အခန်း (၁၉၁၀)
Vol. 137 Ch. 1910
အပိုင်း(၁၉၁၀)
“ကယ်နိုင်သမျှ လူတွေကို ကယ်ကြစမ်း...”
ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံအတွင်းရှိ ဂြိုဟ်တစ်လုံးပေါ်တွင် လောက အင်ပါယာတစ်ဦးသည် သူ၏ လက်အောက်ငယ်သားများကို အော်ဟစ် အမိန့်ပေးလိုက်၏။ ဂြိုဟ်အသီးသီး၌ ငလျင်များ၊ ဆူနာမီများ၊ ဟာရီကိန်း မုန်တိုင်းများနှင့် လေထုပေါက်ကွဲမှုများ ဖြစ်ပေါ်နေသလို သင်္ဘောများစွာမှာလည်း ပျက်စီးဆုံးရှုံးနေရသည်။
စက္ကန့်နှင့်အမျှ အသက်ပေါင်းများစွာ ဆုံးရှုံးနေရ၏။
ဟူး... ဟူး...
သူသည် ဂြိုဟ်ကို ကာကွယ်ရန် အတွက် လျှို့ဝှက်အကာအကွယ် တစ်ခုကို ထုတ်ဖော်လိုက်သည်။ ဝိညာဉ်ခွန်အားနှင့် လျှို့ဝှက်ဆန္ဒများ၏ ရိုက်ခတ်မှုကြောင့် သူ၏ နှာခေါင်းနှင့် နားများမှ သွေးများ စီးကျလာသည်။ လျှို့ဝှက်ဝိညာဉ်မှာ နာကျင်စွာ အော်ဟစ်နေရကာ ခန္ဓာကိုယ်မှာလည်း ဖန်သားပြင်ကဲ့သို့ အက်ကွဲလာ၏။ ရဲရဲနီနေသည့် မျက်ဝန်းများဖြင့် သူသည် အစွမ်း အထက်ဆုံးသော ခွန်အားကို ထုတ်ဖော်ကာ ဂြိုဟ်အကာအကွယ် အစီအရင် ပွင့်လာသည်အထိ အချိန်ဆွဲပေးလိုက်ရသည်။
ထိုအရာမှာ... လျှို့ဝှက်အာဏာရှင် အဆင့် (၇) ၊ အာဏာရှင် ရှန့်ထို များ၏ လျှို့ဝှက်ဆန္ဒနှင့် ဝိညာဉ်ခွန်အားမျှသာ ဖြစ်သော်လည်း ဂလက်ဆီတစ်ခုလုံးကို ပျက်စီးစေရန် လုံလောက်လှသည်။ သူတို့ကို အကြောင်းမဲ့ အရှင်သခင် အဆင့် ဟု ခေါ်ဆိုခြင်း မဟုတ်ချေ။
ကျင့်ကြံခြင်း အဆင့် တစ်ဆင့် တက်တိုင်း၌ ခွန်အားမှာ မယုံနိုင်လောက်အောင် တိုးမြင့်လာကာ စိတ်ကူးမယဉ်နိုင်သော စွမ်းဆောင်ရည်များကို ပိုင်ဆိုင်လာကြတတ်ကြသည်။ ကျင့်ကြံခြင်းလမ်းစဉ်သည် ခက်ခဲသလောက် ရရှိလာသော အသီးအပွင့်မှာလည်း အလွန်ပင် ကြီးမားလှပေသည်။
ကံကောင်းသည်က... ခရမ်းရောင် အဘိဿဲလ် နယ်မြေတွင်လည်း ကာကွယ်ရေး နည်းလမ်းများနှင့် ကျွမ်းကျင်သူများ ရှိနေခြင်းပင်။ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ တာဝန်အရဖြစ်စေ သန်းနှင့်ချီသော ရှန့်ထိုများက ခရမ်းရောင် အဘိဿဲလ် နယ်မြေတစ်ခွင်၌ လှုပ်ရှားလာကြသည်။
“တော်လောက်ပြီ...”
နူးညံ့ပျူငှာပြီး အားကိုးထိုက်သော၊ တစ်ဖက်တွင်လည်း ရမ္မက်ဇောကို နိုးကြားစေနိုင်သော အမျိုးသမီး အသံတစ်သံသည် ခရမ်းရောင် အဘိဿဲလ် နယ်မြေတစ်ခုလုံးသို့ ပျံ့လွင့်သွား၏။
ပူပြင်းလှသော နေ့တစ်နေ့တွင် အေးမြသော ရေဖြင့် အပက်ခံလိုက်ရသလို ကျင့်ကြံသူများ အပါအဝင် သက်ရှိအားလုံးမှာ ဝိညာဉ်များ နွေးထွေးသွားသလို ခံစားလိုက်ကြရသည်။ ချက်ချင်းပင် ပေါက်ကွဲမှုများနှင့် စွမ်းအားမုန်တိုင်းများမှာလည်း ပျောက်ကွယ်သွားတော့သည်။
“လျှို့ဝှက် အရှင် ခရမ်းရောင် ပင်လယ်...”
လူအများက ကောင်းကင်သို့ မော့ကြည့်ကာ ရိုသေစွာ အော်ဟစ်လိုက်ကြ၏။ သူမသည် နတ်ဘုရားများကို ရင်ဆိုင်နိုင်သည့် သူတို့၏ ထောက်တိုင် ဖြစ်သလို သူတို့ နှလုံးသားထဲမှ ကိုးကွယ်ရသည့် နတ်ဘုရားမလည်း ဖြစ်သည်။
“ငါ... ဒီမှာ ရှိတယ်”
ခရမ်းရောင် ပင်လယ်က သူမ၏ တည်ရှိမှုကို ကြေညာလိုက်ပြီး ရေဥပဒေသ၏ အငွေ့အသက်များ ပါဝင်သော ခရမ်းရောင်နှင့် ရွှေရောင် ဆူနာမီလှိုင်းကြီးများကို ဖန်တီးကာ ပြန်လည် တုံ့ပြန်လိုက်သည်။ ထိုလှိုင်းလုံးကြီးများသည် သူမ၏ မကျေနပ်မှုနှင့် ဒေါသများကို သယ်ဆောင်လျက် အာဏာရှင် သုံးဦးထံသို့ ပြင်းထန်စွာ ဦးတည်သွားသည်။ သို့သော်လည်း ၎င်းတို့မှာ လမ်းတွင်ရှိသော နေကြယ်များနှင့် ဂြိုဟ်များကိုတော့ မျက်စိပါသကဲ့သို့ ရှောင်ကွင်းသွားကြသည်။
ထိုလှိုင်းလုံးကြီးများ ဂြိုဟ်များနှင့် လများကို ဖြတ်သန်းသွားစဉ် အချိန် စွမ်းအားများက မျက်နှာပြင်ပေါ်သို့ ကျရောက်သွားပြီး ဖြစ်ပွားခဲ့သည့် ပျက်စီးမှုများကို ပြန်လည် ပြုပြင်ပေးလိုက်သလို၊ ဝိညာဉ်ခွန်အား ရိုက်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားသော သေမျိုးများကိုလည်း အလွယ်တကူပင် ပြန်လည် အသက်သွင်း ပေးလိုက်သည်။ မူလအတိုင်း ပြန်ဖြစ်စေခဲ့သည်။
အချိန် ပြောင်းပြန်လှန်ခြင်း...
သူမ၏ အဆင့်တွင် သေမျိုးများအတွက် အချိန်ကို ပြန်လည် ပြောင်းလဲပေးခြင်းမှာ အသက်ရှူရသလောက် လွယ်ကူလှပြီး လျှို့ဝှက်စွမ်းအား အနည်းငယ်မျှသာ ကုန်ဆုံးစေသည်။ သူမသည် ထိုအတွက် ကုန်ကျစရိတ်ကို ဂြိုဟ်များ၏ အမတေ စွမ်းအားများ၊ လျှို့ဝှက်အဆင့် ပစ္စည်းများကိုပင် အစားထိုး အသုံးပြုနိုင်စွမ်း ရှိသည်။ လျှို့ဝှက်တာအိုအတွင်းရှိ အရာဝတ္ထုများအပေါ် သူမ၏ စိတ်ဆန္ဒ လွှမ်းမိုးမှုမှာ ထိုမျှအထိ အစွမ်းထက်လှပေသည်။
ဤသည်မှာ သူမ၏ နယ်မြေ မဟုတ်ပါလား...။
ဝှစ်...
ခဏချင်းအတွင်းမှာပင် ရုတ်တရက် ဖြစ်ပွားခဲ့သော သေဆုံးမှုနှင့် ပျက်စီးမှု အားလုံးမှာ မျက်လှည့်ပြလိုက်သလို ပျောက်ကွယ်သွားတော့သည်။
ခရမ်းရောင် အဘိဿဲလ် နယ်မြေ၏ နယ်စပ်တွင် ခရမ်းရောင်နှင့် ရွှေရောင်ရေများမှာ ဟင်းလင်းပြင်ထဲမှ ယိုစီးထွက်လာပြီး ဆန်းကြယ်စွာ စုစည်း၍ မိန်းမပျိုတစ်ဦး၏ ပုံသဏ္ဌာန် အဖြစ် ဖြစ်ပေါ်လာသည်။ သူမသည် ဖြူဝင်းသော အသားအရေနှင့် တောက်ပသော အဝါရောင် မျက်ဝန်းများရှိသည့် အဘိဿဲလ် လူမျိုးတစ်ဦး၏ အသွင်ကို ယူထားပြီး၊ တိုက်ပွဲအတွက် အသင့်ပြင်ထားသည့် လျှို့ဝှက်လောကအဆင့် ဝတ်ရုံကို ဆင်မြန်းထားသည်။ သူမ၏ လက်ထဲတွင်မူ ခရမ်းရောင်နှင့် ရွှေရောင် နှင်တံနှစ်ချောင်းကို အသင့်ကိုင်ဆောင်ထား၏။
ခရမ်းရောင် ပင်လယ်၏ မျက်နှာမှာ ဂြိုဟ်တစ်ခုလုံး ရေခဲခေတ် ဆိုက်ရောက်နေသကဲ့သို့ အေးစက်နေ၏။ သူမ၏ လျှို့ဝှက်အော်ရာကြောင့် ဟင်းလင်းပြင်သည်ပင် နာကျင်စွာ အော်ဟစ်တုန်ခါနေရသည်။ သူမ၏ အကြည့်မှာ လျှို့ဝှက်အော်ရာများကို ဖောက်ထွင်း၍ ပုဂ္ဂိုလ် သုံးဦးထံသို့ စူးစိုက် ကျရောက်သွား၏။
“လျှို့ဝှက်အရှင် ခရမ်းရောင် ပင်လယ်... ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး... ခင်ဗျားရဲ့ အကြည့်က ကျုပ်ရဲ့ ဝိညာဉ်ကို နည်းနည်း နာကျင်စေလို့ပါ”
အသံတစ်သံက ဟာသလုပ်သလို နောက်ပြောင်သော လေသံဖြင့် ပြောလိုက်၏။ ထိုအသံမှာ အလွန်ပင် လွတ်လပ်ပေါ့ပါးနေသော်လည်း ထက်မြက်လှသော လျှို့ဝှက် ရည်ရွယ်ချက် တစ်ခုက ခရမ်းရောင် ပင်လယ်ထံသို့ ဓားတစ်စင်းကဲ့သို့ ပြေးဝင်လာသည်။
ခရမ်းရောင် ပင်လယ်၏ မျက်လုံးများမှာ ခရမ်းရောင်တစ်ဖက်၊ ရွှေရောင်တစ်ဖက် အရောင်ပြောင်းလဲ သွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ရာ အချိန်နှင့် ဟင်းလင်းပြင်ကို တုန်ခါသွားစေသည့် 'ရေနှလုံးသား ရည်ရွယ်ချက်' လှိုင်းလုံးကြီးများ ပေါ်ထွက်လာသည်။
တဒင်္ဂအတွင်းမှာပင် တိုးဝင်လာသည့် ရည်ရွယ်ချက်မှာ ချေမှုန်းခံလိုက်ရတော့သည်။
ခရမ်းရောင် ပင်လယ်သည် နှင်တံများကို တင်းတင်းဆုပ်ကိုင်ကာ ထိုကျင့်ကြံသူထံ အကြည့်ကို စူးစိုက်ထားလိုက်သည်။
သူသည် အသားဖြူဖြူ၊ ကိုယ်လုံးသွယ်သွယ်နှင့် အဘိဿဲလ် လူမျိုးတစ်ဦး ဖြစ်ပြီး အနီရောင် မျက်ဝန်းအစုံမှာ တလက်လက် တောက်ပနေသည်။ သူသည် အဖြူရောင်နှင့် သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပြင်ထက်တွင် အဝတ်ပါးလေးဖြင့် ပတ်ထားသည့် ဓားကြီးတစ်စင်းကို လွယ်ထား၏။ သူ၏ မျက်နှာက အမြဲတမ်း ပြုံးနေသကဲ့သို့ ရှိသော်လည်း အနီရောင် မျက်ဝန်းများမှာမူ အလွန် အန္တရာယ်ရှိသည့် အကြမ်းဖက်မှု အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
သူသည် ဓားအဘိဿဲလ်၏ အာဏာရှင် 'သွေးရောင်ဓား' ပင် ဖြစ်သည်။
“သူ့ကို သွားမဆွနဲ့... သွေးရောင်ဓား”
ပိုမို တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော်... ထိုအသံမှာလည်း ခရမ်းရောင် ပင်လယ်၏ နားထဲတွင် ပေါက်ကွဲသံများကဲ့သို့ မြည်ဟီးလာကာ ပြင်းထန်စွာ ရိုက်ခတ်လာသည်။ ခရမ်းရောင် ပင်လယ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူမ၏ နှင်တံကို ထိုအသံလှိုင်းများဆီသို့ လွှဲယမ်းလိုက်သည်။ ခရမ်းရောင်နှင့် ရွှေရောင်ရေများမှာ ဒလဟော ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲ၌ ပေါက်ကွဲသွားတော့သည်။
“ဟူး... ဟူး...”
နတ်မိမယ် တိတ်ဆိတ်ခြင်းသည် သူမ၏ ပုလွေကြီးကို လွှဲယမ်းကာ ရောက်ရှိလာသည့် အော်ရာ အားလုံးကို ဖယ်ရှားပစ်လိုက်သည်။ သူမက တစ်လှမ်းမျှ နောက်မဆုတ်ခဲ့ချေ။
“မောက်မာလှချေလား...”
သွေးရောင်ဓားက လက်ဝါးကို ဓားကဲ့သို့ အသုံးချကာ အော်ရာများကို ပင်လယ်ပြင်အား ခွဲသကဲ့သို့ နှစ်ခြမ်းခွဲပစ်လိုက်ရင်း သူ၏ ဝတ်ရုံစကိုပင် မထိစေရန် တားဆီးလိုက်လေတော့သည်။
“...”
မီးခိုးရောင် နှင်းဆီကတော့ နောက်သို့ သုံးလှမ်းခန့် လွင့်စင်သွားပြီး သူမ၏ လျှို့ဝှက်အကာအကွယ်မှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ သူမ နောက်ဆုတ်လိုက်သည့် ခြေလှမ်းတိုင်းမှာ အမှောင် ဟင်းလင်းပြင်ကို တုန်ခါစေပြီး အချိန်နှင့် ဟင်းလင်းပြင်ကိုပါ ရှုပ်ထွေး သွားစေသည်။ သူမ၏ နှာခေါင်းမှ သွေးများ ထွက်လာပြီး မျက်နှာမှာလည်း သိသိသာသာ ဖြူလျော်သွားကာ ဒဏ်ရာရရှိသွားပုံရသည်။
သွေးရောင်ဓားက ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
“မင်း ခိုးထားတဲ့ ကျင့်ကြံခြင်း အခြေခံက နောက်ဆုံးတော့ မင်းကို ဒုက္ခပေးနေပြီလား... ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပြီး မီးခိုးရောင် အဆောင်ကို အေးအေးချမ်းချမ်း အနားယူခွင့်ပေးလိုက်စမ်းပါ ခိုးထုတ်မလေး...”
မီးခိုးရောင် နှင်းဆီက နှာခေါင်းမှ သွေးများကို သုတ်လိုက်ပြီး သွေးရောင်ဓား၏ ရိုင်းစိုင်းသော စကားများကို လျစ်လျူရှုလိုက်သည်။
“ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါဦး... လျှို့ဝှက် အရှင်သခင် ခရမ်းရောင် ပင်လယ်”
“ဒါဆိုရင်လည်း မင်းတို့ လာရတဲ့ ရည်ရွယ်ချက်ကို ပြောစမ်း...”
ခရမ်းရောင် ပင်လယ်က ဟိန်းဟောက်လိုက်၏။
“အဲဒီလိုမှ မဟုတ်ရင် တိုက်ကြတာပေါ့...”
သူမသည် အနည်းငယ်မျှပင် နောက်မဆုတ်ဘဲ နှင်တံနှစ်ချောင်းကို အသင့်ပြင်ထားကာ ဂလက်ဆီတစ်ခုလုံး၏ အရှိန်အဝါကို ကျောထောက်နောက်ခံပြုလျက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသည်။
သွေးရောင်ဓားက နှာခေါင်းရှုံ့လိုက်၏။ အမြဲတမ်း အပြင်းထန်ဆုံးနည်းလမ်းကို ရွေးချယ်တတ်သည့် ခရမ်းရောင် ပင်လယ်၏ စရိုက်ကို သူ အမြဲတမ်း မုန်းတီးလှသည်။ သူ၏ မျက်ဝန်းများတွင်လည်း အကြမ်းဖက်လိုစိတ်များ တောက်လောင်လာ၏။ သူမအား သင်ခန်းစာပေးရန် သူ ဆုံးဖြတ်လိုက်ပြီး ကျောပြင်မှ ဓားရိုးကို လှမ်းကိုင်လိုက်သည်။
နတ်မိမယ် တိတ်ဆိတ်ခြင်းကလည်း သူမ၏ ပုလွေကို တင်းတင်းဆုပ်ကိုင်လိုက်၏။ သူမ၏ မျက်ဝန်းများတွင် စွမ်းအားများ လှိုင်းထန်လာသည်။ မီးခိုးရောင် နှင်းဆီမှာမူ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ လေထုမှာ အလွန်အမင်း တင်းမာလာတော့သည်။
“လျှို့ဝှက် အရှင်သခင် ခရမ်းရောင် ပင်လယ်... ခင်ဗျား ဂလက်ဆီ မိတ်ဆွေတွေနဲ့ ကျုပ်ကို မိတ်ဆက်ပေးပါလား...”
ရုတ်တရက်.. အရှိန်အဝါ ကြီးမားလှပြီး ထက်မြက်လှသည့် အသံတစ်သံသည် အရပ် ရှစ်မျက်နှာမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ ထိုအသံနှင့်အတူ အသန့်စင်ဆုံး မြူခိုးအငွေ့အသက်များလည်း ပျံ့လွင့်လာသည်။
အဘိဿဲလ် အာဏာရှင် ရှန့်ထို သုံးဦးစလုံးသည် လှုပ်ရှားမှုများကို အသံ၏ ရင်းမြစ်ကို ရှာဖွေရန် ကြိုးစားလိုက်ကြ၏။ သူတို့ ခရမ်းရောင် ပင်လယ်ကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ဝေ့ဝူယင်မှာ ရုတ်တရက် ပေါ်ထွက်လာလေသည်။
လူငယ်၏ မျက်ဝန်းများမှာ အဂ္ဂိရတ် ကြယ်တာရာများနှင့် တဖျပ်ဖျပ် တောက်ပနေကာ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အလွန် သန့်စင်သည့် အော်ရာမှာလည်း သူတို့၏ လျှို့ဝှက်ဝိညာဉ်များကို တစ်သက်တာတွင် မခံစားဖူးသည့် အတိုင်းအတာအထိ လှုံ့ဆော်ပေးနေသည်။
“နှုတ်ခွန်းဆက်သပါတယ် လျှို့ဝှက်အရှင်တို့... ကျွန်တော်ကတော့ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဝေ့ဝူယင်ပါ”
ဝေ့ဝူယင်က အဘိဿဲလ် လူမျိုးတို့ ရိုသေမှုပြသည့် နှုတ်ဆက်နည်းဖြင့် စနစ်တကျ နှုတ်ဆက်လိုက်လေသည်။
***