အခန်း (၅၃၃)
Vol. 54 Ch. 533
သူမသည် အတူတူအသေခံမည်ဟု ထုတ်မပြောခဲ့ပေ။ အကြောင်းမူကား မြို့တော်ကျဆုံးသည်နှင့် တစ်ပြိုင်နက် သူမသည် လီလျန်တင်း ၊ နင်ဇောင်ဝူတို့နှင့်အတူ ဧကရာဇ် ၊ အိမ်ရှေ့စံ ၊ မိဖုရားခေါင်ကြီးတို့ကို ခေါ်ဆောင်ပြီး ပိုင်ဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့်ပင်။ လိုအပ်ပါက အန်နမ်တိုင်းပြည်ထဲသို့ပင် ဝင်ရောက်ခိုလှုံရပေမည်။
ဧကရာဇ်သည် သူ့သားသမီးများကို ချစ်ခင်ကြင်နာစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အားလုံးက လိမ္မာတဲ့ ကလေးတွေပဲ... သွားအိပ်ကြတော့... မနက်ဖြန် ဖန်းမိသားစုနဲ့ ထိပ်တိုက်တွေ့ရလိမ့်မယ်... ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ်... အားမွေးထားကြ...”
ထိပ်တိုက်တွေ့ဆုံခြင်း...။ မဟုတ်သေးပေ... ဤသည်ကား အသက်နှင့် သေခြင်းကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲကြီးပင် ဖြစ်လေ၏။
**--**--**--**--**--**--**--**
ဖန်းကျိုး၏ အိမ်တော်အတွင်း၌ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ချောမောခန့်ညားပြီး ဖြူဖပ်ဖြူရော် လူငယ်တစ်ဦး ရှိနေလေသည်။
သူသည် ယခုနှစ်တွင် အသက် ၂၃ နှစ်ရှိပြီဖြစ်သော ယန်မင်းသား နင်ချုံး ဖြစ်လေသည်။ သူ့နယ်မြေသည် မြို့တော်အနီးတွင် ရှိပြီး ၊ ကျန်းမာရေး ချူချာသူဖြစ်သဖြင့် ဧကရာဇ်ထျန်ယွင်သည် သူ့တူတော်ကို အထူးသနားကရုဏာ သက်မိပြီး မြို့တော်၌သာ အချိန်အများစုကို ကုန်ဆုံးစေကာ ဆေးကုသခွင့် ပေးထားခဲ့သည်။
ယခင် မျိုးဆက်ဟောင်း ယန်မင်းသားနှင့် ဧကရာဇ်ထျန်ယွင်တို့သည် အလွန် ရင်းနှီးခဲ့ကြသည်။ သို့သော် ယန်မင်းသားသည် အသက် ၃၀ မပြည့်ခင်မှာပင် ကွယ်လွန်သွားခဲ့ရရှာသည်။ ထို့ကြောင့် ဧကရာဇ်သည် နင်ချုံးကို အထူးချစ်မြတ်နိုးတော်မူသည်။ အချိန်တစ်ခုကဆိုလျှင် နင်ချုံး နန်းတော်ထဲဝင်ပြီး ဧကရာဇ်ကို သွားရောက်တွေ့ဆုံသည့် အကြိမ်အရေအတွက်သည် အခြားမင်းသားများထက်ပင် ပိုမိုများပြားခဲ့သေးသည်။
ယခုမူ ဤယန်မင်းသားကို ဖန်းအိမ်တော်သို့ ဆင့်ခေါ်ထားခြင်း၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှပေသည်။
စစ်ပွဲအမှန်တကယ် စတင်ပြီး ဖန်းအုပ်စုက အနိုင်ရခဲ့သည်ရှိသော် ဧကရာဇ်သည် ဆက်လက် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ အကယ်၍ အိမ်ရှေ့စံမင်းသားက အလျှော့ပေးလိုက်လျောမည်ဆိုလျှင် သူ့ကို နန်းတင်မည်။ အကယ်၍ အိမ်ရှေ့စံမင်းသားက အလျှော့မပေးဘူးဆိုလျှင် သူတို့၏ ရှေ့မှောက်တွင် ရှိနေသော ယန်မင်းသားကို ထီးနန်းတင်မြှောက်ကြပေလိမ့်မည်။
ဖန်းကျိုးသည် အလွန်အမင်း ချောမောလှပလွန်းသော ယန်မင်းသားကို ကြည့်ကာ မေးလိုက်သည်။
“အရှင်မင်းသား... ကျွန်တော်မျိုးတို့ အရှင်မင်းသားကို ဘာလို့ ခေါ်တွေ့လဲဆိုတာ သိပါသလား...”
ယန်မင်းသားက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“သိပါတယ်... အမတ်ချုပ်ကြီး စိတ်ချပါ...”
**--**--**--**--**--**--**--**
နောက်တစ်နေ့ မိုးသောက်ယံ၌ နန်းတော်အတွင်း၌ စစ်သည်အင်အား နှစ်သောင်းခန့် ရှိနေပြီး အသင့်စောင့်ဆိုင်းနေကြသည်။
နန်းတော်အပြင်ဘက်၌မူ ထူထပ်များပြားလှသော သောင်းနှင့်ချီသည့် စစ်တပ်ကြီးသည် နန်းတော်ပတ်လည်တွင် ဖြန့်ကျက်ထားလေသည်။
စစ်ဘက်အရပ်ဘက် အရာရှိအပေါင်းတို့သည် နန်းတော်အတွင်းသို့ ခမ်းနားထည်ဝါစွာ ဝင်ရောက်လာကြသည်။
“ဒေါင်... ဒေါင်... ဒေါင်...”
ခေါင်းလောင်းသံ မြည်ဟည်းလာသည်နှင့် တစ်ပြိုင်နက် ဧကရာဇ်နှင့် ဖန်းမိသားစုကြား အဆုံးအဖြတ် တိုက်ပွဲကြီးသည် တရားဝင် စတင်သွားပြီ ဖြစ်လေ၏။
အနိုင်ရလျှင် ဧကရာဇ်အာဏာစက် မြင့်တက်လာမည်။
ရှုံးနိမ့်လျှင် ဧကရာဇ် သေဆုံးပြီး ဧကရာဇ်အသစ် နန်းတက်လာပေလိမ့်မည်။
မိုးလင်းနေပြီ ဖြစ်သော်လည်း မြို့တော်လမ်းမများပေါ်တွင် လမ်းသွားလမ်းလာ တစ်ယောက်မျှ မရှိချေ။
မြို့တော်မှ ပြည်သူများသည် အာရုံခံစားမှု အကောင်းဆုံးသူများ ဖြစ်ကြသည်။ ငလျင်မလှုပ်ခင် သားရဲတိရစ္ဆာန်လေးများ ကြိုတင်သိရှိသကဲ့သို့ပင် ၊ သူတို့သည် မည်သည့် မငြိမ်သက်မှုမျိုးကိုမဆို ချက်ချင်း အာရုံခံမိကြသည်။
ကျယ်ဝန်းလှသော လမ်းမကြီးများပေါ်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်များသာ ရှိနေကြသည်။ နန်းတော်ပတ်လည်ရှိ နေရာတိုင်းကို ယာယီ ကာကွယ်ရေးစည်းများအဖြစ် ပြင်ဆင်ထားလေသည်။
အိမ်အများစုသည် အပြင်ပန်းကြည့်လျှင် သာမန်အတိုင်း ထင်ရသော်လည်း တံခါးဖွင့်လိုက်သည်နှင့် အတွင်း၌ စစ်သည်များ ပြည့်ကျပ်နေကြောင်း တွေ့ရပေလိမ့်မည်။
ဧကရာဇ်ကို သစ္စာစောင့်သိသော စစ်သည်များသည် ငွေရောင်သံချပ်ကာနှင့် ခေါင်းစီးအနီများကို အဓိက ဝတ်ဆင်ထားကြသည်။
ဖန်းမိသားစုကို သစ္စာစောင့်သိသော စစ်သည်များမှာမူ ဤနည်းလမ်းဖြင့် စိမ့်ဝင်နေရာယူထားကြခြင်း ဖြစ်သည်။ လူတိုင်းသည် ခြေဆုံးခေါင်းဆုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားကြပြီး မျက်နှာဖုံးများကို စွပ်ထားကြသည်။ သံချပ်ကာများကိုလည်း အနက်ရောင် ဆေးသုတ်ထားကြသည်။
ကြည့်လိုက်ရုံနှင့် ဖန်းအုပ်စုဘက်မှ စစ်တပ်၏ လက်ရွေးစင်အဆင့်အတန်းသည် ဧကရာဇ်ဘက်မှ တပ်များထက် အဆင့်တစ်ဆင့် ပိုမြင့်နေကြောင်း ရှင်းလင်းစွာ ခံစားရနိုင်သည်။
စစ်တပ်နှစ်ဖက်သည် အရှေ့နှင့် အနောက် ကွဲပြားနေပြီး နန်းတော်၏ အလယ်ဗဟိုမျဉ်းက သူတို့ကို ပိုင်းခြားထားလေသည်။
**--**--**--**--**--**--**--**
နန်းတော်တံတိုင်း အတွင်း၌ လီလျန်တင်း ဦးဆောင်သော အစောင့်တပ်ဖွဲ့သည် ငွေရောင်သံချပ်ကာများကို ဝတ်ဆင်ထားပြီး နန်းတော်တံတိုင်းပေါ်တွင် သေသပ်စွာ တန်းစီရပ်နေကြသည်။ သူတို့သည် လေးမြှားများကို ကိုင်ဆောင်ထားကြပြီး အေးစက်သော မျက်နှာထားများဖြင့် အပြင်ဘက်ရှိ အနက်ရောင် သံချပ်ကာတပ်ဖွဲ့ကို စိုက်ကြည့်နေကြ၏။
အခြေအနေသည် မိုင်တစ်ရာ မီးတောင်ကြီး ပေါက်ကွဲလုနီးပါး တင်းမာနေလေသည်။ ရာပေါင်းများစွာသော စစ်ဘက်အရပ်ဘက် အရာရှိများသည် တုန်တုန်ယင်ယင်ဖြင့် နန်းတော်ထဲသို့ ဝင်ရောက်လာကြသည်။
ထိုအချိန်တွင် ဧကရာဇ်သည် ညီလာခံခန်းမဆောင်သို့ မရောက်ရှိသေးဘဲ စာကြည့်ဆောင်ထဲတွင်သာ ရှိနေသေးသည်။
“ကျွန်တော်မျိုး တုဟွေး... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေ...”
တုဟွေး ဦးခိုက်လိုက်သည်။ ဧကရာဇ်သည် တုပိုင်၏ ဖခင်ကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အမတ်မင်းတု... ဘာကြောင့်လဲ... မင်းရဲ့ အရည်အချင်းနဲ့ နည်းလမ်းတွေအရဆိုရင် ငါ့လက်အောက်မှာ အမြင့်ဆုံးအမတ်တစ်ယောက် ဖြစ်လာနိုင်တယ်... မင်းမှာ ထူးချွန်လွန်းတဲ့ သားတစ်ယောက် ရှိနေတာကို ထည့်မပြောသေးဘူး... တကယ်လို့ မင်းသာ တာ့နင်အင်ပါယာအပေါ် သစ္စာစောင့်သိမယ်ဆိုရင် မင်းရဲ့ တုမိသားစုက နံပါတ်တစ် အထက်တန်းစား မိသားစု ဖြစ်လာနိုင်တယ်... ဖန်းမိသားစုဆီမှာဆိုရင်တော့ မင်း ဒီနေရာမျိုး ရချင်မှရမှာ...”
တုဟွေး ခေါင်းငုံ့လျက် ပြောလိုက်သည်။ “အရှင်မင်းကြီး... အနိုင်ရတဲ့သူက ဘုရင် ၊ ရှုံးတဲ့သူက သူပုန်ပါ... ပညာရှိတဲ့သူက အနိုင်ရတဲ့သူဘက်မှာ ရပ်တည်ရပါတယ်...”
ဧကရာဇ် ဘာမှ ပြန်မပြောတော့ချေ။
တုဟွေးက ဆက်ပြောသည်။ “အရှင်မင်းကြီး... ကောင်းကင်အပြည့် ရွက်လွှင့်နေတဲ့ ရေတပ်ကြီးကို အရှင်မင်းကြီး တစ်ခါမှ မမြင်ဖူးပါဘူး... အဲဒီနေ့က အကောင်းဆုံး လက်ရွေးစင်တပ်ဖွဲ့ကိုလည်း မမြင်ဖူးပါဘူး... တောင်လိုပုံနေတဲ့ ရွှေတွေ ၊ ငွေတွေ ၊ သံမဏိတွေနဲ့ ကောင်းကင်သံမဏိတွေကို အရှင်မင်းကြီး မမြင်ဖူးသေးပါဘူး... တာ့နင်အင်ပါယာမှာ အလွန်တန်ဖိုးကြီးပါတယ်ဆိုတဲ့ သံသတ္တုတွေကို အဲဒီတိုက်ကြီးမှာ နေရာတိုင်း တွေ့နိုင်ပါတယ်... တာ့နင်အင်ပါယာမှာ အဖိုးတန်တဲ့ ရွှေတွေဆိုရင်လည်း အဲဒီမြေရဲ့ ထောင့်တစ်နေရာမှာ ရွှေတုံးကြီးတွေကို အလွယ်တကူ ကောက်ရနိုင်ပါတယ်... ဒါက သမိုင်းရဲ့ ခေတ်ရေစီးကြောင်းပါ... အရှင်မင်းကြီး တားဆီးလို့ မရနိုင်ပါဘူး...”
“အဲဒါဆိုရင် မင်းရဲ့ သခင်က ဘာလို့ ခေါင်းဝှက်ပြီး အမြီးဖော်နေရတာလဲ... အခုထိ သူ့ရဲ့ မျက်နှာအစစ်ကို ဘာလို့ မပြရဲသေးတာလဲ...”
“သခင်ကြီးမှာ ပိုပြီးအရေးကြီးတဲ့ တာဝန်တွေ ရှိကောင်းရှိပါလိမ့်မယ်... ဒါပေမဲ့ သခင်လေးရဲ့ ခမ်းနားထည်ဝါပြီး သူရဲကောင်းဆန်တဲ့ ပုံရိပ်ကပဲ ကျွန်တော်တို့ တစ်သက်လုံး လေးစားကြည်ညိုပြီး သစ္စာစောင့်သိဖို့ လုံလောက်နေပါပြီ...”
“ဟားဟား...”
ဧကရာဇ် ရယ်မောလိုက်သည်။
တုဟွေးက ဆက်ပြောသည်။ “အရှင်မင်းကြီး... လက်လျှော့လိုက်ပါ... အားလုံး အတိတ်ကလို ပြန်ဖြစ်သွားရင် မကောင်းဘူးလား... သေတဲ့လူတွေကလည်း သေပြီးသွားပြီ... ကျန်းရှီကျစ်ကို လွှတ်ပေးလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို နေလိုက်ပါ...”
“ငါက ရုပ်သေးရုပ်လို ဆက်နေရမယ်... ညီလာခံတောင် တက်ခွင့်မရဘဲ နန်းတွင်းဆောင်ထဲမှာပဲ နေရမယ်... ငါ့အမိန့်က နန်းတော်အပြင်ကို မရောက်စေရဘူး... ဟုတ်တယ်မလား...”
“အနည်းဆုံးတော့ ငြိမ်းချမ်းမှု ရှိတာပေါ့... အင်ပါယာကလည်း အကောင်းအတိုင်း ရှိနေဦးမှာပါ...”
ထို့နောက် တုဟွေးက ထပ်ပြောလိုက်သည်။ “အရှင်မင်းကြီး... တုပိုင်ရဲ့ နိုင်ပွဲက အရှင်မင်းကြီးကို ယုံကြည်မှုတွေ အများကြီး ပေးလိုက်မှန်း ကျွန်တော် သိပါတယ်... အဲဒါက သေခါနီးလူမမာတစ်ယောက်က အားဆေးပြင်းပြင်း သောက်လိုက်သလိုပါပဲ... ရုတ်တရက် ကျားတစ်ကောင်လို ၊ ဝံပုလွေတစ်ကောင်လို သန်မာလာတယ်လို့ ထင်ရပေမဲ့ ဒါက အသက်ကို ပေါင်နှံပြီး ရလာတာပါ...”
ဧကရာဇ် တိတ်ဆိတ်နေလိုက်သည်။
“ပေမင်ဓားဂိုဏ်းက တုပိုင်ကို ရှင်းဖို့ မဟာဆရာသခင် နှစ်ယောက် စေလွှတ်လိုက်ပြီ... ဒါတင်မကသေးဘူး လီကျန့်ကလည်း စစ်သည် နှစ်သိန်းနဲ့ နန်းတော်ကို ပြန်လာနေပြီ... မကြာခင်မှာ လီရူဟိုင်ကလည်း စစ်သည် သုံးသိန်းကို ဦးဆောင်ပြီး ကိုယ်တိုင် စစ်ချီလာလိမ့်မယ်... တုပိုင်အတွက်က သေလမ်းပဲ ရှိတယ်... ရှောင်လွှဲလို့ မရတော့ဘူး... ဒီလောကမှာ အဆိုးရွားဆုံးအရာက ကျရှုံးတာ မဟုတ်ဘူး... လူတွေကို မျှော်လင့်ချက်တွေပေးပြီး တကယ်တမ်းကျတော့ ပျက်စီးခြင်းဆီကို ဦးဆောင်သွားတဲ့ ဟန်ပြနိုင်ပွဲမျိုးက ပိုဆိုးရွားပါတယ်... တုပိုင်ရဲ့ ပြီးခဲ့တဲ့ နိုင်ပွဲကြီးက ခွေးသေကောင် ပုပ်သလိုကို ရွံရှာစရာကောင်းပါတယ်...”
“အရှင်မင်းကြီး... စွန့်စားမှုတွေ မလုပ်ပါနဲ့... လောင်းကြေး မထပ်ပါနဲ့...”
တုဟွေးက ဆက်ပြောသည်။ “ကျွန်တော်တို့ကို ဆက်ပြီး ဖိအားမပေးပါနဲ့... ကျွန်တော်တို့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားရင် စစ်တိုက်ရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး... စစ်ပွဲစတာနဲ့ အရှင်မင်းကြီး မနိုင်နိုင်ပါဘူး... အရှင်မင်းကြီး ၊ မိဖုရားခေါင်ကြီး ၊ အိမ်ရှေ့စံမင်းသား ၊ မင်းသမီး... ဘယ်သူ့အသက်မှ အာမခံချက် မရှိတော့ပါဘူး... တခြား တော်ဝင်မျိုးနွယ်တစ်ယောက်က ဧကရာဇ် ဖြစ်လာလိမ့်မယ်... ဒါက အဆိုးရွားဆုံး အခြေအနေပါပဲ... ကျွန်တော်တို့လည်း မဖြစ်ချင်သလို အရှင်မင်းကြီးလည်း ဖြစ်ချင်မှာ မဟုတ်ပါဘူး...”
ဧကရာဇ်က လက်ကာပြပြီး ပြောလိုက်သည်။ “တုဟွေး... မင်းပြန်တော့...”
တုဟွေး ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီး... စွန့်စားမှုတွေ မလုပ်ပါနဲ့... တုပိုင်က သေချာပေါက် ပျက်စီးတော့မှာ... ဒီနေ့တိုက်ပွဲမှာလည်း အရှင်မင်းကြီး နိုင်မှာ မဟုတ်ဘူး... စွန့်စားမှု မလုပ်ပါနဲ့... စစ်ပွဲစလို့ သားသတ်သမားဓား ကျလာတာနဲ့ ပြန်ပြင်လို့ မရတော့ဘူးနော်... ကျွန်တော်မျိုး ကြိုမပြောခဲ့ဘူးလို့ အပြစ်မတင်ပါနဲ့...”
ဧကရာဇ်သည် တုဟွေးကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ငါက သေရမှာ မကြောက်ဘူး... ငါ့ကို သေမင်းနဲ့ လာမခြိမ်းခြောက်နဲ့... မင်းတို့က အင်ပါယာအတွက် အသက်ပေးပြီး တိုက်ရဲသေးတာပဲ... ငါ ဧကရာဇ်တစ်ပါးအနေနဲ့ ဒီလောက်တောင် အသုံးမကျဘူးလို့ ထင်နေလား...”
တုဟွေး၏ မျက်လုံးများ အေးစက်သွားပြီး ဧကရာဇ်ကို မလှုပ်မယှက် စိုက်ကြည့်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး... ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ...”
ထို့နောက် သူသည် တိုက်ရိုက် ထွက်ခွာသွားလေတော့၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team