အခန်း (၆၃၇-၆၃၉)
Vol. 43 Ch. 637-639
အခန်း ၆၃၇ - တစ္ဆေရိပ်ကိုးသွယ်ဓားသိုင်း၊ ဓားသည် သတ်ဖြတ်ရန် လက်နက်သာဖြစ်သည်
ကျိုးယွမ်ချင်း၏ရှေ့တွင် ပိန်ပါးသော ကိုယ်လုံးကိုယ်ပေါက်နှင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ပေါ်ထွက်လာသည်။
သူ၏မျက်နှာမှာ အလွန်ပင် ဖြူဖျော့နေပြီး သွေးဟူ၍ စိုးစဉ်းမျှ မရှိပေ။ မျက်ဝန်းအစုံမှာလည်း အသက်မဲ့နေသဖြင့် ကြည့်ရသည်မှာ သွေးဝိညာဉ်ဂိုဏ်းဝင်များထက်ပင် ပို၍ အေးစက်လှကာ ထို အအေးဓာတ်မှာ ဝိညာဉ်အထိပင် ထိုးဖောက်ဝင်ရောက်နေတော့သည်။
“ချီယွီ... နင်ပဲ...”
ကျိုးယွမ်ချင်းသည် အံ့အားသင့်သွားပြီး သတိလက်လွတ်ဖြင့် အနောက်သို့ ခြေတစ်လှမ်း ဆုတ်ခွာလိုက်မိသည်။
ရောက်လာသူမှာ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးအနက် အဆင့် ၂ ရှိသည့် ချီယွီပင် ဖြစ်သည်။
ရွှမ်ယွမ်ဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲတွင် အစွမ်းအထက်ဆုံးသူမှာ အတွင်းစည်းတပည့်ခေါင်းဆောင် ဖန်ယွဲ့ယန် ဖြစ်သည်မှာ မှန်သော်လည်း အလျှို့ဝှက်ဆုံးသူမှာမူ ချီယွီ ဖြစ်ပြီး အတွင်းစည်း၏ နံပါတ်တစ် ဓားသမားအဖြစ်လည်း အားလုံးက အသိအမှတ်ပြုထားကြသည်။
ချီယွီ ကျင့်ကြံသည့် ဓားသိုင်းမှာ ရွှမ်ယွမ်ဂိုဏ်းမှ မဟုတ်ဘဲ သူကိုယ်တိုင် လောကအနှံ့ လှည့်လည်သွားလာရင်း ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် သူသည် တစ်ကိုယ်တည်းနေတတ်သော စရိုက်ရှိသဖြင့် ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးတွင် အဆင့် ၂ ရထားသော်လည်း နာမည်ကျော်ကြားခြင်း မရှိရာ ကျိုးယွမ်ချင်းပင်လျှင် သူ၏အကြောင်းကို များစွာ မသိရှိပေ။
“ငါ နင့်အတွက် လော့ချန်ကို သတ်ပေးမယ်...”
ချီယွီက ထပ်မံ၍ ဆိုလိုက်သည်။
ကျိုးယွမ်ချင်းသည် သတိပြန်ဝင်လာပြီး သံသယဖြင့် မေးမြန်းလိုက်သည်။
“နင် တကယ်ပဲ ယုံကြည်မှု ရှိလို့လား... နင့်ရဲ့ ဓားဆန္ဒက ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ပဲ ရှိသေးတာ မဟုတ်လား... လော့ချန်က ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပြီးပြီနော်... ဓားသမားအချင်းချင်းဆိုရင် နင်က သူ့ရဲ့ ဖိနှိပ်မှုကိုပဲ ခံရမှာပေါ့...”
ချီယွီ၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ဝင်းလက်သွားပြီး လှောင်ပြုံးလျက် ဆိုလိုက်သည်။
“၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ဆိုတာက ဘာမှမဟုတ်ပါဘူး... မမေ့ပါနဲ့ဦး... ငါ့ရဲ့ တစ္ဆေရိပ်ကိုးသွယ်ဓားသိုင်း က လုပ်ကြံသတ်ဖြတ်တဲ့ ဓားသိုင်းလေ... အားနည်းသူက အားကောင်းသူကို အနိုင်ယူဖို့အတွက် အသင့်တော်ဆုံးပဲ...”
“တခြားနေရာမှာတော့ ငါ အာမမခံရဲပေမဲ့... အခုလို အရှိန်အဝါတွေ ရှုပ်ထွေးနေတဲ့ နက်မှောင်တောင်တန်း မှာဆိုရင်တော့... လော့ချန် မပြောနဲ့... ဖန်ယွဲ့ယန်တောင်မှ သတိလက်လွတ် ဖြစ်နေတဲ့ အချိန်မျိုးဆိုရင် ငါ့ရဲ့ လုပ်ကြံမှုအောက်မှာ သေဖို့ ၆၀၊ ၇၀ ရာခိုင်နှုန်းလောက် သေချာတယ်...”
ကျိုးယွမ်ချင်း၏ မျက်လုံးများ တောက်ပသွားပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ... နင်သာ လော့ချန်ကို သတ်နိုင်မယ်ဆိုရင် မြေကမ္ဘာဝိညာဉ်ဆေးလုံး က နင့်အတွက်ပဲ...”
ချီယွီက ခေါင်းခါယမ်းလိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။
“ငါ အလုပ်လုပ်ရင်... အခကြေးငွေကို အရင်ယူတတ်တဲ့ အကျင့် ရှိတယ်...”
“ရတယ်...”
ကျိုးယွမ်ချင်းသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သွားကို တင်းတင်းကြိတ်ကာ မြေကမ္ဘာဝိညာဉ်ဆေးလုံး ထည့်ထားသည့် ခရမ်းရောင်ကျောက်စိမ်းဘူးကို ချီယွီထံသို့ တိုက်ရိုက် ကမ်းပေးလိုက်သည်။
ယခုအချိန်တွင် သူမ၌ အခြားရွေးချယ်စရာ မရှိတော့ပေ။
၎င်းအပြင် ဤအရာမှာ အဋ္ဌမမင်းသားကျင်းမင်၏ အရာဖြစ်ရာ တစ်ဖက်လူအနေဖြင့် လိမ်လည်လှည့်ဖြားဝံ့လိမ့်မည် မဟုတ်ဟု ယူဆသောကြောင့် ဖြစ်သည်။
ချီယွီသည် ကျောက်စိမ်းဘူးကို သိမ်းဆည်းလိုက်ပြီးနောက် မေးမြန်းလိုက်သည်။
“သူ ဘယ်မှာလဲ...”
ကျိုးယွမ်ချင်းက တောင်ခါးပန်း အရပ်မျက်နှာသို့ ညွှန်ပြလိုက်သည်။
“ဒီလမ်းအတိုင်း ဆင်းသွားရင်... မကြာခင် သူ့ကို တွေ့လိမ့်မယ်...”
“ကောင်းပြီ... အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်းမှာပဲ... လော့ချန်ရဲ့ ဦးခေါင်းကို နင် မြင်ရစေရမယ်...”
ချီယွီသည် စကားတစ်ခွန်း ချန်ထားရစ်ပြီးနောက် အရိပ်တစ်ခုအလား တောင်အောက်ဘက်သို့ ပြေးဆင်းသွားတော့သည်။
လမ်းတစ်လျှောက်တွင် သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ သူ့ကို တိုက်ခိုက်ရန် ပြင်လိုက်ကြသော်လည်း ချီယွီကမူ အရှိန်ကို မလျှော့ဘဲ
“ဝှစ်...”
သူ၏ကိုယ်ဟန်မှာ လေထဲ၌ လှပသော လခြမ်းပုံသဏ္ဌာန်တစ်ခုအဖြစ် ဝင်းလက်သွားခဲ့ပြီး ထိုသူနှစ်ဦးကြားမှ ဖြတ်ကျော်သွားတော့သည်။
ထိုအခိုက်အတန့်တွင်...
“ဖူး... ဖူး... ဖူး... ဖူး...”
သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦး၏ ကိုယ်ပေါ်တွင် နက်မှောင်သော ဓားချီအချို့ ရုတ်တရက် ပေါ်ထွက်လာပြီး နေရာမှာတင် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားတော့သည်။
“တကယ်ကို ထူးဆန်းတဲ့ ဓားသိုင်းပဲ... ဖန်ယွဲ့ယန် ကိုတောင် လုပ်ကြံနိုင်ဖို့ ၆၀ ရာခိုင်နှုန်း သေချာတယ်လို့ ပြောတာက အပိုမဟုတ်ဘူးပဲ...”
ကျိုးယွမ်ချင်းသည် ဤမြင်ကွင်းကို ကြည့်လျက် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။ စောစောက ချီယွီ မည်ကဲ့သို့ တိုက်ခိုက်လိုက်သည်ကိုပင် သူမ မမြင်လိုက်ရပေ။
အကယ်၍ သူမသာ ထိုသူနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သတိလက်လွတ် ဖြစ်နေသည့် အချိန်မျိုးတွင် တစ်ခဏချင်းမှာပင် အသတ်ခံရမှာ သေချာလှပေသည်။
ယခုအခါမှသာ ကျိုးယွမ်ချင်း၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ကင်းစင်သွားခဲ့ပြီး ဤကိစ္စမှာ သေချာပေါက် အောင်မြင်တော့မည်ဟု ယူဆလိုက်တော့သည်။
လော့ချန်သည် မည်မျှပင် သန်မာပါစေ၊ ဖန်ယွဲ့ယန်ထက်တော့ မသန်မာနိုင်ပါဘူးလေ...။
တောင်ခါးပန်း အနီးတွင်...
“သတ်ကြစမ်း...”
လော့ချန်သည် မည်သည့်ဓားသိုင်းကိုမျှ အသုံးမပြုဘဲ အခြေခံဓားကွက်များကိုသာ အသုံးပြုနေသော်လည်း သူ၏ကိုယ်ဟန်မှာ ဝေဝါးလှပြီး တောင်ပေါ်သို့ တဖြည်းဖြည်း တက်လှမ်းနေခဲ့ကာ ခြေလှမ်း တစ်ချက်တိုင်းတွင် ဓားတစ်ချက် ခုတ်ပိုင်းလိုက်တိုင်း သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦး သေဆုံးနေတော့သည်။
“သေစမ်း...”
“သေစမ်း...”
“သေစမ်း...”
သူသည် မောပန်းခြင်းမရှိဘဲ အဆက်မပြတ် သတ်ဖြတ်နေခဲ့သည်။
လော့ချန်၏ လက်ချက်ဖြင့် သေဆုံးသွားသော သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ ပိုမို၍ များပြားလာခဲ့ပြီး မကြာမီမှာပင် လူတစ်ရာကျော်သွားတော့သည်။
လူတစ်ယောက်ကို သတ်လိုက်တိုင်း သူ၏ကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်မှာ တစ်ဆင့်ချင်း တိုးတက်လာခဲ့ပြီး ဓားအရှိန်အဝါမှာလည်း ပိုမို၍ သန်မာလာတော့သည်။ နောက်ဆုံးတွင် သူ၏ စိတ်အာရုံတစ်ခုလုံးမှာ သတ်ဖြတ်ခြင်းအတွင်းသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့ပြီး ဓားကွက်များမှာ ပိုမို၍ မြန်ဆန်ကာ ပိုမို၍ ထက်မြက်လာသဖြင့် မျက်ဝန်းများပင် အနည်းငယ် နီမြန်းလာတော့သည်။
၎င်းမှာ သွေးရောင်ပင် ဖြစ်၏။ သတ်ဖြတ်ခြင်း၏ အရောင်ပင် ဖြစ်ပေသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါကြောင့် အနားသို့ ချဉ်းကပ်လာသော သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ လုံးဝ မကပ်ဝံ့ကြတော့ဘဲ ကိုယ်ဟန်များ တောင့်တင်းကုန်ကြရကာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်မြင့်သန်မာသူများပင်လျှင် စိတ်ထဲမှ ကြောက်ရွံ့မှုကို ခံစားနေရတော့သည်။
“ကြောက်စရာကောင်းလိုက်တဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်ပဲ... ငါ့ရဲ့ အတွေးတွေတောင် လေးလံကုန်သလိုပဲ...”
“အခြေခံဓားကွက်တွေ ဖြစ်နေပါလျက်နဲ့ ဘာလို့ ဒီလောက်အထိ သတ်ဖြတ်လိုတဲ့ အာရုံတွေ ပြင်းထန်နေရတာလဲ... အဝေးကနေ ကြည့်နေရုံနဲ့တင် ရင်တုန်နေရပြီ... ငါသာ သူ့ရှေ့မှာ ဆိုရင်တော့ ပြန်တိုက်ဖို့တောင် သတ္တိရှိမှာ မဟုတ်ဘူး... အသတ်ခံရဖို့ပဲ စောင့်နေမိမှာပဲ...”
“ငါ ခံစားနေရတာတော့... သူ တစ်ယောက်တည်းနဲ့တင် ငါတို့အားလုံးကို သတ်ပစ်နိုင်လိမ့်မယ် ထင်တယ်...”
“ထူးဆန်းတယ်... တကယ်ကို ထူးဆန်းလွန်းတယ်... ဒီလောက်အသက်အရွယ်နဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သတ်ဖြတ်လိုတဲ့ အာရုံတွေ ပြင်းထန်နေရတာလဲ... အလောင်းတောင်ကြီးတွေနဲ့ သွေးပင်လယ်ထဲကနေ လမ်းလျှောက်လာတဲ့သူအတိုင်းပဲ...”
လော့ချန်၏ စွမ်းဆောင်ရည်မှာ လူတိုင်း၏ အာရုံကို ဆွဲဆောင်နေခဲ့သဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များ ဖြစ်စေ၊ သိုင်းလောကသားများ ဖြစ်စေ အားလုံးမှာ မှင်တက်မိနေကြတော့သည်။
အပြင်ပလောကရှိ အရာအားလုံးမှာ လော့ချန်နှင့် မသက်ဆိုင်တော့ဘဲ သူသည် သတ်ဖြတ်ခြင်းအတွင်း၌သာ အပြည့်အဝ နစ်မြုပ်နေခဲ့ပြီး သတ်ဖြတ်ခြင်းမှတစ်ဆင့် သေခြင်းတရားကို နားလည်ရန် ကြိုးစားရင်း သူ၏ဓားဆန္ဒကို ထက်မြက်အောင် သွေးနေခြင်း ဖြစ်၏။
“ဖူး...”
ဓားတစ်ချက် ထိုးနှက်လိုက်ရာ တုံ့ပြန်ရန် အချိန်မရလိုက်သော သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦး၏ လည်ပင်းတွင် သွေးပေါက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိတ်လန့်တကြားနှင့် လဲကျသွားတော့သည်။
“ဝှစ်...”
ရုတ်တရက် လော့ချန်၏ နဖူးအလယ်မှာ အနည်းငယ် ဖောင်းကြွလာခဲ့ပြီး စိတ်အာရုံအတွင်းရှိ ဓားဘုရင်၏ စိတ်ဆန္ဒမှာ တောက်ပလှသော အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ သူ၏ စိတ်အာရုံတစ်ခုလုံးတွင် ရွှေရောင်ရေလှိုင်းများမှာ ကောင်းကင်အထိ တိုင်အောင် မြင့်တက်လာတော့သည်။
ထိုအခိုက်အတန့်တွင် လော့ချန်၏ ဦးနှောက်အတွင်း၌ မရေမတွက်နိုင်သော အလောင်းတောင်ကြီးများနှင့် သွေးပင်လယ် မြင်ကွင်းများ ဖြတ်ပြေးသွားခဲ့သည်။ သူသည် ထိုမြင်ကွင်းများကို ကြည့်နေသည့် ပြင်ပလူတစ်ယောက်အလား ရှိနေသလို၊ ကိုယ်တိုင် ကြုံတွေ့နေရသူအလားလည်း ခံစားနေရပြီး စိတ်ထဲမှ စိုးရိမ်ထိတ်လန့်မှုများမှာ တဖြည်းဖြည်းနှင့် တည်ငြိမ်သွားခဲ့ကာ လှိုင်းလေကင်းစင်သော ရေပြင်တစ်ခုအလား ဖြစ်သွားတော့သည်။
“သတ်ဖြတ်ခြင်း... သေခြင်းတရား... ဓားဆိုတာ သတ်ဖြတ်ဖို့အတွက် လက်နက်တစ်ခုပဲ... ရှေးယခင်ကနေ အခုအထိ ဒါက အမှန်တရားပဲ...”
ထိုအသံမှာ သူ၏စိတ်အာရုံအတွင်း၌ ဟိန်းဟောက်သွားခဲ့ပြီး ဝိညာဉ်ကိုပင် တုန်ခါသွားစေတော့သည်။
“ကောင်လေး... သေလိုက်စမ်း...”
သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ လော့ချန် ရုတ်တရက် ကြက်သေသေနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ အခွင့်အရေးကို အရယူကာ အတူတူ တိုက်ခိုက်လာကြသည်။
ထိုသူများ၏ တိုက်ခိုက်မှုမှာ လော့ချန်ထံသို့ ရောက်ရှိရန် လက်မအနည်းငယ်သာ လိုတော့သည့် အချိန်တွင် လော့ချန်သည် မျက်ဝန်းကို ဖွင့်လိုက်ရာ ထိတ်လန့်စရာကောင်းသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံကို လွှမ်းမိုးထားနိုင်သည့် သတ်ဖြတ်လိုသော အရှိန်အဝါများနှင့်အတူ ဓားအရှိန်အဝါမှာ ထိုသူနှစ်ဦးထံသို့ လွှမ်းခြုံသွားတော့သည်။
ဤသတ်ဖြတ်လိုသော အရှိန်အဝါ၏ရှေ့တွင် သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦး၏ အတွေးများမှာ နစ်မြုပ်သွားခဲ့ပြီး ရှုပ်ထွေးကုန်တော့သည်။
ဘေးနားရှိ လူများ၏ အမြင်တွင်မူ လော့ချန်ထံသို့ တိုက်ခိုက်နေသော ထိုသူနှစ်ဦး၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်းနှင့် နှေးကွေးသွားခဲ့ပြီး ထိုနေရာမှာတင် ရပ်တန့်သွားကြကာ လော့ချန်၏ ဓားတစ်ချက်တည်းနှင့်ပင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားကြတော့သည်။
ကြည့်ရသည်မှာ ထိုသူနှစ်ဦးက လော့ချန်၏ ဓားအောက်သို့ တမင်တကာ လာ၍ အသေခံနေသကဲ့သို့ပင်။
‘ကြည့်ရတာ သတ်ဖြတ်လိုတဲ့ ဓားဆန္ဒကို ကျင့်ကြံဖို့ အကောင်းဆုံး နည်းလမ်းက သတ်ဖြတ်ခြင်းပဲ... သွေးတွေနဲ့ သေခြင်းတရားတွေကြားမှာ ဓားလမ်းစဉ်ကို နားလည်အောင် လုပ်ပြီး ဓားဆန္ဒကို ထက်မြက်အောင် သွေးရမှာပဲ...’
လဲကျနေသော အလောင်းများကို ကြည့်လျက် လော့ချန်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ဤ တိုတောင်းလှသော အချိန်အတွင်းမှာပင် သူ၏ဓားဆန္ဒမှာ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပြီး ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အဆင့်မြင့်ပိုင်းသို့ ရောက်ရှိသွားခဲ့ကာ အပြည့်အဝ နားလည်ရန်ပင် နီးစပ်လာတော့သည်။
လော့ချန် နားလည်သည်မှာ သူ၏ဓားဆန္ဒ ဤမျှအထိ မြန်ဆန်စွာ တိုးတက်လာခြင်းမှာ သူ၏ ဉာဏ်ရည်ထက်မြက်မှုအပြင် စိတ်အာရုံအတွင်းရှိ ဓားဘုရင်၏ စိတ်ဆန္ဒကြောင့်လည်း ပါဝင်နေခြင်း ဖြစ်၏။
ဓားဘုရင်၏ စိတ်ဆန္ဒမှာ သော့တစ်ချောင်းနှင့် တူနေခဲ့ပြီး သူ၏ ဓားဆန္ဒကျင့်ကြံမှုအတွက် လမ်းတိုတစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်ရာ အခြားသူများကဲ့သို့ အချိန်အကြာကြီး အားစိုက်ထုတ်စရာ မလိုဘဲ အလျင်အမြန် နားလည်နိုင်ခြင်း ဖြစ်ပေသည်။
“ဒီနေရာက သွေးဝိညာဉ်ဂိုဏ်းဝင်တွေရဲ့ အစွမ်းက နိမ့်လွန်းနေသေးတယ်... ကျင့်ကြံမှုအတွက် အကျိုးကျေးဇူး သိပ်မရှိတော့ဘူး... ရှေ့ကို ဆက်သွားရမယ်...”
လော့ချန်သည် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အထွတ်အထိပ်အဆင့်သို့ ချိုးဖျက်ရန် ဆက်လက်ကြိုးစားလိုသဖြင့် လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များကြားမှ ကိုယ်ဟန်ကို လှုပ်ရှားလိုက်ကာ တောင်ထိပ်ဆီသို့ ပြေးတက်သွားတော့သည်။
ခဏအကြာတွင် လော့ချန်သည် အလောင်းအချို့၏ အထက်မှ ဖြတ်ကျော်သွားစဉ်မှာပင်...
ရုတ်တရက်...
ထူးဆန်းသော ခံစားချက်တစ်ခုမှာ သူ၏စိတ်ထဲသို့ တိုးဝင်လာခဲ့ပြီး ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်ကြောင့် တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များမှာပင် ထောင်ထသွားတော့သည်။
အခန်း ၆၃၇ ပြီးပါပြီ။
အခန်း ၆၃၈ - အရှိကိုအရှိအတိုင်း ဖြစ်သွားစေခြင်း
“အန္တရာယ်ရှိတယ်...”
သေခြင်းရှင်ခြင်းကြား သွေးချောင်းစီးတိုက်ပွဲပေါင်း များစွာကို ဖြတ်သန်းခဲ့ဖူးသည့် အတွေ့အကြုံနှင့် အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအား အာရုံခံနိုင်စွမ်းကြောင့် လော့ချန်သည် အလောင်းများ၏ အထက်သို့ ရောက်ရှိသည့် တစ်ခဏအတွင်းမှာပင် အလိုအလျောက် အန္တရာယ်ကို ခံစားလိုက်ရသည်။
သူသည် ချက်ချင်းပင် ကာကွယ်ရေးချီစွမ်းအင်ကို လှည့်ပတ်လိုက်သလို ခြေထောက်အောက်တွင်လည်း ချီစွမ်းအင်ဝဲဂယက်တစ်ခုကို ချက်ချင်း စုစည်းလိုက်သည်။
“ဘုန်း...”
ချီစွမ်းအင်ဝဲဂယက်မှာ ပေါက်ကွဲသွားခဲ့ပြီး လော့ချန်၏ အရှိန်မှာ ရုတ်တရက် မြင့်တက်သွားကာ လျှပ်စီးတန်းတစ်ခုအလား ပြေးထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
“ဝှစ်...”
မြေပြင်ပေါ်ရှိ အလောင်းများမှာ တစ်စစီ ကွဲအက်သွားခဲ့ပြီး တောက်ပလှသော နက်မှောင်သည့် ဓားချီတစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားကာ အထက်ရှိ ထူထပ်လှသော သတ်ဖြတ်လိုသည့် တိမ်တိုက်ကြီးကို အပေါက်ကြီးတစ်ခု ဖြစ်သွားစေတော့သည်။
လော့ချန်သည် ဓားချီ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် ကိုယ်ဟန် မတည်မငြိမ် ဖြစ်သွားရသည်။ သူသည် ဒဏ်ရာရခြင်း မရှိသော်လည်း တိတ်တဆိတ် လုပ်ကြံခြင်း ခံလိုက်ရသဖြင့် အတော်ပင် ဒေါသထွက်သွားခဲ့ပြီး ဓားချီ ထွက်ပေါ်လာရာ အရပ်မျက်နှာသို့ ထက်မြက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ဘယ်သူလဲ... ခေါင်းမြီးခြုံပြီး ပုန်းမနေနဲ့... ထွက်ခဲ့စမ်း...”
လော့ချန်သည် အပိုစကားများ ပြောမနေတော့ဘဲ ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်သည်။
“ဘုန်း...”
မြေသားများ အက်ကွဲသွားခဲ့ပြီး လူရိပ်တစ်ခုမှာ အတွင်းမှ ခုန်ထွက်လာတော့သည်။
၎င်းမှာ အနက်ရောင် ဝတ်စုံဝတ်ထားသည့် ဓားသမား လူငယ်တစ်ဦး ဖြစ်ပြီး အသက် ၂၀ ကျော်ခန့် ရှိကာ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသဖြင့် သွေးစိုးစဉ်းမျှ မရှိဘဲ ကြည့်ရသည်မှာ အေးစက်လှပေသည်။ ထိုသူ၏ ကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်မှာ ဝေဝါးလှပြီး သတ်ဖြတ်လိုသော အာရုံများ ကိန်းဝပ်နေတော့သည်။
လော့ချန်သည် ထိုသူ၏ ခါးရှိ ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် တံဆိပ်ပြားကို မြင်တွေ့လိုက်ရသည့်အခါ မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။
“မင်းက ရွှမ်ဟယ်စာရင်း အဆင့် ၂ ရှိတဲ့ ချီယွီ ပေါ့... ငါ မှတ်မိသလောက်ဆိုရင် မင်းက မင်းသားတန်းကလူ မဟုတ်ပါဘူး... ဒါဆိုရင် အဲဒီ မြေကမ္ဘာဝိညာဉ်ဆေးလုံး အတွက် လာတာလား...”
ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတစ်ခုလုံးတွင် ဓားသမားပေါင်း ရာနှင့်ချီ ရှိသော်လည်း ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်ထားပြီး ဤမျှအစွမ်းထက်သည့် ဓားသမားဆိုလျှင် တစ်ဦးတည်းသာ ရှိပေသည်။
ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးအနက် အဆင့် ၂ ရှိသူ၊ အတွင်းစည်း၏ နံပါတ်တစ် ဓားသမား ချီယွီပင် ဖြစ်၏။
မှန်ပေသည်၊ ဤ "နံပါတ်တစ် ဓားသမား" ဆိုသည့် ဂုဏ်ပုဒ်မှာ အတိတ်က အရာသာ ဖြစ်ပြီး ယခုအခါ လော့ချန်က အစားထိုးလိုက်ပြီ ဖြစ်ပေသည်။
ချီယွီသည် လေထဲတွင် ရပ်နေခဲ့ပြီး လော့ချန်ကို အေးစက်စွာ စိုက်ကြည့်လျက် မနှစ်မြို့ဖွယ် အသံဖြင့် ဆိုလိုက်သည်။
“မင်းက ငါ့ရဲ့ ဓားချက်ကို ဘယ်လိုလုပ်ပြီး အာရုံခံမိသွားတာလဲ... ဘာလို့လဲ... မင်း စောစောကတည်းက ငါ့ကို တွေ့နေလို့လား...”
ချီယွီသည် လော့ချန်၏ လှုပ်ရှားမှုကို အဝေးမှ သတိပြုမိထားသဖြင့် အလောင်းများအောက်တွင် တမင်တကာ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ သူ၏ အငွေ့အသက်များကို ဖုံးကွယ်ပြီး သေချာပေါက် သတ်ဖြတ်နိုင်မည့် ဓားချက်ကို ထုတ်ဖော်ရန်အတွက် ဖြစ်၏။
ဤဓားချက်မှာ လော့ချန်၏ အသက်ကို ယူနိုင်မည်ဟု သူ ယူဆထားခဲ့ပြီး အနည်းဆုံးတော့ ဒဏ်ရာပြင်းထန်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ရလဒ်မှာမူ သူ၏ ထင်မှတ်ချက်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီး လော့ချန်သည် ကြိုတင်သိရှိနေသကဲ့သို့ မည်သည့်ဒဏ်ရာမျှ မရဘဲ သူ၏ နောက်ဆုံးတိုက်ကွက်ကို ရှောင်တိမ်းသွားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
“ဒါတွေက အရေးမကြီးပါဘူး...”
လော့ချန်သည် ခေါင်းခါယမ်းလိုက်ပြီး ချီယွီကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
“မင်းက မင်းသားတန်းကလူ မဟုတ်ဘူးလေ... ငါတို့ကြားမှာလည်း ဘာရန်ငြိုးမှ မရှိဘူး... ဒါပေမဲ့ မင်းက ငါ့ကို တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ပြီဆိုမှတော့ ငါလည်း မင်းကို အလွယ်တကူ လွှတ်ပေးလို့ မရတော့ဘူး... မင်းရဲ့ လက်တစ်ဖက်ကို မင်းဘာသာ ဖြတ်လိုက်မယ်ဆိုရင်တော့ ငါ မင်းကို တစ်ခါလောက် အခွင့်အရေး ပေးပြီး အသက်ချမ်းသာပေးမယ်...”
“ဟဲဟဲ... အသက်ချမ်းသာပေးမယ် ဟုတ်လား... လေသံကတော့ မသေးလှဘူးပဲ...”
ချီယွီက အေးစက်စွာ လှောင်ပြုံးလိုက်ပြီး လော့ချန်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။ သူ၏ မျက်ဝန်းထဲမှ အလင်းတန်းများမှာ မှောင်မိုက်သော နေရာရှိ မြွေဆိုးတစ်ကောင်အလား ရှိနေတော့သည်။
“အမှန်အတိုင်း ပြောရရင်... မြေကမ္ဘာဝိညာဉ်ဆေးလုံး မရှိရင်တောင် ဒီနေ့ ငါ မင်းကို သတ်မှာပဲ... မင်းက ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပြီး အခုဆို လူတွေက မင်းကိုပဲ အတွင်းစည်းရဲ့ နံပါတ်တစ် ဓားသမားလို့ ပြောနေကြပြီလေ... ငါကတော့ တကယ့် နံပါတ်တစ် ဓားသမားက ဘယ်သူလဲဆိုတာကို လူတိုင်းကို သိအောင် လုပ်ပြရမှာပေါ့...”
ချီယွီသည် လော့ချန်ကို သတ်ဖြတ်ရန် တာဝန်ကို လက်ခံခဲ့ခြင်းမှာ မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်ခုတည်းကြောင့် မဟုတ်ပေ။ မိမိကိုယ်မိမိ အတွင်းစည်း၏ နံပါတ်တစ် ဓားသမားအဖြစ် အမြဲတမ်း သတ်မှတ်ထားသည့် သူတစ်ယောက်အနေဖြင့် အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားသည့် နောက်ပေါက် လူငယ်လေးတစ်ဦးက မိမိ၏ အထက်သို့ ရောက်ရှိသွားခြင်းကို လုံးဝ လက်မခံနိုင်သောကြောင့် ဖြစ်၏။ ၎င်းအပြင် ထိုသူက မဟာအကြီးအကဲ၏ တိုက်ရိုက်တပည့် ဖြစ်နေသည်မှာလည်း သူ့အမြင်တွင်မူ ဤအရာအားလုံးမှာ လော့ချန်နှင့် လုံးဝ မထိုက်တန်ပေ။
“ဒီနေ့တော့ မင်းကို အရှိကိုအရှိအတိုင်း ဖြစ်သွားအောင် ငါ လုပ်ပေးရမှာပေါ့...”
အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် ချီယွီသည် တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။ လက်ထဲရှိ ဓားရှည်မှ နက်မှောင်သော ဓားချီမျှင်တန်းလေးများ ထွက်ပေါ်လာခဲ့ပြီး ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။
“ဝှစ်...”
မရေမတွက်နိုင်သော နက်မှောင်သည့် ဓားချီများသည် အလင်းတန်းများအလား ပြေးထွက်သွားခဲ့ပြီး လော့ချန်ကို တစ်ခဏချင်းမှာပင် လွှမ်းခြုံသွားတော့သည်။
“ဘုန်း...”
ပြင်းထန်လှသော အသံကြီးနှင့်အတူ လော့ချန် ရှိရာ နေရာတွင် လေလှိုင်းများမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ဖြူလွလွ လျှပ်စီးအလင်းတန်းများစွာနှင့်အတူ ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာတော့သည်။
“ရွှမ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်း ဒုတိယတပည့် ချီယွီက လော့ချန်ကို တိုက်ခိုက်နေတာပဲ...”
“ငါ ကြားတာတော့ အဋ္ဌမမင်းသားကျင်းမင်က မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံးနဲ့ လော့ချန် ရဲ့ ဦးခေါင်းကို ဆုငွေထုတ်ထားတယ်တဲ့... အစကတော့ ငါ သံသယဖြစ်နေတာ... အခုကြည့်ရတာတော့ ဒီကိစ္စက တကယ်ပဲကိုး...”
“မြေကမ္ဘာဝိညာဉ်ဆေးလုံး တဲ့လား... တကယ်ကို အကြီးအကျယ် ဆုထုတ်ထားတာပဲ...”
“ချီယွီ က ရွှမ်ဟယ်စာရင်း အဆင့် ၂ မှာ ရှိတာလေ... ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပြီး ဓားသိုင်းကလည်း အရမ်းကို ရက်စက်တာ... လော့ချန် ကတော့ ဒီတစ်ခါတော့ သေလမ်းပဲ ရှိတော့မယ် ထင်တယ်...”
“ဆုလာဘ်က ကြီးလေလေ၊ သတ္တိရှိတဲ့သူတွေ ထွက်ပေါ်လာလေလေပဲ... အဲဒါက မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံးလေ... လော့ချန် ရဲ့ အသက် ဆယ်ခါလောက်အတွက်တောင် တန်ဖိုးရှိတာပဲ...”
ဤဘက်မှ လှုပ်ရှားမှုကြောင့် လူအများအပြား၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ ချီယွီက လော့ချန်ကို သတ်ဖြတ်ရန် ကြိုးစားနေသည်ကို မြင်ရသည့်အခါ ဆူညံစွာ ပြောဆိုနေကြတော့သည်။
ထိုအခိုက်အတန့်တွင်...
“ဘမ်း...”
ရှုပ်ထွေးနေသော ထိုနေရာမှ တုန်ခါသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အရာအားလုံးမှာ ပျောက်ကွယ်သွားကာ လော့ချန်၏ ကိုယ်ဟန်မှာ ခြေသုံးချောင်းနှင့် နားနှစ်ဖက်ရှိသော ဧရာမ အိုးကြီးတစ်လုံးအတွင်း၌ ဖုံးလွှမ်းလျက် ပေါ်ထွက်လာခဲ့ပြီး အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိပေ။
“ဟင်...”
ချီယွီ၏ မျက်ဝန်းများမှာ တုန်ခါသွားရသည်။
လော့ချန်သည် ချီယွီကို အေးစက်စွာ ကြည့်လျက် ဆိုလိုက်သည်။
“မင်းက အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီဆိုမှတော့... ငါလည်း မင်းကို သေလမ်းဆီ ပို့ပေးရတော့မှာပေါ့...”
“ဟဲဟဲ... ငါ့ရဲ့ ဓားတစ်ချက်ကို ခုခံနိုင်လိုက်ရုံနဲ့ ဒီလောက်အထိ ရမ်းကားနေတာကတော့ စောလွန်းသေးတာပေါ့... ငါ့ရဲ့ တစ္ဆေရိပ်ကိုးသွယ်ဓားသိုင်း ရဲ့ အစွမ်းအစစ်ကို ငါ ပြပေးရမှာပေါ့...”
ချီယွီက အေးစက်စွာ လှောင်ပြုံးလိုက်ပြီးနောက် သူ၏ ကြယ်ရှစ်ပွင့် သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးတွင် နက်မှောင်သော အရိပ်များမှာ တွန့်လိမ်နေတော့သည်။
ထိုအရိပ်များမှာ ချီယွီနှင့် အနည်းငယ် တူညီနေခဲ့ပြီး လှည့်ပတ်နေကြသဖြင့် ကောင်းကင်ယံမှ အလင်းရောင်များပင် ကွယ်ပျောက်သွားကာ အရာအားလုံးမှာ မှောင်မိုက်သွားရရုံတင်မကဘဲ သရဲတစ္ဆေများ အော်ဟစ်သံများကဲ့သို့သော အသံများလည်း ထွက်ပေါ်လာသဖြင့် လူတို့၏ စိတ်အာရုံကို နှောင့်ယှက်နေတော့သည်။
“ဝှစ်...”
ချီယွီသည် မြေပြင်ကို ခြေတစ်ချက် ဆောင့်လိုက်ရာ သူ၏ကိုယ်ဟန်မှာ မူလနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည် ပေါ်ထွက်လာသည့်အခါတွင်မူ ငါးခုအဖြစ် ကွဲပြားသွားကာ လော့ချန်၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာတော့သည်။
“တစ္ဆေရိပ်ငါးသွယ်... တစ္ဆေရိပ်လုပ်ကြံခြင်း...”
နက်မှောင်သော အရိပ်များ ဖုံးလွှမ်းနေသည့် ချီယွီ ငါးဦးစလုံး၏ မျက်နှာတွင် ရက်စက်လှသော အပြုံးများ ပေါ်ထွက်နေခဲ့ပြီး တစ်ပြိုင်တည်း ဓားထုတ်လိုက်ကာ လော့ချန်ထံသို့ ဝိုင်းရံတိုက်ခိုက်လိုက်တော့သည်။
“ဝိ... ဝိ... ဝိ... ဝိ...”
နက်မှောင်သော ဓားချီမျှင်တန်းလေးများမှာ အဆုံးမရှိသကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး လော့ချန် ရှိရာ မီတာတစ်ရာအတွင်းရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်သွားရကာ ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒ၏ အရှိန်အဟုန်ကြောင့် ဓားချီတိုင်းမှာ ထက်မြက်လှသဖြင့် ဟင်းလင်းပြင်တစ်ခုလုံးကိုပင် အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်နေတော့သည်။
လော့ချန်သည် ထိုနက်မှောင်သော ဓားချီများကြားတွင် နစ်မြုပ်တော့မည့်အလား ရှိနေတော့သည်။
နောက်တစ်ခဏတွင်...
လော့ချန်၏ မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး ကောင်းကင်ယံကို လွှမ်းမိုးထားနိုင်သည့် သတ်ဖြတ်လိုသော အရှိန်အဝါများနှင့်အတူ ထက်မြက်လှသော ဓားအရှိန်အဝါမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ရာ ဟင်းလင်းပြင်တွင် သွေးရောင်ဓားပုံရိပ်ယောင်တစ်ခုအလား ပေါ်ထွက်လာသဖြင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာ တုန်ခါသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်မှာပင် တစ်ချက် မည်ဟီးသွားတော့သည်။
“လေခွင်းသတ်ဖြတ်ခြင်း...”
လျှပ်စီးဓားကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ဓားချီများမှာ တစ်ပြိုင်တည်း တုန်ခါသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေထုမှာ ပြင်းထန်စွာ လှုပ်ရှားသွားကာ ဧရာမ လေမုန်တိုင်းတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လော့ချန်ကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားတော့သည်။
ထိုအဆုံးမရှိလှသော နက်မှောင်သည့် ဓားချီများနှင့် လေမုန်တိုင်းတိုင်ကြီး တိုက်မိလိုက်သည့်အခါ ချက်ချင်းပင် နစ်မြုပ်သွားခဲ့ပြီး ပင်လယ်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ မည်သည့်ခြေရာလက်ရာမျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
“ဘမ်း... ဘမ်း... ဘမ်း... ဘမ်း...”
လူပုံသဏ္ဌာန် အရိပ်လေးခုမှာ ဓားချီလေမုန်တိုင်း၏ ကြိတ်ခြေခြင်းကို ဆက်တိုက် ခံလိုက်ရပြီး နောက်ဆုံးကျန်ရှိသော တစ်ခုမှာမူ ချီယွီ၏ ကိုယ်အစစ်ပင် ဖြစ်၏။
သူ၏မျက်လုံးများမှာ ပြူးထွက်သွားခဲ့ပြီး ဆုံးဖြတ်ချက်ကို ချက်ချင်းချကာ အလွန်ပင် တိကျပြတ်သားစွာဖြင့် သူ၏ ကိုယ်ဟန်ကျင့်စဉ်ကို ထပ်မံလှည့်ပတ်လျက် အရိပ်များအဖြစ် ပြောင်းလဲကာ အသည်းအသန် အနောက်သို့ ဆုတ်ခွာတော့သည်။
သို့သော်လည်း သူသည် အနည်းငယ်မျှ နှေးကွေးသွားခဲ့ရသည်။
“ဖူး...”
လေမုန်တိုင်းဓားချီမှာ ဖြတ်သန်းသွားခဲ့ပြီး ရက်စက်လှသော ပြတ်တောက်သံနှင့်အတူ ချီယွီ၏ လက်တစ်ဖက်နှင့် ခြေတစ်ဖက်မှာ သူ၏ကိုယ်ခန္ဓာ တစ်ခြမ်းနှင့်အတူ တိုက်ရိုက်ပင် အပိုင်းပိုင်း ကြိတ်ခြေခြင်း ခံလိုက်ရကာ နောက်ဆက်တွဲအဖြစ် စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
“အား...”
ကျန်ရှိနေသော ခန္ဓာကိုယ်တစ်ဝက်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ပြီး ချီယွီ၏ ဖြူဖျော့နေသော မျက်နှာမှာ ယခုအခါတွင်မူ သွေးတစ်စက်မျှ မရှိတော့ဘဲ ပိုမို၍ ဖြူဖျော့သွားရသည်။
“၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အဆင့်မြင့်ပိုင်း... အဟွတ်... ဓားဆန္ဒအစပျိုးအဆင့်မျှသာ ဖြစ်နေပါလျက်နဲ့ ဘာလို့ ဒီလောက်အထိ ပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ အာရုံတွေ ပါဝင်နေရတာလဲ... အဟွတ်... စစ်မှန်တဲ့ ဓားဆန္ဒ ဆိုရင်တောင် မဖြစ်နိုင်ဘူး...”
ချီယွီသည် လော့ချန်ကို စိုက်ကြည့်လျက် သူ၏ စိတ်ထဲမှ ပါလာသော သံသယများကို အဆက်မပြတ် မေးမြန်းနေတော့သည်။ စကားတစ်ခွန်း ပြောလိုက်တိုင်း သွေးများကို အန်ထုတ်နေရပြီး နောက်ဆုံးတွင်မူ သူ၏ အကြည့်မှာ ဝေဝါးသွားခဲ့ကာ အသက်ပျောက်သွားတော့သည်။
အခန်း ၆၃၈ ပြီးပါပြီ။
အခန်း ၆၃၉ - လော့ချန်နှင့် ဖန်ယွဲ့ယန်
ချီယွီကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်လိုက်ပြီးနောက် လော့ချန်၏ မျက်နှာတွင် မည်သည့်လှုပ်ခတ်မှုမျှ မရှိပေ။
သူသည် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အဆင့်မြင့်ပိုင်း၏ အစွမ်းကို စမ်းသပ်ကြည့်လိုရုံသာ ဖြစ်၏။
၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အဆင့်မြင့်ပိုင်းနှင့် သတ်ဖြတ်လိုသော ဓားဆန္ဒ ပေါင်းစပ်လိုက်ပါက ချီယွီကို မသတ်နိုင်စရာ အကြောင်းမရှိပေ။ သို့မဟုတ်ပါက ဤဓားဆန္ဒဆိုသည့် အရာမှာ လူအများအပြား မိမိတို့၏ ပိုင်ဆိုင်မှုများ၊ အသက်များကို ရင်းနှီး၍ နားလည်ရန် ကြိုးစားနေကြသည့် စွမ်းအားတစ်ခု ဖြစ်လာလိမ့်မည်မဟုတ်ပေ။
“ဝှစ်...”
ဓားကို အိမ်အတွင်းသို့ ပြန်ထည့်လိုက်ပြီးနောက် လော့ချန်၏ ကိုယ်ဟန်မှာ ချီယွီ၏ အလောင်းဘေးသို့ ဆင်းသက်လိုက်သည်။
‘ဒီလူရဲ့ ကိုယ်ဟန်ကျင့်စဉ်က... ဘာလို့ တစ်မျိုးကြီး ရင်းနှီးနေရတာလဲ...’
လော့ချန် အနည်းငယ် စဉ်းစားနေမိသည်။
ချီယွီ၏ ကိုယ်ဟန်ကျင့်စဉ်မှာ အလွန်ပင် ပြောင်မြောက်လှပြီး ရွှမ်ယွမ်ဂိုဏ်း တပည့်တစ်ဦးတစ်ယောက်မျှ အသုံးပြုနေသည်ကို သူ မမြင်ဖူးသော်လည်း တစ်နေရာရာတွင် တွေ့ဖူးနေသကဲ့သို့ ခံစားချက်မျိုး ရရှိနေခြင်း ဖြစ်၏။
ခဏမျှ စဉ်းစားသော်လည်း အဖြေရှာမရသဖြင့် လော့ချန် ဆက်၍ မတွေးတော့ဘဲ လက်ကို ဝေ့ယမ်းကာ ချီယွီ၏ ကိုယ်ပေါ်ရှိ ဝိညာဉ်သိုလှောင်လက်စွပ်နှင့် ဓားရှည်ကို သိမ်းဆည်းလိုက်သည်။
‘ရွှမ်ဟယ်စာရင်း အဆင့် ၂ ဆိုတော့... ပိုင်ဆိုင်မှုတွေလည်း မနည်းလောက်ဘူးပဲ... နှမြောစရာကောင်းတာကတော့ ဒီ ကြယ်ရှစ်ပွင့် သိုင်းဝိညာဉ်ရဲ့ အနှစ်သာရသွေးတွေကို အလကား ဖြုန်းတီးပစ်လိုက်ရတာပဲ...’
စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လော့ချန်သည် ချီယွီ၏ ဓားရှည်နှင့် ဝိညာဉ်သိုလှောင်လက်စွပ်ကို တိုက်ရိုက် သိမ်းဆည်းလိုက်ကာ တိုက်ပွဲကြီး ပြီးဆုံးမှသာ အသေအချာ ပြန်လည်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
မိမိကို အာရုံစိုက်နေသူများ ပိုမိုများပြားလာသည်ဟု ခံစားလိုက်ရသဖြင့် လော့ချန် ထိုနေရာတွင် ဆက်မနေတော့ဘဲ ကိုယ်ဟန်ကို လှုပ်ရှားကာ တောင်ထိပ်ဆီသို့ ပြေးတက်သွားတော့သည်။ ကျန်ရစ်ခဲ့သော လူအုပ်ကြီးမှာမူ မယုံနိုင်စရာ မြင်ကွင်းကြောင့် မှင်တက်မိနေကြဆဲ ဖြစ်၏။
“ချီယွီကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား... ရွှမ်ယွမ်ဂိုဏ်း ကတော့ မိစ္ဆာကောင် တစ်ကောင် ထွက်ပေါ်လာပြီပဲ... ဘယ်သူမှ ထင်မှတ်မထားတဲ့ မိစ္ဆာကောင်မျိုးပေါ့...”
လက်အားနေသော အသက်လတ်ပိုင်း သိုင်းလောကသား တစ်ဦးက လော့ချန်၏ ကျောပြင်ကို ကြည့်လျက် လူတိုင်း၏ စိတ်ထဲမှ စကားကို ထုတ်ပြောလိုက်သည်။
အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသည့် နောက်ပေါက် လူငယ်လေးတစ်ဦးက ချီယွီကဲ့သို့သော ဝါရင့်ပါရမီရှင်ကို အနိုင်ယူလိုက်ရုံတင်မကဘဲ စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်လိုက်သည်ပေါ့။ ၎င်းအပြင် သူ၏ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းအဆင့်မျှသာ ရှိသေးသည်မဟုတ်ပါလော။
ဤအချက်တိုင်းမှာ မယုံနိုင်စရာ ကောင်းလှသလို ထူးဆန်းလွန်းလှပေသည်။
“ဝှစ်...”
လော့ချန်သည် အခြားသူများ၏ အတွေးကို မသိသလို သိလျှင်လည်း ဂရုစိုက်မည်မဟုတ်ပေ။ ယနေ့အချိန်တွင် သူသည် မိမိ၏ အစွမ်းကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
‘ကြည့်ရတာ လျိုခန်း ပြောတာတွေက အမှန်ပဲ... ငါ့ဦးခေါင်းကို လိုချင်နေတဲ့သူတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး...’
လော့ချန်၏ အကြည့်မှာ ထက်မြက်လာခဲ့ပြီး စိတ်ထဲမှ စိုးရိမ်ခြင်း မရှိသည့်အပြင် တစ်စုံတစ်ခုကိုပင် မျှော်လင့်နေသကဲ့သို့ ရှိနေတော့သည်။ သူ့ကို ရန်စဝံ့သူတိုင်းမှာ နာမည်မရှိသူများ မဟုတ်နိုင်သဖြင့် ထိုသူတို့၏ ပိုင်ဆိုင်မှုများမှာလည်း အလွန်ပင် ပေါများမှာ သေချာလှပေသည်။
‘ဒါနဲ့... အဲဒီ ကျိုးယွမ်ချင်းက ဘယ်မှာလဲ မသိဘူး...’
လော့ချန်သည် ကျိုးယွမ်ချင်းကို စိတ်ဝင်စားနေခြင်း မဟုတ်ပေ။ အရေးမပါသော လူအသေးအဖွဲလေး တစ်ဦးကို သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ ကိစ္စမရှိပေ။
သူ စိတ်ဝင်စားသည်မှာ မြေကမ္ဘာဝိညာဉ်ဆေးလုံး ဖြစ်၏။
ဤတိုက်ပွဲအတွင်း သူသည် များစွာသော သိုင်းဝိညာဉ်အနှစ်သာရသွေးများကို ဝါးမျိုခဲ့ပြီး ဖြစ်ရာ အားလုံးကို အပြည့်အဝ သန့်စင်လိုက်မည်ဆိုလျှင် အဆင့် ၉ အလယ်အလတ်အဆင့်ကို ချိုးဖျက်ရုံတင်မကဘဲ အဆင့် ၉ အဆင့်မြင့်ပိုင်းသို့ ရောက်ရှိရန်မှာလည်း ခက်ခဲသော ကိစ္စမဟုတ်ပေ။
အကယ်၍သာ ထို မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ရရှိမည်ဆိုလျှင် စတုတ္ထနယ်ပယ်သို့ တက်လှမ်းရန်အတွက် သူ ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပေသည်။
‘ငါသာ မြေကမ္ဘာဝိညာဉ်ဆေးလုံး ကို ရခဲ့မယ်ဆိုရင်... ကျင်းမင် ထက်တောင် အရင်ဦးအောင် စတုတ္ထနယ်ပယ် ကို ချိုးဖျက်ပြီး မဟာသန်မာသူကြီး ဖြစ်လာနိုင်မှာပဲ...’
လော့ချန်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့ပြီး သူ၏အရှိန်ကို ချက်ချင်း မြှင့်တင်လိုက်သည်။ မကြာမီမှာပင် လော့ချန်သည် စစ်မျက်နှာပြင်၏ ရှေ့တန်းသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာမှ တောင်ထိပ်သို့ မီတာနှစ်ထောင်၊ သုံးထောင်ခန့်သာ လိုတော့သည်။
ထို့ကြောင့်ပင် ဤနေရာရှိ တိုက်ပွဲမှာလည်း အပြင်းထန်ဆုံး ဖြစ်နေခဲ့ပြီး နေရာအနှံ့တွင် သွေးဝိညာဉ်ဂိုဏ်းဝင်များ ပြည့်နှက်နေကာ အများစုမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်မြင့်သန်မာသူများ ဖြစ်ကြသလို ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးနှင့် အစွမ်းချင်း နီးကပ်သော သန်မာသူများလည်း ပါဝင်နေကာ အင်အားစုအသီးသီးမှ ထိပ်သီးပါရမီရှင်များနှင့် ရောနှောကာ သတ်ဖြတ်နေကြတော့သည်။
သတ်ဖြတ်သံများ၊ အော်ဟစ်သံများနှင့် တိုက်ခိုက်သံများမှာ ရောထွေးနေခဲ့ပြီး နေရာအနှံ့တွင် ပြတ်တောက်နေသော ခြေလက်များကို မြင်တွေ့နေရကာ ရက်စက်လှသော အငွေ့အသက်များမှာ သာမန်လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်လောက်ပေသည်။
“သတ်ကြစမ်း...”
လော့ချန် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းအဆင့်ရှိ သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦး၏ အာရုံစိုက်မှုကို ခံလိုက်ရပြီး ထိုသူမှာ သွေးများဖြင့် ပြည့်နှက်နေသော ဓားတစ်စင်းကို ကိုင်ဆောင်လျက် ပြေးဝင်လာတော့သည်။
လော့ချန်ကမူ ထိုသူကို လုံးဝ ထည့်မတွက်ဘဲ စကားတစ်ခွန်းမျှ မပြောဘဲ ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်သည်။
“ဖူး...”
ဓားချီများ ဝင်းလက်သွားခဲ့ပြီး ထိုသွေးဝိညာဉ်ဂိုဏ်းဝင်မှာ လမ်းတစ်ဝက်မှာပင် သူ၏ခန္ဓာကိုယ်မှာ အလယ်မှနေ၍ နှစ်ခြမ်း ကွဲအက်သွားတော့သည်။
“ကောင်လေး... သေလိုက်စမ်း...”
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့်ရှိ သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ ဝဲ၊ ယာ အရပ်မျက်နှာများမှနေ၍ လော့ချန်ကို ဝိုင်းရံလိုက်ကြပြီး သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ကောင်းကင်သို့တိုင် ထိုးတက်နေတော့သည်။
“ကောင်းပြီ... မင်းတို့ကိုပဲ ငါ့ရဲ့ ဓားဆန္ဒကို သွေးဖို့အတွက် သုံးရမှာပေါ့...”
လော့ချန်၏ အတွေးမှာ ရိုးရှင်းလှသည်။ ဤတိုက်ပွဲကြီး၏ အခွင့်အရေးကို အသုံးချကာ စိတ်ကြိုက် သတ်ဖြတ်ရင်း သူ၏ဓားဆန္ဒကို ထက်မြက်အောင် ပြုလုပ်လိုခြင်း ဖြစ်၏။
ဤ သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ သူ၏ ဓားဆန္ဒအတွက် အာဟာရများ ဖြစ်လာကြမှာ ဖြစ်ပြီး လူတစ်ယောက်ကို သတ်လိုက်တိုင်း သူသည် စစ်မှန်သော ဓားဆန္ဒဆီသို့ တစ်လှမ်းချင်း တိုးကပ်သွားမှာ ဖြစ်ပေသည်။
“ပိုင်းဖြတ်စမ်း...”
ဓားဆန္ဒများ ပေါက်ကွဲထွက်လာခဲ့ပြီး လော့ချန်သည် လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ဓားချီများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။
“ဖူး...”
“ဖူး...”
သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ ခါးမှနေ၍ တိုက်ရိုက် ပြတ်တောက်သွားခဲ့ပြီး ဓားချီ၏ အရှိန်မှာ မလျော့ဘဲ ဆက်လက်၍ ပျံ့နှံ့သွားရာ အနားတွင် ရှိနေသော အခြား သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးကိုပါ နေရာမှာတင် အပိုင်းပိုင်း ပြတ်တောက်သွားစေတော့သည်။
“တကယ်ကို သန်မာတဲ့ ဓားချီပဲ... ဒီလူက ဘယ်သူလဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းအဆင့်လေးနဲ့ ဓားသိုင်းက ဘာလို့ ဒီလောက်အထိ အစွမ်းထက်နေရတာလဲ...”
လော့ချန်၏ စွမ်းဆောင်ရည်မှာ အလွန်ပင် ပြောင်မြောက်လှသဖြင့် ချက်ချင်းပင် အာရုံစိုက်ခြင်း ခံလိုက်ရသည်။
“၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်... ရွှမ်ယွမ်ဂိုဏ်း တပည့်... သူက ရွှမ်ယွမ်ဂိုဏ်းရဲ့ အသစ်တက်လာတဲ့ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲက တစ်ယောက်ဖြစ်တဲ့ လော့ချန် ပဲ...”
“သူက အဆင့် ၈ အထွတ်အထိပ် မဟုတ်ဘူးလား... ဘယ်အချိန်က အဆင့် ၉ ကို ချိုးဖျက်သွားတာလဲ...”
စူးစမ်းလိုသော အကြည့်များစွာ ရောက်ရှိလာကြသည်။
ဘာပဲဖြစ်ဖြစ် ဤကာလအတွင်း လော့ချန်၏ နာမည်မှာ အလွန်ပင် ကြီးမားလှပေသည်။
စီနီယာဖုကို အနိုင်ယူပြီး ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲတွင် ပါဝင်လာခဲ့ခြင်းမှာ သူ၏အမည်ကို တာယွဲ့မင်းဆက်တစ်ခုလုံးတွင် ဟိုးဟိုးကျော်သွားစေခဲ့သည် မဟုတ်ပါလော။
ဖန်ယွဲ့ယန်နှင့် ကျူးလင်းမေတို့မှာ မလှမ်းမကမ်းတွင် ရှိနေကြပြီး လူအများ၏ ပြောဆိုသံကို ကြားရသည့်အခါ ကျူးလင်းမေသည် လော့ချန်ကို ချက်ချင်း လက်ဝေ့ယမ်း၍ ခေါ်လိုက်သည်။
“လော့ချန်... ဒီမှာ...”
သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးကို ဓားဖြင့် ခေါင်းဖြတ်သတ်လိုက်ပြီးနောက် လော့ချန်သည် ကျူးလင်းမေ၏ အသံကို ကြားရသည့်အခါ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထိုသူတို့ဆီသို့ တိုက်ရိုက် ပြေးဝင်သွားရာ သူ၏ကိုယ်ဟန်မှာ လေထုအတွင်း၌ ရှင်းလင်းလှသော လေလှိုင်းတစ်ခုကို ချန်ထားရစ်ခဲ့သည်။
သို့သော်လည်း လော့ချန် အနားသို့ ရောက်ရှိလာသည့် ခဏအတွင်းမှာပင် ကျူးလင်းမေ၏ ဘေးတွင် ရှိနေသော ဖန်ယွဲ့ယန်သည် ရုတ်တရက် ရှေ့သို့ ထွက်လာခဲ့ပြီး လော့ချန်၏ မျက်လုံးများကို စိုက်ကြည့်လျက် ဆိုလိုက်သည်။
“လာစမ်း... ငါ့ရဲ့ လက်သီးတစ်ချက်ကို ခံစားကြည့်စမ်း... မင်းက ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ရဲ့လားဆိုတာ ငါ ကြည့်ချင်တယ်...”
“ဘုန်း...”
နီရဲလှသော မီးလျှံများသည် ဖန်ယွဲ့ယန်၏ လက်သီးပေါ်တွင် လောင်ကျွမ်းလာခဲ့ပြီး လော့ချန်ထံသို့ လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်ရာ ပြင်းထန်လှသော လက်သီးချီမှာ ဧရာမ မီးလှိုင်းကြီးတစ်ခုအလား ရှေ့မှ အရာအားလုံးကို ကြိတ်ခြေကာ တိုးဝင်သွားတော့သည်။
“ချိုးဖျက်စမ်း...”
လော့ချန်၏ အမူအရာမှာ မပြောင်းလဲဘဲ လက်သီးချီ၏ အလယ်ဗဟိုတည့်တည့်သို့ ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်သည်။
“ဘုန်း...”
လက်သီးချီမှာ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ပြီး ဧရာမ မီးလှိုင်းကြီးမှာလည်း အလယ်မှနေ၍ နှစ်ခြမ်း ကွဲသွားတော့သည်။
လော့ချန်၏ ကိုယ်ဟန်မှာ ဝင်းလက်သွားခဲ့ပြီး ထိုသူနှစ်ဦး၏ ရှေ့သို့ သာသာယာယာ ဆင်းသက်လိုက်ကာ သူ၏မျက်ဝန်းများမှာ အနည်းငယ် တည်ကြည်သွားခဲ့ပြီး ထက်မြက်သော အကြည့်ဖြင့် မေးမြန်းလိုက်သည်။
“ဘာသဘောလဲ...”
ကျူးလင်းမေသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး ရှင်းပြလိုက်သည်။
“လော့ချန်... ဒါက အထင်လွဲတာပါ... ဖန်ယွဲ့ယန်... ရှင် ဘာလုပ်နေတာလဲ...”
“စိတ်ချပါ... ငါက သူ့ကို စမ်းကြည့်ရုံတင်ပါ... အတည်တိုက်တာ မဟုတ်ဘူး...”
ဖန်ယွဲ့ယန်သည် ဂရုမစိုက်ဘဲ ပခုံးတွန့်ပြလိုက်ကာ လော့ချန်ကို တစ်ချက် အကဲခတ်လျက် ဆိုလိုက်သည်။
“မဆိုးပါဘူး... ငါ့ရဲ့ အပျော်တိုက်ကွက်ကိုတောင် ချိုးဖျက်နိုင်တယ်ဆိုတော့ အစွမ်းတော့ ရှိသားပဲ... စီနီယာဖုကို အနိုင်ယူနိုင်တာ မဆန်းတော့ဘူးပေါ့...”
လော့ချန်သည် မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိဘဲ အေးစက်စွာ ဆိုလိုက်သည်။
“မင်း ငါ့ကို တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ငါ အချိန်မရွေး အဖော်ပြုပေးနိုင်ပါတယ်...”
လော့ချန်၏ စကားထဲမှ စိန်ခေါ်မှုကို ဖန်ယွဲ့ယန် မကြားဘဲ နေမည်မဟုတ်ပေ။ သူ၏မျက်ဝန်းထဲ၌ အလင်းတန်းများ ပိုမို၍ ပြင်းထန်လာတော့သည်။
“အိုး... ဒါက မင်းကိုယ်တိုင် ပြောတာနော်... ဒီတိုက်ပွဲကြီး ပြီးအောင်ပဲ စောင့်လိုက်ရအောင်...”
“လော့ချန်...”
နူးညံ့သိမ်မွေ့လှသော အသံတစ်ခုမှာ ဘေးနားမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ရောက်လာသူကို မြင်ရသည့်အခါ ဖန်ယွဲ့ယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်များနှင့်အတူ ထူးခြားသော အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။
ရောက်လာသူမှာ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်စင်းကို ချိတ်ဆွဲထားကာ တည်ငြိမ်အေးဆေးလှသော အငွေ့အသက်များ ရှိနေသည့် လော့ရှားဂိုဏ်း၏ အတွင်းစည်းတပည့်ခေါင်းဆောင် ယူလန်ရှင်းပင် ဖြစ်၏။
အခန်း ၆၃၉ ပြီးပါပြီ။