အခန်း (၅၃၂)
Vol. 54 Ch. 532
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ယခု ကြုံတွေ့နေရသော အခြေအနေသည် ပုန်ကန်မှုဆိုခြင်းထက် ပို၍ဆိုးရွားလှ၏။ ဤသည်မှာ ပူးပေါင်းကြံစည်မှုကြီးတစ်ခု မဟုတ် ၊ လျှို့ဝှက်ပုန်ကန်မှုလည်း မဟုတ်ပေ။
လူအများက ဧကရာဇ်ကို ထီးနန်းစွန့်လွှတ်ရန် အတိအလင်း ဖိအားပေးနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဤပုန်ကန်မှုအမှုကြီးသည် ထင်ရှားသော သက်သေအထောက်အထား ခိုင်လုံနေပြီ ဖြစ်၏။
လီလျန်တင်းက ပြောလိုက်သည်။
"အရှင်မင်းကြီး အမိန့်ရှိတယ်... ကျန်းရှီကျစ်ရဲ့ ပြစ်မှုက ကြီးလေးလွန်းတဲ့အတွက် တစ်မိသားစုလုံး သေဒဏ်ပေးမယ်... အသက် ၁၅ နှစ်အောက် ကလေးတွေကိုတော့ ချမ်းသာပေးမယ်... မနက်ဖြန် ခေါင်းဖြတ်သတ်မယ်... အမတ်ချုပ်ကြီးကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်..."
ထို့နောက် ဘိုးဘေးလီလျန်တင်းသည် ဖိတ်စာကို ကမ်းပေးလိုက်သည်။ ဤသည်မှာ သမိုင်းတစ်လျှောက် မကြားစဖူး ထူးကဲသော ဖြစ်ရပ်တစ်ခုပင်။ ခေါင်းဖြတ်သတ်ပွဲသို့ ဖိတ်စာနှင့်တကွ ဖိတ်ခေါ်ခြင်းလော။ ဘိုးဘေးလီလျန်တင်း၏ လုပ်ရပ်များမှာလည်း ယုံနိုင်ဖွယ်ရာ မရှိလောက်အောင်ပင် ဆန်းကြယ်လှပေသည်။
"မနက်ဖြန် အမတ်ကြီးကျန်းရှီကျစ်ကို နန်းတော်ထဲမှာ ခေါင်းဖြတ်သတ်မှာဖြစ်လို့ စစ်ဘက်အရပ်ဘက် အရာရှိအားလုံး လာရောက်ကြည့်ရှုကြရမယ်... အမတ်ချုပ်ကြီးက အရာရှိတစ်ရာရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် မပါမဖြစ် ပါရမှာပါ..."
လီလျန်တင်းက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
"မွန်းတည့်ချိန်ကျရင် ခေါင်းဖြတ်မှာမို့လို့ နောက်ကျမနေပါစေနဲ့..."
ထို့နောက် လီလျန်တင်း ထွက်ခွာသွားလေ၏။ အကြောင်းမူကား သူသည် နောက်တစ်အိမ်သို့ သွားရောက်ကာ ဖိတ်စာပို့ရဦးမည် ဖြစ်သောကြောင့်ပင်။ ထိုသူမှာ ဘဏ္ဍာရေးဝန်ကြီး တုဟွေးပင် ဖြစ်၏။
တစ်နာရီခန့်ကြာပြီးနောက်... တုဟွေးသည် ဖန်းအိမ်တော်သို့ ထပ်မံရောက်ရှိလာသည်။
"ဘာကြောင့်မှန်းတော့ မသိဘူး... ပေမင်ဓားဂိုဏ်းက လုပ်ကြံတာ မအောင်မြင်ခဲ့ဘူး... လီလျန်တင်း မသေဘူး..."
ဖန်းကျိုးက ပြောလိုက်သည်။ "မနက်ဖြန်ကျရင် အရှင်မင်းကြီးက အရာရှိတစ်ရာရဲ့ ရှေ့မှောက်မှာ ကျန်းရှီကျစ်ကို ခေါင်းဖြတ်သတ်တော့မယ်... ပြီးတော့ ကျန်းရှီကျစ်က အကုန်လုံး ဝန်ခံလိုက်ပြီတဲ့..."
ထိုစကား၏ အဓိပ္ပာယ်ကား အဘယ်နည်း။ ဆိုလိုသည်မှာ ကျန်းရှီကျစ် ဝန်ခံလိုက်သော နာမည်များအားလုံးသည် သေဒဏ်ကျခံရနိုင်သည်ဟု အဓိပ္ပာယ်ရပေသည်။
ကျန်းရှီကျစ်က မည်သူ့နာမည်ကို ဝန်ခံလိုက်သနည်း။
ဤသည်မှာ စစ်ဘက်အရပ်ဘက် အရာရှိများအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်သည်။ ဒယ်မော့စ်ဓားသည် ခေါင်းပေါ်တွင် အမြဲတမ်း တွဲလောင်းကျနေသော်လည်း ဘယ်တော့မှ ပြုတ်မကျခဲ့ပေ။ သို့သော် ယခုအချိန်တွင်မူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။
မနက်ဖြန် ဖြစ်လာမည့် အခြေအနေကို ဖန်းကျိုးနှင့် တုဟွေးတို့ မျက်စိမှိတ်၍ပင် မြင်ယောင်နေနိုင်သည်။
အကယ်၍ ဖန်းအုပ်စုသာ အလျှော့မပေးလျှင် ကျန်းရှီကျစ် ခေါင်းဖြတ်ခံရမည်။
ထို့နောက်တွင် နာမည်တစ်ခုပြီးတစ်ခု ခေါ်ယူခံရမည်ဖြစ်ပြီး ၊ အမတ်တစ်ယောက်ပြီးတစ်ယောက် ကွပ်မျက်စင်ပေါ်သို့ တက်ရောက်ရပေလိမ့်မည်။
အကယ်၍ မသေလိုပါက မည်သို့ပြုမည်နည်း။
သေချာပေါက် ဧကရာဇ်၏ ရှေ့မှောက်တွင် ဒူးထောက်ပြီး 'ကြင်နာသနားတတ်ပြီး မြင့်မြတ်တဲ့ အရှင်မင်းကြီး' ဟု အော်ဟစ်ကာ 'ကျွန်တော်မျိုး မှားပါတယ်... ခွင့်လွှတ်တော်မူပါ' ဟု တောင်းပန်ကြရပေတော့မည်။
ထို့နောက် သားသတ်သမား၏ ဓားအောက်တွင် ထိုအမတ်များသည် ဖန်းအုပ်စုနှင့် ပြတ်ပြတ်သားသား လမ်းခွဲကြောင်း ကြေညာကြမည်ဖြစ်ပြီး ၊ ဖန်းအုပ်စုကိုပင် ပြန်လည် တိုင်ကြားကြပေလိမ့်မည်။
ထိုအခြေအနေသို့ ရောက်သွားပါက အနည်းဆုံး မြို့တော်တွင် ဧကရာဇ် လုံးဝ အနိုင်ရရှိသွားမည် ဖြစ်ပြီး ၊ မရေမတွက်နိုင်သော အမတ်များသည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ဘက်ပြောင်းသွားကြပေလိမ့်မည်။
ဧကရာဇ် ကစားနေသော ကစားပွဲသည် "ငါ့ဘက်ပါရင် အသက်ချမ်းသာမယ် ၊ ဆန့်ကျင်ရင် သေမယ်" ဆိုသည့် ကစားပွဲပင် ဖြစ်လေ၏။
ဤစစ်ဘက်အရပ်ဘက် အရာရှိများသည် မိမိတို့၏ အဖွဲ့အစည်းအတွက် ဧကရာဇ်ကို အဆုံးထိ တိုက်ခိုက်ရဲကြပါမည်လော။
မဖြစ်နိုင်ပေ။ စည်းစိမ်ဥစ္စာနှင့် အာဏာကို ခံစားစံစားဖူးသော ဤအမတ်များသည် သေရမည်ကို ပို၍ ကြောက်ရွံ့ကြသည်။ အသက်ရှင်ရန်အတွက် ဘိုးဘေးများကိုပင် ရောင်းစားရဲကြသူများ ဖြစ်သည်။
တာ့နင်အင်ပါယာတွင် သံမဏိလို စိတ်ဓာတ်ခိုင်မာသော အမတ်ကောင်းများ မရှိခြင်းတော့ မဟုတ်ပေ။ ယခင်က အများအပြား ရှိခဲ့ဖူးသည်။ သို့သော် ဝမ်းနည်းစရာမှာ ထိုသူများအားလုံး မောင်းထုတ်ခံလိုက်ရပြီး ၊ ထိုသို့ မောင်းထုတ်ခဲ့သူမှာ ဖန်းအုပ်စုပင် ဖြစ်လေသည်။
အရိုးသားဆုံးနှင့် စိတ်ဓာတ်အပြင်းထန်ဆုံး အရာရှိများသည် စိတ်အပျက်ရဆုံး လူများ ဖြစ်ကြသည်။ ငွေမက် ၊ မိန်းမမက် မရှိသောသူများကို မည်သို့ အဂတိလိုက်စားအောင် လုပ်ရမည်နည်း။ ရွှေတောင်ငွေတောင်ဖြင့် တည်ဆောက်ထားသော သင်္ဘောကြီးပေါ်သို့ သူတို့ကို မည်သို့ ဆွဲတင်ရမည်နည်း။
"မနက်ဖြန်က အဆုံးအဖြတ် တိုက်ပွဲပဲ..." ဖန်းကျိုး သက်ပြင်းချလိုက်သည်။
ဖန်းကျန်ကျစ်က ပြောလိုက်သည်။ "ငါးသေမလား ၊ ပိုက်ကွန်ကွဲမလား အဆုံးအဖြတ်ပဲ..."
ဖန်းကျိုးက မေးလိုက်သည်။ "မင်းဆိုလိုတာက ဧကရာဇ်ကို ဖြုတ်ချပြီး တခြားတစ်ယောက်ကို နန်းတင်မယ်ပေါ့..."
ဖန်းကျန်ကျစ်က နှုတ်ဆိတ်နေ၏။
ဖန်းကျိုးက ဆက်မေး၏။ "မင်းဆိုလိုတာက ပုန်ကန်မယ်ပေါ့..."
ဖန်းကျန်ကျစ်က ဆက်လက် နှုတ်ဆိတ်နေဆဲပင်။
တုဟွေးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "မြို့တော်မှာ ဧကရာဇ်ကို သစ္စာစောင့်သိတဲ့ စစ်သည်အင်အားက ကျွန်တော်တို့ထက် နှစ်ဆလောက် များနေပေမဲ့ ၊ ကျွန်တော်တို့ရဲ့ လက်ရွေးစင်တပ်လောက်တော့ မစွမ်းပါဘူး... စစ်ပွဲစတာနဲ့ ကျွန်တော်တို့ နိုင်နိုင်ခြေ များပါတယ်..."
ဖန်းကျိုးလည်ယ တိတ်ဆိတ်သွားလေ၏။ နန်းတော်သည် ဧကရာဇ်၏ အိမ်ဖြစ်ပြီး ၊ မြို့တော်သည်လည်း ဧကရာဇ်၏ အိမ်ပင် ဖြစ်သည်။ ဤအချက်က မမှားပေ။
လက်ရှိအချိန်တွင် မြို့တော်အနီးတစ်ဝိုက်၌ ဧကရာဇ်ကို သစ္စာစောင့်သိသော စစ်သည် ခြောက်သောင်းခန့်ရှိပြီး ၊ နယ်စပ်မှ လာသော တပ်ဖွဲ့ သုံးသောင်းခန့်လည်း ရှိသည်။
စစ်ဘုရင် ယွမ်ထိန်သည် လက်ရှောင်သွားပြီး သိန်းချီသော စစ်တပ်ကြီးဖြင့် လျောင်တုန်းသို့ ပြန်သွားပြီဖြစ်သည်။ သို့သော် စစ်ပွဲစတင်သည်နှင့် ဖန်းမိသားစုအတွက် အခွင့်အရေး လုံးဝမရှိသည်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ တပ်ဖွဲ့သည် ပိုမိုကျွမ်းကျင်ပြီး အဆက်မပြတ် လူအင်အားဖြည့်တင်းနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။
သို့သော် စစ်ပွဲစတင်လိုက်သည်နှင့် မည်မျှပင် အကြောင်းပြကောင်းပါစေ ၊ တကယ့် ပုန်ကန်မှုကြီး ဖြစ်သွားမည် ဖြစ်ပြီး ၊ ထီးနန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။
အကျိုးဆက်များသည် ကြီးလေးလွန်းပြီး သခင်ကြီး၏ မဟာဗျူဟာနှင့်လည်း မကိုက်ညီပေ။
ဖန်းကျိုးက အမိန့်ပေးလိုက်သည်။ "ဒီည တပ်ဖွဲ့ဝင်တွေအားလုံး သံချပ်ကာမချွတ် ၊ ဓားမချဘဲ အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ... တပ်ဖွဲ့တစ်ဝက်က နန်းတော်နားကို အစီအစဉ်အတိုင်း တိတ်တဆိတ် ကပ်သွားပြီး ဝိုင်းထားလိုက်ကြ..."
ဖန်းကျန်ကျစ် တုန်ယင်စွာဖြင့် ပြောလိုက်သည်။ "ဟုတ်ကဲ့..."
တုဟွေး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"တကယ်လို့ လုပ်မယ်ဆိုရင်တောင် အရှင်မင်းကြီးအနားက လူယုတ်မာတွေကို ရှင်းလင်းမယ်ဆိုတဲ့ ခေါင်းစဉ်ကို သုံးရမယ်... အပြစ်အားလုံးကို လီလျန်တင်းအပေါ် ပုံချရမယ်... ဧကရာဇ်ကို တိုက်ရိုက် ပုန်ကန်ပြီး သတ်လို့မရဘူး..."
ဖန်းကျိုး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"မင်းရော ငါရော စစ်ပွဲစဖို့ လုပ်ပိုင်ခွင့်မရှိဘူး... လေဟုန်စီး သိမ်းငှက်နက်ကို လွှတ်ပြီး အိမ်ရှေ့စံမင်းသားဆီက အမိန့်တောင်းလိုက်... အချိန်က သိပ်ကပ်နေပြီ... နောက်မကျသေးဘူးလို့ မျှော်လင့်ရတာပဲ..."
လေဟုန်စီး သိမ်းငှက်နက်များသည် အလွန်ရှားပါးပြီး ပင်လယ်ရပ်ခြား အင်ပါယာများက ဂရုတစိုက် မွေးမြူထားခြင်း ဖြစ်သည်။ အရေးပေါ် မလိုအပ်လျှင် လုံးဝ အသုံးပြုလေ့ မရှိပေ။
--------------
ထိုညတွင် အလွန်မြန်ဆန်သော လေဟုန်စီး သိမ်းငှက်နက် တစ်ကောင်သည် ညှို့မှလွတ်သော မြှားတစ်စင်းကဲ့သို့ အရှေ့တောင်ဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။ ခေတ်သစ်ကမ္ဘာမှ ငှက်များအားလုံးထက် ပိုမိုမြန်ဆန်ပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပျံသန်းသွားခြင်း ဖြစ်သည်။
--------------
"ဝုန်း... ဝုန်း... ဝုန်း..."
မြို့တော်၏ တောင်ဘက်တံခါး ရုတ်တရက် ပွင့်သွားလေသည်။ ထို့နောက် မြင်းခွာသံများက ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး သောင်းနှင့်ချီသော စစ်တပ်ကြီးသည် ကြီးမားသော အရှိန်အဟုန်ဖြင့် မြို့တော်ထဲသို့ ဝင်ရောက်လာကြသည်။
မင်းသမီး နင်းရွှဲ့ ဦးဆောင်သော စစ်တပ်သည် မြို့တော်သို့ ဝင်ရောက်လာပြီ ဖြစ်သည်။
ညအမှောင်ထုအောက်ရှိ မြို့တော်လမ်းမများပေါ်တွင် အလွန်ကျွမ်းကျင်သော လက်ရွေးစင်တပ်ဖွဲ့များသည် နန်းတော်ဆီသို့ ဖြည်းညှင်းစွာနှင့် စနစ်တကျ စုဝေးရောက်ရှိလာကြသည်။
မိုးမရွာခင် လေပြင်းတိုက်သကဲ့သို့ပင် နန်းတော်၏ ညအမှောင်ထုသည် လူများကို အသက်ရှူရခက်စေလောက်အောင် ဖိစီးမှုများ ပြည့်နှက်နေလေသည်။ မနက်ဖြန်သည် မြို့တော်၌ ဖန်းမိသားစုနှင့် ဧကရာဇ်တို့၏ အဆုံးအဖြတ် တိုက်ပွဲနေ့ ဖြစ်သည်။
နှစ်ဖက်စလုံး အလျှော့ပေးမလား ၊ သို့မဟုတ် စစ်ပွဲတိုက်ရိုက် စတင်ပြီး မြို့တော်တစ်ခုလုံး သွေးချောင်းစီးမလား။ မြို့တော်ရှိ မရေမတွက်နိုင်သော ပြည်သူများသည် စောင်အောက်တွင် ပုန်းအောင်းရင်း ထပ်မံ၍ တုန်လှုပ်ခြောက်ခြားနေကြရသည်။ ဤသည်မှာ မြို့တော်ဖြစ်၏။ စစ်ပွဲစတင်သည်နှင့် အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးရပေမည်။
စစ်ပွဲစတင်သည်နှင့် ပြန်လည်ကုစားရန် နေရာလပ်မရှိတော့ဘဲ တာ့နင်အင်ပါယာ ပြိုကွဲသွားသည်အထိ ဖြစ်သွားနိုင်သည်။
--------------
နန်းတော်အတွင်း၌ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီး နင်းရွှဲ့တို့သည် ဧကရာဇ်ရှေ့တွင် ဒူးထောက်နေကြသည်။
"မနက်ဖြန် အခြေအနေက အရမ်း ဆိုးရွားလိမ့်မယ်... ဒါက ကံကြမ္မာကို လောင်းကြေးထပ်လိုက်တာပဲ..."
ဧကရာဇ်က ပြောလိုက်သည်။
"တကယ်လို့များ ဖန်းမိသားစုက ဒီတိုက်ပွဲမှာ အရှုံးမပေးချင်ဘူးဆိုရင် နန်းတော်ကို တိုက်ရိုက် စီးနင်းပြီး ဧကရာဇ်ဘက်တော်သား လူယုတ်မာတွေကို ရှင်းလင်းမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်ခိုက်လာနိုင်တယ်..."
အိမ်ရှေ့စံမင်းသားသည် သံချပ်ကာ ဝတ်ဆင်ထားပြီး ပြတ်သားစွာ ပြောလိုက်သည်။ "အဲဒီအချိန်ရောက်ရင် သားတော်က အသက်နဲ့လဲပြီး ခမည်းတော်ရဲ့ လုံခြုံရေးကို ကာကွယ်ပါမယ်..."
နင်းရွှဲ့က စကားမပြောဘဲ သူမလက်ထဲရှိ ဓားကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမ၏ ပြင်းပြသော ဆန္ဒကို ပြသနေသည်။
ဧကရာဇ်က ဆက်ပြောသည်။
"မြို့တော်မှာ ငါတို့ဘက်က စစ်သည်အင်အား ပိုများပေမဲ့ ပင်လယ်ရပ်ခြား အင်ပါယာရဲ့ ရေတပ်တွေက အရှေ့ပင်လယ်ပြင်မှာ အချိန်ပြည့် လှည့်လည်သွားလာနေကြတယ်... လိုအပ်ရင် သူတို့တပ်တွေက ထျန်ကျင်းဝေယွမ်ကနေ တိုက်ရိုက် ကမ်းတက်လာနိုင်တယ်... ဒါကြောင့် စစ်ပွဲစတာနဲ့ ငါတို့ နိုင်ချေက မများဘူး..."
နင်းရွှဲ့၏ မျက်ဝန်းအိမ်များ ချက်ချင်း နီရဲလာလေ၏။
ဧကရာဇ်သည် ဖန်းမိသားစုနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့မည်။ စစ်ဘုရင်ကြီးများကလည်း အေးစက်စွာ စောင့်ကြည့်နေကြပြီး ဧကရာဇ်ကို သစ္စာစောင့်သိသော တပ်ဖွဲ့များမှာလည်း အလွန်ဝေးကွာနေသဖြင့် မြို့တော်သို့ အချိန်မီ ပြန်လာနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် မနက်ဖြန်တွင် ဖန်းအုပ်စုနှင့် တကယ်တမ်း စစ်ဖြစ်ပွားပါက ရလဒ်သည် အလွန် ဆိုးရွားပေလိမ့်မည်။
ဧကရာဇ်က ဆက်ပြောသည်။
"တကယ်လို့ အဲဒီအချိန်ရောက်လာခဲ့ရင်... ငါတို့ တကယ် ရှုံးနိမ့်သွားခဲ့ရင်... သားတော်က အလျှော့ပေးလိုက်ပါ... အရှက်တရားကို သည်းခံပြီး ဖန်းမိသားစုရဲ့ ရုပ်သေးရုပ် ဖြစ်ရင်ဖြစ်ပါစေ... ဧကရာဇ် ဆက်လုပ်ပါ..."
အိမ်ရှေ့စံမင်းသားက ဟိန်းဟောက်လိုက်သည်။
"မဖြစ်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... သားတော်က ခမည်းတော်နဲ့အတူ အသေခံ တိုက်ပွဲဝင်မယ်..."
ဧကရာဇ်က ခက်ထန်စွာ ပြောလိုက်သည်။ "ဒါက ငါ့အမိန့်ပဲ..."
အိမ်ရှေ့စံမင်းသားက ခေါင်းကို ကြမ်းပြင်နှင့် စောင့်ကာ ပြောလိုက်သည်။
"သားတော် အမိန့်ကို ဖီဆန်ပါရစေ... ခမည်းတော်က သားတော်ကို သစ္စာမရှိ ၊ မင်းတရားမရှိတဲ့သူ ဖြစ်ခိုင်းနေတာလား... ရန်သူနဲ့ ပေါင်းပြီး ဧကရာဇ်လုပ်ရမယ်တဲ့လား... သားတော် မလုပ်နိုင်ဘူး... အရှက်တရားကို သည်းခံရမယ်ဆိုတာကို သားတော် နားမလည်ဘူး..."
ဧကရာဇ်၏ မျက်လုံးများ ရုတ်တရက် နီရဲသွားပြီး တုန်ယင်စွာ ပြောလိုက်သည်။ "အဆုံးထိ တိုက်ရင်လည်း သေမှာပဲ... အဲဒီကျရင် တော်ဝင်မိသားစုထဲက တခြားတစ်ယောက်က နန်းတက်လာလိမ့်မယ်... သူက အသုံးမကျတဲ့သူ ဖြစ်လာမှာပဲ... အဲဒီအချိန်ကျရင် ငါတို့ရဲ့ တာ့နင်အင်ပါယာက တကယ် ပျက်စီးသွားပြီ..."
အိမ်ရှေ့စံမင်းသားက တုန်ယင်နေသည့် အသံဖြင့် အော်ဟစ်ပြောဆို၏။ "တကယ်လို့ ကောင်းကင်ဘုံက တာ့နင်အင်ပါယာကို ပျက်စီးစေချင်ရင် ပျက်စီးပါစေတော့... ခမည်းတော်ရဲ့ တောင်းဆိုမှုကို သားတော် မလုပ်နိုင်ပါဘူး..."
ရုတ်တရက် ဧကရာဇ်၏ မျက်လုံးများတွင် သားတော်အပေါ် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်သွားလေသည်။
ထို့နောက် သူသည် မင်းသမီး နင်းရွှဲ့ကို ကြည့်ကာ ပြောလိုက်သည်။
"တကယ်လို့ ရှုံးနိမ့်တဲ့နေ့ ရောက်လာခဲ့ရင်... သမီးက အသေမခံနဲ့... ပိုင်ဆယ်ကိုသွားပြီး တုပိုင်ကို ရှာ..."
မင်းသမီး နင်းရွှဲ့ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ "သမီးတော် အမိန့်နာခံပါတယ် ဘုရား..."
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team