← Chapters

ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်...

Vol. 70 Ch. 994

ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်...

Vol. 70 Ch. 994

" မင်းရဲ့ အရေးပါမှုကို ဖော်ပြဖို့အတွက် စွမ်းဆောင်မှုရမှတ်တွေ ပေးရုံနဲ့တော့ မလုံလောက်ဘူးလို့ ငါထင်တယ်။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဒါကြောင့် ငါဆုံးဖြတ်လိုက်ပြီ။ ရတနာနယ်မြေရဲ့ ပိုင်ဆိုင်မှုကို အတည်ပြုပြီးတာနဲ့ အဲ့ဒီရတနာနယ်မြေကို မင်းပဲ စောင့်ကြပ်ရမယ်။ မင်းစောင့်ကြပ်နေတဲ့ အချိန်အတွင်း ရတနာနယ်မြေက ထွက်သမျှ ရတနာအားလုံးကို မင်းယူနိုင်တယ်။ ရှေးဟောင်းနိုင်ငံကို လွှဲပြောင်းပေးစရာမလိုဘူး။ "

" မင်းရှိနေသရွေ့ အဲ့ဒီရတနာနယ်မြေက မင်းပိုင်တယ်။ အခြားဧကရာဇ်နန်းတက်ရင်တောင် ဒီအချက်က ပြောင်းလဲမှာမဟုတ်ဘူး။ "

ထိုစကားများကိုကြားသောအခါ လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။ ရတနာနယ်မြေကို သူ့ကိုပေးလိုက်တာလား။

" ဒါက တန်ဖိုးကြီးလွန်းတယ်။ " လင်းယွမ်က ပြောလိုက်သည်။

သူက ရတနာနယ်မြေကို တစ်ယောက်တည်း သိမ်းပိုက်ခဲ့ခြင်းဖြစ်သော်လည်း ထိုအရာအားလုံးက လီယန်ရှေးဟောင်းနိုင်ငံ၏ အင်အားကို အခြေခံထားခြင်းဖြစ်သည်။

လီယန်ရှေးဟောင်းနိုင်ငံသာမရှိလျှင် အခြားရှေးဟောင်းနိုင်ငံများက နတ်ဘုရားအရှင်သခင်များက သူ့ကို မျှမျှတတ တိုက်ခိုက်ကြမည်မဟုတ်ပေ။ အခြေအနေဆိုးရွားလာလျှင် သူတို့၏ ဘိုးဘေးများကိုပင် အကူအညီတောင်းနိုင်သည်။

" နဂါးငွေ့တန်း မင်းက မင်းရဲ့ အရှိန်အဝါကို အထင်သေးလွန်းနေပြီ။ " ဧကရာဇ်က ပြုံး၍ ပြောလိုက်သည်။ " မင်းဒီမှာရှိနေတာက ရတနာနယ်မြေတစ်ခုတည်းတင်မကဘူး။ နောင်မှာ အခြားရှေးဟောင်းနိုင်ငံငါးခုက ငါတို့ကို ဘယ်လိုလုပ်လာယှဉ်ရဲမှာလဲ။ မင်းရှိနေတာက ငါတို့ နိုင်ငံအတွက် မရေတွက်နိုင်တဲ့ အကျိုးအမြတ်တွေ ရရှိဦးမှာပါ။ ရတနာနယ်မြေတစ်ခုဆိုတာ ဘာများအရေးကြီးလို့လဲ။ "

လင်းယွမ်က ဧကရာဇ်ကို ကြည့်ပြီး အလကားရသော အကျိုးအမြတ်ကို ငြင်းပယ်စရာအကြောင်းမရှိဟု တွေးလိုက်သည်။ " ကောင်းပါပြီ။ ကျွန်တော်လက်ခံပါတယ်။ "

ထိုအဆင့်တစ် ရတနာနယ်မြေမှ ထွက်ရှိသော ရတနာများက အချိန်နှင့် သက်ဆိုင်သည်။ ၎င်းတို့ကို လေ့လာခြင်းက သူ့အတွက် အလွန်အသုံးဝင်လေသည်။

" ဒီရတနာနယ်မြေကို သိမ်းပိုက်နိုင်တဲ့ စွမ်းဆောင်မှုရမှတ်တွေကိုတော့ ပြိုင်ပွဲလုံးဝပြီးသွားမှ ငါတို့ဆွေးနွေးကြတာပေါ့။ " ဧကရာဇ်က ပြုံး၍ ပြောလိုက်သည်။

စွမ်းဆောင်မှုရမှတ်များက လင်းယွမ်အတွက်သာမက လီယန်ရှေးဟောင်းနိုင်ငံမှ အခြားနတ်ဘုရားအရှင်သခင်များအတွက်လည်း ပါဝင်လေသည်။ သူတို့က လင်းယွမ်လောက် အရေးမပါသော်လည်း ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသောကြောင့် စွမ်းဆောင်မှုရမှတ်များကို ရရှိမည်ဖြစ်သည်။

" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ယခုအခါတွင်မူ ရတနာမြေပြိုင်ပွဲ၏ နှစ်ပေါင်းနှစ်ထောင် သတ်မှတ်ချက်သို့ ရောက်ရန် နှစ်ပေါင်း နှစ်ရာပင် မလိုတော့ပေ။

" အနာဂတ်မှာ မင်းက ဘိုးဘေးအဆင့်ကို တက်လှမ်းသွားခဲ့ရင် ရတနာနယ်မြေကို မင်းရဲ့ မျိုးဆက်တွေက ဆက်ပြီး စောင့်ကြပ်လို့ရတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကျရင်တော့ ရတနာနယ်မြေက ထွက်ရှိတဲ့ ရတနာတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ရှေးဟောင်းနိုင်ငံကို လွှဲပေးရမယ်။ " ဧကရာဇ်က ပြောလိုက်သည်။

" ဒါကတော့ သဘာဝကျပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ရတနာမြေမှ ထွက်ရှိသော ရတနာများကို ရှေးဟောင်းနိုင်ငံသို့ လွှဲပြောင်းပေးခြင်းက အကျိုးအမြတ် ခွဲဝေခြင်းသာမက အကာအကွယ် ရရှိခြင်းလည်း ဖြစ်သည်။

ရတနာနယ်မြေအတွင်း လင်းယွမ်က အခြားနတ်ဘုရားအရှင်သခင်များနှင့် ခဏစကားပြောပြီးနောက် ရတနာနယ်မြေအတွင်းရှိ အမြုတေတိုင်များကို သန့်စင်ရန် လုပ်ဆောင်ခဲ့သည်။

အမြုတေတိုင်များကို လင်းယွမ်က သန့်စင်လိုက်သောအခါ ဆန်းကြယ်သော ထိန်းချုပ်မှုတစ်ခုက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ရတနာနယ်မြေ၏ အမြုတေတိုင်များကို သန့်စင်ခြင်းက ရတနာနယ်မြေအပေါ် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်းကို ရရှိစေသည်။

သီအိုရီအရ အမြုတေတိုင်အားလုံးကို သန့်စင်ပြီးလျှင် ထိုရတနာနယ်မြေတစ်ခုလုံးကို သန့်စင်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ မကြာမီ အမြုတေတိုင်ကြီးသုံးခုနှင့် အမြုတေတိုင် သုံးရာကျော် အားလုံးကို လင်းယွမ်က သန့်စင်ပြီးသွားခဲ့သည်။

မကြာမီ လင်းယွမ်၏ စိတ်အသိက မြင့်တက်သွားပြီး ရတနာနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ဆင်းသက်သွားသည်။ ၎င်းမှာ နတ်ဘုရားအရှင်သခင်များ မရောက်နိုင်သော နေရာဖြစ်ပြီး အမြုတေတိုင်အားလုံးကို သန့်စင်ပြီးမှ ဝင်ရောက်နိုင်သော နေရာဖြစ်သည်။

" ဒါကဘာလဲ။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူက ရတနာနယ်မြေနှင့် ရင်မြစ်ကမ္ဘာကြားရှိ ဆက်သွယ်မှုနေရာသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ရတနာနယ်မြေနှင့် ရင်းမြစ်ကမ္ဘာတို့၏ ဆက်နွယ်မှုက သစ်ပင်နှင့်သစ်သီးကဲ့သို့ ဖြစ်သည်။ အသစ်ထွက်ပေါ်လာသော ရတနာနယ်မြေက မိခင်သစ်ပင်မှ ကြွေကျလာသော အသီးတစ်လုံးနှင့် တူသည်။

ဆက်သွယ်မှုပြတ်တောက်လုနီးပါး ဖြစ်နေသော်လည်း လုံးဝ ပြတ်တောက်သွားခြင်းတော့ မဟုတ်ပေ။ ထို့နောက် ထိုကဲ့သို့ မပြတ်တောက်သေးသော နေရာမှတစ်ဆင့် ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို လေ့လာကြည့်ရှုနိုင်သည်။

" ရင်းမြစ်ကမ္ဘာရဲ့ မူလရင်းမြစ်လား။ " လင်းယွမ်က အဝေးသို့ ကြည့်လိုက်ရာ ရင်းမြစ်ကမ္ဘာ၏ အနက်ရှိုင်းဆုံးအပိုင်းနှင့် ဆက်သွယ်ထားသာ အက်ကြောင်းတစ်ခုကို တွေ့လိုက်ရသည်။

အသစ်ထွက်ပေါ်လာသော ရတနာနယ်မြေကို အပြည့်အဝ သန့်စင်နိုင်လျှင် ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို လေ့လာနိုင်မည်ဖြစ်သည်။ ရတနာနယ်မြေ ထွက်ပေါ်လာချိန်တွင် နတ်ဘုရားအရှင်သခင်များ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းမှာ ထိုနေရာမှ ရရှိသော အကျိုးအမြတ်များကို ပိုင်ဆိုင်ချင်ရုံသက်သက်မဟုတ်ပေ။

ရင်းမြစ်ကမ္ဘာမှ မူလရင်းမြစ်၏ လည်ပတ်ပုံမှာ အလွန်ကျယ်ပြောလှသည်။ ၎င်းက ရှေးဟောင်းနိုင်ငံများမှ ဘိုးဘေးများပင် ပုံတူကူးယူနိုင်ခြင်းမရှိဘဲ နတ်ဘုရားအရှင်သခင်များအတွက် ကြီးမားသော အသိအမြင်များကို ရရှိစေနိုင်သည်။

လင်းယွမ်က ထိုအက်ကြောင်းကို ဖြတ်ပြီး ၎င်း၏ အနက်ရှိုင်းဆုံးနေရာသို့ လှမ်းကြည့်နေသည်။ ခဏအတွင်း သူ၏ စိတ်က တုန်ခါသွားပြီး ရင်းမြစ်ကမ္ဘာမှ မူလရင်းမြစ်၏ လည်ပတ်ပုံကို လက်တွေ့ကျကျ လေ့လာနိုင်ခဲ့သည်။

သူ၏ အမြင်တွင် ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်က သစ်ပင်ကြီးတစ်ပင်အလား ဖြစ်နေပြီး သစ်ရွက်တစ်ရွက်စီတွင် လှုပ်ရှားနေသော တာအိုနိယာမများ ပါဝင်နေသည်။ သစ်ရွက်ပေါင်းများစွာက တစ်ခုနှင့်တစ်ခု ဆက်သွယ်နေပြီး ကျယ်ပြောလှသော ကမ္ဘာကြီးကို တည်ဆောက်ထားခြင်းဖြစ်သည်။

လင်းယွမ်၏ စွမ်းအားက ရှေးဟောင်းနိုင်ငံခြောက်ခုလုံး၏ သမိုင်းတွင် အနှိုင်းမဲ့ နတ်ဘုရားအရှင်သခင်ဖြစ်သော်လည်း ထိုသစ်ပင်ကြီးရှေ့တွင် ဖုန်မှုန့်တစ်စကဲ့သို့ ဖြစ်နေသည်။ ခဏကြည့်လိုက်ရုံနှင့် အသိအမြင်များစွာက သူ၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။

လင်းယွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး အက်ကြောင်းအတွင်းမှ အသေးစိတ်အချက်အလက်များကို လေ့လာနေသည်။ သူက ပို၍ လေ့လာသည်နှင့်အမျှ ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်က ဆက်တိုက် ပြောင်းလဲလာနေသည်။

အစတွင် မူလရင်းမြစ်က ကြီးမားသော သစ်ပင်ကြီးဖြစ်ပြီး ၎င်း၏ အကုင်းအခက်များ၊ သစ်ရွက်များနှင့် ကျယ်ပြောသော ကမ္ဘာကြီးကို တည်ဆောက်ထားသည်။ လင်းယွမ်က အသိအမြင်အချို့ ရရှိပြီးနောက်တွင် မူလရင်းမြစ်က အချိန်လေဟာနယ်ကို ဖြတ်သန်းနေသော တောင်တန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အနီကပ်ပြန်လည်ကြည့်ရှုလိုက်သောအခါ ၎င်းက အတိတ်နှင့် အနာဂတ်ကို ဖြတ်သန်းစီးဆင်းနေသော မြစ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့ပြန်သည်။ နောက်ဆုံးတွင် လင်းယွမ်က အတိုင်းအတာတစ်ခုအထိ နားလည်သွားသောအခါ ၎င်းက သစ်ပင်ကြီးတစ်ပင်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

" အံ့ဩစရာပဲ။ တကယ်ကို အံ့ဩစရာပဲ။ " လင်းယွမ်က ရေရွတ်လိုက်သည်။

အတိတ်တွင် ရတနာနယ်မြေများ ထွက်ပေါ်လာသောအခါ နတ်ဘုရားအရှင်သခင်များက ရတနာနယ်မြေများကို သိမ်းပိုက်ပြီးနောက် ယခုကဲ့သို့ မူလရင်းမြစ်ကို ကြည့်ရှုလေ့လာခဲ့ဖူးသည်။ သို့သော် သူတို့၏ နားလည်နိုင်စွမ်းက လင်းယွမ်ထက် များစွာ နိမ့်ကျလှသည်။ မြင်ကွင်းတစ်ခုတည်းကို ကြည့်နေသော်လည်း သူတို့၏ အသိအမြင်များက ကွဲပြားသွားသည်။

လင်းယွမ်၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့် မူလရင်းမြစ်၏ စစ်မှန်သော လည်ပတ်မှုကို မြင်တွေ့ပြီးနောက် ရရှိလာသော အသိအမြင်များက အခြားနတ်ဘုရားအရှင်သခင်များထက် များစွာ သာလွန်လှသည်။

" ဒါက ဒီရတနာနယ်မြေပြိုင်ပွဲမှာ ငါရရှိခဲ့တဲ့ အကြီးမားဆုံး အခွင့်အလမ်းပဲ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။ ရတနာနယ်မြေမှ ထွက်ရှိသော ရတနာများက ပြင်ပစွမ်းအားများသာ ဖြစ်ပြီး မူလရင်းမြစ်၏ လည်ပတ်မှုကို စောင့်ကြည့်လေ့လာခြင်းမှာ လင်းယွမ်၏ အသိအမြင်ကို မြှင့်တင်ပေးနိုင်သည်။

မူလရင်းမြစ်၏ လည်ပတ်မှုကို နားလည်ရန် အာရုံစိုက်နေချိန်တွင် ရင်းမြစ်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာနှင့် ဆက်သွယ်ထားသော အက်ကြောင်းက တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်ကို လင်းယွမ်က သတိပြုမိလိုက်သည်။

" ရတနာနယ်မြေနဲ့ ရင်းမြစ်ကမ္ဘာရဲ့ ဆက်သွယ်မှုက အားနည်းလာပြီ။ " လင်းယွမ်က နားလည်သွားသည်။

" အရင်အတွေအကြုံတွေအရဆို အက်ကြောင်းကျုံ့သွားတဲ့အရှိန်နဲ့ နောက်ထပ် နှစ်ပေါင်းတစ်သောင်းလောက် ဆက်ပြီးလေ့လာလို့ရသေးတယ်။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

All Chapters