အခန်း (၁၈၈၇-၁၈၉၀)
Vol. 100 Ch. 1887-1890
အခန်း (၁၈၈၇) - မပြောနဲ့
~'ပြေးမှ... ငါ ပြေးမှ ဖြစ်တော့မယ်။'
'အခုချက်ချင်း ဒီနေရာကနေ ထွက်သွားမှ ရတော့မယ်။'
ဂျွန်လီ၏ ဦးနှောက်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်ဟူသည် မရှိတော့သကဲ့သို့ ခံစားလိုက်ရလေသည်။ ယဲ့ဖန်ကဲ့သို့သော အရှိန်အဝါ ကြီးမားသည့် ပုဂ္ဂိုလ်မျိုးကိုမှ သွားရောက် ရန်စမိလိုက်သည် မဟုတ်ပါလော။ နေမဝင်အင်ပါယာတွင် သူ မည်သို့ ဆက်လက် ရပ်တည်ရဲတော့မည်နည်း။
ထိတ်လန့်ကြောက်ရွံ့ခြင်းများနှင့်အတူ ဂျွန်လီ တစ်ယောက် ထွက်ပြေး တိမ်းရှောင်သွားလေတော့သည်။
သို့သော် သူ ထွက်ခွာသွားမှုကို မည်သူကမျှ သတိမထားမိလိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ခန်းမတစ်ခုလုံးရှိ လူတိုင်း၏ အာရုံများမှာ ယဲ့ဖန်နှင့် အာဂျိုင်းဟန်ဆန် တို့ထံ၌သာ ကျရောက်နေသောကြောင့် ဖြစ်ချေသည်။
ဖက်လှဲတကင်း နှုတ်ဆက်ပြီးသည့် နောက်တွင်မူ အာဂျိုင်းဟန်ဆန်က ချောင်းဟန့်လိုက်ပြီး ယဲ့ဖန်ကို မေးလိုက်လေသည်။
"ငါ မင်းခိုင်းတာ လုပ်ပေးပြီးပြီနော်... အခု မင်းကတိတည်ဖို့ အလှည့်ရောက်ပြီ။"
"မလောပါနဲ့ဗျာ..."
ယဲ့ဖန်က လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ပွင့်ကို ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"အရင်ဆုံး ပစ္စည်းသွားယူကြတာပေါ့။"
"ကောင်းပြီလေ။"
အာဂျိုင်းဟန်ဆန်က ခေါင်းညိတ်လိုက်၏။
၎င်းတို့နှစ်ဦးသည် မလှမ်းမကမ်းရှိ အရောင်းအဝယ် ကောင်တာဆီသို့ လျှောက်လှမ်းသွားလိုက်ကြလေသည်။
"သခင်လေးယဲ့..."
"သခင်လေး အာဂျိုင်း..."
ထိုနှစ်ဦးကို မြင်လိုက်သည်နှင့် ပစ္စည်းလွှဲပြောင်းရေး တာဝန်ခံ ကြီးကြပ်ရေးမှူးမှာ အပြေးအလွှား ရောက်ရှိလာပြီး ခရီးဦးကြို ပြုလေတော့သည်။ သူကပင် ဦးဆောင်၍ ရှင်းပြလေ၏။
"သခင်လေးတို့... ကျွန်တော်တို့ဆီက ပစ္စည်းလွှဲပြောင်းတဲ့ လုပ်ထုံးလုပ်နည်းက ရိုးရှင်းပါတယ်... ငွေချေမယ်၊ လက်မှတ်ထိုးမယ်၊ ပြီးရင် ပစ္စည်းယူသွားရုံပါပဲ ခင်ဗျာ။"
"ကောင်းတယ်။"
အာဂျိုင်းဟန်ဆန်က ခေါင်းညိတ်ပြလိုက်ပြီး ယဲ့ဖန်ဘက်သို့ လက်ကာပြလိုက်သည်။
"မင်း အရင်လုပ်လိုက်လေ။"
"ရတာပေါ့။"
ယဲ့ဖန်ကလည်း ငြင်းဆန်မနေပေ။ အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်ယူပြီး ကြီးကြပ်ရေးမှူးထံသို့ ကမ်းပေးလိုက်လေသည်။
"ဖြတ်လိုက်ဗျာ။"
"ဟုတ်ကဲ့... ခဏလောက် စောင့်ပေးပါခင်ဗျာ။"
ကြီးကြပ်ရေးမှူးက ဘဏ်ကတ်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ လှမ်းယူလိုက်ပြီး ဘေးနားရှိ စက်တွင် လိုအပ်သည်များကို ဆောင်ရွက်လိုက်လေသည်။ 'တစ်' ဟူသော အသံလေးနှင့်အတူ ငွေလွှဲစာရွက်လေး ထွက်ပေါ်လာ၏။
ထို့နောက် ကြီးကြပ်ရေးမှူးက ပြေစာနှင့် ဘဏ်ကတ်ကို ယဲ့ဖန်ထံသို့ ပြန်ပေးရင်း ပြုံး၍ ပြောလိုက်လေသည်။
"သခင်လေးယဲ့... ပြေစာကို စစ်ဆေးကြည့်ပါဦးခင်ဗျာ။"
"မလိုပါဘူး။"
ယဲ့ဖန်က ဘဏ်ကတ်ကို ပြန်လည် သိမ်းဆည်းလိုက်၏။
"ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။"
ကြီးကြပ်ရေးမှူး၏ မျက်နှာတွင် အပြုံးများ ဝေဆာနေလေသည်။ သူသည် ကြိုတင် ပြင်ဆင်ထားသော စာချုပ်ကို ယူဆောင်လာပြီး ယဲ့ဖန်၏ ရှေ့မှောက်၌ ချပေးလိုက်လေသည်။
"သခင်လေးယဲ့... ဒါက အရောင်းအဝယ် စာချုပ်ပါ... လက်မှတ်ထိုးလိုက်တာနဲ့ ဒီပစ္စည်းက သခင်လေး အပိုင် ဖြစ်သွားပါပြီ။"
"ကောင်းပြီလေ။"
ယဲ့ဖန်က ပေါ့ပေါ့ပါးပါးပင် လက်မှတ်ထိုးပေးလိုက်၏။
"ခဏလေးပါနော်။"
ကြီးကြပ်ရေးမှူးက လက်မှတ်ထိုးပြီးသား စာချုပ်ကို သေသေချာချာ သိမ်းဆည်းလိုက်လေသည်။ ထို့နောက်မှ စားပွဲပေါ်ရှိ ရောမအကြီးအကဲ ရုပ်တုကို မယူပြီး ယဲ့ဖန်ထံသို့ ကမ်းပေးလိုက်လေ၏။
"သခင်လေးယဲ့... ဒီရုပ်တုက နည်းနည်းလေး လေးတယ်နော်... သတိထားပြီး ကိုင်ပါခင်ဗျာ။"
"ရပါတယ်ဗျ။"
ယဲ့ဖန်ကမူ ဂရုမစိုက်သကဲ့သို့ ရှိလေသည်။
"ဟုတ်ကဲ့ပါ..."
ကြီးကြပ်ရေးမှူးက ပြုံးနေဆဲပင်။ သူ၏ လက်ထဲမှ အလေးချိန် လျော့သွားသည်ကို ခံစားလိုက်ရပြီး၊ ယဲ့ဖန်က ရုပ်တုကို သေချာစွာ ကိုင်မိပြီဟု ယူဆလိုက်သည်နှင့် တပြိုင်နက် သူ လက်လွှတ်ပေးလိုက်လေတော့သည်။
သို့သော်လည်း...
နောက်တစ်စက္ကန့်၌ပင် မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
လူတိုင်း အံ့ဩတကြီး ကြည့်ရှုနေကြသော အကြည့်များအောက်မှာပင်... လင်ဗန်းပေါ်မှ အကြီးအကဲ ရုပ်တုကြီးသည် ရုတ်တရက် ဟန်ချက်ပျက်ပြီး ယိမ်းထိုးသွားလေတော့သည်။
ထို့နောက် မည်သူမျှ တုံ့ပြန်ချိန် မရလိုက်မီမှာပင်...
"ခွမ်း..."
ရုပ်တုကြီးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အပိုင်းပိုင်းအစစ ကွဲကြေသွားရလေတော့သည်။
'သွားပြီ... ငါတော့ သွားပြီ။’
ကြီးကြပ်ရေးမှူးခမျာ ချွေးစေးများ ရွှဲနစ်သွားရရှာ၏။
"၂.၈၈ သန်းတန်ကြီးကွာ..."
"နှမြောစရာကြီးဗျာ... ဒီရုပ်တုကြီးက…”
ဘေးပတ်ဝန်းကျင်ရှိ အထက်တန်းလွှာများလည်း သက်ပြင်းများ ချလိုက်မိကြသည်။ မည်သို့ပင် ဆိုစေကာမူ ဤ ရောမအကြီးအကဲ ရုပ်တုသည် ရှားပါးသော ရတနာတစ်ခု ဖြစ်ပေသည်။ ဤကဲ့သို့ ပျက်စီးသွားသည်ကို မြင်ရခြင်းမှာ အမှန်တကယ်ပင် နှမြောစရာ ကောင်းလှပေစွ။
"တောင်းပန်ပါတယ်ခင်ဗျာ..."
"သခင်လေးယဲ့... ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်..."
ကြီးကြပ်ရေးမှူးက ယဲ့ဖန်ကို အပြေးအလွှား တောင်းပန်လေတော့သည်။
အကယ်၍သာ အခြားသူ တစ်ဦးဦး ဖြစ်ခဲ့မည် ဆိုပါက...
မန်နေဂျာသည် သူ၏ အပြစ် မဟုတ်ကြောင်း ဆင်ခြေပေးပြီး ခုခံပြောဆိုဦးမည် ဖြစ်ချေသည်။ သို့သော် ယဲ့ဖန်ကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရသည့် အခါတွင်မူ ကိုဟင် လေလံအိမ် အနေဖြင့် သူ့ကို စော်ကားမိသည်ထက်စာလျှင် ဒေါ်လာသန်းချီ၍ အရှုံးခံလိုက်ခြင်းကိုသာ ရွေးချယ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
"စိတ်ပျက်စရာပဲကွာ..."
အာဂျိုင်းဟန်ဆန်ကလည်း မကျေမနပ် ဖြစ်သွားပုံ ရလေသည်။
"တောင်းပန်ပါတယ်ခင်ဗျာ..."
ကြီးကြပ်ရေးမှူး၏ မျက်နှာမှာ ပို၍ပင် ဖြူဖပ်ဖြူရော် ဖြစ်သွားရရှာ၏။
"သခင်လေးယဲ့..."
ထိုအချိန်၌ပင် သတင်းကြား၍ ရောက်ရှိလာသော ကိုဟင် လေလံအိမ်မှ အထက်လူကြီးများ အပြေးအလွှား ရောက်ရှိလာကြလေသည်။ ၎င်းတို့က တာဝန်ယူရန် ဝန်မလေးကြချေ။
"ဒါ ကျွန်တော်တို့ရဲ့ အမှားပါ... စိတ်မပူပါနဲ့ခင်ဗျာ... ကျွန်တော်တို့ လေလံအိမ်က ဒီ ရောမအကြီးအကဲ ရုပ်တုရဲ့ တန်ဖိုးကို နှစ်ဆ ပြန်ပြီး လျော်ကြေးပေးပါ့မယ်။"
ပြောပြောဆိုဆိုနှင့်ပင် ထို အမှုဆောင်အရာရှိက ခါးကို ကိုင်းပြီး အရိုအသေ ပြုလိုက်လေသည်။
သို့သော်...
ယဲ့ဖန်ကမူ သူတို့ကို ဂရုမစိုက်ပေ။ သူသည် ကြမ်းပြင်ပေါ်မှ အကွဲအစပုံကြီးကိုသာ စိုက်ကြည့်နေ၏။
ဤတစ်ကြိမ်တွင်မူ အမှုဆောင်အရာရှိ၏ နဖူးပေါ်၌ပါ ချွေးသီးများ စို့လာရလေပြီ။
"သခင်လေးယဲ့..."
"ကျွန်တော်တို့ တကယ်ပဲ တောင်းပန်ပါတယ်ခင်ဗျာ..."
အခြေအနေ မဟန်ဘူးဟု ခံစားလိုက်ရသော အမှုဆောင်အရာရှိက ထပ်မံ၍ တောင်းပန်လိုက်ပြန်သည်။
"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက တကယ်ပဲ ကျွန်တော်တို့ရဲ့ အမှားပါ... ဒီလိုလုပ်ပါလားခင်ဗျာ... ကျွန်တော်တို့ ဆယ်ဆ လျော်ပေးပါ့မယ်..."
"မပြောနဲ့"
ယဲ့ဖန်က လက်ကာပြလိုက်၏။
"သခင်လေးယဲ့..."
"ကျွန်တော်တို့ လေလံအိမ်က..."
မန်နေဂျာက ယဲ့ဖန် ဒေါသထွက်နေသည်ဟု ထင်မှတ်ပြီး ဆက်လက် တောင်းပန်ရန် ကြိုးစားပြန်လေသည်။
"ကျုပ် ပြောနေတယ်လေ... ဘာမှ မပြောနဲ့ဦးလို့"
ယဲ့ဖန်က သူ့ကို ဒေါသတကြီး လှမ်းကြည့်လိုက်လေသည်။ ထို့နောက်မှ ဒူးထောက်ထိုင်ချလိုက်ပြီး ကြမ်းပြင်ပေါ်မှ အကွဲအစများကို စတင် ဖယ်ရှားလိုက်လေတော့သည်။
ထိုအမူအရာကို မြင်လိုက်ရသောအခါမှ...
အမှုဆောင်အရာရှိလည်း ပါးစပ်ပိတ်သွားရလေတော့၏။
ထိုအခိုက်အတန့်၌ပင်... တစ်စုံတစ်ယောက်က အကွဲအစပုံထဲတွင် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် သတိထားမိသွားလေသည်။
"ဟင်... အဲ့ဒါ ဘာကြီးလဲ..."
"ဘုရားရေ... ရုပ်တုထဲမှာ တစ်ခုခု ရှိနေတယ်ဟ"
"ဘာကြီးလဲ... မင်းကောင်း ငါးပါးရဲ့ ရတနာများ ဖြစ်နေမလား... ဘုရားရေ... မယုံနိုင်စရာပဲ... ဒီလို အံ့ဖွယ်အရာကို မျက်မြင်ကိုယ်တွေ့ မြင်ရတာ ငါ တော်တော် ကံကောင်းတာပဲ"
"မဟုတ်ဘူး..."
"ကြည့်ရတာ ပလပ်စတစ် အိတ်နဲ့ ထုပ်ထားတဲ့ ပုံပဲ..."
"ဘာ..."
"ရောမခေတ် ရုပ်တုထဲမှာ ပလပ်စတစ် အိတ်က ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ... ဘာတွေ နောက်နေကြတာလဲကွာ... ဒါ ရောမခေတ်က ရုပ်တု မဟုတ်ဘူးလား..."
"ငါ့ကို ပေးကြည့်စမ်း..."
အကွဲအစများကြားထဲတွင် ထုပ်ပိုးထားသော ပစ္စည်းတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ အထက်တန်းလွှာများ ပိုမို စုရုံးရောက်ရှိလာကြလေသည်။ တဖြည်းဖြည်းနှင့် ယဲ့ဖန်၏ ဘေးနားတွင် လူများ ဝိုင်းအုံသွားကြတော့၏။
အထက်တန်းလွှာများသာမက... အာဂျိုင်းဟန်ဆန် ကိုယ်တိုင်လည်း သိချင်စိတ်ကို မထိန်းနိုင်တော့ချေ။
အခန်း (၁၈၈၈) - လူတိုင်းအတွက် မျက်စိပွင့်သွားစေသည့် မြင်ကွင်း
~လူအများ၏ စူးစမ်းသော အကြည့်များအောက်တွင်...
ယဲ့ဖန်သည် ပလတ်စတစ် အိတ်ကို ဆွဲဖောက်လိုက်လေရာ၊ ကြောင်မျက်လုံးကျောက်များ၊ စိမ်းပြာကျောက်များနှင့် အမျိုးမျိုးသော သလင်းကျောက်များဖြင့် စီခြယ်ထားသည့် လက်ရာမြောက်လှသော ငွေရောင် သေတ္တာကလေး တစ်လုံး ထွက်ပေါ်လာတော့၏။
ဤငွေရောင် သေတ္တာကလေးကို မြင်လိုက်ရသောအခါ ရှိနေသော အထက်တန်းလွှာများမှာ ပို၍ပင် စိတ်ဝင်တစား ရှိလာကြ၏။
သူတို့၏ အတွေ့အကြုံရှိသော မျက်လုံးများဖြင့် ကြည့်လျှင်ပင် ဤသေတ္တာကလေးမှာ အလွန် ထူးခြားလွန်းလှပြီး မိသားစု အမွေအနှစ်အဖြစ်ပင် လက်ဆင့်ကမ်း သိမ်းဆည်းထားသင့်သည့် အရာမျိုး ဖြစ်ပေသည်။
ထိုအချက်ကြောင့်ပင်...
ငွေရောင် သေတ္တာကလေး၏ အတွင်းထဲတွင် ဘာတွေ ရှိနေမလဲ ဆိုသည်ကို လူတိုင်း ပို၍ သိချင်နေကြခြင်း ဖြစ်ချေသည်။
"သခင်လေးယဲ့..."
"ဖွင့်ကြည့်ပါဦးဗျာ..."
"သခင်လေးယဲ့... ကျွန်တော်တို့ကိုလည်း တစ်ချက်လောက် ပြပါဦး..."
အာဂျိုင်းဟန်ဆန် ကိုယ်တိုင်ပင်လျှင် မနေနိုင်တော့ဘဲ တိုက်တွန်းလာတော့၏။
"ယဲ့ဖန်... ဖွင့်ကြည့်လိုက်စမ်းပါဦး... အထဲမှာ ကောင်းတာလေးတွေ ပါနေမလားလို့... တကယ်လို့ အဆင်ပြေမယ်ဆိုရင် ငါ ဝယ်ချင်လို့ပါ..."
"ကောင်းပြီလေ..."
ယဲ့ဖန်က ပြုံးလျက်ပင် ပြန်ဖြေလိုက်၏။
ထို့နောက် သူသည် ငွေရောင် သေတ္တာကလေး၏ ကြယ်သီးကို ညင်သာစွာ ဖြုတ်လိုက်ပြီး အဖုံးကို ဖွင့်လိုက်လေသည်။
အဖုံး ပွင့်သွားသည်နှင့် တပြိုင်နက်... သေတ္တာထဲမှ တောက်ပလှပသော အလင်းတန်းများ လျှံထွက်လာတော့၏။
ခဏချင်းမှာပင် ခန်းမဆောင် တစ်ခုလုံးမှာ ရောင်စုံ အလင်းတန်းများဖြင့် ဝေေဝဆာဆာ လင်းလက်သွားရလေသည်။
"ဒါ... ဒါက..."
"ရတနာတွေ အပြည့်ပါတဲ့ သေတ္တာလား..."
"မဟုတ်ဘူး..."
"မဟုတ်ဘူးဗျ... ကြည့်ရတာ လက်ပတ်နာရီ တစ်လုံးနဲ့ တူတယ်..."
"ရင်းနှီးနေသလိုပဲ..."
"ဒီနာရီအကြောင်း တစ်နေရာရာမှာ ကြားဖူးသလိုပဲ... ဟုတ်မှဟုတ်ပါ့မလား..."
"နေဦး..."
"ငါ သိပြီ... ဒါက..."
အစပိုင်းတွင် အထက်တန်းလွှာများ ဇဝေဇဝါ ဖြစ်နေကြသော်လည်း၊ နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က သေတ္တာထဲမှ အရာမှာ နာရီတစ်လုံး ဖြစ်ကြောင်း မှတ်မိသွားကြလေသည်။ ၎င်းသည် နာရီကြိုးမှအစ တစ်ကိုယ်လုံး ရတနာများဖြင့် စီခြယ်ထားသည့် နာရီတစ်လုံးပင် ဖြစ်၏။
"သခင်လေးယဲ့... ကျွန်တော် တစ်ချက်လောက် ကြည့်ခွင့်ရမလားခင်ဗျာ..."
လူတိုင်း အံ့ဩမှင်သက်နေကြစဉ်မှာပင် နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ဆံပင်များနှင့် tuxedo အင်္ကျီကို ဝတ်ဆင်ထားသော လူကြီး တစ်ဦး လူအုပ်ထဲမှ ထွက်လာလေသည်။
"ရတာပေါ့..."
ယဲ့ဖန် ပြုံးပြလိုက်၏။
သူသည် လေလံမှူးကြီး၏ ပြောပြချက်အရ ဤလူကြီးမှာ ကိုဟင် လေလံအိမ်၏ အဓိက ရတနာ စစ်ဆေးအကဲဖြတ်သူ 'ကိုလင်းမော်တီ' ဖြစ်ကြောင်း သိထားပြီး ဖြစ်သည်။ သူသည် နေမဝင်အင်ပါယာ၏ အနုပညာ လောကတွင် အလွန် မြင့်မားသော အဆင့်အတန်းရှိသူ တစ်ဦးလည်း ဖြစ်ပေသည်။
"ကျေးဇူးတင်ပါတယ်ခင်ဗျာ..."
မော်တီသည် ကျေးဇူးတင်ကြောင်းကို ခါးညွတ်၍ ပြသလိုက်၏။
သူသည် ယဲ့ဖန်၏ လက်ထဲမှ သေတ္တာကို ဂရုတစိုက် လှမ်းယူလိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်လေသည်။ ထို့နောက် သူ၏ ကိရိယာများကို ထုတ်ယူကာ နာရီကို စတင် စစ်ဆေးတော့၏။
မော်တီသည် မိနစ်အနည်းငယ်ကြာအောင် စေ့စေ့စပ်စပ် ကြည့်ရှုနေလေသည်။
သူ၏ မျက်နှာထက်မှ အမူအရာမှာ တည်ငြိမ်မှုမှ အံ့အားသင့်မှုသို့၊ အံ့အားသင့်မှုမှ တုန်လှုပ်ခြောက်ခြားမှုသို့ တဖြည်းဖြည်း ပြောင်းလဲသွားရ၏။ စစ်ဆေးမှု ပြီးဆုံးသွားချိန်တွင် ကိုလင်းမော်တီ၏ လက်အစုံမှာ တဆတ်ဆတ် တုန်ယင်နေတော့၏။
စစ်ဆေးမှု ပြီးဆုံးသည်ကို မြင်သောအခါ အထက်တန်းလွှာအချို့က စပ်စုလိုစိတ်ဖြင့် မေးမြန်းကြတော့၏။
"မစ္စတာမော်တီ..."
"ဒီနာရီရဲ့ နောက်ခံသမိုင်းကြောင်းကို ပြောပြပေးပါဦး..."
"ဒီနာရီကို ရောမ အကြီးအကဲ ရုပ်တုထဲမှာ တမင်သက်သက် ဝှက်ထားခဲ့တာ ဆိုတော့... ပျောက်ဆုံးနေတဲ့ မြို့စားမျိုးနွယ်တွေရဲ့ ရတနာများလား... ဒါမှမဟုတ် နောက်ကွယ်မှာ တခြား ဇာတ်လမ်းတွေ ရှိနေဦးမလား..."
"..."
လူတိုင်း၏ မေးခွန်းများကို ကိုလင်းမော်တီ ချက်ချင်း အဖြေမပေးသေးဘဲ ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်၏။ ယဲ့ဖန်ဘက်မှ ကန့်ကွက်လိုစိတ် မရှိသည်ကို မြင်သောအခါမှ သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး စကားစလိုက်လေသည်။
"ဒီနာရီက... 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' ပဲ ဖြစ်ပါတယ်..."
"ဒါဟာ နာမည်ကျော် 'ဂရပ်ဖ် ရတနာကုမ္ပဏီ' က ထုတ်လုပ်ခဲ့တဲ့ နာရီ တစ်လုံးပါ... ဒီနာရီကို ဖန်တီးဖို့ စိတ်ကူးစိတ်သန်းကိုတော့ 'စိန်ဘုရင်' လို့ လူသိများတဲ့ ဂရပ်ဖ် ရတနာကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ 'လောရင့်စ်ဂရပ်ဖ်' ဆီက ရရှိခဲ့တာ ဖြစ်ပါတယ်..."
"ဒီ 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' ဟာ..."
"(၁၁၀) ကာရက်ထက်မနည်းတဲ့ ရောင်စုံစိန်တွေကို စီခြယ်ထားတာ ဖြစ်ပါတယ်... အကောင်းဆုံး နာရီ ပညာရှင်တွေက နာရီပေါင်း ထောင်ချီ အချိန်ပေးပြီး ဖန်တီးခဲ့ရတာပါ..."
"ယုံမှားဖွယ်မရှိပါဘူး..."
"ဒါဟာ အခုအချိန်အထိ ကမ္ဘာပေါ်မှာ အခမ်းနားဆုံး နာရီတွေထဲက တစ်လုံးပါပဲ..."
"တဆက်တည်းမှာပဲ... ဒါဟာ လူသားတွေရဲ့ စိတ်နှလုံးကို လှုပ်ခါနိုင်စွမ်းရှိတဲ့၊ အထူးသဖြင့် အမျိုးသမီးပေါင်းများစွာရဲ့ အသည်းစွဲ ဖြစ်မယ့် အနုပညာ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်..."
...
မြင်ကွင်းတစ်ခုလုံး သုသာန်တစပြင်ပမာ တိတ်ဆိတ်သွားရလေ၏။
ခေတ္တမျှ ကြာပြီးနောက်မှသာ...
အထက်တန်းလွှာများ၏ အံ့ဩသံများနှင့် ဆွေးနွေးသံများ ပြန်လည် ထွက်ပေါ်လာတော့၏။ အမျိုးသမီး အထက်တန်းလွှာများမှာမူ ယဲ့ဖန်ကို မျက်စိတစ်ဆုံး လှမ်းကြည့်နေကြပြီး၊ ထို ထိပ်တန်း နာရီကြီးကို တစ်ကြိမ်လောက် ဖြစ်ဖြစ် ထိတွေ့ခွင့်ရရန် တောင့်တနေကြရှာ၏။
"သခင်လေးယဲ့..."
"ဒီနာရီကို ပြန်ရောင်းဖို့ စိတ်ကူး ရှိပါသလားခင်ဗျာ..."
ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားရသောအခါ ကိုလင်းမော်တီက ယဲ့ဖန်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်လေသည်။
"ကျွန်တော်တို့ ကိုဟင် လေလံအိမ်ကနေ သခင်လေးယဲ့ စိတ်ကျေနပ်စေမယ့် ဈေးနှုန်းမျိုးကို ပေးနိုင်ပါတယ်..."
"ဒါမှမဟုတ်..."
"တကယ်လို့ လေလံပြန်တင်ချင်တယ် ဆိုရင်လည်း... ကျွန်တော်တို့ လေလံအိမ်ကနေ အကောင်းဆုံး ဆောင်ရွက်ပေးဖို့ အသင့်ပါပဲ..."
"မလိုတော့ဘူး..."
ယဲ့ဖန် ခေါင်းခါလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။
"ဒီနာရီကို ကျွန်တော် တကယ် သဘောကျတယ်... ပြီးတော့ အရေးကြီးဆုံး အချက်က... ကျွန်တော့်မှာ ငွေကြေး မလိုအပ်ဘူးလေ... ဒါကြောင့် မစ္စတာမော်တီရဲ့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ..."
"တောင်းပန်ပါတယ်..."
"ကျွန်တော် ရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပါ..." ကိုလင်းမော်တီက ခါးညွတ်၍ တောင်းပန်လိုက်လေ၏။
"ရပါတယ်... ကိစ္စမရှိဘူး..."
ယဲ့ဖန် လက်ဝှေ့ယမ်းပြလိုက်၏။
ထိုအခါမှ...
ကိုလင်းမော်တီသည် အခွင့်ကောင်းယူကာ ဆုတ်ခွာသွားတော့၏။
"တကယ်တော့... မင်း ငါ့ကိုလည်း ရောင်းလို့ ရတာပဲကို..."
ကိုလင်းမော်တီ ထွက်သွားသည်ကို ကြည့်ရင်း အာဂျိုင်းဟန်ဆန်က ရယ်မောကာ ပြောလိုက်လေသည်။
ယဲ့ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။
"ဒီပွဲကိုရော.. ကျေနပ်ရဲ့လား... တကယ်လို့ မကျေနပ်သေးဘူး ဆိုရင်တော့... နောက်တစ်ခါကျရင် ကိုယ်တိုင် ထပ်ပြပေးဦးမယ်လေ..."
ပြောပြီးသည်နှင့် ယဲ့ဖန်သည် ဖူမာကျန်းဝူကို ခေါ်ဆောင်ကာ ခန်းမထဲမှ ထွက်ခွာလာခဲ့လေတော့၏။
"ဟင်..."
အာဂျိုင်းဟန်ဆန် ကြောင်အမ်းကာ ကျန်ရစ်ခဲ့၏။
ခေတ္တမျှ ကြာပြီးနောက်မှသာ...
သူ ဘာဖြစ်ခဲ့သည်ကို သဘောပေါက်သွားတော့၏။
သူသည် ကြမ်းပြင်ပေါ်မှ မသိမ်းဆည်းရသေးသည့် ရုပ်တု အပိုင်းအစများကို ကြည့်ကာ ခါးသက်သက် ပြုံးလိုက်မိလေတော့၏။
အခန်း (၁၈၈၉) - မြှားနတ်မောင် မပေးတဲ့သူ
~ယဲ့ဖန်သည် အထူးခန်းအတွင်း၌ သူ့ကို ပြောခဲ့သည့် စကားများကို စိတ်ထဲတွင် မှတ်ထားဆဲ ဖြစ်ကြောင်း အာဂျိုင်းဟန်ဆန် သိလိုက်ရသည်။
အာဂျိုင်းဟန်ဆန် တစ်ယောက် ခါးသက်သက် ပြုံးနေမိသော်လည်း၊ ယဲ့ဖန်အပေါ် ထားရှိသည့် သူ၏ အကဲဖြတ်မှုမှာမူ ပိုမို မြင့်မားလာခဲ့တော့၏။
ထင်ရှားသည်မှာ... ယဲ့ဖန်သည် စည်းမျဉ်းစည်းကမ်းများအတိုင်း မကစားတတ်သော စွမ်းရည်ရှိသူ တစ်ဦး ဖြစ်ရုံတင်မကဘဲ၊ ကတိတည်သော ယောကျာ်းတစ်ယောက်လည်း ဖြစ်ပေသည်။
ဤကဲ့သို့သော လူမျိုးနှင့် မိတ်ဆွေဖြစ်ရန် ရွေးချယ်ခဲ့ခြင်းမှာ သူ၏ ဘဝအတွက် အမှန်တကယ်ပင် ကံကောင်းလှသည့် ကိစ္စတစ်ခု ဖြစ်ချေ၏။
ဒါကို တွေးမိလိုက်ပြီးနောက်၊ အာဂျိုင်းဟန်ဆန်သည် လူအချို့ကို နှုတ်ဆက်ကာ လေလံအိမ်မှ ထွက်ခွာလာခဲ့လေတော့၏။
ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ ထွက်ခွာသွားပြီးနောက်တွင်မူ၊ မြင်ကွင်းတစ်ခုလုံးမှာ နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားရပြန်၏။
ယဲ့ဖန်သည် ရောမ အကြီးအကဲ ရုပ်တုကြီးအတွင်းမှ 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' ကို ရှာဖွေတွေ့ရှိခဲ့သည်ဟူသော သတင်းမှာ အထက်တန်းလွှာများ၏ နှုတ်ဖျားမှတဆင့် ဖော့ခ်စီးတီး တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေတော့၏။
အန်းကျူ ဆေးဘက်ဆိုင်ရာ အုပ်စုအတွင်း၌...
အန်းကျူပရင့်စ်သည် အပြင်လောကတွင် ဘာတွေ ဖြစ်ပျက်နေသည်ကိုလည်းကောင်း၊ ကောင်းကင်ကြီး မည်မျှပင် မှောင်မိုက်နေပြီ ဖြစ်သည်ကိုလည်းကောင်း သတိမထားမိဘဲ အလုပ်များနေဆဲ ဖြစ်သည်။ ရုတ်တရက် သူမ၏ စားပွဲပေါ်ရှိ ဖုန်းသည် တုန်ခါလာ၏။
သူမ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်သောအခါ... သူမ၏ သူငယ်ချင်းများစွာ ပါဝင်သော အဖွဲ့လိုက် စကားပြောခန်း (Group Chat) မှ အသိပေးချက်များကို တွေ့လိုက်ရသည်။
"အန်းကျူ... မြန်မြန် လာကြည့်ဦး... နင့်ရည်းစားကတော့ နောက်တစ်ခါ နာမည်ကြီးနေပြန်ပြီ..."
"@အန်းကျူပရင့်စ်... ထွက်လာပြီး ဒီသတင်းကို နားထောင်စမ်းပါဦး... နင့်ရည်းစားက ဒီတစ်ခါတော့ တကယ်ကို နာမည်ကြီးသွားပြီ..."
"ငါတော့ ချဲ့ကားပြောတာ မဟုတ်ဘူးနော်... မနာလိုလွန်းလို့ အခုပဲ ရူးတော့မလို ဖြစ်နေပြီ..."
"အံ့ဩစရာ မရှိပါဘူး... နင်လို မာန်မာနကြီးတဲ့ သူတောင်မှ ဒီ နဂါးနိုင်ငံသား ချောချောလေးကို သဘောကျနေတာကိုး..."
"သူက တကယ်ပဲ အစွမ်းထက်တာပဲ..."
ဤအဖွဲ့ထဲတွင် ဖော့ခ်စီးတီး၏ ချမ်းသာကြွယ်ဝပြီး လှပသော အမျိုးသမီးထု၏ (၂၀) ရာခိုင်နှုန်းခန့် ပါဝင်နေပြီး၊ တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှုမှာ အနည်းဆုံး နေမဝင်ပေါင် သန်း (၁၀၀၀) ထက်မနည်း ရှိကြပေသည်။
သာမန် အခြေအနေမျိုးတွင် သူတို့၏ ဆွေးနွေးမှုများသည် အဆင့်မြင့် ဖျော်ဖြေရေးများ၊ စားသောက်ဖွယ်ရာများနှင့် ပျော်ပါးစရာ အကြောင်းအရာများသာ ဖြစ်လေ့ရှိသည်။
အန်းကျူပရင့်စ်သည် တခါတရံ မှန်သားပြင်ကို တစ်ချက်မျှ လှမ်းကြည့်တတ်သော်လည်း၊ အချိန်အများစုတွင်မူ ဂရုမစိုက်ဘဲ ကျော်သွားလေ့ရှိ၏။ စကားပြောရန်အတွက် ဝင်ရောက်လာခြင်းမှာမူ ပို၍ပင် ရှားပါးလှပေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ... လူတိုင်းက ယဲ့ဖန်အကြောင်းကို ပြောနေကြသည်ကို မြင်သောအခါ၊ သူမသည် အလုပ်များကို ချက်ချင်း ရပ်တန့်လိုက်ပြီး စာရိုက်လိုက်လေသည်။
"ဘာတွေ ဖြစ်လို့လဲ..."
"မောင်က ဒီတစ်ခါ ဘာတွေ ထပ်လုပ်လိုက်ပြန်တာလဲ..."
စကားပြောခန်းထဲတွင် ထို ချမ်းသာကြွယ်ဝသော အမျိုးသမီးများမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။ သူတို့သည် ယနေ့ည ကိုဟင် လေလံအိမ်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အလုအယက် ဝေမျှကြတော့၏။
"ငါ့ရည်းစားက ဒီနေ့ည ကိုဟင် လေလံအိမ်မှာ ရှိနေတာလေ... သူ ပြောတာက ယဲ့ဖန်က ရောမ အကြီးအကဲ ရုပ်တု တစ်ခုကို ပေါ့ပေါ့ပါးပါးပဲ ဝယ်လိုက်တာတဲ့... အဲ့ဒီထဲမှာ ရတနာ တစ်ခု ဝှက်ထားတာပါနေတယ်ဆိုပဲ..."
"အဲ့ဒါက 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' တဲ့... ဂျယ်ရီဘားရိုး မိသားစုဆီက လက်ဆင့်ကမ်းလာတဲ့ ထိပ်တန်း ရတနာ (၁၀) မျိုးထဲက တစ်ခုလေ... 'ရတနာတွေရဲ့ ဘုရင်' လို့တောင် တင်စားကြတာ..."
"အဲ့ဒီနာရီက ဒေါ်လာ သန်း (၁၀၀) ကျော် တန်တယ်လို့ ပြောကြတယ်... ယဲ့ဖန်က ရုပ်တု အပိုင်းအစတွေကြားထဲကနေ အဲ့ဒီနာရီကို ဆွဲထုတ်လိုက်တဲ့ အချိန်မှာ... ကိုဟင် လေလံအိမ်က ဝန်ထမ်းတွေရော၊ ရှိနေသမျှ လူတွေ အကုန်လုံးပါ မှင်သက်သွားကြတာတဲ့... သူတို့ လုပ်သက်တစ်လျှောက်မှာ ဒီလို အံ့ဖွယ်ကိစ္စမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောကြတယ်... အစစ်အမှန်လို့ ထင်ထားတဲ့ ရောမရုပ်တုကြီးထဲမှာ တစ်ခုခု ရှိနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားမိကြဘူးလေ..."
ထိုသတင်းကို ကြားလိုက်ရသည်နှင့်တပြိုင်နက်... အဖွဲ့ထဲတွင် ဆူညံပွက်လောရိုက်သွားရပြန်၏။
"ဒါက တကယ်ကြီးကို အံ့ဖွယ်ပဲ..."
"ဒေါ်လာ သန်း (၁၀၀) တန်တဲ့ ရတနာကြီးလား... သန်း (၁၀၀) နော်... ငါတို့ မိသားစုတွေ ဒီလောက် ချမ်းသာဖို့အတွက်တောင်မှ ကံကောင်းလို့ နှစ်ပေါင်း ရာနဲ့ချီ ကြိုးစားခဲ့ရတာလေ..."
"အန်းကျူပရင့်စ်ရဲ့ ချစ်သူကတော့... တကယ့်ကို မြှားနတ်မောင် မပေးတဲ့သူပဲ..."
"..."
အန်းကျူပရင့်စ်လည်း အံ့အားသင့်သွားရလေသည်။
အဖွဲ့ထဲတွင် အသေးစိတ် အချက်အလက်များကို ထပ်မံ မေးမြန်းပြီးနောက်၊ အကြောင်းစုံကို နားလည်သွားသောအခါ သူမသည် စကားပြောခန်းမှ ချက်ချင်း ထွက်လာခဲ့လေ၏။ ထို့နောက် ယဲ့ဖန်၏ လိပ်စာကို ရှာဖွေကာ စာတိုတစ်စောင် ပေးပို့လိုက်တော့၏။
"ဂုဏ်ယူပါတယ်... တို့ရဲ့ သူရဲကောင်းကြီး..."
"ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ... မောင့်ကြောင့် တို့ တစ်ခါ ထပ်ပြီး သူငယ်ချင်းတွေကြားမှာ အာရုံစိုက်ခံရပြန်ပြီနော်…”
အခန်း (၁၈၉၀) - ကျွန်တော့်ကိုပါ ခေါ်သွားပါဦး
~"မောင့်နောက်ကို လိုက်မသွားဘဲ အလုပ်တွေနဲ့ အချိန်ကုန်နေခဲ့မိတာ နောင်တရမိတယ်... ဒီလောက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဒဏ္ဍာရီတစ်ခုကို တို့ လွဲချော်ခဲ့ရပြီပေါ့နော်..."
အန်းကျူပရင့်စ်သည် သူမ၏ အလုပ်များကိုပင် မေ့လျော့ကာ ဖုန်းမှတဆင့် ယဲ့ဖန်ထံသို့ စာတိုများ တရစပ် ပေးပို့နေမိလေသည်။
သူမ ယဲ့ဖန်ထံ စာပို့နေသည့် အချိန်မှာပင်...
စည်ကားလှသော အရက်ဆိုင် တစ်ခုအတွင်း၌ ဝုဖ်ဂန်းသည် မိန်းကလေး တစ်ဦးနှင့်အတူ ဘယ်လိုနေထိုင်လျှင် ပိုပြီး သက်သောင့်သက်သာ ဖြစ်မလဲဟူသော အကြောင်းအရာကို ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နေခဲ့၏။ သူသည် အမူးရှိန်လေးနှင့် လက်တွေ့ အကောင်အထည် ဖော်ရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ ဖုန်းသည် တုန်ခါလာတော့၏။
သူ ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ ဖော့ခ်စီးတီးမှ ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက် သူငယ်ချင်းများ၏ အဖွဲ့လိုက် စကားပြောခန်းမှ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ လူအများအပြားက သူ့ကို အလုအယက် ခေါ်ဆိုနေကြလေသည်။
"@သခင်လေးဝုဖ်ဂန်း... အကြီးအကျယ်တွေ ဖြစ်ကုန်ပြီဗျို့..."
"@သခင်လေးဝုဖ်ဂန်း... ဒီနေ့ည ပွဲကောင်းကြီး တစ်ခုကို ခင်ဗျား လွဲချော်သွားပြီ ဆိုတာ သိပုံမရဘူးနော်..."
"ငါ့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး တစ်ယောက် ဒီနေ့ ကိုဟင် လေလံအိမ်မှာ ရှိနေတာလေ... သူ ဒီနေ့ မြင်ခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြောပြနေတာ... ဝမ်းသာလွန်းလို့ ကတောင် ကနေတော့မလား အောက်မေ့ရတယ်..."
"ပြီးတော့ ခင်ဗျား သေချာပေါက် ထင်မှတ်မထားနိုင်တဲ့ အချက်က... ဒီနေ့ ကိုဟင် လေလံအိမ်က ဒဏ္ဍာရီကို ဖန်တီးခဲ့တဲ့သူက ခင်ဗျားရဲ့ သူငယ်ချင်းနှစ်ယောက်... မဟုတ်ဘူး... ခင်ဗျားရဲ့ သူငယ်ချင်း အရင်းကြီး တစ်ယောက် ဖြစ်နေတာပဲ..."
ဝုဖ်ဂန်း အနည်းငယ် အမြင်ကပ်သွားရ၏။ သူသည် မိန်းကလေးကို ချော့မြှူနေခြင်းကို ရပ်တန့်လိုက်ပြီး အဖွဲ့ထဲသို့ စာပြန်ရိုက်လိုက်လေသည်။
"မင်းတို့ ဘာတွေ ရောင်းနေကြတာလဲ..."
"ငါ အခု အလုပ်ရှုပ်နေတယ်... လိုရင်းကိုပဲ ပြောစမ်းပါ..."
သူ ထိုသို့ ပြောလိုက်သောအခါ အဖွဲ့ထဲမှ လူများမှာ ကြောက်ရွံ့သွားကြပြီး အဖြစ်မှန်ကို အမြန်ဆုံး ဝေမျှကြတော့၏။
"ယဲ့ဖန်နဲ့ သခင်လေး အာဂျိုင်းဟန်ဆန်တို့ ဒီနေ့ည ကိုဟင် လေလံအိမ်မှာ ရှိနေကြတာလေ..."
"ပြီးတော့ သခင်လေး အာဂျိုင်းဟန်ဆန်က 'ဂျွန်လီ' လို့ ခေါ်တဲ့ နိုင်ငံခြားသား တစ်ယောက်ကို ဗြောင်ကျကျ ဖိနှိပ်လိုက်တယ်ဗျာ... အဲ့ဒါတင် မကသေးဘူး... ယဲ့ဖန် လေလံဆွဲလိုက်တဲ့ ရောမ အကြီးအကဲ ရုပ်တုကြီးက ကြမ်းပြင်ပေါ် ကျကွဲသွားတော့မှ... ဂျယ်ရီဘားရိုး မိသားစုရဲ့ ရတနာတွေထဲက တစ်ခုဖြစ်တဲ့ 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' က အထဲမှာ ဝှက်ထားတာကို တွေ့လိုက်ရတာဗျ..."
"ဘာ..." ဝုဖ်ဂန်း ကြက်သေသေသွားရ၏။
"အာဂျိုင်းဟန်ဆန်က ဂျွန်လီကို ဖိနှိပ်တယ် ဟုတ်လား... အဲ့ဒီ ဂျွန်လီက ဘယ်သူမို့လို့လဲ... ငါ တစ်ခါမှ မကြားဖူးပါဘူး..."
"ပြီးတော့ ယဲ့ဖန်ဆီက ထွက်လာတဲ့ 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' ဆိုတာကရော ဘာကြီးလဲ..."
"ဂျွန်လီက ဘယ်ကနေ ရောက်လာလဲဆိုတာ ကျွန်တော်တို့လည်း အသေအချာ မသိဘူး..." ဟု အဖွဲ့ထဲမှ တစ်စုံတစ်ယောက်က ရှင်းပြလေသည်။
"ကျွန်တော်တို့တွေ စုံစမ်းကြည့်သလောက်တော့ သူက နိုင်ငံခြားသား စီးပွားရေးသမား တစ်ယောက်ပဲ... နောက်ခံကတော့ မသိရဘူး... သခင်လေး အာဂျိုင်းဟန်ဆန်က သူ့ကို ဘာလို့ ဖိနှိပ်ရသလဲ ဆိုတာလည်း စဉ်းစားလို့ မရပါဘူး..."
"ယဲ့ဖန်ရဲ့ နာရီ ကိစ္စကတော့..."
“အိုး..ရှစ်…”
ယဲ့ဖန်၏ ရုပ်တုကြီး ကျကွဲသွားပုံနှင့် 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' ထွက်ပေါ်လာပုံ အစအဆုံးကို နားထောင်ပြီးနောက် ဝုဖ်ဂန်း တစ်ယောက် မနေနိုင်ဘဲ ဆဲရေးလိုက်မိတော့၏။
ဤလက်ပတ်နာရီသည် ဂျယ်ရီဘားရိုး မိသားစု၏ စုဆောင်းမှုများအနက် အဆင့် (၄) နေရာတွင် ရှိနေသော ရတနာ တစ်ခု မဟုတ်ပါလော။
အဆင့် (၄) ကို ထားလိုက်ပါဦး... အဆင့် (၁၀) အတွင်းမှာ ရှိနေတဲ့ ရတနာ တစ်ခုတည်းနဲ့တင်... 'နာရေး အဖွဲ့အစည်း' တွေ၊ 'တော်ဝင် လျှို့ဝှက်အေးဂျင့်' တွေနဲ့ တချို့သော မြို့စားတွေရဲ့ ပုဂ္ဂလိက လက်နက်ကိုင် အဖွဲ့အစည်းတွေ အပြိုင်အဆိုင် လုယူကြဖို့ လုံလောက်နေပြီ ဖြစ်သည်။
ယခုမူ ယဲ့ဖန်သည် ပေါ့ပေါ့ပါးပါးပင် ရောမရုပ်တု တစ်ခုကို လေလံဆွဲလိုက်ရုံဖြင့်... ထိုနာရီကြီးက အတွင်းထဲမှာ ရှိနေသည် ဆိုတော့... ဒါဟာ ကောင်းကင်ဘုံက ယဲ့ဖန်ကို မျက်နှာသာ ပေးလိုက်သည်ဟု ပြောရမည် မဟုတ်ပါလော။
ဒီလောက် ကောင်းတဲ့ ပွဲမျိုးကို သူ ဘယ်လိုများ လွဲချော်သွားခဲ့ရတာလဲ။
ဝုဖ်ဂန်း တစ်ယောက် ကျိန်ဆဲပြီးနောက်... သူနှင့်အတူရှိနေသော မိန်းကလေးမှာ ယခုအခါတွင် ဆွဲဆောင်မှု မရှိတော့သကဲ့သို့ ခံစားလိုက်ရလေသည်။
အသေးစိတ် အချက်အလက်များကို ထပ်မံ သိရှိပြီးနောက်...ဝုဖ်ဂန်း တစ်ယောက် အာဂျိုင်းဟန်ဆန်နှင့် ယဲ့ဖန်တို့ထံသို့ စာတို တစ်စောင်စီ ချက်ချင်း ပေးပို့လိုက်တော့၏။
အာဂျိုင်းဟန်ဆန်ထံသို့ - "ဟို ဂျွန်လီ ဆိုတဲ့ လူနဲ့ ဘာတွေ ဖြစ်နေကြတာလဲ... မင်း ဒီနေ့ သူ့ကို ဗြောင်ကျကျ ဖိနှိပ်လိုက်တယ် ဆိုတဲ့ သတင်း ကြားတယ်နော်... သူ့ကို သင်ခန်းစာ ပေးဖို့ ငါ့အကူအညီ လိုဦးမလား..."
ယဲ့ဖန်ထံသို့ - "ယောက်ဖရေ... ဒီနေ့ညလည်း ခင်ဗျားရဲ့ စွမ်းအားတွေကို ပြလိုက်ပြန်ပြီ ဆိုတာ ကြားတယ်နော်..."
"'ဂရပ်ဖ် စိန်ရောင်စုံ နာရီ'... ရတနာ မုဆိုးတွေ အိမ်မက်မက်နေရတဲ့ ရတနာကြီးကို ခင်ဗျားက ဒီအတိုင်းကြီး ရသွားတာလား..."
"အများကြီး ပြောမနေတော့ဘူး... နောက်တစ်ခါ ဒီလို ပျော်စရာ ကောင်းတာတွေ ရှိရင်... ကျွန်တော့်ကိုပါ ခေါ်သွားပါဦးဗျာ..."