "
ချီယန်ကလည်း လင်းယွမ်၏ နောက်မှလိုက်ပါလာပြီး အောက်မှ နတ်ဘုရားအရှင်သခင်များကို ကြည့်နေသည်။ သို့သော် သူ၏ အကြည့်က အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသည်။ လမ်းတစ်လျှောက်တွင် နဂါးငွေ့တန်းက နတ်ဘုရားအရှင်သခင်များအား ရှင်းထုတ်ပစ်ခဲ့သည်ကို သူမြင်တွေ့ခဲ့ရသည်။
ထိုတားဆီးမရနိုင်သော စွမ်းအားကြောင့် ချီယန်က အိပ်မက်မက်နေသကဲ့သို့ပင် ခံစားခဲ့ရသည်။ နတ်ဘုရားအရှင်သခင်များက သူတို့၏ အစွမ်းထက်ဆုံးလက်နက်များကို အသုံးပြုခဲ့ကြသော်လည်း လင်းယွမ်၏ ရှေ့တွင် စက္ကူပါးလေးများကဲ့သို့ အလွယ်တကူ ထိုးဖောက်ခြင်းခံခဲ့ရသည်။
" နဂါးငွေ့တန်း " ချီယန်က သူ၏ ရှေ့မှ လူငယ်ကို တုန်လှုပ်စွာ ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် ရှင်းထုတ်ပစ်မည်ဟူသော အဓိပ္ပါယ်ကို သူနားလည်သွားခဲ့သည်။
" နဂါးငွေ့တန်း..." ဖုရှုအပါအဝင် နတ်ဘုရားအရှင်သခင်များအားလုံးက မော့ကြည့်လိုက်ကြသည်။
အသက်ရှူကြိမ် သုံးလေးကြိမ်အတွင်း အမြုတေတိုင် ၁၀၃တိုင်မှာ အသိမ်းခံလိုက်ရပြီး နတ်ဘုရားအရှင်သခင်များ၏ အဓိကတိုက်ခိုက်ရေးခန္ဓာများက နဂါးငွေ့တန်း၏ လက်ထဲတွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ နဂါးငွေ့တန်းနှင့် ရင်ဆိုင်ရချိန်တွင် ကြုံတွေ့ရသည့် စိတ်ပျက်အားငယ်မှုနှင့် ကူကယ်ရာမဲ့မှုကို သူတို့ သိရှိသွားကြသည်။
" နဂါးငွေ့တန်း မင်းဘာလုပ်ချင်တာလဲ။ " ဖုရှုက သူ၏ စိတ်ကို ထိန်းချုပ်ပြီး မေးလိုက်သည်။
ယခုအချိန်တွင် မည်မျှမယုံကြည်နိုင်စရာကောင်းသည်ဖြစ်စေ သူ၏ ထိတ်လန့်မှုကို ထုတ်မပြနိုင်ပေ။ မဟုတ်လျှင် သူ၏ ဘက်မှ နတ်ဘုရားအရှင်သခင်များ၏ စိတ်ဓာတ်မှာ ပြိုလဲသွားနိုင်သောကြောင့် ဖြစ်သည်။
" ဘာလုပ်ချင်တာလဲဟုတ်လား။ " လင်းယွမ်က ဖုရှုကို ကြည့်ပြီး ခေါင်းခါ၍ ပြောလိုက်သည်။ " အမြုတေတိုင်အားလုံးကို လွှဲပြောင်းပေးလိုက်။ "