← Chapters

အခန်း (၁၉၀၅)

Vol. 137 Ch. 1905

အခန်း (၁၉၀၅)

Vol. 137 Ch. 1905

အပိုင်း(၁၉၀၅)

"လောကရှန့်ထို အာရုဏ်ဦးကို နှုတ်ခွန်ဆက်သပါတယ်"

အမှောင် ဟင်းလင်းပြင်ကြီး တစ်ခွင်လုံးတွင် ရေဥပဒေသ၏ အငွေ့အသက်များ လွှမ်းခြုံထားသည့် အသံတစ်သံသည် နူးညံ့ပျော့ပျောင်းစွာ ပျံ့လွင့်လာ၏။ ကြိုဆို နှုတ်ခွန်းဆက်စကားမှာ ရိုသေလေးစားမှု အပြည့်ရှိသလို အာဏာရှင် ရှန့်ထိုတစ်ဦး၏ ဖုံးကွယ်ထားသော လျှို့ဝှက်အော်ရာက စိတ်အေးချမ်းစေကာ အလေးအမြတ် ထားခံရသလို ခံစားရစေသည်။

သခင်လေးရှန့်မှလွဲ၍ ကျန်သူများအတွက်မူ ဤသည်မှာ အာဏာရှင် ရှန့်ထိုတစ်ဦး၏ နက်နဲဆန်းကြယ်လှသော တည်ရှိမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း လောကတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တာအို၏ အမိန့်အရ ပေါ်ပေါက်လာသည့် မဟာ လျှို့ဝှက် အာဏာရှင်များဟု အသိအမှတ်ပြုထားကြသည်။ ယခင်က ထိုထက် အဆင့်တစ်ဆင့် မြင့်သည့် သူတော်စင် ထိန်ကျန်းဝမ်နှင့် ဆုံတွေ့ခဲ့ဖူးသော်လည်း ထိုစဉ်က သူသည် ပိတ်လှောင်ခံထားရသူ ဖြစ်သလို ထင်ယောင်ထင်မှား နယ်ပယ်အတွင်း၌သာ ဖြစ်သဖြင့် ယခုလောက် ဖိအားမကြီးခဲ့ပေ။

မြေကြီးရှန့်ထို တစ်ဦးဖြစ်သည့်အတွက် ချောင်စွေ့ဖုန်းသည် လျှို့ဝှက်တာအိုနှင့် ပိုမိုနက်ရှိုင်းစွာ ထိတွေ့နိုင်သူ ဖြစ်ရာ သူမ၏ ကျောပြင်မှာ အလိုအလျောက် မတ်သွားပြီး မျက်ဝန်းအစုံ၌ ရိုသေ ခန့်ညားမှုများ အရိပ်ထင်လာသည်။

လျူစုယင်က လည်ဆွဲကို ပွတ်သပ်လိုက်၏။ ထိုပုဂ္ဂိုလ်အပေါ် ရိုသေလိုသော စိတ်ဆန္ဒမှာ ဝေ့ဝူယင်၏ ပုံရိပ်နှင့် အေးမြလှသော 'ရေခဲ အမိန့်တော် လည်ဆွဲ' ကြောင့် ပျောက်ကွယ်သွားခဲ့သည်။ သူမသည် ဂုဏ်ယူဝင့်ကြွစွာဖြင့် ရင်ကို ကော့ထားလိုက်၏။ ဤခမ်းနားလှသော ကြိုဆိုမှုကြီးမှာ... သူမ၏ ခင်ပွန်းအတွက်ပင် မဟုတ်ပါလား။

ချင်ချူးမူ၏ မျက်ဝန်းများမှာမူ သူတို့ကို လာရောက်ကြိုဆိုရန် စောင့်ဆိုင်းနေသည့် အလား ခမ်းနားလှသော စစ်ကြောင်းကြီးကို ကြည့်ကာ တလက်လက် တောက်ပနေ၏။ အယ်ဗန်မျိုးနွယ်၏ မင်းသမီး တစ်ပါး အနေဖြင့်ပင် ဤမျှ ထည်ဝါသော မြင်ကွင်းမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ အံ့ဩလွန်းသဖြင့် ပါးစပ်ကလေး အဟောင်းသား ဖြစ်နေကာ နှလုံးခုန်သံများပင် မြန်လာခဲ့သည်။

ယွီစွန်းလီသည် လူအများကြားတွင် ပေါ်ပေါ်ထင်ထင် နေတတ်သူ မဟုတ်သဖြင့် ဤကဲ့သို့ ခမ်းနားလှသော မြင်ကွင်းကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ သို့သော်လည်း လက်တစ်စုံက သူမ ခါးအား ခပ်ဖွဖွ ဆွဲဖက်လိုက်သောအခါ စိတ်အေးသွားခဲ့ပြီး တင့်တယ်သော အပြုံးတို့ ဝေဆာလာတော့သည်။

ဝေ့ဝူယင်က သူမ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ကပ်ပြောလိုက်ရာ သူမ၏ မျက်ဝန်းများမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ဝင်းလက်သွား၏။ မျှော်လင့်ချက်များကြောင့် သူမ၏ အပြုံးမှာ ပိုမိုလှပလာကာ စိတ်လှုပ်ရှားတက်ကြွနေသည့် ပုံစံ ပေါ်လာသည်။

ထို့နောက် ဝေ့ဝူယင်က ချင်ချူးမူ အနားသို့ တိုးသွားပြန်၏။ လူငယ် အနားသို့ ကပ်လာခြင်းမှာ အစကတည်းက အနားတွင် ရှိနေသလိုမျိုး သဘာဝကျလှသဖြင့် သူမ ထိတ်လန့်မသွားဘဲ သူပြောသည်ကို နားစွင့်နေလိုက်သည်။ ချင်ချူးမူ၏ မျက်ဝန်းများတွင်လည်း သိမြင်နားလည်မှုများ လျှပ်ခနဲ ပေါ်လာသော်လည်း ၎င်းမှာ မတူညီသော သိမြင်မှုမျိုး ဖြစ်၏။ သူမ၏ ကျောပြင်မှာ မတ်သွားပြီး နူးညံ့သိမ်မွေ့သော မျက်နှာထက်တွင် မင်းသမီးတစ်ပါး၏ မာန်မာနတို့ လွှမ်းမိုးလာသည်။

ဝေ့ဝူယင်က သဘောကျစွာ ရယ်မောလိုက်ပြီးနောက် သင်္ဘော၏ အစွန်းဘက်သို့ လျှောက်သွားကာ ကိုယ်ပွားမဟုတ်သော အစစ်အမှန် ခန္ဓာကိုယ်ဖြင့် ရပ်လိုက်သည်။

သခင်လေးရှန့်သည် ဝေ့ဝူယင် ခပ်တိုးတိုး ပြောလိုက်သော စကားလုံး အားလုံးကို ကြားနိုင်လောက်အောင် နီးကပ်စွာ ရှိနေသော်လည်း ဝိုင်ကို သောက်ရင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ သို့သော်လည်း... စိတ်ထဲ၌မူ ဝေ့ဝူယင်က မိန်းကလေးများ၏ စိတ်ခံစားချက်ကို မည်မျှ ကျွမ်းကျင်စွာ ထိန်းကျောင်းနိုင်သည်ကို အံ့ဩနေမိသည်။

မိန်းမသားတို့၏ စိတ်အာရုံမှာ ခန့်မှန်းရ ခက်ခဲလှပြီး အမျိုးသားများအတွက် ပဟေဠိတစ်ခု ဖြစ်သဖြင့် ဂရုတစိုက် ဆက်ဆံရမည်ဟု သူ သင်ကြားဖူးခဲ့သည်။ ဥပမာအားဖြင့် သူ၏ နှမမှာ တစ်ရက်နှစ်ရက်မျှသာ တွေ့ဖူးသည့် အမျိုးသားတစ်ဦးအတွက် အဘယ်ကြောင့် အသက်ပေးချစ်ရသည်ကို သူ နားမလည်နိုင်ချေ။

သခင်လေးရှန့် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“ခရမ်းရောင် ပင်လယ် နန်းတော်သခင်မရဲ့ ကြိုဆိုမှုကို ကျွန်တော် ဝမ်းမြောက်စွာ လက်ခံပါတယ်... အပြန်အလှန်အားဖြင့်လည်း ရိုသေစွာ နှုတ်ခွန်းဆက်သပါတယ်...”

ဝေ့ဝူယင်က ပြောလိုက်သည်။ သူသည် ဗာဂျန်ထံမှ ယဉ်ကျေးမှု အနည်းငယ် သင်ယူထားသဖြင့် လိုအပ်သော ရိုသေမှုကို အပြည့်အဝ ပြသခဲ့သည်။

ဟူး... ဟူး...

သင်္ဘောပေါ်ရှိ လူများအား ဖုံးကွယ်ထားသည့် ဥပဒေသ အကာအကွယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အထဲမှ လူများကို မြင်တွေ့လိုက်ရသည်။ ဝေ့ဝူယင်၏ ဟင်းလင်းပြင် ပုံရိပ်မှာလည်း ဝိညာဉ်တစ်ခု ဟင်းလင်းပြင်ထဲ ပျော်ဝင်သွားသလို ပျောက်ကွယ်သွား၏။ ပထမတစ်ကြိမ်တုန်းက ဗာဂျန် တုန်လှုပ်သွားခဲ့သော်လည်း ယခု ဒုတိယအကြိမ်တွင်မူ သိပ်မအံ့ဩတော့ချေ။ သို့သော်လည်း... ကြယ်ကွင်းပြင် အတော်များများကို ဖြတ်သန်းလာစဉ် သူနှင့်အတူ ရှိနေခဲ့သည့် ဝေ့ဝူယင်မှာ ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်သည်ဟူသောအချက်ကို ယုံကြည်နိုင်စွမ်း မရှိသေးချေ။

ဤသည်က ဒဏ္ဍာရီလာ အစစ်အမှန် သူတော်စင် တစ်ဦး၏ နက်နဲလှသည့် စွမ်းဆောင်ရည်လော...။

ဟူး... ဟူး...

အကာအကွယ်များ ပွင့်ဟသွားသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်နှင့် လော့နင်တို့မှာ သူတို့၏ အဂ္ဂိရတ် ကြယ်တာရာများကို ထုတ်ဖော်လိုက်ကြသည်။ လော့နင်သည် ဝေ့ဝူယင်၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး အရှိန်အဝါကို ထိန်းချုပ်ထား၏။ လက်ထောက်တစ်ဦး ပီသစွာဖြင့် သူမသည် အရှင်သခင်၏ အရှိန်အဝါကို မကျော်လွန်စေရန် သတိထားနေ၏။

မရေမတွက်နိုင်သည့် မျက်လုံးများမှာ သင်္ဘောပေါ်ရှိ လူများထံသို့ စူးစိုက် ကျရောက် လာကြသည်။ ယွီစွန်းလီကို မြင်လိုက်ရသောအခါ အမျိုးသား၊ အမျိုးသမီး အားလုံးမှာ နတ်မိမယ်တစ်ပါးကို မြင်လိုက်ရသလိုမျိုး ငေးမောသွားကြသည်။

“နှုတ်ခွန်းဆက်သတာကို လက်ခံပါတယ်...”

ချိုသာသော အသံတစ်ခုက ပြန်လည် ထူးလာသည်။ မကြာမီ ကျောက်ဆူးပုံသဏ္ဌာန် သင်္ဘောကြီးပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ သူမသည် ဖြူဝင်းသည့် အသားအရေ၊ စွဲမက်ဖွယ်ကောင်းလှသည့် အဝါရောင် မျက်ဝန်းများနှင့ ဇင်ယော်တောင် မျက်ခုံးများကို ပိုင်ဆိုင်ထားသည့် မိန်းမပျိုတစ်ဦး ဖြစ်သည်။ သူမ၏ မျက်နှာမှာ ထူးထူးခြားခြား လှပလွန်းသည် မဟုတ်သော်လည်း နှစ်ပေါင်းများစွာ မြင့်မြတ်သည့် နေရာ၌ နေထိုင်လာခဲ့သည့် မာနတို့က အရိုးထဲအထိ စွဲမြဲနေပုံရသည်။

သူမသည် စကြဝဠာကို ဖျက်ဆီးနိုင်လောက်သော အလှမျိုး မဟုတ်သော်လည်း သာမန်အမျိုးသမီးများထက်မူ များစွာ သာလွန်လှပသည်။ တည်ငြိမ်သော ရေပြင်ကဲ့သို့ သူမ၏ မျက်ဝန်းများက လူတစ်ဦး၏ စိတ်ကို အေးချမ်းစေသည့် ဆွဲဆောင်မှုမျိုး ရှိသည်။

သူမသည် ခရမ်းရောင်နှင့် အဝါရောင် ရောယှက်နေသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ ဝတ်ရုံစများက လေမတိုက်ဘဲ တဖျတ်ဖျတ် လှုပ်ခတ်နေသည်။ ခြေသည်း၊ လက်သည်းများကို ခရမ်းရောင် ဆိုးထားပြီး ခြေဗလာဖြင့် ရပ်နေပုံက သူမ၏ အရှိန်အဝါကို ပိုမို ပေါ်လွင်စေသည်။ ခရမ်းရောင် ပင်လယ်၏ လျှို့ဝှက်အရှင်သည် လျှို့ဝှက်အရှင် ဟူသော ဂုဏ်ပုဒ်နှင့် မလိုက်အောင်ပင် နူးညံ့ပျူငှာလှသည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ခရမ်းရောင် ပင်လယ် သခင်မကို စူးစိုက် ကြည့်လိုက်သည်။

“ကျွန်မရဲ့ ခေါင်းပေါက် အဘိဿဲလ် ဂြိုဟ်ကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်... ဧည့်ဝတ် ကျေပွန်အောင် အကောင်းဆုံး ကြိုးစားပေးပါ့မယ်... လိုအပ်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ”

သူမက ခရမ်းရောင် ပင်လယ် ကြယ်တာရာ နယ်မြေ၏ အကြီးဆုံးဂြိုဟ်ကို ညွှန်ပြကာ ပြောလိုက်သည်။ ထိုဂြိုဟ်မှာ ရွှေရောင် တိမ်တိုက်များ၊ ခရမ်းရင့်ရောင် ပင်လယ်များဖြင့် လှပလွန်းလှပြီး နှစ်ပေါင်း ဘီလီယံချီ သက်တမ်းရှိနေပြီ ဖြစ်သည့် လျှို့ဝှက်အဆင့် ဂြိုဟ်တစ်လုံး ဖြစ်သည်။

“ကောင်းပါပြီ”

ဝေ့ဝူယင်က ပြုံးပြလိုက်၏။

“နန်းတော်သခင် ဆန္ဒရှိရင် ကျွန်တော်တို့ သင်္ဘောပေါ်ကို ကြွရောက်ပြီး အတူလိုက်ပါနိုင်ပါတယ်...”

ခရမ်းရောင် ပင်လယ် သခင်မသည် လှည့်ထွက်ကာ သူမ၏ ကိုယ်ပိုင် သင်္ဘောဖြင့် လမ်းပြရန် ပြင်ဆင်နေစဉ် ဝေ့ဝူယင်၏ ဖိတ်ခေါ်မှုကြောင့် ခြေလှမ်းများ ရပ်တန့်သွားပြီး ပြုံးလိုက်၏။

“ဒီလောက် မွန်မြတ်တဲ့ ဖိတ်ခေါ်မှုကို ကျွန်မ ဘယ်လို ငြင်းနိုင်မှာလဲ...”

သူမက ပြောကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ ခဏချင်းအတွင်း ဝေ့ဝူယင်တို့ သင်္ဘောပေါ်သို့ ရောက်ရှိလာသည်။

သင်္ဘောပေါ်သို့ ရောက်လာသည်အထိ ဝေ့ဝူယင်၏ မျက်လုံးများက သူမကို တစ်ချက်မလွဲ စောင့်ကြည့်နေသည်ကို သတိထားမိလိုက်သည်။ ဤသည်ကပင် ဝေ့ဝူယင်သည် အစစ်အမှန် လောက အဂ္ဂိရတ် ရှန့်ထို ပညာရှင်တစ်ဦး ဖြစ်ကြောင်း သူမကို ပိုမို ယုံကြည်သွားစေသည်။ သူမ ဗာဂျန်ကို နယ်ခြားစောင့်တာဝန်မှ ဖယ်ရှားပြီး ရာထူးတိုးပေးရန် စိတ်ထဲမှ ဆုံးဖြတ်လိုက်၏။

သင်္ဘောပေါ်ရှိ သူများကို အသာအယာ ကြည့်လိုက်ရာ အံ့ဩသွားမိသည်။ ချင်ချူးမူမှာ လူသားလော၊ ကောင်းကင်မျိုးနွယ်လော သူမ မခွဲခြားနိုင်ချေ။ ကျန်သူများမှာမူ လူသားများ ဖြစ်ကြသည်။

ချောင်စွေ့ဖုန်းမှာ အဂ္ဂိရတ် အငွေ့အသက် အနည်းငယ် ရှိသည့် မြေကြီးရှန့်ထို တစ်ဦးဖြစ်သော်လည်း အခြေခံ အားနည်းသဖြင့် သူမကို အစေခံတစ်ဦးအဖြစ်သာ သတ်မှတ်လိုက်သည်။

လျူစုယင်၏ အေးစက်စက် အကြည့်ကို သူမ ဂရုမစိုက်သော်လည်း သူမ ပွတ်သပ်နေသည့် လည်ဆွဲကို မြင်လိုက်ရသောအခါ ခရမ်းရောင် ပင်လယ် သခင်မ၏ နှလုံးခုန်သံများ မြန်လာခဲ့၏။

‘ဒါက... မဖြစ်နိုင်တာ...’

ယွီစွန်းလီကို မြင်လိုက်ရသောအခါမူ...

‘သူက...’

ခရမ်းရောင် ပင်လယ် သခင်မသည် မိန်းကလေး၏ ထူးကဲသော အလှတရားနှင့် ခန္ဓာကိုယ် တည်ဆောက်ပုံတို့အပြင်၊ သူမ မည်သူမည်ဝါ ဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။ သူမသည် စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် လောဘနှင့် လိုချင်တပ်မက်မှုတို့ကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။

သခင်လေးရှန့်၏ တည်ငြိမ်မှုကို မြင်သောအခါတွင်မူ သူ့ကိုလည်း သတိထားရမည့်သူတစ်ဦးအဖြစ် မှတ်သားထားလိုက်လေတော့သည်။

ကျန်ရှိနေသူများမှာ သေမျိုးများသာ ဖြစ်သဖြင့် သူမ သိပ်ပြီး စိတ်ဝင်တစား မရှိလှချေ။ ထို့အပြင် မည်သူမျှ ဝေ့ဝူယင်နှင့် ဆွေမျိုးတော်စပ်ပုံ မရသဖြင့် သင်္ဘောပေါ်မှ အမှုထမ်းများဟုသာ သူမ မှတ်ယူထားလိုက်သည်။

သို့သော်... ရွှေဖုန်းပေါင်ကို အနီးကပ် သေချာကြည့်မိသောအခါမှ သူမ၏ ဝိညာဉ်ထဲ၌ပင် ပဋိပက္ခဖြစ်တည်မှုကို ဗီဇအရ ခံစားလိုက်ရသည်။

မီးဥပဒေသလော...။

ဤသေမျိုးလေးမှာ ဥပဒေသမျိုးစေ့၏ အညှောက်ပေါက်ခြင်း အဆင့်သို့ ရောက်ရှိနေပြီလော။

ထို့နောက် သူမ၏ အကြည့်တို့မှာ စုမေ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပြန်သည်။ စုမေ့၏ နက်မှောင်သော မျက်ဝန်းအစုံမှာ စင်ကြယ်အေးချမ်းလှသော်လည်း ထိုမျက်ဝန်းများမှ ထွက်ပေါ်နေသည့် ထက်မြက်တောက်ပမှုမှာ လွန်ကဲလွန်းလှသဖြင့် သူမ၏ မျက်လုံးများထဲတွင်ပင် စူးရှနာကျင်မှုကို ခံစားလိုက်ရသည်။

‘ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...’

ယောင်ဟုန်ရီသည် မျက်လုံးကို အဝတ်စည်းထားလျက် သင်္ဘောဦး၌ တည်ငြိမ်စွာ ရှိနေသည်။ သူ့ထံတွင် ထူးခြားချက် မရှိလှချေ။

တစ်ဖက်တွင်မူ ထို့ပိဟန်သည် စင်ကြယ်မှုနှင့် အရိုင်းဆန်မှုတို့ ပေါင်းစပ်ထားသည့် ဆန်းကြယ်သော သဘောတရားကို ပေးစွမ်းနေသဖြင့် ခရမ်းရောင် ပင်လယ် သခင်မမှာ တစ်ခဏမျှ ဇဝေဇဝါ ဖြစ်သွားရသည်။ လော့နင်မှာမူ အဂ္ဂိရတ် လက်ထောက်တစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။ ဝေ့စီမှာ ထွားကျိုင်းလှသော ခန္ဓာကိုယ်နှင့် ထူးဆန်းသည့် ပုံပန်း သဏ္ဌာန် ရှိသော်လည်း သူ၏ မျက်ဝန်းများမှာ ရိုးသားဖြူစင်လှသဖြင့် အလေးအနက်ထားရန် ခက်ခဲလှသည်။ ဤလူသားသည် တစ်ခုတည်းသော အရာအတွက်သာ မွေးဖွားလာပြီး ကျန်သည့် အရာအားလုံးကို ဂရုမစိုက်ဘဲ ပျော်ပျော်ရွှင်ရွှင် နေတတ်သူနှင့် တူလှသည်။

***

All Chapters