အခန်း (၆၃၄-၆၃၆)
Vol. 43 Ch. 634-636
အခန်း ၆၃၄ - စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ခြင်း... လော့ချန်နှင့် မြေကမ္ဘာဝိညာဉ်ဆေးလုံး
“လော့ချန်... မင်း တော်တော်လေး ရမ်းကားနေတာပဲ...”
စီနီယာဝူထိုက်ယွဲ့၏ မျက်နှာမှာ ရုတ်တရက် အုံ့မှိုင်းသွားခဲ့ပြီး အပြည့်အဝ ဒေါသထွက်သွားရသည်။
စီနီယာလျိုခန်းမှာ ဒဏ်ရာပြင်းထန်သွားခဲ့ပြီဖြစ်ရာ သူသည်လည်း လော့ချန်ကို အနိုင်ယူနိုင်ရန်အတွက် ယုံကြည်မှု မရှိတော့သဖြင့် အစပိုင်းတွင် တိုက်ရိုက်ဆုတ်ခွာရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လော့ချန်က သူ့ကိုပါ တိုက်ရိုက်ခြိမ်းခြောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူသည် ရွှမ်ဟယ်စာရင်း အဆင့် ၆ ရှိသူဖြစ်သလို ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲမှ တစ်ယောက်လည်း ဖြစ်ရာ အကယ်၍သာ အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ လူငယ်လေးတစ်ဦး၏ စကားတစ်ခွန်းတည်းနှင့် ထွက်ပြေးခဲ့မည်ဆိုလျှင် ဤကိစ္စ ပျံ့နှံ့သွားသည့်အခါ သူ၏မျက်နှာ ဘယ်မှာသွားထားရမည်နည်း။ လူတိုင်း၏ ရယ်စရာ ဖြစ်သွားမှာ သေချာလှပေသည်။
သို့သော်လည်း စီနီယာဝူထိုက်ယွဲ့သည် အသိဉာဏ်ကင်းမဲ့နေသူ မဟုတ်ပေ။ သူသည် ပြင်းထန်သော တိုက်ကွက်တစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပြီး အကယ်၍ အသာစီးရခဲ့မည်ဆိုလျှင်ဖြစ်စေ၊ သရေကျခဲ့လျှင်ဖြစ်စေ ထိုအချိန်မှ ဆုတ်ခွာမည်ဆိုပါက သူ့အတွက် သိက္ခာမကျတော့ဘဲ လမ်းစရရှိမှာ ဖြစ်ပေသည်။
“ဘုန်း...”
စိတ်ကူးထဲ၌ ဆုံးဖြတ်ချက်ချပြီးသည်နှင့်တစ်ပြိုင်နက် စီနီယာဝူထိုက်ယွဲ့သည် စီနီယာလျိုခန်းကို ပစ်ချလိုက်ကာ သူ၏သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ ပြည့်လျှံနေသော ရွှေရောင်ချီစွမ်းအင်များသည် တစ်ကိုယ်လုံးသို့ စီးဆင်းသွားခဲ့ပြီး သူ၏ကိုယ်ဟန်ကို လွှမ်းခြုံသွားတော့သည်။ လက်ထဲရှိ လှံရှည်မှာလည်း နေမင်းတစ်စင်းအလား တောက်ပဝင်းလက်နေတော့သည်။
“ငါ့ရဲ့ တိုက်ကွက်ကို ခံစားကြည့်စမ်း... မဟာရွှေလှံချက်...”
စီနီယာဝူထိုက်ယွဲ့သည် အစွမ်းကုန် ထုတ်သုံးလိုက်ပြီး သူ၏ နောက်ဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
“ဝှစ်...”
ရွှေရောင်လှံအလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ခွင်း၍ လော့ချန်၏ ခန္ဓာကိုယ်ထံသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။ ဤရွှေရောင်လှံအလင်းတန်းမှာ ပေ ၃၀ ခန့် ရှည်လျားပြီး ရွှေဓာတ်သဘောတရားကြောင့် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ဂုဏ်သတ္တိ ရှိနေကာ ပြင်းထန်လှသော ထက်မြက်မှုများ ထွက်ပေါ်နေသဖြင့် မည်သည့်အရာကိုမဆို ထိုးဖောက် ဖျက်ဆီးနိုင်မည့်အလား ရှိနေပြီး လျိုခန်း၏ တိုက်ကွက်ထက် အဆပေါင်းများစွာ သန်မာလှပေသည်။
လော့ချန်၏ အကြည့်မှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ၏နဖူးအလယ်မှာ ဖောင်းကြွလာခဲ့ပြီး ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်မှာ ဝေဝါးလှသော ဓားပုံရိပ်ယောင်တစ်ခုအဖြစ် ကောင်းကင်သို့ ထိုးတက်သွားကာ လေထုကို ခွင်း၍ ဟင်းလင်းပြင်ကို တစ်စစီ ဖြစ်သွားစေသဖြင့် လူတိုင်း၏ မျက်ဝန်းများကို စူးရှသွားစေတော့သည်။
ဆက်လက်၍ လော့ချန်သည် လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး အေးအေးလူလူပင် ရှေ့သို့ ဓားသုံးချက် ခုတ်ပိုင်းလိုက်သည်။
ပထမဓားချက်မှာ ရွှေရောင်လှံအလင်းတန်း၏ ထိပ်ဖျားကို တိကျစွာ ထိမှန်သွားခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဟုန်ကို တစ်ခဏချင်းမှာပင် ချေမှုန်းပစ်လိုက်ကာ လှံအလင်းတန်းကို တစ်စစီ ဖြစ်သွားစေတော့သည်။
ဒုတိယဓားချက်မှာမူ စီနီယာဝူထိုက်ယွဲ့၏ လက်ထဲမှ လှံရှည်ကို တိုက်ရိုက် လွင့်စဉ်သွားစေခဲ့သည်။
တတိယဓားချက်မှာမူ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့ပြီး စီနီယာဝူထိုက်ယွဲ့၏ ကာကွယ်ရေးချီစွမ်းအင်အပေါ်သို့ ကျရောက်သွားတော့သည်။
“ဖူး...”
ကာကွယ်ရေးချီစွမ်းအင်မှာ တစ်ခဏချင်းမှာပင် ပွင့်ထွက်သွားခဲ့ပြီး ဖြူလွလွ ဓားချီသည် စီနီယာဝူထိုက်ယွဲ့၏ ရင်ဘတ်ကို ဖြတ်သန်းသွားကာ သွေးချင်းချင်းနီနေသော သွေးရာကြီးတစ်ခုမှာ မီတာဆယ်ဂဏန်းခန့်အထိ ပေါ်ထွက်သွားတော့သည်။
“ဒါ... ဒါ... မဖြစ်နိုင်ဘူး...”
စီနီယာဝူထိုက်ယွဲ့သည် ပွင့်ထွက်သွားသော မိမိ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်မိရာ မျက်ဝန်းထဲ၌ နားမလည်နိုင်မှုများနှင့်အတူ နောင်တကြီးစွာ ရနေသည့် အရိပ်အယောင်များ ပေါ်ထွက်နေတော့သည်။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းအဆင့်မျှသာ ရှိသော လူငယ်လေးတစ်ဦးက သူ့ကို ဘာကြောင့် စက္ကန့်ပိုင်းအတွင်းမှာတင် သတ်ဖြတ်နိုင်ရသလဲဆိုသည်ကို လုံးဝ စဉ်းစား၍ မရနိုင်တော့ပေ။
သူ ရွှမ်ယွမ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။ သူ ပို၍ပင် နောင်တရမိသည်မှာ စောစောက ဘာကြောင့် တိုက်ရိုက် မထွက်ခွာခဲ့ရသလဲဆိုသည်ကိုပင် ဖြစ်၏။ အနည်းငယ်မျှသော သိက္ခာအတွက်နှင့် အသက်ကိုပါ စွန့်လွှတ်လိုက်ရသည်မဟုတ်ပါလော။
စောစောကအထိ ပြင်းထန်နေသော စစ်တလင်းမှာ ခဏမျှ ထူးဆန်းစွာ တိတ်ဆိတ်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ မှင်တက်မိသွားကြရသည်။ အထူးသဖြင့် ရွှမ်ယွမ်ဂိုဏ်း တပည့်များပင် ဖြစ်၏။
လော့ချန်က စီနီယာဖုကို အနိုင်ယူပြီး ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲတွင် ပါဝင်လာခဲ့သည်ဟူသော သတင်းကြောင့် ဖြစ်ပေါ်ခဲ့ရသည့် တုန်လှုပ်မှုမှာပင် မကုန်ဆုံးသေးမီ ယခုအခါ ရွှမ်ဟယ်စာရင်း အဆင့် ၆ ရှိ စီနီယာဝူထိုက်ယွဲ့ကိုပါ စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်လိုက်သည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရပေသည်။
စီနီယာဝူထိုက်ယွဲ့မှာ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲတွင် ပါဝင်နေသည်မှာ ကြာမြင့်လှပြီဖြစ်ရာ သူ၏အစွမ်းမှာ စီနီယာဖုနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့သော်လည်း လော့ချန်၏ရှေ့တွင်မူ အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်ခြင်းမရှိဘဲ တစ်ခဏချင်းမှာပင် အသတ်ခံလိုက်ရခြင်း ဖြစ်၏။
လော့ချန်သည် ဤအရာများကို ဂရုမစိုက်ဘဲ စီနီယာဝူထိုက်ယွဲ့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ပြီးနောက် စီနီယာလျိုခန်းကို လှမ်းကြည့်လျက် မေးမြန်းလိုက်သည်။
“ကျင်းမင် ဘယ်မှာလဲ...”
စီနီယာလျိုခန်းသည် တိတ်တဆိတ် ထွက်ပြေးရန် ပြင်နေသော်လည်း လော့ချန်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး ထွက်ပြေးရန် သတ္တိများပင် ပျောက်ကွယ်သွားတော့သည်။
“စီနီယာကျင်းမင်... စီနီယာကျင်းမင်က သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်းကို ရှာတွေ့တဲ့ တာဝန်ရဲ့ ဆုလာဘ်ကို ရရှိခဲ့ပြီးပြီလေ... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက နက်မှောင်တောင်တန်းကနေ ထွက်သွားပြီး စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့အတွက် တံခါးပိတ် ကျင့်ကြံနေပြီ...”
စီနီယာလျိုခန်းသည် တံတွေးကို အားယူကာ မြိုချလိုက်ပြီး တစ်ကိုယ်လုံး တုန်ရီလျက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“လော့ချန်... ငါ့ကို အသက်ချမ်းသာပေးပါ... ဒါတွေ အားလုံးက စီနီယာကျင်းမင်ရဲ့ အကြံအစည်တွေချည်းပဲ... သူက မင်းရဲ့ အသက်ကို ယူနိုင်တဲ့သူကို မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံး ပေးမယ်လို့ ကတိပေးထားတာ...”
“ဟင်... မြေကမ္ဘာဝိညာဉ်ဆေးလုံး တဲ့လား...”
“စတုတ္ထနယ်ပယ်ကို တက်လှမ်းနိုင်ဖို့ ကူညီပေးနိုင်တဲ့ ရတနာဆေးလုံးပဲ... စီနီယာကျင်းမင်က ဒီလောက်အဖိုးတန်တဲ့ ဆေးလုံးကို ဆုလာဘ်အဖြစ် ပေးမယ်လို့ ပြောတာလား... ရူးသွားတာလား မသိဘူး...”
“မဖြစ်နိုင်တာ...”
ဤစကားကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ဆူညံသွားတော့သည်။ အချို့လူများသည် လော့ချန်ကို မသိမသာ လှမ်းကြည့်လိုက်ကြသော်လည်း လောဘထက် အသိဉာဏ်က အနိုင်ရသွားခဲ့သည်။ စီနီယာဝူထိုက်ယွဲ့၏ အလောင်းမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ရာ ဆေးလုံးက မည်မျှပင် ကောင်းပါစေ၊ အသက်ရှင်မှသာ သုံးစွဲနိုင်မည်မဟုတ်ပါလော။
ဤသည်ကို မြင်ရသည့်အခါ စီနီယာလျိုခန်း၏ မျက်ဝန်းထဲ၌ စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားသည်။ သူ မြေကမ္ဘာဝိညာဉ်ဆေးလုံး အကြောင်းကို ပြောပြလိုက်ခြင်းမှာ ပထမအချက်အနေဖြင့် အပြစ်အားလုံးကို စီနီယာကျင်းမင် အပေါ်သို့ ပုံချရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာမူ လူအများ၏ လောဘကို နှိုးဆွကာ ထိုရှုပ်ထွေးမှုကြားမှ ထွက်ပြေးရန် အခွင့်အရေး ရှာလိုခြင်း ဖြစ်၏။ သို့သော်လည်း အခြေအနေမှာ သူ ထင်သလို ဖြစ်မလာခဲ့ပေ။
‘မြေကမ္ဘာဝိညာဉ်ဆေးလုံးလား...’
လော့ချန်၏ မျက်ဝန်းများသည် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ စီနီယာကျင်းမင်က မြေကမ္ဘာဝိညာဉ်ဆေးလုံးနှင့် သူ့ကို ဆုငွေထုတ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း ပြန်လည်စဉ်းစားကြည့်လျှင် ၎င်းမှာ မဖြစ်နိုင်သကဲ့သို့ ရှိနေသည်။
စတုတ္ထနယ်ပယ်သို့ ချိုးဖျက်နိုင်ရန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများအတွက် ကောင်းကင်ပေါ်သို့ တက်လှမ်းရသကဲ့သို့သော အခွင့်အရေးမျိုး ဖြစ်ပြီး ရှေ့တစ်လှမ်း တိုးလိုက်ရုံနှင့်ပင် ဂုဏ်သိက္ခာရှိလှသော မဟာသန်မာသူကြီး ဖြစ်လာမှာ ဖြစ်ပေသည်။ စီနီယာကျင်းမင်က သူ့ကို မည်မျှပင် မုန်းတီးပါစေ၊ ဤမျှ အဖိုးတန်လှသော ရတနာဆေးလုံးကို ဘာကြောင့် အလွယ်တကူ ဆုလာဘ်အဖြစ် ပေးရမည်နည်း။
လော့ချန်က အေးစက်စွာ ပြုံးလိုက်ပြီး စီနီယာလျိုခန်းထံသို့ တစ်လှမ်းချင်း တိုးကပ်သွားကာ ဆိုလိုက်သည်။
“အပိုတွေ ကြိုးစားမနေပါနဲ့တော့... ဒီနေ့တော့ မင်း သေရမှာ သေချာတယ်...”
လော့ချန်၏ ကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ စီနီယာလျိုခန်းသည် အသည်းအသန် အော်ဟစ်တော့သည်။
“လော့ချန်... ငါပြောတာတွေက အမှန်တွေချည်းပဲ... ငါက စီနီယာကျင်းမင် မြှောက်ပေးလို့ပါ... ငါ့ကို မသတ်ပါနဲ့... တောင်းပန်ပါတယ်... ငါ့ကို မသတ်ပါနဲ့...”
ရုတ်တရက် စီနီယာလျိုခန်း၏ မျက်ဝန်းများမှာ တုန်လှုပ်သွားခဲ့ပြီး လော့ချန်၏ နောက်ဘက်သို့ ညွှန်ပြကာ ဆိုလိုက်သည်။
“ဟိုမှာကြည့်... အဲဒါ စီနီယာကျိုးယွမ်ချင်းပဲ... စီနီယာကျင်းမင်ရဲ့ လူပဲလေ... အဲဒီ မြေကမ္ဘာဝိညာဉ်ဆေးလုံးက သူမရဲ့ ကိုယ်ပေါ်မှာ ရှိနေတာ...”
လော့ချန် လှည့်ကြည့်လိုက်သည်။ ဝေးကွာလှသော စစ်တလင်းအတွင်း၌ သွယ်လျလှသော လူရိပ်တစ်ခုသည် တောင်ထိပ်ပေါ်သို့ အရှိန်အဟုန်နှင့် ပြေးတက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူ၏အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး ခဏအတွင်းမှာပင် မိုင်ပေါင်းများစွာ ဝေးကွာသွားတော့သည်။
တစ်ချိန်တည်းမှာပင် စီနီယာလျိုခန်းသည် အခွင့်အရေးကို အရယူကာ တောင်အောက်ဘက်သို့ အစွမ်းကုန် ထွက်ပြေးတော့သည်။ တောင်အောက်သို့ ရောက်ရှိကာ မြူမှောင်များ ထူထပ်ပြီး မြေမျက်နှာသွင်ပြင် ရှုပ်ထွေးလှသော နက်မှောင်တောင်တန်းအတွင်းသို့ ရောက်ရှိသွားမည်ဆိုလျှင် သူ အသက်ရှင်နိုင်ရန် အခွင့်အရေး ရှိသေးသည်မဟုတ်ပါလော။ သေဘေးနှင့် ရင်ဆိုင်နေရသဖြင့် စီနီယာလျိုခန်းသည် သူ၏ တစ်သက်တာတွင် အမြန်ဆုံးသော အရှိန်ကို ထုတ်ဖော်လိုက်ရာ လျှပ်စီးတန်းတစ်ခုအလား မီတာရာချီအထိ တစ်ခဏချင်း ရောက်ရှိသွားတော့သည်။
သို့သော်လည်း လော့ချန်၏ ဓားချီများသည် သူ့ထက် ပို၍ မြန်ဆန်လှပေသည်။
“ဖူး... ဖူး... ဖူး...”
“ဒင်... ဒင်... ဒင်...”
ဓားချီအချို့မှာ ရှုပ်ထွေးစွာ ဝင်းလက်သွားခဲ့ပြီး ခန္ဓာကိုယ်ကို ထိုးဖောက်သွားသံများနှင့်အတူ သတ္တုချင်း ထိမှန်သံများသည်လည်း အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ မီတာထောင်ချီဝေးသော နေရာ၌ စီနီယာလျိုခန်း၏ ခန္ဓာကိုယ်မှလွဲ၍ ခြေလက်လေးဖက်စလုံးမှာ ဓားချီဖြင့် အဖြတ်ခံလိုက်ရပြီး လူပုံသဏ္ဌာန်ပင် မရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျကာ စူးရှလှသော အော်ဟစ်သံများ ထွက်ပေါ်နေတော့သည်။
‘မသေသေးဘူးလား...’
လော့ချန်သည် အရှိန်အဟုန်နှင့် ပြေးဝင်သွားရာ စီနီယာလျိုခန်း၏ စုတ်ပြဲနေသော အဝတ်အစားများအောက်တွင် အစိမ်းရင့်ရောင် ဝတ်စုံချပ်ဝတ်တစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုချပ်ဝတ်ပေါ်တွင် ရှင်းလင်းလှသော ဓားရာနှစ်ခု ထင်ကျန်နေတော့သည်။
“ကြယ်လေးပွင့် ချပ်ဝတ်ပဲ... ဒါကြောင့်ကိုး...”
စီနီယာလျိုခန်းသည် သူ၏ခန္ဓာကိုယ်ကို လူးလိမ့်နေခဲ့ပြီး လော့ချန်ကို စိုက်ကြည့်ကာ သွေးများအန်ရင်း ရက်စက်စွာ အော်ဟစ်လိုက်သည်။
“အား... လော့ချန်... မင်းလို အသုံးမကျတဲ့ကောင်က တကယ်ကို ရက်စက်တာပဲ... ဒါပေမဲ့ မင်းလည်း ကြာကြာ အသက်မရှင်ရပါဘူး... စီနီယာကျင်းမင်ကို ရန်စထားမှတော့ မင်းအတွက် သေလမ်းပဲ ရှိတော့တာ... သေလမ်းပဲ... ငါ အောက်ကနေ စောင့်နေမယ်...”
“ဖူး...”
ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး စီနီယာလျိုခန်း၏ ဦးခေါင်းမှာ တိုက်ရိုက်ပင် လွင့်စဉ်သွားတော့သည်။
“ဒါဆိုရင်တော့ မင်း တော်တော်လေး စောင့်ရမှာပဲ...”
လော့ချန်၏ အကြည့်မှာ တည်ငြိမ်နေခဲ့ပြီး ဓားကို အိမ်အတွင်းသို့ ပြန်ထည့်ကာ ရှေ့သို့ တိုးသွားပြီး စီနီယာလျိုခန်း၏ ဝိညာဉ်သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်သလို ထို ကြယ်လေးပွင့် ချပ်ဝတ်ကိုလည်း ချွတ်ယူလိုက်သည်။
‘စောစောက ဓားဆန္ဒကို မသုံးလိုက်လို့ တော်သေးတာပေါ့... မဟုတ်ရင်တော့ ဒီ ကြယ်လေးပွင့် ချပ်ဝတ်လည်း ပျက်စီးသွားမှာပဲ...’
လော့ချန်သည် ထိုချပ်ဝတ်ကို သေချာစွာ သိမ်းဆည်းလိုက်သည်။ အဘိုးဖြစ်သူသည် သွေးကြောနိုးကြားမှုနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ဤချပ်ဝတ်မှာ လက်ဆောင်အဖြစ် အလွန်ပင် သင့်တော်လှပေသည်။ အဘိုး၏ ခြုံငုံအင်အားကို ၃၀ ရာခိုင်နှုန်းထက်မနည်း မြှင့်တင်ပေးနိုင်မှာ သေချာလှပေသည်။
မိမိကိုယ်တိုင်အတွက်မူ သူ့၌ နဂါးကျင့်စဉ် အခြေခံရှိသလို ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကိုလည်း အောင်မြင်ထားသဖြင့် လက်ရှိ လော့ချန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ကြယ်လေးပွင့် ချပ်ဝတ်ထက်ပင် မနိမ့်ကျလှရာ ဝတ်ဆင်ရန် မလိုအပ်ပေ။
‘ရွှမ်ဟယ်စာရင်း အဆင့် ၈ ရှိတဲ့ စီနီယာကျိုးယွမ်ချင်း... ကြည့်ရတာ သူပြောတာတွေက အမှန်ပဲ ထင်တယ်...’
လော့ချန်သည် ကိုယ်ကို လှည့်လိုက်ပြီး စောစောက အမျိုးသမီး ထွက်ခွာသွားသည့် အရပ်မျက်နှာကို ကြည့်လျက် လျိုခန်း၏ စကားများကို ပြန်လည်စဉ်းစားမိရာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ကျင်းမင်က တကယ်ပဲ မြေကမ္ဘာဝိညာဉ်ဆေးလုံးနှင့် သူ့ကို ဆုငွေထုတ်ထားသည်ဆိုလျှင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိပေသည်။ ပထမအချက်မှာ ကျင်းမင်၏ မျက်လုံးထဲတွင် စတုတ္ထနယ်ပယ်သို့ ချိုးဖျက်ရန်ထက် သူ့အသက်ကို ယူရန်က ပို၍ အရေးကြီးနေခြင်း ဖြစ်၏။ သို့မဟုတ် ကျင်းမင်သည် စတုတ္ထနယ်ပယ်သို့ ချိုးဖျက်နိုင်ရန်အတွက် အပြည့်အဝ ယုံကြည်မှု ရှိနေပြီး မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံး ရှိခြင်း၊ မရှိခြင်းမှာ သူ့အတွက် အရေးမကြီးတော့ခြင်း ဖြစ်ပေသည်။ ပထမအချက်မှာမူ လုံးဝ မဖြစ်နိုင်သည်မှာ ထင်ရှားလှပေသည်။ ဒါဆိုလျှင် ဒုတိယအချက်သာ ဖြစ်ရပေမည်။
အခန်း ၆၃၄ ပြီးပါပြီ။
အခန်း ၆၃၅ - အဆိုးဆုံးအတွက် ပြင်ဆင်ခြင်း၊ ဖန်ယွဲ့ယန်၏ ဆုံးဖြတ်ချက်
“ကျင်းမင်က စတုတ္ထနယ်ပယ်ကို တက်လှမ်းနိုင်ဖို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား...”
လော့ချန် အနည်းငယ် အံ့အားသင့်သွားမိသည်။
သူ သိထားသလောက်ဆိုလျှင် အတွင်းစည်းတပည့်ခေါင်းဆောင်ဖြစ်သူ စီနီယာဖန်ယွဲ့ယန်ပင်လျှင် စတုတ္ထနယ်ပယ်သို့ ချိုးဖျက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အမြဲတမ်း ရှုံးနိမ့်ခဲ့ရသဖြင့် ယနေ့တိုင် မအောင်မြင်သေးပေ။
ကျင်းမင်ကမူ ဤမျှအထိ ယုံကြည်မှု အပြည့် ရှိနေသည်ပေါ့...။
မြေကမ္ဘာဝိညာဉ်ဆေးလုံးကိုပင် လက်ဆောင်အဖြစ် အလွယ်တကူ ပေးဝံ့သည်အထိပင်။
လော့ချန်သည် ဤကာလအတွင်း မိမိ၏ တိုးတက်မှုနှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းမျိုးဆက်သစ်များကြားတွင် ထိပ်ဆုံးမှ ရှိနေပြီဟု ယူဆထားခဲ့သော်လည်း ယခုသတင်းက သူ့ကို ပြန်လည်သတိဝင်စေကာ စိတ်ကို တင်းကျပ်သွားစေတော့သည်။
စတုတ္ထနယ်ပယ်သို့ ချိုးဖျက်ပြီးသည်နှင့်တစ်ပြိုင်နက် သိုင်းဝိညာဉ်မှတစ်ဆင့် ကောင်းကင်နှင့်မြေပြင်၏ အရှိန်အဝါများကို ဆက်သွယ်နိုင်ကာ မဟာသန်မာသူကြီး ဖြစ်လာမှာ ဖြစ်သလို၊ လက်တစ်ချက် လှုပ်ရှားလိုက်ရုံနှင့်ပင် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေနိုင်ပေသည်။ ထို့ပြင် သိုင်းဝိညာဉ်၏ ထူးခြားသော စွမ်းအားများကိုပါ နိုးကြားလာစေရန် အခွင့်အရေး ရရှိမှာ ဖြစ်၏။
ထိုသူတို့၏ အစွမ်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
လော့ချန်သည် လက်ရှိတွင် မည်သည့် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူကိုမဆို မကြောက်သော်လည်း စတုတ္ထနယ်ပယ်ရှိ မဟာသန်မာသူကြီး တစ်ဦးနှင့် တိုက်ခိုက်ရန်မှာမူ အနည်းငယ်မျှပင် ယုံကြည်မှု မရှိသေးပေ။
ကျင်းမင်သည် စတုတ္ထနယ်ပယ်သို့ အမှန်တကယ် ချိုးဖျက်နိုင်မည်လား၊ သူ အတွေးလွန်နေမိခြင်းလား ဆိုသည်မှာမူ လောလောဆယ်တွင် မသိနိုင်သေးပေ။
လော့ချန် လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အဆိုးဆုံးအတွက် ပြင်ဆင်ထားရန်သာ ဖြစ်ပေသည်။ ဤသို့ လုပ်ဆောင်ခြင်းကသာ သူ၏ အသက်ကို ပိုမိုရှည်ကြာစေမှာ ဖြစ်၏။
“ထားလိုက်ပါတော့... ငါ့ရဲ့ ဓားဆန္ဒက ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အဆင့်မြင့်ပိုင်းကို ချိုးဖျက်ဖို့ နီးကပ်နေပြီပဲ... ဒီစစ်တလင်းက ငါ့ရဲ့ ဓားဆန္ဒကို ထက်မြက်အောင် သွေးဖို့အတွက် အကောင်းဆုံးနေရာပဲ... ငါသာ စစ်မှန်တဲ့ ဓားဆန္ဒကို နားလည်သွားမယ်ဆိုရင်တော့ မဟာသန်မာသူကြီး ဖြစ်ရင်တောင် ငါ တိုက်ရဲတယ်...”
“ပြီးတော့ ဂိုဏ်းရဲ့အမှတ်တွေကိုလည်း များများရှာထားရမယ်... အဲဒီကျရင် ဝိညာဉ်ကျောက်တွေ ဝယ်ပြီး ကျင့်ကြံဆင့်ကို ချိုးဖျက်ရမှာပဲ...”
“အခွင့်အရေး ရမယ်ဆိုရင်တော့ အဲဒီ မြေကမ္ဘာဝိညာဉ်ဆေးလုံးကိုလည်း ငါ ရအောင် ယူရမယ်...”
လော့ချန်၏ အကြည့်မှာ ထက်မြက်လာခဲ့ပြီး သူ၏ကိုယ်ဟန်ကို လှုပ်ရှားလိုက်ရာ လမ်းတစ်လျှောက်၌ လျှပ်စီးဓားမှာ အိမ်အတွင်းမှ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်တွင် ဟိုဟိုဒီဒီ ခုတ်ပိုင်းနေတော့သည်။
“ဖူး... ဖူး... ဖူး... ဖူး...”
ရှေ့ရှိ သွေးဝိညာဉ်ဂိုဏ်းဝင် အချို့မှာ ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ရဘဲ ခန္ဓာကိုယ်များမှာ တိုက်ရိုက် ပြတ်တောက်သွားခဲ့ပြီး အသားစများနှင့် ကိုယ်တွင်းအင်္ဂါများမှာ မြေပြင်ပေါ်သို့ ပျံ့ကျဲသွားတော့သည်။
ထိုသူများ၏ ဝိညာဉ်သိုလှောင်လက်စွပ်နှင့် တံဆိပ်ပြားများကို သိမ်းဆည်းပြီးနောက် လော့ချန်သည် မရပ်မနားဘဲ မြူခိုးရိပ်ခြေလှမ်းနှင့် ကောင်းကင်ယံပိုင်းဖြတ်ခြင်းဓားသိုင်းကို ပေါင်းစပ်လှည့်ပတ်လိုက်ရာ သူ၏ကိုယ်ဟန်မှာ ဝေဝါးလှသော တိမ်တိုက်တစ်ခုအလား တောင်ထိပ်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ရောက်ရှိရာ အရပ်တိုင်းတွင် ဓားချီများဖြင့် သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ အသက်ကို အဆက်မပြတ် ခြွေယူနေတော့သည်။
“ဒီကောင်က သန်မာလွန်းတယ်...”
“သူက မိစ္ဆာကောင်ပဲ... မြန်မြန် ပြေးကြစမ်း...”
နောက်ဆုံးတွင် ရက်စက်လှသော သွေးဝိညာဉ်ဂိုဏ်းဝင်များပင်လျှင် ကြောက်ရွံ့တုန်လှုပ်ကုန်ကြတော့သည်။
သူတို့၏ မျက်လုံးထဲတွင် လော့ချန်သည် တားဆီးသူတိုင်းကို သတ်ဖြတ်နေသည့် သေမင်းတစ်ပါးအလား ဖြစ်နေခဲ့ပြီး ထိုသတ်ဖြတ်လိုသော အရှိန်အဝါကြောင့် ဝိညာဉ်များပင် တုန်ခါနေရသဖြင့် လော့ချန် အနားသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ငှက်ကလေးများအလား အရပ်မျက်နှာအနှံ့သို့ အသည်းအသန် ထွက်ပြေးကြတော့သည်။
တစ်ချိန်တည်းမှာပင် တောင်ထိပ်၏ အထက်ပိုင်း၌ စီနီယာကျိုးယွမ်ချင်းသည် သူမ၏ အရှိန်ကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ပြီး ရှေ့တန်းစစ်မျက်နှာပြင်ဆီသို့ ပြေးတက်နေခဲ့ရာ နဖူးမှ ထွက်လာသော ချွေးစေးများကြောင့် ဆံစများပင် စိုရွှဲနေတော့သည်။
‘သူက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ သန်မာလာရတာလဲ...’
စောစောက လော့ချန်သည် စီနီယာဝူထိုက်ယွဲ့ကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်လိုက်သည်ကို ပြန်လည် မြင်ယောင်မိသည့်အခါ စီနီယာကျိုးယွမ်ချင်းသည် တစ်ကိုယ်လုံး အေးစက်သွားခဲ့ပြီး ချွေးစေးများ ထွက်လာတော့သည်။
သူမသာ အဝေး၌ ရှိမနေခဲ့လျှင် သို့မဟုတ် တုံ့ပြန်မှု မမြန်ခဲ့လျှင် စီနီယာဝူထိုက်ယွဲ့၏ လမ်းစဉ်အတိုင်း သေရမှာ သေချာလှပေသည်။
‘လျိုခန်း ဆိုတဲ့ကောင်ကတော့... သူ သေရင်သေပါစေ၊ ငါ့ကိုပါ အဖော်ခေါ်ချင်နေတာပဲ...’
လျိုခန်းကို သတိရသည့်အခါ စီနီယာကျိုးယွမ်ချင်းသည် ဒေါသထွက်လွန်းသဖြင့် ထိုသူကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်စိတ် ပေါက်နေတော့သည်။ သူမသည် စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားလိုက်ပြီးနောက် နည်းလမ်းရှာတော့သည်။
ကျင်းမင် မှာကြားထားသည့် ကိစ္စကို ဤအတိုင်း လက်လျှော့လိုက်၍ မရပေ။
သို့သော်လည်း လျိုခန်းနှင့် ဝူထိုက်ယွဲ့တို့မှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ လက်ရှိ ဤနေရာရှိ မင်းသားတန်း သန်မာသူများထဲတွင် သူမနှင့် ရွှမ်ဟယ်စာရင်း အဆင့် ၄ ရှိ စီနီယာလင်းချီချန်သာ ကျန်ရှိတော့သည်။
လော့ချန်သည် စီနီယာဝူထိုက်ယွဲ့ကိုပင် လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့မှတော့ စီနီယာလင်းချီချန်ပင်လျှင် ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ဟု စီနီယာကျိုးယွမ်ချင်း ခန့်မှန်းလိုက်သည်။
“ကြည့်ရတာ စီနီယာဖန်ယွဲ့ယန် ကိုပဲ အကူအညီ တောင်းရတော့မယ် ထင်တယ်...”
စီနီယာကျိုးယွမ်ချင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ထဲမှပင် ဆုံးဖြတ်ချက် ချလိုက်သည်။
စီနီယာဖန်ယွဲ့ယန်သည် စတုတ္ထနယ်ပယ် ချိုးဖျက်မှုကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သော်လည်း ကောင်းကင်နှင့်မြေပြင်၏ အရှိန်အဝါများကို နားလည်ရန် အစပျိုးနေပြီဖြစ်ရာ သူ၏အစွမ်းမှာ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးကြားတွင် အထီးကျန်စွာပင် အစွမ်းထက်ဆုံး ဖြစ်ပေသည်။ သူ ကိုယ်တိုင် လက်လှမ်းမည်ဆိုပါက ဤကိစ္စမှာ သေချာပေါက် အောင်မြင်မှာ ဖြစ်ပေသည်။
“ဝှစ်...”
စီနီယာကျိုးယွမ်ချင်းသည် အရှိန်ကို မြှင့်တင်လိုက်ပြီး တောင်ထိပ်ပေါ်သို့ ပြေးတက်သွားတော့သည်။
စစ်မျက်နှာပြင်၏ ရှေ့တန်းတွင်...
စီနီယာဖန်ယွဲ့ယန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦးနှင့် တိုက်ခိုက်နေသည်။
သူ၏ လက်သီးချက်တိုင်းတွင် ပြင်းထန်လှသော မီးလျှံများ ပါဝင်နေခဲ့ပြီး အင်အားမှာလည်း သာမန်မဟုတ်ပေ။ လူနည်းစုဖြစ်သော်လည်း သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦးကို အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားအောင် ဖိနှိပ်ထားနိုင်ခဲ့ပြီး ထိုသူများမှာလည်း သွေးများ အဆက်မပြတ် အန်နေကြရသည်။
စီနီယာဖန်ယွဲ့ယန်၏ ဘေးနားတွင်မူ လော့ချန်နှင့် အကြိမ်အနည်းငယ် တွေ့ဖူးသည့် အဓိကတပည့် စီနီယာကျူးလင်းမေ ရှိနေပြီး သူမသည် လခြမ်းပုံသဏ္ဌာန် ဓားကောက်နှစ်စင်းကို ကိုင်ဆောင်လျက် အဆက်မပြတ် ခုတ်ပိုင်းနေရာ ဓားချီများမှာ နေရာအနှံ့ ပျံ့နှံ့နေသဖြင့် မီတာဆယ်ဂဏန်းအတွင်းရှိ သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ အနားသို့ပင် မကပ်နိုင်ကြပေ။
“ဘုန်း...”
ရုတ်တရက် လူရိပ်တစ်ခုမှာ တိတ်တဆိတ် ပေါ်ထွက်လာခဲ့ပြီး စီနီယာဖန်ယွဲ့ယန်ကို ဝိုင်းတိုက်နေသော သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦး၏ ဦးခေါင်းကို လက်ဖဝါးဖြင့် ရိုက်ခွဲလိုက်သည်။
ဤရုတ်တရက် အပြောင်းအလဲကြောင့် ကျန်ရှိသော လူနှစ်ဦးမှာ ထိတ်လန့်သွားကြပြီး တုံ့ပြန်ရန် ခက်ခဲသွားတော့သည်။
“သေစမ်း...”
စီနီယာဖန်ယွဲ့ယန်သည် ထိုသူနှစ်ဦးကို အခွင့်အရေး မပေးတော့ဘဲ လက်သီးချီများကို ပေါက်ကွဲထွက်စေလိုက်ရာ ထိုသူနှစ်ဦးမှာ လေထဲ၌တင် တစ်စစီ ပေါက်ကွဲသွားတော့သည်။
ပျံ့ကျဲနေသော သွေးမိုးများကြားမှ လမ်းလျှောက်လာခဲ့ပြီးနောက် စီနီယာဖန်ယွဲ့ယန်သည် ရောက်လာသူကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
“ညီမကျိုး... မင်း ဘာလုပ်နေတာလဲ... ငါက မင်းရဲ့ အကူအညီ မလိုဘူး...”
ကျိုးယွမ်ချင်းကမူ ဂရုမစိုက်ဘဲ ဆွဲဆောင်မှုရှိစွာ ပြုံးလျက် ဆိုလိုက်သည်။
“ရှင်က ကျွန်မရဲ့ အကူအညီ မလိုပေမဲ့ ကျွန်မမှာတော့ ရှင့်ဆီက အကူအညီ တောင်းစရာ ကိစ္စတစ်ခု ရှိလို့ပါ...”
“အိုး...”
စီနီယာဖန်ယွဲ့ယန် အနည်းငယ် အံ့အားသင့်သွားရသည်။
“မင်းကိုယ်တိုင် လာပြီး အကူအညီ တောင်းတယ်ဆိုတော့ သာမန်ကိစ္စတော့ မဟုတ်လောက်ဘူး ထင်တယ်...”
“တခြားသူတွေအတွက်တော့ ကိစ္စကြီးပေမဲ့ ရှင့်အတွက်ကတော့ လက်ဖျားနဲ့ ခတ်လိုက်ရုံပါပဲ...”
ကျိုးယွမ်ချင်းသည် သူ၏ဆံစများကို သပ်လိုက်ရင်း ဆိုလိုက်သည်။
“ကျွန်မတို့ မင်းသားတန်း အတွက် လူတစ်ယောက်ကို သတ်ပေးစေချင်လို့ပါ...”
“ဘယ်သူလဲ...”
“လော့ချန်... သူ မကြာခင် ဒီကို ရောက်လာတော့မှာ...”
“သူ နောက်တစ်ခါ ထပ်ပါလာပြန်ပြီလား...”
စီနီယာဖန်ယွဲ့ယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ မကြာသေးမီက ဤနာမည်ကို သူ အကြိမ်ကြိမ် ကြားနေရသောကြောင့် ဖြစ်၏။
ကျိုးယွမ်ချင်းကို စိုက်ကြည့်လျက် ဖန်ယွဲ့ယန်၏ မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်သွားသည်။
“မင်းတို့ မင်းသားတန်းမှာ သန်မာသူတွေ အများကြီး ရှိတာပဲ... ကျင်းမင် မရှိရင်တောင် ငါ့ရဲ့ အကူအညီ မလိုလောက်ပါဘူး... ဒါမှမဟုတ်... မင်းတို့ ရှုံးနိမ့်သွားလို့လား...”
ကျိုးယွမ်ချင်းသည် ဖုံးကွယ်မထားဘဲ ဝန်ခံလိုက်သည်။
“ဟုတ်တယ်... စောစောက လျိုခန်းနဲ့ ဝူထိုက်ယွဲ့တို့ နှစ်ယောက်လုံး သူ့ကို သွားသတ်ကြတာ... နှမြောစရာ ကောင်းတာကတော့ နှစ်ယောက်လုံး လော့ချန်ရဲ့ ဓားအောက်မှာ သေသွားကြပြီ...”
“ဘာ... လော့ချန်က လျိုခန်းနဲ့ ဝူထိုက်ယွဲ့ကို သတ်လိုက်တာ ဟုတ်လား...”
စကားပြောလိုက်သူမှာ ဖန်ယွဲ့ယန် မဟုတ်ဘဲ ကျူးလင်းမေ ဖြစ်၏။ သူမသည် လော့ချန်၏ နာမည်ကို ကြားသဖြင့် စပ်စုချင်နေခဲ့သော်လည်း ရောက်ရောက်ချင်းမှာပင် ဤမျှ တုန်လှုပ်စရာကောင်းသော သတင်းကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားရခြင်း ဖြစ်ပေသည်။
ကျိုးယွမ်ချင်းက တည်ကြည်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မတို့အားလုံး လော့ချန်ကို အထင်သေးခဲ့ကြတာပဲ... သူရဲ့ အစွမ်းက သာမန်မဟုတ်ဘူး... လျိုခန်းနဲ့ ဝူထိုက်ယွဲ့တို့က သူ့ရှေ့မှာ အနည်းငယ်မှ ပြန်မခုခံနိုင်ဘဲ နှစ်ကွက်၊ သုံးကွက်အတွင်းမှာတင် အသတ်ခံလိုက်ရတာ... ကျွန်မ ခန့်မှန်းရရင်တော့ သူ့ရဲ့ အစွမ်းအစစ်အမှန်က ရွှမ်ဟယ်စာရင်း ရဲ့ ထိပ်ဆုံး သုံးယောက်ထဲမှာ ပါဝင်နိုင်လိမ့်မယ်...”
“ဒီလောက်တောင် သန်မာတာလား...”
ဖန်ယွဲ့ယန် အလွန်ပင် အံ့အားသင့်သွားရသည်။
အတွင်းစည်းတပည့်ခေါင်းဆောင် တစ်ယောက်အနေဖြင့် ရွှမ်ဟယ်စာရင်း၏ ထိပ်ဆုံး သုံးယောက်နေရာကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည်မှာ မည်မျှအထိ အဓိပ္ပာယ်ရှိသလဲဆိုသည်ကို သူ အသေအချာ သိရှိပေသည်။
လျိုခန်းနှင့် ဝူထိုက်ယွဲ့တို့လို လူမျိုးများမှာ ထိုသူနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
ဤ လော့ချန်က အတွင်းစည်းကို ရောက်တာ ဘယ်လောက်တောင် ကြာသေးလို့လဲ၊ သူရဲ့ အစွမ်းက ဒီလောက်အထိ ရောက်သွားပြီလား...။
စီနီယာဖန်ယွဲ့ယန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လေးနက်စွာ ဆိုလိုက်သည်။
“ငါက ဘာလို့ မင်းကို ကူညီရမှာလဲ...”
ကျိုးယွမ်ချင်းသည် ပြုံးလျက် ဆိုလိုက်သည်။
“ရှင်လည်း ရှင့်ရဲ့ အတွင်းစည်းတပည့်ခေါင်းဆောင် နေရာကို တစ်စုံတစ်ယောက်က ခြိမ်းခြောက်လာမှာကို မလိုလားဘူး မဟုတ်လား... လော့ချန်က ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အဆင့်ကို နားလည်ထားတာဆိုတော့ ဆက်ပြီး ရှင်သန်ခွင့်ပေးထားမယ်ဆိုရင် အဲဒီလို အလားအလာမျိုး ရှိမလာဘူးလို့ မပြောနိုင်ဘူးလေ...”
ဖန်ယွဲ့ယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆိုလိုက်သည်။
“ဒါက ငါ့ကိစ္စပဲ...”
စီနီယာကျိုးယွမ်ချင်းသည် အပိုစကားများ ပြောမနေတော့ဘဲ မြေကမ္ဘာဝိညာဉ်ဆေးလုံးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
“ဒါက မြေကမ္ဘာဝိညာဉ်ဆေးလုံးပဲ... ရှင့်ကို စတုတ္ထနယ်ပယ် ချိုးဖျက်နိုင်ဖို့ ကူညီပေးလိမ့်မယ်... လော့ချန်ကို သတ်ပေးမယ်ဆိုရင် ဒါက ရှင့်အတွက်ပဲ...”
“ဝှစ်...”
ဖန်ယွဲ့ယန်၏ အကြည့်မှာ မြေကမ္ဘာဝိညာဉ်ဆေးလုံးအပေါ်သို့ ချက်ချင်း ကျရောက်သွားခဲ့ပြီး မျက်ဝန်းများမှာလည်း တောက်ပလာတော့သည်။ သူသည် စတုတ္ထနယ်ပယ်သို့ ချိုးဖျက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း နောက်ဆုံးအဆင့်တွင် အမြဲတမ်း ရှုံးနိမ့်ခဲ့ရသည်။ အကယ်၍သာ ဤဆေးလုံး၏ အကူအညီ ရှိမည်ဆိုပါက စတုတ္ထနယ်ပယ်သို့ ချိုးဖျက်နိုင်မည့် အခွင့်အရေးမှာ ၉၉ ရာခိုင်နှုန်းအထိ ရှိမှာ ဖြစ်ပေသည်။
သူသည် အကြည့်ကို လွှဲလိုက်ပြီး မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“ကျင်းမင်ကလည်း စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားနေတာပဲလေ... ဒီတစ်လှမ်းကိုသာ လှမ်းနိုင်မယ်ဆိုရင် သူက မဟာသန်မာသူကြီး ဖြစ်လာမှာပဲ... သူက တကယ်ပဲ လော့ချန်ရဲ့ အသက်အတွက်နဲ့ ဒီဆေးလုံးကို စွန့်လွှတ်ဝံ့တာလား...”
“ဒါကိုတော့ ရှင် စိုးရိမ်စရာ မလိုပါဘူး... ဒီဆေးလုံးက အစစ်အမှန်ဖြစ်ကြောင်း ကျွန်မ အာမခံပါတယ်...”
စီနီယာကျိုးယွမ်ချင်းသည် သူမ၏ မေးစေ့ကို အနည်းငယ် မြှင့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
“ဒီဆေးလုံးနဲ့ လော့ချန်ရဲ့ အသက်ကို လဲလှယ်တာက တကယ်ကို တန်ဖိုးရှိပါတယ်မဟုတ်လား...”
အခန်း ၆၃၅ ပြီးပါပြီ။
အခန်း ၆၃၆ - နင့်အတွက် လော့ချန်ရဲ့ ဦးခေါင်းကို ငါ ယူပေးမယ်
ကျိုးယွမ်ချင်းသည် ဘာမှမပြောဘဲ ပြုံးလျက်သာ ဖန်ယွဲ့ယန်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး အခြေအနေအရပ်ရပ်ကို သူမ လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်သည့် အမူအရာမျိုး ရှိနေတော့သည်။
လော့ချန် တစ်ယောက်တည်းကိုသာ သတ်ရုံနှင့် တန်ဖိုးဖြတ်မရနိုင်သည့် မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံး ရရှိမှာ ဖြစ်ပေသည်။ ဤကဲ့သို့သော အပေးအယူမျိုးကို မည်သည့် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူမဆို ငြင်းပယ်နိုင်လိမ့်မည်မဟုတ်ဟု သူမ ယုံကြည်နေသည်။
စီနီယာဖန်ယွဲ့ယန်မှာလည်း ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။
ကျူးလင်းမေသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး စီနီယာဖန်ယွဲ့ယန်ကို ကြည့်ကာ ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။
ဖန်ယွဲ့ယန်သည် ခဏမျှ စဉ်းစားနေပြီးနောက် မြေကမ္ဘာဝိညာဉ်ဆေးလုံးပေါ်မှ သူ၏အကြည့်ကို ရုတ်တရက် ရုပ်သိမ်းလိုက်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
“တောင်းပန်ပါတယ်... ငါ အဲဒါကို လက်မခံနိုင်ဘူး...”
ဤစကားကြောင့် စီနီယာကျိုးယွမ်ချင်း ခေတ္တမျှ မှင်တက်မိသွားခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဘာလို့လဲ... ဒီကိစ္စက ရှင့်အတွက် အကျိုးအမြတ်ပဲ ရှိတာလေ... လော့ချန်ကို သတ်ဖို့ဆိုတာ ရှင့်အတွက်က လက်ဖျားနဲ့ ခတ်လိုက်ရုံပါပဲ... ရှင်က မြေကမ္ဘာဝိညာဉ်ဆေးလုံးကို မလိုချင်ဘူးလား... စတုတ္ထနယ်ပယ်ကို မတက်လှမ်းချင်ဘူးလား...”
“မင်း မှားနေပြီ... ငါက စတုတ္ထနယ်ပယ်ကို တက်လှမ်းချင်လို့ကိုပဲ ဒီကိစ္စကို ငြင်းလိုက်တာ...”
စီနီယာဖန်ယွဲ့ယန်သည် ခေါင်းခါယမ်းလိုက်ပြီး မြေကမ္ဘာဝိညာဉ်ဆေးလုံးကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
“လွန်ခဲ့တဲ့ လအနည်းငယ်ကသာဆိုရင် ငါ မင်းကို သေချာပေါက် သဘောတူမိမှာပဲ... ဒါပေမဲ့ အခုတော့...”
စီနီယာကျိုးယွမ်ချင်းသည် ငြင်းပယ်ခံရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့သဖြင့် အသည်းအသန် မေးမြန်းလိုက်သည်။
“အဲဒါ ဘာလို့လဲ... ဒါမှမဟုတ် ရှင်ကိုယ်တိုင်လည်း လော့ချန်ကို အနိုင်ယူဖို့ ယုံကြည်မှု မရှိလို့လား...”
စီနီယာဖန်ယွဲ့ယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏အကြည့်မှာ ဖိအားများ ပါဝင်လာတော့သည်။
“ငါ မင်းကို ဘာမှ ရှင်းပြနေစရာ မလိုဘူး... မင်း သွားတော့...”
“ရှင်... ရှင် နောင်တရရလိမ့်မယ်...”
စီနီယာကျိုးယွမ်ချင်းသည် ကိစ္စမှာ လုံးဝ ပြောင်းလဲနိုင်စွမ်း မရှိတော့သည်ကို မြင်ရသည့်အခါ ဒေါသတကြီးနှင့် ထွက်ခွာသွားတော့သည်။
စီနီယာကျူးလင်းမေက စီနီယာဖန်ယွဲ့ယန်ကို ကြည့်ကာ ဆိုလိုက်သည်။
“ရှင် သူ့ကို သဘောတူလိုက်မယ်လို့ ကျွန်မ ထင်နေတာ...”
စီနီယာဖန်ယွဲ့ယန်က ပြုံးလျက် ဆိုလိုက်သည်။
“အရင် နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ငါ့ဘာသာငါ စတုတ္ထနယ်ပယ်ကို တက်လှမ်းနိုင်ဖို့ ယုံကြည်မှု ရှိနေပြီလေ... ဘာလို့ ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ ဝင်ပါနေရမှာလဲ... ပြီးတော့ ကျင်းမင် က စိတ်သဘောထား သေးသိမ်တဲ့သူပဲ... ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ဘာမဆို လုပ်မယ့်သူမျိုးလေ... ငါ သူနဲ့ အများကြီး ပတ်သက်မှု မရှိချင်ဘူး... ဒါနဲ့...”
“မင်းလည်း ငါ ဒီကိစ္စကို သဘောမတူစေချင်ဘူး မဟုတ်လား...”
ဖန်ယွဲ့ယန်သည် ကျူးလင်းမေကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ငါ တကယ်ကို သိချင်မိတယ်... မင်းနဲ့ လော့ချန်နဲ့ကြားမှာ ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးတဲ့ ပတ်သက်မှု ရှိသွားတာလဲ...”
ကျူးလင်းမေက ရယ်မောလိုက်သည်။
“ကျွန်မ သူ့နဲ့ အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာပါ... ဒါပေမဲ့ သူက လူကောင်းတစ်ယောက်လို့ ကျွန်မ ခံစားရတယ်... ပြီးတော့ သူက သာမန်မဟုတ်ဘူးလို့လည်း ကျွန်မ ထင်တယ်... ရှင် မသိသေးတာ တစ်ခုရှိသေးတယ်... ဆေးရေကန်ကြီး အကန့်အသတ်မရှိ ပိတ်လိုက်ရတာက သူ့နဲ့ တိုက်ရိုက် ပတ်သက်နေတာလေ...”
“အိုး... အကြီးအကဲလီက ဆေးရေကန်ကို ပိတ်လိုက်တာ လော့ချန်နဲ့ ဆိုင်တယ် ဟုတ်လား...”
ဖန်ယွဲ့ယန် အလွန်ပင် အံ့အားသင့်သွားရသည်။
ရွှမ်ယွမ်ဂိုဏ်း၏ ကျင့်ကြံခြင်းနယ်မြေဖြစ်သော ဆေးရေကန်ကြီး ဘာကြောင့် ရုတ်တရက် ပိတ်သွားရသလဲဆိုသည်ကို သူ အမြဲတမ်း သိချင်နေခဲ့ခြင်း ဖြစ်၏။ ဤကိစ္စမှာ လော့ချန်နှင့် ပတ်သက်နေသည်ပေါ့။
ကျူးလင်းမေက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီတုန်းက ကျွန်မ လော့ချန်နဲ့အတူ ဆေးရေကန်ထဲမှာ ကျင့်ကြံခဲ့တာ... လော့ချန်က သုံးရက်တိတိ တောင့်ခံနိုင်ခဲ့တယ်... သူ ထွက်သွားပြီးနောက်မှာ စီနီယာအကြီးအကဲလီ က ဆေးရေကန်ကို အကန့်အသတ်မရှိ ပိတ်လိုက်တာပဲ... အဲဒီအချိန်ကစပြီး လော့ချန်ရဲ့ အစွမ်းက တစ်ဟုန်ထိုး တိုးတက်လာခဲ့တာ... ဓားဆန္ဒဆိုရင်လည်း တကယ့်ကို တစ်ရက်ထက်တစ်ရက် သန်မာလာခဲ့ပြီး အခုဆို ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး စာရင်းဝင်တောင် ဖြစ်နေပြီလေ... ဒါတွေ အားလုံးက အဲဒီအချက်ကို သက်သေပြနေတာပဲ...”
“ဒါမျိုးတွေလည်း ရှိသေးတာပဲလား...”
ဖန်ယွဲ့ယန်သည် ခဏမျှ စဉ်းစားနေပြီးနောက် ရုတ်တရက် သတိဝင်လာကာ ပြုံးလျက် ဆိုလိုက်သည်။
“ဒီလိုဆိုတော့လည်း မင်းက လော့ချန်က တစ်စုံတစ်ခုကို ဖုံးကွယ်ထားသေးတယ်လို့ ယူဆပြီး ငါက သူ့ကို မယှဉ်နိုင်မှာ စိုးရိမ်နေတာပေါ့...”
စီနီယာကျူးလင်းမေက ဘာမှပြန်မပြောသော်လည်း ၎င်းကို ဝန်ခံလိုက်ခြင်း ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ် လော့ချန်၏ တိုးတက်မှုမှာ မြန်ဆန်လွန်းလှပေသည်။ စီနီယာဖုကို အနိုင်ယူပြီးနောက်တွင် လျိုခန်းနှင့် ဝူထိုက်ယွဲ့တို့ကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်လိုက်သည်ဟူသော သတင်းက ရောက်ရှိလာခဲ့ပြန်သည်။ ဒါက သူ၏ အကန့်အသတ်လို့ ဘယ်သူက အာမခံနိုင်မည်နည်း။
အဆိုးဆုံးအနေဖြင့် စဉ်းစားမည်ဆိုလျှင်လည်း ထိုသူနှစ်ဦးစလုံးမှာ သူမနှင့် ရင်းနှီးကြသူများ ဖြစ်သဖြင့် ထိုသူနှစ်ဦး အသက်နှင့်ရင်း၍ တိုက်ခိုက်ကြမှာကို သူမ မမြင်လိုပေ။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ...”
စီနီယာဖန်ယွဲ့ယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး မျက်ဝန်းထဲ၌ လျှပ်စီးတန်းများအလား အလင်းတန်းများ ဝင်းလက်သွားတော့သည်။
“ဒီတိုက်ပွဲကြီး ပြီးသွားရင်တော့ ငါ သူ့နဲ့ တစ်ခါလောက် ယှဉ်ပြိုင်ကြည့်ရမယ်... သူ့ရဲ့ အကန့်အသတ်က ဘယ်မှာလဲဆိုတာကို ငါ သိချင်မိတယ်...”
...
“လက်ဆောင်လာပေးတဲ့ မြေကမ္ဘာဝိညာဉ်ဆေးလုံးကိုတောင် မလိုချင်ဘူးဆိုတော့ စတုတ္ထနယ်ပယ်ကို မတက်လှမ်းနိုင်တာ မင်းနဲ့ ထိုက်တန်ပါတယ်...”
စီနီယာဖန်ယွဲ့ယန်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသဖြင့် စီနီယာကျိုးယွမ်ချင်း၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေတော့သည်။ သူမသည် မျက်စိမရှိသော သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြီး စစ်တလင်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ရုတ်တရက် မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြုံးလိုက်မိသည်။
“ဟွန့်... မြေကမ္ဘာဝိညာဉ်ဆေးလုံး ရှိနေမှတော့ လော့ချန်ကို မသတ်နိုင်ဘူးဆိုတာ မရှိပါဘူး...”
ထိုနေရာတွင် အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ရှိနေပြီး ထိုသူမ၏ အငွေ့အသက်မှာ တည်ငြိမ်အေးဆေးလှကာ ဓားသိုင်းဆိုလျှင်လည်း လွင့်ပျံနေသော တိမ်တိုက်များအလား ရှိနေသဖြင့် အကွက်တိုင်းမှာ ထူးခြားသော အငွေ့အသက်များ ကိန်းအောင်းနေတော့သည်။
သို့သော်လည်း ထိုနူးညံ့မှုကြားတွင် သတ်ဖြတ်လိုသော အာရုံများ ကိန်းအောင်းနေခဲ့ပြီး အနားသို့ ချဉ်းကပ်လာသော သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ရဘဲ ခေါင်းနှင့်ကိုယ် အိုးစားကွဲကုန်ကြသဖြင့် ဘယ်လိုသေသွားရသလဲဆိုသည်ကိုပင် မသိလိုက်ကြပေ။
ထို အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ လော့ရှားဂိုဏ်း၏ အတွင်းစည်းတပည့်ခေါင်းဆောင် စီနီယာယူလန်ရှင်းပင် ဖြစ်၏။
“ဝှစ်...”
စီနီယာကျိုးယွမ်ချင်းသည် ထိုသူမထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
“နင်က ငါ့ကို လော့ချန်ကို သတ်ပေးဖို့ အကူအညီ တောင်းနေတာလား...”
ကျိုးယွမ်ချင်း လာရခြင်းအကြောင်းအရင်းကို သိရှိလိုက်ရသည့်အခါ စီနီယာယူလန်ရှင်း ခေတ္တမျှ မှင်တက်မိသွားခဲ့ပြီး သူမ၏အကြည့်မှာ ထူးဆန်းသွားတော့သည်။
“ဟုတ်တယ်...”
စီနီယာကျိုးယွမ်ချင်းက ခေါင်းညိတ်ပြလိုက်ပြီး ခရမ်းရောင် ကျောက်စိမ်းဘူးကို ထုတ်ယူကာ ဆိုလိုက်သည်။
“ဒါက မြေကမ္ဘာဝိညာဉ်ဆေးလုံး ပဲ... နင့်ကို စတုတ္ထနယ်ပယ် ချိုးဖျက်နိုင်ဖို့ ကူညီပေးလိမ့်မယ်... နင်သာ လော့ချန်ရဲ့ ဦးခေါင်းကို ယူပေးနိုင်မယ်ဆိုရင် ဒီဆေးလုံးက နင့်အတွက် ဆုလာဘ်ပဲ...”
“မြေကမ္ဘာဝိညာဉ်ဆေးလုံး ဆိုတာက တကယ်ကို ရှားပါးတဲ့ ရတနာဆေးလုံးပဲနော်...”
စီနီယာယူလန်ရှင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။
ဤသည်ကို ကြားရသည့်အခါ စီနီယာကျိုးယွမ်ချင်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
လူတိုင်းက စီနီယာဖန်ယွဲ့ယန် လိုမျိုး မိုက်မဲနေကြလိမ့်မည်မဟုတ်ဟု သူမ ယုံကြည်နေသည်။ ဤမျှ အဖိုးတန်လှသော ရတနာဆေးလုံးကို မျက်စိရှေ့တွင် မြင်တွေ့နေရပါလျက်နှင့် မယူဘဲ နေကြလိမ့်မည်မဟုတ်ပေ။
“နှမြောစရာကောင်းတာကတော့ ငါ အဲဒါကို မလိုချင်ဘူး...”
စီနီယာယူလန်ရှင်းက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။
“ဘာ...”
စီနီယာကျိုးယွမ်ချင်း တစ်ခဏချင်းမှာတင် မှင်တက်မိသွားခဲ့ပြီး စီနီယာယူလန်ရှင်း၏ ဆိုလိုရင်းကို နားမလည်နိုင်ဘဲ ဖြစ်နေတော့သည်။
“နင်က မြေကမ္ဘာဝိညာဉ်ဆေးလုံးကို မလိုချင်ဘူးလား...”
“ငါ့ရဲ့ ဆိုလိုရင်းကို ငါ ရှင်းရှင်းလင်းလင်း ပြောပြီးပြီထင်တယ်...”
စီနီယာယူလန်ရှင်း၏ လေသံမှာ အေးစက်သွားခဲ့ပြီး ဆိုလိုက်သည်။
“ကျိုးယွမ်ချင်း... လော့ချန်က နင်နဲ့ ဂိုဏ်းတူတပည့်ပဲလေ... နင်က ဘာလို့ ဒီလောက်အထိ ရက်စက်တဲ့ လက်ဦးမှုကို ယူနေရတာလဲ... အခု ဂိုဏ်းကြီးသုံးဂိုဏ်းလုံးက သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ဝိုင်းတိုက်နေကြတာ... ငါတို့ရဲ့ ရန်သူက သွေးဝိညာဉ်ဂိုဏ်းဝင်တွေ ဖြစ်ရမှာလေ... ဒီမှာတင် အချင်းချင်း သတ်ဖြတ်နေကြပြီး သွေးဝိညာဉ်ဂိုဏ်း မိစ္ဆာတွေကို အမြတ်ထုတ်ခွင့် ပေးနေကြမှာလား...”
စီနီယာယူလန်ရှင်း၏ ဆုံးမစကားကြောင့် ကျိုးယွမ်ချင်းမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရပြီး ဆိုလိုက်သည်။
“ယူလန်ရှင်း... နင် သဘောမတူရင်လည်း မတူဘူးပေါ့... ဘာလို့ ငါ့ကို လာပြီး ဆုံးမနေရတာလဲ... သွားပြီ...”
“လော့ချန်ဟာ ရွှမ်ယွမ်ဂိုဏ်းမှာ မင်းသားတန်းက လူတွေနဲ့ ရေနဲ့မီးလို ဖြစ်နေတယ်လို့ ကြားဖူးတယ်... အခုကြည့်ရတာ အခြေအနေက သတင်းတွေထက်တောင် ပိုပြီး ဆိုးနေပုံရတယ်... သူ့အသက်အတွက် မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံးနဲ့တောင် ဆုငွေထုတ်ထားတယ်ဆိုတော့...”
လူရိပ်တစ်ခု လမ်းလျှောက်လာခဲ့ရာ ၎င်းမှာ လော့ရှားဂိုဏ်း၏ ဒုတိယတပည့် စီနီယာကျွမ်းရွှယ်ချင်းပင် ဖြစ်၏။
“ဒါက အဋ္ဌမမင်းသား ကျင်းမင် ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်...”
စီနီယာယူလန်ရှင်းသည် ကျိုးယွမ်ချင်း၏ ကျောပြင်ကို ကြည့်လျက် ဆိုလိုက်သည်။
“ညီမကျွမ်း... မင်း လော့ချန်ကို သွားရှာလိုက်ဦး... သူ့ကို ဒီအကြောင်း ပြောပြပြီး သတိထားဖို့ မှာလိုက်...”
“ဟုတ်ကဲ့...”
ကျွမ်းရွှယ်ချင်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ယူလန်ရှင်းက ပြန်လည် တားဆီးလိုက်ပြန်သည်။
“ထားလိုက်ပါတော့... အဲဒါက လိုမှာမဟုတ်ပါဘူး... အပိုအလုပ်ပဲ ဖြစ်မှာပါ...”
“အပိုအလုပ် ဟုတ်လား... အဲဒါ ဘာလို့လဲ...”
ကျွမ်းရွှယ်ချင်း အနည်းငယ် ထူးဆန်းသွားရသည်။
စီနီယာယူလန်ရှင်းက အသာအယာ ပြုံးလိုက်သည်။
“အဲ့ဒီတုန်းက ငါနဲ့ လော့ချန် တိုက်ခိုက်ခဲ့တုန်းက မင်းတို့အားလုံးက သရေကျတယ်လို့ ထင်ခဲ့ကြတာလေ... အမှန်တော့ အဲဒီလို မဟုတ်ဘူး... အဲဒါက ငါ့ရဲ့ မျက်နှာကို ထောက်ထားပြီး လော့ချန်က အလျှော့ပေးလိုက်တာပဲ... အမှန်တကယ်တော့ အဲဒီတိုက်ပွဲမှာ ငါ ရှုံးခဲ့တာ...”
ကျွမ်းရွှယ်ချင်း အံ့အားသင့်သွားရသည်။
“သူက ဒီလောက်အထိ သန်မာတာလား...”
စီနီယာယူလန်ရှင်းက ခေါင်းညိတ်ပြလိုက်သည်။
“သူ့ရဲ့ ဓားဆန္ဒက သာမန်မဟုတ်ဘူး... သာမန် ဓားဆန္ဒအစပျိုးအဆင့်မျိုးထက် အများကြီး ပိုပြီး လေးနက်တယ်... သူ့ရဲ့ရှေ့မှာဆိုရင် ငါ့ရဲ့ ဓားဆန္ဒကတောင် အကြီးအကျယ် ဖိနှိပ်ခြင်း ခံရတာ... ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အတွင်းစည်းထဲမှာ သူ့ကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ချက် ရှိတဲ့သူဆိုလို့ လျှပ်ယွမ်ဂိုဏ်းက ယွမ်ထျန်ယန် တစ်ယောက်ပဲ ရှိလိမ့်မယ်...”
“ယွမ်ထျန်ယန်... ဟားဟား... ကျိုးယွမ်ချင်းကို သတ္တိဆယ်ဆ ပေးလိုက်ရင်တောင် သူ့ဆီ သွားပြီး အကူအညီ တောင်းရဲမှာ မဟုတ်ပါဘူး...”
ကျွမ်းရွှယ်ချင်းက ပြုံးလျက် ဆိုလိုက်သည်။
ရွှမ်ယွမ်ဂိုဏ်းနှင့် လျှပ်ယွမ်ဂိုဏ်းတို့၏ ဆက်ဆံရေးအရဆိုလျှင် စီနီယာကျိုးယွမ်ချင်းသည် မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ယူဆောင်ပြီး ယွမ်ထျန်ယန်ထံ သွားမည်ဆိုပါက လူရော ဆေးလုံးပါ ဆုံးရှုံးရမှာ သေချာလှပေသည်။
ယူလန်ရှင်းသည် တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်ရာ သွေးဝိညာဉ်ဂိုဏ်းဝင် အများအပြား စုရုံးရောက်ရှိလာသည်ကို မြင်ရသဖြင့် သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“တိုက်ခိုက်ကြစမ်း... တောင်ပေါ်ကို အမြန်ဆုံး တက်ကြရမယ်... ဒီတိုက်ပွဲက ဒီလောက်နဲ့တင် လွယ်လွယ်ကူကူ ပြီးသွားလိမ့်မယ်လို့ ငါ မထင်ဘူး...”
တောင်ပေါ်သို့ ခြေချလိုက်သည့် အချိန်မှစ၍ ယူလန်ရှင်း၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေရခြင်း ဖြစ်သော်လည်း ထိုခံစားချက်မှာ ဘယ်ကနေ ရောက်ရှိလာသလဲဆိုသည်ကိုမူ သူမ မသိရှိပေ။
“ဟုတ်ကဲ့...”
ထိုသူနှစ်ဦးမှာ တိုက်ပွဲကြားသို့ ထပ်မံ၍ ဝင်ရောက်သွားကြတော့သည်။
ကျိုးယွမ်ချင်းသည် စီနီယာယူလန်ရှင်းထံမှ ထွက်ခွာလာခဲ့ပြီးနောက် ဘယ်သူ့ဆီ သွားရမလဲဆိုသည်ကို မသိဘဲ ဖြစ်နေတော့သည်။
“ဝှစ်...”
ရုတ်တရက် လူရိပ်တစ်ခုမှာ သူမ၏ရှေ့သို့ တိတ်တဆိတ် ဆင်းသက်လာခဲ့ပြီး ဖြူဖျော့လှသော လက်ဖဝါးတစ်ဖက်ကို ကမ်းထုတ်ကာ ဆိုလိုက်သည်။
“မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ငါ့ကို ပေးလိုက်... နင့်အတွက် လော့ချန်ရဲ့ ဦးခေါင်းကို ငါ ယူပေးမယ်...”
အခန်း ၆၃၆ ပြီးပါပြီ။