အခန်း (၆၄၃-၆၄၅)
Vol. 43 Ch. 643-645
အခန်း ၆၄၃ - ဓားဆန္ဒတစ်ဝက်အဆင့် ဓားသမား၊ ခုနစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ခြင်း
“သတ်ကြစမ်း...”
အနက်ရောင် ဝတ်စုံဝတ်လူ သုံးဦးသည် လော့ချန်ထံသို့ တိုက်ရိုက် ပြေးဆင်းသွားကြသည်။
“သွေးတိမ်တိုက်လက်သည်း...”
လမ်းတစ်ဝက်မှာပင် ခြောက်ကပ်နေသော အနက်ရောင် ဝတ်စုံဝတ်လူသည် အရင်ဆုံး အောင့်မထားနိုင်တော့ဘဲ သူ၏ကိုယ်မှ ညှီစို့လှသော သွေးရောင်ချီစွမ်းအင်များကို ထုတ်ဖော်လိုက်ကာ အရိုးပေါ် အရေတင်နေသည့် သူ၏ ညာဘက်လက်သည်းဖြင့် လော့ချန်ကို လှမ်း၍ ရိုက်နှက်လိုက်သည်။
“ဖူး... ဖူး... ဖူး...”
သွေးရောင်များ လွှမ်းခြုံနေသည့် လက်သည်းပုံရိပ်မှာ လေထုအတွင်း၌ ရှင်းလင်းလှသော အက်ကြောင်းများကို ဖြစ်ပေါ်စေခဲ့ပြီး လော့ချန်၏ရှေ့တွင် ပိတ်ဆို့နေသော သွေးဝိညာဉ်ဂိုဏ်းဝင် အချို့မှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ နေရာမှာတင် အသားစများအဖြစ် ပြတ်တောက်သွားတော့သည်။
“ခွဲထွက်စမ်း...”
လော့ချန်၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး သူ၏ကိုယ်ဟန်မှာ ဝေဝါးသွားကာ အရိပ်များစွာ ချန်ထားရစ်ခဲ့သည်။
“ဘုန်း...”
အရိပ်များမှာ တစ်ခဏချင်းမှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီး လော့ချန် မူလရပ်နေသော နေရာတွင် နက်ရှိုင်းလှသော လက်သည်းရာ ၅ ခု ထင်ကျန်နေတော့သည်။
လော့ချန်၏ ကိုယ်အစစ်မှာ မီတာဆယ်ဂဏန်းခန့် ဝေးသော နေရာတွင် ပေါ်ထွက်လာခဲ့ပြီး ပြေးဝင်လာသော ထိုသူသုံးဦးကို ကြည့်လျက် သူ၏တည်ငြိမ်လှသော မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။
ဤမျှအထိ သတ်ဖြတ်လာခဲ့ပြီးနောက် နောက်ဆုံးတော့ ပြိုင်ဘက်ကောင်း အချို့ ရောက်ရှိလာပြီ ဖြစ်၏။
“ဝှစ်...”
ခြောက်ကပ်နေသော အနက်ရောင် ဝတ်စုံဝတ်လူသည် သူ၏ကိုယ်ဟန်ကို ရပ်တန့်လိုက်ပြီး ရက်စက်စွာ လှောင်ပြုံးလိုက်သည်။
“ငါ့ရဲ့ တိုက်ကွက်ကို ရှောင်နိုင်တယ်ဆိုတော့ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတဲ့ ဓားလမ်းစဉ် ပါရမီရှင် ဆိုတာ မဆိုးဘူးပဲ... အစွမ်းတော့ ရှိသားပဲ...”
“ကောင်လေး... စောစောက ငါတို့လူတွေကို သတ်တုန်းကတော့ တော်တော်လေး သဘောကျနေမှာပဲနော်... အခုလည်း အဲဒီလို ထပ်လုပ်ကြည့်ပါဦးလား...”
အခြား အနက်ရောင် ဝတ်စုံဝတ်လူ နှစ်ဦးလည်း ရောက်ရှိလာကြပြီး လော့ချန်ကို အထက်စီးမှနေ၍ ကြည့်လိုက်ကြသည်။
လော့ချန်သည် ဓားသွားကို တစ်ချက် ခါယမ်းလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“အပိုစကားတွေ ပြောလို့ ပြီးပြီလား... ပြီးရင်လည်း သေလိုက်ကြတော့...”
“သေစမ်း...”
“ဟဲဟဲ... ဓားလမ်းစဉ် ပါရမီရှင်တွေက တကယ့်ကို ထောင်ထွှားပြီး ဘယ်သူ့ကိုမှ အထင်မကြီးကြဘူးလို့ ပြောတာ အမှန်ပဲကိုး... ဒီနေ့တော့ ဒါက အမှန်ပဲဆိုတာ ငါ ကိုယ်တိုင် မြင်လိုက်ရပြီ...”
“ငါတို့ရှေ့မှာ ရမ်းကားဝံ့တယ်ပေါ့... မင်းရဲ့ ခြေလက်တွေကို ဖြတ်ပြီး ကျောက်တိုင်ပေါ်မှာ တင်ထားလိုက်ရမလား...”
အနက်ရောင် ဝတ်စုံဝတ်လူ သုံးဦးမှာ လော့ချန်၏ စကားကြောင့် ဒေါသထွက်သွားကြပြီး ရက်စက်စွာ ရယ်မောလျက် သူတို့၏ ကိုယ်ပိုင်သိုင်းကွက်များကို ထုတ်ဖော်ကာ လော့ချန်ထံသို့ တိုက်ခိုက်လိုက်ကြရာ တောင်ကြီးမှာ ပြင်းထန်လှသော ချီစွမ်းအင်များကြောင့် အက်ကွဲကုန်တော့သည်။
“မြန်မြန်ပြေးကြစမ်း...”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံဆင့်နိမ့်သော သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး အသည်းအသန် ထွက်ပြေးကြတော့သည်။
လော့ချန်သည် သူ၏ကျင့်ကြံမှုရလဒ်ကို စမ်းသပ်လိုသဖြင့် ဓားဆန္ဒများကို ချက်ချင်း လှည့်ပတ်လိုက်ပြီး သာသာယာယာပင် ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။
“ဖူး...”
ထက်မြက်လှသော ဓားချီတစ်ခုမှာ ဟင်းလင်းပြင်ကို ခွင်း၍ ထွက်ပေါ်လာခဲ့ပြီး ထိုသူသုံးဦး၏ တိုက်ခိုက်မှုများကို တစ်ခဏချင်းမှာပင် ဖျက်ဆီးပစ်လိုက်ကာ အရှိန်အဟုန်မှာ မလျော့ဘဲ ရှေ့သို့ ဆက်လက်၍ တိုးဝင်သွားတော့သည်။
“အား...”
ရှေ့ဆုံးမှ ပြေးဝင်လာသော ခြောက်ကပ်နေသည့် အနက်ရောင် ဝတ်စုံဝတ်လူမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သူ၏ ညာဘက်လက်နှင့် ရင်ဘတ်တစ်ခြမ်းမှာ တိုက်ရိုက်ပင် အပေါက်ကြီး ဖြစ်သွားခဲ့ပြီး ကိုယ်တွင်းအင်္ဂါများပင် ပေါ်ထွက်လာသဖြင့် စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
“ဒါ ဘယ်လိုဓားချီလဲ... ဘာလို့ ဒီလောက်အထိ သန်မာနေရတာလဲ...”
“မကောင်းတော့ဘူး... သူ့ရဲ့ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်က အထွတ်အထိပ်အဆင့်ကို ရောက်နေပြီပဲ... သာမန် ဓားဆန္ဒအစပျိုးအဆင့်မျိုး မဟုတ်ဘူး...”
အခြား အနက်ရောင် ဝတ်စုံဝတ် လူနှစ်ဦးမှာ ဤဓားချက်၏ အစွမ်းကြောင့် ထိတ်လန့်သွားရသည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦးမှာ ဆုံတွေ့သည်နှင့်တစ်ပြိုင်နက် တစ်ချက်တည်းနှင့်ပင် အသတ်ခံရလုနီးပါး ဖြစ်သွားသည်မဟုတ်ပါလော။
“ငါတို့ နှစ်ယောက်တည်းနဲ့တော့ သူ့ကို မယှဉ်နိုင်ဘူး... မြန်မြန်ဆုတ်ကြရအောင်...”
ထိုသူနှစ်ဦးမှာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ အသည်းအသန် ဆုတ်ခွာကြတော့သည်။
“လွတ်မယ် ထင်လို့လား...”
လော့ချန်၏ အကြည့်မှာ အေးစက်နေခဲ့ပြီး နောက်ထပ် ဓားတစ်ချက် ခုတ်ပိုင်းလိုက်ပြန်သည်။
ဓားချီ ရောက်ရှိလာသည်ကို မြင်ရသည့်အခါ အနောက်တွင် ကျန်ရစ်ခဲ့သော အနက်ရောင် ဝတ်စုံဝတ်လူမှာ မျက်နှာ ပျက်သွားခဲ့ပြီး အသက်တစ်ဝက်သာ ကျန်တော့သည့် ခြောက်ကပ်နေသော လူကို ဆွဲယူကာ သူ့ရှေ့တွင် ကာကွယ်လိုက်တော့သည်။
“မင်း...”
ခြောက်ကပ်နေသော အနက်ရောင် ဝတ်စုံဝတ်လူသည် မျက်လုံးများ ပြူးထွက်သွားခဲ့ပြီး ရက်စက်စွာ အော်ဟစ်လိုက်သည်။
နောက်တစ်ခဏတွင်...
“ဖူး...”
ဓားအလင်းတန်း တစ်ချက် ဝင်းလက်သွားခဲ့ပြီး ခြောက်ကပ်နေသော လူ၏ ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားခဲ့ကာ အနောက်တွင် ပုန်းနေသော အနက်ရောင် ဝတ်စုံဝတ်လူပင်လျှင် ဓားချီကြောင့် လွင့်စဉ်သွားခဲ့ပြီး သွေးများ အဆက်မပြတ် အန်နေရတော့သည်။
ဓားချီအတွင်း၌ ပါဝင်နေသော ဓားဆန္ဒမှာ သူ၏ ကိုယ်တွင်းအင်္ဂါများအတွင်းသို့ စိမ့်ဝင်သွားသဖြင့် သူသည် အတွင်းဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့၏။
“အပိုတွေ ကြိုးစားမနေပါနဲ့တော့... ဒီနေ့တော့ မင်းတို့အားလုံး သေရမှာပဲ...”
လော့ချန်သည် ဓားကို ကိုင်ဆောင်လျက် ပြေးဝင်လာတော့သည်။
“ငါ မင်းနဲ့ အသေခံတိုက်မယ်...”
ဒဏ်ရာရနေသော အနက်ရောင် ဝတ်စုံဝတ်လူသည် ထွက်ပြေး၍ မရနိုင်တော့သည်ကို မြင်ရသည့်အခါ ရက်စက်သော အမူအရာဖြင့် အနီရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ မြိုချလိုက်သည်။
သွေးလောင်ကျွမ်းဆေးလုံး...။
လော့ချန်သည် ထိုဆေးလုံးကို တစ်ခဏချင်းမှာပင် မှတ်မိသွားခဲ့ပြီး လက်ကောက်ဝတ်ကို လှည့်ကာ လျှပ်စီးဓားဖြင့် ဓားချက်တစ်ခု ထပ်မံထုတ်ဖော်လိုက်သည်။
“ဘုန်း...”
“ဖူး...”
သွေးနီရောင် ချီစွမ်းအင်များမှာ ထိုသူ၏ ကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူ၏အရှိန်အဟုန်မှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ သို့သော်လည်း သူ၏ အစွမ်းကို မထုတ်ဖော်ရသေးမီမှာပင် သူ၏ဦးခေါင်းမှာ လွင့်စဉ်သွားတော့သည်။
“ဟင်...”
ဤမြင်ကွင်းကြောင့် နောက်ဆုံးကျန်ရှိနေသော အနက်ရောင် ဝတ်စုံဝတ်လူမှာ အလွန်ပင် တုန်လှုပ်သွားရသည်။ ကံကောင်းသည်မှာ သူသည် တောင်ထိပ်အနီးသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် မျက်နှာတွင် ဓားရာပါရှိသော အနက်ရောင် ဝတ်စုံဝတ်လူကို လှမ်း၍ အော်ဟစ်လိုက်သည်။
“ယန့်ခွေ... ဒီကောင်က ထူးဆန်းတယ်... သူ့ရဲ့ ဓားဆန္ဒအစပျိုးအဆင့်က အထွတ်အထိပ် ကို ရောက်နေပြီ... အားလုံး ဝိုင်းတိုက်မှ ဖြစ်မယ်...”
ယန့်ခွေဟု ခေါ်ဝေါ်ခြင်း ခံရသော ဓားရာပါရှိသည့် အနက်ရောင် ဝတ်စုံဝတ်လူမှာမူ မလှုပ်မယှက်ဘဲ တည်ကြည်သောအမူအရာဖြင့် အခြား စစ်မျက်နှာပြင်တစ်ခုကို စိုက်ကြည့်နေသည်။
အနောက်ဘက် တောင်ကုန်းပေါ်တွင် အေးစက်လှသော အကြည့်များရှိသည့် လူငယ်ဓားသမားတစ်ဦးမှာ အရှိန်အဟုန်နှင့် ပြေးဝင်လာနေသည်။
ထိုလူငယ်ဓားသမား၏ ကိုယ်ပေါ်တွင် နီရဲလှသော မီးလျှံများမှာ အလွှာလိုက် ပတ်ခွေနေခဲ့ပြီး ပြင်းထန်လှသော ဓားဆန္ဒများနှင့်အတူ ကောင်းကင်သို့ တိုင်အောင် မြင့်တက်နေသဖြင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ပွက်ပွက်ဆူနေသကဲ့သို့ တုန်ခါနေတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ထိုလူငယ်က ဓားတစ်ချက် ခုတ်ပိုင်းလိုက်တိုင်း လက်ထဲရှိ ဓားရှည်မှာ ဟိန်းဟောက်နေသော မီးနဂါးတစ်ကောင်အလား ဟင်းလင်းပြင်ကိုပင် တစ်စစီ ဖြစ်သွားစေတော့သည်။
သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ တစ်ဦးပြီးတစ်ဦး လဲကျနေကြရသည်။
သွေးကြောနိုးကြားမှုနယ်ပယ် အထွတ်အထိပ်အဆင့်ရှိသော သွေးဝိညာဉ်ဂိုဏ်းဝင်များပင်လျှင် ထိုလူငယ်၏ ဓားချက်ကို တောင့်မခံနိုင်ကြဘဲ တစ်ခဏချင်းမှာပင် အပိုင်းပိုင်း ပြတ်တောက်ကုန်ကြတော့သည်။
“၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အထွတ်အထိပ်အဆင့်ပဲ... ခြေတစ်ဖက်က ဓားဆန္ဒနယ်ပယ် ထဲကို ရောက်နေပြီပဲ... ပြီးတော့ ဒီလောက်အထိ ပြင်းထန်တဲ့ မီးဓာတ်သဘောတရား ကလည်း...”
ဓားရာပါရှိသည့် အနက်ရောင် ဝတ်စုံဝတ်လူ၏ မျက်မှောင်မှာ အနည်းငယ် တွန့်သွားခဲ့ပြီး အကူအညီတောင်းသံကို ကြားရသည့်အခါ လော့ချန်ကို တစ်ချက် လှမ်းကြည့်လျက် ဆိုလိုက်သည်။
“အဲဒီ တစ်ပိုင်းတစ်စ ဓားဆန္ဒအဆင့် ဓားသမားကို ငါ့တာဝန်ထားလိုက်... ကျန်တဲ့သူတွေက ဒီကောင်လေးကို သွားသတ်ကြစမ်း... အမြန်ဆုံး ဖြေရှင်းလိုက်... လိုအပ်ရင် သွေးလောင်ကျွမ်းဆေးလုံး သုံးစွဲလို့ ရတယ်...”
“ဘုန်း...”
အမိန့်ပေးပြီးသည်နှင့်တစ်ပြိုင်နက် ဓားရာပါရှိသည့် အနက်ရောင် ဝတ်စုံဝတ်လူသည် မြေပြင်ကို ခြေတစ်ချက် ဆောင့်လိုက်ရာ ညှီစူးလှသော သွေးရောင်မုန်တိုင်းကြီးမှာ သူ၏ကိုယ်မှ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး သူ၏ကိုယ်ဟန်မှာ မိစ္ဆာတစ်ကောင်အလား သွေးရောင်အရိပ်အဖြစ် ပြောင်းလဲသွားကာ အနောက်ဘက်ရှိ လူငယ်ဓားသမားထံသို့ ပြေးဝင်သွားတော့သည်။
“ဟားဟား... နောက်ဆုံးတော့ အသုံးမကျတဲ့ကောင် မဟုတ်တဲ့သူ တစ်ယောက် ရောက်လာပြီပဲ...”
လူငယ်ဓားသမားသည် ဓားရာပါရှိသည့် အနက်ရောင် ဝတ်စုံဝတ်လူကို မြင်တွေ့လိုက်ရသည့်အခါ အားရပါးရ ရယ်မောလိုက်ပြီး သူ၏ကိုယ်မှ မီးလျှံများမှာ ပိုမို၍ တောက်ပလာကာ ဓားပုံရိပ်တစ်ခုအလား ဖြစ်ပေါ်လာတော့သည်။ သူ၏ ခြေထောက်အောက်ရှိ ကျောက်ဆောင်များပင်လျှင် ထိုပြင်းထန်လှသော ဓားအရှိန်အဝါကို မတောင့်ခံနိုင်ဘဲ အက်ကွဲကုန်ကာ မီးခိုးများ ထွက်ပေါ်လာတော့သည်။
“ဂျိမ်း...”
တောင်ကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပြီး ထိုသူနှစ်ဦးမှာ တစ်ခဏချင်းမှာပင် တိုက်ခိုက်ကြတော့သည်။ သွေးရောင်အလင်းတန်းများနှင့် ပြင်းထန်လှသော မီးလျှံများမှာ အဆက်မပြတ် တိုးတိုက်နေကြသဖြင့် အနောက်ဘက် ကောင်းကင်ယံတစ်ခုလုံးမှာ နီရဲသွားတော့သည်။
“သတ်ကြစမ်း...”
တောင်ထိပ်ပေါ်တွင် ဓားရာပါရှိသော လူမှလွဲ၍ ထိပ်သီးမျိုးဆက်တပည့် အဆင့်ရှိသည့် သွေးဝိညာဉ်ဂိုဏ်းဝင် ၁၃ ဦး ကျန်ရှိနေသေးသည်။ တစ်ဦးက တိုက်ပွဲကို ဦးဆောင်ရန် ကျန်ရစ်ခဲ့ပြီး ကျန်ရှိသော ၁၂ ဦးမှာမူ လော့ချန်ထံသို့ တစ်ပြိုင်တည်း ပြေးဝင်လာကြတော့သည်။
ထိပ်သီးမျိုးဆက်တပည့် အဆင့်ရှိ သန်မာသူ ၁၂ ဦးမှာ အတူတူ စုရုံးလိုက်သည့်အခါ သူတို့၏ အရှိန်အဝါမှာပင် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေပြီး ထွက်ပေါ်လာသော ချီစွမ်းအင် လှိုင်းလုံးကြီးများမှာ လော့ချန်၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။
“ဒါဆိုရင်လည်း ကောင်းတာပေါ့... တစ်ယောက်ချင်းစီ လိုက်သတ်နေစရာ မလိုတော့ဘူး...”
လော့ချန်၏ နဖူးပေါ်မှ ဆံစများမှာ လေထဲ၌ လွင့်ပျံနေခဲ့ပြီး သူ၏အကြည့်မှာ ထက်မြက်လှပေသည်။
“ငါ ကူညီမယ်...”
ထိုအချိန်တွင် ယူလန်ရှင်းနှင့် ဖန်ယွဲ့ယန်တို့မှာလည်း အနားသို့ ရောက်ရှိလာကြပြီး ယူလန်ရှင်းက ဆိုလိုက်ခြင်း ဖြစ်၏။
“ဝှစ်... ဝှစ်... ဝှစ်...”
ယူလန်ရှင်းသည် လက်ကို တစ်ချက်လှုပ်ရှားလိုက်ရာ ငွေရောင်ဓားရှည်မှ မရေမတွက်နိုင်သော ဓားချီများ ထွက်ပေါ်လာခဲ့ပြီး ရှေ့ဆုံးမှ သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦးကို ဟန့်တားလိုက်သည်။
“လော့ချန်... ငါ့ကို ကျေးဇူးတင်ဖို့ မမေ့နဲ့ဦးနော်...”
ဖန်ယွဲ့ယန်က အားရပါးရ ရယ်မောလိုက်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ တောက်ပလှသော လက်သီးချီမှာ ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေပြီး ကျန်ရှိသော သွေးဝိညာဉ်ဂိုဏ်းဝင်အားလုံးကို လွှမ်းခြုံသွားတော့သည်။
“သေစမ်း... ဒီကောင်ကို အရင်သတ်ကြစမ်း... သွေးတိမ်တိုက်လက်သည်း...”
“အလောင်းဖျက်လက်သီး...”
“ဘုန်း...”
သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ ရှေ့သို့ ထွက်လာခဲ့ပြီး ဖန်ယွဲ့ယန်၏ လက်သီးချီကို ချေမှုန်းပစ်လိုက်ကာ သူ့ထံသို့ ပြေးဝင်သွားကြတော့သည်။
“သတ်ကြစမ်း...”
ကျန်ရှိသော ခုနစ်ဦးမှာမူ သတ်ဖြတ်လိုသော အမူအရာများဖြင့် လော့ချန်ထံသို့ တစ်ပြိုင်တည်း တိုက်ခိုက်လာကြတော့သည်။
လော့ချန်မှာမူ ဘာပြောရမှန်းပင် မသိတော့ပေ။ သူသည် အမှန်တကယ်တော့ အကူအညီ မလိုအပ်ပေ။
သို့သော်လည်း ဤသို့ဖြစ်သွားသည်မှာလည်း မဆိုးလှပေ။ နဂါးကျင့်စဉ်ကို ထုတ်သုံးစရာမလိုဘဲ တိုက်ပွဲကို အဆုံးသတ်နိုင်မှာ ဖြစ်ပေသည်။
အခန်း ၆၄၃ ပြီးပါပြီ။
အခန်း ၆၄၄ - လော့ချန်၏ အစွမ်း၊ ဟင်...
“ကောင်လေး... အသာတကြည်ပဲ အသေခံလိုက်စမ်း...”
သွေးဝိညာဉ်ဂိုဏ်းဝင် ခုနစ်ဦးသည် လော့ချန်၏ ပတ်ပတ်လည်သို့ ဆင်းသက်လာကြပြီး သူ့ကို ဝိုင်းရံထားလိုက်ကြသည်။ သူတို့၏ အကြည့်များမှာ အထက်စီးမှ ဖြစ်နေခဲ့ပြီး လော့ချန်ကို သတ်ဖြတ်ရန် စောင့်ဆိုင်းနေသော သိုးသူငယ်တစ်ကောင်အလား သတ်မှတ်ထားကြသည်။
သူတို့အားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်သီးသန်မာသူများ ဖြစ်ကြရာ ခုနစ်ဦး ပူးပေါင်းလိုက်မည်ဆိုလျှင် သွေးကြောနိုးကြားမှုနယ်ပယ်အတွင်း၌ ပြိုင်ဘက်ကင်းသလောက် ရှိနေပေသည်။ တစ်ပိုင်းတစ်စ ဓားဆန္ဒအဆင့် ဓားသမားတစ်ဦးမျှသာ ဖြစ်သော လော့ချန်မှာမူ သူတို့ရှေ့တွင် သေရုံမှတစ်ပါး အခြားလမ်းမရှိပေ။
လော့ချန်က မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ကြည်စွာ ဆိုလိုက်သည်။
“ခုနစ်ယောက်ဆိုတာ နည်းလွန်းသေးတယ်... တစ်ချက်စာတောင် မရှိဘူး...”
“ဟားဟားဟား...”
ဤစကားကို ကြားရသည့်အခါ အသက်လတ်ပိုင်း သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးမှာ မနေနိုင်ဘဲ လှောင်ပြောင်လိုက်တော့သည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ... ငါတို့ ခုနစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေရတာတောင် ဒီလောက်အထိ ရမ်းကားဝံ့သေးတယ်ပေါ့... တစ်ပိုင်းတစ်စ ဓားဆန္ဒအဆင့် ဓားသမားလေးလောက်ကများ မင်းရဲ့ လေသံကို ကြည့်ရတာ နယ်မြေစာရင်းထဲက ပါရမီရှင်တွေလို့တောင် ငါ ထင်နေတာ...”
“သူ့ကို အပိုစကားတွေ ပြောမနေနဲ့တော့... တိုက်ရိုက် သတ်ပစ်လိုက်ကြစမ်း...”
“သတ်ကြစမ်း...”
ခုနစ်ဦးစလုံးမှာ အပိုစကားများ ပြောမနေတော့ဘဲ တစ်ပြိုင်တည်း ဝိုင်းတိုက်လိုက်ကြသည်။ တစ်ဦးချင်းစီ၏ ကိုယ်ပိုင်သိုင်းကွက်များမှ ပြင်းထန်လှသော ချီစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့မှ လော့ချန်ထံသို့ ကျရောက်လာခဲ့ပြီး ကောင်းကင်ယံထက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းများ ပေါ်ထွက်လာတော့သည်။
“ဘုန်း...”
လော့ချန်သည် ချီစွမ်းအင်များကြားတွင် နစ်မြုပ်တော့မည့်အလား ရှိနေစဉ် သူ၏ ခြေထောက်အောက်တွင် ချီစွမ်းအင်ဝဲကတော့တစ်ခု ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး သူ၏ကိုယ်ဟန်မှာ လူရိပ်ပေါင်း ဆယ်ဂဏန်းမှသည် ရာဂဏန်းအဖြစ် ကွဲပြားသွားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”
လူရိပ်များမှာ ချီစွမ်းအင်များ၏ ရိုက်ခတ်မှုကို ခံလိုက်ရသဖြင့် တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးသွားခဲ့ပြီး အချည်းနှီးသာ ဖြစ်သွားတော့သည်။
စောစောက လော့ချန်ကို လှောင်ပြောင်ခဲ့သော အသက်လတ်ပိုင်း သွေးဝိညာဉ်ဂိုဏ်းဝင်မှာ အထင်သေးသော အမူအရာဖြင့် ဆိုလိုက်သည်။
“ငါတို့ ခုနစ်ယောက်ရဲ့ ဝိုင်းရံမှုကို ရင်ဆိုင်နေရတာတောင် ကိုယ်ဟန်ကျင့်စဉ်နဲ့ ထွက်ပြေးဖို့ ကြိုးစားနေတာလား... တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ အတွေးပဲ...”
“ဟုတ်လို့လား...”
သူ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် မည်သည့်ခံစားချက်မျှ မပါဝင်သော အသံတစ်ခုမှာ သူ၏ အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
အဆင့်မြင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော မြူခိုးရိပ်ခြေလှမ်းနှင့် အောင်မြင်နေသော မိုးကြိုးပေါက်ကွဲခြင်းကျင့်စဉ်တို့ ပေါင်းစပ်ထားသဖြင့် လော့ချန်၏ အရှိန်မှာ တကယ့်ကို သရဲတစ္ဆေတစ်ကောင်အလား ရှိနေခဲ့ပြီး သာမန် ကြယ်ခြောက်ပွင့် ကိုယ်ဟန်ကျင့်စဉ်များထက်ပင် ပိုမို၍ မြန်ဆန်လှပေသည်။
“ဟင်...”
သက်လတ်ပိုင်း သွေးဝိညာဉ်ဂိုဏ်းဝင်မှာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားခဲ့ပြီး အပိုစကားများ မပြောတော့ဘဲ သူ၏ အနောက်ဘက်သို့ လက်ဝါးဖြင့် အသည်းအသန် ရိုက်ထုတ်လိုက်သည်။
“ဖူး... ဖူး...”
ဓားအလင်းတန်း နှစ်ချက် ဝင်းလက်သွားခဲ့ပြီး ထိုသွေးဝိညာဉ်ဂိုဏ်းဝင်၏ ခန္ဓာကိုယ်မှာ လေးပိုင်းပြတ်သွားခဲ့ကာ လွင့်စဉ်သွားသော ဦးခေါင်းပေါ်တွင်မူ အံ့အားသင့်နေသည့် အမူအရာမှာပင် မပျောက်သေးပေ။
လော့ချန်သည် အနည်းငယ်မျှ ရပ်တန့်ခြင်း မရှိဘဲ လျှပ်စီးဓားကို နောက်ထပ်တစ်ကြိမ် ဝှေ့ယမ်းလိုက်ကာ အနီးဆုံးရှိ သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
“ငါ့အတွက် ချိုးဖျက်စမ်း...”
ထိုသွေးဝိညာဉ်ဂိုဏ်းဝင်မှာ အော်ဟစ်လိုက်ပြီး သူ၏သိုင်းဝိညာဉ်ကို လှည့်ပတ်ကာ ချီစွမ်းအင်များကို အစွမ်းကုန် ပေါက်ကွဲစေလိုက်သည်။ သူ၏ တစ်ကိုယ်လုံးတွင် သွေးရောင်များ ဝင်းလက်လာခဲ့ပြီး လက်သီးဖြင့် ဓားချီကို တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
“ဘုန်း...”
လက်သီးချီရော ထိုသွေးဝိညာဉ်ဂိုဏ်းဝင်၏ ခန္ဓာကိုယ်ပါ အလယ်မှနေ၍ နှစ်ခြမ်း ကွဲအက်သွားခဲ့ပြီး ထက်မြက်လှသော ဓားအလင်းတန်းမှာ ကောင်းကင်ယံထက်တွင် ရှင်းလင်းလှသော သွေးနီရောင် အက်ကြောင်းကြီးတစ်ခုကို ချန်ထားရစ်ခဲ့တော့သည်။
“ဒီကောင်က ထူးဆန်းတယ်... မြန်မြန် သွေးလောင်ကျွမ်းဆေးလုံး သုံးစွဲကြစမ်း...”
“သူ့ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ အခွင့်အရေး မပေးနဲ့... အားလုံး ပူးပေါင်းပြီး သူ့ကို ချေမှုန်းပစ်ကြမယ်...”
“အတူတူ တိုက်ကြစမ်း...”
ဤသွေးဝိညာဉ်ဂိုဏ်းဝင်များသည်လည်း တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသူများ ဖြစ်သဖြင့် တုံ့ပြန်မှုမှာ အလွန်ပင် မြန်ဆန်လှပေသည်။ သူတို့သည် ချက်ချင်းပင် စုရုံးလိုက်ကြပြီး သွေးလောင်ကျွမ်းဆေးလုံးများကို တစ်ဦးပြီးတစ်ဦး သုံးစွဲလိုက်ကြတော့သည်။
“ဘုန်း...”
ညှီစူးလှသော သွေးရောင်လှိုင်းလုံးကြီးများမှာ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး ဆေးလုံး၏ အာနိသင်ကြောင့် ထိုငါးဦး၏ သွေးနှင့် အသက်ဇီဝမှာ ပြင်းထန်စွာ လောင်ကျွမ်းလာကာ သူတို့၏ အရှိန်အဝါမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။ မျက်ဝန်းများမှာလည်း သွေးရောင်များ ဖုံးလွှမ်းလာခဲ့ပြီး မူလကပင် ရက်စက်လှသော အငွေ့အသက်များမှာ ယခုအခါတွင်မူ ပိုမို၍ မိစ္ဆာဆန်လာကာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
“သတ်စမ်း...”
“သေလိုက်တော့...”
သွေးလောင်ကျွမ်းဆေးလုံး၏ နောက်ဆက်တွဲ ဆိုးကျိုးမှာ အလွန်ကြီးမားသဖြင့် ထိုငါးဦးမှာ အချိန်ဆွဲခြင်း မရှိဘဲ သူတို့၏ တိုက်ခိုက်မှုစွမ်းအားကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ကာ လော့ချန်ထံသို့ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြတော့သည်။
“ဘုန်း...”
ငါးဦး ပူးပေါင်းလိုက်သော ဤတိုက်ကွက်၏ အရှိန်အဟုန်မှာ တကယ့်ကို ကြောက်စရာကောင်းလှပေသည်။ ကောင်းကင်ယံတစ်ခုလုံးမှာ အဆက်မပြတ် ပြိုလဲနေသည့်အလား ရှိနေခဲ့ပြီး လေဟာနယ် အက်ကြောင်းများမှာလည်း နေရာအနှံ့ ပေါ်ထွက်လာသဖြင့် လော့ချန် ရှိရာ ဤဟင်းလင်းပြင်တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းတော့မည့်အလား ရှိနေတော့သည်။
“လာစမ်း... မင်းတို့ကိုပဲ ငါ့ရဲ့ တိုက်ကွက်သစ်အတွက် စမ်းသပ်ရမှာပေါ့...”
ဤပြင်းထန်လှသော တိုက်ကွက်ကို ရင်ဆိုင်နေရသော်လည်း လော့ချန်သည် ရှောင်တိမ်းခြင်း မရှိပေ။ သူ၏ အကြည့်မှာ ပြင်းထန်လာခဲ့ပြီး နဂါးကျင့်စဉ်ကို ထုတ်မသုံးဘဲ သူ၏ အထွတ်အထိပ် တိုက်ခိုက်မှုစွမ်းအားမှာ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို သိရှိလိုခြင်း ဖြစ်၏။
“ဝိ...”
လော့ချန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားခဲ့ပြီး သူ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ ကိုးရောင်နတ်ဘုရားအလင်းတန်းများမှာ ကောင်းကင်နှင့်မြေပြင်ကို လင်းထိန်သွားစေတော့သည်။
သူသည် လျှပ်စီးဓားကို မြှင့်တင်လိုက်ပြီး ဓားဆန္ဒများကို လျှပ်စီးဓားအတွင်းသို့ အစွမ်းကုန် ပေါင်းစပ်လိုက်ရာ ဓားသွားပေါ်တွင် သွေးနီရောင် ဓားအလင်းတန်းများမှာ လျှပ်စစ်နဂါးများအလား တွန့်လိမ်နေတော့သည်။ ၎င်းမှာ သွေးရောင် မိုးကြိုးများအလား ရှိနေခဲ့ပြီး ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ ဟင်းလင်းပြင်တွင် သွေးရောင် လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေတော့သည်။
“မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း...”
အရှိန်အဝါကို အထွတ်အထိပ်သို့ မြှင့်တင်ပြီးနောက် လော့ချန်သည် ဓားဖြင့် အောက်သို့ တစ်ချက် ခုတ်ပိုင်းလိုက်သည်။
“ဂျိမ်း...”
ဓားချီမှာ ကောင်းကင်သို့ တိုင်အောင် မြင့်တက်သွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် သွေးရောင်မိုးကြိုးတစ်ခု ပေါ်ထွက်လာသကဲ့သို့ ရှိနေကာ ဟင်းလင်းပြင်ကို ခွင်း၍ ထိုငါးဦး၏ တိုက်ကွက်များနှင့် ပြင်းထန်စွာ တိုက်မိသွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
စွမ်းအားနှစ်ခုမှာ ထိုနေရာတွင် တောင့်ခံနေခဲ့ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အကြိမ်ပေါင်း ထောင်ချီ၍ တိုးတိုက်နေကြသဖြင့် ဟင်းလင်းပြင်မှာ တွန့်လိမ်သွားရကာ ကောင်းကင်နှင့်မြေပြင်မှာလည်း မှောင်မိုက်သွားပြီး လျှပ်စီးတန်းများစွာမှာ ရူးသွပ်စွာ ပေါက်ကွဲနေတော့သည်။
အဝေးမှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေကြသော အင်အားစုအသီးသီးမှ လူများနှင့် သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ ဤမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်ကုန်ကြရသည်။
သူတို့သည် မိမိတို့၏ တစ်သက်တာတွင် ဤမျှအစွမ်းထက်သော သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ တိုက်ပွဲ၏ အရှိန်အဝါမျှဖြင့်ပင် သူတို့၏ စိတ်ထဲ၌ ပြန်လည်ခုခံလိုစိတ်ပင် မရှိတော့ဘဲ ကြောက်ရွံ့မှုကိုသာ ခံစားနေကြရခြင်း ဖြစ်၏။
နောက်ဆုံးတွင်မူ ဓားဆန္ဒများ ပါဝင်နေသော သွေးရောင်ဓားချီမှာ ပိုမို၍ သာလွန်သွားခဲ့ပြီး သွေးဝိညာဉ်ဂိုဏ်းဝင် ငါးဦး၏ တိုက်ကွက်ကို တစ်ခဏချင်းမှာပင် ခွဲထွက်သွားတော့သည်။
“ဖူး...”
စိတ်အာရုံ လှုပ်ရှားသွားသည့် ခဏအတွင်းမှာပင် ကျန်ရှိနေသော ဓားချီများမှာ ထိုငါးဦးကို လွှမ်းခြုံသွားတော့သည်။
ထိုသူငါးဦးမှာ ဤကဲ့သို့သော ရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့သဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ နှစ်ဦးမှာ နေရာမှာတင် ခန္ဓာကိုယ် ပြတ်တောက်သွားခဲ့ပြီး အသားစများမှာ ထက်မြက်လှသော ဓားချီကြောင့် အရပ်မျက်နှာအနှံ့သို့ လွင့်စဉ်သွားတော့သည်။
ကျန်ရှိသော သုံးဦးမှာမူ အနည်းငယ် ဝေးသော နေရာတွင် ရှိနေသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ဓားချီ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် သွေးများကို အဆက်မပြတ် အန်နေကြရပြီး မျက်နှာတွင်လည်း ထိတ်လန့်မှုများနှင့်အတူ မယုံနိုင်စရာ အမူအရာများ ပြည့်နှက်နေတော့သည်။
သူတို့သည် သွေးလောင်ကျွမ်းဆေးလုံးကို သုံးစွဲထားသဖြင့် တိုက်ခိုက်မှုစွမ်းအားမှာ တစ်ဟုန်ထိုး မြင့်တက်နေရုံတင်မကဘဲ ငါးဦး ပူးပေါင်းထားခြင်း ဖြစ်၏။ နယ်မြေစာရင်း၏ အောက်ဆုံးပိုင်းတွင် ရှိနေသည့် ပါရမီရှင်များပင်လျှင် သူတို့ကို ရှောင်တိမ်းကြရမှာ ဖြစ်သော်လည်း ယခုအခါတွင်မူ ဓားတစ်ချက်တည်းနှင့်ပင် ပြိုလဲသွားရသည်။
ဤမျှအထိ သန်မာသော သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူမျိုး တာယွဲ့မင်းဆက်ငယ်လေးတွင် ဘယ်အချိန်က ထွက်ပေါ်လာရတာလဲ...။
“သေလိုက်ကြတော့...”
လော့ချန်သည် ထိုသူသုံးဦးကို အခွင့်အရေး မပေးတော့ဘဲ လျှပ်စီးဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ဓားအလင်းတန်းများ ဝင်းလက်သွားခဲ့ပြီး သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦးလုံး၏ ခန္ဓာကိုယ်မှာ ပြတ်တောက်သွားခဲ့ကာ ထိုနေရာမှာတင် အသက်ပျောက်သွားကြတော့သည်။
ဤဓားချက်၏ အစွမ်းကြောင့် လော့ချန်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားမိသည်။
သူသည် ခုနစ်ဦး ပူးပေါင်းထားသော တိုက်ကွက်ကို ဓားတစ်ချက်နှင့် ကာကွယ်နိုင်လျှင်ပင် မဆိုးလှဟု ယူဆထားခဲ့ခြင်း ဖြစ်၏။ အလွန်ဆုံးဆိုလျှင်လည်း ထိုသူအချို့ကို ဒဏ်ရာရရုံသာ ဖြစ်စေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ထိုငါးဦးစလုံးမှာ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး အဆင့်ရှိသည့် သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်သီးသန်မာသူများ ဖြစ်ကြရုံတင်မကဘဲ သွေးလောင်ကျွမ်းဆေးလုံးကိုပါ သုံးစွဲထားကြသည်မဟုတ်ပါလော။
ရလဒ်မှာမူ ဓားတစ်ချက်တည်းနှင့်ပင် ငါးဦးစလုံးကို သေလုမျောပါး ဖြစ်သွားစေခဲ့ခြင်း ဖြစ်၏။
‘မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်းက ပိုပြီး သန်မာလာတာပဲ...’
လော့ချန်သည် စောစောက ဓားချက်ကို ပြန်လည် မြင်ယောင်ကြည့်လိုက်ရာ မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်းမှာ ယခင်ကထက် သိသိသာသာ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ အထူးသဖြင့် အတွင်း၌ ပါဝင်နေသော မိုးကြိုးဓာတ်သဘောတရားမှာ အဆပေါင်းများစွာ သန်မာလာခဲ့ပြီး သတ်ဖြတ်လိုသော ဓားဆန္ဒနှင့် ပေါပ်စပ်လိုက်သည့်အခါ တစ်ခုနှင့်တစ်ခု အားဖြည့်ပေးသကဲ့သို့ ဖြစ်နေသဖြင့် ဤမျှအထိ အစွမ်းထက်သွားခြင်း ဖြစ်ပေသည်။
‘ကြည့်ရတာ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံနေလို့ပဲ ဖြစ်ရမယ်...’
လော့ချန် အဓိကအချက်ကို သတိပြုမိသွားသည်။ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံရာတွင် သူသည် မိမိ၏ခန္ဓာကိုယ်ကို မိုးကြိုးဖြင့် လေ့ကျင့်ထားရသဖြင့် မိုးကြိုးဓာတ်သဘောတရားအပေါ် နားလည်မှုမှာ တစ်ရက်ထက်တစ်ရက် တိုးတက်နေခြင်း ဖြစ်၏။
မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်းမှာ မိုးကြိုးဓာတ်သဘောတရားကို အဓိကထားရသည့် သိုင်းကွက်ဖြစ်ရာ သူ၏ နားလည်မှု မြင့်မားလာသည်နှင့်အမျှ ဤသိုင်းကွက်မှာလည်း သဘာဝအလျောက် ပိုမို၍ သန်မာလာခြင်း ဖြစ်ပေသည်။
‘ငါ့ရဲ့ လက်ရှိ အစွမ်းက သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ နယ်မြေစာရင်းကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုံလောက်နေပြီပဲ... နဂါးကျင့်စဉ် ကိုပါ ထုတ်သုံးမယ်ဆိုရင်တော့ ငါ့ရဲ့ အဆင့်က နိမ့်မှာ မဟုတ်ဘူး...’
လော့ချန်၏ စိတ်ထဲတွင် ပိုမို၍ တည်ငြိမ်သွားခဲ့ပြီး ဓားကို အိမ်အတွင်းသို့ ပြန်ထည့်ကာ လက်ကို ဝေ့ယမ်း၍ သူ သတ်ဖြတ်ခဲ့သော သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ ဝိညာဉ်သိုလှောင်လက်စွပ်နှင့် တံဆိပ်ပြားများကို သိမ်းဆည်းလိုက်ပြီးနောက် ဘေးနားသို့ လှည့်ကြည့်လိုက်သည်။
ယူလန်ရှင်းနှင့် ဖန်ယွဲ့ယန်တို့မှာလည်း ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲ ဖြစ်၏။
ယူလန်ရှင်း၏ ဓားသိုင်းမှာ ဝေဝါးလှပြီး ကြည့်ရသည်မှာ နူးညံ့လှသော်လည်း အတွင်း၌ သတ်ဖြတ်လိုသော အာရုံများ ကိန်းဝပ်နေသဖြင့် သူမကို ဝိုင်းတိုက်နေသော သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦးမှာ အကြီးအကျယ် ဖိနှိပ်ခြင်း ခံထားရရုံတင်မကဘဲ အားလုံးမှာ ဒဏ်ရာကိုယ်စီ ရရှိနေကြပြီဖြစ်ရာ ရှုံးနိမ့်ရန်မှာ အချိန်တစ်ခုသာ လိုတော့ပေသည်။
အခြားတစ်ဖက်ရှိ ဖန်ယွဲ့ယန်၏ တိုက်ခိုက်မှုမှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပြီး ဓားကွက်တိုင်းမှာ ပြင်းထန်လှကာ လက်သီးတစ်ချက်၊ ခြေတစ်ချက်တိုင်းတွင် အရှိန်အဝါများ ပြည့်နှက်နေသဖြင့် သူ့ကို တိုက်ခိုက်နေသော သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ သွေးများကို အဆက်မပြတ် အန်နေကြရတော့သည်။
ထိုသူနှစ်ဦးမှာ အန္တရာယ်မရှိသည်ကို မြင်ရသည့်အခါ လော့ချန်သည် ဝင်ရောက်မစွက်ဖက်တော့ဘဲ ကိုယ်ဟန်ကို လှုပ်ရှားကာ တောင်ထိပ်ဆီသို့ ပြေးတက်သွားတော့သည်။
ထိုအခိုက်အတန့်တွင်...
“ဘုန်း...”
ဖန်ယွဲ့ယန်သည် လက်သီးတစ်ချက်ဖြင့် သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦးကို ကြိတ်ခြေပစ်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
“တစ်ချက်တည်းနဲ့တင် ပြိုလဲသွားတာပဲ...”
စကားပြောနေစဉ်မှာပင် သူသည် ဘေးနားသို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ တစ်ခဏချင်းမှာပင် တောင့်တင်းသွားတော့သည်။
“ဟင်...”
အခန်း ၆၄၄ ပြီးပါပြီ။
အခန်း ၆၄၅ - ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းဘုရင်၊ ယွမ်ထျန်ယန်
“ဟင်...”
တိုက်ပွဲစတင်ချိန်မှ ယခုအထိ အမှန်တကယ်တော့ အသက်ရှူအကြိမ် အနည်းငယ်မျှသာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
ထိပ်သီးမျိုးဆက်တပည့် အဆင့်ရှိသည့် သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ဤမျှတိုတောင်းလှသော အချိန်အတွင်း တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရသွားခဲ့ပြီ ဖြစ်၏။
ဤရလဒ်ကို ဖန်ယွဲ့ယန် အတော်ပင် ကျေနပ်နေခဲ့ပြီး လော့ချန်နှင့် ယူလန်ရှင်းတို့၏ တိုက်ပွဲအခြေအနေကို ကြည့်ရှုလိုခြင်း ဖြစ်သည်။
အထူးသဖြင့် လော့ချန်ကို ဖြစ်၏။
သို့သော်လည်း သူသည် လော့ချန်၏ ကိုယ်ဟန်ကို ရှာမတွေ့တော့ပေ။
ထိုနေရာတွင် ထိတ်လန့်စရာကောင်းသော တိုက်ပွဲအမှတ်အသားများနှင့်အတူ သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ အလောင်းများသာ မြေပြင်အပြည့် ကျန်ရစ်ခဲ့တော့သည်။
ဖန်ယွဲ့ယန်၏ အကြည့်မှာ အုံ့မှိုင်းသွားခဲ့ပြီး တောင်ထိပ်ဆီသို့ ချက်ချင်း မော့ကြည့်လိုက်ရာ တောင်ထိပ်သို့ ရောက်ရှိသွားသော လော့ချန်၏ ကျောပြင်ကို မြင်တွေ့လိုက်ရသဖြင့် မျက်ဝန်းများ ပြင်းထန်စွာ တုန်ခါသွားရတော့သည်။
‘ဘာတွေ ဖြစ်ကုန်တာလဲ... ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာပဲ သူက ခုနစ်ယောက်လုံးကို သတ်ပစ်လိုက်တာလား...’
ဖန်ယွဲ့ယန် မယုံနိုင်ဘဲ ရှိနေတော့သည်။
သူနှင့် တိုက်ခိုက်နေသော သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ ထိပ်သီးမျိုးဆက်တပည့် အဆင့်ရှိသူများဖြစ်သလို သွေးလောင်ကျွမ်းဆေးလုံးကိုပါ သုံးစွဲထားသဖြင့် တိုက်ခိုက်မှုစွမ်းအားမှာ အလွန်ပင် ပြင်းထန်လှကာ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး၏ ထိပ်ဆုံးသုံးယောက် အဆင့်အထိ ရှိနေသဖြင့် သူကိုယ်တိုင်ပင် သတိထား၍ ရင်ဆိုင်နေရခြင်း ဖြစ်၏။
လော့ချန်က ဤမျှအမြန် ခုနစ်ယောက်လုံးကို သတ်ဖြတ်နိုင်ခဲ့သည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ ထို သွေးဝိညာဉ်ဂိုဏ်းဝင် ခုနစ်ယောက်လုံးက ရူးသွားကြပြီး လော့ချန် သတ်ဖို့အတွက် လည်ပင်းများကို တမင်တကာ ထိုးပေးလိုက်ကြသည်လား။
ဖန်ယွဲ့ယန် အမျိုးမျိုး တွေးတောနေစဉ်မှာပင်...
“ဖူး...”
ညှီစူးလှသော သွေးရောင်လက်သည်းပုံရိပ်တစ်ခုမှာ သူ၏ကျောပြင်ထံသို့ တိတ်တဆိတ် ရောက်ရှိလာသည်။
“သေစမ်း...”
ဖန်ယွဲ့ယန်သည် နောက်ဆုံးအချိန်မှ သတိပြုမိသွားခဲ့ပြီး ကိုယ်ကိုလှည့်ကာ လက်သီးဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။
“ဘုန်း...”
သွေးရောင်လက်သည်းပုံရိပ်မှာ ပေါက်ကွဲသွားခဲ့သော်လည်း ဖန်ယွဲ့ယန်မှာမူ အငိုက်မိသွားသဖြင့် အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရပြီး မျက်နှာမှာလည်း နီမြန်းသွားကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သည့် သွေးဝိညာဉ်ဂိုဏ်းဝင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ငါ မင်းကို မသတ်နိုင်ဘူးလို့ တကယ် ထင်နေတာလား...”
ဖန်ယွဲ့ယန်သည် ရင်ဘတ်အတွင်း၌ ဒေါသများ အောင့်နေခဲ့ပြီး မည်သည့်နေရာတွင် ပေါက်ကွဲရမှန်း မသိဘဲ ဖြစ်နေတော့သည်။ ၎င်းမှာ တိတ်တဆိတ် တိုက်ခိုက်ခံရခြင်းကြောင့်လား၊ သို့မဟုတ် အခြား အကြောင်းအရင်းကြောင့်လား ဆိုသည်မှာမူ သူကိုယ်တိုင်ပင် မသိပေ။
“ဘုန်း...”
သူသည် ဟိန်းဟောက်လိုက်ပြီး ကိုယ်မှ ပြင်းထန်လှသော ချီစွမ်းအင်များကို ပေါက်ကွဲစေလျက် ထိုသွေးဝိညာဉ်ဂိုဏ်းဝင်ထံသို့ ပြေးဝင်သွားတော့သည်။
“ဝှစ်...”
လော့ချန်သည် ကိုယ်ဟန်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး တောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။
ပတ်ဝန်းကျင်ရှိ သွေးဝိညာဉ်ဂိုဏ်းဝင်များသည် သူ့ကို မြင်သည့်အခါ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တကြားနှင့် အနောက်သို့ ဆုတ်ခွာကြတော့သည်။ ထိုအထဲတွင် ထိပ်သီးမျိုးဆက်တပည့် အဆင့်ရှိသည့် သွေးဝိညာဉ်ဂိုဏ်းဝင်လည်း ပါဝင်နေပေသည်။
လော့ချန်၏ စောစောက စွမ်းဆောင်ရည်ကို သူတို့ အားလုံး မြင်တွေ့ခဲ့ကြသည်မဟုတ်ပါလော။
သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်သီးသန်မာသူ ခုနစ်ဦးမှာ အသက်ရှူအကြိမ် အနည်းငယ်အတွင်းမှာတင် ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ အားလုံး အသတ်ခံလိုက်ရခြင်း ဖြစ်၏။ ယခုအချိန်တွင် လော့ချန်သည် သူတို့၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလား ဖြစ်နေတော့သည်။ ဘယ်သူကများ ပြန်တိုက်ဝံ့ပါတော့မည်နည်း။
လော့ချန်ကမူ ထိုသူများကို ဂရုမစိုက်ဘဲ တောင်ကြီး၏ အတွင်းဘက်ရှိ ချောက်နက်ကြီးဆီသို့ ကြည့်လိုက်ရာ အတော်ပင် မျက်မှောင်ကြုတ်လိုက်မိသည်။
ချောက်နက်ကြီးမှာ အောက်ခြေမမြင်ရဘဲ အတွင်း၌ သတ်ဖြတ်လိုသော တိမ်တိုက်များ လွင့်ပျံနေကာ သွေးရောင်အလင်းတန်းများလည်း အဆက်မပြတ် ဝင်းလက်နေသဖြင့် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီး၏ ပါးစပ်အဟောင်းသား ဖြစ်နေသကဲ့သို့ ရှိနေတော့သည်။
‘ဒီနေရာပဲ...’
လော့ချန်သည် မြေကြီးအတွင်းရှိ အနှစ်သာရသွေးများ အားလုံးမှာ ဤချောက်နက်ကြီးအတွင်းသို့ စုစည်းနေသည်ဟု ခံစားလိုက်ရသဖြင့် အခြေအနေကို သိရှိနိုင်ရန် စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သို့သော်လည်း စိတ်ဝိညာဉ်စွမ်းအားမှာ ထိုညှီစူးလှသော သွေးရောင်တိမ်တိုက်များနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် တားဆီးခြင်း ခံလိုက်ရတော့သည်။
‘တကယ်ကို ထူးဆန်းတာပဲ...’
လော့ချန်၏ စိတ်ထဲတွင် ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ဦး၏ရှေ့သို့ တစ်ခဏချင်း ရောက်သွားခဲ့ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။
“အတွင်းထဲမှာ ဘာရှိတာလဲ...”
“ငါ... ငါ...”
ထိုသွေးဝိညာဉ်ဂိုဏ်းဝင်၏ မျက်နှာမှာ ဖြူဖျော့နေခဲ့ပြီး အသံမှာလည်း တုန်ရီနေတော့သည်။
လော့ချန်၏ အရှိန်အဝါမှာ သူ့ကို အသက်ရှူရပ်မတတ် ဖိနှိပ်ထားခြင်း ဖြစ်၏။ ၎င်းမှာ သေခြင်းတရား၏ အငွေ့အသက်ပင် ဖြစ်ပေသည်။
သူသည် ယခင်က အခြားသူများ သေခြင်းတရားကို ကြောက်ရွံ့နေသည့် ပုံစံကို ကြည့်ပြီး ပျော်ရွှင်ခဲ့ဖူးသူ ဖြစ်၏။ တစ်ဖက်လူကို တဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ပြီး သေခြင်းတရား၏ အရသာကို မြည်းစမ်းစေခဲ့ဖူးသည်။ သို့သော်လည်း စစ်မှန်သော သေခြင်းတရားက သူ့ထံသို့ ကျရောက်လာသည့် အခါတွင်မူ ၎င်းမှာ မည်မျှအထိ ကြောက်စရာကောင်းသလဲဆိုသည်ကို သူ သိရှိသွားတော့သည်။
ခက်ခဲစွာဖြင့် စကားလုံးအချို့ကို သူ ပြောလိုက်သည်။
“ငါ... ငါ မသိဘူး...”
“ဘုန်း...”
လော့ချန် အပိုစကားများ မပြောတော့ဘဲ လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်ရာ ထိုသွေးဝိညာဉ်ဂိုဏ်းဝင်မှာ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးများ မြေပြင်ပေါ်သို့ ပျံ့ကျဲသွားတော့သည်။
သူသည် ဤလူများ၏ ရက်စက်မှုကို မြင်တွေ့ဖူးသူဖြစ်ရာ သနားညှာတာနေမှာ မဟုတ်ပေ။ လော့ချန် ဆက်လက်၍ မေးမြန်းရန် လူတစ်ယောက်ကို ထပ်မံရှာဖွေရန် ပြင်လိုက်စဉ်...
ရုတ်တရက်...
“ဂျိမ်း...”
ကောင်းကင်ယံမှ မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသော အသံကြီးတစ်ခုမှာ အနောက်ဘက်မှ ထွက်ပေါ်လာသည်။
လော့ချန် အသံထွက်ပေါ်ရာသို့ လှည့်ကြည့်လိုက်သည်။
ထိုဘက်ရှိ ကောင်းကင်ယံတွင် တောက်ပလှသော မီးအလင်းတန်းများနှင့် ပြင်းထန်လှသော သွေးရောင်အလင်းတန်းများမှာ ရောထွေးနေခဲ့ပြီး ကောင်းကင်သို့ ထိုးတက်နေတော့သည်။
အတွင်း၌ လူရိပ်နှစ်ခုမှာ တိုက်ခိုက်နေကြသည်ကို ဝေဝါးစွာ မြင်တွေ့နေရပြီး တစ်ခါ တိုးတိုက်မိတိုင်း မိုးကြိုးသံများကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ထွက်ပေါ်လာသော လှိုင်းလုံးကြီးများကြောင့် လေထုမှာ ရူးသွပ်စွာ တုန်ခါနေခဲ့ပြီး တောင်ကုန်းများမှာလည်း ပြိုလဲနေတော့သည်။
‘ဒါက... အထွတ်အထိပ်အဆင့် ရောက်နေတဲ့ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ပဲ...’
လော့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး မီးအလင်းတန်းများကြားရှိ လူရိပ်ကို စိုက်ကြည့်လိုက်မိသည်။
“ဟားဟား... သေလိုက်စမ်း...”
ရုတ်တရက် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ပြင်းထန်လှသော မီးလျှံဓားဆန္ဒတစ်ခုမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ပင်လယ်လှိုင်းလုံးကြီးများအလား တစ်လှိုင်းပြီးတစ်လှိုင်း ပေါ်ထွက်လာသဖြင့် တောင်ထိပ်တစ်ခုလုံးတွင် ပူပြင်းလှသော လေပူများ တိုက်ခတ်လာကာ လူတိုင်းမှာ မီးလျှံများကြား ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင်...
“ဘုန်း...”
တံခါးချပ်ခန့် ကျယ်ပြန့်ပြီး မီတာရာချီ ရှည်လျားသော မီးလျှံဓားချီတစ်ခုမှာ ထိုမီးအလင်းတန်းများကြားမှ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး တောက်ပလှသော မီးလျှံဒိုင်းကြီးတစ်ခုအလား ဖြစ်ပေါ်လာကာ ညှီစူးလှသော သွေးရောင်ချီစွမ်းအင်များအပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။
“အား...”
စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့ပြီး သွေးရောင်ချီစွမ်းအင်များမှာ တစ်ခဏချင်းမှာပင် ကွဲအက်သွားခဲ့ကာ လူရိပ်နှစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာပြီး ကမ်းပါးတစ်ခုကို တိုက်မိကာ ပြိုလဲသွားစေတော့သည်။
ကျောက်တုံးများကြားတွင် နှစ်ခြမ်းပြတ်နေသော အလောင်းတစ်ခု ရှိနေခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ရက်စက်လှသော ဓားရာကြီးတစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရကာ တစ်ကိုယ်လုံးရှိ အသားအရည်များမှာလည်း ပြင်းထန်လှသော အပူရှိန်ကြောင့် လောင်ကျွမ်းနေတော့သည်။
“ယန့်သခင်...”
အလောင်းကို မြင်ရသည့်အခါ တောင်ထိပ်ပေါ်ရှိ သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ မျက်နှာများ တစ်ခဏချင်း ပျက်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ စတုတ္ထနယ်ပယ်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် အစွမ်းအထက်ဆုံး ယန့်သခင် သေဆုံးသွားရသည်ပေါ့။
“ဝှစ်...”
မီးအလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး လူရိပ်တစ်ခုမှာ တောင်ထိပ်သို့ ဆင်းသက်လာခဲ့သည်။
ရောက်လာသူမှာ အသက် ၁၇၊ ၁၈ နှစ်ခန့်သာ ရှိသေးပြီး ကိုယ်ဟန်မှာ တောင့်တင်းကာ လေထဲတွင် မားမားမတ်မတ် ရပ်နေခဲ့ပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို အထက်စီးမှ ကြည့်နေသည့် အရှိန်အဝါမျိုး ရှိနေတော့သည်။ သူ၏မျက်ဝန်းအစုံမှာလည်း တောက်ပဝင်းလက်နေခဲ့ပြီး အလွန်ပင် ထက်မြက်လှသဖြင့် ဓားအလင်းတန်းနှစ်ခုအလား ရှိနေကာ အချိန်မရွေး လူတစ်ယောက်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်မည့်အလား ရှိနေတော့သည်။
“စတုတ္ထနယ်ပယ် ကိုတောင် မရောက်သေးဘဲ ငါ့ကို လာတားဝံ့တယ်ပေါ့... သေချင်နေတာပဲ...”
လူငယ်မှာ အလောင်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏နတ်ဘုရားတစ်ပါးအလား အကြည့်များဖြင့် တောင်ထိပ်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်ရာ လော့ချန်၏ ကိုယ်ပေါ်တွင် ရပ်တန့်သွားခဲ့ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကာ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
“အိုး... ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် ပါလား... မင်းက ဘယ်သူလဲ...”
သူသည် မိမိထက် အရင်ဦးအောင် တောင်ထိပ်သို့ ရောက်နေသူ ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ၎င်းက ရွှမ်ယွမ်ဂိုဏ်း တပည့်တစ်ဦး ဖြစ်နေသည်မှာ ပို၍ပင် အံ့ဩစရာ ကောင်းလှပေသည်။
လော့ချန်၏ မျက်နှာမှာ တည်ငြိမ်နေခဲ့ပြီး တစ်ဖက်လူ၏ အထွတ်အထိပ်အဆင့် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို ခံစားလိုက်ရသည့် တစ်ခဏမှာပင် တစ်ဖက်လူ၏ အထောက်အထားကို သူ ခန့်မှန်းမိလိုက်သည်။
လျှပ်ယွမ်ဂိုဏ်း ၏ အတွင်းစည်းတပည့်ခေါင်းဆောင် ယွမ်ထျန်ယန်ပင် ဖြစ်၏။
ယခင်က လော့ရှားဂိုဏ်းတွင် ရှိစဉ်က ယူလန်ရှင်းသည် ဤလူ၏ အကြောင်းကို သူ့အား အလေးပေး ပြောပြခဲ့ဖူးသည်။
နံပါတ် ၁၀၂ နေရာဖြင့် နယ်မြေစာရင်းသို့ တက်လှမ်းနိုင်ရန် လက်မအနည်းငယ်သာ လိုတော့သည့်သူဖြစ်ပြီး ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းမျိုးဆက်သစ်များကြားတွင် ဘုရင်တစ်ပါးအလား ရှိနေသူဖြစ်ကာ ယူလန်ရှင်းပင်လျှင် သူ့ကို အလွန်ပင် ချီးကျူးခဲ့ရသည်မဟုတ်ပါလော။
လော့ချန်သည်လည်း တစ်ချိန်က ဤလူကို ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့ဖူးသည်။
နှမြောစရာကောင်းသည်မှာ ဤကာလအတွင်း သူ၏ ကျင့်ကြံမှုနှင့် တိုးတက်မှုများကြောင့် သူသည် ယခင်က လော့ချန် မဟုတ်တော့ပေ။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းမျိုးဆက်သစ်ဘုရင် ဆိုသည့်အရာမှာ သူ၏မျက်လုံးထဲတွင် အရေးပါသည့်အရာ မဟုတ်တော့ပေ။
လော့ချန်သည် တစ်ဖက်လူကို တိုက်ရိုက် စိုက်ကြည့်လျက် တည်ငြိမ်စွာ ဆိုလိုက်သည်။
“ရွှမ်ယွမ်ဂိုဏ်းက လော့ချန်ဆိုတာ ငါပဲ...”
“လော့ချန်...”
ယွမ်ထျန်ယန် အနည်းငယ် မှင်တက်မိသွားခဲ့ပြီး လော့ချန်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ကာ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
“မကြာသေးခင်က နာမည်ကြီးနေတဲ့... အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားပေမဲ့ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ကို နားလည်ထားတယ်ဆိုတဲ့ ကောင်လေးက မင်းပေါ့...”
“ဟဲဟဲ... ငါ တကယ်ကို သိချင်မိတယ်... မင်းလို အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ်ပြီး ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ကို နားလည်နိုင်ရတာလဲ...”
လော့ချန်၏ အကြည့်မှာ အေးစက်သွားခဲ့ပြီး ဓားတစ်စင်းအလား ထက်မြက်သွားတော့သည်။
“ဝှစ်...”
ထိုအချိန်တွင် လေခွင်းသံများ ထွက်ပေါ်လာသည်။
ယူလန်ရှင်းနှင့် ဖန်ယွဲ့ယန်တို့မှာ တောင်ထိပ်သို့ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။
“ယူလန်ရှင်း... နင်လည်း ရောက်လာတာပဲ...”
ယွမ်ထျန်ယန်သည် ယူလန်ရှင်းကို မြင်သည့်အခါ မျက်လုံးများ တောက်ပသွားသည်။
ဖန်ယွဲ့ယန်ကိုမူ သူသည် တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး လုံးဝ ဂရုမစိုက်ဘဲ ကျော်ဖြတ်လိုက်သည်။
ဤသည်က ဖန်ယွဲ့ယန်ကို မျက်နှာပျက်သွားစေခဲ့ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်မိသော်လည်း အစွမ်းချင်း ယှဉ်လျှင်မူ သူသည် ယွမ်ထျန်ယန်ထက် နိမ့်ကျနေသည်မှာ အမှန်ပင် ဖြစ်သဖြင့် ဒေါသများကိုသာ စိတ်ထဲတွင် ဖိနှိပ်ထားလိုက်ရတော့သည်။
ယူလန်ရှင်းသည် ယွမ်ထျန်ယန်ကို အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကိုယ်ဟန်ကို လှုပ်ရှားကာ လော့ချန်၏ ဘေးတွင် သာသာယာယာ ဆင်းသက်လိုက်တော့သည်။
အခန်း ၆၄၅ ပြီးပါပြီ။