အခန်း (၁၉၀၆)
Vol. 137 Ch. 1906
အပိုင်း(၁၉၀၆)
‘ဒီသေမျိုးများက ဘယ်လိုလူတွေပါလိမ့်...’
ခရမ်းရောင် ပင်လယ် သခင်မမှာ ထိုကဲ့သို့ တွေးလိုက်မိ၏။ သူမ သင်္ဘောပေါ်သို့ ဆင်းသက်လိုက်ပြီး ဝေ့ဝူယင်နှင့် ပေအနည်းငယ် အကွာသို့ လျှောက်လာခဲ့၏။
ငွေရောင်မျက်ဝန်းများနှင့် ထိုလူသားသည် တစ်ချက်ကြည့်ရုံဖြင့် သူမ၏ နှလုံးသားကို တုန်လှုပ်စေနိုင်သည့် အပြုံးကို ဆင်မြန်းထားဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ စိတ်ခံစားချက်ကို ထိန်းချုပ်၍ ကျင့်ကြံလာခဲ့သူသာ မဟုတ်လျှင် သူမ၏ အတွေးအချို့ကို မျက်နှာထက်တွင် မြင်တွေ့သွားနိုင်ပေသည်။
“ဒါက ကျွန်တော့်ရဲ့ ဇနီးတွေပါ”
ဝေ့ဝူယင်က တစ်ဦးချင်းစီ မိတ်ဆက်ပေးလိုက်သည်။ ချင်ချူးမူက မြင့်မြတ်သော ဟန်ပန်ကို အစွမ်းကုန် ထုတ်ဖော်ကာ အနည်းငယ် ဦးညွှတ် နှုတ်ဆက်လိုက်၏။ ထိုအခိုက်၌... မိန်းကလေးမှာ ခရမ်းရောင် ပင်လယ် သခင်မထက်ပင် မွေးရာပါ အဆင့်အတန်း မြင့်မားသူတစ်ဦးကဲ့သို့ ဂုဏ်ဒြပ်ကို အပြည့်အဝ ပြသနေသည်။ ဝေ့ဝူယင်က သူမမှာ သူ့ကို ကိုယ်စားပြုနေသူ ဖြစ်ကြောင်းနှင့် သူ့မျက်နှာ မပျက်စေရန် ဇနီးတစ်ဦးကဲ့သို့ ပြုမူရန် မှာကြားထားသဖြင့် သူမမှာ အာဏာရှင် ရှန့်ထို တစ်ဦး၏ ရှေ့မှောက်၌ပင် ‘အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဧကရီ’ တစ်ပါးကဲ့သို့ အစွမ်းကုန် ဟန်ဆောင်နေခြင်း ဖြစ်သည်။
ချစ်စရာကောင်းလှသည့် အဲ့လ်ဖ်မလေးပင်...။
ဝေ့ဝူယင်က ချောင်စွေ့ဖုန်းနှင့် ထူးဆန်းသော မျိုးနွယ်မှ သေမျိုးမလေး ချင်ချူးမူတို့ကို သူ၏ ဇနီးများအဖြစ် မိတ်ဆက်ပေးသောအခါ ခရမ်းရောင် ပင်လယ် သခင်မမှာ အံ့ဩသွားရသည်။ ဤကဲ့သို့သော လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦးက အဘယ်ကြောင့် ချောင်စွေ့ဖုန်းကဲ့သို့ မိန်းကလေးမျိုးကို ရွေးချယ်ခဲ့သနည်းဟု သူမ နားမလည်နိုင် ဖြစ်ရသည်။ စိတ်ထဲတွင်လည်း မသိမသာ မကျေမနပ် ဖြစ်မိသည်။
ဝေ့ဝူယင်က ဝေ့စီကို သူ၏ ညီအစ်ကိုဝမ်းကွဲအဖြစ် မိတ်ဆက်ပေးခြင်း အပါအဝင် အားလုံးကို တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။ ခရမ်းရောင် ပင်လယ် သခင်မကလည်း မည်သူ့ကိုမျှ ချန်လှပ်မထားဘဲ အားလုံးကို ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်ခဲ့သည်။ စိတ်ထဲ၌ မည်သို့ပင် ရှိစေကာမူ အပြင်ပန်းတွင်မူ သူမသည် ယဉ်ကျေးပျူငှာမှုမှာ အပြည့်အဝ ရှိနေ၏။
မိတ်ဆက်ပြီးနောက် ဝေ့ဝူယင်က ခေါင်းပေါက် အဘိဿဲလ် ဂြိုဟ်ဘက်သို့ လက်ဟန်ပြလိုက်၏။
“သွားကြမလား...”
ခရမ်းရောင် ပင်လယ် သခင်မက ခေါင်းညိတ်ကာ သူ့လူများကို လှမ်း၍ အမိန့်ပေးလိုက်သည်။
“ရှေ့ဆက်ကြ...”
ဝမ်... ဝမ်...
ကျောက်ဆူးပုံသဏ္ဌာန် သင်္ဘောကြီးသည် ချက်ချင်းပင် စတင် ရွေ့လျားတော့သည်။ ၎င်းသည် အာကာသကို ချည်နှောင်ပြီး သွားလာရ လွယ်ကူသည့် ယာယီ အာကာသ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးနေပုံရရာ အီလီစီယမ် အသေးစားသည်လည်း နောက်မှ လိုက်ပါသွားခဲ့သည်။ သူတို့သည် ခေါင်းပေါက် အဘိဿဲလ် ဂြိုဟ်သို့ တိုက်ရိုက်လမ်းကြောင်းမှ သွားနေကြသော်လည်း ရောက်ရှိရန် နာရီအနည်းငယ်မျှ ကြာဦးမည် ဖြစ်သည်။
ပုံမှန်ဆိုလျှင် သူမသည် ကိုယ်ပိုင် သင်္ဘောပေါ်မှနေ၍ ဝိညာဉ် အာရုံ ဆက်သွယ်မှုဖြင့်သာ လှမ်း၍ စကားပြောမည် ဖြစ်သော်လည်း ယခုမူ ဝေ့ဝူယင်၏ ဖိတ်ခေါ်မှုကြောင့် သူတို့ လွတ်လပ်စွာ စကားပြောနိုင်ကြသည်။ ဝေ့ဝူယင် စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် သူမသည် မေးခွန်းများကို အနည်းငယ်သာ မေးမြန်းပြီး ဝေ့ဝူယင် မေးမြန်းသမျှ ခရမ်းရောင် ပင်လယ် ကြယ်တာရာ နယ်မြေ၊ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံနှင့် အခြား ဂလက်ဆီဇုံများ၊ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ အကြောင်းများကိုသာ ဖြေကြားပေးခဲ့သည်။ ဝေ့ဝူယင်နှင့် သူ၏ ဇနီးများမှာမူ အားနာခြင်း မရှိဘဲ စပ်စုတတ်သည့် အလေ့အတိုင်း များစွာ မေးမြန်းကြသည်။
သို့သော်လည်း... ခရမ်းရောင် ပင်လယ် သခင်မသည် ဝေ့ဝူယင်၏ အဂ္ဂိရတ် မျိုးရိုးအကြောင်းကို မေးမြန်းခြင်းဖြင့် သူ၏ လောကရှန့်ထို ဂုဏ်ပုဒ်ကို အတည်ပြုရန် ကြိုးစားခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးမှာ အခြားသူ၏ လမ်းစဉ်ကို လိုက်စားသလား သို့မဟုတ် ကိုယ်ပိုင်လမ်းစဉ်ကို ထွင်သလား သူမ သိလိုသည်။
ချောင်စွေ့ဖုန်းက ကိုယ်စား ဝင်ရောက် ဖြေဆိုကာ ဝေ့ဝူယင်မှာ ကိုယ်ပိုင် အဂ္ဂိရတ် မျိုးရိုးကို တည်ထောင်ခဲ့သူ ဖြစ်ကြောင်း၊ ထိုမျိုးရိုးမှာ ထုံးတမ်းစဉ်လာများကို ဖီဆန်ပြီး သူတို့လောကတွင် ခေတ်သစ်တစ်ခုကိုပင် ထွန်းကားစေခဲ့ကြောင်း မြှောက်ပင့် ပြောဆိုခဲ့သည်။
ခရမ်းရောင် ပင်လယ် သခင်မမှာ ချောင်စွေ့ဖုန်း၏ ချီးမွမ်းစကားများကို ပြုံးလျက်သာ နားထောင်ပြီး ယုံကြည်ဟန် ဆောင်နေလိုက်သည်။ ထုံးတမ်းစဉ်လာများကို ဖောက်ထွက်ရန်ဆိုသည်မှာ အဆင့်မြင့် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းများတွင်ပင် အလွန် ခက်ခဲလှသည့် ကိစ္စ ဖြစ်သည်။ သူမက ချောင်စွေ့ဖုန်းကို အပြောကောင်းပြီး လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်တစ်ဦးကို မြူဆွယ်နိုင်ရုံဖြင့် ဇနီးဘွဲ့ ရထားသူဟုသာ သတ်မှတ်လိုက်သည်။
ဝေ့ဝူယင်ထံတွင် သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ ရှိနေသဖြင့် သူက လောကရှန့်ထို ဖြစ်ကြောင်း သက်သေပြရန် သိပ်မလိုလှချေ။ သို့သော်လည်း... ဝေ့ဝူယင်က သူမ စစ်ဆေးနိုင်ရန် အာရုဏ်ဦး နေကြတ် လောက ဆေးလုံး တစ်လုံးကို ထုတ်ပြလိုက်သည်။ ထိုအခါ မိန်းကလေး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ ဝေ့ဝူယင် ထုတ်ပြလိုက်သည့် ဆေးလုံးမှာ အထွတ်အထိပ်အဆင့် အရည်အသွေးတွင် ရှိနေသည် မဟုတ်ပါလား။
ဆေးလုံးကို စစ်ဆေးကြည့်ရာတွင် ဝေ့ဝူယင် တမင်တကာ ချန်ထားခဲ့သည့် သူ၏ အငွေ့အသက် အနည်းငယ်ကို ခံားလိုက်ရသည်။ သူမ၏ ဝါဝင်းသော မျက်ဝန်းများမှာ လောဘစိတ်များဖြင့် ပိုမို တောက်ပလာသည်။ သူမ၏ ရှည်လျားလှသော သက်တမ်းတစ်လျှောက်တွင် အထွတ်အထိပ် အဆင့်ရှိ ‘လျှို့ဝှက်လောက’ ဆေးလုံးတစ်လုံးကို တစ်ခါမျှ မကိုင်တွယ်ဖူးခဲ့ချေ။ ၎င်း၏ အာနိသင်ကိုပင် မသိရသေးသော်လည်း သူမ အလွန် လိုချင်မိသွားသည်။
ထိုအချိန်တွင် ဝေ့ဝူယင် မေးလိုက်သော မေးခွန်းတစ်ခုကြောင့် မိန်းကလေး အားလုံး ဆွံ့အသွားကြရပြီး စိတ်ဝင်တစား စောင့်ကြည့်နေသည့် သခင်လေးရှန့်ပင်လျှင် ပါးစပ်ထဲမှ အရက်များပင် သီးထွက်လုနီးပါး ဖြစ်သွားရသည်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ တစ်စက်ကလေးမျှ မထွက်အောင် ထိန်းလိုက်ရ၏။ ထိုရယ်စရာကောင်းသော မြင်ကွင်းကြောင့် ဝေ့ဝူယင်၏ အလေ့အထကို ရိုးအီနေပြီ ဖြစ်သော ဝေ့စီမှာ အရက်သမား သခင်လေးကိုသာ ကြည့်ကာ ရယ်မောလေတော့သည်။
ဝေ့ဝူယင် မေးလိုက်သည့် မေးခွန်းကတော့...
“ခရမ်းရောင် ပင်လယ်... မင်းမှာ တာအို အဖော် ဒါမှမဟုတ် ခင်ပွန်း ရှိသလား”
ဟူ၍...။
ထို့ပြင် ဝေ့ဝူယင်သည် မည်သည့်အချိန်ကတည်းက စမှန်း မသိဘဲ ‘နန်းတော်သခင်’ ဟူသော ဘွဲ့ကို ဖြုတ်ကာ သူမကို ‘ခရမ်းရောင် ပင်လယ်’ ဟု အလွန် ရင်းနှီးသော အခေါ်အဝေါ်ဖြင့် ခေါ်လိုက်ခြင်း ဖြစ်သည်။
“...”
ခရမ်းရောင် ပင်လယ် ကိုယ်တိုင်ပင် ထိုမေးခွန်းကြောင့် မှင်တက်သွားရသည်။ သူမသည် မြင့်မြတ်သည့် အာဏာရှင် ရှန့်ထိုတစ်ဦး ဖြစ်သလို ဂလက်ဆီတစ်ခု၏ နယ်မြေ လေးပုံတစ်ပုံကို အုပ်ချုပ်သူ ဖြစ်သည်။ သူမကို ဤမျှ ပွင့်လင်းရဲတင်းစွာ မေးဝံ့သူ တစ်ယောက်မျှ မရှိခဲ့ဖူးချေ။ သူမမှာ အံ့ဩလွန်းသဖြင့် မရည်ရွယ်ဘဲ လွှတ်ခနဲ ဖြေမိသွားသည်။
“မ... မရှိပါဘူး”
ဝေ့ဝူယင်၏ အပြုံးမှာ ပိုမို နက်ရှိုင်းလာ၏။
“ကောင်းပြီလေ...”
ယွီစွန်းလီ၊ လျူစုယင်၊ ချောင်စွေ့ဖုန်းနှင့် ချင်ချူးမူတို့ အားလုံး ဝေ့ဝူယင်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ တစ်ဖက်တွင်မူ စုမေ့ကမူ ဤသည်မှာ အချိန်တန်လျှင် ဖြစ်လာမည့် ကိစ္စသာ ဖြစ်သည်ဟု ခံစားနေရသည်။
“ဒါဆိုရင် ကျုပ်တို့ တာအို ဆွေးနွေးပွဲလေး တစ်ခုလောက် လုပ်ကြရင် ဘယ်လိုလဲ... ခင်ဗျားကို ကျုပ်ရဲ့ အဂ္ဂိရတ် မျိုးရိုးအကြောင်းနဲ့ ကျင့်ကြံခြင်း အမြင်တွေကို... အသေးစိတ် ရှင်းပြပေးလို့ ရပါတယ်”
ဝေ့ဝူယင်က လိုရင်းကို လုံးဝ မဖုံးကွယ်ဘဲ ကမ်းလှမ်းလိုက်၏။
“...”
ခရမ်းရောင် ပင်လယ်ကတော့ လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဆွံ့အကာ ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားလေတော့သည်။
...
ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ၏ မြို့တော်ဂြိုဟ်ဖြစ်သည့် ခေါင်းပေါက် အဘိဿဲလ် ဂြိုဟ်သည် ရေဓာတ်စွမ်းအင်များ ကြွယ်ဝလှသည့် ပတ်ဝန်းကျင်တစ်ခု ရှိလေသည်။ ရွှေဝါရောင် တိမ်တိုက်များမှ အမတေ စွမ်းအင်များက ကြွယ်ဝစွာ ထွက်ပေါ်နေသလို၊ ဆန်းကြယ်စွာ စင်ကြယ် ပျစ်ခဲနေသည့် ခရမ်းရောင် ပင်လယ်ကြီးမှာလည်း မန်နာနှင့် ရေဓာတ်စွမ်းအင်တို့ ပေါင်းစပ်ထားသည့် အံ့ဖွယ်အရောအနှောတစ်ခု ဖြစ်သည်။
ဂြိုဟ်တစ်ခွင်လုံးရှိ ခရမ်းရောင် ပင်လယ်ပြင်ထက်တွင် စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ရေယာဉ်များသည် သင်္ဘောများကဲ့သို့ပင် ရေပေါ်၌ ဟိုဟိုဒီဒီ သွားလာနေကြသည်။ ထိုရေယာဉ်များ၏ ပဲ့ကိုင်နှင့် နံဘေးတွင် 'အဘိဿဲလ်' လူမျိုးများ ရှိနေကြပြီး အများစုမှာ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကာ သူတို့၏ မွေးရာပါ လူမျိုးစု စွမ်းရည်ကို အသုံးချ၍ ရေယာဉ်များကို မောင်းနှင်နေကြခြင်း ဖြစ်သည်။
သူတို့ အပြင် ကြယ်တာရာ အမြုတေ ဒုတိယအဆင့်ဖြစ်သည့် ကောင်းကင်အုပ်စိုးသူ အဆင့်ရှိ လူသားများနှင့် နတ်ဆိုးများမှာလည်း ထိုတာဝန်ကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။ နတ်ဆိုးများကိုတော့ တစ်ခါတစ်ရံမှသာ တွေ့ရခြင်း ဖြစ်သည်။ လူသားများက ပိုမို၍ များသည်။
အံ့ဩစရာကောင်းသည်က... ချီပျစ်ခဲခြင်း အဆင့်ရှိ အဘိဿဲလ်လူမျိုးအချို့၏ မန်နာ ထိန်းချုပ်နိုင်စွမ်းမှာ ကောင်းကင်အုပ်စိုးသူအဆင့်ရှိသူများနှင့် အဆင့်တူနေရုံသာမက ပို၍ပင် အားကောင်းနေခြင်းပင်။ ၎င်းမှာ အဘိဿဲလ်လူမျိုးတို့၏ လူမျိုးစုစွမ်းရည် မည်မျှ နက်နဲသည်ကို သက်သေပြနေပေသည်။
ပင်လယ်ရေယာဉ်အမျိုးမျိုးတွင် အဘိဿဲလ်လူမျိုးများ၊ လူသားများနှင့် မိစ္ဆာများ တက်ညီလက်ညီ လှော်ခတ်နေကြသည့် မြင်ကွင်းမှာ ထူးခြားလှပေသည်။
ခေါင်းပေါက် အဘိဿဲလ် ဂြိုဟ်၏ ရေထုမှာ အဆင့်အမျိုးမျိုး ကွဲပြားသည်။ ရေအောက်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဆင်းသွားလေလေ ရေထု၏ အရည်အသွေးမှာ ပိုမိုမြင့်မားလေလေ ဖြစ်သည်။ ရေမျက်နှာပြင်ထပ်ရှိ ရေထုကို ကြယ်တာရာ အဆင့် ရတနာ ဟု သတ်မှတ်နိုင်သော်လည်း အနက်ရှိုင်းဆုံးနေရာရှိ ရေထုမှာမူ 'လျှို့ဝှက် လောက' အဆင့်တွင် ရှိသည်ဟု ဆိုကြသည်။
ဤဂြိုဟ်ကြီးကို ရေထုသက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်း မဟုတ်ပေ။ မြေပြင်တိုက်ကြီးများလည်း ရှိပေသည်။ သို့သော်လည်း... ဒေသအတော်များများမှာ စိုထိုင်းဆ မြင့်မားလွန်းသဖြင့် ရွှံ့နွံများ ထူထပ်ခြင်း သို့မဟုတ် မိုးအဆက်မပြတ် ရွာသွန်းခြင်းတို့ကို ခံစားရသည်။ ရွှံ့ထူသည့် တောင်စောင်းမျာ် အပြင် မြစ်ချောင်းပေါင်းများစွာ စီးဆင်းနေသော တောအုပ်များကို မြင်တွေ့ရပြီး ပူပြင်းခြောက်သွေ့သော သဲကန္တာရဟူ၍ မရှိသလောက်ပင်။ ကမ္ဘာကြီးတစ်ခုလုံးသည် ကျွန်းစုများ၊ ကျွန်းဆွယ်များ၊ မြေပြန့်ဒေသများဖြင့် ပြည့်နှက်နေပြီး ထိုနေရာများ၌ မြို့ပြနှင့် ယဉ်ကျေးမှုများ အထွန်းကားဆုံး ဖြစ်နေပေတော့သည်။
ထိုဂြိုဟ်ထက်၌... ကုန်းမြေတိုက်ကြီးတစ်ခုဟုပင် ဆိုနိုင်လောက်အောင် အလွန်ကြီးမားသည့် ကျွန်းကြီးတစ်ကျွန်း ရှိ၏။ အခြားသော တိုက်ကြီးများမှာ အဆမတန် ကြီးမားလွန်းသဖြင့်သာ ၎င်းကို ကျွန်းဟု သတ်မှတ်ရခြင်း ဖြစ်သည်။ ၎င်းကို ခရမ်းရောင် တက်သစ်ကျွမ်းဟု ခေါ်၏။
ထိုကျွန်းကြီးပေါ်တွင် ခရမ်းရောင်နှင့် ရွှေဝါရောင် ရောယှက်နေသည့် ခမ်းနားထည်ဝါလှသော နန်းတော်ကြီးတစ်ခု ရှိသည်။ ၎င်းမှာ လျှို့ဝှက်မြေကြီး အထွတ်အထိပ် အဆင့် ပစ္စည်းများဖြင့် တည်ဆောက်ထားသဖြင့် ချမ်းသာကြွယ်ဝမှုတို့က ဝင်းလက်နေခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။
နန်းတော်ပတ်ဝန်းကျင်နှင့် ကျွန်းတစ်ခွင်တွင် ကျင့်ကြံသူများမှာ အုပ်စုလိုက် သို့မဟုတ် တစ်ဦးတည်း သွားလာနေကြသည်။ ပြင်းထန်သည့် တိုက်ခိုက်ရေး လေ့ကျင့်မှုများ၊ အေးချမ်းစွာ ကျင့်ကြံနေမှုများနှင့် အရောင်စုံ စက်ဝိုင်းပုံစံ အိမ်ရာများထဲ၌ အပန်းဖြေနေသူများ စသည်ဖြင့် စည်ကားလှပေသည်။
၎င်းမှာ ခရမ်းရောင် ပင်လယ် နန်းတော် ပင် ဖြစ်လေတော့သည်။
***