အခန်း (၆၃၁-၆၃၃)
Vol. 43 Ch. 631-633
အခန်း ၆၃၁ - ထူးဆန်းလှသော တောင်ကြီး၊ လော့ချန် ရောက်ရှိလာခြင်း
“တကယ်ကို ရက်စက်လွန်းလှတာပဲ...”
လော့ချန်၏ စိတ်ဓာတ်မှာ သံမဏိကဲ့သို့ ခိုင်မာလှသော်လည်း ယခုအခါ တောင်တန်းတစ်ခုလုံး၌ ပြည့်နှက်နေသော အလောင်းများကို မြင်တွေ့ရသည့်အခါ သူ၏မျက်နှာမှာ တည်ကြည်အုံ့မှိုင်းသွားခဲ့ရသည်။ ၎င်းအပြင် အလောင်းအဖြစ် ကျန်ရှိနေသည်မှာ အစိတ်အပိုင်း အနည်းငယ်မျှသာ ရှိပေသည်။ လူအများစုမှာမူ အလောင်းပင် မကျန်တော့ဘဲ မြေပြင်ပေါ်၌ အသားစများနှင့် သွေးကွက်များသာ ကျန်ရစ်ခဲ့ကာ အရိုးများပင် ရှာမရတော့ပေ။
“ရှေးယခင်က သွေးဝိညာဉ်ဂိုဏ်းဟာ ယွမ်လန်နယ်မြေအုပ်စုကို အုပ်စိုးခဲ့စဉ်က မြို့တွေကို သတ်ဖြတ်တာနဲ့ ဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်းတာဟာ သာမန်ကိစ္စမျှသာ ဖြစ်ခဲ့တယ်လို့ ဆိုကြတယ်... သာမန်လူတွေကိုလည်း သွေးဆေးလုံးတွေ၊ ရတနာတွေ၊ ဝိညာဉ်ဆေးတွေ ဖော်စပ်ဖို့အတွက် သွေးသတ္တဝါတွေလိုမျိုးပဲ မွေးမြူထားခဲ့ပြီး စိတ်ကြိုက် သတ်ဖြတ်ခဲ့ကြတယ်ပေါ့...”
“သန်မာသူကသာ အခွင့်ထူးခံဖြစ်ပြီး ကိုယ့်ဘာသာကိုယ် သန်မာမှသာလျှင် ဒီလောကကြီးမှာ ဆက်ပြီး ရှင်သန်နိုင်မှာပဲ...”
လော့ချန်သည် ရှင်သန်ခြင်း၏ ရက်စက်မှုကို ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင် ခံစားလိုက်ရသည်။ သူနှင့် ကျိမိသားစု၏ ဆက်ဆံရေးမှာလည်း ထိုနည်းတူပင် ဖြစ်၏။ လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် အရပ်မျက်နှာတစ်ခုကို ရွေးချယ်ကာ တောင်ထိပ်ပေါ်သို့ အရှိန်အဟုန်နှင့် ပြေးတက်လိုက်တော့သည်။
“ဟင်...”
တောင်ပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် လော့ချန်သည် မိမိ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်လည်ပတ်မှုမှာ ခဏမျှ လေးလံတုံ့နှေးသွားသည်ဟု ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သော်လည်း လော့ချန်၏ စိတ်ဝိညာဉ်စွမ်းအားမှာ အလွန်အားကောင်းလှသလို ယခင်ကတည်းက ထူးခြားမှုများကို သတိပြုမိထားသဖြင့် အမြဲတစေ သတိထားနေသောကြောင့်သာ ဤသည်ကို သတိပြုမိလိုက်ခြင်း ဖြစ်၏။
လော့ချန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကဲ့သို့ ချီစွမ်းအင်လေးလံတုံ့နှေးမှုမှာ ပုံမှန်အချိန်များတွင် ကိစ္စမရှိသော်လည်း သေခြင်းရှင်ခြင်းကြား တိုက်ပွဲဝင်ရမည့် အရေးကြီးသော အချိန်မျိုးတွင်မူ အသက်အန္တရာယ်ကိုပါ ထိခိုက်သွားစေနိုင်ပေသည်။ လော့ချန်သည် ချက်ချင်းပင် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ကာ အသေအချာ စုံစမ်းကြည့်လိုက်ရာ တောင်ကြီး၏အတွင်း၌ အလွန်ပင် ဝေဝါးလှသော စွမ်းအားတစ်ခု ကိန်းအောင်းနေသည်ကို ရိပ်စားမိလိုက်သည်။
ထိုစွမ်းအား၏ သက်ရောက်မှုကြောင့် မရေမတွက်နိုင်သော အလောင်းများမှ စီးကျလာသည့် အနှစ်သာရသွေးများသည် တောင်ကြီး၏ အတွင်းပိုင်းဆီသို့ အဆက်မပြတ် စိမ့်ဝင်စုစည်းနေကြခြင်း ဖြစ်သည်။
“ထူးဆန်းလိုက်တာ... တကယ်ကို ထူးဆန်းလွန်းတယ်...”
လော့ချန်သည် ဤတောင်ကြီး၏အတွင်း၌ တစ်စုံတစ်ခု ဖုံးကွယ်ထားသည်ဟု သေချာပေါက် ယူဆလိုက်သည်။ ထိုမမြင်ရသည့် အရိပ်မည်းကြီးကြောင့် သူ၏စိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ ဖိအားတစ်ခုနှင့် ထိတ်လန့်စရာ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတော့သည်။ လော့ချန်သည် ဓားဆန္ဒကို လှည့်ပတ်ကာ ထိုမကောင်းသော ခံစားချက်များကို ချေမှုန်းလိုက်ပြီးနောက် တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်သည်။ အနှစ်သာရသွေးများသည် တောင်ထိပ်ဆီသို့ စီးဆင်းနေကြခြင်း ဖြစ်ရာ ထိုနေရာတွင် ဘာရှိသလဲဆိုသည်မှာ တောင်ထိပ်သို့ ရောက်သည့်အခါ အလိုအလျောက် ပေါ်ပေါက်လာမှာ ဖြစ်ပေသည်။
“ဟဲဟဲ... ကောင်လေး... ဒီလိုနေရာမှာတောင် ငေးနေဝံ့သေးတယ်ပေါ့... သေလိုက်စမ်း...”
သွေးဝိညာဉ်ဂိုဏ်း တပည့်တစ်ဦးမှာ လော့ချန်သည် အသက်အရွယ် ငယ်ရွယ်သူဖြစ်သလို နေရာမှာတင် ကြက်သေသေနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဤသွေးချောင်းစီးနေသော စစ်တလင်းကို ကြောက်ရွံ့ပြီး မှင်တက်မိနေသော လူသစ်တစ်ဦးဟု ထင်မှတ်ကာ ရက်စက်စွာ ရယ်မောလျက် လော့ချန်ထံသို့ လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။ လော့ချန်သည် လေသံကို ပြောင်းလဲခြင်း မရှိဘဲ လက်ညှိုးကိုသာ အသာအယာ ခတ်ထုတ်လိုက်သည်။
“ဖူး...”
သွေးဝိညာဉ်ဂိုဏ်း တပည့်မှာ ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှသာ တိုးနိုင်ခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ ပေါ့ပါးလာကာ ထိန်းချုပ်၍မရတော့ဘဲ နဖူးအလယ်၌ အေးစက်သွားသည်ဟု ခံစားလိုက်ရကာ လက်ဖြင့် စမ်းကြည့်လိုက်သည့်အခါ အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရတော့သည်။
“ကောင်လေး... မင်း သေချင်နေတာပဲ...”
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၃ ရှိ သွေးဝိညာဉ်ဂိုဏ်း တပည့်နှစ်ဦးသည် ဝဲ၊ ယာ အရပ်မျက်နှာများမှနေ၍ လော့ချန်ထံသို့ တစ်ပြိုင်တည်း တိုက်ခိုက်လာကြသည်။ လော့ချန်ကမူ ၎င်းတို့ကို ဂရုမစိုက်ဘဲ မြူခိုးရိပ်ခြေလှမ်းကိုသာ လှည့်ပတ်လိုက်ရာ သူ၏ကိုယ်ဟန်မှာ ဝေဝါးလှသော အရိပ်တစ်ခုအလား ထိုသူနှစ်ဦး၏ကြားမှ ဖြတ်ကျော်သွားတော့သည်။
“ဖူး...”
“ဖူး...”
သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ ဘာဖြစ်ပျက်သွားသည်ကိုပင် မသိလိုက်ရဘဲ သူတို့၏ခန္ဓာကိုယ်မှာ လေထဲ၌တင် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားခဲ့ပြီး ကိုယ်တွင်းအင်္ဂါများနှင့် သွေးစများမှာ မြေပြင်ပေါ်သို့ ပျံ့ကျဲသွားတော့သည်။
“ဟိုမှာ အစွမ်းထက်တဲ့သူ တစ်ယောက် ရှိနေတယ်... အတူတူ ဝိုင်းတိုက်ပြီး အရင်ဆုံး ဖြေရှင်းလိုက်ကြစမ်း...”
“သတ်ကြစမ်း...”
ပတ်ဝန်းကျင်ရှိ သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ ခဏအတွင်းမှာပင် သွေးဝိညာဉ်ဂိုဏ်း တပည့် ၇ ဦး၊ ၈ ဦးခန့်မှာ တစ်ပြိုင်တည်း ပြေးဝင်လာကြပြီး ထိုအထဲတွင် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူ တစ်ဦးလည်း ပါဝင်နေကာ သတ်ဖြတ်လိုသော အရှိန်အဝါများမှာလည်း ပြင်းထန်လှပေသည်။ နှမြောစရာကောင်းသည်မှာ ယနေ့ လော့ချန်သည် ဤလူများကို လုံးဝ အရေးလုပ်တော့မည် မဟုတ်သဖြင့် မည်မျှပင် များပြားပါစေ အချည်းနှီးသာ ဖြစ်ပေတော့မည်။
လော့ချန်က မြေပြင်ကို ခြေတစ်ချက် ဆောင့်လိုက်ရာ မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားခဲ့ပြီး သူ၏လက်သီးပေါ်တွင် မိုးကြိုးအလင်းတန်းများ ဝင်းလက်လာကာ လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်သည်။
“ဘုန်း...”
ကျစ်လျစ်လှသော လက်သီးချက်မှာ လေထုအတွင်း၌ လခြမ်းပုံသဏ္ဌာန်အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရှေ့မှ ရန်သူများအားလုံးကို အရှိန်အဟုန်နှင့် ဖိနှိပ်သွားတော့သည်။
“ဖူး... ဖူး... ဖူး... ဖူး... ဖူး...”
ပြေးဝင်လာသည့် သွေးဝိညာဉ်ဂိုဏ်းဝင်များသည် တစ်ဦးပြီးတစ်ဦး အသားစများအဖြစ် တစ်စစီ ကွဲအက်သွားခဲ့ပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားကြသဖြင့် လူပုံသဏ္ဌာန်ပင် မကျန်တော့ပေ။
“လက်သီးတစ်ချက်တည်းနဲ့ ၈ ယောက်တောင် သတ်ပစ်လိုက်တာလား... တကယ်ကို သန်မာလွန်းတယ်... သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်မြင့်သန်မာသူပဲ ဖြစ်ရမယ်... သာမန်အဆင့်မြင့်သန်မာသူတောင် မဟုတ်ဘူး...”
“ဒီလူက ဘယ်သူလဲ...”
“ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရွှမ်ယွမ်ဂိုဏ်း တပည့်ဖြစ်ပြီး ဒီလောက်အစွမ်းထက်နေမှတော့ နာမည်မရှိတဲ့သူ မဟုတ်နိုင်ဘူး... ငါ ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ...”
စောစောက မြင်ကွင်းမှာ တကယ်ကို ရက်စက်လှသလို လူတိုင်းကို တုန်လှုပ်သွားစေသဖြင့် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အကြည့်မှာ လော့ချန်ထံသို့ စုပြုံရောက်ရှိလာကြသည်။ လော့ချန်သည် တာယွဲ့မင်းဆက်တစ်ခုလုံးတွင် နာမည်ကျော်ကြားနေပြီဖြစ်သော်လည်း သူ၏တိုးတက်မှုနှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် သူ့ကို အမှန်တကယ် မြင်တွေ့ဖူးသူမှာ များစွာ မရှိရာ အစပိုင်းတွင် မည်သူကမျှ မှတ်မိခြင်း မရှိကြပေ။
“ဟင်... သူက လော့ချန်ပဲ... ငါတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ အသစ်တက်လာတဲ့ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲက တစ်ယောက်ဖြစ်တဲ့ လော့ချန်ပဲ...”
ရွှမ်ယွမ်ဂိုဏ်း တပည့်တစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
“ဘာ... သူက လော့ချန်လား... ဒီလောက်တောင် ငယ်တာလား...”
“ဒီလောက်အသက်ငယ်ငယ်နဲ့ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပြီး ထိပ်သီးမျိုးဆက်တပည့် ဖြစ်လာတယ်ဆိုတာကတော့ တကယ်ကို မယုံနိုင်စရာပဲ... သူရဲ့ အောင်မြင်မှုတွေက အဲ့ဒီတုန်းက ယွမ်ထျန်ယန်ထက်တောင် မနိမ့်ဘူးပဲ... နှမြောစရာကောင်းတာကတော့ သူက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတော့ အနာဂတ်ကတော့ အများကြီး ကွာခြားသွားမှာပဲ...”
တည်ငြိမ်နေသော ရေပြင်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် လော့ချန်၏ အထောက်အထား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအများအပြားမှာ အံ့အားသင့်စရာ ဖြစ်သွားကြပြီး အကြည့်များမှာလည်း စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။ လော့ချန်သည် မိမိကိုယ်မိမိ ဤမျှအထိ နာမည်ကြီးနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့သော်လည်း အများကြီး ဂရုမစိုက်တော့ပေ။
သွေးညှီနံ့များ ပြည့်နှက်နေသော ဤစစ်တလင်းကို ကြည့်လျက် သူသည် စိတ်ထဲမှပင် နှမြောတသ ဖြစ်သွားမိသည်။ ဤမျှများပြားလှသော အလောင်းများမှာ အများစုမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ ဖြစ်ကြရာ အကယ်၍သာ သူသည် လူသိရှင်ကြား အစွမ်းကုန် ဝါးမျိုနိုင်မည်ဆိုလျှင် သိုင်းဝိညာဉ်အတွင်းရှိ ကြယ်ပွင့်ပေါင်း မည်မျှအထိ လင်းထိန်သွားမည်နည်း။ သူ၏ကျင့်ကြံဆင့်မှာကော မည်မျှအထိ တိုးတက်သွားမည်နည်း။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်မြင့်ပိုင်းလား။ သို့မဟုတ် အထွတ်အထိပ်အဆင့်လား။ စတုတ္ထနယ်ပယ်ကိုပါ ချိုးဖျက်ပြီး မဟာသန်မာသူကြီး ဖြစ်လာနိုင်မလား။ သို့သော်လည်း ၎င်းမှာ မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။ လော့ချန်သည် ထိုအချည်းနှီးသော အတွေးများကို ဖျောက်ဖျက်လိုက်ပြီးနောက် လက်ကို ဝေ့ယမ်းကာ စောစောက သူ သတ်ဖြတ်ခဲ့သော သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ ဝိညာဉ်သိုလှောင်လက်စွပ်နှင့် တံဆိပ်ပြားများကို သိမ်းဆည်းလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်လိုက်ကာ တောင်ထိပ်ဆီသို့ အရှိန်အဟုန်နှင့် ဦးတည်သွားတော့သည်။
ဤ စစ်တလင်းတစ်ခုလုံးတွင် ကောင်းကင်ယံမှ ပျံသန်းသွားလာသူမှာ အလွန်ပင် ရှားပါးလှပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ရန်သူ့အာရုံကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေသဖြင့် ရန်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရလွယ်ကူသောကြောင့် ဖြစ်သည်။ အနည်းငယ်မျှ သတိလစ်သွားသည်နှင့်တစ်ပြိုင်နက် အရိုးပင် ရှာမရအောင် ချေမှုန်းခံရမှာ ဖြစ်သဖြင့် အလွန်ပင် အန္တရာယ်များလှပေသည်။
မှန်ပေသည်၊ လော့ချန်သည် ကောင်းကင်ယံသို့ ပျံတက်လိုက်သည်နှင့်တစ်ပြိုင်နက် အရပ်မျက်နှာအသီးသီးမှ ပြင်းထန်လှသော တိုက်ခိုက်မှုပေါင်း ဆယ်ဂဏန်းခန့်မှာ သူ့ထံသို့ ဦးတည်ကျရောက်လာတော့သည်။ လော့ချန်ကမူ ဂရုမစိုက်ဘဲ သူ၏အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်ရာ သူ၏ကိုယ်ဟန်မှာ ကောင်းကင်ယံ၌ အရိပ်များစွာအဖြစ် ကျန်ရစ်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကို လွယ်ကူစွာပင် ရှောင်တိမ်းလိုက်တော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ပထမလှိုင်းကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဒုတိယလှိုင်းသည် အလျင်အမြန်ပင် ကျရောက်လာပြန်သည်။ ဤတစ်ကြိမ် တိုက်ခိုက်မှုများသည် ပမာဏရော အရှိန်အဟုန်ပါ ယခင်ထက် ပိုမိုပြင်းထန်လှပြီး ကြောက်မက်ဖွယ်ကောင်းသော ထိခိုက်မှုများကြောင့် ကောင်းကင်ယံထက်တွင် လေလှိုင်းများသည် အထပ်ထပ် ဖြစ်ပေါ်နေတော့သည်။ လော့ချန်၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး အရှိန်ကို မလျှော့ဘဲ လက်သီးတစ်ချက်ဖြင့် အောက်သို့ ထိုးနှက်လိုက်သည်။
“ဘုန်း...”
မီတာဆယ်ဂဏန်းခန့်ရှိသော ဧရာမအိုးကြီးပုံရိပ်တစ်ခုသည် ကောင်းကင်တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားခဲ့ပြီး တိုက်ခိုက်မှုပေါင်း ဆယ်ဂဏန်းခန့်ကို တစ်ခဏချင်းမှာပင် ချေမှုန်းပစ်လိုက်ကာ သွေးဝိညာဉ်ဂိုဏ်းဝင်များ အများဆုံးရှိရာ နေရာသို့ ဖိနှိပ်ကျရောက်သွားတော့သည်။
“အား... မြန်မြန်ပြေးကြစမ်း...”
သွေးဝိညာဉ်ဂိုဏ်းဝင်များသည် ထိတ်လန့်တုန်လှုပ်သွားကြရသည်။ သူတို့သည် သေရမှာကို မကြောက်ကြသော်လည်း အချည်းနှီး အသေခံချင်ကြသူများ မဟုတ်သဖြင့် အရပ်မျက်နှာအနှံ့သို့ အသည်းအသန် ထွက်ပြေးကြတော့သည်။
“ဘုန်း...”
မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး မြေသားများသည် ပေအနည်းငယ်ခန့်အထိ နိမ့်ဆင်းသွားရကာ သွေးဝိညာဉ်ဂိုဏ်းဝင် အများစုမှာမူ လွတ်အောင် မပြေးနိုင်ကြဘဲ ထိုဧရာမအိုးကြီးအောက်တွင် သွေးမြူတိမ်များအဖြစ် တစ်ခဏချင်းမှာပင် ကြိတ်ခြေခြင်း ခံလိုက်ရတော့သည်။ လော့ချန်သည် ထိုသူများ၏ တံဆိပ်ပြားများကိုပင် လိုက်လံမသိမ်းဆည်းတော့ဘဲ တောင်ထိပ်ဆီသို့သာ ဆက်လက်ပျံသန်းသွားတော့သည်။
“ဟင်... ဟိုမှာ လော့ချန်ပဲ... သူ ရောက်လာပြီ...”
လူအုပ်ကြီးအတွင်းမှ ရွှမ်ယွမ်ဂိုဏ်း မင်းသားတန်းတပည့်အချို့သည် လော့ချန်၏ နောက်ကျောကို လှမ်းမြင်လိုက်ရသည့်အခါ မျက်နှာများမှာ တစ်ချက် တုန်ခါသွားတော့သည်။
“မြန်မြန်... စီနီယာလျိုခန်းကို အသိပေးကြစမ်း...”
အခန်း ၆၃၁ ပြီးပါပြီ။
အခန်း ၆၃၂ - ကိုယ့်သေတွင်းကိုယ်တူးခြင်း
တောင်ခါးပန်းအထက်ပိုင်း။
ဤနေရာသည် တိုက်ပွဲကြီး၏ ရှေ့တန်းစစ်မျက်နှာပြင် ဖြစ်နေပြီ ဖြစ်၏။
သိပ်သည်းလှသည့် သွေးဝိညာဉ်ဂိုဏ်းဝင်များနှင့် အင်အားစုအသီးသီးမှ လူများသည် ရောနှောကာ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး သတ်ဖြတ်သံများသည် တောင်တန်းတစ်ခုလုံး၌ ပျံ့နှံ့နေတော့သည်။
ရှုပ်ထွေးနေသော တိုက်ပွဲကြားတွင် ရွှမ်ဟယ်စာရင်း အဆင့် ၇ ရှိ စီနီယာလျိုခန်းသည် သွေးဝိညာဉ်ဂိုဏ်းဝင် အများအပြား၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရပြီး ရန်သူ့ဖိညှပ်မှုကြား၌ ပိတ်မိတော့မည့် အနေအထားသို့ ရောက်ရှိနေသည်။
စီနီယာလျိုခန်းက နှာခေါင်းရှုံ့လျက် လက်ဖဝါးတွင် အရှိန်အဟုန် စုစည်းလိုက်ကာ အတိုင်းအတာ ကျယ်ပြန့်သော လက်ဝါးသိုင်းကွက်တစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
“လေပြင်းမုန်တိုင်း...”
ပျံသန်းဝဲလွင့်နေသည့် လက်ဖဝါးစွမ်းအင်များသည် မြန်ဆန်လှသဖြင့် လေထုအတွင်း၌ ထပ်ဆင့်နေသော တွန့်လိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး စီနီယာလျိုခန်းကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
“ဘမ်း... ဘမ်း... ဘမ်း... ဘမ်း...”
ပြေးဝင်လာသည့် သွေးဝိညာဉ်ဂိုဏ်းဝင်များသည် ခြေလှမ်း ၁၀ လှမ်းခန့်အကွာသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သိပ်သည်းလှသော လက်ဖဝါးစွမ်းအင်များ၏ ထိမှန်ခြင်းကို ခံလိုက်ရကာ အချို့မှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်မှာ လေထဲ၌တင် ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးမြူများသည် မြေပြင်ပေါ်သို့ ပျံ့ကျဲသွားတော့သည်။
စီနီယာလျိုခန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အောင်နိုင်မှုကို အခွင့်ကောင်းယူကာ ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ခါးရှိ ကျောက်စိမ်းပြားလေးမှာ အသာအယာ တုန်ခါလာသည်ကို ခံစားလိုက်ရသည်။
စီနီယာလျိုခန်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားကာ ချက်ချင်းပင် အနောက်သို့ ဆုတ်ခွာလိုက်ပြီး ဟင်းလင်းပြင်တစ်ခုသို့ ရောက်သည့်အခါ ထိုကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်းပြားအတွင်းသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်သည့်အခါ စီနီယာလျိုခန်း၏ မျက်နှာမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ရက်စက်လှသော အပြုံးနှင့်အတူ လောဘရိပ်များလည်း ပေါ်ထွက်လာတော့သည်။
“ဟဲဟဲ... လော့ချန်... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ... ငါ့ကို တော်တော်လေး စောင့်ခိုင်းလိုက်တာပဲ...”
စီနီယာကျင်းမင် ထွက်ခွာသွားချိန်မှစ၍ စီနီယာလျိုခန်းသည် လော့ချန်၏ သဲလွန်စကို စောင့်ကြည့်ရန် လူအများအပြား စီစဉ်ထားခဲ့ရာ လော့ချန်သာ နက်မှောင်တောင်တန်းသို့ ရောက်ရှိလာခဲ့လျှင် သူ ချက်ချင်း သိရှိနိုင်ရန် ဖြစ်သည်။
“ဟဲဟဲ... ကြည့်ရတာ အဲဒီ မြေကမ္ဘာဝိညာဉ်ဆေးလုံးက ငါ့အတွက် ဖြစ်လာတော့မှာပဲ...”
“ဝှစ်...”
ပြေးဝင်လာသည့် သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးကို လက်ဖဝါးဖြင့် ရိုက်သတ်လိုက်ပြီးနောက် စီနီယာလျိုခန်းသည် တောင်အောက်ဘက်သို့ ချက်ချင်းပင် ပြေးဆင်းသွားတော့သည်။
တိုက်ပွဲ၏ ဗဟိုချက်တွင် စီနီယာလျိုခန်း၏ လှုပ်ရှားမှုကို တစ်စုံတစ်ယောက်က သတိပြုမိသွားခဲ့ပြီး ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကိုယ်ဟန်ကို လှုပ်ရှားလိုက်ကာ တိတ်တဆိတ် နောက်မှ လိုက်ပါသွားတော့သည်။
လော့ချန်သည် အစွမ်းကုန် ပြေးလွှားလာခဲ့ရာ မကြာမီမှာပင် တောင်ခါးပန်းနေရာသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် သွေးဝိညာဉ်ဂိုဏ်းဝင်များသည် ပိုမို၍ များပြားလာခဲ့ပြီး ထိုအထဲ၌ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်မြင့်သန်မာသူများလည်း ပါဝင်နေကာ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှပြီး မြေပြင်ပေါ်၌လည်းကောင်း၊ ကောင်းကင်ယံ၌လည်းကောင်း နေရာအနှံ့ သတ်ဖြတ်နေကြတော့သည်။
ရွှမ်ယွမ်ဂိုဏ်းမှ သာမန်အတွင်းစည်းတပည့် သုံးဦးမှာ အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေပြီး သွေးဝိညာဉ်ဂိုဏ်းဝင် အုပ်စုတစ်စု၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်ကို လော့ချန် သတိပြုမိလိုက်သည်။
လော့ချန်သည် အပိုစကားများ ပြောမနေတော့ဘဲ လက်ညှိုးကို ဓားအလား ပြုလုပ်ကာ အဆက်မပြတ် ထောက်လိုက်ရာ ဓားချီများသည် တရစပ် ထွက်ပေါ်သွားတော့သည်။
“ဖူး... ဖူး... ဖူး...”
သွေးများ ပျံ့ကျဲသွားခဲ့ပြီး ဓားချီ တစ်ချက်တိုင်းသည် သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦး၏ အသက်ကို ခြွေယူသွားတော့သည်။
အတွင်းစည်းတပည့် သုံးဦးမှာ တစ်ဦးပြီးတစ်ဦး အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုနေကြစဉ်မှာပင် တစ်ဦးက လော့ချန်ကို မှတ်မိသွားသဖြင့် အံ့အားသင့်သွားရသည်။
“ဟင်... မင်းက လော့ချန်... စီနီယာလော့ချန်ပဲ...”
လော့ချန်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဘေးနားရှိ ဒဏ်ရာရနေသော သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးကို လက်ဖြင့် ရိုက်သတ်လိုက်ကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင်...
“ကောင်လေး... သေလိုက်စမ်း...”
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းအဆင့်ရှိ သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးမှာ လော့ချန်သည် အလွန်ပင် ထောင်ထွှားနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဒေါသတကြီး ဟိန်းဟောက်လျက် ပြေးဝင်လာပြီး သူ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ကာ ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။
“ဘုန်း...”
လော့ချန်က လှောင်ပြုံးလိုက်ပြီး မီတာဆယ်ဂဏန်းခန့် အကွာအဝေးမှနေ၍ လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်သည်။
“ဂျိမ်း...”
အပြာရောင်အလင်းတန်းများ ဝင်းလက်နေသည့် လက်သီးစွမ်းအင်မှာ ရှေ့မှ အရာအားလုံးကို ကြိတ်ခြေသွားခဲ့ပြီး သွေးဝိညာဉ်ဂိုဏ်းဝင်၏ ခန္ဓာကိုယ်ကိုပါ တိုက်ရိုက် ထိမှန်သွားတော့သည်။
“ဘမ်း...”
ထိုသွေးဝိညာဉ်ဂိုဏ်းဝင်မှာ သူ၏အစွမ်းကိုပင် မထုတ်ဖော်ရသေးဘဲ သူ၏ခန္ဓာကိုယ်မှာ တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့ပြီး အသားစပုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
လော့ချန်သည် တံဆိပ်ပြားများကို သိမ်းဆည်းလိုက်ပြီးနောက် ထိုသူသုံးဦးကို ဆိုလိုက်သည်။
“မင်းတို့ရဲ့ ကျင့်ကြံဆင့်က နိမ့်လွန်းနေသေးတယ်... တခြား စီနီယာတွေ ရှိတဲ့နေရာကို သွားပြီးတော့ပဲ ပူးပေါင်းလိုက်ကြစမ်း...”
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် စီနီယာ...”
ခန့်ညားလှသော အမျိုးသမီးတပည့်တစ်ဦးက ကျေးဇူးတင်စကား ဆိုလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လော့ချန်၏ နောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်မိရာ မျက်နှာမှာ တစ်ခဏချင်းမှာပင် ဖြူဖျော့သွားတော့သည်။
“စီနီယာ... သတိထားပါ...”
ကောင်းကင်ယံထက်မှ လူရိပ်တစ်ခုမှာ အရှိန်အဟုန်နှင့် ဆင်းသက်လာခဲ့ပြီး မီတာရာချီ အကွာအဝေးမှနေ၍ လက်ဝါးဖြင့် ဟင်းလင်းပြင်ကို ဖိနှိပ်လိုက်တော့သည်။
“ဂျိမ်း...”
လော့ချန်သည် ယခင်ကတည်းက အာရုံခံမိထားသဖြင့် သူ၏မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး ကိုယ်ကို လှည့်၍ လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။
လက်သီးစွမ်းအင်မှာ လေထဲ၌တင် ခြေသုံးချောင်းနှင့် နားနှစ်ဖက်ရှိသော ဧရာမအိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ပြီး အစိမ်းရောင် လက်ဝါးစွမ်းအင်နှင့် ပြင်းထန်စွာ တိုက်မိသွားတော့သည်။
“ဘုန်း...”
ပြင်းထန်လှသော အသံကြီးနှင့်အတူ လက်သီးစွမ်းအင်နှင့် လက်ဖဝါးစွမ်းအင်တို့မှာ တစ်ပြိုင်တည်း ပေါက်ကွဲသွားခဲ့ပြီး တောင်ကြီးတစ်ခုလုံး တုန်ခါသွားတော့သည်။
“ဝှစ်...”
လူရိပ်တစ်ခုမှာ ရှုပ်ထွေးနေသော လေလှိုင်းများကို ဖြတ်ကျော်ကာ အရှိန်အဟုန်နှင့် ပြေးဝင်လာခဲ့ပြီး လော့ချန်၏ရှေ့၌ ရပ်တန့်လိုက်သည်။
၎င်းမှာ အေးစက်လှသော အမူအရာရှိသည့် လူငယ်တစ်ဦးဖြစ်ပြီး ရွှမ်ဟယ်စာရင်း အဆင့် ၇ ရှိ လျိုခန်းပင် ဖြစ်သည်။
“လော့ချန်... မင်းကို နောက်ဆုံးတော့ ရှာတွေ့ပြီပဲ...”
စီနီယာလျိုခန်းသည် လေထဲတွင် ရပ်နေခဲ့ပြီး လော့ချန်ကို အထက်စီးမှနေ၍ စိုက်ကြည့်ကာ ရက်စက်စွာ ရယ်မောလိုက်ရာ သားကောင်ကို ကြည့်နေသည့် တောဝံပုလွေတစ်ကောင်အလား ရှိနေတော့သည်။
လော့ချန်က မျက်ခုံးကို ပင့်လိုက်ပြီး ဆိုလိုက်သည်။
“ကျင်းမင်က မင်းကို ငါ့ကို သတ်ခိုင်းလိုက်တာလား... သူကော ဘယ်မှာလဲ... ဘာလို့ ကိုယ်တိုင် မလာတာလဲ...”
စီနီယာလျိုခန်းက ဆိုလိုက်သည်။
“မင်းလို လူအသေးအဖွဲလေးအတွက်ဆိုရင် စီနီယာကျင်းမင် ကိုယ်တိုင် လက်ဖျားတောင် ထိစရာ မလိုပါဘူး... တကယ်တော့ မင်းရဲ့ အသက်က အလွန်တန်ဖိုးရှိနေလို့သာ မဟုတ်ရင် မင်းက ငါ့ရဲ့ မျက်စိထဲတောင် ဝင်မှာ မဟုတ်ဘူး...”
ထိုခန့်ညားလှသော အမျိုးသမီးတပည့်မှာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရှေ့သို့ လမ်းလျှောက်ထွက်လာခဲ့ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ဆိုလိုက်သည်။
“စီနီယာလျိုခန်း... အခုက ဂိုဏ်းကြီးသုံးဂိုဏ်းလုံးက သွေးဝိညာဉ်ဂိုဏ်းဝင်တွေကို ဝိုင်းတိုက်နေတဲ့ အချိန်လေ... ကျွန်မတို့တွေက ရန်သူကို အတူတူ သတ်ဖြတ်ရမှာကို ဒီလိုအချိန်မှာ ကိုယ့်ဂိုဏ်းသားချင်းကြားမှာ မတိုက်ခိုက်သင့်ပါဘူး... ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားမယ်ဆိုရင် စီနီယာ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ရုံတင်မကဘဲ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် ဂိုဏ်းရဲ့စည်းကမ်းတွေကိုပါ ချိုးဖောက်ရာ ရောက်ပါလိမ့်မယ်...”
စီနီယာလျိုခန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်ဝန်းများသည် လျှပ်စီးတန်းနှစ်ခုအလား ထက်မြက်သွားတော့သည်။
“ဟဲဟဲ... ဂိုဏ်းရဲ့စည်းကမ်းတွေကို ချိုးဖောက်တယ် ဟုတ်လား... မင်းက ဘာကောင်မမို့လို့လဲ... ပုရွက်ဆိတ်တစ်ကောင်လို အဆင့်မျိုးနဲ့ ငါ့ကို လာပြီး ဆုံးမနေတာလား... ဒါက ငါတို့ မင်းသားတန်းနဲ့ လော့ချန်ကြားက ကိစ္စပဲ... မင်းသာ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောမယ်ဆိုရင် သူ့နောက်ကို လိုက်သွားအောင် ငါ လုပ်ပေးလိုက်ရမလား...”
အမျိုးသမီးတပည့်မှာ စီနီယာလျိုခန်း၏ အရှိန်အဝါကြောင့် မျက်နှာတွင် သွေးမရှိတော့ဘဲ ဖြူဖျော့သွားရသည်။
လော့ချန်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ထိုအမျိုးသမီးတပည့်၏ ရှေ့၌ ကာကွယ်ပေးလိုက်ကာ စီနီယာလျိုခန်းကို အေးစက်စွာ ကြည့်လျက် ဆိုလိုက်သည်။
“မင်းက ရွှမ်ဟယ်စာရင်း အဆင့် ၇ ရှိတဲ့ လျိုခန်းပေါ့... မင်းရဲ့ လေသံကတော့ မသေးလှဘူးပဲ... ငါ့ကို လာသတ်တယ်ဆိုတော့ မင်းရဲ့ အစွမ်းအပေါ်မှာ မင်း တော်တော်လေး ယုံကြည်မှု ရှိပုံရတယ်... နှမြောစရာ ကောင်းတာကတော့ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ...”
အခန်း ၆၃၂ ပြီးပါပြီ။
အခန်း ၆၃၃ - လော့ချန်၏ အစွမ်း၊ အားလုံး သေရမည်
“ကောင်လေး... ဘယ်သူက ကိုယ့်သေတွင်းကိုယ်တူးနေတာလဲ...”
လော့ချန်၏ စကားကြောင့် လျိုခန်း၏ မျက်နှာမှာ အနည်းငယ် အုံ့မှိုင်းသွားခဲ့ပြီး အေးစက်စွာ လှောင်ပြုံးလျက် ဆိုလိုက်သည်။
“၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပြီး စီနီယာဖုကို အနိုင်ယူလိုက်ရုံနဲ့ ငါနဲ့ တန်းတူဖြစ်ပြီလို့ မထင်လိုက်နဲ့ဦး... စီနီယာဖု ဆိုတာက ရွှမ်ဟယ်စာရင်း အဆင့် ၁၀ နေရာကို မနည်းဝင်ထားရတာ... သူ့ကို အနိုင်ယူလိုက်ရုံနဲ့ လူငယ်မျိုးဆက်တွေကြားမှာ ရမ်းကားလို့ရပြီလို့ မင်း ထင်နေမယ်ဆိုရင်တော့ တကယ့်ကို ရယ်စရာပဲ...”
လော့ချန်က ဒေါသထွက်ခြင်း မရှိဘဲ တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“ဘယ်သူက ရယ်စရာဖြစ်မလဲဆိုတာ မကြာခင် သိရမှာပေါ့...”
“သေစမ်း...”
စီနီယာလျိုခန်း၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်...
“လျိုခန်း... မင်း ဘာလို့ ပျာပျာသလဲ ဖြစ်နေတာလဲလို့ ငါ စဉ်းစားနေတာ... လော့ချန် ဒီမှာ ရှိနေတာကိုး...”
ထိုအချိန်တွင် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်သော လေတိုးသံနှင့်အတူ လူရိပ်တစ်ခုမှာ သက်တံတစ်ခုအလား ကောင်းကင်ယံကို ဖြတ်သန်းကာ ရောက်ရှိလာတော့သည်။
“ဝှစ်...”
အသံပင် မဆုံးသေးမီမှာပင် ထိုသက်တံရောင်လူရိပ်မှာ အနားသို့ ရောက်ရှိလာခဲ့ပြီး တောင့်တင်းသော ခန္ဓာကိုယ်နှင့်အတူ လက်ထဲတွင် ရွှေရောင်လှံရှည်တစ်စင်း ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦး ပေါ်ထွက်လာသည်။
သူက လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စီနီယာလျိုခန်းကို ဆိုလိုက်သည်။
“လျိုခန်း... စီနီယာဖုက ငါ့ရဲ့ သူငယ်ချင်းပဲ... မင်း ဖယ်ပေးလိုက်စမ်း... ဒီနေ့ ငါ စီနီယာဖု အတွက် တရားမျှတမှု ရှာပေးရမယ်...”
စီနီယာလျိုခန်းမှာ ဒေါသထွက်လွန်းသဖြင့် ဆဲပင်ဆဲလိုက်ချင်တော့သည်။
ရောက်လာသူမှာ ရွှမ်ဟယ်စာရင်း အဆင့် ၆ ရှိ ဝူထိုက်ယွဲ့ပင် ဖြစ်၏။
တစ်ဖက်လူက သူ့နောက်သို့ တိတ်တဆိတ် လိုက်လာခြင်းမှာ သေချာပေါက် မြေကမ္ဘာဝိညာဉ်ဆေးလုံး အတွက် ဖြစ်ရမည်။ ယခုကဲ့သို့ ဂုဏ်သိက္ခာရှိလှသော အကြောင်းပြချက်ကြီး ပေးနေခြင်းမှာ သူ့ကို လူအဟု ထင်နေ၍လား။
စီနီယာလျိုခန်းက သူ၏ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရင်း ဆိုလိုက်သည်။
“ဝူထိုက်ယွဲ့... အရာရာမှာ ကျိုးကြောင်းဆီလျော်မှု ရှိရမယ်... ဒီလူကို ငါ အရင်တွေ့တာ... မင်းက အရမ်းလွန်မလာနဲ့ဦး...”
“ကျိုးကြောင်းဆီလျော်မှု ဟုတ်လား...”
စီနီယာဝူထိုက်ယွဲ့က လှံရှည်ကို ပိုက်လျက် ကဲ့ရဲ့စွာဖြင့် ဆိုလိုက်သည်။
“သန်မာသူကသာ အမှန်တရားပဲ... ဘယ်သူက ပိုသန်မာလဲဆိုတာကသာ ကျိုးကြောင်းဆီလျော်မှုပဲ...”
စီနီယာလျိုခန်း၏ မျက်နှာမှာ အေးစက်သွားခဲ့သည်။
“မင်းက တကယ်ပဲ ငါ့ကို မကြောက်ဘူးလို့ ထင်နေတာလား...”
စီနီယာဝူထိုက်ယွဲ့က လှောင်ပြောင်လိုက်သည်။
“ဘာလဲ... မင်းက ငါ့ကို တိုက်ခိုက်ချင်လို့လား... ဂိုဏ်းကို စဝင်တဲ့နေ့ကစပြီး မင်း ငါ့ကို တစ်ခါမှ မနိုင်ခဲ့တာကို မမေ့နဲ့ဦး...”
“မင်း...”
စီနီယာလျိုခန်းမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရသည်။ သူ၏အစွမ်းမှာ စီနီယာဝူထိုက်ယွဲ့ထက် နိမ့်ကျနေသည်မှာ အမှန်ပင် ဖြစ်၏။ အကြိမ်ကြိမ် ယှဉ်ပြိုင်ခဲ့သော်လည်း အမြဲတမ်း ရှုံးနိမ့်ခဲ့ရသည်မဟုတ်ပါလော။
သို့သော်လည်း မြေကမ္ဘာဝိညာဉ်ဆေးလုံးကို စွန့်လွှတ်ရန်မှာမူ လုံးဝ မဖြစ်နိုင်ပေ။
လော့ချန်မှာမူ ဘေးနားမှ ကြည့်လျက် ဘာပြောရမှန်းပင် မသိတော့ပေ။ သူသည် ယခုအခါ ပြင်ပလူတစ်ယောက်အလား ဖြစ်နေတော့သည်။
‘ဘယ်အချိန်ကစပြီး သူက လူတိုင်း လုချင်နေတဲ့ အရာတစ်ခု ဖြစ်သွားရတာလဲ...’
“ငါ ပြောပါရစေဦး...”
လော့ချန်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ထိုသူနှစ်ဦးကို ကြည့်ကာ ဆိုလိုက်သည်။
“မင်းတို့တွေ အပိုစကားတွေ ပြောမနေကြနဲ့တော့... မင်းတို့ နှစ်ယောက်လုံးက ငါ့အသက်ကို လိုချင်နေကြတာဆိုမှတော့ အတူတူပဲ တိုက်ခိုက်လိုက်ကြစမ်းပါ... ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံးက ဒီနေ့ သေရမဲ့အတူတူလေ...”
စီနီယာဝူထိုက်ယွဲ့က အားရပါးရ ရယ်မောလိုက်သည်။
“နှစ်ယောက် အတူတူ ဟုတ်လား... မင်းက ကိုယ့်ကိုယ်ကိုယ် တော်တော်လေး အထင်ကြီးနေတာပဲ...”
“သေစမ်း...”
စီနီယာလျိုခန်းမှာမူ လော့ချန်၏ စကားကြောင့် သတိဝင်လာခဲ့သည်။ စီနီယာဝူထိုက်ယွဲ့ မည်မျှပင် သန်မာပါစေ၊ သူကသာ လော့ချန်၏ ဦးခေါင်းကို အရင်ဦးအောင် ယူနိုင်မည်ဆိုလျှင် ကိစ္စပြတ်ပြီမဟုတ်ပါလော။
စီနီယာလျိုခန်းသည် သူ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ ကြယ်ခုနစ်ပွင့် လေဝိညာဉ်တစ်ခု ပေါ်ထွက်လာသည်။
သိုင်းဝိညာဉ်၏ အကူအညီကြောင့် သူ၏အရှိန်အဟုန်မှာ ရုတ်တရက် မြင့်တက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လော့ချန်၏ရှေ့သို့ ရောက်ရှိလာကာ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များနှင့်အတူ လက်ဝါးဖြင့် ဖိနှိပ်လိုက်တော့သည်။
“ဘုန်း...”
မီတာထောင်ချီ အတိုင်းအတာအတွင်းရှိ လေထုမှာ ဤလက်ဝါးချက်ကြောင့် ဆွဲယူခြင်း ခံလိုက်ရပြီး ပြင်းထန်လှသော ဝဲဂယက်လက်ဝါးချီတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ကိုပင် အော်ဟစ်မြည်ဟီးသွားစေတော့သည်။
“မင်းလောက်နဲ့တင် ရမလား...”
လော့ချန်သည် မျက်လုံးကို အသာအယာ မြှင့်လိုက်ပြီး သူ၏ကိုယ်မှ ချီစွမ်းအင်များမှာ တောင်ကြီးတစ်လုံးအလား တုန်ခါလာကာ လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ထိုတောင်ကြီးမှာ ဧရာမ အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားတော့သည်။
“ဘုန်း...”
ဝဲဂယက်လက်ဝါးချီမှာ တစ်ခဏချင်းမှာပင် ပေါက်ကွဲထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ တောင်ပေါ်ရှိ မြေသားများကိုပင် ကျင်းကြီးတစ်ခု ဖြစ်သွားစေတော့သည်။
စီနီယာလျိုခန်းမှာမူ သူ၏ကိုယ်ဟန်ကို မထိန်းနိုင်ဘဲ အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရပြီး ညာဘက်လက်မောင်းတစ်ခုလုံးမှာလည်း ထုံကျင်သွားတော့သည်။
“ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ... ဟင်... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းအဆင့် ပါလား...”
စီနီယာလျိုခန်းမှာ တုန်လှုပ်သွားရရုံတင်မကဘဲ လော့ချန်သည် သတင်းများထဲကကဲ့သို့ အဆင့် ၈ အထွတ်အထိပ် မဟုတ်တော့ဘဲ အဆင့် ၉ အစောပိုင်းအဆင့်သို့ ရောက်ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်ခြင်း ဖြစ်၏။
“သူ့အသက်က ငါ့အတွက်ပဲ...”
စီနီယာဝူထိုက်ယွဲ့လည်း သတိဝင်လာခဲ့ပြီး လှံကို ဝှေ့ယမ်းကာ ပြေးဝင်လာတော့သည်။
“ငါ မင်းကို မသတ်နိုင်ဘူးလို့ မယုံဘူး...”
စီနီယာလျိုခန်းသည် အခွင့်အရေးကို လက်လွတ်မခံဘဲ ရက်စက်သော အမူအရာဖြင့် သူ၏အရှိန်အဟုန်ကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ရာ လက်ငါးချောင်းကြားတွင် ထက်မြက်လှသော လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်လာတော့သည်။
“လေပြင်းသတ်ဖြတ်ခြင်း...”
စီနီယာလျိုခန်းက အော်ဟစ်လိုက်ပြီး သူ၏ အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်ရာ လက်ဝါးဖြင့် ရိုက်နှက်လိုက်သည့်အခါ လေထဲ၌ တံခါးချပ်ခန့် ကျယ်ပြန့်ပြီး မီတာဆယ်ဂဏန်းခန့် ရှည်လျားသော အစိမ်းရောင် လေဝဲဂယက် ၅ ခုမှာ ဓားချီများအလား ဟင်းလင်းပြင်ကို ခွင်း၍ လော့ချန်ထံသို့ ဝိုင်းရံတိုက်ခိုက်လိုက်တော့သည်။
“မဆိုးပါဘူး...”
လော့ချန်၏ အကြည့်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ လျှပ်စီးဓားကို အိမ်အတွင်းမှ ဆွဲထုတ်လိုက်ရာ ဓားသွားပေါ်တွင်လည်း ဓားချီများဖြင့် စုစည်းထားသော လေဝဲဂယက်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။ ၎င်းမှာ လေခွင်းသတ်ဖြတ်ခြင်း တိုက်ကွက်ပင် ဖြစ်၏။
ထိုအခိုက်အတန့်တွင် မိုင်ပေါင်းထောင်ချီသော ပတ်ဝန်းကျင်ရှိ လေထုမှာ တစ်ချက် တုန်ခါသွားတော့သည်။ ထိုဓားချီမုန်တိုင်း၏ ရှေ့တွင် အစိမ်းရောင် ဝဲကတော့ ၅ ခုမှာ အစွယ်ကျွတ်သွားသော ကျားကြီးတစ်ကောင်အလား အရှိန်အဟုန်မှာ တစ်ခဏချင်း မှေးမှိန်သွားတော့သည်။
“ကလစ်... ကလစ်... ကလစ်...”
မျက်စိတစ်မှိတ်အတွင်းမှာပင် အစိမ်းရောင် ဝဲကတော့ ၅ ခုမှာ ဆက်တိုက် ကွဲအက်သွားခဲ့ပြီး ကျန်ရှိနေသော ဓားချီမုန်တိုင်းမှာ စီနီယာလျိုခန်း၏ ကာကွယ်ရေးချီစွမ်းအင်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။
“ဟင်...”
စီနီယာလျိုခန်းမှာ မျက်လုံးများပင် ပြူးထွက်သွားရသည်။ ကာကွယ်ရေးချီစွမ်းအင်မှာ တောင့်မခံနိုင်တော့သည်ကို မြင်ရသည့်အခါ ညာဘက်လက်ဖြင့် ဓားချီကို တားဆီးရန် အလျင်အမြန် ကြိုးစားလိုက်သည်။
“ဖူး...”
ထိုအသံနှင့်အတူ သူ၏လက်ဖဝါးမှာ သွေးများဖြင့် ပြည့်နှက်သွားခဲ့ပြီး အရိုးများပင် ပေါ်ထွက်လာကာ ဓားချီမှာ သွေးကြောများမှတစ်ဆင့် သူ၏ ကိုယ်တွင်းအင်္ဂါများအတွင်းသို့ တိုးဝင်သွားသဖြင့် သွေးများပင် အန်ထုတ်လိုက်ရကာ အနောက်သို့ လွင့်စဉ်သွားတော့သည်။
“လျိုခန်း...”
စီနီယာဝူထိုက်ယွဲ့မှာ အချိန်မီ ရောက်ရှိလာခဲ့ပြီး အံ့အားသင့်စွာဖြင့် စီနီယာလျိုခန်းကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။
“မင်း...”
စီနီယာလျိုခန်း၏ ဒဏ်ရာကို မြင်ရသည့်အခါ စီနီယာဝူထိုက်ယွဲ့၏ မျက်နှာမှာ တစ်ခဏချင်း ပြောင်းလဲသွားတော့သည်။
သူသည် စီနီယာလျိုခန်း၏ အစွမ်းကို အသေအချာ သိရှိပေသည်။ သူ့ထက် နိမ့်ကျသည်ဆိုသော်လည်း ရွှမ်ဟယ်စာရင်း အဆင့် ၇ နေရာမှာ အချည်းနှီး ရရှိထားခြင်း မဟုတ်ပေ။
ထိုသို့သောသူက လော့ချန်နှင့် ဆုံတွေ့သည်နှင့်တစ်ပြိုင်နက် ဒဏ်ရာပြင်းထန်သွားရသည်တဲ့လား။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ့ရဲ့ အစွမ်းက ဒီလောက်အထိ သန်မာနေတာလား...”
လော့ချန်ကို ကြည့်လျက် စီနီယာဝူထိုက်ယွဲ့မှာ မယုံနိုင်စရာ ခံစားချက်ကိုသာ ခံစားနေရတော့သည်။
လော့ချန်ကိုယ်တိုင်လည်း အနည်းငယ်တော့ အံ့အားသင့်သွားမိသည်။ စောစောက ဓားချက်မှာ သူသည် ရွှမ်ဟယ်စာရင်း အဆင့် ၇ ရှိသူ၏ အစွမ်းကို စမ်းသပ်လိုရုံသာဖြစ်ပြီး ဓားဆန္ဒကိုပင် အသုံးမပြုခဲ့ပေ။ သို့သော်လည်း တစ်ဖက်လူကို သေလုမျောပါး ဖြစ်သွားအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဒါကလည်း မဆန်းလှပေ။
ဤအချိန်အတွင်းမှာ လော့ချန်သည် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို အောင်မြင်ထားသလို ကျင့်ကြံဆင့်မှာလည်း အဆင့် ၉ သို့ ရောက်ရှိကာ အဆင့် ၉ အလယ်အလတ်အဆင့်သို့ပင် နီးကပ်နေပြီ ဖြစ်၏။ ၎င်းအပြင် နဂါးကျင့်စဉ်ကိုလည်း ဒုတိယအဆင့်သို့ ချိုးဖျက်ထားနိုင်သဖြင့် သူ၏အစွမ်းမှာ တစ်ရက်ထက်တစ်ရက် တိုးတက်နေကာ သူကိုယ်တိုင်ပင်လျှင် မိမိ၏ အစွမ်းအစစ်အမှန်ကို အသေအချာ မခန့်မှန်းနိုင်တော့ပေ။
“ကြည့်ရတာ ငါက ငါထင်ထားတာထက်တောင် ပိုပြီး သန်မာနေတာပဲ...”
လော့ချန်သည် စိတ်ထဲမှပင် ရေရွတ်လိုက်ပြီးနောက် ထိုသူနှစ်ဦးကို မော့ကြည့်လိုက်သည်။
“အဟွတ်...”
စီနီယာလျိုခန်းသည် သွေးများကို အန်ထုတ်လိုက်ရပြီး လော့ချန်၏ ထက်မြက်လှသော အကြည့်ကို မြင်ရသည့်အခါ သူ၏ဦးနှောက်အတွင်းသို့ အေးစက်သော အငွေ့အသက်တစ်ခု တိုးဝင်သွားသဖြင့် စီနီယာဝူထိုက်ယွဲ့ကို ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“မြန်မြန်ပြေး... ဒီကောင်က မိစ္ဆာပဲ... ငါတို့ သူ့ကို မယှဉ်နိုင်ဘူး...”
လော့ချန်၏ စောစောက ဓားချက်မှာ သူ၏ သတ္တိအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
ယခုအချိန်တွင် မြေကမ္ဘာဝိညာဉ်ဆေးလုံး ဖြစ်စေ၊ စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့ ဖြစ်စေ စီနီယာလျိုခန်း၏ မျက်လုံးထဲတွင် ဘာမှမဟုတ်တော့ပေ။ သူ အလိုချင်ဆုံးအရာမှာ ဤမိစ္ဆာကောင် လော့ချန်၏ လက်ထဲမှ အမြန်ဆုံး လွတ်မြောက်ရန်သာ ဖြစ်တော့သည်။
စီနီယာဝူထိုက်ယွဲ့၏ မျက်ဝန်းများမှာ လှုပ်ရှားနေခဲ့ပြီး တွန့်ဆုတ်နေဆဲ ဖြစ်၏။ ထိပ်သီးမျိုးဆက်တပည့် တစ်ယောက်အနေဖြင့် ယခုကဲ့သို့ လူသိရှင်ကြား ထွက်ပြေးရမည်ဆိုလျှင် အလွန်ပင် သိက္ခာကျစရာ မဟုတ်ပါလော။
ထိုအချိန်တွင် လော့ချန်သည် ထိုသူနှစ်ဦး၏ လမ်းကို ပိတ်ဆို့လိုက်ပြီး မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိဘဲ ဆိုလိုက်သည်။
“အချည်းနှီးတွေ ကြိုးစားမနေနဲ့တော့... ငါ ပြောပြီးသားပဲလေ... မင်းတို့အားလုံး ဒီနေ့ သေရမယ်ဆိုတာ... နောက်ထပ် လမ်းမရှိတော့ဘူး...”
အခန်း ၆၃၃ ပြီးပါပြီ။