အခန်း (၅၈၉-၅၉၁)
Vol. 40 Ch. 589-591
အခန်း (၅၈၉) - လက်စားချေမှု စတင်ပြီ
~ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် (၂) လကြာအောင် ကျင့်ကြံခဲ့ကြ၏။
'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ အကူအညီ မပါဘဲ ကောင်းကင်ဘဏ္ဍာများနှင့် သဲကန္တာရ၏ ပြင်းထန်သော မီးစွမ်းအင်များကို အသုံးပြုကာ ဖုန်းဝူချန်သည် တစ်လကျော် ကာလအတွင်း ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။
ကျန်ရှိသော အချိန်များကိုမူ အစွမ်းထက် သိုင်းကွက်များ လေ့လာရန် အသုံးပြုခဲ့သည်။
ရန်သူများ၏ အင်အား ကြီးထွားလာသည်နှင့်အမျှ ဖုန်းဝူချန်သည် ကျင့်ကြံခြင်းအဆင့် သာမက အစွမ်းထက် သိုင်းကွက်များကိုလည်း ပိုမို လိုအပ်လာ၏။
ပြင်းထန်သော မီးစွမ်းအင်များအောက်တွင် လင်ရှောင်ရှောင်သည် ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ၊ ကျန်းကျွင့်လန်သည် စတုတ္ထအလွှာ၊ ချီဟွမ်သည် တတိယအလွှာသို့ အသီးသီး ရောက်ရှိသွားကြ၏။
ယဲ့ထျန်းဝေသည် ကောင်းကင်ဘုံလူသား အဋ္ဌမအလွှာသို့ပင် ရောက်ရှိသွားခဲ့သည်။
ဟွမ်ယန်နှင့် အခြားသူများသည်လည်း ကောင်းကင်ဘုံလူသား ပထမအလွှာသို့ ရောက်ရှိသွားကြပြီး ဟွမ်ယန်မှာမူ ပထမအလွှာ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
(၂) လ အတွင်း သူတို့အားလုံး အံ့မခန်း တိုးတက်လာကြ၏။
သူတို့၏ လျင်မြန်သော တိုးတက်မှုသည် မီးစွမ်းအင်နှင့် ကောင်းကင်ဘဏ္ဍာများကြောင့် သာမက ဖုန်းဝူချန်၏ 'ရှေးဦး ဝိညာဉ် ကိုယ်ပွား သိုင်းကွက်' ကြောင့်လည်း ပါဝင်သည်။
ကိုယ်ပွားသိုင်းကွက် အသုံးပြုခြင်းကြောင့် ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိသော်လည်း ဖုန်းဝူချန်အတွက် ပြဿနာ မရှိပေ။ 'ရတနာခုနစ်ပါး ရှေးဦး ဝိညာဉ် ဆေးလုံး' ဖြင့် ကုစားနိုင်သည်။
အတိုချုပ်ပြောရလျှင် (၂) လ အတွင်း ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် တိုက်ခိုက်စွမ်းရည် အဆမတန် တိုးတက်လာခဲ့ကြ၏။
"ခန်းမသခင်... ကျွန်တော်တို့ ကောင်းကင်ဘုံလူသား အဆင့် ရောက်သွားပြီဗျ"
လိန်မူချန်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။
"ကောင်းကင်ဘုံလူသား အဆင့်ရဲ့ စွမ်းအားက တကယ် မိုက်တာပဲဟေ့... ဟားဟား... သဲကန္တာရကို လာရကျိုးနပ်ပါပေတယ်"
ရွှယ်ဖုန်းနှင့် အခြားသူများလည်း ပျော်ရွှင်နေကြ၏။
"ခဏလောက် နားပြီးရင် နဂါးနတ်ဘုရား နန်းတော်ကို ပြန်ကြမယ်။ ဝင်္ကပါပင်လယ်နယ်မြေကို သွားလည်ရမယ့် အချိန်ရောက်ပြီ"
ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်၏။ သူ့မျက်လုံးများတွင် ကြောက်မက်ဖွယ် အလင်းရောင်များ ဝင်းလက်သွား၏။
ယန်ဟွမ် သဲကန္တာရ ခရီးစဉ်သည် ရတနာများနှင့် လက်နက်သွန်းလုပ်ရေး ပစ္စည်းများသာမက ကျင့်ကြံခြင်းအဆင့်ပါ တိုးတက်လာသဖြင့် အလွန် အကျိုးရှိလှသည်။
ဖုန်းဝူချန်တို့ မြေအောက်ခန်းထဲတွင် ပုန်းအောင်းနေသော (၂) လ အတွင်း နတ်ဆိုးမျိုးနွယ်နှင့် ယင်ယန်မိသားစုမှ စေလွှတ်လိုက်သော ရှာဖွေရေးအဖွဲ့များသည် ဖုန်းဝူချန်၏ သတင်းအစအနပင် မရရှိခဲ့ကြပေ။
"ခန်းမသခင်ကို ကြိုဆိုပါတယ်"
နဂါးနတ်ဘုရား နန်းတော်သားများသည် စိတ်လှုပ်ရှားစွာ ကြိုဆိုလိုက်ကြ၏။ သူတို့၏ အသံများက ဆေးဧကရာဇ် တောင်တန်းတစ်ခုလုံး ပဲ့တင်ထပ်သွား၏။
ဒီ (၂) လ အတွင်း နဂါးနတ်ဘုရား နန်းတော်သားများ၏ ကျင့်ကြံခြင်းအဆင့်များလည်း သိသိသာသာ တိုးတက်လာခဲ့ကြ၏။ ဖုန်းဝူချန်တို့ ထောက်ပံ့ထားသော ရတနာများကြောင့် ဖြစ်သည်။
ညီအစ်ကို တစ်ယောက်က အံ့သြတကြီး ပြောလိုက်သည်။
"ဟွမ်ယန်တို့ အကုန်လုံး ကောင်းကင်ဘုံလူသား အဆင့် ရောက်ကုန်ကြပြီ"
"ချီဟွမ်က ငါ့ကိုတောင် မီတော့မယ်။ (၂) လ အတွင်း (၂) ဆင့်တောင် တက်လာတာလား"
ယီထျန်းချင်း မျက်လုံးပြူးသွား၏။
နန်းကုန်းကျန့်က သက်ပြင်းချရင်း ပြောလိုက်၏။
"သူတို့အကုန် ကောင်းကင်ဘုံလူသား အဆင့် ရောက်ကုန်ကြပြီ။ ယဲ့ထျန်းဝေဆို အဋ္ဌမအလွှာတောင် ရောက်နေပြီ"
"သူတို့ ဘယ်သွားကျင့်ကြံကြတာလဲ။ ဘာလို့ ဒီလောက် မြန်နေရတာလဲ"
လျိုချင်းယန်လည်း အံ့သြနေ၏။
"အစ်ကိုလျို... အစ်ကိုဖုန်းဆိုရင် ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာ ရောက်နေလောက်ပြီနော်"
ဟု မြောင်ချင်းချင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
နဂါးနတ်ဘုရား နန်းတော်သားများ အံ့သြထိတ်လန့်နေကြ၏။
"ရွှစ်... ရွှစ်... ရွှစ်"
ဖုန်းဝူချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော လက်နက် (၇) ခု ကောင်းကင်မှ ကျဆင်းလာ၏။ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေ၏။
ဒါတွေက ရှေးဟောင်း မြို့ပျက်ထဲက ရလာတဲ့ အင်မော်တယ် လက်နက်တွေပါ။
ယီထျန်းချင်း၊ နန်းကုန်းကျန့်၊ ပေတိုယန်၊ လန်ယွဲ့ နှင့် အခြား (၃) ယောက် ရှေ့တွင် အင်မော်တယ် လက်နက် တစ်ခုစီ ကျရောက်လာ၏။
"အင်မော်တယ် လက်နက်တွေ"
ယီထျန်းချင်းတို့ မျက်လုံးများ ပြူးကျယ်သွားကြ၏။ အိမ်မက်မက်နေသလို ခံစားလိုက်ရသည်။
အင်မော်တယ် လက်နက်များ၏ အရှိန်အဝါသည် ဆေးဧကရာဇ် တောင်တန်းတစ်ခုလုံး လွှမ်းခြုံသွားပြီး နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
"သွေးစက်ချပြီး ပိုင်ရှင်အဖြစ် သတ်မှတ်လိုက်ကြ"
၏ု ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်၏။
ထို့နောက် လူအုပ်ကြီးကို ကြည့်ပြီး အမိန့်ပေးလိုက်၏။
"နဂါးနတ်ဘုရား နန်းတော် အမိန့် နာခံကြလော့... ဒီနေ့ စစ်ချီကြစို့ ဝင်္ကပါပင်လယ်နယ်မြေကို အပြစ်ပေးမယ်"
"ဝင်္ကပါပင်လယ်နယ်မြေကို အပြစ်ပေးမယ်"
"ဝင်္ကပါပင်လယ်နယ်မြေကို အပြစ်ပေးမယ်”
နဂါးနတ်ဘုရား နန်းတော်သားများ တညီတညွတ်တည်း ကြွေးကြော်လိုက်ကြ၏။ လူသတ် အရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်သွား၏။
"ယဲ့ထျန်းဝေ.. ဝင်္ကပါပင်လယ်နယ်မြေကို အခုချက်ချင်း သွားပြီး သတင်းဖြန့်လိုက်ပါ။ ကြယ်တာရာနယ်မြေက နဂါးနတ်ဘုရား နန်းတော်က လက်စားချေဖို့ လာနေပြီလို့။ သူတို့ကို ပြင်ဆင်ချိန် ပေးလိုက်ပါ"
ဖုန်းဝူချန်က အမိန့်ပေးလိုက်၏။
ပြင်ဆင်ချိန် ပေးလိုက်တယ် ဆိုတာက... ဝင်္ကပါပင်လယ်နယ်မြေက အင်အားကြီး ဂိုဏ်းတွေကို တစ်ခါတည်း အမြစ်ပြတ် သုတ်သင်ပစ်ချင်လို့ပင်။ နဂါးနတ်ဘုရား နန်းတော်ကို တိုက်ခိုက်ခဲ့သော ဂိုဏ်းတွေကိုသာ ဆိုလိုခြင်းပါ။ တခြား ဂိုဏ်းတွေ မပါပါချေ။
"ဟုတ်ကဲ့ပါ"
ယဲ့ထျန်းဝေက ရိုသေစွာ အမိန့်ခံယူပြီး ချက်ချင်း ထွက်ခွာသွား၏။
"ဆရာ... ကျွန်တော် အိမ်ပြန်ပြီး စစ်ကူတွေ သွားခေါ်ပေးရမလား"
ကျန်းကျွင့်လန်က မေးလိုက်၏။
"မလိုပါဘူး"
ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး 'အင်မော်တယ်' စာလုံး ပါသော တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်၏။ ဒါက အင်မော်တယ် လက်နက် စံအိမ် ပိုင်ရှင် ပေးထားသော တံဆိပ်ပြားတည်း။
အင်မော်တယ် လက်နက် စံအိမ်နှင့် အဆက်အသွယ် မလုပ်တာ ကြာပြီပင်။ ယခု အချိန်ကျတော့၏။။
ဖုန်းဝူချန်က အစစ်အမှန်ယွမ်များကို တံဆိပ်ပြားထဲ ထည့်လိုက်ရာ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် အင်မော်တယ် လက်နက် စံအိမ်၏ ခန်းမဆောင်ထဲတွင် ဖုန်းဝူချန်၏ ပုံရိပ်ယောင် တစ်ခု ပေါ်လာ၏။ ခန်းမပိုင်ရှင် ချီယွမ် ချက်ချင်း သတိထားမိလိုက်၏။
"သခင်"
ချီယွမ်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ အရိုအသေ ပေးလိုက်၏။
အကြီးအကဲများနှင့် အကျော်အမော်များလည်း ဖုန်းဝူချန်၏ အရှိန်အဝါကို ခံစားမိလိုက်ပြီး ခန်းမထဲသို့ ချက်ချင်း ရောက်လာကြ၏။
"သခင်ကို ဂါရဝပြုပါတယ်"
အားလုံးက တလေးတစား နှုတ်ဆက်ကြ၏။
ဖုန်းဝူချန် မရောက်လာတာ ကြာပြီ ဖြစ်သော်လည်း သူတို့၏ လေးစားမှုက လျော့နည်းသွားခြင်း မရှိပေ။
ဖုန်းဝူချန် ကျေနပ်သွားသည်။
"ဝင်္ကပါပင်လယ်နယ်မြေက အင်အားကြီး ဂိုဏ်းတွေကို သွားနင်းချေမလို့။ ထျန်းကျီဘုံ ပညာရှင် (၁၀) ယောက် လိုချင်တယ်"
ဖုန်းဝူချန်က အမိန့်ပေးသံဖြင့် ပြောလိုက်၏။
"ဟုတ်ကဲ့ပါ သခင်"
ချီယွမ်က ချက်ချင်း လက်ခံလိုက်၏။
ထျန်းကျီဘုံ ပညာရှင် (၁၀) ယောက် ဆိုတာ သူတို့အတွက် အသေးအဖွဲပင်။
"သန့်ရှင်းသော နေမင်းဂိုဏ်းမှာ ဆုံမယ်"
ပြောပြီးသည်နှင့် ဖုန်းဝူချန်၏ ပုံရိပ်က ပျောက်ကွယ်သွားလေ၏။
"စစ်သူကြီး... အမိန့် နာခံစေ။ ထျန်းကျီဘုံ ပညာရှင် (၁၀) ယောက် ခေါ်ပြီး သန့်ရှင်းသော နေမင်းဂိုဏ်းကို အခုချက်ချင်း သွားပါ။ သခင်နဲ့အတူ ဝင်္ကပါပင်လယ်နယ်မြေက ဂိုဏ်းတွေကို သုတ်သင်ဖို့ ကူညီပေးပါ"
ချီယွမ်က အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ"
စစ်သူကြီးက ရိုသေစွာ အမိန့်ခံယူလိုက်၏။
နဂါးနတ်ဘုရား နန်းတော်က လက်စားချေဖို့ လာနေပြီ ဆိုသည့်ဘသတင်းက ဝင်္ကပါပင်လယ်နယ်မြေ တစ်ခုလုံး လွှမ်းခြုံသွားတော့သည်။
သတင်းကြားသည့် ဂိုဏ်းတွေအားလုံး ထိတ်လန့်ကုန်ကြ၏။
"ဆေးဧကရာဇ်က ငါတို့ကို သုတ်သင်ပစ်တော့မှာလား။ ငါတို့ ကျန်းမိသားစုလည်း ပါနေမလား မသိဘူး"
ကျန်းမိသားစုဝင်တွေ ကြောက်လန့်နေကြ၏။
"ပြီးပြီ... ငါတို့တော့ ပြီးပြီ။ ပြီးခဲ့တုန်းက နဂါးနတ်ဘုရား နန်းတော်ကို တိုက်ခိုက်တုန်းက ကျန်းမိသားစု သခင်လေးက သူတို့ဘက်က ပါခဲ့တာ။ တကယ်လို့ ကျန်းမိသားစုကပါ ဝင်ကူရင် ငါတို့ ရှောင်ယောင်နန်းတော် သေပြီ"
"ဆေးဧကရာဇ်ကို မစော်ကားနဲ့လို့ ငါ ပြောသားပဲ။ အခုတော့ နောင်တရလို့ မမီတော့ဘူး"
သန့်ရှင်းသော နေမင်းဂိုဏ်းတွင်လည်း ဂိုဏ်းချုပ်နှင့် အကြီးအကဲများ မျက်နှာ ပျက်နေကြ၏။
ဂိုဏ်းချုပ်က သွမ့်မိုမင်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။
ယခင်ကမူ သွမ့်မိုမင်သည် ဖုန်းဝူချန်အား ဆေးဧကရာဇ် တစ်ပါးမှန်း မရိပ်စားမိခဲ့။ နဂါးနတ်ဘုရားနန်းတော်မှ ပြန်လည်ရောက်ရှိလာသော အခါမှသာလျှင် ဤအမှန်တရားကို ကောင်းစွာ သိမြင်လိုက်ရခြင်း ဖြစ်၏။
အဆင့် (၈) ဆေးပညာရှင်ကြီး ထျန်းရှန်းဇီပင်လျှင် ဖုန်းဝူချန်အပေါ် ဤမျှ လေးစားခန့်ညားနေပါက သန့်ရှင်းသော နေမင်းဂိုဏ်းလောက်ကိုမူ ဆိုဖွယ်ရာပင် ရှိတော့မည် မဟုတ်။
ယခုတစ်ကြိမ်တွင်မူ နဂါးနတ်ဘုရားနန်းတော်၏ ကလဲ့စားချေမှုသည် သန့်ရှင်းသော နေမင်းဂိုဏ်းကိုသာ အဓိက ပစ်မှတ်ထားနေခြင်း ဖြစ်၏။
အခန်း (၅၉၀) - ရှောင်ယောင်နန်းတော်ကို နင်းချေခြင်း
~"နဂါးနတ်ဘုရား နန်းတော်က ဝင်္ကပါပင်လယ်နယ်မြေက အင်အားကြီး ဂိုဏ်းတွေကို တိုက်ခိုက်မယ် ဆိုတာ တကယ်လား"
"နဂါးနတ်ဘုရား နန်းတော်က ဘယ်က ဂိုဏ်းလဲ။ တကယ်ရော စွမ်းလို့လား။ မောက်မာလိုက်တာ"
"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ။ နဂါးနတ်ဘုရား နန်းတော်သာ တကယ်လာရဲရင်... ဝင်္ကပါပင်လယ်နယ်မြေက ဂိုဏ်းတွေက သူတို့ကို ပြန်လမ်းမရှိအောင် လုပ်ပစ်လိုက်မှာ သေချာတယ်"
သတင်းလွှမ်းခြုံသွားသည်နှင့် ဝင်္ကပါပင်လယ်နယ်မြေရှိ ကျင့်ကြံသူများသည် အံ့သြခြင်းနှင့် မထီမဲ့မြင်ပြုခြင်းများ ရောထွေးနေကြ၏။
နဂါးနတ်ဘုရား နန်းတော် ဆိုသော အမည်ကို သူတို့ မကြားဖူးကြပေ။
အကယ်၍ အင်အားကြီး ဂိုဏ်းတစ်ခုသာ ဖြစ်လျှင် ဝူကျိနယ်မြေ တစ်ခုလုံး ကျော်ကြားနေမည် ဖြစ်သည်။ မကြားဖူးဘူး ဆိုကတည်းက အသေးစား ဂိုဏ်းလေး တစ်ခုသာ ဖြစ်မည်ဟု ယူဆကြ၏။
အသေးစား ဂိုဏ်းလေး တစ်ခုက လာရောက် စိန်ခေါ်သည်ကို ဝင်္ကပါပင်လယ်နယ်မြေက ကျင့်ကြံသူများ အနေဖြင့် အလေးအနက်ထားစရာ အကြောင်း မရှိပေ။
ထျန်းဟိုင်မြို့ရှိ 'နတ်သမီး ပင်လယ် မျှော်စင်' တွင် မိုလင်းအာနှင့် ကျူးကော့လျန်ချန်တို့လည်း သတင်းကြားပြီး အံ့သြနေကြ၏။
"ဖုန်းဝူချန်က တော်တော် မောက်မာတာပဲ။ ဝင်္ကပါပင်လယ်နယ်မြေက အင်အားကြီး ဂိုဏ်းတွေကို ဗြောင်ကျကျ စိန်ခေါ်ရဲတယ်ပေါ့"
ကျူးကော့လျန်ချန်က ဒေါသတကြီး ပြောလိုက်၏။
မိုလင်းအာ၏ မျက်နှာမှာလည်း အေးစက်နေ၏။
"မောက်မာလိုက်တာ... ဆေးပညာ ပြိုင်ပွဲမှာ နာမည်ကြီးသွားရုံနဲ့ ဝင်္ကပါပင်လယ်နယ်မြေမှာ ရမ်းကားလို့ ရမယ် ထင်နေတာလား"
မိုလင်းအာနှင့် ကျူးကော့လျန်ချန်တို့သည် ဖုန်းဝူချန်ကို 'ဆေးဧကရာဇ်'ဟု ခေါ်ဝေါ်ကြကြောင်းသာ သိထားပြီး ထိုဘွဲ့ထူး၏ အဓိပ္ပာယ်ကို နားမလည်ကြပေ။ ဆေးပညာ ပြိုင်ပွဲပြီးနောက် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကိုလည်း မသိရှိကြပေ။
ပြိုင်ပွဲပြီးနောက် အဖြစ်အပျက်များကို သိရှိထားသော အစွမ်းထက် ပုဂ္ဂိုလ်များကမူ သတင်းကြားသည်နှင့် ဖုန်းဝူချန်ဘက်မှ ရပ်တည်ကြောင်း ကြေညာလိုက်ကြ၏။
အထူးသဖြင့် ဆေးပညာရှင်များ ဖြစ်ကြ၏။ ထျန်းရှန်းဇီ အပါအဝင် ဝင်္ကပါပင်လယ်နယ်မြေမှ ဆေးပညာရှင်များသည် ဖုန်းဝူချန်ဘက်မှ ပါဝင်ကူညီမည်ဟု ဆိုကြ၏။
ယခုအချိန်တွင် ထျန်းရှန်းဇီနှင့် အခြား ဆေးပညာရှင်များသည် ဖုန်းဝူချန်ကို ကြိုဆိုရန် အဆင်သင့် ဖြစ်နေကြပြီ။
နဂါးနတ်ဘုရား နန်းတော်၏ ရင်ပြင်တွင် လူတိုင်း အသင့်ပြင်ထားပြီး ဖြစ်သည်။
"ထွက်ခွာကြစို့"
ကောင်းကင်ယံထက်မှ ဖုန်းဝူချန်၏ အမိန့်သံ ဟိန်းထွက်လာ၏။
"ရွှစ်... ရွှစ်... ရွှစ်"
ဖုန်းဝူချန် ဦးဆောင်သော နဂါးနတ်ဘုရား နန်းတော်သား (၅၀၀) ကျော်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ဝင်္ကပါပင်လယ်နယ်မြေသို့ ဦးတည်သွားကြ၏။
တစ်ချိန်တည်းမှာပင် အင်မော်တယ် လက်နက် စံအိမ်မှ စစ်သူကြီးသည်လည်း ထျန်းကျီဘုံ ပညာရှင် (၁၀) ဦးကို ဦးဆောင်ကာ သန့်ရှင်းသော နေမင်းဂိုဏ်းသို့ ထွက်ခွာသွားပြီ ဖြစ်သည်။
ကြီးမားသော စစ်ပွဲကြီး စတင်တော့မည် ဖြစ်သည်။
နဂါးနတ်ဘုရား နန်းတော်ကို တိုက်ခိုက်ခဲ့ဖူးသော အင်အားကြီး ဂိုဏ်းများသည် ဖုန်းဝူချန်၏ ရည်ရွယ်ချက်ကို ကောင်းကောင်း သိကြ၏။ လက်စားချေခြင်းပင်။
အကယ်၍ နဂါးနတ်ဘုရား နန်းတော်နှင့် ကျန်းကျွင့်လန်တို့၏ ပတ်သက်မှုကိုသာ မသိခဲ့လျှင် သူတို့သည် ဖုန်းဝူချန် လာမည့်အရေးကို စောင့်မျှော်နေကြမည် ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ထိတ်လန့်ကြောက်ရွံ့နေကြ၏။
ဝူကျိနယ်မြေ၏ အင်အားကြီး ဂိုဏ်းကြီးများ ဖြစ်သည့်တိုင် အင်မော်တယ် လက်နက် စံအိမ်မှလွဲ၍ မည်သူမျှ ကျန်းမိသားစုကို မစော်ကားရဲကြပေ။
နဂါးနတ်ဘုရား နန်းတော်သားများထံမှ ထွက်ပေါ်နေသော သွေးဆာနေသည့် လူသတ် အရှိန်အဝါများနှင့် ကြီးမားသော အရှိန်အဝါများသည် တွေ့မြင်သူတိုင်းကို ကြောက်လန့်သွားစေသည်။
"လာပြီဟေ့... နဂါးနတ်ဘုရား နန်းတော်က လူတွေ ရောက်လာပြီ"
"ကြောက်စရာကောင်းလိုက်တဲ့ လူသတ် အရှိန်အဝါ... ဒါ စစ်သည်တော်တွေရဲ့ လူသတ် အရှိန်အဝါပဲ"
"အနည်းဆုံး လူ (၅၀၀) လောက် ရှိမယ်။ ကောင်းကင်ဘုံလူသား အဆင့်က (၁၀) ယောက်ကျော် ပါလာတယ်။ ကျန်တဲ့လူတွေက ထျန်းယွမ်ဘုံ သတ္တမအလွှာ အထက်မှာချည်းပဲ။ တော်တော်များများက နဝမအလွှာတွေပဲ"
နဂါးနတ်ဘုရား နန်းတော်သားများ ဝင်္ကပါပင်လယ်နယ်မြေသို့ ခြေချလိုက်သည်နှင့် ကျင့်ကြံသူများ အံ့သြတကြီး အော်ဟစ်ကုန်ကြ၏။
ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များကို သူတို့ မကြောက်ကြပေ။ ဝင်္ကပါပင်လယ်နယ်မြေမှ ဂိုဏ်းကြီးများတွင် ကောင်းကင်ဘုံလူသား အဆင့်သာမက ထျန်းကျီဘုံ ပညာရှင်များပါ ရှိသည်။
သို့သော် ထျန်းယွမ်ဘုံ သတ္တမအလွှာအထက် လူ (၅၀၀) ကျော် ပါလာခြင်းက သူတို့ကို တုန်လှုပ်စေသည်။
ဝင်္ကပါပင်လယ်နယ်မြေမှ အင်အားကြီး ဂိုဏ်းတစ်ခု၌ပင် ထျန်းယွမ်ဘုံ သတ္တမအလွှာအထက် လူ (၅၀၀) မရှိနိုင်ပေ။ အချိန်ကြာလာလျှင် သူတို့အားလုံး ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိသွားနိုင်သည်။
ထို့အပြင် နဂါးနတ်ဘုရား နန်းတော်သားများသည် သာမန် မဟုတ်ပေ။ အထွတ်အထိပ် ခန္ဓာကိုယ် ကို ကျင့်ကြံထားပြီး ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် အစွမ်းထက် သိုင်းကွက်များကို ပိုင်ဆိုင်ထားကြ၏။ အဆင့်တူ ရန်သူများ သူတို့ကို မယှဉ်နိုင်ပေ။
နဂါးနတ်ဘုရား နန်းတော်၏ အလားအလာသည် အလွန် ကြီးမားလှသည်။
အချိန်တန်လျှင် သူတို့အားလုံး ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး ဝူကျိနယ်မြေ၏ အင်အားကြီး ဂိုဏ်းတစ်ခု ဖြစ်လာမည်မှာ သေချာသည်။ ထို့အပြင် ဝူကျိနယ်မြေ၏ အစွမ်းအထက်ဆုံး အဆင့် (၆) ဆေးပညာရှင် ဟန်ခွန်း ရှိနေခြင်းကလည်း အခြားဂိုဏ်းများကို စိုးရိမ်စေသည်။
ဝင်္ကပါပင်လယ်နယ်မြေသို့ ရောက်သည်နှင့် ရှောင်ယောင်နန်းတော်သည် အနီးဆုံး ဖြစ်သည်။
ယဲ့ထျန်းဝေသည် ရှောင်ယောင်နန်းတော် အနီးတွင် စောင့်ဆိုင်းနေ၏။
ရှောင်ယောင်နန်းတော်၏ အကျော်အမော်များသည် လင်မိုယန်၏ မွေးနေ့ပွဲတွင် အင်မော်တယ် လက်နက် စံအိမ်မှ ပညာရှင်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြပြီး ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော်ကို တိုက်ခိုက်စဉ်ကလည်း ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များစွာ သေဆုံးခဲ့သည်။ ယခုအခါ ရှောင်ယောင်နန်းတော်တွင် အစွမ်းအထက်ဆုံးသူမှာ ကောင်းကင်ဘုံလူသား သတ္တမအလွှာသာ ရှိတော့သည်။ အင်အားကြီး ဂိုဏ်းဟု မသတ်မှတ်နိုင်တော့ပေ။
ရှောင်ယောင်နန်းတော် အတွင်းတွင် လူတိုင်း ထိတ်လန့်နေကြ၏။
ယခုအခါ ရှောင်ယောင်နန်းတော်တွင် ကောင်းကင်ဘုံလူသား အဆင့် (၅) ဦးသာ ကျန်ရှိတော့သည်။ တပည့် ထောင်ချီ ရှိသော်လည်း အရာမထင်ပေ။
"ခန်းမသခင်တို့ ရောက်လာပြီ"
တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်နေသော ယဲ့ထျန်းဝေက မျက်လုံးဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။
ကြီးမားသော အရှိန်အဝါများနှင့် သွေးဆာနေသော လူသတ် အရှိန်အဝါများ လွှမ်းခြုံလာ၏။
ဖုန်းဝူချန် ဦးဆောင်သော နဂါးနတ်ဘုရား နန်းတော်သား (၅၀၀) ကျော်သည် အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာကြ၏။
"လာပြီ... လာပြီ"
"နဂါးနတ်ဘုရား နန်းတော်က လူတွေ ရောက်လာပြီ။ ကြောက်စရာကောင်းလိုက်တဲ့ လူသတ် အရှိန်အဝါ..."
"ကောင်းကင်ဘုံလူသား အဆင့် (၁၀) ယောက်ကျော် ပါလာတယ်။ ပြီးပြီ... ငါတို့တော့ ပြီးပြီ"
ရှောင်ယောင်နန်းတော်သားများ ပိုမို ကြောက်လန့်လာကြ၏။ သတ္တိနည်းသူများက ထွက်ပြေးရန် ပြင်နေကြပြီ။
"ရွှစ်... ရွှစ်... ရွှစ်"
ခဏအကြာတွင် ဖုန်းဝူချန်နှင့် စစ်သည်တော် (၅၀၀) ကျော်သည် ရှောင်ယောင်နန်းတော် အထက်တွင် ပေါ်လာကြ၏။ သူတို့၏ အရှိန်အဝါသည် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
"ခန်းမသခင်"
ယဲ့ထျန်းဝေက ဖုန်းဝူချန်အနားသို့ ရောက်လာ၏။
"ဖုန်းဝူချန်... မင်း သိပ်အနိုင်ကျင့်လွန်းနေပြီ"
ကောင်းကင်ဘုံလူသား သတ္တမအလွှာ ခေါင်းဆောင်က ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
"ရှောင်ယောင်နန်းတော်က ငါတို့ကို အရင် လာတိုက်တာလေ။ ဒီနေ့ နဂါးနတ်ဘုရား နန်းတော်က တရားမျှတမှုကို လာရှာတာ။ ဘယ်သူ့ကိုမှ အလွတ်မပေးဘူး"ဟု ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်၏။
"သတ်ကြ"
"ဝီ... ဝီ"
ဟွမ်ယန်နှင့် ခွမ်းထူ တို့က ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ စစ်သည်တော်များသည် အစစ်အမှန်ယွမ်များကို ထုတ်ဖော်ကာ ရှောင်ယောင်နန်းတော်သို့ ဝင်ရောက် စီးနင်းလိုက်ကြ၏။
ယဲ့ထျန်းဝေ၊ ယီထျန်းချင်းနှင့် ပေတိုယန်တို့သည် ရှောင်ယောင်နန်းတော်မှ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များကို ပစ်မှတ်ထား တိုက်ခိုက်လိုက်ကြ၏။
"သေစမ်း... ပြန်တိုက်ကြကွာ"
ခေါင်းဆောင်ဖြစ်သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ။ ညီအစ်ကိုတို့... စိတ်ကြိုက် သတ်ကြဟေ့။ တစ်ယောက်မှ အရှင်မထားနဲ့"
ဟွမ်ယန်က ရက်စက်စွာ အော်ဟစ်လိုက်၏။
"ရွှစ်... ရွှစ်... ရွှစ်"
""
နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို အသုံးပြုပြီး စစ်သည်တော်များသည် ရှောင်ယောင်နန်းတော်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြ၏။ မျက်စိတစ်မှိတ်အတွင်း လူ (၅၀၀) ကျော် အသတ်ခံလိုက်ရသည်။
ဘယ်လောက်တောင် မြန်ဆန်လိုက်သလဲ။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ခေါင်းဆောင်ဖြစ်သူ မျက်လုံးပြူးသွား၏။ နဂါးနတ်ဘုရား နန်းတော်တွင် ကြုံတွေ့ခဲ့ရသော အိပ်မက်ဆိုးကို ပြန်လည် သတိရသွား၏။
ရှောင်ယောင်နန်းတော်သားများ ကြောက်လန့်တုန်လှုပ်နေကြပြီး မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေ၏။
"ရွှစ်... ရွှစ်... ရွှစ်"
""
စစ်သည်တော်များ နောက်တစ်ကြိမ် လှုပ်ရှားလိုက်ရာ နောက်ထပ် လူ (၅၀၀) ကျော် ထပ်မံ သေဆုံးသွားပြန်သည်။ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ကြပေ။
တစ်မိနစ် မပြည့်ခင်မှာပင် ရှောင်ယောင်နန်းတော်သား ထောင်ချီ အသတ်ခံလိုက်ရပြီး သွေးချောင်းစီးကာ အလောင်းများ ပုံသွားတော့သည်။
"ကောင်းကင်ဘုံလူသား သတ္တမအလွှာ ဆိုတာ ဒီလောက်ပါပဲလား"
ယဲ့ထျန်းဝေက မထီမဲ့မြင် ကဲ့ရဲ့လိုက်ပြီး သစ်ရွက်တစ်ရွက်ဖြင့် ခေါင်းဆောင်၏ နှလုံးသားကို ထိုးဖောက်လိုက်၏။ ခေါင်းဆောင်ဖြစ်သူ ပွဲချင်းပြီး သေဆုံးသွား၏။
ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်တော့သည်။
"နောက်တစ်နေရာ"
လိုက်၏။
အခန်း (၅၉၁) - အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း
~"ကြောက်... ကြောက်စရာ ကောင်းလိုက်တာ"
"နဂါးနတ်ဘုရား နန်းတော်ရဲ့ စွမ်းအားက တကယ်ပဲ ကြောက်စရာ ကောင်းလွန်းတယ်။ မျက်စိတစ်မှိတ်အတွင်းမှာ လူထောင်ချီ သေကုန်ကြပြီ..."
"သူတို့က လူတွေရော ဟုတ်ရဲ့လား။ ရက်စက်လွန်းတယ်"
အဝေးမှ လာရောက်ကြည့်ရှုကြသော လူအုပ်ကြီးသည် မျက်စိရှေ့မှ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကြောင့် ကြောက်လန့်တုန်လှုပ်နေကြ၏။
သူတို့ ရောက်လာရုံပဲ ရှိသေးတယ်... ရှောင်ယောင်နန်းတော်က ပျက်စီးသွားပြီ။
ရှောင်ယောင်နန်းတော် ပျက်စီးသွားသော အရှိန်အဟုန်သည် သူတို့ ထင်ထားသည်ထက် များစွာ သာလွန်နေသည်။ နဂါးနတ်ဘုရား နန်းတော်၏ ကြောက်မက်ဖွယ် စွမ်းအားသည် သူတို့၏ နှလုံးသားထဲတွင် စွဲထင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။
ထျန်းကျီဘုံ ပညာရှင် မရှိသရွေ့... နဂါးနတ်ဘုရား နန်းတော်သည် အရှင်သခင်ပင် ဖြစ်သည်။
နဂါးနတ်ဘုရား နန်းတော်က နောက်ထပ် ပစ်မှတ်ဆီ ဦးတည်သွားချိန်တွင် ရှောင်ယောင်နန်းတော် ပျက်စီးသွားသော သတင်းသည် စတင် လွှမ်းခြုံသွားတော့၏။
နဂါးနတ်ဘုရား နန်းတော်၏ သတ်ဖြတ်ခြင်း လမ်းစဉ် စတင်တော့၏။
ဖုန်းဝူချန်သည် ဝူကျိနယ်မြေ တစ်ခုလုံးကို သိမ်းပိုက်လိုသည် ဖြစ်ရာ... ဝင်္ကပါပင်လယ်နယ်မြေကို ဖျက်ဆီးခြင်းသည် သတိပေးချက် တစ်ခု ဖြစ်သည်။
ဖုန်းဝူချန်သည် သွေးအေးရက်စက်သော နည်းလမ်းများကို အသုံးပြုပြီး ဝူကျိနယ်မြေရှိ အခြား ဂိုဏ်းငယ်များကို ခြိမ်းခြောက်လိုခြင်း ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော်၏ ကြောက်မက်ဖွယ် အစွမ်းအစကို သိစေချင်ခြင်း ဖြစ်သည်။
နာရီဝက်အကြာတွင် နဂါးနတ်ဘုရား နန်းတော် စစ်သည်များသည် 'တစ္ဆေဂိုဏ်း' သို့ ရောက်ရှိသွားကြ၏။ (၂) မိနစ်အတွင်း တစ္ဆေဂိုဏ်း တစ်ခုလုံး ပျက်စီးသွားသည်။ ဂိုဏ်းသားအားလုံး သေဆုံးကုန်ပြီး သွေးချောင်းစီးနေကာ သွေးညှီနံ့များကြောင့် အန်ချင်စရာ ကောင်းလှသည်။
'ဖီးနစ်ကောင်းကင် နန်းတော်' ၊ 'လေလမင်းဂိုဏ်း' ၊ 'ကောင်းကင်ဓားဂိုဏ်း' ၊ 'မိုးတိမ်တစ်ထောင် တောင်ကြား' စသော အင်အားကြီး ဂိုဏ်းများသည် နဂါးနတ်ဘုရား နန်းတော်၏ နင်းချေခြင်းကို ခံလိုက်ရပြီး တစ်ခုပြီးတစ်ခု ပျက်စီးသွားကြ၏။ တစ်ယောက်မှ အရှင်မကျန်ပေ။
အင်အားကြီး ဂိုဏ်းများ တစ်ခုပြီးတစ်ခု ပျက်စီးသွားသဖြင့် သတင်းများ လွှမ်းခြုံသွားပြီး နဂါးနတ်ဘုရား နန်းတော်၏ ဂုဏ်သတင်းသည် ဝင်္ကပါပင်လယ်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
"ကောင်းကင်ဓားဂိုဏ်း၊ မိုးတိမ်တစ်ထောင် တောင်ကြား... ဒီလို အင်အားကြီး ဂိုဏ်းတွေ အကုန်လုံး အသတ်ခံလိုက်ရပြီတဲ့လား"
"နဂါးနတ်ဘုရား နန်းတော်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ။ ရက်စက်လွန်းတယ်... တစ်ယောက်မှ အရှင်မထားဘူး"
"နဂါးနတ်ဘုရား နန်းတော်ရဲ့ နောက်ထပ် ပစ်မှတ်က 'ကောင်းကင်သိုင်း ဂိတ်တံခါး' တဲ့။ သူတို့ ခံနိုင်ပါ့မလား မသိဘူး"
ဝင်္ကပါပင်လယ်နယ်မြေရှိ ကျင့်ကြံသူများ လန့်ဖျတ်နေကြ၏။ နဂါးနတ်ဘုရား နန်းတော် ဒီလောက် ကြောက်စရာ ကောင်းလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ပျက်စီးသွားသော ဂိုဏ်းများသည် နဂါးနတ်ဘုရား နန်းတော်ကို တိုက်ခိုက်ခဲ့သော ဂိုဏ်းများ ဖြစ်သည်။ သူတို့၏ ခေါင်းဆောင်များနှင့် အကျော်အမော်များသည် အင်မော်တယ် လက်နက် စံအိမ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြပြီ ဖြစ်သဖြင့် နဂါးနတ်ဘုရား နန်းတော်၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိကြပေ။
ဂိုဏ်းများစွာကို ဆက်တိုက် နင်းချေခဲ့ပြီးနောက် နဂါးနတ်ဘုရား နန်းတော် စစ်သည်များသည် ရန်သူ့သွေးများဖြင့် ရွှဲနစ်နေကြပြီး သတ်ဖြတ်ခြင်း နတ်ဘုရားများအလား ကြောက်မက်ဖွယ် ကောင်းလှသည်။ မြင်သူတိုင်း ကြောက်လန့်သွားကြ၏။
ရန်သူဆိုလျှင် အမြစ်ပြတ် သုတ်သင်ရမည်။
နဂါးနတ်ဘုရား နန်းတော်သည် ထိုမျှ ရက်စက်ပြီး သွေးအေးလှသည်။
ကောင်းကင်သိုင်း ဂိတ်တံခါးသည် နဂါးနတ်ဘုရား နန်းတော်၏ နောက်ထပ် ပစ်မှတ် ဖြစ်သည်။
ကောင်းကင်သိုင်း ဂိတ်တံခါးတွင် ထျန်းကျီဘုံ ပညာရှင် ရှိနေသဖြင့် အခြား ပျက်စီးသွားသော ဂိုဏ်းများထက် များစွာ သာလွန်သည်။
တပည့် ထောင်ချီ၊ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် (၁၀) ယောက်ကျော်နှင့် ထျန်းကျီဘုံ ဒုတိယအလွှာ ပညာရှင် တစ်ဦး ရှိသည်။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ သေဆုံးသွားသည့်တိုင် သူတို့၏ အင်အားက ကြောက်စရာ ကောင်းနေဆဲပင်။
ဖုန်းဝူချန် ဦးဆောင်သော နဂါးနတ်ဘုရား နန်းတော် စစ်သည်များသည် ကောင်းကင်သိုင်း ဂိတ်တံခါး အထက်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများနှင့် လူသတ် အရှိန်အဝါများသည် ဂိတ်တံခါး တစ်ခုလုံးကို လွှမ်းခြုံထားသည်။
"ဒီထိ တိုက်ခိုက်လာတာ... ကောင်းကင်သိုင်း ဂိတ်တံခါးက (၈) ခုမြောက်ပဲ"
ဟု ဖုန်းဝူချန်က ခံစားချက်မဲ့စွာ ပြောလိုက်၏။
နဂါးနတ်ဘုရား နန်းတော်သည် လမ်းတစ်လျှောက် အင်အားကြီး ဂိုဏ်း (၇) ခုကို နင်းချေခဲ့ပြီးပြီ ဖြစ်သည်။
ဒီလို ကြောက်မက်ဖွယ် သတ်ဖြတ်မှုမျိုးက ကြားရသူတိုင်းကို တုန်လှုပ်စေသည်။
"ဖုန်းဝူချန်... မင်း သေလမ်းလာရှာတာပဲ"
ပြောလိုက်သူမှာ ကောင်းကင်သိုင်း ဂိတ်တံခါး၏ မဟာ အကြီးအကဲ ဖြစ်သည်။ သူသည် လင်မိုယန်၏ မွေးနေ့ပွဲသို့ မသွားဘဲ တံခါးပိတ် ကျင့်ကြံနေသဖြင့် ကံကောင်းထောက်မစွာ အသက်ရှင် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
"ဟုတ်ချင်မှ ဟုတ်မှာပါ... နဂါးနတ်ဘုရား နန်းတော် ရောက်လာမှတော့ ခင်ဗျားတို့ကို သုတ်သင်ပစ်လို့ ရတာပေါ့"
ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။
"မောက်မာလိုက်တာ"
ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ ပညာရှင်တစ်ဦးက မထီမဲ့မြင် ပြောလိုက်၏။
"မောက်မာတာ ဟုတ်မဟုတ် မကြာခင် သိရမှာပါ"
ယီထျန်းချင်းက ရက်စက်စွာ ပြုံးရင်း ပြောလိုက်၏။ နဂါးနတ်ဘုရား နန်းတော် စစ်သည်များလည်း ရက်စက်သော အပြုံးများ ပြုံးလိုက်ကြ၏။
အားလုံးသည် ကောင်းကင်သိုင်း ဂိတ်တံခါးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု အပြည့်ရှိနေကြ၏။
"သေနာပတိချုပ်ကျန်း... ခင်ဗျားနဲ့ ဖုန်းဝူချန် ဘယ်လိုပဲ ပတ်သက်နေပါစေ... ကောင်းကင်သိုင်း ဂိတ်တံခါးက ကျန်းမိသားစုနဲ့ ရန်မဖြစ်ချင်ပါဘူး။ တကယ်လို့ ခင်ဗျား ဝင်ပါမယ် ဆိုရင်တော့... ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့"
မဟာ အကြီးအကဲက ကျန်းကျွင့်လန်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
အစွမ်းထက် ရန်သူနှင့် ရင်ဆိုင်နေရချိန်တွင် မဟာ အကြီးအကဲ အနေဖြင့် အသက်ရှင်ရပ်တည်ရေးက အဓိက ဖြစ်သည်။ ကျန်းမိသားစု သခင်လေး ဖြစ်နေပါစေ... လိုအပ်လျှင် သတ်ပစ်ရမည်သာ။
"ခင်ဗျားတို့ ဘာတတ်နိုင်လဲ ကြည့်ကြသေးတာပေါ့"
ကျန်းကျွင့်လန်က ဂရုမစိုက်သလို ပြောလိုက်၏။
မဟာ အကြီးအကဲ၏ မျက်နှာ မည်းမှောင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"နဂါးနတ်ဘုရား နန်းတော်ကို ဖျက်ဆီးပစ်... ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေအတွက် လက်စားချေကြ"
"သတ်ကြ"
ကောင်းကင်သိုင်း ဂိတ်တံခါး တပည့်များ ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
"တစ်ယောက်မှ အရှင်မထားနဲ့"
ဖုန်းဝူချန်က ရက်စက်စွာ အမိန့်ပေးလိုက်၏။
"သတ်ကြ"
နဂါးနတ်ဘုရား နန်းတော်သားများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။
"ဖုန်းဝူချန်... မင်းအသက် ပေးလိုက်စမ်း"
မဟာ အကြီးအကဲက ကောင်းကင်သို့ ဒေါသတကြီး ပျံတက်လာလိုက်၏။ ထျန်းကျီဘုံ ဒုတိယအလွှာ စွမ်းအားများကို အကုန်ထုတ်သုံးလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ လွှမ်းခြုံသွားသည်။
"ခင်ဗျား ကျွန်တော့်ကို မသတ်နိုင်ပါဘူး"ဟု ဖုန်းဝူချန်က ကြောက်ရွံ့ခြင်း မရှိဘဲ ပြောလိုက်၏။
"ဝူး"
ဖုန်းဝူချန် စကားဆုံးသည်နှင့် မည်းနက်သော အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာပြီး နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကဲ့သို့ပင်။
အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထိုလူထံမှ ထွက်ပေါ်လာသည်။
တိုက်ပွဲ မစရသေးခင်မှာပင် ကောင်းကင်သိုင်း ဂိတ်တံခါး တပည့်များသည် ထိုအရှိန်အဝါကြောင့် ကြောက်လန့်တုန်လှုပ်သွားကြ၏။
မည်းနက်သော အရိပ်သည် မဟာ အကြီးအကဲကို ကြားဖြတ် တားဆီးလိုက်၏။ ရုတ်တရက် ပေါ်လာသော လူရိပ်ကြောင့် မဟာ အကြီးအကဲ လန့်ဖျပ်သွားပြီး ရပ်တန့်လိုက်ရသည်။ သူ့မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာသည်။
အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့သည်ကိုး။ မဟာ အကြီးအကဲ သတိမထားမိခဲ့ခြင်းက ထိုလူ၏ စွမ်းအား မည်မျှ ကြီးမားကြောင်း သက်သေပြနေသည်။
"ထျန်းကျီဘုံ အဋ္ဌမအလွှာ"
မဟာ အကြီးအကဲ ထိတ်လန့်သွားသည်။ ထိုလူ၏ မျက်နှာကို မြင်လိုက်ရသောအခါ ဒူးထောက်ကျလုမတတ် ဖြစ်သွားသည်။
"အင်မော်တယ်... အင်မော်တယ် လက်နက် စံအိမ် စစ်... စစ်သူကြီး..."
မဟာ အကြီးအကဲ မျှော်လင့်ချက်မဲ့သွားသည်။
ထိုလူသည် အင်မော်တယ် လက်နက် စံအိမ်မှ စစ်သူကြီး ဖြစ်ပြီး ထျန်းကျီဘုံ အဋ္ဌမအလွှာ ပညာရှင် ဖြစ်သည်။
"မင်း တော်တော် သတ္တိကောင်းတာပဲ"
စစ်သူကြီးက အေးစက်စွာ ပြောလိုက်၏။ သူ့မျက်လုံးများတွင် လူသတ် အရှိန်အဝါများ ပြည့်နှက်နေသည်။
ထိုအချိန်မှ မဟာ အကြီးအကဲ သဘောပေါက်သွားသည်။ နဂါးနတ်ဘုရား နန်းတော်က ဝင်္ကပါပင်လယ်နယ်မြေကို တိုက်ခိုက်ရဲခြင်းမှာ အင်မော်တယ် လက်နက် စံအိမ်၏ ကျောထောက်နောက်ခံ ရှိနေသောကြောင့် ဖြစ်သည်။
"စစ်သူကြီး... အသက်ချမ်းသာပေးပါ"
မဟာ အကြီးအကဲ တောင်းပန်လိုက်သော်လည်း စကားမဆုံးခင်မှာပင်...
"ဝုန်း"
စစ်သူကြီးက တွန့်ဆုတ်ခြင်း မရှိဘဲ လက်ဝါးဖြင့် မဟာ အကြီးအကဲ၏ ဦးခေါင်းကို ရိုက်ချလိုက်၏။ ရိုးရှင်းသော ရိုက်ချက် ဖြစ်သော်လည်း ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသဖြင့် မဟာ အကြီးအကဲသည် သွေးမြူမှုန်များအဖြစ် ပေါက်ကွဲသွားတော့သည်။
"မဟာ အကြီးအကဲ..."
ကောင်းကင်သိုင်း ဂိတ်တံခါး တပည့် ထောင်ချီ ကြောက်လန့်တုန်လှုပ်သွားကြ၏။ သူတို့၏ စိတ်ဓာတ်ခွန်အားများ ပြိုလဲကုန်ပြီ။
"တစ်ယောက်မှ အရှင်မထားပါနဲ့"
ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်ပြီး နဂါးနတ်ဘုရား ဓားကို ကိုင်ကာ အောက်သို့ ထိုးဆင်းလိုက်၏။
"သတ်ကြ"
နဂါးနတ်ဘုရား နန်းတော် စစ်သည်များ ထပ်မံ အော်ဟစ်လိုက်ကြ၏။
ဖုန်းဝူချန် ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်လိုက်၏။ ကမ္ဘာပျက် စွမ်းအားများ ထုတ်ဖော်ပြီး ချီလင် ချပ်ဝတ်ကို ဝတ်ဆင်လိုက်၏။
"ရွှစ်... ရွှစ်... ရွှစ်"
နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို အသုံးပြုပြီး ဖုန်းဝူချန်သည် သွေးရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်သိုင်း ဂိတ်တံခါးမှ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် အများအပြား လည်ပင်း ပြတ်ရှကာ သေဆုံးကုန်ကြ၏။
ရန်သူများကို ချက်ချင်း သုတ်သင်ပစ်လိုက်ခြင်းပင်။
နဂါးနတ်ဘုရား နန်းတော် စစ်သည်များ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကောင်းကင်သိုင်း ဂိတ်တံခါး တပည့်များ အစုလိုက်အပြုံလိုက် လဲကျသေဆုံးကုန်ကြ၏။
ထျန်းကျီဘုံ ပညာရှင် မရှိတော့သဖြင့် သားရဲများကဲ့သို့ ရက်စက်သော နဂါးနတ်ဘုရား နန်းတော် စစ်သည်များကို ကောင်းကင်သိုင်း ဂိတ်တံခါး တပည့်များ ယှဉ်နိုင်စွမ်း မရှိတော့ပေ။
သတ်ဖြတ်ပွဲကြီးအပြီးတွင် ကောင်းကင်သိုင်း ဂိတ်တံခါး တစ်ခုလုံး သွေးချင်းနီရဲသွားသည်။ ကောင်းကင်သိုင်း ဂိတ်တံခါး ပျက်စီးသွားတော့၏။