အခန်း (၁၉၁၁)
Vol. 137 Ch. 1911
အပိုင်း(၁၉၁၁)
“အဂ္ဂိရတ် ရှန့်ထို...”
နတ်မိမယ် တိတ်ဆိတ်ခြင်း၏ ကုန်းနေသည့် ကျောပြင်မှာ အနည်းငယ် မတ်သွားကာ စိတ်ထဲတွင်လည်း အံ့ဩတုန်လှုပ်သွားခဲ့သည်။
“လူသား... တစ်ယောက်လား”
မီးခိုးရောင် နှင်းဆီမှာ ဝေ့ဝူယင်၏ မျိုးနွယ်ကြောင့်သာမက သူ၏ ခန့်ညားလှသော ရုပ်ရည်ကြောင့်ပါ မှင်တက်သွားရသည်။
သွေးရောင်ဓား၏ မျက်နှာမှာမူ ချက်ချင်းပင် မည်းမှောင်သွားခဲ့၏။ သူသည် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံ၊ နောက်ခံနှင့် အသက်တို့ကို စူးစမ်းရန် မျက်စိ ကျင့်စဉ်ကို အသုံးပြုလိုက်သော်လည်း တွေ့မြင်လိုက်ရသည်က မည်သို့မျှ ခွဲခြားမရသော ဟင်းလင်းပြင် ဟာလာဟင်းလင်းကြီးသာ ဖြစ်သည်။ သူ အတည်ပြုနိုင်သည့် တစ်ခုတည်းသော အရာက ဝေ့ဝူယင်၏ အဂ္ဂိရတ် အော်ရာမှာ အလွန် ထူးကဲလှပြီး အသန့်စင်ဆုံး မြူနှင်းများဖြင့် ပြည့်နှက်နေသည်ဟူသောအချက်သာ ဖြစ်သည်။
အဘိဿဲလ်၏ အာဏာရှင် ရှန့်ထို သုံးဦးသည် သူတို့၏ မဟာ ပုရောဟိတ်များထံမှ အလွန်အမင်း အန္တရာယ်ရှိသော ခံစားချက်ကို စုံစမ်းရန် အရေးပေါ် ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူတို့၏ ညီညွတ်သော လှုပ်ရှားမှုမှာ တမင် စီစဉ်ထားခြင်း မဟုတ်ဘဲ တိုက်ဆိုင်မှုသာ ဖြစ်ပြီး ခရမ်းရောင် ပင်လယ်ကို စစ်မေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
သို့သော်လည်း... လူသားတစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ထို့အပြင် သူသည် ပေါ်ပေါ်ထင်ထင်ပင် မိမိကိုယ်ကို အဂ္ဂိရတ် ရှန့်ထို ဖြစ်ကြောင်းပင် ကြေညာနေခဲ့သည်။ သူ၏ မျက်ဝန်းထဲမှ ကြယ်တာရာများကို ကြည့်ခြင်းအားဖြင့် အဂ္ဂိရတ် အဆင့်အတန်းက အလွန် မြင့်မားမည်မှာ သေချာလှသည်။ သို့သော် သူ ဘယ်က လာသနည်း။
ခရမ်းရောင် ပင်လယ်သည် အစောပိုင်းက တိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း ဝေ့ဝူယင် သူမဘေးတွင် ပေါ်လာသောအခါ အော်ရာမှာ သိသိသာသာ ငြိမ်သက်သွားပြီး မျက်ဝန်းထဲတွင် နူးညံ့သည့် အငွေ့အသက်များ ပေါ်ထွက်လာသည်။ ထိုအပြောင်းအလဲကို အဘိဿဲလ် အာဏာရှင် ရှန့်ထို သုံးဦးစလုံး သတိပြုမိသွားက်၏။ သူတို့၏ ဦးနှောက်မှာ အစွမ်းကုန် အလုပ်လုပ်လာကြလေသည်။
လျှို့ဝှက်အရှင် ခရမ်းရောင် ပင်လယ်က ထိုလူသားနှင့် ရင်းနှီးနေသည်လား။ ၎င်းမှာ မသိသာသည့် အသေးစိတ် အချက်အလက် တစ်ခု ဖြစ်သော်လည်း မဟာ ပုရောဟိတ်များ သတိပေးထားသည့် အန္တရာယ်နှင့် ဆက်စပ်နေမည်ကို သူတို့ သိလိုက်ကြသည်။
နတ်မိမယ် တိတ်ဆိတ်ခြင်းက သွေးရောင်ဓားနှင့် မီးခိုးရောင် နှင်းဆီတို့ကို အကဲခတ်လိုက်၏။ သွေးရောင်ဓားမှာ တည်ငြိမ်နေသော်လည်း မီးခိုးရောင် နှင်းဆီမှာမူ စိတ်လှုပ်ရှားနေပုံရသည်။အတွေ့အကြုံနှင့် ခံယူချက်များအရ ကွဲပြားသော တုံ့ပြန်မှု နှစ်ခု ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဝေ့ဝူယင် မိမိကိုယ်ကိုယ် အဂ္ဂိရတ် ရှန့်ထိုအဖြစ် ကြေညာချက်ကို မည်သူမျှ သံသယ မဝင်ကြချေ။ သူတို့ကဲ့သို့ အတွေ့အကြုံရှိသူများအဖို့ မျက်ဝန်းထဲမှ အဂ္ဂိရတ် ကြယ်တာရာများနှင့် ပတ်ဝန်းကျင်ကို လှုံ့ဆော်ပေးနေသည့် အသန့်စင်ဆုံး မြူနှင်းများကို မြင်ရုံဖြင့် သူ၏ အဆင့်အတန်းကို အသိအမှတ်ပြုနိုင်ကြသည်။
ယခု ကျန်ရှိနေသော မေးခွန်းက ဤလူသားသည် အဂ္ဂိရတ် တာအိုတွင် မည်သည့် အဆင့်အထိ ရောက်ရှိနေသနည်း ဟူသောအချက်ပင်။
“ရှင်က အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုလား...”
နတ်မိမယ် တိတ်ဆိတ်ခြင်းက သူမ၏ ဗဟုသုတထဲတွင် ထိုအမည်ကို ရှာဖွေဖို့ ကြိုးစားရင်း မေးလိုက်သည်။ ခရမ်းရောင် ပင်လယ်မှာ တိုက်ခိုက်လိုစိတ်များကို ရုပ်သိမ်းကာ လုံးဝ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
“ဟုတ်ပါတယ်... ကျွန်တော့်အကြောင်း ကြားဖူးလို့လား”
ဝေ့ဝူယင်က ပြုံးလျက် ပြန်မေးလိုက်၏။ သူ၏ အမည်ကို သိနေနိုင်သည့် နည်းလမ်းများစွာ ရှိသည်။ ဥပမာ - ဤဂလက်ဆီမှ အဂ္ဂိရတ် ပညာရှင်တစ်ဦးမှာ သူ၏ ဆေးလုံးကို ဖော်စပ်ဖို့ ကြိုးစားရင်း ဖန်တီးသူ၏ နာမည်ကို တာအိုမှတစ်ဆင့် သိရှိသွားခြင်းမျိုး ဖြစ်နိုင်သည်။
ခရမ်းရောင် ပင်လယ်၏ မျက်လုံးများမှာ ပိုမို တောက်ပလာ၏။ သူမသည် ဝေ့ဝူယင်၏ မူလဇစ်မြစ်ကို တစ်ခါမျှ မမေးမြန်းခဲ့ဖူးသလို သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူမျိုးလည်း မလုပ်ခဲ့ချေ။ တာအို ဆွေးနွေးပွဲ ပြုလုပ်ပြီးချိန်မှာပင် သူ၏ ကျင့်ကြံခြင်း အဆင့်ကို သူမ အသေအချာ မသိနိုင်ခဲ့ချေ။ သို့သော်လည်း... သူမ၏ ကျင့်ကြံခြင်း အခြေခံကတော့ ဝေ့ဝူယင်ကြောင့် ဆယ်နှစ်စာ ကျင့်ကြံမှုထက်မက တိုးတက်လာခဲ့သည်မှာ အမှန်ပင်။ ထိုအချက်ကို တွေးမိသောအခါ ဤကျူးကျော်သူများက လာရောက် နှောင့်ယှက်သည့်အတွက် သူမ ပို၍ပင် ဒေါသထွက်မိသည်။
နောက်ပြီး ထိုအဘွားကြီးက ဝေ့ဝူယင်ကို သိနေသည်လား...။
“ဖြစ်နိုင်ပါတယ်....”
နတ်မိမယ် တိတ်ဆိတ်ခြင်းက ရပ်တန့်လိုက်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
“ဒါနဲ့ ရှင့်ရဲ့ အဂ္ဂိရတ် တာအိုက မြေကြီး အဆင့်လား၊ လောက အဆင့်လား ဒါမှမဟုတ် ကောင်းကင် အဆင့်လား...”
သူမသည် အာရုဏ်ဦး အမည်ပါသော အဂ္ဂိရတ် ရှန့်ထိုများကို သုံးမျိုး သို့မဟုတ် ထိုထက်မကကို သိရှိထားပုံရသည်။
“...”
မီးခိုးရောင် နှင်းဆီနှင့် သွေးရောင်ဓားတို့၏ အမူအရာများက ပြောင်းလဲသွား၏။ မီးခိုးရောင် နှင်းဆီမှာ ‘လောကရှန့်ထို’ ဟူသော စကားလုံးကြောင့် အံ့ဩသွားရသလို ‘ကောင်းကင်ရှန့်ထို’ ဟူသော စကားလုံးကြောင့် မျက်လုံးများ ပြူးကျယ်သွားရသည်။ သွေးရောင်ဓားကမူ ထိုမေးခွန်း၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ဤလူသားမှာ အန္တရာယ်၏ အရင်းအမြစ် ဖြစ်နေမည်လော။
ဖြစ်နိုင်ချေ အလွန် မြင့်မားနေသည်။
“ဪ... အဲ့တာလား... နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကြောင့် ကျွန်တာ်ဟာ လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ရောက်ရှိနေပါပြီ... ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ အဂ္ဂိရတ် တာအိုရဲ့ လမ်းပြမှုကြောင့် ကောင်းကင်ရှန့်ထို အဆင့်ရဲ့ အစွန်းအဖျားကိုတော့ အနည်းငယ် ထိတွေ့ထားနိုင်ပါတယ်”
ဝေ့ဝူယင်က အလွန် နှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။
“...”
ကောင်းကင်ဘုံက လမ်းပြလိုက်သကဲ့သို့ပင် အဘိဿဲလ် အာဏာရှင် သုံးဦးစလုံး၏ နှလုံးခုန်သံများမှာ မြန်ဆန်လာကာ တစ်ခုတည်းသော ကောက်ချက်သို့ ရောက်ရှိသွားကြသည်။
ဝေ့ဝူယင်သည် အန္တရာယ်၏ အရင်းအမြစ် ဖြစ်ရုံသာမက၊ ခရမ်းရောင် ပင်လယ်က ဖော်ပြခဲ့သည့် ရင်းနှီးမှုနှင့် နူးညံ့မှုများကို ကြည့်ခြင်းအားဖြင့် သူမသည် ထိုလောကရှန့်ထို မျက်နှာသာပေးမှုကို ရရှိထားပြီး ဖြစ်ကြောင်း ထင်ရှားလှသည်။
ထို့အပြင်... သူမသည် လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ရောက်ရှိလာခြင်းကို လျှို့ဝှက်ထားခဲ့သည် မဟုတ်ပါလား...။
သွေးရောင်ဓားက အံကို တင်းတင်းကြိတ်ရင်း ခရမ်းရောင် ပင်လယ်ကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း... ဝေ့ဝူယင်ဘက်သို့ လှည့်သောအခါတွင်မူ မြေခွေးအိုကြီးမှာ မည်သည့် ရန်လိုမှုကိုမျှ မပြဝံ့တော့ချေ။
ကျင့်ကြံခြင်းလောက၌ လက်ခံထားသော အချက်တစ်ခု ရှိသည်။ ၎င်းကား... အဂ္ဂိရတ် ပညာရှင်တစ်ဦးကို သူ ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် အဆင့်အတန်းပေါ် မူတည်၍ သူတို့၏ ကျင့်ကြံခြင်း အဆင့်ကို ခန့်မှန်းနိုင်ခြင်းပင် ဖြစ်သည်။
• မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို ဆိုပါက လျှို့ဝှက်အာဏာရှင် အဆင့် (၄) ‘မြေကြီး ရှန့်ထို’ အဆင့်တွင် ရှိတတ်သည်။
• 'လောကရှန့်ထို အဆင့်' အဂ္ဂိရတ် ပညာရှင် ဆိုပါက လျှို့ဝှက်အာဏာရှင် အဆင့် (၇) ‘အာဏာရှင် ရှန့်ထို’ အဆင့်တွင် ရှိတတ်သည်။
• 'ကောင်းကင်ရှန့်ထို အဆင့်' အဂ္ဂိရတ် ပညာရှင် ဆိုပါက လျှို့ဝှက်အာဏာရှင် အဆင့်ကို ကျော်လွန်၍ ဒဏ္ဍာရီလာ ပဲ့တင်သံ ဝိညာဉ် နယ်ပယ်သို့ပင် ရောက်ရှိနေနိုင်ပေသည်။
အကယ်၍ သူတို့၏ ကျင့်ကြံခြင်း အခြေခံမှာ ထိုအဆင့်တွင် မရှိပါက အဂ္ဂိရတ် တာအို၏ နက်နဲသော စွမ်းအင်များကို ကိုင်တွယ်ရန် ခက်ခဲလှပေသည်။ ထို့အပြင် သူတို့၏ အနားတွင် ရှိနေတတ်သော အဂ္ဂိရတ် သူရဲကောင်းများမှာလည်း ထိုအဆင့် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်တွင် ရှိနေတတ်သည်။
မီးခိုးရောင် နှင်းဆီ၏ နှလုံးခုန်သံမှာ မြန်ဆန်နေ၏။
ကောင်းကင်ရှန့်ထို အဆင့်ကို တက်လှမ်းတော့မည့် အဂ္ဂိရတ် ပညာရှင် တစ်ဦး...။
ဆိုလိုသည်က ထိုချောမော ခန့်ညားသည့် လူသားသည် လောက အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ပစ္စည်းများကို ဖော်စပ်နိုင်ရုံသာမက သူကိုယ်တိုင် သို့မဟုတ် သူ၏ အစောင့်အရှောက်မှာ 'အစစ်အမှန် ပညာရှိ' အဆင့် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်တွင် ရှိနေသည်ဟု ယူဆနိုင်သည်။
နတ်မိမယ် တိတ်ဆိတ်ခြင်းမှာ ပို၍ပင် အတွေ့အကြုံ ရှိသူ ဖြစ်ရာ အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်ပြီး ရှုပ်ထွေးသော အတွေးများဖြင့် ပြည့်နှက်နေတော့သည်။ မာနကြီးလှသည့် ခရမ်းရောင် ပင်လယ်က အဘယ်ကြောင့် ဤမျှအထိ နူးညံ့ပျူငှာနေရသနည်းဆိုသည်ကို သူမ အခုမှ နားလည်သွားတော့သည်။
တစ်ချိန်တည်း၌... ခရမ်းရောင် ပင်လယ်၏ စိတ်နှလုံးမှာ ဂုဏ်ယူမှု၊ စိတ်လှုပ်ရှားမှုများဖြင့် ပေါက်ကွဲနေ၏။ ဝေ့ဝူယင်က သူ့ကိုယ်သူ လောကရှန့်ထို ဟုသာ နှိမ့်ချ ပြောဆိုခဲ့သော်လည်း၊ သူမထံမှ ခေါင်းပေါက် အဘိဿဲလ် ဂြိုဟ်ကို လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန်ဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့မှု အပြင်... သူမအား နားနားကပ်၍ တီးတိုး ပြောကြားခဲ့သော ကတိစကားများကို တွေးမိသောအခါ သူမ တစ်ခုကို ရိပ်မိလိုက်သည်။
ဝေ့ဝူယင်သည် လိမ်ညာနေခြင်း ဖြစ်သည်။ သူသည် လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်မျှသာ မဟုတ်ချေ။
သူက အစစ်အမှန် ကောင်းကင် ရှန့်ထို တစ်ဦး ဖြစ်ပေသည်။
နတ်မိမယ် တိတ်ဆိတ်ခြင်းက ချက်ချင်းပင် လေသံပြောင်းကာ တုံ့ပြန်လိုက်၏။
"ဒါဆိုရင် ရှင်က လောကရှန့်ထို အာရုဏ်ဦးပေါ့... ကျွန်မရဲ့ သက်တမ်းတစ်လျှောက်မှာ ရှင့်ရဲ့ နာမည်ကို တစ်ကြိမ်ပဲ ကြားဖူးခဲ့ပေမဲ့ အများကြီး မသိခဲ့ရတာ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်... အခု ဒီနေရာမှာ ရှင်နဲ့ ဆုံတွေ့ခွင့်ရတာဟာ ကျွန်မအတွက် ဂုဏ်ယူစရာ ဖြစ်သလို ကျွန်မတို့ အဖြူရောင် အဘိဿဲလ် ဂလက်ဆီအတွက်လည်း ရှင့်ကို ကြိုဆိုခွင့်ရတာ ကံကောင်းခြင်းတစ်ရပ်ပါပဲ..."
သူမက အလွန်ပင် စိတ်မကောင်းဖြစ်ကာ တောင်းပန်နေသည့် ဟန်ပန်ကို ဖော်ဆောင်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ကျွန်မ နတ်မိမယ် တိတ်ဆိတ်ခြင်းအနေနဲ့ ရှင့်လို ပုဂ္ဂိုလ်မျိုးကို ခမ်းနားတဲ့ ကြိုဆိုပွဲတွေ၊ ဂုဏ်ပြုစားပွဲတွေနဲ့ ဒီနိမ့်ပါးလှတဲ့ ဂလက်ဆီမှာ မဧည့်ခံနိုင်ခဲ့တာ တကယ်ကို ဝမ်းနည်းပါတယ်...”
"..."
သွေးရောင်ဓား၏ မျက်နှာမှာ ပိုမို၍ပင် မည်းမှောင်အုံ့မှိုင်းသွား၏။ မီးခိုးရောင် နှင်းဆီမှာ အနည်းငယ် ဒဏ်ရာရထားသော်လည်း တုံးအ နေသူ တစ်ယောက်တော့ မဟုတ်ချေ။
သူမမှာ ခရမ်းရောင် ပင်လယ်ကို တစ်ချက် လှမ်းကြည့်ရင်း အမျက်ဒေါသများ ထွက်ပေါ်လာခဲ့၏။ ထိုမိန်းမမှာ ဂလက်ဆီခြားသား လောက ရှန့်ထို အဂ္ဂိရတ်ပညာရှင်တစ်ဦး ရောက်ရှိနေမှုကို ဖုံးကွယ်ထားပြီး မျက်နှာသာပေးမှုကို တစ်ဦးတည်း ရယူထားသည်။
လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်တစ်ဦးနှင့် ရင်းနှီးမှုရယူခြင်း ရရှိနိုင်မည့် အကျိုးအမြတ်များကို သူမတစ်ဦးတည်း သိမ်းပိုက်ထားခြင်းပင်...။
ယခင်က သွေးရောင်ဓား ပြောခဲ့ဖူးသည့် 'ခရမ်းရောင် ပင်လယ်က ကိုယ့်ကိုယ်ကို အတွက်ပဲ ကြည့်တတ်ပြီးတော့ မာနကြီးပြီး လှည့်စားတတ်တဲ့ မိန်းမယုတ်' ဟူသည့် စကားကိုပင် ပထမဆုံးအကြိမ်အဖြစ် ထောက်ခံချင်စိတ် ပေါ်လာတော့သည်။
ထို့အပြင် ဝေ့ဝူယင်ကဲ့သို့ အဆင့်ရှိသူတစ်ဦးသည် ဂလက်ဆီများကြား ဟင်းလင်းပြင်ကို ဖြတ်သန်းလာသည်ဆိုပါက သူ့ ဘေးတွင် အနည်းဆုံး အာဏာရှင် ရှန့်ထို သို့မဟုတ် အစစ်အမှန် သူတော်စင် တစ်ဦး ပါလာမည်မှာ သေချာသည်။ ထိုမိန်းမမှာ အဆိုပါ အားကိုးကို အသုံးချ၍ သူတို့ကို ဝါးမြိုရန် ကြံစည်နေခြင်းလော။
"ဟား ဟား... ကောင်းပါပြီ..."
ဝေ့ဝူယင်က နတ်မိမယ် တိတ်ဆိတ်ခြင်း၏ စကားကို ရယ်မောရင်း တုန့်ပြန်လိုက်၏။ ထို့နောက်... ခရမ်းရောင် ပင်လယ်ကို တစ်ချက်ကြည့်လိုက်ရင်း...
"ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ လျှို့ဝှက်အရှင် ခရမ်းရောင် ပင်လယ်က ကျွန်တော့်ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့ပါတယ်..."
***