← Chapters

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း (၆၄၀-၆၄၂)

Vol. 43 Ch. 640-642

အခန်း ၆၄၀ - ယင်းလီ ရောက်လာပြီ

“မတွေ့တာ ကြာပြီနော်...”

ယူလန်ရှင်းသည် လော့ချန်ကို ကြည့်ကာ ပြုံးပြလိုက်ရာ သူမ၏မျက်နှာမှာ အလွန်ပင် တောက်ပဝင်းပနေတော့သည်။

ယခင်က လော့ရှားဂိုဏ်းတွင် နှစ်ဦးယှဉ်ပြိုင်စဉ်က လော့ချန်သည် အချိန်မီ လက်ပြန်ရုပ်ပေးခဲ့ရုံတင်မကဘဲ သရေရလဒ်ဖြင့် သူမ၏သိက္ခာကိုပါ ထိန်းသိမ်းပေးခဲ့သဖြင့် စိတ်ထဲမှ အလွန်ပင် ကျေးဇူးတင်နေမိခြင်း ဖြစ်၏။ မဟုတ်ပါက ဂိုဏ်းတူညီမများစွာ၏ရှေ့တွင် ရှုံးနိမ့်ခဲ့မည်ဆိုလျှင် သူမအတွက် အတော်ပင် ရှက်စရာကောင်းနေလိမ့်မည် မဟုတ်ပါလော။

လော့ချန်သည် ယူလန်ရှင်းကို တစ်ချက် အကဲခတ်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။

“ကြည့်ရတာ ဒီအတောအတွင်း မင်းရဲ့ တိုးတက်မှုကလည်း မသေးဘူးပဲ...”

ဓားဆန္ဒမှာ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ လော့ချန်သည် အရှိန်အဝါများကို အကဲခတ်ရာတွင် ပိုမို၍ ထက်မြက်လာခဲ့ပြီး ယခင်တိုက်ပွဲနှင့် နှိုင်းယှဉ်လျှင် ယူလန်ရှင်း၏ ကိုယ်မှ ထွက်ပေါ်နေသော ဓားအရှိန်အဝါမှာ သိသိသာသာ သန်မာလာသည်ကို သတိပြုမိလိုက်ခြင်း ဖြစ်၏။

“မင်းနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ကွာပါသေးတယ်...”

ယူလန်ရှင်းသည် လေသံအေးအေးဖြင့် ခေါင်းခါယမ်းလိုက်ပြီး ဖန်ယွဲ့ယန်နှင့် ကျူးလင်းမေတို့ကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။

“ငါတို့ တခြားတစ်နေရာမှာ သီးသန့် စကားပြောလို့ ရမလား...”

လော့ချန်၏ မျက်ဝန်းများမှာ လှုပ်ရှားသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ရတာပေါ့...”

နှစ်ဦးသားမှာ ဘေးနားရှိ ဟင်းလင်းပြင်တစ်ခုဆီသို့ ယှဉ်တွဲ၍ လျှောက်လှမ်းသွားကြတော့သည်။

ဤမြင်ကွင်းမှာ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ပါရမီရှင်များ၏ အကြည့်ကို ဆွဲဆောင်သွားခဲ့ပြီး ထိုအကြည့်များထဲတွင် အားကျမှုများ၊ နားမလည်နိုင်မှုများအပြင် မနာလိုဖြစ်နေသည့် အရိပ်အယောင်များမှာ ပို၍ပင် များပြားလှပေသည်။

ယူလန်ရှင်းဆိုသည်မှာ မည်သူနည်း။ ဂိုဏ်းသားများအားလုံး၏ စိတ်ကူးထဲမှ နတ်ဘုရားမလေးများရှိရာ လော့ရှားဂိုဏ်း၏ အတွင်းစည်းတပည့်ခေါင်းဆောင် မဟုတ်ပါလော။ မကြာသေးမီကပင် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားသည်ဟူသော သတင်းထွက်ပေါ်ထားသည့် ပါရမီရှင် ဓားသမားတစ်ဦးဖြစ်သလို၊ လော့ရှားဂိုဏ်း၏ အလှပဆုံး အမျိုးသမီးနှစ်ဦးအနက် တစ်ဦးလည်း ဖြစ်ရာ ပါရမီရော အလှအပပါ ပြည့်စုံသဖြင့် မရေမတွက်နိုင်သော အမျိုးသားတပည့်များ၏ စိတ်ကူးယဉ် အိမ်မက်လည်း ဖြစ်ပေသည်။

သို့သော်လည်း ယူလန်ရှင်းသည် စိတ်သဘောထား အေးဆေးတည်ငြိမ်သူဖြစ်ပြီး လော့ရှားဂိုဏ်းအတွင်း၌သာ တံခါးပိတ် ကျင့်ကြံလေ့ရှိသဖြင့် လောကအနှံ့ လှည့်လည်သွားလာခြင်း မရှိသဖြင့် သူမနှင့် စကားတစ်ခွန်း ပြောနိုင်ရန်ပင် အလွန်ခက်ခဲလှပေသည်။

ယခုအခါတွင်မူ ထိုယူလန်ရှင်းက လော့ချန်ကို ကိုယ်တိုင် လာရောက်ရှာဖွေရုံတင်မကဘဲ နှစ်ဦးသားမှာ အလွန်ပင် ရင်းနှီးနေသကဲ့သို့ ရှိနေသဖြင့် လူအများအပြားမှာ စိတ်ထဲမှ မခံမရပ်နိုင် ဖြစ်နေကြတော့သည်။

ကျူးလင်းမေလည်း အနည်းငယ် အံ့အားသင့်သွားရသည်။

‘လော့ချန်က ယူလန်ရှင်း နဲ့တောင် သိနေတာလား... ကြည့်ရတာ တော်တော်လေးလည်း ရင်းနှီးပုံရတယ်...’

ထိုသူနှစ်ဦးမှာ နာမည်ရော အဆင့်အတန်းပါ အလွန်ပင် ကွာခြားလှသဖြင့် ပုံမှန်ဆိုလျှင် ပတ်သက်မှု ရှိစရာ အကြောင်းမရှိပေ။

“တကယ်ကို နားလည်ရခက်တဲ့ကောင်ပဲ...”

ဖန်ယွဲ့ယန်က လေသံမာမာဖြင့် တစ်ခွန်းဆိုလိုက်ပြီး လော့ချန်ကို စိုက်ကြည့်နေမိသည်။ စကားအဆုံးတွင် သူသည် ကိုယ်ကို လှည့်ကာ အနီးဆုံးရှိ သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးထံသို့ ပြေးဝင်သွားပြီး လက်သီးတစ်ချက်တည်းနှင့်ပင် ထိုသူကို အသားစများအဖြစ် ကြိတ်ခြေပစ်လိုက်တော့သည်။

အကွာအဝေးတစ်ခုသို့ ရောက်ရှိပြီးနောက် ယူလန်ရှင်းသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ဆိုလိုက်သည်။

“စောစောက မင်းတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ ရွှမ်ဟယ်စာရင်း အဆင့် ၈ မှာ ရှိတဲ့ ကျိုးယွမ်ချင်း ငါ့ဆီ လာခဲ့သေးတယ်...”

“အိုး...”

လော့ချန် မျက်ခုံးပင့်လိုက်မိသည်။

“သူက မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံးကို ဆုလာဘ်အဖြစ် ပေးပြီး မင်းရဲ့ အသက်ကို ယူပေးဖို့ ငါ့ကို အကူအညီ တောင်းတာလေ... ဒါပေမဲ့ ငါ ငြင်းလိုက်တယ်...”

စကားပြောနေစဉ်မှာပင် ယူလန်ရှင်းသည် ဖန်ယွဲ့ယန် ရှိရာ အရပ်မျက်နှာသို့ တစ်ချက်ကြည့်ကာ မှာကြားလိုက်သည်။

“မင်း သတိထားပါဦး... မြေကမ္ဘာဝိညာဉ်ဆေးလုံး ဆိုတာက စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ရတနာဆေးလုံးလေ... ဘယ်သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူမှ ဒါကို ငြင်းပယ်နိုင်မှာ မဟုတ်ဘူး...”

သူမ ကိုယ်တိုင် လာရောက် သတိပေးခြင်းမှာ လော့ချန် တစ်စုံတစ်ဦး၏ လုပ်ကြံမှုကို ခံရမှာ စိုးရိမ်သောကြောင့် ဖြစ်၏။

လော့ချန်၏ အစွမ်းကို သူမ ယုံကြည်ထားသော်လည်း အလင်းတွင် ရှိသော မြှားကို ရှောင်ရလွယ်သော်လည်း အမှောင်ထဲမှ မြှားကိုမူ ကာကွယ်ရန် ခက်ခဲသည်မဟုတ်ပါလော။

လော့ချန်က ပြုံးလျက် ဆိုလိုက်သည်။

“ဒီကိစ္စကို ငါ သိပြီးသားပါ...”

“မင်း သိနေတာလား...”

ယူလန်ရှင်း အနည်းငယ် နားမလည်သလို ဖြစ်သွားသော်လည်း ချက်ချင်းပင် နားလည်သွားပြီး ပြုံးလိုက်သည်။

“ကြည့်ရတာ ငါက အပိုတွေ စိုးရိမ်နေမိတာပဲ...”

ကျိုးယွမ်ချင်းသည် သူမထံသို့ ရောက်ရှိလာခြင်းမှာ အခြားနည်းလမ်း မရှိတော့သဖြင့် ရွေးချယ်လိုက်ခြင်းသာ ဖြစ်ရမည်ဖြစ်ပြီး သူမ၏ရှေ့တွင် အခြားလူများကိုလည်း ရှာဖွေခဲ့မှာ သေချာလှပေသည်။

ထိုသူများ၏ အဆုံးသတ်မှာမူ...

လော့ချန် ဤနေရာတွင် ဘေးကင်းစွာ ရပ်နေနိုင်ခြင်းကပင် အဖြေများစွာကို ပေးနေပြီ ဖြစ်ပေသည်။

“ကျိုးယွမ်ချင်း အခု ဘယ်မှာလဲဆိုတာ မင်း သိလား...”

လော့ချန်က မေးမြန်းလိုက်သည်။ ယူလန်ရှင်းက ခေါင်းခါယမ်းပြလိုက်သည်။

“မသိဘူး... ငါ ငြင်းလိုက်ပြီးတဲ့နောက် သူ ထွက်သွားတာပဲ... ကြည့်ရတာတော့ တခြားလူတွေကို ထပ်ပြီး သွားရှာနေပုံရတယ်...”

လော့ချန် ခေါင်းညိတ်လိုက်ပြီး စစ်တလင်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုကာ စိတ်ဝိညာဉ်စွမ်းအားဖြင့် ကျိုးယွမ်ချင်းကို ရှာဖွေရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ဤနေရာတွင် နေရာအနှံ့ သတ်ဖြတ်နေကြသဖြင့် ချီစွမ်းအင်များမှာ အလွန်ပင် ရှုပ်ထွေးနေရုံတင်မကဘဲ တောင်ကြီး၏ ထူးဆန်းလှသော အရှိန်အဝါကြောင့် သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် လူတစ်ယောက်ကို လိုက်လံရှာဖွေရန်မှာ သမုဒ္ဒရာအတွင်း အပ်ရှာသကဲ့သို့ ခက်ခဲလှပေသည်။

ထိုအချိန်တွင် ဖန်ယွဲ့ယန်တို့ အဖွဲ့မှာ တောင်ထိပ်ဆီသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်နေကြပြီး ထိုသူတို့နှင့် လော့ချန်တို့ကြားတွင် မီတာ ရာနှင့်ချီ၍ ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။

ယူလန်ရှင်းသည် တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်ပြီး ဆိုလိုက်သည်။

“ငါတို့လည်း အမြန်ဆုံး တက်သွားကြရအောင်... ဒီနေရာက တကယ့်ကို ထူးဆန်းနေတယ်လို့ ငါ ခံစားနေရတယ်...”

“အိုး... မင်းလည်း အဲဒီလို ခံစားနေရတာလား...”

“ဘာကို ခံစားရတာလဲ...”

ယူလန်ရှင်းသည် လော့ချန်ကို အံ့အားသင့်စွာ ကြည့်လျက် ဆိုလိုက်သည်။

“ငါကတော့ မသက်မသာဖြစ်တဲ့ အလိုလိုသိစိတ်တစ်ခုကို ခံစားနေရတာပဲ... ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာတော့ အသေအချာ မသိဘူး... မင်းက သိလို့လား...”

လော့ချန်သည် ခေတ္တမျှ စဉ်းစားနေပြီးနောက် ရှင်းပြလိုက်သည်။

“မင်းရဲ့ ခံစားချက်က မမှားပါဘူး... ဒီတောင်ကြီးက တကယ့်ကို ထူးဆန်းနေတာ... အမှန်တကယ်တော့ သေဆုံးသွားတဲ့သူတွေရဲ့ အနှစ်သာရသွေးတွေက အမြဲတမ်း စုပ်ယူခြင်း ခံနေရပြီး တောင်ကြီးရဲ့ အတွင်းပိုင်းဆီကို စီးဆင်းသွားနေတာပဲ...”

“တကယ်ပဲလား...”

ယူလန်ရှင်း၏ မျက်နှာမှာ တစ်ချက် တုန်လှုပ်သွားခဲ့ပြီး လော့ချန်ကို အသေအချာ စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

“မင်း သေချာလား...”

“အင်း... ငါလည်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့တာပါ...”

ယူလန်ရှင်းသည် ခဏမျှ စဉ်းစားနေပြီးနောက် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။

“ဒါက တကယ့်ကို သာမန်ကိစ္စ မဟုတ်တော့ဘူး... သွေးဝိညာဉ်ဂိုဏ်းရဲ့ အကြံအစည် တစ်ခုခု ဖြစ်ရမယ်... သေချာပေါက် ကာကွယ်ရမယ်... ငါ အခုပဲ လူလွှတ်ပြီး စီနီယာအစ်မ ယင်းလီကို သတင်းပို့ခိုင်းလိုက်မယ်...”

ယူလန်ရှင်းသည် ချက်ချင်းပင် လော့ရှားဂိုဏ်း တပည့်တစ်ဦးကို ယင်းလီထံသို့ သတင်းပေးပို့ရန် စေလွှတ်လိုက်တော့သည်။

ထွက်ခွာသွားသော တပည့်ကို ကြည့်လျက် လော့ချန်သည် အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့ပြီး နှုတ်ခမ်းကို သပ်လိုက်ကာ မေးမြန်းလိုက်သည်။

“ယင်းလီလည်း ဒီကို ရောက်နေတာလား...”

လော့ချန်၏ အမူအရာကို ယူလန်ရှင်း သတိမထားမိဘဲ ခေါင်းညိတ်ပြလိုက်သည်။

“အင်း... ဒီတစ်ခေါက် နက်မှောင်တောင်တန်းကို စီနီယာအစ်မ ယင်းလီ ကိုယ်တိုင် လိုက်ပို့ပေးခဲ့တာလေ... ဒါနဲ့... အရင်က သူ နင့်အကြောင်းကိုတောင် တစ်ခါ ပြောဖူးသေးတယ်... ဒါပေမဲ့ နင်က အခုထိ ပေါ်မလာသေးဘူး ဖြစ်နေတာလေ...”

“ငါ့အကြောင်းကို ပြောတယ် ဟုတ်လား... သူ အခု ဘယ်မှာလဲ...”

လော့ချန် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူသည် ကျောပြင်တွင် ဆူးနှင့် ထိုးခံရသကဲ့သို့ ခံစားလိုက်ရပြီး ယင်းလီ၏ နှစ်ပေါင်းသောင်းချီ အေးစက်လှသော အကြည့်များက သူ့ကို စိုက်ကြည့်နေသကဲ့သို့ပင် ခံစားလိုက်ရသဖြင့် အရေပြားများမှာပင် အေးစက်လာတော့သည်။

ယူလန်ရှင်းကမူ ဘာမှ မသိဘဲ လော့ချန်ကို ရှင်းပြလိုက်သည်။

“ငါတို့ မယှဉ်နိုင်တဲ့ မဟာသန်မာသူကြီးတွေ ထွက်ပေါ်မလာသရွေ့တော့ သူတို့တွေက လူကိုယ်တိုင် ထွက်လာမှာ မဟုတ်ပါဘူး...”

“ဒီလို လုပ်တာက ပထမအချက်အနေနဲ့ ငါတို့ကို ကျင့်ကြံစေချင်တာဖြစ်ပြီး၊ ဒုတိယအချက်ကတော့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အကြီးအကဲတွေ တိုင်ပင်ထားတဲ့ ရလဒ်ကြောင့်ပဲ... ဂိုဏ်းတစ်ခုချင်းစီက သတ်ဖြတ်နိုင်တဲ့ သွေးဝိညာဉ်ဂိုဏ်းဝင် အရေအတွက်ပေါ် မူတည်ပြီးတော့မှ သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်းကနေ ရရှိမယ့် အကျိုးအမြတ်တွေကို ခွဲဝေကြမှာလေ... ဒါတွေက စီနီယာအစ်မ ယင်းလီ ပြောပြလို့ ငါ သိရတာပါ... အသေးစိတ်ကိုတော့ ငါလည်း သိပ်မသိဘူး...”

လော့ချန် ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှမူ ယင်းလီ ဆိုသည့် ထိုအမျိုးသမီးနှင့် မတွေ့ဆုံရပါစေနှင့်ဟုသာ ဆုတောင်းနေမိတော့သည်။

ယခင်က ခုနစ်ရောင်ရေကန်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများအတွက် ကိစ္စသုံးခု ကူညီပေးမည်ဆိုပါက ထပ်မံ၍ အပြစ်မယူတော့ဟု ယင်းလီက ကတိပေးထားခဲ့သော်လည်း... အကယ်၍သာ ထိုအမျိုးသမီးက စိတ်ပြောင်းသွားခဲ့မည်ဆိုလျှင်...

ယင်းလီ၏ အစွမ်းနှင့်ဆိုလျှင် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် မပြောနှင့်၊ စစ်မှန်သော ဓားဆန္ဒကိုပင် နားလည်ထားခဲ့လျှင်ပင် တစ်ဖက်လူ၏ ရေခဲအရှိန်အဝါအောက်တွင် မျက်စိတစ်မှိတ်အတွင်း ရေခဲတုံး ဖြစ်သွားမှာ သေချာလှပေသည်။

“သွားရအောင်... တောင်ထိပ်ကို ရောက်မှပဲ ဒီနေရာမှာ ဘာတွေ ဖုံးကွယ်ထားလဲဆိုတာကို သိရမှာပေါ့...”

ယူလန်ရှင်းသည် စကားတစ်ခွန်း ချန်ထားရစ်ပြီးနောက် တောင်ထိပ်ဆီသို့ ဦးဆောင်၍ ပြေးတက်သွားတော့သည်။

လော့ချန်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

မကြာမီမှာပင် သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ သူတို့နှစ်ဦးထံသို့ တိုက်ခိုက်လာကြရာ အားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်သန်မာသူများ ဖြစ်ကြသည်။ ရှေ့ဆုံးမှ တိုက်ခိုက်နေသူများမှာ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် အင်အားစုအသီးသီးမှ ထိပ်သီးမျိုးဆက်သစ်များ ဖြစ်ကြသဖြင့် ကျင့်ကြံဆင့် နိမ့်ကျသူများမှာ ဤစစ်မျက်နှာပြင်တွင် ရှင်သန်ရန် အလွန်ခက်ခဲလှသောကြောင့် ဖြစ်၏။

“ရေပြင်လတာပြင်...”

ယူလန်ရှင်းသည် စိတ်သဘောထား နူးညံ့သူဟု ထင်ရသော်လည်း တိုက်ခိုက်သည့်အခါတွင်မူ အလွန်ပင် ပြတ်သားလှပေသည်။ သူမသည် ဓားကို တစ်ချက်လှုပ်ရှားလိုက်ရာ ထက်မြက်လှသော ပွင့်လင်းမြင်သာသည့် ဓားချီများစွာမှာ အလွှာလိုက် ပေါ်ထွက်လာခဲ့ပြီး ဖြူလွလွ အလင်းတန်းများအလား ရေလှိုင်းကြီးများကဲ့သို့ ရှေ့သို့ ပျံ့နှံ့သွားတော့သည်။

“ဖူး... ဖူး... ဖူး...”

ရှေ့ဆုံးမှ ပြေးဝင်လာသော သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ အသားကြိတ်စက်အတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ရှိနေခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များမှာ တစ်ခဏချင်းမှာပင် အကြိမ်ပေါင်း ထောင်ချီ၍ အဖြတ်ခံလိုက်ရသဖြင့် သွေးမြူတိမ်များ ဖုံးလွှမ်းသွားတော့သည်။

ယူလန်ရှင်းက ရှေ့မှ လမ်းဖောက်ပေးနေသဖြင့် လော့ချန်မှာမူ အတော်ပင် သက်သာသွားခဲ့ပြီး လွတ်ထွက်လာသည့် ရန်သူအနည်းငယ်ကိုသာ အသာအယာ ဖြေရှင်းပေးလိုက်ရုံသာ ဖြစ်၏။

ကိုယ်ဟန်အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် ထိုသူနှစ်ဦးမှာ ဖန်ယွဲ့ယန်တို့အဖွဲ့ကို မီသွားခဲ့ပြီး စစ်မျက်နှာပြင်၏ ရှေ့တန်းသို့ ရောက်ရှိလာကြသည်။

ဖန်ယွဲ့ယန်သည် ထိုသူနှစ်ဦးကို မြင်တွေ့လိုက်ရသည့်အခါ မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု ဝင်းလက်သွားပြီး သူ၏ကိုယ်မှ အရှိန်အဟုန်မှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ရာ တစ်ကိုယ်လုံးတွင် တောက်ပလှသော မီးလျှံနေဝန်းကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုနေဝန်းကြီးမှာ ကြိတ်ဆုံတစ်ခုအလား ကြီးမားလှပြီး ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသဖြင့် ပတ်ဝန်းကျင်ရှိ လေထုမှာပင် ပွက်ပွက်ဆူလာတော့သည်။

“နေမင်းလက်သီး...”

ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီးနောက် ဖန်ယွဲ့ယန်သည် လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်သည်။

“ဘုန်း...”

တောက်ပလှသော လက်သီးချီမှာ နေ့လယ်ခေါင်တွင် ထွက်ပေါ်လာသော နေမင်းတစ်စင်းအလား ရှေ့မှ အရာအားလုံးကို ကြိတ်ခြေသွားခဲ့ပြီး လမ်းပိတ်နေသော သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ လက်သီးချီ၏ ဖိနှိပ်မှုအောက်တွင် နေရာမှာတင် သေဆုံးကုန်ကြရသည်။ ကျင့်ကြံဆင့် နိမ့်ကျသူများမှာမူ အသားစများပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားရကာ တောင်ပေါ်တွင်လည်း မည်းတူးနေသော သွေးကျင်းကြီးတစ်ခု ပေါ်ထွက်လာသဖြင့် ကြည့်ရသည်မှာ ထိတ်လန့်စရာ ကောင်းလှပေသည်။

“ဟားဟားဟား...”

လက်သီးတစ်ချက် ထိုးနှက်လိုက်ပြီးနောက် ဖန်ယွဲ့ယန်သည် အားရပါးရ ရယ်မောလိုက်ပြီး လော့ချန်ကို လှည့်ကြည့်လျက် ဂုဏ်ယူနေသည့် အမူအရာ ပြလိုက်တော့သည်။

အခန်း ၆၄၀ ပြီးပါပြီ။

အခန်း ၆၄၁ - စိန်ခေါ်ခြင်း... သွေးဝိညာဉ်ဂိုဏ်း၏ အခြေခံအရင်းအမြစ်

ယူလန်ရှင်း၏ ဘေးတွင် လိုက်ပါလာသော လော့ချန်ကို မြင်သည့်အခါ ဖန်ယွဲ့ယန်သည် စိတ်ထဲမှ ကျေနပ်နေမိသည်။

‘မြင်တယ်မဟုတ်လား... ဒါက ရွှမ်ဟယ်စာရင်း နံပါတ်တစ် ရဲ့ အစွမ်းပဲ... မင်း ငါ့ကို စိန်ခေါ်ချင်တယ်ဆိုရင်တော့ အဝေးကြီး လိုသေးတယ်...’

ဒါက လော့ချန်၏ စောစောက စိန်ခေါ်မှုကို သူက လက်တွေ့ပြသလိုက်ခြင်း ဖြစ်၏။

ဓားသမားတစ်ဦး၏ အာရုံခံနိုင်စွမ်းမှာ မည်မျှအထိ ထက်မြက်သနည်း။ အထူးသဖြင့် ဓားဆန္ဒကို နားလည်ထားသူဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိပေ။

ဖန်ယွဲ့ယန်၏ ပြင်းထန်လှသော အကြည့်ကို ယူလန်ရှင်း ချက်ချင်း သတိပြုမိသွားသည်။ သူမသည် နှုတ်ခမ်းလေးကို အသာအယာ စိလိုက်ပြီး လော့ချန်ကို တိုးညင်းစွာ ပြောလိုက်သည်။

“ဖန်ယွဲ့ယန် က မင်းကို တော်တော်လေး အာရုံစိုက်နေပုံရတယ်နော်...”

လော့ချန်လည်း ၎င်းကို သတိပြုမိပေသည်။

သူသည် အေးဆေးတည်ငြိမ်စွာ နေတတ်သူဖြစ်သော်လည်း အခြားသူများ၏ အထင်သေးခြင်းကိုမူ အလိုမရှိပေ။ သူသည် ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး ကိုယ်မှ ချီစွမ်းအင်များကို တုန်ခါစေကာ အရှိန်အဟုန် စုစည်းလိုက်ရာ ကျောပြင်ထက်တွင် တောင်တန်းများစွာ၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာပြီး လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်သည်။

“မဟာတောင်ကြီး ငါးသွယ် အိုးကြီးအသွင်ပြောင်းခြင်း... တောင်ခွင်းလက်သီး...”

တောင်တန်းပုံရိပ်ယောင်များမှာ စုစည်းသွားခဲ့ပြီး ခြေသုံးချောင်းနှင့် နားနှစ်ဖက်ရှိသော ဧရာမ အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားကာ ရှေ့မှ ပြေးဝင်လာသော သွေးဝိညာဉ်ဂိုဏ်းဝင်များအပေါ်သို့ တောင်ကြီးတစ်လုံးအလား ဖိနှိပ်ကျရောက်သွားတော့သည်။

“ဘုန်း...”

မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး မာကျောလှသော ကျောက်ဆောင်များမှာ ပွင့်ထွက်သွားကာ လေးထောင့်ပုံသဏ္ဌာန် ကျင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ထိုအတိုင်းအတာအတွင်းရှိ သွေးဝိညာဉ်ဂိုဏ်းဝင်များအားလုံးမှာ ကြိတ်ခြေခြင်း ခံလိုက်ရပြီး မြေကြီးထဲသို့ နစ်ဝင်သွားကြရာ ဤဖျက်ဆီးနိုင်စွမ်းမှာ ဖန်ယွဲ့ယန်၏ လက်သီးချက်ထက်ပင် မနိမ့်ကျလှဘဲ ပို၍ပင် ပြင်းထန်နေသယောင် ရှိနေတော့သည်။

“ဟဲဟဲ... ငါ့ကို လာပြီး စိန်ခေါ်နေတာပေါ့...”

ဖန်ယွဲ့ယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး ကျောပြင်ထက်ရှိ နေဝန်းပုံရိပ်မှာ အရှိန်အဝါ ပိုမိုပြင်းထန်လာကာ တစ်ကိုယ်လုံးတွင် မီးလှိုင်းများ တဟုန်းဟုန်း တောက်လောင်လာပြီး ရှေ့သို့ အရှိန်အဟုန်နှင့် ပြေးဝင်ကာ နေမင်းလက်သီးကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။

တူညီသော သိုင်းကွက်ဖြစ်သော်လည်း ယခုတစ်ကြိမ် အရှိန်အဟုန်မှာမူ လုံးဝ ကွာခြားလှပေသည်။ တောက်ပလှသော လက်သီးချီမှာ တောင်ကုန်းငယ်တစ်ခုအလား ကြီးမားလှပြီး မျက်နှာပြင်ပေါ်တွင် လိမ္မော်ရောင် မီးလျှံများ တောက်လောင်နေကာ ပြင်းထန်လှသော အပူရှိန်ကြောင့် လေထုမှာပင် ပျောက်ကွယ်ကုန်ကာ ကျောက်ဆောင်များမှာ အရည်ပျော်လာသဖြင့် စစ်မှန်သော နေမင်းတစ်စင်း ကောင်းကင်ယံမှ ကျဆင်းလာသကဲ့သို့ ရှိနေတော့သည်။

“ဂျိန်း...”

ကောင်းကင်ယံမှ မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသော အသံကြီးနှင့်အတူ တောက်ပလှသော အလင်းတန်းများမှာ သွေးဝိညာဉ်ဂိုဏ်းဝင်များကြားတွင် ပေါက်ကွဲထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများ ပျံ့နှံ့သွားကာ ထိုသူများမှာ လေထဲ၌တင် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်ကုန်ကြတော့သည်။

“တကယ်ကို အံ့ဩစရာပဲ... ဒီလက်သီးတစ်ချက်တည်းနဲ့တင် သွေးဝိညာဉ်ဂိုဏ်းဝင် ၂၀ နီးပါး သေသွားတာပဲ... အဲဒီထဲမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူ လေးငါးယောက်တောင် ပါသေးတယ်...”

“ရွှမ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်ခေါင်းဆောင် ပီသပါပေတယ်... လူငယ်မျိုးဆက်ရဲ့ ထိပ်ဆုံးမှာ ရှိတဲ့သူဆိုတော့ သာမန်အတွင်းစည်းတပည့်တွေနဲ့ ယှဉ်ရင် အများကြီး သန်မာလွန်းတယ်... ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးတောင် သူ့ကို မယှဉ်နိုင်ဘူး... အဆင့်အတန်းက လုံးဝ ကွာခြားနေတာပဲ...”

“ဒါကတော့ ဟုတ်တာပေါ့... ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အတွင်းစည်းတပည့်ခေါင်းဆောင်တွေဖြစ်တဲ့ ယွမ်ထျန်ယန်၊ ယူလန်ရှင်း၊ ဖန်ယွဲ့ယန် တို့ဆိုတာ ဘယ်သူကမှ မယှဉ်နိုင်တဲ့ ထိပ်သီးတွေလေ... တကယ်လို့ အစွမ်းအစစ်မရှိရင်လည်း ဒီနေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာ မဟုတ်ဘူး...”

ပွက်ပွက်ဆူနေသော ချော်ရည်ကျင်းကြီးကို ကြည့်လျက် ပတ်ဝန်းကျင်ရှိ လူငယ်မျိုးဆက်များမှာ မှင်တက်မိနေကြတော့သည်။

သူတို့သည်လည်း မိမိတို့၏ အင်အားစုများတွင် ပါရမီရှင်များ ဖြစ်ကြသော်လည်း ဖန်ယွဲ့ယန်၏ ရှေ့တွင်မူ မိမိကိုယ်မိမိ နိမ့်ကျသည်ဟု အလိုလို ခံစားနေရတော့သည်။

လူအများ၏ ပြောဆိုသံကို ကြားရသည့်အခါ ဖန်ယွဲ့ယန်သည် စိတ်လှုပ်ရှားတက်ကြွလာခဲ့ပြီး လော့ချန်ကို အဝေးမှနေ၍ တစ်ချက် လှမ်းကြည့်လိုက်သည်။

ဤလက်သီးချက်မှာ သူ၏ အစွမ်းကုန် မဟုတ်ဘဲ ၆၀၊ ၇၀ ရာခိုင်နှုန်းခန့်သာ ရှိသေးသော်လည်း လော့ချန်ကို ကြောက်ရွံ့သွားစေရန်အတွက် လုံလောက်လိမ့်မည်ဟု သူ ယုံကြည်နေခြင်း ဖြစ်၏။

သို့သော်လည်း နောက်တစ်ခဏတွင်...

လော့ချန်သည် လျှပ်စီးဓားကို မြှင့်တင်လိုက်ပြီး ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အဆင့်မြင့်ပိုင်းကို လှည့်ပတ်လိုက်ရာ ဝေဝါးလှသော ဓားပုံရိပ်ယောင်တစ်ခုမှာ သူ၏ကိုယ်မှ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး ပြင်းထန်လှသော ဓားအရှိန်အဝါကြောင့် လေထုမှာပင် လေဆင်နှာမောင်းအလား ဖြစ်ပေါ်လာတော့သည်။

“ကြယ်ကြွေခြင်း...”

လျှပ်စီးဓားမှာ ရုတ်တရက် ကျဆင်းလာခဲ့ပြီး ၎င်းမှာ ကောင်းကင်ပိုင်းဖြတ်ခြင်းဓားစွမ်းရည်၏ ပဉ္စမမြောက်သိုင်းကွက်ဖြစ်သော အတိုင်းအတာ ကျယ်ပြန့်သည့် "ကြယ်ကြွေခြင်း" ပင် ဖြစ်၏။

လူတိုင်း၏ အကြည့်အောက်တွင် မီတာတစ်ရာကျော် ရှည်လျားသော ဧရာမ ဓားချီကြီးတစ်ခုမှာ ရုတ်တရက် ကျဆင်းလာခဲ့ပြီး ပြင်းထန်လှသော ဓားဖိအားကြောင့် မျက်စိဖြင့် မြင်နိုင်သည့် ရှင်းလင်းသော နယ်မြေတစ်ခု ဖြစ်ပေါ်လာကာ ပွတ်တိုက်မှုကြောင့် မီးလျှံများ ပေါ်ထွက်လာသဖြင့် အဝေးမှ ကြည့်လျှင် ကြွေလွင့်လာသော ကြယ်တစ်လုံးအလား ရှိနေတော့သည်။

“ဘုန်း...”

ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ထိုနေရာတွင် ရှိနေသူတိုင်းမှာ ကောင်းကင်နှင့်မြေပြင် တုန်ခါသွားသည်ဟု ခံစားလိုက်ရသည်။

လေထုအတွင်းရှိ လေလှိုင်းများမှာ ရူးသွပ်စွာ တုန်ခါနေခဲ့ပြီး ရှေ့မှ တောင်ကုန်းပေါ်တွင် မီတာရာချီ ကျယ်ပြန့်သော ကျင်းကြီးတစ်ခု ပေါ်ထွက်လာကာ ပတ်ဝန်းကျင်တွင်လည်း အက်ကြောင်းများစွာ ရှုပ်ထွေးစွာ ထင်ကျန်နေတော့သည်။

“ဟင်... ကြောက်စရာကောင်းလိုက်တဲ့ ဓားသိုင်းပဲ...”

“ဒီဓားတစ်ချက်တည်းနဲ့တင် အနည်းဆုံး သွေးဝိညာဉ်ဂိုဏ်းဝင် ၃၀ လောက် သေသွားပြီ...”

“ဟင်... သူက ရွှမ်ယွမ်ဂိုဏ်း ရဲ့ အသစ်တက်လာတဲ့ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲက တစ်ယောက်ဖြစ်တဲ့ လော့ချန် ပဲ... သူက တကယ်ပဲ ထိပ်သီးမျိုးဆက်တပည့် အဆင့်ကို ရောက်နေတာပဲ... သာမန်အဆင့်တောင် မဟုတ်ဘူး... အနည်းဆုံး ထိပ်ဆုံး ငါးယောက်... မဟုတ်ဘူး... ထိပ်ဆုံး သုံးယောက်ထဲမှာတောင် ပါဝင်နိုင်တယ်...”

“မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ... သူက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာလို့ ပြောကြတယ်မဟုတ်လား...”

လူတိုင်း၏ အကြည့်မှာ လော့ချန်ထံသို့ စုပြုံရောက်ရှိလာကြပြီး လူတိုင်းမှာ မိစ္ဆာကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ဖြစ်နေကြတော့သည်။

ဘာပဲဖြစ်ဖြစ် ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့်ခေါင်းဆောင် ဖန်ယွဲ့ယန် သန်မာနေသည်မှာ လူတိုင်းသိထားသည့် အမှန်တရား ဖြစ်သော်လည်း လော့ချန်မှာမူ ထင်မှတ်မထားလောက်အောင် သန်မာနေခြင်း ဖြစ်၏။

ဤနှစ်ဦးက ပေးစွမ်းသည့် တုန်လှုပ်မှုမှာ အခြေခံအားဖြင့် ကွာခြားလှပေသည်။

ယူလန်ရှင်းပင်လျှင် ခေတ္တမျှ မှင်တက်မိသွားရသည်။ ဓားသမားအချင်းချင်း ဖြစ်သဖြင့် သူမသည် အခြားသူများထက် ပိုမို၍ မြင်တွေ့နိုင်ကာ လော့ချန်ကို မေးမြန်းလိုက်သည်။

“မင်းရဲ့ ဓားဆန္ဒက... ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အဆင့်မြင့်ပိုင်း ကို ရောက်သွားပြီလား...”

“ဟုတ်တယ်...”

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။

ယူလန်ရှင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သက်ပြင်းချလျက် ဆိုလိုက်သည်။

“အမှန်အတိုင်း ပြောရရင်... ငါ နင့်ကို ပိုပိုပြီး နားမလည်နိုင်တော့ဘူး...”

နှစ်ဦးသား ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က သူမ၏ ဓားဆန္ဒမှာ ၈၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အထွတ်အထိပ်အဆင့် ဖြစ်ပြီး လော့ချန်မှာမူ ၇၀ ရာခိုင်နှုန်းသာ ရှိသေးသည်။

ခုနစ်ရောင်စဉ်ရေကန်တွင် ကျင့်ကြံပြီးနောက်တွင် နှစ်ဦးကြား ကွာခြားမှုမှာ ရှိသော်လည်း အများကြီး မဟုတ်ပေ။

နှမြောစရာကောင်းသည်မှာ တိုတောင်းလှသော တစ်လ၊ နှစ်လအတွင်းမှာပင် လော့ချန်သည် သူမကို အဝေးကြီးတွင် ချန်ထားရစ်ခဲ့ခြင်း ဖြစ်ပေသည်။

ဤသည်က ယူလန်ရှင်းကို သူမ၏ ဓားလမ်းစဉ် ပါရမီအပေါ်တွင်ပင် သံသယ ဖြစ်သွားစေတော့သည်။ သူမကသာ ပါရမီရှင်ဆိုလျှင်...

‘လော့ချန်ကကော ဘာလဲ...’

‘မိစ္ဆာကောင်လား...’

အခြားတစ်ဖက်တွင်မူ ဖန်ယွဲ့ယန်၏ အကြည့်မှာ အုံ့မှိုင်းသွားခဲ့ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

လော့ချန်က သူ၏ ဂုဏ်သိက္ခာကို လုယူသွားခြင်းက တစ်ကြောင်း၊ စောစောက ဓားချက်ကြောင့် သူ၏စိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ စိုးရိမ်စိတ်တစ်ခု ဖြစ်ပေါ်လာခြင်းက တစ်ကြောင်းကြောင့် သူ အတော်ပင် ဒေါသထွက်နေခြင်း ဖြစ်၏။

‘ကောင်းပြီ... တိုက်ပွဲကြီး ပြီးသွားလို့ ငါတို့ နှစ်ယောက် တကယ် တိုက်ခိုက်ကြတဲ့အခါကျရင် မင်း ဒီလောက်အထိ ရမ်းကားနိုင်ဦးမလား ဆိုတာ ကြည့်ရတာပေါ့...’

ဖန်ယွဲ့ယန်သည် အရေးကြီးသည့်အရာကို မသိနားမလည်သူ မဟုတ်ပေ။ ယခုကဲ့သို့သော အချိန်မျိုးတွင် လော့ချန်နှင့် အနိုင်အရှုံး လုနေမှာ မဟုတ်ပေ။ ၎င်းအပြင် သူ၏ စိတ်ထဲတွင် လော့ချန်ကို ပြိုင်ဘက်အစစ်အမှန်အဖြစ်လည်း မယူဆသေးပေ။ မည်သို့ပင်ဆိုစေကာမူ စောစောက သူသည် အစွမ်းတစ်စိတ်တစ်ပိုင်းကိုသာ ထုတ်သုံးခဲ့ခြင်းဖြစ်ပြီး အတည်အတံ့ တိုက်ခိုက်ခြင်းပင် မဟုတ်သေးပေ။

လော့ချန်ကမူ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ဆိုသည့် သူ၏ ဝှက်ဖဲကို ထုတ်သုံးလိုက်ရပြီ ဖြစ်၏။ အစွမ်းကုန် မထုတ်သုံးခဲ့လျှင်ပင် အနည်းဆုံးတော့ ၈၀၊ ၉၀ ရာခိုင်နှုန်းသော တိုက်ခိုက်မှုစွမ်းအားကို သုံးစွဲခဲ့မှာ သေချာလှပေသည်။ မည်သူက သန်မာသနည်းဆိုသည်မှာ သိသာလှပေသည်။

ဖန်ယွဲ့ယန်သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လော့ချန်ကို ထပ်မံ၍ အာရုံမစိုက်တော့ဘဲ တောင်ထိပ်ဆီသို့သာ ဆက်လက်၍ တိုးဝင်သွားတော့သည်။

လော့ချန်နှင့် ယူလန်ရှင်းတို့လည်း ရပ်တန့်မနေဘဲ လက်ထဲမှ ဓားများကို ဝေ့ယမ်းကာ ဓားချီများဖြင့် ရောက်ရှိရာ အရပ်တိုင်းတွင် သွေးများနှင့် သေခြင်းတရားများကိုသာ ချန်ထားရစ်ခဲ့တော့သည်။

ထိုသူသုံးဦးမှာ ရန်သူ့တပ်ကို ဖောက်ထွက်နေကြပြီး လမ်းတစ်လျှောက် သွေးဝိညာဉ်ဂိုဏ်းဝင် မည်မျှ သတ်ဖြတ်ခဲ့သည်ကိုပင် မသိနိုင်တော့ဘဲ တောင်ပေါ်တွင် ရှင်းလင်းလှသော သွေးလမ်းကြောင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

မကြာမီမှာပင် ထိုသူသုံးဦးမှာ တောင်ထိပ်နှင့် မီတာ တစ်ထောင်ပင် မဝေးတော့သည့် နေရာသို့ ရောက်ရှိလာကြသည်။

“သေစမ်း...”

သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ တောင်ပေါ်မှ တစ်လှိုင်းပြီးတစ်လှိုင်း ပြေးဆင်းလာကြပြီး အားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ ဖြစ်ကြသည်။

လော့ချန်ပင်လျှင် မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

“ဘယ်လိုဖြစ်ပြီး သတ်လို့တောင် မကုန်နိုင်သလို ဖြစ်နေရတာလဲ...”

ယူလန်ရှင်းသည် လော့ရှားဂိုဏ်း၏ အတွင်းစည်းတပည့်ခေါင်းဆောင် ဖြစ်သဖြင့် အတွေ့အကြုံ များပြားလှရာ ရှင်းပြလိုက်သည်။

“သွေးဝိညာဉ်ဂိုဏ်းဝင်တွေက တခြားသူတွေရဲ့ အနှစ်သာရသွေးတွေကို သန့်စင်တာ၊ ဒါမှမဟုတ် အနှစ်သာရသွေးတွေနဲ့ အမျိုးမျိုးသော ယုတ်မာတဲ့ ဆေးလုံးတွေ ဖော်စပ်ပြီးတော့ ကိုယ့်ရဲ့ အလားအလာတွေကို နှိုးဆွပြီး ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်နိုင်ကြတယ်လေ... အနှစ်သာရသွေးသာ လုံလောက်မယ်ဆိုရင် သူတို့က သန်မာသူတွေကို အဆက်မပြတ် ဖန်တီးနိုင်ကြတာပဲ...”

“ဒါကလည်း ရှေးယခင်တုန်းက သွေးဝိညာဉ်ဂိုဏ်းဟာ ယွမ်လန်နယ်မြေအုပ်စုကို အုပ်စိုးပြီး အရှေ့နယ်မြေတစ်ခုလုံးကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ အခြေခံအရင်းအမြစ်ပဲပေါ့...”

အခန်း ၆၄၁ ပြီးပါပြီ။

အခန်း ၆၄၂ - ထူးသခင်၏ အမိန့်

ယူလန်ရှင်း၏ စကားကို ကြားရသည့်အခါ လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။ သူသည် သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော မြို့ရွာများကို ပြန်လည် မြင်ယောင်လာခဲ့သည်။ သွေးများ မြစ်သဖွယ် စီးဆင်းနေသည့် ထိုမြင်ကွင်းမှာ ယနေ့တိုင် သူ၏မျက်စိထဲတွင် မြင်ယောင်နေဆဲ ဖြစ်၏။

ယခင်က သွေးကျီးကန်းမဟာသန်မာသူနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့စဉ်က တစ်ဖက်လူက ပြောခဲ့ဖူးသည်။ မကြာမီသော အနာဂတ်တွင် သွေးဝိညာဉ်ဂိုဏ်းမှာ သေချာပေါက် ပြန်လည် အားကောင်းလာလိမ့်မည် ဟူ၍ ဖြစ်၏။ ထိုအချိန်ကျလျှင် တာယွဲ့မင်းဆက်၊ ယွမ်လန်နယ်မြေအုပ်စု သာမကဘဲ အရှေ့ကုန်းမြေကြီး တစ်ခုလုံးမှာပင် သွေးဝိညာဉ်ဂိုဏ်း၏ ကျွန်ပြုမှုကို ခံရပေလိမ့်မည်။

အကယ်၍ ထိုနေ့ ရောက်ရှိလာခဲ့မည်ဆိုလျှင် ၎င်းမှာ သေချာပေါက် ဧရာမ ကပ်ဘေးကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

သွေးဝိညာဉ်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် သာမန်လူများ၏ အခြေအနေမှာ တိရစ္ဆာန်များနှင့် မခြားတော့ဘဲ လူတိုင်းမှာ အမှောင်ဖုံးနေသော ငရဲခန်းကြီးအတွင်း၌ ရှင်သန်နေကြရမှာ ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် လော့ချန်သည် မဟာချူဧကရီကို အလိုလို ကြည်ညိုသွားမိသည်။ သူမသည် တစ်ကိုယ်တော် အစွမ်းဖြင့် အခြေအနေအရပ်ရပ်ကို ပြောင်းလဲစေခဲ့ပြီး သွေးဝိညာဉ်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းကာ ယွမ်လန်နယ်မြေအုပ်စုတစ်ခုလုံးကို ကပ်ဘေးမှ ကယ်တင်ခဲ့သည်မဟုတ်ပါလော။

ယူလန်ရှင်းသည် လော့ချန်၏ အမူအရာ ထူးဆန်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် လေသံကို ပြောင်းလဲလျက် ဆက်လက်ပြောကြားလိုက်သည်။

“စိတ်ချပါ... အရာရာမှာ ပေးဆပ်မှု ရှိပါတယ်... သွေးဝိညာဉ်ဂိုဏ်းဝင်တွေက ကိုယ့်ရဲ့ အလားအလာတွေကို နှိုးဆွပြီး အစွမ်းကို အလျင်အမြန် မြှင့်တင်နိုင်ကြပေမဲ့ အဲဒါက ကိုယ့်ရဲ့ အသက်ဇီဝကို လောင်ကျွမ်းစေတာလေ... သူတို့တွေက ယေဘုယျအားဖြင့် အသက်မရှည်ကြဘူး... သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေ၊ မဟာသန်မာသူကြီးတွေ ဖြစ်ရင်တောင် အသက်တစ်ရာအထိ ရှင်သန်နိုင်ခဲတယ်... လူအများစုကတော့ အသက် ၄၀၊ ၅၀ လောက်မှာတင် အနှစ်သာရသွေးတွေ ဆုတ်ယုတ်ကုန်ပြီး အသက်ဇီဝ ခန်းခြောက်ကုန်ကြတာပဲ...”

ပုံမှန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများနှင့် မဟာသန်မာသူကြီးများမှာ အသက်နှစ်ရာဝန်းကျင်အထိ ရှင်သန်နိုင်ကြသော်လည်း သွေးဝိညာဉ်ဂိုဏ်းဝင်များမှာမူ သက်တမ်းတစ်ဝက်ပင် မရှင်သန်နိုင်ကြပေ။

“ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့ အချက်ပဲ...”

လော့ချန်က ခေါင်းခါယမ်းလျက် ဆိုလိုက်သည်။

“စဉ်းစားကြည့်ပါ... လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အသက်မရှည်တော့ဘူးဆိုတာ သိနေပြီး အစွမ်းကလည်း အလွန်သန်မာနေမယ်ဆိုရင် ဘာလုပ်မလဲ...”

ယူလန်ရှင်း ခဏမျှ မှင်တက်မိသွားသည်။

လော့ချန်က ဆက်လက်၍ ဆိုလိုက်သည်။

“သူတို့တွေက သေချာပေါက်ကို ဘာကိုမှ ဂရုမစိုက်တော့ဘဲ စိတ်ကြိုက် သောင်းကျန်းကြမှာပဲ... ဘယ်လို စည်းကမ်း၊ ဘယ်လို တရားမျှတမှုကမှ သူတို့ကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး... အခု ဒီ သွေးဝိညာဉ်ဂိုဏ်းဝင်တွေကို ကြည့်လိုက်လေ... အားလုံးက သွေးဆာနေကြပြီး သေရမှာကိုလည်း လုံးဝ မကြောက်ကြဘူး... အကယ်၍ တာယွဲ့မင်းဆက်သာ သွေးဝိညာဉ်ဂိုဏ်းရဲ့ လက်ထဲ ရောက်သွားမယ်ဆိုရင် ငါတို့အားလုံးလည်း ငရဲကျတော့မှာပဲ...”

ဤသည်ကို ကြားရသည့်အခါ ယူလန်ရှင်းသည် စိတ်ထဲမှပင် အသက်ကို အားယူရှူလိုက်မိသည်။ သူမသည် ထိုအချက်အထိ မစဉ်းစားမိခဲ့ပေ။

အကယ်၍ လော့ရှားဂိုဏ်းသာ သွေးဝိညာဉ်ဂိုဏ်း၏ လက်အောက် ရောက်သွားမည်ဆိုလျှင်... ထိုအကျိုးဆက်ကို သူမ တွေးပင် မတွေးရဲတော့ပေ။

“သတ်ကြစမ်း...”

ထိုအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းဝင် အမြောက်အမြားမှာ တောင်ထိပ်ပေါ်မှ ပြေးဆင်းလာကြပြန်သည်။ အရေအတွက်မှာ ရာနှင့်ချီ၍ ရှိနေပြီး တစ်ဦးချင်းစီ၏ အရှိန်အဝါများမှာလည်း အလွန်ပင် သန်မာလှပေသည်။

“တိုက်ခိုက်ကြစမ်း...”

လော့ချန် စိတ်ကို ပြန်လည် စုစည်းလိုက်သည်။

ယခုအချိန်တွင် ဤမျှအထိ တွေးနေ၍လည်း အကျိုးမရှိပေ။ အစွမ်းကိုသာ အတတ်နိုင်ဆုံး မြှင့်တင်ရမှာ ဖြစ်ပေသည်။

သန်မာရမယ်၊ သန်မာရမယ်၊ ပိုပြီးတော့ သန်မာရမယ်။

ဒါမှသာလျှင် နောင်တစ်ချိန်တွင် မည်သည့် အပြောင်းအလဲနှင့်မဆို ရင်ဆိုင်နိုင်မှာ ဖြစ်ပေသည်။

“ဖူး...”

ဓားဆန္ဒများ လွှမ်းခြုံနေသဖြင့် လော့ချန်သည် ဓားဖြင့် တစ်ချက် ထိုးနှက်လိုက်ရာ ရှေ့မှ ပြေးဝင်လာသော သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦး၏ ဦးခေါင်းမှာ လွင့်စဉ်သွားခဲ့ပြီး လည်ပင်းမှ သွေးများမှာ စမ်းရေတွင်းတစ်ခုအလား ပန်းထွက်လာတော့သည်။

“ဝှစ်...”

လော့ချန်သည် ကိုယ်ဟန်ကို လှုပ်ရှားလိုက်ပြီး သွေးဝိညာဉ်ဂိုဏ်းဝင်များ အသိပ်သည်းဆုံး အရပ်မျက်နှာသို့ ပြေးဝင်သွားကာ သတ်ဖြတ်ခြင်းအတွင်း၌သာ အပြည့်အဝ နစ်မြုပ်လျက် သူ၏ သတ်ဖြတ်လိုသော ဓားဆန္ဒကို ထက်မြက်အောင် ပြုလုပ်နေတော့သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် လှည့်ပတ်ထားသဖြင့် လော့ချန်သည် အခြေခံဓားကွက်များကိုသာ အသုံးပြုနေသော်လည်း တစ်ကိုယ်လုံးတွင် ဓားအလင်းတန်းများ ဝင်းလက်နေခဲ့ပြီး ဓားကွက်များမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြန်ဆန်လာကာ ဓားချက်တိုင်းမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ပြောင်မြောက်လှပေသည်။

သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ တစ်ဦးပြီးတစ်ဦး လဲကျနေကြရပြီး ဒဏ်ရာများမှာလည်း သေကွင်းသေကွက်များပေါ်တွင်သာ ရှိနေသဖြင့် အားလုံးမှာ တစ်ချက်တည်းနှင့်ပင် အသတ်ခံလိုက်ကြရ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လော့ချန်သည် ရှေ့ဆုံးသို့ ရောက်ရှိသွားခဲ့ပြီး အခြားသူများနှင့် အကွာအဝေးတစ်ခု ကွာခြားသွားတော့သည်။

သူ၏ နောက်ဘက်တွင်မူ သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ အလောင်းများမှာ ဟိုဟိုဒီဒီ ပြည့်နှက်နေတော့သည်။

“ထူးဆန်းတယ်... အတူတူပဲဖြစ်တဲ့ အခြေခံဓားကွက်တွေကို သုံးနေတာတောင် သူ ထုတ်လိုက်တဲ့ ဓားချက်တိုင်းက ရှေ့က ဓားချက်ထက် ပိုမြန်ပြီး ပိုသန်မာလာသလိုပဲ...”

ကျူးလင်းမေသည် လော့ချန်၏ ကိုယ်ဟန်ကို ကြည့်လျက် သံသယများဖြင့် ရေရွတ်လိုက်သည်။

“ဘုန်း...”

ဖန်ယွဲ့ယန်သည် သွေးဝိညာဉ်ဂိုဏ်းဝင် အချို့ကို ကြိတ်ခြေပစ်လိုက်ပြီးနောက် ဂရုမစိုက်ဘဲ ဆိုလိုက်သည်။

“မင်း ထင်ယောင်ထင်မှား ဖြစ်တာနေမှာပါ...”

လော့ချန်၏ ဓားကွက်များမှာ ထက်မြက်သည်မှာ မှန်သော်လည်း ဖန်ယွဲ့ယန်၏ အမြင်တွင်မူ မည်မျှပင် ထက်မြက်ပါစေ၊ အခြေခံဓားကွက်မျှသာ ဖြစ်ပေသည်။

ယူလန်ရှင်း တစ်ဦးတည်းသာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားသည့် ဓားသမားတစ်ဦး ဖြစ်သဖြင့် သူမသည် အခြားသူများ မမြင်နိုင်သည့် အရာများကို မြင်တွေ့နိုင်ပေသည်။

ကျူးလင်းမေ၏ ခံစားချက်မှာ မမှားပေ။ လော့ချန်၏ ဓားချက်တိုင်းတွင် အစွမ်းများ တိုးတက်လာနေခြင်း ဖြစ်၏။ ဤတိုးတက်မှုမှာ အလွန်ပင် သေးငယ်လှသော်လည်း လော့ချန်နှင့် တိုက်ခိုက်ဖူးသည့်အပြင် ဓားဆန္ဒအဆင့်တူညီသော ယူလန်ရှင်း တစ်ဦးတည်းသာ ၎င်းကို ရိပ်စားမိခြင်း ဖြစ်ပေသည်။

‘တိုက်ပွဲကြီးကြားထဲမှာတောင် ဓားဆန္ဒကို နားလည်အောင် လုပ်နေတာလား... ကြည့်ရတာ တစ်ခုခုကိုလည်း နားလည်သွားပုံရတယ်... ဒီကောင်ရဲ့ ဓားလမ်းစဉ် ပါရမီက ဘယ်လောက်တောင် ကြောက်စရာကောင်းနေတာလဲ...’

အခြေခံဓားကွက်ဆိုသည်မှာ အခြေခံမျှသာ ဖြစ်သော်လည်း ၎င်းကို အသွင်ပြောင်းလဲသွားစေနိုင်သည်မှာ ဓားဆန္ဒသာ ဖြစ်ပေသည်။ ဤသည်က ယူလန်ရှင်းကို ဆွံ့အသွားစေတော့သည်။

သူမသည် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်သို့ ရောက်ရှိပြီးနောက် တိုးတက်မှု အနည်းငယ်ရရှိရန်ပင် အလွန်ခက်ခဲနေသော်လည်း လော့ချန်ကမူ အလွန်ပင် လွယ်ကူစွာ တိုးတက်နေသည်မဟုတ်ပါလော။

ဤကွာခြားမှုမှာ အမြဲတမ်း တည်ငြိမ်အေးဆေးလှသော ယူလန်ရှင်းကိုပင်လျှင် စိတ်လှုပ်ရှားသွားစေတော့သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

လော့ချန်၏ ကိုယ်ဟန်မှာ ပေါ့ပါးလွင့်ပျံနေခဲ့ပြီး ဓားအလင်းတန်း ရောက်ရှိရာ အရပ်တိုင်းတွင် သေခြင်းတရားများသာ ကျန်ရစ်ခဲ့တော့သည်။

သူသည် ဓားချက်ပေါင်း မည်မျှ ထုတ်လိုက်သည်၊ လူပေါင်း မည်မျှ သတ်လိုက်သည်ကိုပင် မသိတော့ပေ။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူ၏ စိတ်ထဲတွင် ဓားဆန္ဒအပေါ် နားလည်မှုမှာ ပိုမို၍ ရှင်းလင်းလာခဲ့ပြီး ဓားဆန္ဒအစပျိုး အထွတ်အထိပ်အဆင့်နှင့် သူ့ကြားတွင် ပါးလွှာလှသော ပိတ်စတစ်ခုသာ ခြားနေတော့သည့်အလား ရှိနေကာ လေတစ်ချက် တိုက်လိုက်ရုံနှင့်ပင် အစစ်အမှန်ကို မြင်တွေ့ရတော့မှာ ဖြစ်ပေသည်။

ဤကဲ့သို့ မောပန်းခြင်းမရှိဘဲ သတ်ဖြတ်ရင်း လော့ချန်သည် အလွန်ပင် မြန်ဆန်စွာ ရှေ့သို့ တိုးဝင်နေခဲ့ရာ မသိမသာပင် တောင်ထိပ်နှင့် မီတာ တစ်ရာပင် မဝေးတော့သည့် နေရာသို့ ရောက်ရှိလာတော့သည်။

တောင်ထိပ်ပေါ်တွင်...

တောင်ထိပ်တစ်ခုလုံးမှာ တစ်စုံတစ်ဦး၏ လက်သီးဖြင့် အထိုးခံထားရသကဲ့သို့ တောင်ထိပ်ပိုင်းမှာ ပျောက်ကွယ်နေခဲ့ပြီး ဧရာမ ပန်းကန်လုံးပုံသဏ္ဌာန် ကျင်းကြီးတစ်ခုသာ ကျန်ရှိနေသည်။

ကျင်းကြီး၏ အလယ်ဗဟိုတွင် အောက်ခြေမမြင်ရသည့် နက်ရှိုင်းလှသော ချောက်ကြီးတစ်ခု ရှိနေပြီး အတွင်း၌ သတ်ဖြတ်လိုသော တိမ်တိုက်များ ဖုံးလွှမ်းနေကာ သွေးရောင်အလင်းတန်းများလည်း အနည်းငယ် ဝင်းလက်နေသဖြင့် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင်ကြီး၏ ပါးစပ်အဟောင်းသား ဖြစ်နေသကဲ့သို့ ရှိနေတော့သည်။

ပတ်ဝန်းကျင်ရှိ မတ်စောက်လှသော ကမ်းပါးများပေါ်တွင်မူ သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ထောင်ကျော် ရပ်နေခဲ့ကြပြီး ထိုအထဲမှ ဆယ်ဦးကျော်၏ အရှိန်အဝါများမှာ အလွန်ပင် သန်မာလှကာ တစ်ဦးချင်းစီမှာ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးနှင့် အစွမ်းချင်း တူညီနေကြပြီး အချို့မှာမူ ရွှမ်ဟယ်စာရင်း အဆင့် ၆ ရှိ ဝူထိုက်ယွဲ့ထက်ပင် ပိုမို၍ သန်မာနေကြသည်။

“သူတို့တွေ တက်လာတော့မယ်... ထူးသခင်က ငါတို့ကို ဒီ အခြေစိုက်စခန်းကို တည်ဆောက်ခိုင်းပြီး ဒီလောက်အထိ အုန်းအုန်းကျွက်ကျွက် ဖြစ်အောင် လုပ်ခိုင်းတာ... ဘာအကြံအစည် ရှိလို့လဲ မသိဘူး...”

လူတိုင်းက ထိပ်ဆုံးမှ ရပ်နေသော မျက်နှာတွင် ဓားရာကြီးတစ်ခု ပါရှိသည့် အနက်ရောင် ဝတ်စုံဝတ်လူကို ကြည့်ကာ မေးမြန်းလိုက်ကြသည်။

ဓားရာနှင့် လူက ခေါင်းခါယမ်းပြလိုက်သည်။

“ထူးသခင်ရဲ့ အမိန့်ကို ငါက ဘယ်လိုလုပ်ပြီး မေးရဲမှာလဲ... သူက ငါတို့ကို ဒီနေရာကို အသေခံ စောင့်ခိုင်းထားပြီး လူငယ်ပါရမီရှင်တွေကို တတ်နိုင်သမျှ သတ်ခိုင်းထားတာပဲ... ကျန်တာတော့ ဘာမှ မပြောဘူး...”

အနက်ရောင် ဝတ်စုံဝတ်လူ တစ်ဦးက ချောက်ကြီးထဲသို့ လှည့်ကြည့်လိုက်ပြီး ဆိုလိုက်သည်။

“အတွင်းထဲမှာ ဘာရှိလို့လဲ မသိဘူး... ငါတို့ကိုတောင် ဝင်ခွင့်မပေးဘူးဆိုတော့...”

သူတို့သည် အမိန့်အရ ဤနေရာကို တည်ဆောက်ခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ချောက်ကြီးအတွင်းသို့ မဝင်ဖူးကြသဖြင့် စိတ်ထဲမှ တကယ်ကို သိချင်နေကြခြင်း ဖြစ်၏။

“ထူးသခင်က ဒီလို အမိန့်ပေးထားမှတော့ သူ့မှာလည်း သူ့ရဲ့ အစီအစဉ် ရှိမှာပေါ့... ငါတို့က အမိန့်အတိုင်း လုပ်ဆောင်ရုံပဲ... အများကြီး တွေးနေလို့ ဘာထူးမှာလဲ... ဒါမှမဟုတ် မင်းတို့က အမိန့်ကို ဖီဆန်ချင်လို့လား...”

ရုပ်ရည်မှာ ခြောက်ကပ်နေပြီး ဆံပင်များ ဖြူဖွေးနေသော အနက်ရောင် ဝတ်စုံဝတ်လူ တစ်ဦး ရှေ့သို့ ထွက်လာခဲ့ပြီး အေးစက်စွာ လှောင်ပြုံးလိုက်သည်။

ဤသည်ကို ကြားရသည့်အခါ အခြားသူများမှာ ချက်ချင်းပင် စကားစဖြတ်လိုက်ကြပြီး မျက်နှာတွင် ထိတ်လန့်ရိပ်များ ပေါ်ထွက်လာတော့သည်။

ထူးသခင်၏ အမိန့်ကို ဖီဆန်သူတို့၏ အဆုံးသတ်ကို သူတို့ကိုယ်တိုင် မြင်တွေ့ဖူးကြသဖြင့် သေဆုံးခြင်းမှာပင် လွတ်မြောက်မှုတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။

ခြောက်ကပ်နေသော အနက်ရောင် ဝတ်စုံဝတ်လူသည် ကမ်းပါးအောက်သို့ လှမ်းကြည့်လိုက်ရာ လော့ချန်ကို တစ်ခဏချင်းမှာပင် သတိပြုမိသွားခဲ့ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။

“ဒီလောက် အသက်ငယ်ငယ်နဲ့ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ကို နားလည်ထားတာလား... တကယ့်ကို ဓားလမ်းစဉ် ပါရမီရှင်ပဲ... ဒီလူသာ အသက်ရှင်နေမယ်ဆိုရင် နောင်တစ်ချိန်မှာ ငါတို့ရဲ့ အုပ်စိုးမှုလမ်းစဉ်အတွက် သေချာပေါက် အတားအဆီး ဖြစ်လာမှာပဲ... ဘယ်သူ ငါနဲ့အတူ လိုက်ပြီး သူ့ကို သတ်မလဲ...”

“ငါ လိုက်မယ်...”

“ဟဲဟဲ... ငါလည်း ပါမယ်... ဒီလို ပါရမီရှင် လူငယ်တွေကို သတ်ရတာ ငါက အကြိုက်ဆုံးပဲ... အထူးသဖြင့် ဓားလမ်းစဉ် ပါရမီရှင်တွေကိုပေါ့...”

ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး အဆင့်ရှိသော အနက်ရောင် ဝတ်စုံဝတ်လူ နှစ်ဦး ရှေ့သို့ ထွက်လာကြတော့သည်။

အခန်း ၆၄၂ ပြီးပါပြီ။

All Chapters