အခန်း (၅၉၅-၅၉၇)
Vol. 40 Ch. 595-597
အခန်း (၅၉၅) - လွှမ်းမိုးနိုင်စွမ်းရှိသော အင်အား
~အဆင့် (၆) လက်နက် ပြုပြင်ခြင်း ၏ စွမ်းအားကို လျှော့တွက်၍ မရနိုင်ပေ။
လက်သီးချင်း ယှဉ်ပြိုင်လိုက်ရုံဖြင့် သွမ့်မိုမင်၏ လက်မောင်းတွင် စူးရှသော နာကျင်မှု ခံစားနေရပြီး တုန်ယင်လာသည်။
"ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာပဲ ရှိပေမဲ့... ဆေးဧကရာဇ်ရဲ့ စွမ်းအားက ဒီလောက်တောင် ပြင်းထန်တာလား"
သွမ့်ကျုံးသည် မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိပြီး စိုးရိမ်ပူပန်မှုများ တိုးပွားလာသည်။
"သွမ့်မိုမင်က ကောင်းကင်ဘုံလူသား နဝမအလွှာကို ရောက်နေတာတောင် ဆေးဧကရာဇ်ကို မယှဉ်နိုင်ဘူးတဲ့လား"
"ကြောက်စရာ ကောင်းလိုက်တာ... တကယ့်ကို မယုံနိုင်စရာပဲ"
"ဒါ လူရော ဟုတ်ရဲ့လား။ ဘီလူးတစ်ကောင် ဖြစ်နေသလား။ ဆဋ္ဌမအလွှာလောက်နဲ့ သွမ့်မိုမင်ကို ဖိနှိပ်ထားနိုင်တယ်ပေါ့"
တိုက်ပွဲကို ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြပြီး အံ့သြထိတ်လန့်နေကြ၏။
"ပြီးခဲ့တုန်းက မင်း အဆင့် (၆) ဝိညာဉ်သန့်စင်ဆေး သောက်ထားလို့ ဘေးထွက်ဆိုးကျိုးတွေ ပျောက်သွားပြီ ထင်ရပေမဲ့... မင်းအပေါ် သက်ရောက်မှုကတော့ ရှိနေတုန်းပဲ"
ဟု ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်၏။
သွမ့်မိုမင်၏ ပါရမီအရ (၂) လ အတွင်း ဒီလောက်ပဲ တိုးတက်လာခြင်းမှာ ပုံမှန်မဟုတ်ပေ။ ဝိညာဉ်သန့်စင်ဆေး၏ အကျိုးဆက်ကြောင့်သာ ဖြစ်သည်။
"မင်းရဲ့ ရတနာ လက်နက်ကို ထုတ်သုံးလိုက်တော့။ မဟုတ်ရင် နှစ်ချက် သုံးချက်လောက်နဲ့ မင်း သေသွားလိမ့်မယ်"
ဖုန်းဝူချန်နှင့် သွမ့်မိုမင်တို့သည် (၃) ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ဖူးသဖြင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိထားကြလေသည်။
"ဝီ... ဝီ"
ထိုစဉ်၊ သွမ့်မိုမင်က အတွေးတချက်ဖြင့် အလယ်အလတ်အဆင့် ဝိညာဉ် လက်နက် တစ်ခုဖြစ်သော 'ကျောက်သလင်း ပုတီး' ကို ဆင့်ခေါ်လိုက်၏။ စွမ်းအားများ ဖြည့်သွင်းလိုက်သောအခါ ပုတီးသည် အပြာရောင် အလင်းတန်းများ တောက်ပလာပြီး အလွန် ကြီးမားသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
ယခုအခါ သွမ့်မိုမင်၏ အရှိန်အဝါသည် ဖုန်းဝူချန်ကို ကျော်လွန်သွားပြီး အသာစီး ရယူနိုင်ပြီ ဖြစ်သည်။
အလွန် ကြမ်းတမ်းသော အရှိန်အဝါများ လွှမ်းခြုံလာပြီး သွမ့်မိုမင် တစ်ကိုယ်လုံး လူသတ် အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေသည်။
သွမ့်မိုမင်သည် ဖုန်းဝူချန်ကို ရက်စက်စွာ စိုက်ကြည့်ပြီး လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်းလာသည်။ အပြာရောင် အလင်းတန်းများ လေဟာနယ် တစ်ခုလုံး လွှမ်းခြုံသွားသည်။
သွမ့်မိုမင်ကို ကြည့်ရင်း ယီထျန်းချင်းက ခေါင်းခါလိုက်၏။
"အလကား ရုန်းကန်နေတာပဲ"
"အစ်ကိုကြီးဖုန်းရဲ့ စွမ်းအားက သူ့ထက် အများကြီး သာနေတာကို"
ဟု လျိုချင်းယန်က ပခုံးတွန့်ရင်း ပြောလိုက်၏။
"နက်နဲခြင်းအဆင့် အကျော်အမော် သိုင်းကွက်... ဖျက်ဆီးခြင်း လက်ချောင်း"
သွမ့်မိုမင်က အေးစက်စွာ မာန်သွင်းလိုက်ပြီး စုစည်းထားသော စွမ်းအားများကို လက်ချောင်းထိပ်မှ ပစ်လွှတ်လိုက်၏။ လူတစ်ကိုယ်လုံး စာလောက်ရှိသော အပြာရောင် စွမ်းအင်တန်းကြီးသည် လျှပ်စီးလက်သကဲ့သို့ ပြေးထွက်လာသည်။
"ဝုန်း"
"ဝီ... ဝီ"
ဖုန်းဝူချန်က နှာခေါင်းရှုံ့လိုက်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။
မိုးမြေသိမ့်သိမ့်တုန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ လေဟာနယ်တွင် ပေါ်လာသည်။
သွမ့်မိုမင်၏ အစွမ်းထက် သိုင်းကွက်သည် ဖုန်းဝူချန်၏ လက်သီးတစ်ချက်တည်းဖြင့် ပျက်စီးသွားသည်။
"တကယ်ပဲ ငါထင်ထားတာထက် ပိုစွမ်းနေတာပဲ"
သွမ့်မိုမင် မျက်မှောင်ကြုတ်လိုက်၏။ နက်နဲခြင်းအဆင့် သိုင်းကွက်လောက်နဲ့ ဖုန်းဝူချန်ကို ခြစ်ရာထင်အောင်ပင် မလုပ်နိုင်ပေ။
"ဟူး..."
ကြည့်ရှုသူများနှင့် သန့်ရှင်းသော နေမင်းဂိုဏ်း တပည့်များ ကြောက်လန့်တကြား အသက်ရှူမှားသွားကြ၏။
"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား... လက်သီးတစ်ချက်တည်းနဲ့ သွမ့်မိုမင်ရဲ့ သိုင်းကွက်ကို ဖျက်ဆီးလိုက်တာလား"
လူအုပ်ကြီး ပွက်လောရိုက်သွားပြန်သည်။
"ကြမ်းတမ်းလိုက်တာ"
ကျူးကော့လျန်ချန်၏ အသံများ တုန်ယင်နေပြီး မျက်နှာ ဖြူလျော်နေသည်။
"ဘယ်... ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးတာလဲ"
မိုလင်းအာ၏ လှပသော မျက်နှာပေါ်တွင် အံ့သြမှုနှင့် ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေတော့သည်။
ဖုန်းဝူချန်နှင့် သူမသည် ကမ္ဘာမတူတော့ကြောင်း မိုလင်းအာ သဘောပေါက်သွားသည်။ သူမ ဘယ်လောက် ကြိုးစားကြိုးစား ဖုန်းဝူချန်ကို မီနိုင်တော့မည် မဟုတ်ပေ။
ဖုန်းဝူချန်ရှေ့တွင် သူမ ဂုဏ်ယူဝင့်ကြွားခဲ့တိုင်း ဖုန်းဝူချန်က ရက်စက်စွာ နင်းချေခဲ့သည်။
"ကလေးကစားသလို လုပ်မနေနဲ့... အစစ်အမှန် စွမ်းရည်ကို ထုတ်ပြစမ်းပါ"
ဖုန်းဝူချန်က မောက်မာစွာ ပြောလိုက်၏။ စောစောက လက်သီးချက်သည် အားကုန်ထုတ်သုံးထားခြင်း မဟုတ်ကြောင်း သိသာနေသည်။
သာမန် လက်သီးတစ်ချက်တည်းဖြင့် နက်နဲခြင်းအဆင့် သိုင်းကွက်ကို ဖျက်ဆီးနိုင်ခြင်းက ဖုန်းဝူချန် မည်မျှ စွမ်းအားကြီးကြောင်း ပြသနေသည်။
"ဝုန်း"
စကားဆုံးသည်နှင့် ကျောဘက်မှ အမည်းရောင် အတောင်ပံများ ခတ်ကာ ဖုန်းဝူချန်သည် ရှေ့သို့ တရှိန်ထိုး ပြေးထွက်သွားသည်။
"ဝုန်း... ဝုန်း... ဝုန်း"
"ဝီ... ဝီ"
ပြင်းထန်သော တိုက်ပွဲကြီး စတင်ပြီ ဖြစ်သည်။ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများ လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေသည်။
သန့်ရှင်းသော နေမင်းဂိုဏ်း တပည့်များနှင့် ကြည့်ရှုသူများသည် အသက်အောင့်ကာ စောင့်ကြည့်နေကြ၏။
သွမ့်မိုမင်သည် ဖုန်းဝူချန်ကို ယှဉ်နိုင်သော်လည်း စွမ်းအားနှင့် အမြန်နှုန်းတွင် အမြဲ အရေးနိမ့်နေသည်။ အားကုန်ထုတ်သုံးနေသော်လည်း ဖုန်းဝူချန်ကို မကျော်လွှားနိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ သွမ့်မိုမင် စတင် ယိမ်းယိုင်လာပြီး စိတ်ဓာတ်ကျလာရသည်။
"ခွပ်... ခွပ်... ခွပ်"
ဖုန်းဝူချန်၏ စွမ်းအားက ကြီးမားလွန်းပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း သန်မာလွန်းသည်။ သွမ့်မိုမင်၏ အရှိန်အဝါက ဖုန်းဝူချန်ထက် မြင့်မားသော်လည်း ဖုန်းဝူချန်၏ လက်သီးချက်များကို ဆက်တိုက် ခံနေရလေသည်။
ဝင်္ကပါပင်လယ်နယ်မြေ၏ ထိပ်တန်း ပါရမီရှင်သည် ယနေ့ကဲ့သို့ အရှက်ရဖွယ် အခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။
သွမ့်မိုမင်၏ စွမ်းအားကို မည်သူ မသိဘဲ ရှိမည်နည်း။ သို့သော် ဖုန်းဝူချန်ရှေ့တွင်မူ အလွန် အားနည်းနေသကဲ့သို့ ဖြစ်နေသည်။
တိုက်ခိုက်လေ သွမ့်မိုမင် ပိုမို စိတ်ပျက်လေ ဖြစ်လာသည်။ ဖုန်းဝူချန်၏ ရက်စက်ကြမ်းကြုတ်သော တိုက်စစ်ကို သူ မကာကွယ်နိုင်ပေ။
လက်နက်မဲ့ တိုက်ခိုက်ခြင်းကို စွန့်လွှတ်ချင်သော်လည်း ဖုန်းဝူချန်က သူ့ကို ကပ်ထားသဖြင့် ခွာ၍ မရနိုင်ပေ။
"ခွပ်... ခွပ်... ခွပ်"
ရက်စက်သော တိုက်ခိုက်မှုများ သွမ့်မိုမင်အပေါ် ကျရောက်လာပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
"ဂိုဏ်းချုပ်လေး..."
သန့်ရှင်းသော နေမင်းဂိုဏ်း တပည့်များ၏ နှလုံးသားများ တုန်လှုပ်နေသည်။
သွမ့်ကျုံးနှင့် အကြီးအကဲများ၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး လက်ဖဝါးများ ချွေးစေးပြန်နေသည်။
"လွန်လွန်းတယ်ကွာ"
သွမ့်မိုမင် ဒေါသထွက်နေသော်လည်း ဘာမှ မလုပ်နိုင်ပေ။
"အစစ်အမှန်ယွမ် ကာကွယ်ရေး ဒိုင်း"
သွမ့်မိုမင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး စွမ်းအင်ဒိုင်းတစ်ခု ဖန်တီးလိုက်၏။
"ပျက်စီးစမ်း"
"ဝုန်း"
ဖုန်းဝူချန်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်ရာ စွမ်းအင်ဒိုင်းသည် မှန်တစ်ချပ်ကဲ့သို့ ကွဲကြေသွားတော့သည်။
"ဘုန်း”
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သွမ့်မိုမင် အလွန် အံ့အားသင့်သွားသည်။ ဖုန်းဝူချန်၏ စွမ်းအားက သူ ထင်ထားသည်ထက် များစွာ သာလွန်နေသည်။
"ဟွန့်... မင်းရဲ့ စွမ်းအားက အရမ်း အားနည်းလွန်းတယ်"
ဖုန်းဝူချန်က ရက်စက်စွာ ပြောလိုက်ပြီး နက်မှောင်သော အနီရောင် အလင်းတန်းများ တောက်ပနေသည့် လက်သီးဖြင့် သွမ့်မိုမင်၏ ရင်ဘတ်ကို ထပ်မံ ထိုးနှက်လိုက်၏။
သွမ့်မိုမင်၏ မျက်နှာ ပျက်သွားပြီး အန္တရာယ် အချက်ပေးသံများ ခေါင်းထဲတွင် မြည်ဟီးလာသည်။
"ဝုန်း"
"အွတ်"
မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော လက်သီးချက်ကြောင့် သွမ့်မိုမင် ကာကွယ်ချိန် မရလိုက်ပေ။ သွေးအန်ကာ အမြောက်ဆန်ပမာ လွင့်စင်သွားတော့သည်။
အဆင့် (၆) လက်အိတ်၏ စွမ်းအားသည် အလွန် ကြီးမားလှသဖြင့် သွမ့်မိုမင် ခံနိုင်ရည် မရှိတော့ပေ။
"မိုမင်"
သွမ့်ကျုံး စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
"ဂိုဏ်းချုပ်လေး ဒဏ်ရာရသွားပြီ"
"ဖုန်းဝူချန်ရဲ့ စွမ်းအားက တကယ် ကြောက်စရာ ကောင်းတာပဲ။ ဂိုဏ်းချုပ်လေးက သူ့ပြိုင်ဘက် မဟုတ်ဘူး။ ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာက ဒီလောက် စွမ်းအားကြီးနိုင်တာလား"
သန့်ရှင်းသော နေမင်းဂိုဏ်း တပည့်များ ကြောက်လန့်တုန်လှုပ်နေကြ၏။
ကြည့်ရှုသူများလည်း အံ့သြမှင်သက်နေကြ၏။
ဝင်္ကပါပင်လယ်နယ်မြေ၏ ထိပ်တန်း ပါရမီရှင်သည် ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာ၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့တော့သတည်း။
အခန်း (၅၉၆) - ရှေးဦး သွေးဝံပုလွေ ဝိညာဉ်သိုင်း
~သွမ့်မိုမင် ဒဏ်ရာအပြင်းအထန် ရသွားသည်။
ဖုန်းဝူချန်၏ လက်သီးချက်သည် ကောင်းကင်ဘုံလူသား သတ္တမအလွှာ ပညာရှင် တစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်လောက်အောင် ပြင်းထန်သည်။
"ငါ အဆင့်တစ်ဆင့် ထပ်တက်ထားတာတောင်... သူ့တိုက်ခိုက်စွမ်းရည်က ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ"
သွမ့်မိုမင် နာကျင်စွာ တွေးလိုက်မိသည်။ သူ့ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်မတတ် ဖြစ်နေပြီး အရိုးများ ကြေမွသွားသလို ခံစားရသည်။
"ဝင်္ကပါပင်လယ်နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတာ ဒီလောက်ပဲလား"
ဖုန်းဝူချန်က အေးစက်စွာ လှောင်ပြောင်လိုက်၏။
ထိုစကားကို ကြားသောအခါ သွမ့်မိုမင်၏ ဖြူလျော်နေသော မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထလာသည်။ ဒေါသများက သူ့ကို ဝါးမြိုသွားပြီး မျက်လုံးများ နီရဲလာသည်။
ဝင်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော သွမ့်မိုမင်သည် ဖုန်းဝူချန်၏ စော်ကားမှုနှင့် နင်းချေမှုကို မည်သို့ ခံနိုင်မည်နည်း။
"ဖုန်းဝူချန်... မင်း ငါ့ကို စော်ကားရဲတယ်ပေါ့။ မင်း ပြန်ပေးဆပ်ရမယ်"
သွမ့်မိုမင်က ရက်စက်စွာ အော်ဟစ်လိုက်၏။ ဒေါသအိုး ပေါက်ကွဲသွားပြီး လူသတ် အရှိန်အဝါများ ပြင်းထန်စွာ လွှမ်းခြုံလာသည်။
"ဟုတ်လား... ငါက အစွမ်းကုန်တောင် မသုံးရသေးဘူး။ မင်းကို စောင့်နေတာ"
ဖုန်းဝူချန်က ရယ်မောရင်း ပြောလိုက်၏။
"အစွမ်းကုန် မသုံးရသေးဘူး ဟုတ်လား"
ဖုန်းဝူချန်၏ စကားကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။
ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲမှာ... ပြီးတော့ ဝင်္ကပါပင်လယ်နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်နဲ့ တိုက်ခိုက်နေတာတောင်... ဖုန်းဝူချန်က အစွမ်းကုန် မသုံးရသေးဘူးတဲ့လား။
"သူက အားကုန်မသုံးဘဲနဲ့တောင် သွမ့်မိုမင်ကို ဖိနှိပ်ထားနိုင်တာလား"
"မဖြစ်နိုင်တာ... ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာလောက်နဲ့ ဘယ်လောက်ပဲ သန်မာနေပါစေ... ဒီလောက်တော့ မဖြစ်နိုင်ဘူး"
"ဘုရားရေ... သူက ခြိမ်းခြောက်နေတာလား။ ဘယ်လိုလုပ် အားကုန်မသုံးဘဲ နေနိုင်မှာလဲ"
လူအုပ်ကြီး ကြောက်လန့်တုန်လှုပ်နေကြ၏။
သွမ့်မိုမင် ကိုယ်တိုင်လည်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ဖုန်းဝူချန်က တကယ်ပဲ အားကုန်မသုံးသေးတာလား။
ခြိမ်းခြောက်တာလား၊ တကယ်လား ဆိုတာ မည်သူမျှ မဝေခွဲနိုင်ကြပေ။
"ခန်းမသခင်က တကယ်ပဲ အားကုန်မသုံးသေးတာလား"
ယီထျန်းချင်းက အံ့သြတကြီး မေးလိုက်၏။ သူကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်နေသည်။
"ဖြစ်နိုင်တယ်"
ယဲ့ထျန်းဝေက ခေါင်းညိတ်လိုက်၏။ သူက ဖုန်းဝူချန်နှင့် တိုက်ခိုက်ဖူးသဖြင့် ဖုန်းဝူချန်၏ အစွမ်းအစကို ကောင်းကောင်း သိသည်။
"အစ်ကိုဖုန်းက သူ့ရဲ့ ဓားသိုင်းကိုတောင် မသုံးရသေးဘူးလေ"
ဟူု လျိုချင်းယန်က ဝင်ပြောလာသည်။
နဂါးနတ်ဘုရား နန်းတော်သားများပင် ဖုန်းဝူချန် အားကုန်သုံး၊ မသုံး သေချာ မသိကြပေ။
"မြေကမ္ဘာအဆင့် အဆင့်နိမ့် သိုင်းကွက်... ကြယ်ခုနစ်လုံး ကောင်းကင်ခွဲ လက်ဝါး"
သွမ့်မိုမင် အသိပြန်ဝင်လာပြီးနောက် ဖုန်းဝူချန်၏ စကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ အားကုန်ထုတ်သုံးကာ တိုက်ခိုက်လိုက်၏။
"ဝီ... ဝီ"
သွမ့်မိုမင်က လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ပေပေါင်း ရာချီသော အပြာရောင် လက်ဝါးရာကြီးသည် ဖျက်ဆီးခြင်း စွမ်းအားများနှင့်အတူ ဖုန်းဝူချန်ထံသို့ တရှိန်ထိုး ဝင်ရောက်လာသည်။
"ဝုန်း"
သွမ့်မိုမင် လှုပ်ရှားလိုက်သည်နှင့် ဖုန်းဝူချန်လည်း လှုပ်ရှားလိုက်၏။ ကျောဘက်မှ အတောင်ပံများကို ခတ်ကာ လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားသည်။ တစ်ချိန်တည်းမှာပင် အစွမ်းကုန် ထုတ်သုံးလိုက်ရာ နက်မှောင်သော အနီရောင် အလင်းတန်းများ တောက်ပလာပြီး အသက်ရှူရပ်မတတ် ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာသည်။
"ရှေးဦး နဂါးနတ်ဘုရား လက်သီး"
ဖုန်းဝူချန်သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး မိုးကြိုးပစ်သံကဲ့သို့ ဟိန်းဟောက်ကာ ကြီးမားသော အပြာရောင် လက်ဝါးရာကြီးကို လက်သီးဖြင့် ထိုးနှက်လိုက်၏။
"ဒါ နက်နဲခြင်းအဆင့် အကျော်အမော် သိုင်းကွက်ပဲ"
သွမ့်ကျုံး၏ နှလုံးသား တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ စိုးရိမ်စိတ်များ အဆမတန် တိုးပွားလာသည်။
"သိုင်းကွက်က အရမ်း ကြောက်စရာ ကောင်းတာပဲ"
အကြီးအကဲများ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အထင်းသား ပေါ်နေသည်။
ဖုန်းဝူချန်၏ လက်သီးချက်သည် အလွန် လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြိုင်ဘက်ကင်းသော အဆင့်သို့ ရောက်ရှိနေသည်။
"ဝုန်း"
"အွတ်"
"ဝီ... ဝီ"
ဖုန်းဝူချန်၏ လက်သီးသည် သေးငယ်သော်လည်း ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်နေသည်။ ကြီးမားသော လက်ဝါးရာကြီးနှင့် ထိတိုက်မိသောအခါ ပေါက်ကွဲသွားပြီး မိုးမြေသိမ့်သိမ့်တုန်သော စွမ်းအင်လှိုင်းများ လွှမ်းခြုံသွားသည်။ သွမ့်မိုမင် သွေးအန်ကာ လွင့်စင်သွားရသည်။
ထိပ်တိုက်တွေ့ဆုံမှုတွင် သွမ့်မိုမင် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး ဖုန်းဝူချန်ကို လုံးဝ မယှဉ်နိုင်တော့ပေ။
အရင်တုန်းက တိုက်ပွဲတွေမှာ သွမ့်မိုမင်က အသာစီးရခဲ့ပြီး ဖုန်းဝူချန်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သွမ့်မိုမင်သည် ဖုန်းဝူချန်၏ အဝတ်စကိုပင် မထိနိုင်ဘဲ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရသည်။
"ငါ အားကုန်သုံးထားတာတောင်... သူ့ကို နည်းနည်းလေးမှ ဒဏ်ရာရအောင် မလုပ်နိုင်ဘူးတဲ့လား။ ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာမှာ ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးတဲ့လူ ရှိနိုင်မှာလဲ"
သွမ့်မိုမင် ရင်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ ဖုန်းဝူချန် အဆင့်တက်သွားရုံနှင့် ဤမျှ ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးလာလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
"မိုမင်"
သွမ့်ကျုံး စိုးရိမ်တကြီး အော်ဟစ်လိုက်၏။ ချက်ချင်း သွားကူညီချင်သော်လည်း မလှုပ်ရှားရဲပေ။
'ရှေးဦး နဂါးနတ်ဘုရား လက်သီး' သည် အလွန် ကြမ်းတမ်းသည်။ မြေကမ္ဘာအဆင့် အဆင့်နိမ့် သိုင်းကွက်လောက်က ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။
"ဂိုဏ်းချုပ်လေး ရှုံးသွားပြီ..."
"ဂိုဏ်းချုပ်လေးက ဒီလောက် သန်မာတာတောင် ဖုန်းဝူချန်ကို ခြစ်ရာထင်အောင် မလုပ်နိုင်ဘူး"
"ဖုန်းဝူချန်ရဲ့ စွမ်းအားက သိပ်ကြောက်စရာ ကောင်းတယ်"
လူတိုင်း အံ့သြထိတ်လန့်နေကြ၏။
"ဒီလောက်ပဲလား။ မင်းရဲ့ စွမ်းအားက ငါ့ကို စိတ်ပျက်စေတယ်"
ဖုန်းဝူချန်က အေးစက်စွာ ရယ်လိုက်၏။ လွင့်စင်သွားသော သွမ့်မိုမင်ကို လှမ်းကြည့်လိုက်သည်။
ဖုန်းဝူချန်၏ စကားကို ကြားသောအခါ လွင့်စင်နေသော သွမ့်မိုမင်သည် ရုတ်တရက် ရပ်တန့်လိုက်၏။ ဖြူလျော်နေသော မျက်နှာပေါ်တွင် ရူးသွပ်သော အမူအရာ ပေါ်လာသည်။
သွမ့်မိုမင် ဒဏ်ရာပြင်းထန်နေပြီး အရှိန်အဝါ ကျဆင်းနေသော်လည်း ယခုအခါ ယခင်ကထက် ပိုမို ကြောက်စရာ ကောင်းလာသည်။
သွမ့်မိုမင်၏ ပြောင်းလဲမှုကို လူတိုင်း သတိထားမိလိုက်ကြ၏။
"ဖုန်း ဝူ ချန်... မင်းက ငါ့ကို ဒီအဆင့်ထိ ရောက်အောင် တွန်းပို့တဲ့ ပထမဆုံးလူပဲကွ"
သွမ့်မိုမင်က ရူးသွပ်စွာ အော်ဟစ်လိုက်၏။ သူ့အရှိန်အဝါ ကျဆင်းနေသော်လည်း လူသတ် အရှိန်အဝါများကမူ ပိုမို သွေးဆာပြီး ကြောက်စရာ ကောင်းလာသည်။
"ဒါ... ရှေးဦး သွေးဝံပုလွေ ဝိညာဉ်သိုင်း ပဲ"
သွမ့်မိုမင်၏ အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ ဖုန်းဝူချန် အံ့သြသွားသည်။
"ဒါကြောင့် မင်းရဲ့ သွေးဆာမှုက ဒီလောက် ပြင်းထန်ပြီး ယုံကြည်မှု လွန်ကဲနေတာကိုး။ ဒီလောက် စွမ်းအားကြီးတဲ့ ဝိညာဉ်သိုင်း ရှိနေမှတော့ အစကတည်းက ထုတ်သုံးလိုက်ပါလား"
ဖုန်းဝူချန်က ကြောက်ရွံ့ခြင်း မရှိဘဲ အေးစက်စွာ ပြုံးလိုက်၏။
သွမ့်မိုမင်က ဖုန်းဝူချန်ကို ရက်စက်စွာ စိုက်ကြည့်လာ၏။
"မင်းကို ပြာကျသွားအောင် လုပ်ပစ်မယ်"
ဒေါသနှင့် ရူးသွပ်မှုများ လွှမ်းမိုးထားသဖြင့် သွမ့်မိုမင်သည် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
သွေးဝံပုလွေ ဝိညာဉ်သိုင်း စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သွမ့်မိုမင်က လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး ပြန်ဆွဲခွာလိုက်ရာ ထူးဆန်းသော ဓားကျိုးတစ်လက် ပေါ်လာသည်။ သူ့အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာသည်။
"အဆင့်မြင့် ဝိညာဉ် လက်နက်... ပြီးတော့ ကြမ်းတမ်းလိုက်တဲ့ ဝိညာဉ်သိုင်း စွမ်းအား..."
လျိုချင်းယန် အံ့သြတကြီး ရေရွတ်လိုက်၏။
"သွမ့်မိုမင်ရဲ့ ဝိညာဉ်သိုင်းက သာမန် မဟုတ်ဘူး"
ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်ကာ သတိပေးလိုက်၏။
ယီထျန်းချင်းလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။
"ဟုတ်တယ်။ သာမန် မဟုတ်ဘူး... ဒီအရှိန်အဝါက တော်တော်လေး မသက်မသာ ဖြစ်စေတယ်"
ကြည့်ရှုသူများသည်လည်း သွမ့်မိုမင်၏ ပေါက်ကွဲထွက်လာသော ဝိညာဉ်သိုင်း စွမ်းအားကြောင့် ကြောက်လန့်နေကြ၏။ သွေးဆာနေသော အရှိန်အဝါများက သူတို့ကို တုန်လှုပ်စေသည်။
"အွတ်"
သွမ့်မိုမင်က သွေးအဆီအနှစ် တစ်လုပ်ကို ဓားကျိုးပေါ်သို့ ထွေးထုတ်လိုက်ရာ ဓားကျိုးသည် တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး မီးတောင်ပေါက်ကွဲသကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာသည်။
သွမ့်မိုမင်၏ အရှိန်အဝါသည် မျက်စိတစ်မှိတ်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
"မင်းက တကယ်ပဲ အစွမ်းကုန် လုပ်တော့မှာပေါ့"
ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်ပြီး နဂါးနတ်ဘုရား ဓားကို ဆင့်ခေါ်လိုက်၏။
"သေစမ်း"
သွမ့်မိုမင်က အော်ဟစ်လိုက်ပြီး ဓားကျိုးကို ကောင်းကင်သို့ မြှောက်လိုက်၏။ ကြောက်မက်ဖွယ် စွမ်းအားများသည် မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
"မြေကမ္ဘာအဆင့် အလယ်အလတ် အဆင့် သိုင်းကွက်... မီးတောက် ဖျက်ဆီးခြင်း”
အခန်း (၅၉၇) - အပြတ်အသတ် ရှုံးနိမ့်ခြင်း
~"မြေကမ္ဘာအဆင့် အလယ်အလတ် အဆင့် သိုင်းကွက်... မီးတောက် ဖျက်ဆီးခြင်း"
သွမ့်မိုမင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဓားကျိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အပေါ်စီးမှ ခုတ်ချလိုက်၏။
"ရွှစ်"
"ဝီ... ဝီ"
ပေပေါင်း ရာချီ ရှည်လျားသော မီးတောက် ဓားချက်ကြီးသည် ကြမ်းတမ်းစွာ ထွက်ပေါ်လာသည်။ လေထုထဲတွင် အက်ကြောင်းများပင် ဖြစ်ပေါ်လာသည်။
ဤသိုင်းကွက်သည် သွမ့်မိုမင်၏ အစွမ်းအထက်ဆုံး ဝှက်ဖဲ ဖြစ်ပြီး သွေးဝံပုလွေ ဝိညာဉ်သိုင်းနှင့် သွေးအဆီအနှစ် စွမ်းအားများ ပေါင်းစပ်ထားသဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဒဏ်ရာအပြင်းအထန် ရနေသည့်ကြားမှ ဤကဲ့သို့ အစွမ်းထက် သိုင်းကွက်ကို ထုတ်သုံးနိုင်ခြင်းက သွမ့်မိုမင်၏ စွမ်းရည်ကို သက်သေပြနေသည်။ သူသည် ဝင်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သူ ဖြစ်သည်။
"ဟူး..."
သန့်ရှင်းသော နေမင်းဂိုဏ်း တပည့်များနှင့် ကြည့်ရှုသူများသည် ထိတ်လန့်တကြား တံတွေးမျိုချမိကြ၏။ မျက်နှာများ ဖြူလျော်နေသည်။
သွမ့်မိုမင်၏ ဓားချက်သည် ကောင်းကင်ကို ခွဲဖြတ်နိုင်မည့်အလား ထင်ရသည်။
ထိုကြောက်မက်ဖွယ် စွမ်းအားကို ရင်ဆိုင်ရသောအခါ ဖုန်းဝူချန်၏ မျက်နှာထား လေးနက်သွားသည်။
"ကောင်းကင်ဘုံလူသား အဋ္ဌမအလွှာပဲ ရှိပေမဲ့ နဝမအလွှာ အထွတ်အထိပ် စွမ်းအားကို ထုတ်သုံးနိုင်တာ... ရှားပါးတဲ့ ပါရမီရှင်ပဲ။ နှမြောစရာ ကောင်းလိုက်တာ"
ဖုန်းဝူချန်က တစ်ယောက်တည်း ရေရွတ်လိုက်၏။
"ဝီ... ဝီ"
ဖုန်းဝူချန်က နဂါးနတ်ဘုရား ဓားကို သွမ့်မိုမင်ဘက်သို့ ချိန်လိုက်၏။ ကမ္ဘာပျက် စွမ်းအားများကို အကုန်ထုတ်သုံးပြီး ဓားထဲသို့ ထည့်လိုက်၏။ နက်မှောင်သော အနီရောင် အလင်းတန်းများ တောက်ပလာပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအရှိန်အဝါများ အရိုင်းဆန်စွာ လွှမ်းခြုံသွားသည်။
"အင်မော်တယ် ကျင့်စဉ်... တကယ်ပဲ အင်မော်တယ် ကျင့်စဉ်ပါလား"
ထျန်းရှန်းဇီ၏ အိုမင်းသော မျက်နှာတွင် အံ့သြမှုများ ပေါ်လာသည်။
"ဒီအရှိန်အဝါက ဝိညာဉ်ကို ဖမ်းစားနိုင်တယ်။ ဆေးဧကရာဇ်ရဲ့ ဓားသိုင်းက အရမ်း ကြောက်စရာ ကောင်းတာပဲ"
ဟု အဆင့် (၇) ဆေးပညာရှင်တစ်ဦးက ထိတ်လန့်တကြား ထုတ်ဖော်လိုက်၏။
"အင်မော်တယ် ကျင့်စဉ်... ဒါ အင်မော်တယ် ကျင့်စဉ်ပဲ ဖြစ်ရမယ်"
ကျူးကော့လျန်ချန်၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည်။
"ဖုန်းဝူချန်ရဲ့ အရှိန်အဝါက မယုံနိုင်လောက်အောင် ကြောက်စရာ ကောင်းနေတယ်။ ဒါ အင်မော်တယ် ကျင့်စဉ်ပဲ ဖြစ်မယ်"
ဟု သွမ့်ကျုံး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ သူ့မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။
သန့်ရှင်းသော နေမင်းဂိုဏ်း အကြီးအကဲများနှင့် အကျော်အမော်များ၏ မျက်နှာတွင်လည်း ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေသည်။ ဖုန်းဝူချန်၏ စွမ်းအားသည် သူတို့ ထင်ထားသည်ထက် များစွာ သာလွန်နေသည်ပင်။
"ဖုန်းဝူချန်ရဲ့ ဓားသိုင်းက ဂိုဏ်းချုပ်လေးထက် ပိုကြောက်စရာ ကောင်းနေပါလား"
"အသက်ရှူလို့တောင် မရတော့ဘူး"
ကြည့်ရှုသူများသည် ခြေထောက်များ ပျော့ခွေကုန်ကြ၏။ ကြောက်စိတ် အထွတ်အထိပ် ရောက်နေကြ၏။
ရူးသွပ်နေသော သွမ့်မိုမင်သည် ဖုန်းဝူချန်ကို အနည်းငယ် အံ့သြစွာ ကြည့်လိုက်၏။ ဖုန်းဝူချန်တွင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော သိုင်းကွက် ရှိနေသေးသည်ကို သူ မယုံကြည်နိုင်ပေ။
ကြီးမားသော ဖိအားများ ရောက်ရှိလာသောအခါ မျှော်လင့်ချက်များ ပျက်စီးသွားသလို သွမ့်မိုမင် ခံစားလိုက်ရသည်။
ဖုန်းဝူချန်သည် နဂါးနတ်ဘုရား ဓားကို ကိုင်ကာ လေဟာနယ်တွင် မတ်မတ်ရပ်နေသည်။ ခန့်ညားထည်ဝါပြီး မိုးထိတိမ်လွှား အရှိန်အဝါများ ထွက်ပေါ်နေသည်။
"ဝိညာဉ်ချေမှုန်း ဓားသိုင်း... ဝိညာဉ်ချေမှုန်း ကောင်းကင်ဖြတ်"
ဖုန်းဝူချန်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး နဂါးနတ်ဘုရား ဓားကို ရေပြင်ညီ ခုတ်ပိုင်းလိုက်၏။ ရိုးရှင်းသော လှုပ်ရှားမှု ဖြစ်သော်လည်း ဓားတာအို၏ အနှစ်သာရ အပြည့်အဝ ပါဝင်နေသည်။
"ရွှစ်"
"ဝီ... ဝီ"
ပေပေါင်း ရာချီ ရှည်လျားသော နက်မှောင်သည့် အနီရောင် ဓားချီကြီးသည် လေထုကို ခွဲဖြတ်ကာ ထွက်ပေါ်လာသည်။ မိုးနှင့်မြေကို ဖျက်ဆီးတော့မည့်အလား ကြီးမားသော အရှိန်အဝါများ ပါဝင်နေသည်။ လေဟာနယ်တွင် ကြီးမားသော အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
ဓားချီ၏ စွမ်းအားသည် ကောင်းကင်ကို ခွဲဖြတ်နိုင်လောက်သည်။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ဓားချီကို မြင်လိုက်ရသောအခါ သွမ့်မိုမင် တောင့်တင်းသွားသည်။ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် လေထုကြီး ခဲသွားသကဲ့သို့ ဖြစ်နေသည်။ လူတိုင်း ကျောက်ရုပ်များ ဖြစ်သွားကြပြီး မျက်လုံးများ ပြူးကျယ်ကာ ကြောက်လန့်နေကြ၏။
"ဝုန်း"
"အွတ်"
"ဝီ... ဝီ"
မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခြင်း စွမ်းအင်နှစ်ခု ထိတိုက်မိကြ၏။ ကမ္ဘာပျက်မတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိတိုက်မိသည့် အချိန်လေးအတွင်းမှာပင် သွမ့်မိုမင် သွေးအန်လိုက်ရသည်။
"မဖြစ်နိုင်ဘူး"
သွမ့်မိုမင် မကျေမနပ် အော်ဟစ်လိုက်၏။
ထိုမြင်ကွင်းကို ကြည့်ပြီး အားလုံး ထပ်မံ ထိတ်လန့်သွားကြသည်။
မိုလင်းအာနှင့် ကျူးကော့လျန်ချန်တို့ တုန်ယင်နေကြ၏။
ထိတိုက်မိရုံလေး ရှိသေးတယ်... သွမ့်မိုမင် ဒဏ်ရာရသွားပြီလား။
နှစ်ဖက် စွမ်းအား ကွာခြားချက်က ကြီးမားလွန်းလှ၏။
ဖုန်းဝူချန်ရဲ့ ဓားချီက ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေသည်လဲ။
"ဘုန်း"
"ဝုန်း"
"ဝီ... ဝီ"
ထိတိုက်မိပြီးနောက် မီးတောက် ဓားချက်တွင် အက်ကြောင်းများ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ပေါက်ကွဲသွားသည်။ ဖျက်ဆီးခြင်း စွမ်းအင်များ အရိုင်းဆန်စွာ လွှမ်းခြုံသွားပြီး လေဟာနယ်ကြီး ပြိုကျလုနီးပါး ဖြစ်သွားသည်။
"အွတ်"
မီးတောက် ဓားချက် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်များသည် သွမ့်မိုမင်ကို ရိုက်ခတ်သွားရာ သွမ့်မိုမင် သွေးအန်ကာ လွင့်စင်သွားရသည်။
"ဓားချီရဲ့ စွမ်းအားက သိပ်ကြောက်စရာ ကောင်းတယ်"
"ဂိုဏ်းချုပ်လေးရဲ့ မြေကမ္ဘာအဆင့် သိုင်းကွက်က ဒီလောက် အစွမ်းထက်တာကို... ဖုန်းဝူချန်ရဲ့ ဓားချီရှေ့မှာ အားနည်းလွန်းနေတယ်"
"ဆေးဧကရာဇ်က ဘာဓားသိုင်း သုံးလိုက်တာလဲ"
လူအုပ်ကြီး ပွက်လောရိုက်သွားရသည်။
လွှမ်းမိုးနိုင်စွမ်းရှိသော ဓားချီကြီးသည် မီးတောက် ဓားချက်ကို ဖျက်ဆီးပြီးနောက် ဒဏ်ရာအပြင်းအထန် ရနေသော သွမ့်မိုမင်ဆီသို့ ဆက်လက် တိုးဝင်သွားသည်။
"မိုမင်... သတိထား"
သွမ့်ကျုံး စိုးရိမ်တကြီး သတိပေးလိုက်၏။
"ဂိုဏ်းချုပ်လေး"
သန့်ရှင်းသော နေမင်းဂိုဏ်း တစ်ခုလုံး ထိတ်လန့်နေကြ၏။
ဒဏ်ရာပြင်းထန်နေသော သွမ့်မိုမင်သည် ဓားချီကို ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။
"ပြီးပြီ..."
သွမ့်မိုမင်သည် နက်မှောင်သော အနီရောင် ဓားချီကြီးကို ကြောက်လန့်တကြား ကြည့်နေသည်။ သူ ဘာမှ မလုပ်နိုင်တော့ပေ။
"မိုမင်"
သွမ့်ကျုံး မနေနိုင်တော့ဘဲ ဝင်ရောက် စွက်ဖက်လိုက်တော့၏။
ဒီလို ကြောက်မက်ဖွယ် ဓားချီကို သွမ့်မိုမင် ခံနိုင်ရည် ရှိမရှိ မည်သူမျှ အာမ မခံရဲပေ။
"ဝုန်း"
"အွတ်"
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားချီကြီးသည် သွမ့်မိုမင်ကို ဝင်ဆောင့်လာ၏။ တောင်ကြီးတစ်လုံးက ပုရွက်ဆိတ်လေးတစ်ကောင်ကို ဖိချလိုက်သကဲ့သို့ ဖြစ်နေသည်။ သွမ့်မိုမင် သွေးအန်ကာ ပေါက်ကွဲမှု လေပွေထဲသို့ လွင့်စင်သွားလေသည်။
"ဝီ... ဝီ"
ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများသည် လေဟာနယ် တစ်ခုလုံးကို ရက်စက်စွာ ဖျက်ဆီးပစ်လိုက်၏။
အားလုံးက ထိတ်လန့်တကြား ငေးကြည့်နေကြ၏။
"မိုမင်"
နောက်ဆုံးတွင် သွမ့်ကျုံး သည်းမခံနိုင်တော့ဘဲ ကောင်းကင်သို့ ပျံတက်သွားပြီး ပေါက်ကွဲမှု လေပွေထဲသို့ ဝင်ရောက်သွားတော့သည်။
သွမ့်မိုမင်က သူ့သားလေ... သားဖြစ်သူ အသတ်ခံရတာကို ဘယ်အဖေက ဒီအတိုင်း ကြည့်နေနိုင်မည်လဲ။
သွမ့်ကျုံး ဝင်ပါလာသဖြင့် ဖုန်းဝူချန်၏ မျက်နှာ အေးစက်သွားသည်။
သွမ့်ကျုံးက ရွေးချယ်လိုက်ပြီပဲ။
ကောင်းကင်ယံထက်တွင် လေပြင်းများ တိုက်ခတ်သွားပြီး ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွားသည်။
သွမ့်ကျုံးသည် သေလုမြောပါး ဖြစ်နေသော သွမ့်မိုမင်ကို ပွေ့ဖက်ထားသည်။
အကယ်၍ သွမ့်ကျုံးသာ အနည်းငယ် နောက်ကျခဲ့လျှင် သွမ့်မိုမင် သေဆုံးသွားမည်မှာ သေချာသည်။
ဒီတိုက်ပွဲမှာ သွမ့်မိုမင် အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရသည်။
ဖုန်းဝူချန်မှာမူ အစစ်အမှန်ယွမ် အနည်းငယ် ကုန်ဆုံးသွားရုံမှလွဲ၍ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
"ခင်ဗျား ရွေးချယ်လိုက်ပြီပေါ့"
ဖုန်းဝူချန်က သွမ့်ကျုံးကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်၏။
"ဆေးဧကရာဇ်... မိုမင် ရှုံးသွားပါပြီ။ သူ့ကို နောက်ထပ် အခွင့်အရေး ပေးဖို့ တောင်းပန်ပါတယ်"
သွမ့်ကျုံးက အသနားခံလိုက်၏။
"သွမ့်မိုမင် သေကို သေရမယ်"
ဟု ဖုန်းဝူချန် ပြတ်သားစွာ ငြင်းလိုက်၏။
"ကိုယ့်သား အသတ်ခံရတာကို ဘယ်မိဘက ဒီအတိုင်း ကြည့်နေနိုင်မှာလဲ။ တကယ်လို့ ဆေးဧကရာဇ်က မိုမင်ကို သတ်ချင်တယ် ဆိုရင်... သန့်ရှင်းသော နေမင်းဂိုဏ်းက လက်ပိုက်ကြည့်နေလို့ မရတော့ဘူး"
သွမ့်ကျုံး၏ စကားက စစ်ကြေညာလိုက်ခြင်းပင်။
"ကောင်းပြီလေ... သွမ့်မိုမင် တစ်ယောက်အတွက်နဲ့ သန့်ရှင်းသော နေမင်းဂိုဏ်း တစ်ခုလုံးကို စွန့်လွှတ်လိုက်တယ်ပေါ့"
ဖုန်းဝူချန်က အေးစက်စွာ ရယ်လိုက်၏။
"တိုက်ကြ... တစ်ယောက်မှ အရှင်မထားနဲ့"