← Chapters

အခန်း (၅၃၅)

Vol. 54 Ch. 535

အခန်း (၅၃၅)

Vol. 54 Ch. 535

လီလျန်တင်းက အေးစက်စွာ ပြောလိုက်သည်။

“ငါ သုံးအထိ ရေတွက်မယ်... ဒီနေရာမှာ ဆက်နေခဲ့တဲ့သူတွေက အပြစ်မရှိဘူးလို့ ခံယူပြီး အရှင်မင်းကြီးကို အဆုံးထိ ဆန့်ကျင်မယ်လို့ သဘောထားလိုက်မယ်...”

“သုံး...”

“နှစ်...”

“တစ်...”

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်ရှိသော အမတ်တစ်ရာကျော်သည် ပျားအုံတုတ်နှင့်ထိုးသကဲ့သို့ တကွဲတပြား ဖြစ်သွားကြပြီး ၊ ဧကရာဇ်၏ စာကြည့်ခန်းဆီသို့ အလုအယက် ပြေးသွားကြတော့သည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုး အပြစ်ရှိပါတယ်... ကျွန်တော်မျိုး မှားပါတယ်...”

“အရှင်မင်းကြီး... ကျွန်တော်မျိုး တိုင်ကြားပါမယ်... ဖော်ထုတ်ပါမယ်...”

တုဟွေး မျက်လုံးများကို မှိတ်လိုက်သည်။ သူ မျှော်လင့်ထားသည့် မြင်ကွင်းသည် အမှန်တကယ်ပင် ကွက်တိ ဖြစ်ပေါ်လာခဲ့လေ၏။

စိတ်ဓာတ်ခိုင်မာသော အမတ်ကောင်းများ အားလုံး မောင်းထုတ်ခံခဲ့ရပြီးပြီ ဖြစ်သည်။ ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်တတ်သော ၊ ကျင့်ဝတ်သိက္ခာမဲ့သော ဤအမတ်များထံမှ မည်သည်ကို မျှော်လင့်နေနိုင်ဦးမည်နည်း။

ငွေက နှစ်သက်ဖွယ် ကောင်းသော်လည်း အသက်က ပို၍ အရေးကြီးသည် မဟုတ်ပါလော။ အသက်ရှင်သန်ဖို့အတွက်ဆိုလျှင် ဤလူများ မလုပ်ရဲသည့် အရာမရှိပေ။

လီလျန်တင်းသည် တုဟွေးနှင့် ဖန်းကျန်ကျစ်တို့၏ ရှေ့သို့ လျှောက်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ငါ မင်းတို့ကို ပုံပြင်တစ်ပုဒ် ပြောပြမယ်... တုပိုင်နဲ့ လီဟုန်ဟယ်တို့ တိုက်ပွဲပြီးသွားတဲ့အချိန်မှာ ပိုင်ဆယ်မြို့ထဲမှာ စစ်သည် နှစ်သောင်းကျော်ပဲ ကျန်တော့တယ်... မြှားတွေလည်း ကုန်သလောက် ဖြစ်နေပြီ... သစ်လုံးတွေ ၊ မီးလောင်ဆီတွေလည်း ကုန်ခါနီးပြီ... အဲဒီအချိန်မှာ ယွမ်ထျန်ကျောက်ရဲ့ စစ်သည် သုံးသောင်းခွဲက ရောက်လာပြီး တိုက်ဖို့ပြင်တယ်... တချို့လူတွေက အကြံပေးကြတယ်... ‘စစ်မြေပြင်ကို မရှင်းလင်းဘဲ ဒီအတိုင်းထားလိုက်ပါ... ဒါမှ ယွမ်ထျန်ကျောက်ရဲ့ တပ်တွေက အလောင်းတွေကို မြင်ပြီး ကြောက်သွားမှာပေါ့’ တဲ့... တချို့လူတွေကျတော့လည်း ‘အလောင်းတွေရဲ့ ခေါင်းတွေကို ဖြတ်ပြီး စုပုံထားလိုက်ပါ... ဒါမှ ရန်သူတွေ ကြောက်သွားပြီး စစ်မတိုက်ရဲတော့မှာပေါ့’ တဲ့... ဒါပေမဲ့ တုပိုင်က အဲဒီလို မလုပ်ခဲ့ဘူး... သူက စစ်မြေပြင်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပြီး အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်... ဘာခြိမ်းခြောက်မှုမှ မလုပ်ဘဲ အသေခံ တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကိုပဲ ပြသခဲ့တယ်... ယွမ်ထျန်ကျောက်က ပိုင်ဆယ်မြို့ကို တစ်ချက်လှမ်းကြည့်ပြီး ချက်ချင်း တပ်ဆုတ်သွားခဲ့တယ်...”

ဖန်းကျန်ကျစ်၏ မျက်နှာ ရှုံ့မဲ့သွားလေ၏။

လီလျန်တင်းက ဆက်ပြောသည်။ “စစ်ပွဲစမယ်ဆိုတာမျိုးကလေ... ပါးစပ်နဲ့ ခြိမ်းခြောက်နေရုံနဲ့ အရာမထင်ပါဘူး... စကားတစ်ခွန်းမှ မပြောဘဲ တိုက်ရိုက် တိုက်လိုက်တာကမှ တကယ့် သန္နိဋ္ဌာန်ပဲ... အရှင်မင်းကြီးမှာ အဲဒီလို သန္နိဋ္ဌာန် ရှိတယ်... ဒါပေမဲ့ မင်းတို့မှာ မရှိဘူး... မင်းတို့မှာ စစ်တိုက်ဖို့ အာဏာမရှိဘူး... မင်းတို့က သခင်လေးရဲ့ အမိန့်ကို စောင့်နေရတာ...”

လီလျန်တင်း ပြောသောစကားမှာ အမှန်တရားပင် ဖြစ်လေသည်။

ဖန်းကျိုးဖြစ်စေ ၊ တုဟွေးဖြစ်စေ စစ်ပွဲစတင်ရန် အာဏာမရှိကြပေ။

လီလျန်တင်းက ဆက်ပြောသည်။

“မင်းတို့နှစ်ယောက် ပြန်ပြီး သခင်လေးရဲ့ အမိန့်ကိုပဲ စောင့်လိုက်ပါ... တကယ်လို့ သူက တိုက်ခိုင်းတယ်ဆိုရင် စစ်ကြေညာစရာ မလိုပါဘူး... တိုက်ရိုက်သာ ဝင်တိုက်လိုက်ပါ...”

ထို့နောက် လီလျန်တင်း လှည့်ထွက်သွားလေ၏။

တုဟွေးနှင့် ဖန်းကျန်ကျစ်တို့၏ ခြိမ်းခြောက်မှု မအောင်မြင်ခဲ့ချေ။

ဧကရာဇ်သည် ဤအဆင့်တွင် အနိုင်ရရှိသွားခဲ့သည်။ သားသတ်သမား၏ ဓားအောက်တွင် အမတ်အားလုံး ဘက်ပြောင်းသွားကြပြီး ၊ ဧကရာဇ်ရှေ့တွင် ဒူးထောက်ကာ အသနားခံကြသည် ၊ ဖန်းမိသားစုနှင့် အဆက်အဆံ ဖြတ်တောက်ကြသည်။

အိမ်ပြန်ရောက်သောအခါ ဖန်းကျန်ကျစ်က မေးလိုက်သည်။

“အဖေ... အိမ်ရှေ့စံရဲ့ အမိန့် မရောက်သေးဘူးလား...”

ဖန်းကျိုးသည် အိမ်တော်ဝင်းထဲတွင် ထိုင်လျက် အရှေ့တောင်ဘက် ကောင်းကင်ကို တစ်နေ့လုံး ငေးကြည့်နေခဲ့သည်။

သခင်လေး၏ အမိန့်မပါဘဲ သူ စစ်သားတစ်ယောက်ကိုမျှ မလှုပ်ရှားနိုင်ပေ။

သခင်လေး၏ အမိန့်ရောက်လာသည်နှင့် ဖန်းကျိုးသည် ချက်ချင်း အမိန့်ပေးမည်။ လက်ရွေးစင်တပ်သား သုံးသောင်းကျော် နန်းတော်ထဲသို့ ဝင်ရောက်ကာ နတ်ဘုရားတွေ့လျှင် နတ်ဘုရားကိုသတ် ၊ နတ်ဆိုးကိုတွေ့လျှင် နတ်ဆိုးကိုသတ်မည်။

အချိန်အတော်ကြာပြီးနောက် ဖန်းကျိုးက မေးလိုက်သည်။

“မင်းတို့ရဲ့ ခြိမ်းခြောက်မှု မအောင်မြင်ဘူးပေါ့...”

တုဟွေး ခေါင်းညိတ်လိုက်သည်။

ဖန်းကျန်ကျစ်က ပြောလိုက်သည်။

“အဲဒီ လေသင့်ရာယိမ်းတဲ့ကောင်တွေ အကုန်လုံး ဘက်ပြောင်းသွားကြပြီ... ဧကရာဇ်ရှေ့မှာ ဒူးထောက်ပြီး အသနားခံနေကြတယ်...”

ဖန်းကျိုးက ပြော၏။ “အဆိုးရွားဆုံး အခြေအနေ ဖြစ်လာမှတော့ ကိစ္စမရှိတော့ပါဘူး... စစ်ပွဲစတာနဲ့ ၊ နန်းတော်ကို သိမ်းပိုက်လိုက်တာနဲ့ အဲဒီကောင်တွေ ငါတို့ရှေ့မှာ ဒူးထောက်ပြီး အသနားခံကြလိမ့်မယ်... ပြီးရင် ဧကရာဇ်ကိုတောင် သူတို့ကိုယ်တိုင် သတ်ကြလိမ့်မယ်...”

ဖန်းကျန်ကျစ်က ပြောလိုက်သည်။ “အနည်းဆုံးတော့ ဒီအဆုံးအဖြတ် တိုက်ပွဲရဲ့ ပထမပွဲစဉ်မှာ ဧကရာဇ် နိုင်သွားပြီ...”

ဖန်းကျိုးက ပြန်ပြော၏။”တုပိုင်ရဲ့ ပထမတိုက်ပွဲလည်း နိုင်ခဲ့တာပဲ... ဒါပေမဲ့ သူ ပျက်စီးမဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ပါ့မလား... ဒီနေ့က သူ့ရဲ့ နေဝင်ချိန်ပဲ...”

“ကျွီးး...” ရုတ်တရက် ကောင်းကင်ယံထက်မှ စူးရှသော ငှက်အော်သံတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် လေဟုန်စီး သိမ်းငှက်နက် တစ်ကောင်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပျံသန်းဆင်းသက်လာသည်။

“လာပြီ... လာပြီ... သခင်လေးရဲ့ အမိန့် လာပြီ...”

ဖန်းကျန်ကျစ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

**--**--**--**--**--**--**--**

ပိုင်ဆယ်မြို့တွင်း၌ ဖမ်းဆီးရမိထားသော ထောင်နှင့်ချီသည့် သိုင်းပညာရှင်များသည် အပြင်းအထန် လေ့ကျင့်ပေးခြင်း ခံနေရသည်။ ပြိုင်ဘက်ကင်း ရဲတိုက်မှ စစ်သည်များသည် သူတို့ကို သေလုနီးပါး ဖြစ်အောင် လေ့ကျင့်ပေးနေကြခြင်း ဖြစ်သည်။ အမှန်တကယ်ပင် သေရေးရှင်ရေးတမျှ လေ့ကျင့်နေကြခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ငါးနှစ်အရွယ်သာ ရှိသေးသော ကျီယင်ယင်သည် တုပိုင်ကို အလွန်အမင်း တွယ်ကပ်နေပြီး ညဘက် အိပ်ချိန်မှလွဲ၍ တုပိုင်အနားမှ ခဏလေးပင် ခွဲမခွာချင်တော့ပေ။

သူမ၏ အသက်က သိပ်မကျန်တော့သဖြင့် တုပိုင်သည် ဝမ်းနည်းသနားမိကာ အချိန်အများစုတွင် သူမကို ပွေ့ချီထားလေ့ရှိသည်။

ဒဏ်ရာရ စစ်သည်များကို ကုသပေးချိန်ဖြစ်စေ ၊ စစ်ဆေးရေး လုပ်ချိန်ဖြစ်စေ ၊ အစည်းအဝေး ထိုင်ချိန်ဖြစ်စေ ၊ စစ်ခုန်းယဲ့၏ စမ်းသပ်ခန်းသို့ သွားချိန်ဖြစ်စေ ကျီယင်ယင်ကိုပါ ခေါ်သွားလေ့ရှိသည်။

ယနေ့တွင်လည်း သူသည် ကျီယင်ယင်ကို ပွေ့ချီလျက် စစ်ခုန်းယဲ့၏ မြေအောက်စမ်းသပ်ခန်းသို့ ရောက်ရှိနေသည်။

တုပိုင်နှင့် ကျီယင်ယင်တို့သည် အသက်အောင့်ကာ စစ်ခုန်းယဲ့ကို မလှုပ်မယှက် စိုက်ကြည့်နေကြသည်။

တုပိုင်သည် စစ်ခုန်းယဲ့ တီထွင်နေသော လက်နက်ကြီးအပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိထားသည်။

ပြိုင်ဘက်ကင်း ရဲတိုက် နန်းတွင်းဥယျာဉ်ရှိ တွင်းနက်ကြီးထဲမှ ညစ်ညမ်းနေသော ရေတွင်းသည် ကြီးမားသော စွမ်းအင်များ ပါဝင်နေသည်။ တုပိုင်နှင့် စစ်ခုန်းယဲ့တို့ နှစ်ဦးစလုံး ဤအချက်ကို သိထားကြသော်လည်း ၊ ထိုစွမ်းအင်ကို မည်သို့ ထုတ်ယူမနည်း။ ညစ်ညမ်းသော ရေတွင်းကို အသုံးပြုပြီး မည်သို့ လက်နက်ကြီး ဖန်တီးမနည်း။

လွန်ခဲ့သော ၁၃ နာရီအတွင်း ရူးသွပ်မတတ် ဆွေးနွေးပြီးနောက် စစ်ခုန်းယဲ့သည် အထူး စိတ်ကူးဉာဏ်တစ်ခု ရရှိသွားပုံရသည်။

ထို့နောက် စမ်းသပ်မှုအသစ်တစ်ခု စတင်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုရမည့် လက္ခဏာများ တွေ့မြင်နေရပြီ ဖြစ်သည်။

ယခုအချိန်တွင် စစ်ခုန်းယဲ့၏ စမ်းသပ်မှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အလွန်ရှုပ်ထွေးပြီး အန္တရာယ်များသော အဆင့်များကို ကျော်ဖြတ်ပြီးနောက် ၊ သူသည် ညစ်ညမ်းသော ရေတွင်းမှ မည်းနက်သော အရည်တစ်မျိုးကို ခွဲထုတ်နိုင်ခဲ့သည်။ ယင်းသည် အလွန်လေးလံသော အရည်တစ်မျိုး ဖြစ်သည်။

ထိုအရည်သည် အနည်းငယ် လှုပ်ခါလိုက်သည်နှင့် အစိုင်အခဲအဖြစ် ပြောင်းလဲသွားတတ်သည်။

ဤစမ်းသပ်မှုသည် ၁၅ နာရီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

စစ်ခုန်းယဲ့သည် ကိုယ်နေဟန်ထား တစ်မျိုးတည်းဖြင့် မလှုပ်မယှက် နေကာ ၊ ထိုအထူး မည်းနက်သော အရာဝတ္ထုကို တဖြည်းဖြည်းချင်း ထုတ်ယူနေခြင်း ဖြစ်သည်။

တုပိုင်သည် သူ့ကို လုံးဝ မနှောင့်ယှက်ရဲပေ။ အဘယ်ကြောင့်ဆိုသော် စစ်ခုန်းယဲ့၏ လက်တစ်ချက် တုန်သွားရုံဖြင့် ယခင် လုပ်ဆောင်ခဲ့သမျှ အားလုံး သဲထဲရေသွန် ဖြစ်သွားနိုင်သောကြောင့်ပင်။

၁၅ နာရီကြာအောင် တဖြည်းဖြည်းချင်း ထုတ်ယူပြီးနောက် ၊ ယခုအခါတွင် ကျောက်သလင်းပုလင်းငယ် တစ်ဝက်ခန့် (၅ မီလီလီတာခန့်) ရရှိလာပြီ ဖြစ်သည်။

“ဟူး...”

နောက်ဆုံးကျန်ရှိသော အမည်းရောင် အရာဝတ္ထုတစ်စက်ကို ထုတ်ယူပြီးနောက်... စစ်ခုန်းယဲ့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားလေတော့သည်။

သူ စကားပြောချင်သော်လည်း တစ်ခွန်းမျှ မပြောနိုင်တော့ပေ။ လျှာအပါအဝင် တစ်ကိုယ်လုံး လှုပ်ရှားမရအောင် တောင့်တင်းနေလေ၏။

တုပိုင် ရှေ့သို့ တိုးသွားပြီး ထိုအမည်းရောင် အရာဝတ္ထုပါသော ပုလင်းငယ်ကို ကောက်ယူလိုက်သည်။ အနည်းငယ်မျှသာ ရှိသော်လည်း ၊ ယခုအချိန်တွင် အစိုင်အခဲ ဖြစ်နေပြီ ဖြစ်သည်။

ညင်သာစွာ လှုပ်ခါလိုက်သောအခါ အရည်အဖြစ် ပြန်လည် ပြောင်းလဲသွားလေ၏။

ထိုအချိန်မှာပင် စမ်းသပ်ခန်းတစ်ခုလုံးသည် ရုတ်တရက် ထူးဆန်းပြီး အားကောင်းသော စွမ်းအင်အငွေ့အသက်များဖြင့် ရှုပ်ထွေးသွားလေသည်။

တစ်ချိန်တည်းမှာပင် တုပိုင်ဘေးရှိ ကျီယင်ယင်၏ မျက်နှာသည် ရုတ်တရက် နီရဲလာပြီး မျက်လုံးများမှာလည်း ထူးဆန်းစွာ တောက်ပလာသည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခုက ရူးသွပ်စွာ လှုပ်ရှားရုန်းကန်လာသကဲ့သို့ ဖြစ်နေသည်။

ဤထူးဆန်းသော စွမ်းအင်အငွေ့အသက်သည် သူမကို ပြင်းထန်စွာ လှုံ့ဆော်နေခြင်း ဖြစ်သည်။

ထိုအချိန်၌ တုပိုင်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားလေ၏။

အဘယ်ကြောင့်ဆိုသော် ယုံနိုင်ဖွယ်ရာ မရှိလောက်အောင် အားကောင်းသော စွမ်းအင်အရှိန်အဝါ နှစ်ခု ကျူးကျော်ဝင်ရောက်လာသည်ကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ဤသည်မှာ မဟာဆရာသခင်အဆင့် ပညာရှင်များသာ ပိုင်ဆိုင်နိုင်သော စွမ်းအင်အရှိန်အဝါ ဖြစ်သည်။

“တုပိုင်... ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီရဲ့ အမိန့်အရ မင်းကို လာဖမ်းတာ... ခုခံရင် သေမယ်...”

ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။

နောက်တစ်စက္ကန့်မှာပင် လူနှစ်ယောက်သည် စစ်ခုန်းယဲ့၏ မြေအောက်စမ်းသပ်ခန်းထဲသို့ တိုက်ရိုက် ရောက်ရှိလာကြသည်။

ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးတစ်ဦးနှင့် ဝတ်ရုံနက်ဝတ် လူတစ်ဦး။ ပေမင်ဓားဂိုဏ်း၏ မဟာဆရာသခင်အဆင့် ပညာရှင်နှစ်ဦး ဖြစ်လေသည်။

ဝတ်ရုံနက်ဝတ် လူက ပြောလိုက်သည်။

“ငါက အန်ချိုကျွန်းရဲ့ အကြီးအကဲအသစ် ၊ ထျန်ကျီကျွန်းရဲ့ ယာယီကျွန်းသခင်... ထျန်လုံပဲ...”

တုပိုင်သည် ပေမင်ဓားဂိုဏ်းတွင် မရှိတော့သဖြင့် ထျန်ကျီကျွန်းသခင် နေရာ လစ်လပ်သွားခဲ့ရာ ၊ သူ၏ ရှေ့မှောက်ရှိ ဝတ်ရုံနက်ဝတ် လူက ယာယီကျွန်းသခင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးက အေးစက်စွာ ပြောလိုက်သည်။

“ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီရဲ့ အမိန့်အရ တုပိုင်ကို ဖမ်းဆီးရမယ်... ခုခံတဲ့သူကို သတ်...”

တုပိုင် ပိုင်ဆယ်မြို့မှ ထွက်ခွာသွား၍ မရချေ။ အကယ်၍ သူသာ လက်ရှိအချိန်တွင် လိုက်သွားပါက ပိုင်ဆယ်မြို့ကြီး ပျက်စီးသွားပေလိမ့်မည်။

သူ လုံးဝ မသွားနိုင်ပေ။ ချက်ချင်းပင် တုပိုင် ရုတ်တရက် အသွင်ပြောင်းလဲလိုက်ပြီး နဂါးသတ်ဓားကို ဆွဲထုတ်လိုက်လေသည်။ သို့သော် သူ ရင်ဆိုင်နေရသည်မှာ မဟာဆရာသခင် နှစ်ပါး ဖြစ်သည်။

“အမိန့်ကို ဖီဆန်တဲ့သူ... သေစမ်း...”

ရုတ်တရက် ပေမင်ဓားဂိုဏ်း၏ မဟာဆရာသခင် နှစ်ဦးသည် သရဲတစ္ဆေ လျှပ်စီးတန်းများကဲ့သို့ တုပိုင်ထံသို့ တိုးဝင်လာကြသည်။

သူတို့နှစ်ဦး၏ လက်ထဲရှိ ထက်မြက်သော ဓားများသည် ဝိညာဉ်ချည်နှောင်သော သံကြိုးများကဲ့သို့ ၊ မျှော်လင့်ချက်မဲ့သော တွင်းနက်ကြီးကဲ့သို့ တုပိုင်ကို လွှမ်းခြုံသွားလေတော့သည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းပင် ဖြစ်လေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၅ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters