အခန်း (၅၃၆)
Vol. 54 Ch. 536
လေဟုန်စီး သိမ်းငှက်နက်သည် ဖန်းကျန်ကျစ်၏ လက်မောင်းထက်သို့ တောင်ပံခတ်ကာ ဆင်းသက်လာ၏။ ယင်း၏ ခြေသည်းတွင် သေးငယ်သော ကျောက်သလင်းဘူးလေးတစ်ခုကို ချည်နှောင်ထားပြီး အတွင်း၌ လျှို့ဝှက်သဝဏ်လွှာတစ်စောင်ကို ထည့်သွင်းထားသည်။
ဖန်းကျန်ကျစ်သည် ဘူးလေးကို ဖြုတ်ယူပြီးနောက် သူ၏ဖခင် ဖန်းကျိုးထံသို့ ကမ်းပေးလိုက်သည်။
ဖန်းကျိုးသည်လည်း ဘူးကို လှမ်းယူလိုက်ပြီး ညင်သာစွာ လှည့်ဖွင့်လိုက်လေ၏။ ဤဘူးကို ဖွင့်ရန်အတွက် သီးသန့် စီရင်ထားသော လျှို့ဝှက်ယန္တရားတစ်ခု လိုအပ်ပေသည်။ အကယ်၍ လျှို့ဝှက်နံပါတ် မှားယွင်းပြီး အတင်းဖွင့်ရန် ကြိုးစားပါက အတွင်းရှိ လျှို့ဝှက်သဝဏ်လွှာသည် ချက်ချင်း ပျက်စီးသွားမည် ဖြစ်လေ၏။
‘ကလစ်’ ခနဲ အသံနှင့်အတူ ဘူးပွင့်သွားသောအခါ ဖန်ကျိုးသည် အတွင်းမှ အထူးပြုလုပ်ထားသော ကျောက်သလင်း စက္ကူလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
“သခင်လေးဆီက အမိန့်တော်...”
ဖန်းကျိုး ၊ တုဟွေးနှင့် ဖန်းကျန်ကျစ်တို့သည် အရှေ့တောင်ဘက် အရပ်မျက်နှာသို့ လှည့်ကာ ဒူးထောက်အရိုအသေ ပြုလိုက်ကြသည်။ ဤသည်မှာ ဟန်လုပ်နေခြင်း သက်သက်မဟုတ်ပေ။ သူတို့၏ နှလုံးသားထဲမှ နက်ရှိုင်းစွာ ယုံကြည်လေးစားမှုဖြင့် အရိုအသေပေးနေကြခြင်း ဖြစ်သည်။
ဤလူသုံးဦးစလုံးသည် ပင်လယ်ရပ်ခြား အင်ပါယာများသို့ ရောက်ဖူးကြပြီး မကြုံစဖူးသော တုန်လှုပ်ဖွယ်ရာ အတွေ့အကြုံများကို ကိုယ်တွေ့ကြုံခဲ့ရသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ သခင်ကြီးနှင့် သခင်လေးအပေါ် ထားရှိသော သစ္စာတရားနှင့် ကြောက်ရွံ့ရိုသေမှုသည် အရိုးစွဲနေပြီ ဖြစ်လေ၏။
ဒူးထောက်၍ ဦးခိုက်ပြီးနောက်တွင် သခင်လေး၏ လျှို့ဝှက်သဝဏ်လွှာကို ဖွင့်ကြည့်လိုက်ကြသည်။
သို့ရာတွင် စာလွှာကို ဖွင့်လိုက်သည်နှင့် ဖန်းကျိုးသည် ချက်ချင်း ကြောင်အမ်းသွားပြီး မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။
တုဟွေးက မေးလိုက်သည်။
“သခင်လေးရဲ့ အမိန့်က ဘာတဲ့လဲ”
ဖန်းကျန်ကျစ်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်၏။
“ချက်ချင်း တပ်လွှတ်ပြီး ဧကရာဇ်ကို ဖြုတ်ချဖို့ အမိန့်ပေးတာလား”
ဖန်းကျိုးသည် ခေါင်းခါလိုက်ပြီး သခင်လေး၏ လျှို့ဝှက်စာလွှာကို ဖြန့်ပြလိုက်သည်။ စာရွက်ပေါ်တွင် စာတစ်လုံးမျှ မပါရှိဘဲ ဗလာသက်သက်သာ ဖြစ်နေလေ၏။
ဤသည်ကား မည်သို့သော အဓိပ္ပာယ်ဖြစ်သည်နည်း။
သခင်လေးက စာရေးဖို့ မေ့သွားခြင်းသည်တော့ မဖြစ်နိုင်ပေ။ ဤသည်မှာ သေချာပေါက် အဓိပ္ပာယ်တစ်ခု ရှိနေပေသည်။ တုဟွေး သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ရေရွတ်လိုက်သည်။
“ကျွန်တော်... ကျွန်တော် နားလည်ပါပြီ”
**--**--**--**--**--**--**--**
ထို့နောက် ထိုနေ့ မွန်းလွဲပိုင်း၌ နန်းရင်းဝန်ကြီး ဖန်းကျိုးနှင့် အမတ်ကြီး တုဟွေးတို့သည် နန်းတော်ထဲသို့ ဝင်ရောက်ကာ ဧကရာဇ်ထျန်ယွင်နှင့် တွေ့ဆုံကြ၏။
ဧကရာဇ်က အေးစက်စွာ မိန့်ကြားလိုက်သည်။
“ဖန်းအမတ်... တုအမတ်... ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းတို့ရဲ့ နောက်ကွယ်က သခင်က အခုချိန်ထိ ငါနဲ့ ထိပ်တိုက်အတိုက်အခံ လုပ်ဖို့ ဝန်လေးနေတုန်းပဲ... ဒါမှမဟုတ် တာ့နင်မင်းဆက်ဆိုတဲ့ အခွံကြီး ကွဲအက်သွားမှာကို မလိုလားသေးဘူး ထင်တယ်”
နန်းရင်းဝန်ကြီး ဖန်းကျိုးက ဦးခိုက်လိုက်ပြီး လျှောက်တင်လေ၏။ “ကျွန်တော်မျိုး အသက်ကြီးပြီဖြစ်လို့ နေထိုင်မကောင်း ဖြစ်နေပါတယ်... ဒါကြောင့် ရာထူးတာဝန် အားလုံးကနေ နုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ် ဘုရား”
ဧကရာဇ်က ပြန်ပြောလိုက်သည်။ “ခွင့်ပြုတယ်”
ထို့နောက် အမတ်ကြီး တုဟွေးက ဆက်လက်လျှောက်တင်လိုက်သည်။ “ကျွန်တော်မျိုး ဘဏ္ဍာတိုက်ဝန် တာဝန်ယူခဲ့တဲ့ အချိန်ကစလို့ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကုသိုလ်ကံ နည်းပါးတာကို သတိထားမိပါတယ်... နေ့တိုင်း ရေခဲပြင်ပါးပါးလေးပေါ်မှာ လမ်းလျှောက်နေရသလို ခံစားနေရပါတယ်... ဒါကြောင့် နန်းရင်းဝန်ရုံးအဖွဲ့ဝင် နေရာနဲ့ ဘဏ္ဍာတိုက်ဝန် နေရာကနေ နုတ်ထွက်ခွင့်ပြုပါ... ကြားရသလောက် ကျောက်ဝမ်ရွှမ်က အငြိမ်းစားယူဖို့ အကြိမ်ကြိမ် တောင်းဆိုထားတယ် ဆိုတော့ သူ့နေရာအစား ကျွန်တော်မျိုး ကျဲ့ကျန်းပြည်နယ်ကို သွားရောက် တာဝန်ထမ်းဆောင်လိုပါတယ် ဘုရား”
ဧကရာဇ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မိန့်ကြားလိုက်သည်။ “ကျောက်ဝမ်ရွှမ်ကို မွေးရပ်မြေပြန်ဖို့ ခွင့်ပြုလိုက်မယ်... ပြီးတော့ အိမ်ရှေ့စံရဲ့ ဆရာသခင် ရာထူးကို ပေးအပ်လိုက်မယ်... တုဟွေးကိုတော့ နန်းရင်းဝန်ရုံးအဖွဲ့ဝင် ရာထူးကနေ နုတ်ထွက်ခွင့်ပြုပြီး ကျဲ့ကျန်းပြည်နယ် စီရင်စုဝန်အဖြစ် ရာထူးလျှော့ချလိုက်မယ်... ဒီနေ့ပဲ တာဝန်စတင် ထမ်းဆောင်စေ”
တုဟွေးက ဦးခိုက်လိုက်သည်။ “အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ရှိကြောင်းပါ ဘုရား”
ထို့နောက် ဖန်းကျိုးနှင့် တုဟွေးတို့သည် နန်းတော်ထဲမှ ထွက်ခွာသွားကြလေ၏။
ထိုနေ့ ညနေခင်းမှာပင် ဖန်းမိသားစုနှင့် တုမိသားစုဝင် အားလုံးသည် မြို့တော်မှ ထွက်ခွာသွားကြပြီး ထျန်ကျင်းဆိပ်ကမ်းသို့ ဦးတည်သွားကြသည်။ ထိုမှတစ်ဆင့် သင်္ဘောစီးကာ တောင်ဘက်သို့ ဆင်းသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ဖန်းမိသားစု၏ လက်ရွေးစင်တပ်သား သုံးသောင်းသည်လည်း တစ်ယောက်မကျန် မြို့တော်မှ ဆုတ်ခွာသွားကြလေ၏။
ဤသတင်း ထွက်ပေါ်လာသည်နှင့် မြို့တော်ရှိ အမတ်ပေါင်းရာချီတို့သည် လုံးဝ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ရာထူးအဆင့်အတန်း မရွေး သူတို့အားလုံးသည် ပျားအုံကွဲသကဲ့သို့ နန်းတော်ထဲသို့ အလုအယက် ဝင်ရောက်လာကြပြီး သွေးထွက်မတတ် ဦးခိုက်ကာ သစ္စာခံကြတော့သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုး လျှောက်တင်စရာ ရှိပါတယ်”
“ထာဝရဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ သွေးနဲ့ရေးထားတဲ့ သစ္စာစာလွှာ ရှိပါတယ်”
အခြားအကြောင်းပြချက် မရှိပေ။ တုဟွေးနှင့် ဖန်းကျိုးတို့ ထွက်ခွာသွားကြပြီ ဖြစ်သလို ကျန်းရှီကျစ်လည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ နန်းရင်းဝန်အဖွဲ့ဝင် နေရာသုံးနေရာအထိ လစ်လပ်သွားခြင်း ဖြစ်ပြီး နန်းရင်းဝန်ချုပ်နေရာပါ လစ်လပ်သွားခြင်း ဖြစ်သည်။ ဤနေရာများကို ရယူရန် မည်သူက အသည်းအသန် မကြိုးစားဘဲ နေမည်နည်း။
နန်းရင်းဝန်ကြီး ဖန်းကျိုး ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်သွားခြင်း ၊ တုဟွေး ရာထူးလျှော့ချခံရခြင်းနှင့် ဖန်းမိသားစု စစ်တပ်များ မြို့တော်မှ ဆုတ်ခွာသွားခြင်း။
ဤသတင်းသည် တစ်ခဏအတွင်းမှာပင် အင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ နန်းတွင်း၌ ဖန်းမိသားစု၏ ခေါင်းဆောင်မှာ သေချာပေါက် ဖန်းကျိုးဖြစ်ပြီး ဒုတိယခေါင်းဆောင်မှာ တုဟွေး ဖြစ်သည်။
ယခုအခါ ဖန်းမိသားစု၏ မဏ္ဍိုင်ကြီးနှစ်ခုစလုံး မြို့တော်မှ ထွက်ခွာသွားကြပြီ ဖြစ်ရာ ၊ သူတို့သည် တာ့နင်အင်ပါယာ၏ အဓိက ဇာတ်ခုံမှ ဆင်းသွားကြပြီဟု ဆိုလိုခြင်းလော။ ဤသည်ကား မည်သို့သော အဓိပ္ပာယ်ဖြစ်သည်နည်း။
ဧကရာဇ်၏ အာဏာ ပြန်လည် မြင့်တက်လာခြင်းကို ဆိုလိုခြင်းလော။ အင်ပါယာတစ်ဝန်းရှိ နယ်စားမင်းများနှင့် စစ်ဘက်ခေါင်းဆောင်ကြီးများသည် သူတို့၏ ရင်ထဲမှ တုန်လှုပ်မှုကို ထိန်းချုပ်ရန် ခက်ခဲနေကြသည်။
နားမလည်နိုင်ပေ။ သူတို့ လုံးဝ နားမလည်နိုင်ပေ။
ဖန်းမိသားစုက မည်သည်ကို ကြံစည်နေသနည်း။ အဘယ်ကြောင့် ဤသို့ မြို့တော်မှ ဆုတ်ခွာသွားရသနည်း။ သို့သော် ရှင်းလင်းစွာ မြင်သာသော အချက်တစ်ချက် ရှိနေသည်။ ယခုအချိန်၌ မည်သူမျှ ရှေ့ထွက်ပြီး ခေါင်းမခံရဲကြပေ။ မည်သူမျှ ဧကရာဇ်ကို သွားရောက် မထိပါးရဲကြပေ။
ဖန်းကျိုး ၊ တုဟွေးနှင့် ဖန်းမိသားစုစစ်တပ် အားလုံး မြို့တော်မှ ဆုတ်ခွာသွားခြင်းသည် အနည်းဆုံးတော့ ဧကရာဇ်သည် မြို့တော်၌ အာဏာအရှိဆုံး ဖြစ်သွားပြီဆိုသည်ကို ပြသနေသည် မဟုတ်ပါလော။
**--**--**--**--**--**--**--**
ရှန်ရှီးပြည်နယ် ၊ တာ့ထုံအိမ်တော်။
တာ့နင်အင်ပါယာ၏ စစ်ဘက်ဆိုင်ရာ မဏ္ဍိုင်ကြီးတစ်ခုဖြစ်သော ရွှမ်ချန်နယ်စားမင်းသည် ဧကရာဇ်၏ ၂၅ စောင်မြောက် အမိန့်တော်ကို လက်ခံရရှိလေသည်။
“ကောင်းကင်ဘုံ အလိုတော်အရ ဧကရာဇ်မင်းမြတ် အမိန့်တော်... ရွှမ်ချန်နယ်စားမင်းသည် စစ်တပ်ကြီးကို ဦးဆောင်ကာ တောင်ဘက်သို့ ချီတက်ပြီး နယ်စားမင်း တုပိုင်ကို ကူညီလျက် လီမိသားစု၏ ပုန်ကန်မှုကို နှိမ်နင်းရမည်”
ဤတစ်ကြိမ်တွင် အမိန့်တော်လာရောက် ဖတ်ကြားသူမှာ ဧကရာဇ်၏ လူယုံတော် မိန်းမစိုးယွမ်ကျူး ဖြစ်သည်။
ရွှမ်ချန်နယ်စားမင်းသည် တောင်ဘက်သို့ စစ်ချီရန် ဝန်လေးနေသည်မှာ အသေအချာပင်။ မငြိမ်မသက်ဖြစ်နေသော ခေတ်ပျက်ကြီး ရောက်လာတော့မည် ဖြစ်ရာ မိမိလက်ထဲတွင် စစ်တပ်ရှိနေမှသာ အရာရာကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သူသည် သူ၏လက်ထဲရှိ သောင်းနှင့်ချီသော စစ်သည်များကို သူ၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ သဘောထားနေပြီး လီရူဟိုင်၏ စစ်တပ်နှင့် သွားရောက် တိုက်ခိုက်ကာ အင်အားဖြုန်းတီးခြင်းကို မလိုလားပေ။
ရွှမ်ချန်နယ်စားမင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မလှုပ်မယှက် ရှိနေပြီး မည်သည့်တုံ့ပြန်မှုမျှ မပေးသည်ကို မြင်သောအခါ မိန်းမစိုး ယွမ်ကျူးက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
“နယ်စားမင်း... ဒီတစ်ခေါက်သာ ကျွန်တော်မျိုး လက်ဗလာနဲ့ ပြန်သွားရမယ်ဆိုရင် နောက်တစ်ခေါက် အမိန့်တော် လာဖတ်မယ့်သူက အရှေ့ဘက်ကွပ်ကဲရေးရုံးက မင်းကြီးလီလျန်တင်း ဖြစ်သွားပါလိမ့်မယ်... ပြီးတော့ သူသယ်လာမယ့် အမိန့်တော်က နယ်စားမင်းကို တောင်ဘက်စစ်ချီပြီး တုပိုင်ကို ကူညီဖို့ ၊ လီရူဟိုင်ကို တိုက်ဖို့ ဆိုတဲ့ အမိန့် ဖြစ်တော့မှာ မဟုတ်ပါဘူး”
ရွှမ်ချန်နယ်စားမင်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ယွမ်ကျူးကို လက်သီးဖြင့် ထိုးသတ်ပစ်ချင်စိတ် ပေါက်သွားလေ၏။
သူသည် တာ့ထုံအိမ်တော်တွင် ဘုရင်တစ်ပါးကဲ့သို့ နေထိုင်လာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ရာ မည်သူကမျှ သူ့ကို မခြိမ်းခြောက်နိုင်ခဲ့ပေ။ ဧကရာဇ်ကိုယ်တိုင်ပင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ချေ။
သို့သော် ဖန်းကျိုး ၊ တုဟွေးနှင့် ဖန်းမိသားစုစစ်တပ် အားလုံး မြို့တော်မှ ဆုတ်ခွာသွားပြီဟူသော သတင်းကို သူ သိထားသည်။ ဖန်းမိသားစု အဘယ်ကြောင့် ဤသို့ပြုလုပ်လိုက်သနည်း ဆိုသည်ကို နားမလည်သော်လည်း ၊ အနည်းဆုံးတော့ လက်ရှိအချိန်တွင် ဧကရာဇ်၏ အရှိန်အဝါကို တားဆီးနိုင်သူ မရှိတော့ပေ။
ဤတစ်ကြိမ်တွင် သူသာ အမိန့်ကို မနာခံလျှင် ၊ နောက်တစ်ကြိမ်၌ လီလျန်တင်းသည် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်သူများနှင့်အတူ ရောက်လာပြီး ဖမ်းဆီးမည့် အမိန့်တော်ကို ယူဆောင်လာပါက သူ မည်သို့ လုပ်မည်နည်း။
တိုက်ရိုက် ပုန်ကန်လိုက်ရမည်လား။
မဖြစ်နိုင်ပေ။ ဖန်းမိသားစုပင် တိုက်ရိုက် မပုန်ကန်ရဲပေ။ ယွမ်ထိန်နယ်စားမင်းတောင် မပုန်ကန်ရဲပေ။ သူက ပုန်ကန်ရမည်လော။ ခေါင်းထဲ ရေဝင်နေ၍လား။
ရွှမ်ချန်နယ်စားမင်းသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
‘ဖန်းကျိုး... တုဟွေး... မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲကွ... မင်းတို့တောင် နောက်ဆုတ်သွားတော့ ဧကရာဇ်က ငါ့ဘက်ကို လက်ညှိုးထိုးလာပြီပေါ့’
ရုတ်တရက် အံကိုကြိတ်လိုက်ပြီး ရွှမ်ချန်နယ်စားမင်း ခေါင်းငုံ့ကာ ပြောလိုက်သည်။
“ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်”
ရက်အနည်းငယ် ကြာပြီးနောက် ရွှမ်ချန်နယ်စားမင်းသည် စစ်သည် ခုနစ်သောင်းကို ဦးဆောင်ကာ တောင်ဘက်သို့ ချီတက်သွားတော့သည်။
**--**--**--**--**--**--**--**
ပိုင်ဆယ်မြို့၌ ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်နှစ်ဦးသည် တုပိုင်ကို ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး တုန်လှုပ်ဖွယ်ရာ စွမ်းအားများကို ထုတ်လွှတ်နေကြသည်။
ဤစွမ်းအားကြီး နှစ်ခု၏ တိုက်ခိုက်မှုအောက်တွင် တုပိုင်သည် နဂါးကြေးခွံများဖြင့် ကာကွယ်ထားလျှင်လည်း အရာထင်မည် မဟုတ်သလို ၊ နဂါးသွေးဖြင့် လျင်မြန်စွာ ကုသနိုင်စွမ်း ရှိလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။
မဟာဆရာသခင် နှစ်ဦး၏ စွမ်းအားသည် တုပိုင်ကို တစ်ခဏအတွင်း အမှုန့်ချေပစ်ရန် လုံလောက်ပေသည်။
တုပိုင်၏ ခန္ဓာကိုယ်သည် ဓားချက်အနည်းငယ် ထိုးဖောက်ခံရရုံဖြင့် သေဆုံးမည် မဟုတ်သော်လည်း ၊ တစ်စစီ စုတ်ပြတ်သတ်သွားပါက သေချာပေါက် အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။
ဤသည်မှာ ပုံမှန် မဟုတ်ချေ။ တုပိုင်သည် သေဒဏ်ကင်းလွတ်ခွင့် ရရှိထားပြီးဖြစ်ရာ သူ့ကို သတ်ဖြတ်ခွင့် မရှိပေ။ သို့သော် ပေမင်ဓားဂိုဏ်းမှ အကြီးအကဲများသည် မဟာဆရာသခင်အဆင့် ပညာရှင်နှစ်ဦးကို လွှတ်ပြီး သူ့ကို လာသတ်ခိုင်းခြင်းသည် လုံးဝ ပုံမှန်မဟုတ်သော ကိစ္စပင် ဖြစ်သည်။
မဟာဆရာသခင် နှစ်ဦး၏ တုန်လှုပ်ဖွယ် စွမ်းအားများက တုပိုင်ကို ထိမှန်တော့မည့် ဆဲဆဲအချိန်တွင် မည်သူမျှ သတိမထားမိလိုက်သော အရာတစ်ခု ဖြစ်ပျက်သွားလေ၏။
စစ်ခုန်းယဲ့ ထုတ်ယူထားသော အမည်းရောင် အရာဝတ္ထု၏ အနံ့ကို ရလိုက်သည်နှင့် ကျီယင်ယင်၏ မျက်ဝန်းများမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ဖြစ်လာသည်။
ထို့နောက် သူမ၏ ဖြူဝင်းပြီး နူးညံ့သည့် အသားအရေသည် မီးကဲ့သို့ နီရဲလာလေ၏။ ထိုအချိန်တွင် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်နှစ်ဦး ရောက်ရှိလာသဖြင့် မည်သူမျှ ကျီယင်ယင်ကို သတိမထားမိကြချေ။
သူမသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သကဲ့သို့ ၊ ညစ်ညမ်းသော ရေတွင်းမှ ထုတ်ယူထားသည့် ပုလင်းထဲမှ ထူးဆန်းပြီး အားကောင်းသော စွမ်းအင်များ ထုတ်လွှတ်နေသည့် အမည်းရောင် အရည်များကို ဆွဲယူကာ... မော့သောက်လိုက်လေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသော စစ်ခုန်းယဲ့သည် လုံးဝ ကြောင်အမ်းသွားသော်လည်း သူသည် အချိန်ကာလ ကြာမြင့်စွာ စမ်းသပ်မှု ပြုလုပ်ထားရသဖြင့် တစ်ကိုယ်လုံး တောင့်တင်းနေပြီး ဝင်ရောက်တားဆီးနိုင်စွမ်း မရှိခဲ့ပေ။
ထိုကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်သော အမည်းရောင် အရည်များကို သောက်လိုက်ပြီးနောက်... ချက်ချင်းပင် ကျီယင်ယင်၏ ခန္ဓာကိုယ်မှ အမည်းရောင် စွမ်းအင်ဓာတ်ငွေ့များသည် ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။
ထိုအချိန်၌ပင် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်နှစ်ဦး၏ ထက်မြက်သော ဓားနှစ်လက်သည် တုပိုင်ထံသို့ ရူးသွပ်စွာ ထိုးစိုက်ဝင်ရောက်လာကြသည်။
“ဝုန်းးးး”
ယုံကြည်နိုင်ဖွယ် မရှိလောက်အောင် ကြီးမားသော စွမ်းအင်ပေါက်ကွဲမှုကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာလေ၏။ ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်နှစ်ဦး၏ ဓားများသည် တုပိုင်ကို မထိမှန်ခဲ့ချေ။ ထိုအစား သူတို့၏ ဓားများသည် ကျီယင်ယင်ကို ထိုးစိုက်မိသွားကြသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team