← Chapters

အခန်း (၅၃၄)

Vol. 54 Ch. 534

အခန်း (၅၃၄)

Vol. 54 Ch. 534

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

နန်းတော်၏ အဓိကရင်ပြင်တွင် ရာပေါင်းများစွာသော စစ်ဘက်အရပ်ဘက် အရာရှိများသည် ကြမ်းပြင်ပေါ်တွင် သေသပ်စွာ ဒူးထောက်နေကြ၏။

ရှေ့ဆုံးတွင် ဒူးထောက်နေကြသူများမှာမူ အမတ်ကြီး ကျန်းရှီကျစ်နှင့် သူ၏ မိသားစုဝင် ရာပေါင်းများစွာပင် ဖြစ်လေသည်။ အမတ်အများစုသည် တူညီသော နေရာတစ်ခုကိုသာ ငေးကြည့်နေကြပြီး တုဟွေး ထွက်ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။

အမတ်အားလုံး၏ ရင်ထဲတွင် တူညီသော ဆုတောင်းတစ်ခု ရှိနေကြသည်။ "အရှင်မင်းကြီး... ကျေးဇူးပြုပြီး အလျှော့ပေးလိုက်ပါ... အမြန်ဆုံး အလျှော့ပေးလိုက်ပါတော့..."

အချိန်အနည်းငယ် ကြာပြီးနောက်... ဘဏ္ဍာရေးဝန်ကြီး တုဟွေး ထွက်လာလေသည်။ စစ်ဘက်အရပ်ဘက် အရာရှိအားလုံးသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ လည်ပင်းရှည်ကြီးများဖြင့် မျှော်ကြည့်လိုက်ကြသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူတို့၏ ခန္ဓာကိုယ်များ အေးစက်တောင့်တင်းသွားရလေ၏။ အကြောင်းမူကား တုဟွေး၏ မျက်နှာသည် ပြာနှမ်းနေပြီး စေ့စပ်ညှိနှိုင်းမှု မအောင်မြင်ခဲ့ကြောင်း သိသာထင်ရှားနေသောကြောင့်ပင်။

ထိုအချိန်တွင် လီလျန်တင်းက မေးလိုက်သည်။

"အမတ်ချုပ်ကြီး ဖန်းကျိုး ဘယ်မှာလဲ... သူ ဘာလို့ မရောက်သေးတာလဲ..."

"သူ လာနေပြီ..." တုဟွေးက ဖြေလိုက်၏။

"ငါရှိနေရင် ရပြီမဟုတ်လား..." ဖန်းကျိုး၏ သားဖြစ်သူ ဖန်းကျန်ကျစ်က အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် ဖန်းကျန်ကျစ်သည် မတ်တတ်ရပ်လိုက်ပြီး လှေကားထစ်များပေါ်သို့ တက်ကာ အောက်ဘက်ရှိ ပြည့်ကျပ်နေသော အရာရှိများကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

"လီလျန်တင်း... အမတ်ကြီး ကျန်းရှီကျစ်ကို လွှတ်ပေးလိုက်... ဒါဆိုရင် အရာအားလုံးကို ပြန်လှည့်လို့ ရသေးတယ်... ငါ အာမခံပြီး ပြောရဲတယ်... မင်းသာ ဒီဓားကို ခုတ်ပိုင်းရဲရင် ဒါဟာ စစ်ပွဲစတင်တာပဲ... မြို့တော်မှာ သွေးချောင်းစီးတော့မယ်... ပြီးတော့..."

သူ့စကား မဆုံးသေးသော်လည်း အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းလှသည်။ ဧကရာဇ်၏ ခေါင်း မြေကြီးပေါ်သို့ ကျသွားတော့မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

"လီလျန်တင်း... မင်းသာ အမတ်ကြီး ကျန်းရှီကျစ်ကို သတ်ရဲရင် စစ်ပွဲစပြီလို့ မှတ်လိုက်..."

ဖန်းကျန်ကျစ် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရွှီးးး..." လီလျန်တင်းသည် ဓားကို မြှောက်လိုက်ပြီး ခုတ်ချလိုက်လေသည်။

အမတ်ကြီး ကျန်းရှီကျစ်၏ ခေါင်းသည် သွေးများ ပန်းထွက်လျက် မြေကြီးပေါ်သို့ လိမ့်ဆင်းသွားလေတော့သည်။ ကွပ်မျက်ပြီးနောက် လီလျန်တင်းသည် ဖန်းကျန်ကျစ်ဘက်သို့ လှည့်ကာ လက်ကာပြလိုက်သည်။

ဖန်းကျန်ကျစ် လုံးဝ ကြောင်အသွားရလေ၏။ 'ငါ... တောက်... ခွေးအိုကြီး လီလျန်တင်း... ငါ စကားပြောလို့တောင် မပြီးသေးဘူး မင်းက လူသတ်ရဲတယ်ပေါ့... ဒါ ငါ့ကို သက်သက်မဲ့ အရှက်ခွဲလိုက်တာပဲ မဟုတ်လား...'

"လီလျန်တင်း... မင်း... မင်း လုပ်ရဲတယ်ပေါ့..." ဖန်းကျန်ကျစ် ဆွံ့အစွာဖြင့် အသံထွက်လာသည်။

လီလျန်တင်းက သူ့လက်ကို အောက်သို့ စိုက်ချလိုက်သည်။

"ရွှီးးး... ရွှီးးး... ရွှီးးး... ရွှီးးး..."

ရာပေါင်းများစွာသော စစ်သည်များသည် သူတို့၏ ဓားများကို ဝင့်မြှောက်လိုက်ကြသည်။ အမတ်ကြီး ကျန်းရှီကျစ်၏ မိသားစုဝင်အားလုံး ခေါင်းဖြတ် အသတ်ခံလိုက်ရပြီဖြစ်လေ၏။ ဖန်းကျန်ကျစ်၏ မျက်နှာသည် ချက်ချင်း နီရဲသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

လီလျန်တင်းက ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။

"မင်းပြောတဲ့ စစ်ပွဲစမယ်ဆိုတာ ဘယ်မှာလဲ..."

ချက်ချင်းပင် ရာပေါင်းများစွာသော စစ်ဘက်အရပ်ဘက် အရာရှိများသည်လည်း နားစွင့်နေကြလေ၏။ ဖန်းကျန်ကျစ် ပြောဆိုခဲ့သော စစ်ပွဲကြီးသည် အဘယ်ဆီသို့ ရောက်သွားသနည်း။ မည်သည့်အသံမှလည်း မကြားရချေ။

ထို့နောက် လီလျန်တင်းသည် ကျန်းရှီကျစ်၏ ဝန်ခံချက်စာလွှာကို ထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အခု ငါနာမည်ခေါ်မဲ့သူတွေ အားလုံးက ပုန်ကန်မှုအမှုကြီးမှာ ပါဝင်ပတ်သက်နေကြတယ်... ကိုယ့်ဘာသာကိုယ် ရှေ့ထွက်ခဲ့ကြ..."

"စစ်ဘက်ဆိုင်ရာ လက်ထောက်ဝန်ကြီး... ထောင်ချန်ယွန်း..."

ထိုစကားကို ကြားလိုက်သည်နှင့် အောက်ဘက်ရှိ ဝန်ကြီးတစ်ဦးသည် ရုတ်တရက် တုန်လှုပ်သွားပြီး ကြမ်းပြင်ပေါ်သို့ ခွေကျလုနီးပါး ဖြစ်သွားကာ တုဟွေးနှင့် ဖန်းကျန်ကျစ်ကို လှမ်းကြည့်လိုက်သည်။

ကယ်ကြပါဦး... ကယ်ကြပါဦး...။.မင်းတို့ပြောတဲ့ စစ်ပွဲဆိုတာ ဘယ်မှာလဲ...။

သို့သော် သူတို့အတွက် အချိန်မရတော့ပေ။

ဝံပုလွေများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များသည် ရှေ့သို့ တိုးလာကြပြီး စစ်ဘက်ဆိုင်ရာ လက်ထောက်ဝန်ကြီးကို ချက်ချင်း ဖမ်းဆီးလိုက်ကြသည်။

"တရားရုံးချုပ်အရာရှိ... လူဝမ်ဇယ်..."

သူသည်လည်း တတိယအဆင့် အရာရှိကြီးတစ်ဦး ဖြစ်သည်။ သူသည် တုဟွေးနှင့် ဖန်းကျန်ကျစ်ကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။

စစ်ပွဲဆိုတာ ဘယ်မှာလဲ... မြန်မြန်လုပ်ကြလေ... မဟုတ်ရင် ငါ အသတ်ခံရတော့မယ်...။

"စောင့်ကြည့်ရေးဌာန အကြီးအကဲ... မူထျန်အန်း..."

ထိုသူက ဒုတိယအဆင့် အရာရှိကြီးတစ်ဦး ဖြစ်သည်။ သူသည် ဖန်းကျန်ကျစ်နှင့် တုဟွေးဘက်သို့ လှည့်ကာ အော်ဟစ်လုနီးပါး ဖြစ်နေသည်။

"ခင်ဗျားတို့ပြောတဲ့ စစ်ပွဲဆိုတာ ဘယ်မှာလဲ... မြန်မြန်တိုက်ကြလေဗျာ..."

သို့သော် နန်းတွင်းအရာရှိကြီး သုံးဦးစလုံး ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရပြီ ဖြစ်သည်။ လီလျန်တင်းသည် အမိန့်တော်ပြန်တမ်းကို ထုတ်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းကင်ဘုံအမိန့်တော်အရ... ထောင်ချန်ယွန်း ၊ လူဝမ်ဇယ် ၊ မူထျန်အန်းနဲ့ အပေါင်းပါတွေက ဧကရာဇ်ရဲ့ ကျေးဇူးတော်ကို စော်ကားပြီး ပုန်ကန်ဖို့ ကြံစည်ကြတဲ့အတွက် သေဒဏ်ပေးလိုက်တယ်..."

ယခုတစ်ကြိမ်တွင်မူ လုံးဝ အချိန်ဆွဲခြင်း မရှိတော့ချေ။

အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များသည် ထိုသုံးယောက်ကို ကြမ်းပြင်ပေါ်သို့ ဖိချလိုက်ပြီး ဓားကို မြှောက်ကာ ခုတ်ပိုင်းလိုက်ကြသည်။

"ရွှီးးး... ရွှီးးး... ရွှီးးး..."

ခေါင်းသုံးလုံး ထပ်မံ၍ ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားပြီး သွေးများ ပန်းထွက်လာပြန်သည်။ ရုတ်တရက် ညီလာခံရင်ပြင်တစ်ခုလုံး အနံ့ဆိုးများဖြင့် ပြည့်နှက်သွားလေ၏။

အဘယ်ကြောင့်ဆိုသော် အချို့အမတ်များသည် ကြောက်လွန်းသဖြင့် ကျင်ကြီးကျင်ငယ်များ စွန့်ထုတ်မိကုန်သောကြောင့် ဖြစ်သည်။

ဤသည်ကား အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။ ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ခြင်းသည် လုံးဝ စည်းစနစ်မရှိ ၊ အစီအစဉ်မရှိဘဲ ဖြစ်ချင်သလို ဖြစ်နေသည်။

ရာထူးငယ်သူကို အရင်သတ်ပြီးမှ ရာထူးကြီးသူကို သတ်မည်ဟု မပြောသလို ၊ စစ်ဘက်ကို အရင်သတ်ပြီးမှ အရပ်ဘက်ကို သတ်မည်ဟုလည်း မပြောပေ။ လုံးဝ ကျပန်းရွေးချယ်နေခြင်း ဖြစ်သည်။

ပထမအသုတ်ကို သတ်ပြီးနောက် လီလျန်တင်းသည် နောက်ထပ် နာမည်စာရင်းများကို ထပ်မံခေါ်ယူလိုက်ပြန်သည်။

ဒုတိယအသုတ် ၊ အမတ်လေးဦး။ စည်းမျဉ်းစည်းကမ်းဟူ၍ မရှိသေးပေ။ ပထမအဆင့်မှ တတိယအဆင့် အရာရှိများအထိ အကုန်ပါဝင်နေသည်။

ထိုအမတ်လေးဦး အဖမ်းခံရချိန်တွင် သူတို့သည် ခြေလက်များ ပျော့ခွေနေပြီး မစင်များပင် ထွက်ကျနေပြီ ဖြစ်သည်။

"သတ်..."

လီလျန်တင်း၏ လက်က ရုတ်တရက် ကျဆင်းလာသည်။

"ရွှီးးး..."

"ဖန်းကျိုး... မင်းက အရှက်မရှိတဲ့ အဘိုးကြီး..."

အသက်လတ်ပိုင်း အမတ်တစ်ဦးသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ဆဲရေးလိုက်တော့သည်။

'ငါ့အလှည့်ရောက်နေပြီ... မင်းက ခုထိ ထွက်မလာသေးဘူး... စစ်ပွဲဆိုတာ ဘယ်မှာလဲကွ...'

"နေဦး..." လီလျန်တင်း အမြန်လှမ်းတားလိုက်သည်။

ထိုအချိန်တွင် သားသတ်သမား၏ ဓားသွားသည် အမတ်၏ လည်ပင်းကို လှီးဖြတ်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။

လီလျန်တင်း သူ့အနားသို့ သွားပြီး မေးလိုက်၏။

"မင်း ဘာပြောလိုက်တာလဲ..."

အသက်လတ်ပိုင်း အမတ်က တုန်ယင်စွာဖြင့် ပြောသည်။ "ကျွန်တော်... ကျွန်တော်ပြောတာက ဖန်းကျိုး... မင်းက အရှက်မရှိတဲ့ အဘိုးကြီးလို့ ပြောတာပါ..."

လီလျန်တင်းက သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"မှန်တာပေါ့... မှန်တာပေါ့... အရှင်မင်းကြီးက သဘောထားကြီးပြီး ကြင်နာတတ်ပါတယ်... လူသတ်တာက ရည်ရွယ်ချက် မဟုတ်ပါဘူး... အဓိကက ရောဂါကို ကုပြီး လူကို ကယ်ဖို့ပါ... အမှားကို ပြင်ဖို့ပါ... မင်း ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား..."

အသက်လတ်ပိုင်း အမတ်သည် ကြောင်အသွားပြီးနောက် ခေါင်းကို အငမ်းမရ ငြိမ့်လိုက်သည်။

"သိပါပြီ... ကျွန်တော်မျိုး သိပါပြီ..."

လီလျန်တင်းက ပြောလိုက်သည်။ "အရှင်မင်းကြီးက ထျန်လုံဆောင် စာကြည့်ခန်းထဲမှာ ရှိတယ်... သွားတော့..."

ချက်ချင်းဆိုသလိုပင် ထိုအမတ်သည် ခြေကုန်သုတ် ပြေးထွက်သွားတော့သည်။ ပြေးရင်းလွှားရင်း ငိုယိုအော်ဟစ်နေလေသည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်မျိုး အပြစ်ရှိပါတယ်... ကျွန်တော်မျိုး အပြစ်ရှိပါတယ်... ကျွန်တော်မျိုး တိုင်ကြားပါမယ်... ဖော်ထုတ်ပါမယ်... အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ မိုက်မဲမှုကို ခွင့်လွှတ်တော်မူပါ..."

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအမတ် ပျောက်ကွယ်သွားလေ၏။ သူသည် ဧကရာဇ်၏ စာကြည့်ခန်းသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးသွားပြီး ဒူးထောက်ကာ ခေါင်းကို ကြမ်းပြင်နှင့် စောင့်ရင်း အော်ဟစ်နေတော့သည်။ "ကျွန်တော်မျိုး အပြစ်ရှိပါတယ်... ကျွန်တော်မျိုး အပြစ်ရှိပါတယ်..."

ကျန်ရစ်ခဲ့သော အမတ်များသည် လုံးဝ ကြောင်အသွားကြပြီး ၊ သူတို့၏ စိတ်ထဲတွင် အဆုံးမဲ့သော ရွံရှာမှုများဖြင့် ပြည့်နှက်သွားကာ ထိုလူ၏ အရှက်မဲ့မှုကို ဆဲရေးနေမိကြသည်။ လီလျန်တင်းသည် အမတ်ကြီး ကျန်းရှီကျစ်၏ ဝန်ခံချက်စာလွှာကို ထပ်မံထုတ်ယူလိုက်ပြီး နာမည်စာရင်းများကို ဆက်လက် ခေါ်ယူလိုက်ပြန်သည်။

"ထူကျုံးမို..."

ရုတ်တရက် အမတ်တစ်ယောက် ပြေးထွက်လာပြီး ဧကရာဇ်၏ စာကြည့်ခန်းဘက်သို့ ပြေးသွားကာ အော်ဟစ်ငိုကြွေးလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုး အပြစ်ရှိပါတယ်... ကျွန်တော်မျိုး အပြစ်ရှိပါတယ်... ကျွန်တော်မျိုး တိုင်ကြားပါမယ်... ဖော်ထုတ်ပါမယ်..."

"ရွှီတုန်း..."

နောက်ထပ် အမတ်တစ်ယောက် အမြန်ပြေးထွက်လာပြီး ဧကရာဇ်၏ စာကြည့်ခန်းဘက်သို့ ပြေးရင်း အော်ဟစ်လိုက်သည်။

"ကျွန်တော်မျိုး အပြစ်ရှိပါတယ်... ကျွန်တော်မျိုး အပြစ်ရှိပါတယ်..."

ထို့နောက်တွင်မူ အရှက်မဲ့သော အမတ်များ၏ ဖျော်ဖြေပွဲကြီး ဖြစ်လာတော့သည်။ နာမည်ခေါ်လိုက်သည်နှင့် ဧကရာဇ်ထံသို့ ချက်ချင်း ပြေးသွားပြီး ဦးခိုက်ကြသည် ၊ တိုင်ကြား ဖော်ထုတ်မည်ဟု ကျိန်ဆိုကြသည် ၊ ဖန်းမိသားစုနှင့် အဆက်အဆံဖြတ်မည်ဟု ကတိပြုကြသည်။

နာမည် ၁၀ ယောက်ကျော် ခေါ်ပြီးနောက်တွင် ခြွင်းချက်မရှိ အားလုံးက ဒူးထောက် အလျှော့ပေးသွားကြပြီး ဖန်းမိသားစုကို သစ္စာဖောက်သွားကြသည်။

လီလျန်တင်းက အေးစက်စွာ ရယ်မောလိုက်သည်။

"ကျန်တဲ့လူတွေက အရမ်းများနေသေးတယ်... ငါ နာမည်ခေါ်တဲ့အထိ စောင့်ပြီးမှ ကိုယ့်အမှားကိုယ် သိကြမှာလား... ဒါဆို ငါမေးမယ်... မင်းတို့အထဲက ကိုယ်အပြစ်မရှိဘူးလို့ ထင်တဲ့သူတွေ ဒီနေရာမှာ ဆက်နေခဲ့ကြ... ကိုယ့်မှာ အပြစ်ရှိတယ်လို့ ထင်တဲ့သူတွေက အရှင်မင်းကြီးဆီ သွားပြီး ဝန်ချတောင်းပန်ကြ... တိုင်ကြားကြ... ဖော်ထုတ်ကြ... သစ္စာဖောက် အုပ်စုတွေနဲ့ အဆက်အဆံ ဖြတ်ကြ..."

ရုတ်တရက် ကျန်ရှိနေသော စစ်ဘက်အရပ်ဘက် အရာရှိများသည် တုဟွေးနှင့် ဖန်းကျန်ကျစ်ကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်ကြသည်။

"ခင်ဗျားတို့ပြောတဲ့ စစ်ပွဲဆိုတာ ဘယ်မှာလဲ... ဘာလို့ စစ်မတိုက်ကြသေးတာလဲ..."

"ကျုပ်တို့ ခေါင်းဖြတ်ခံရတော့မယ်... ဖန်းမိသားစုကသာ စစ်မတိုက်ရင်... ကျုပ်တို့... ကျုပ်တို့ သစ္စာဖောက်ရတော့မယ်... အသက်က အရေးကြီးဆုံးပဲလေ..."

သို့သော် တုဟွေးနှင့် ဖန်းကျန်ကျစ်တို့၏ မျက်နှာများသည် ပြာနှမ်းနေပြီး မလှုပ်မယှက် ရပ်နေကြသည်။ ဖန်းကျန်ကျစ်မှာမူ ဒေါသကြောင့် တုန်ယင်နေလေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters