ကံကြမ္မာ
Vol. 23 Ch. 346
ကူရီမင်သည် အသက်ရှူအကြိမ်အနည်းငယ်စာခန့် ကြောင်အမ်းကာ ရပ်နေမိပြီးမှ သူ၏ခန္ဓာကိုယ်သည် ပြန်လည်လှုပ်ရှားနိုင်လာသည်။
ထို့နောက် အိပ်မက်မှ နိုးလာသည့်အလား သူသည် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည်။
"မြန်မြန်..ခိုလှုံရာစခန်းကို ပြန်သွားကြ။ လူတွေကို အပြင်ထုတ်ကြ၊ အထူးသဖြင့် ဒဏ်ရာရတဲ့သူတွေကို အရင်ထုတ်”
ကျန်ရှိနေသောသူများလည်း သတိပြန်ဝင်လာကြသည်။ ခြေထောက်များ တုန်ယင်နေပြီး မျက်နှာများတွင် သွေးများ ပေကျံနေသော်လည်း သူတို့ အစွမ်းကုန် ပြေးကြတော့သည်။ သူတို့သည် ခိုလှုံရာစခန်း၏ ပျက်စီးနေသော သံတံခါးကြီးများကို ဘေးသို့တွန်းဖယ်ကာ သားရဲဒီရေကြီး ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်ကြသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် အသက်ရှင်ကျန်ရစ်သူများ စတင်ထွက်ပေါ်လာကြသည်— အချို့မှာ ထော့နဲ့ထော့နဲ့ လျှောက်လာကြပြီး အချို့မှာမူ လက်လုပ်လူနာတင်ခုတင်များဖြင့် အသယ်ခံလာရသည်။
သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေသော်လည်း အသက်ရှင်နေကြဆဲပင် ဖြစ်သည်။
"တကယ်ပဲ တစ်ယောက်ယောက်က ငါတို့ကို လာကယ်တာလား?"
"ငါ မသေဘူးဆိုတာကို မယုံနိုင်သေးဘူး”
"အိုး ဟိုမှာကြည့်... သူတို့တွေက ငါတို့ရဲ့ ကယ်တင်ရှင်တွေပဲ ဖြစ်ရမယ်! သွားပြီး ကျေးဇူးတင်ကြစို့”
မိစ္ဆာသားရဲများကို မတွေ့ရတော့သဖြင့် လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။
ထို့နောက်တွင်မှ အခြေအနေမှန်ကို သဘောပေါက်လာကြသည်— အချို့က သူတို့ ဆုံးရှုံးသွားသောအရာများအတွက် ငိုကြွေးကြပြီး အချို့ကမူ အသက်ရှင်ခွင့်ရနေသေးသည့်အတွက် ကျေးဇူးတင်နေကြသည်။
ထို့ပြင် အန္တရာယ်ကို ဖြေရှင်းပြီးသွားသော်လည်း ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာရာပေါင်းများစွာ ကျန်ရှိနေသေးသည်။
အရေးကြီးဆုံးမှာ ဒဏ်ရာရရှိသူများကို ကူညီရန်ဖြစ်ပြီး အထူးသဖြင့် စိုးရိမ်ရသည့် အခြေအနေရှိသူများကို အရင်ဆုံး ကုသပေးရန် ဖြစ်သည်။
ပိုင်ရမ်သည် အသက်ရှင်ကျန်ရစ်သူ အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး ဘာလုပ်ရမည်ကို သိလိုက်သည်။ သူ၏ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ပြီး
"သွားကြ။ သူတို့ကို ကူညီပေးလိုက်”
ပိုင်မိသားစု ကျင့်ကြံသူ အများအပြားသည် ချက်ချင်းပင် အောက်သို့ ဆင်းသက်သွားကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ တည်ငြိမ်ပြီး ကျွမ်းကျင်လှသည်။
ဆင်းသွားသောသူများသည် ကုသခြင်းပညာရပ်တွင် အထူးပြုသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့မှာ သာမန် ဆေးဆရာများ မဟုတ်ကြပေ။
သူတို့တစ်ဦးချင်းစီသည် ပိုင်မိသားစုက တိုက်ရိုက် လေ့ကျင့်ပေးထားသူများဖြစ်ပြီး ပိုင်ကျီဟန် တစ်စုံတစ်ရာ ဒဏ်ရာရခဲ့ပါက ကုသပေးနိုင်ရန် အထူးစေလွှတ်ထားသူများ ဖြစ်သည်။
ထို့ကြောင့် သူတို့၏ အရည်အချင်းအတွက် စိုးရိမ်စရာ မလိုပေ— ကုသမှုနှင့် ပတ်သက်လာလျှင် သူတို့သည် ကောင်းကင် အင်ပါယာအတွင်း၌ အကောင်းဆုံးထဲက အကောင်းဆုံးများ ဖြစ်ကြပေလိမ့်မည်။
ကျင့်ကြံသူတစ်ဦးသည် ခြေထောက်ကြေမွနေသော အမျိုးသမီးတစ်ဦး၏ ဘေးတွင် ဒူးထောက်လိုက်ပြီး ဒဏ်ရာပေါ်သို့ ချီများ ပို့လွှတ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အရိုးများမှာ ပြန်လည် ဆက်သွားတော့သည်။
အခြားတစ်ဦးကမူ တုန်ရင်နေသော ကောင်လေးတစ်ဦးကို လက်သည်းခွံအရွယ် ဆေးလုံးတစ်လုံး တိုက်ကျွေးလိုက်သည်။
သူ၏ အသက်ရှူရခက်ခဲနေမှုများသည် ချက်ချင်းပင် သက်သာသွားခဲ့သည်။
ကုသရန် မဖြစ်နိုင်ဟု ထင်ရသော ပြတ်တောက်နေသော လက်မောင်းများပင်လျှင် စက္ကန့်ပိုင်းအတွင်း ပြန်လည် ကောင်းမွန်သွားခဲ့သည်။
မကျိုးဖူးခဲ့သည့်အလား.. မဟုတ်ပေ။ သူတို့သည် ယခင်ကထက်ပင် ပိုမို ကောင်းမွန်လာသည်ဟု ခံစားနေကြရသည်။
ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ရှိ ကျင့်ကြံသူများ၏ ဒဏ်ရာများကို ကုသပေးရခြင်းနှင့် နှိုင်းယှဉ်ပါက သာမန်လူသားများကို အခြေအနေ တည်ငြိမ်အောင် လုပ်ပေးရခြင်းမှာ သူတို့အတွက် အလွန်ပင် လွယ်ကူလှသည်။
အကူအညီ အလွန်အမင်း လိုအပ်နေသော ဤလူအုပ်ကြီးအတွက်မူ ပိုင်မိသားစု ကျင့်ကြံသူများသည် နတ်ဘုရားများကဲ့သို့ပင် ဖြစ်နေတော့သည်။
နာကျင်မှုကြောင့် အော်ဟစ်သံများသည် ဖြည်းဖြည်းချင်း အံ့သြမှင်သက်သံများအဖြစ် ပြောင်းလဲသွားသည်။
"သူတို့... သူတို့ ငါ့ကို ကုပေးလိုက်တာပဲ... ငါ ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်နေတာ”
"ကျေးဇူးတင်ပါတယ် မဟာသခင်ကြီးတို့။ ကျေးဇူးတင်ပါတယ် ပိုင်မိသားစု”
ကျေးဇူးတင်စိတ်များသည် ရိုသေကိုးကွယ်မှုအဖြစ် ပြောင်းလဲသွားတော့သည်။
မကြာမီမှာပင် တစ်ချိန်က တိတ်ဆိတ်ခြောက်ကပ်နေခဲ့သော လမ်းမထက်တွင် အောင်ပွဲခံသံများနှင့် ရှိုက်ကြီးတငင် ငိုကြွေးသံများ ပြည့်နှက်သွားတော့သည်။
"ပိုင်မိသားစု သက်တော်ရှည်ပါစေ”
"ပိုင်မိသားစု သက်တော်ရှည်ပါစေ”
သူတို့၏ အသံများသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး မီးလောင်ကျွမ်းနေသော အပျက်အစီးများတစ်လျှောက် ဟိန်းထွက်
နေသည်။
ထိုမျှသာမက ပိုင်ကျီဟန်သည် သူ၌ရှိသမျှ စားနပ်ရိက္ခာအားလုံးကိုလည်း ခွဲဝေပေးခဲ့သည်။
အမှန်စင်စစ် ကျင့်ကြံသူများသည် အစားစားရန် မလိုသော်လည်း သူကိုယ်တိုင်က အစားအသောက် ဝါသနာပါသောကြောင့် လည်းကောင်း၊ လောင်ချင်းကြောင့် လည်းကောင်း သူသည် အစားအသောက် အတော်အတန် များများကို အမြဲဆောင်ထားလေ့ရှိသည်။
သူသည် ထိုအရာများကို ပေးကမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အနည်းဆုံးတော့ သူတို့သည် အတိုင်းထက်အလွန် ကျေးဇူးတင်နေကြသည်။
သို့သော်လည်း အကယ်၍သာ သူတို့သည် ပေးကမ်းလိုက်သည့် ပစ္စည်းတစ်ခုချင်းစီ၏ တန်ဖိုးကို သိခဲ့မည်ဆိုပါက စားမည့်အစား ရောင်းချရန်သာ စဉ်းစားကြပေလိမ့်မည်။
သို့တိုင် တစ်ခါတစ်ရံမှာတော့ ရေသည် ရွှေထက် ပို၍အဖိုးတန်တတ်ပေသည်။
လူတစ်ယောက် ဗိုက်ဆာနေချိန်တွင် အမြတ်အစွန်း သို့မဟုတ် ဆင်ခြင်တုံတရားများကို တွေးတောနေမည်မဟုတ်ဘဲ အစားကိုသာ မြိန်ရေရှက်ရေ စားကြပေမည်။
နောက်ဆုံးသော ဒဏ်ရာရရှိသူများ၏ အခြေအနေ တည်ငြိမ်သွားပြီး နာကျင်စွာ အော်ဟစ်သံများ ငြိမ်ကျသွားသောအခါ မိုးမခအရိပ်မြို့လေးပေါ်သို့ တိတ်ဆိတ်မှုများ တစ်ဖန် ပြန်လည်စိုးမိုးလာပြန်သည်။
ပိုင်ကျီဟန်သည် ပျက်စီးနေသော လမ်းဘေးတွင် ရပ်နေပြီး ပျက်စီးမှုများကို ကြည့်ရှုနေသည်။
မြေအောက်တွင် တစ်ဝက်တစ်ပျက် မြုပ်နေသော မိစ္ဆာသားရဲ အလောင်းများသည် လမ်းမထက်တွင် ပြန့်ကျဲနေပြီး ၎င်းတို့၏ ဧရာမ ခန္ဓာကိုယ်ကြီးများသည် စတင် တောင့်တင်းနေပြီဖြစ်သည်။
ထိုအလောင်းများကြားတွင် မီးလောင်ထားသော၊ နင်းခြေခံထားရသော သို့မဟုတ် ဆုတ်ဖြဲခံထားရသော မြို့သူမြို့သားများ၏ ရုပ်အလောင်းများလည်း ရှိနေသည်။
၎င်းမှာ ကြည့်၍ကောင်းသော မြင်ကွင်းမဟုတ်ပေ၊ အထူးသဖြင့် ထိုအလောင်းများနှင့် ဆွေမျိုးတော်စပ်သည့် အသက်ရှင်ကျန်ရစ်သူများအတွက် ပို၍ပင် စိတ်မကောင်းစရာ ဖြစ်သည်။
သူသည် ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းများထဲတွင်မူ အတွေးများဖြင့် လေးလံနေပုံရသည်။
"မင်းတို့ တကယ်ပဲ ဒီမှာ ဆက်နေချင်တာလား?"
သူက ခပ်တိုးတိုး မေးလိုက်သည်။
အသက်ရှင်ကျန်ရစ်သူများကြားတွင် ခေါင်းဆောင်အဖြစ် သဘာဝအလျောက် တာဝန်ယူထားသော ကူရီမင်သည် ပိုင်ကျီဟန် ကို ကြည့်လိုက်သည်။
ထို့နောက် သူသည် မိမိနောက်ကွယ်မှ အုပ်စုကို ပြန်ကြည့်လိုက်သည်— ပြာများ ပေကျံနေသော မျက်နှာများ၊ နီရဲနေသော မျက်ဝန်းများ၊ တုန်ယင်နေသော်လည်း မယိုင်လဲဘဲ ရပ်တည်နေသော ခန္ဓာကိုယ်များ။
အရာအားလုံးကို ဆုံးရှုံးခဲ့ရသော်လည်း သူတို့၏ အကြည့်ထဲတွင် အရာတစ်ခု ရှိနေသည်— ၎င်းမှာ ပြတ်သားသော စိတ်ဓာတ်ပင် ဖြစ်သည်။
ကူရီမင်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ အောက်သို့ ကိုင်းညွတ်လျက် အလေးအမြတ် ပြုလိုက်သည်။
"ကျွန်တော်တို့ သခင်လေးပိုင်ရဲ့ ကြင်နာမှုအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်" အသံဩနေသော်လည်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ မိုးမခအရိပ်မြို့က ကျွန်တော်တို့ရဲ့ အိမ်ဖြစ်ခဲ့သလို အမြဲတမ်းလည်း အိမ်ဖြစ်နေဦးမှာပါ။ အခု အပျက်အစီးတွေ ဖြစ်နေပေမဲ့လည်း... ဒါက ကျွန်တော်တို့ရဲ့ အိမ်ပါပဲ”
သူ့နောက်ကွယ်မှ လူများသည်လည်း ခေါင်းညိတ်ကြပြီး ထောက်ခံသည့်စကားများကို ရေရွတ်ကြသည်။
"ကျွန်တော်တို့ ပြန်လည် တည်ဆောက်နိုင်ပါတယ်။"
"ကျွန်တော်တို့ အသက်ရှင်နေသရွေ့ မိုးမခအရိပ်မြို့လေးက ရှိနေဦးမှာပါ။"
"ကျွန်တော့်သူငယ်ချင်းရဲ့ အလောင်းကို မြှုပ်နှံပေးရဦးမယ်၊ သူတို့ရဲ့ အုတ်ဂူကိုလည်း စောင့်ရှောက်ရဦးမယ်။ ကျွန်တော်တို့ ချစ်ရတဲ့သူတွေက ဒီမြို့ကို ကာကွယ်ရင်း အသက်ပေးသွားခဲ့ကြတာ... ကျွန်တော်တို့ မိုးမခအရိပ်ကို စွန့်ခွာမသွားနိုင်ပါဘူး။"
ပိုင်ကျီဟန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။
"အဲဒီလိုလား..." သူသည် သူတို့ကို ခဏမျှ ထပ်မံကြည့်ရှုနေပြီးမှ အကြည့်လွှဲကာ လှည့်ထွက်ခဲ့သည်။
သူသည် သူတို့ကို အခြားမြို့ သို့မဟုတ် တခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် အကြံပြုခဲ့သော်လည်း သူတို့က ငြင်းဆန်ခဲ့ကြသည်။
ဖြစ်နိုင်သည်မှာ သူတို့သည် သူတို့၏ အိမ်ကို တကယ်ပင် စွန့်ခွာ၍ မရနိုင်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
သို့မဟုတ်ပါကလည်း အရာအားလုံး စိမ်းသက်နေမည့် တခြားတစ်နေရာတွင် ရုန်းကန်ရမည်ကို သူတို့ သိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ပျက်စီးနေသော အပျက်အစီးများကို ကြည့်ရသလောက် ဤမြို့လေးအား ယခင်ကကဲ့သို့ ပြန်ဖြစ်လာရန် အချိန်နှင့် လုပ်အား အမြောက်အမြား ပေးရပေလိမ့်မည်။
ထို့ပြင် နောက်တစ်ကြိမ် မိစ္ဆာသားရဲများ ထပ်မံ ကျူးကျော်လာဦးမည်လားကိုလည်း မည်သူမှ မသိနိုင်ပေ။
ယခုတစ်ကြိမ်တွင် သူတို့ ကံကောင်းခဲ့သော်လည်း နောက်တစ်ကြိမ်တွင်လည်း ဤကဲ့သို့ ဖြစ်လာမည်ဟု မည်သူ ပြောနိုင်ပါမည်နည်း။
သို့သော်လည်း ပိုင်ကျီဟန်သည် ငြင်းခုံခြင်း မပြုခဲ့ပေ။ သူသည် သူတို့ကို နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့ပြီးပြီ ဖြစ်သည်။ ၎င်းမှာ လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်သည်။
မကြာမီမှာပင် ပိုင်ကျီဟန်သည် ပျက်စီးနေသော လမ်းမထက်မှ လှည့်ထွက်လာခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများသည် အလောင်းများကို စတင်စုဆောင်းနေကြပြီး သေဆုံးသွားသူများကို အပျက်အစီးများကြားတွင် ကောင်းမွန်စွာ သင်္ဂြိုဟ်ရန် ပြင်ဆင်နေကြသည်။
မှိန်ဖျော့နေသော ကောင်းကင်အောက်တွင် ဝမ်းနည်းပူဆွေးသည့် ငိုကြွေးသံများနှင့်အတူ ဆုတောင်းသံတိုးတိုးများသည် ပဲ့တင် ထပ်နေတော့သည်။
ပိုင်ကျီဟန်သည် နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ပျံသန်းရေးသင်္ဘောကြီးဆီသို့ လျှောက်လှမ်းသွားသည်။
ပိုင်မိသားစု ကျင့်ကြံသူများကလည်း သူ၏နောက်မှ လိုက်ပါသွားကြသည်။ အားလုံး သင်္ဘောပေါ်သို့ တက်ပြီးသည်နှင့် ထိုဧရာမ သင်္ဘောကြီးမှာ စတင် မြင့်တက်လာတော့သည်— ၎င်း၏ တောက်ပသော ဖွဲ့စည်းပုံများသည်လည်း လင်းလက် တောက်ပလာခဲ့သည်။
ပျံသန်းရေးသင်္ဘောကြီးသည် မီးခိုးများ ဖုံးလွှမ်းနေသော လေထုထဲသို့ မြင့်တက်သွားစဉ် အောက်ဘက်ရှိ အသက်ရှင်ကျန်ရစ်သူများသည် သူတို့၏ တုန်ယင်နေသော လက်များကို မြှောက်ကာ ဝှေ့ယမ်း နှုတ်ဆက်နေကြသည်။
အချို့က ငိုကြွေးနေကြသည်။
အချို့က ဆုတောင်းနေကြသည်။
အချို့ကမူ သင်္ဘော၏ အရိပ်ကြီး တိမ်တိုက်များနောက်ကွယ်သို့ ပျောက်ကွယ်သွားသည်အထိ ငြိမ်သက်စွာ ရပ်ကြည့်နေကြသည်။
သင်္ဘောပေါ်မှနေ၍ ပိုင်ကျီဟန်သည် ကုန်းပတ်၏ အစွန်းတွင် ရပ်ကာ အောက်
ဘက်ရှိ သေးငယ်သွားသော လူရိပ်များကို ကြည့်နေသည်။
"မင်း သူတို့ကို သနားနေတာလား?"
တည်ငြိမ်သော အသံတစ်ခု နောက်ကွယ်မှ ထွက်ပေါ်လာသည်။ ပိုင်ရမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အမူအရာ တည်ငြိမ်စွာဖြင့် အနားသို့ ချဉ်းကပ်လာသည်။
ပိုင်ကျီဟန်က နောက်လှည့်မကြည့်ပေ။ သူ၏ မျက်လုံးများသည် အောက်ဘက်ရှိ မြို့လေးနှင့် မီးခိုးငွေ့များ ဖုံးလွှမ်းနေသော မိုးကုပ်စက်ဝိုင်းဆီသို့သာ စိုက်ကြည့်နေဆဲပင်။
"ဖြစ်နိုင်တာပေါ့" အတန်ကြာမှ ပိုင်ကျီဟန် ပြန်ဖြေလိုက်သည်။
၎င်းသည် သနားစိတ် ဟုတ်မဟုတ် သူကိုယ်တိုင်လည်း မဝေခွဲနိုင်ပေ။ သို့သော် အသက်ရှင်ကျန်ရစ်သူများအတွက် စိတ်မကောင်းဖြစ်မိသည်မှာ အမှန်ပင်ဖြစ်ပြီး သူကိုယ်တိုင် ကယ်တင်ခဲ့သူများဖြစ်သည့်အတွက် သူတို့အပေါ် တာဝန်သိစိတ် တစ်ခုလည်း ခံစားနေရသည်။
သူသည် သူတို့ကို ကူညီရန် အစွမ်းကုန် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်းလည်း သူ သိထားသည်။
ပိုင်ရမ်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
အကယ်၍ အခြားသူတစ်ဦးဦးသာ ဖြစ်ပါက မိသားစု၏ အမွေဆက်ခံသူမှ ဤကဲ့သို့ စကားမျိုး ပြောသည်ကို ကြားလျှင် စိုးရိမ်မိကောင်း စိုးရိမ်မိပေလိမ့်မည်။
ထိုကဲ့သို့သော မဟာမိသားစုကြီး၏ အနာဂတ် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးအနေဖြင့် အားနည်းသူများအပေါ် အတွေးပွားနေရန် မလိုသလို သံယောဇဉ်စိတ်ကြောင့် မိမိ၏ ထက်မြက်မှုကိုလည်း အထိပါးမခံသင့်ပေ။
သို့သော် ပိုင်ရမ်ကမူ ပြုံးရုံသာ ပြုံးနေခဲ့သည်။
သံယောဇဉ်စိတ်ကြောင့် ဆုံးဖြတ်ချက်များ ဝေဝါးသွားမည်ကို စိုးရိမ်မည့်အစား သူက ဆန့်ကျင်ဘက်ကိုသာ တွေးနေမိသည်။ အမြဲတမ်း ပရိယာယ်ကြွယ်ဝပြီး မိမိလိုချင်သောအရာအတွက် အေးစက်သော ဆုံးဖြတ်ချက်များကိုသာ ချလေ့ရှိသည့် ပိုင်ကျီဟန် အတွက်မူ ဤသည်မှာ ထူးခြားလှသည်။
မိမိ၏ မောင်နှမအရင်းအချာများပင် ဖြစ်ပါစေ၊ သူသည် ညှာတာလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ပိုင်ကျီဟန် စိတ်ပျော့သွားမည်ကို ပိုင်ရမ် စိုးရိမ်နေစရာ အကြောင်းမရှိပေ။
ထို့ထက်ပင် ပိုင်ကျီဟန်သည် လူသားဆန်သော ခံစားချက်များကို မဆုံးရှုံးသေးဘဲ သူ၏ရင်ထဲတွင် ကိုယ်ချင်းစာစိတ်ဟူသောအရာ ကျန်ရှိနေသေးသည်ကို မြင်ရသဖြင့် သူ စိတ်အေးသွားရခြင်း ဖြစ်သည်။
ပိုင်ရမ်သည် သူ၏ဘေးတွင် ဝင်ရပ်လိုက်ပြီး အောက်ဘက်ရှိ မြို့လေးဆီသို့ ကြည့်လိုက်သည်။ ယခုအခါတွင် အပျက်အစီးများနှင့် ပြာပုံများသာ ကျန်တော့သော်လည်း လူသားတို့၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှု အလင်းစလေးများ ရှိနေဆဲပင်။
"ကံကြမ္မာဆိုတာ တကယ့်ကို ထူးဆန်းတဲ့ အရာပဲ" ပိုင်ရမ်သည် လေထဲတွင် လွင့်ပါသွားလုနီးပါး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"အဲဒီ သားရဲဒီရေ ပေါ်လာကတည်းက သူတိုရဲ့ ကံကြမ္မာက အဆုံးသတ်ဖို့ သေချာနေခဲ့တာ။ တခြားမျိုးနွယ်စုတစ်ခုခုသာ သူတို့ကို တွေ့ခဲ့ရင်တောင် ဘယ်သူကမှ ကြားဝင်ကူညီမှာ မဟုတ်ဘူး။ ဒီလောက်အထိ အသက်ရှင်ကျန်ခဲ့ပြီး မင်းနဲ့ ဒီမှာ ဆုံခွင့်ရတာက သူတို့အတွက် ကံကောင်းခြင်း လက်ဆောင်ပဲ"
ပိုင်ကျီဟန်သည် တိတ်ဆိတ်နေခဲ့သည်။
ပိုင်ရမ်က ဆက်ပြောသည်၊ "သူတို့အတွက်နဲ့ မင်း စိတ်အနှောင့်အယှက် ဖြစ်မနေပါနဲ့။ မင်း လုပ်ပေးခဲ့တာတွေက တခြားသူတွေ လုပ်ပေးတာထက် အများကြီး ပိုပါတယ်။ သားရဲဒီရေကို တားဆီးပေးရုံတင်မကဘဲ သူတို့ကို ကုသပေးခဲ့တယ်၊ မင်းရဲ့ ကိုယ်ပိုင် ရိက္ခာတွေကိုတောင် ပေးကမ်းခဲ့သေးတယ်"
သူသည် အရာအားလုံးကို သိနေသည့်အလား ခပ်ရေးရေး ပြုံးလိုက်သည်။
"ပြီးတော့ မင်း သတ်ခဲ့တဲ့ သားရဲအလောင်းတွေနဲ့ သူတို့ရဲ့ ဝိညာဉ်အမြုတေတွေကိုတောင် မယူခဲ့ဘူး။ အဆင့် (၃)၊ အဆင့် (၄) သားရဲတွေအပြင် မင်းသတ်ခဲ့တဲ့ အဆင့် (၅) ခေါင်းဆောင်ရဲ့ တန်ဖိုးကတင် ဂိုဏ်းငယ်လေးတစ်ခုကို ဆယ်စုနှစ်နဲ့ချီ ထောက်ပံ့ပေးနိုင်တယ်။ အဲဒါတွေကို ရောင်းလိုက်ရင် သူတို့ သေချာပေါက် ကောင်းကောင်းမွန်မွန် နေထိုင်
နိုင်သွားမှာပါ"
ထို့နောက် ပိုင်ရမ်သည် အောက်ဘက်မှ အသက်ရှင်ကျန်ရစ်သူ အုပ်စုကို ကြည့်လိုက်သည်။
"ဒီလောက်ထိ လုပ်ပေးထားပါလျက်နဲ့ သူတို့ ထပ်သေဦးမယ်ဆိုရင်လည်း အဲဒါ သူတို့ရဲ့ ကံကြမ္မာပဲပေါ့"
"ကံကြမ္မာ... ဟုတ်လား"
ပိုင်ကျီဟန်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုစကားလုံးသည် သူ၏ရင်ထဲတွင် ပဲ့တင်ထပ်သွားပြီး အတွေးများ၏ အလွန်၊ အကျိုးအကြောင်း ဆင်ခြင်မှုများ၏ အလွန်ဆီသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားတော့သည်။
ကံကြမ္မာ
စကားလုံးတစ်လုံးတည်းသာ ဖြစ်သော်လည်း ၎င်းအတွင်း၌ အနက်အဓိပ္ပာယ်ပေါင်း ကိန်းအောင်းနေသည်။
၎င်းသည် မွေးဖွားခြင်းမှ သေဆုံးခြင်းအထိ သက်ရှိအားလုံးကို ချည်နှောင်ထားသော မမြင်နိုင်သည့် ချည်မျှင်တစ်ခုလား?
၎င်းသည် ရွေးချယ်ခံရသူများကို ဘုန်းအာနုဘော်ဆီသို့ လမ်းပြပေးပြီး အမည်မသိသူများကို စိတ်ပျက်အားငယ်မှုထဲသို့ ပစ်ချလိုက်သည့် လက်တစ်စုံလား?
သူ၏စိတ်ထဲတွင် မှတ်ဉာဏ်ပေါင်းများစွာ လက်ခနဲ ပေါ်လာသည်။ ပါရမီပါသူများ၊ ကြိုးစားအားထုတ်ရင်း ကျရှုံးသွားသူများ နှင့် မဖြစ်နိုင်သော အခွင့်အလမ်းများကြားမှ အသက်ရှင်ကျန်ရစ်ခဲ့သော သာမန်လူသားများ..
သူတို့ ကံကြမ္မာက ဖျက်ဆီးခံရဖို့လား? ဒါမှမဟုတ် ကယ်တင်ခံရဖို့လား?
ပိုင်ကျီဟန်သည် မျက်လုံးများကို မှိတ်လိုက်သည်။ ထိုခဏ၌ သူ၏ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ကံကြမ္မာဆိုတာ ဘာလဲ?"
သူသည် မိမိကိုယ်ကိုယ် တိုးတိုးလေး မေးလိုက်သည်။ "ကောင်းကင်ဘုံက ရေးဆွဲထားတဲ့ ပြောင်းလဲလို့မရတဲ့ မျဉ်းတစ်ကြောင်းလား?"
သူသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ ထိုမျက်ဝန်းများအတွင်း၌ ကောင်းကင်ယံကိုပင် ထိုးဖောက်သွားနိုင်မည့် နက်ရှိုင်းသော အလင်းတန်ခိုးများ တောက်လောင်နေသည်။
"မဟုတ်ဘူး" သူက ပြောလိုက်သည်။ "ကံကြမ္မာဆိုတာ အားနည်းတဲ့သူတွေက သူတို့ရဲ့ သံခြေကျင်းတွေကို ပေးထားတဲ့ နာမည်
တစ်ခုပဲ”
သူ့ထံမှ ရုတ်တရက် ထွက်ပေါ်လာသော ဖိအားကြောင့် သင်္ဘော၏ အခင်းအကျင်းပင် အနည်းငယ် တုန်ခါသွားသည်။
ပိုင်ရမ်သည် ခေါင်းကို အနည်းငယ် စောင်းကာ မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လေထုသည် မြည်ဟီးလာပြီး လက်ရှိဖြစ်တည်မှုကြီး တစ်ခုလုံး တုန်ခါနေသကဲ့သို့ ခံစားရသည်။
တိုက်ခတ်လာသော လေပြင်းထဲတွင် ပိုင်ကျီဟန်၏ ဆံပင်များသည် လွင့်ပျံနေသည်။ သူ၏ ဝတ်ရုံများသည် ချီကြောင့် မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စိတ်ဆန္ဒကြောင့် တဖျတ်ဖျတ် လွင့်နေတော့သည်။
"အကယ်၍ ကောင်းကင်ဘုံက ငါ့ရဲ့လမ်းကြောင်းကို ရေးဆွဲထားတယ်ဆိုရင်" သူ၏အသံသည် တည်ငြိမ်သော်လည်း ဟိန်းထွက်နေသည်၊ "အဲဒီအပေါ်မှာ ငါကိုယ်တိုင် ပြန်ရေးပြမယ်"
"အကယ်၍ ကံကြမ္မာက ငါ့ကို အောင်မြင်ဖို့ သတ်မှတ်ထားတယ်ဆိုရင် အဲဒါ ငါ့ရဲ့ ကံတရားဖြစ်လိမ့်မယ်"
"ဒါပေမဲ့ အကယ်၍ ငါ့ကို ကျဆုံးဖို့ သတ်မှတ်ထားမယ်ဆိုရင်" သူ၏ အသံမှာ နက်ရှိုင်းသွားပြီး မျက်ဝန်းများသည် ကြယ်တစ်စုံကဲ့သို့ တောက်လောင်လာသည်။ "အဲဒီ ကံကြမ္မာကို ငါ့ဘာသာငါ ပိုင်းဖြတ်ပစ်မယ်"