← Chapters

အခန်း (၅၃၇)

Vol. 54 Ch. 537

အခန်း (၅၃၇)

Vol. 54 Ch. 537

ယခုအချိန်၌ ကျီယင်ယင်သည် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးသာ ရှိသေးသော်လည်း ၊ သူမ၏ မျက်နှာနှင့် မျက်လုံးများမှာမူ တစ်ချိန်လုံး ပြောင်းလဲနေပြီး တစ်ကိုယ်လုံးသည်လည်း အလွန်တရာ အားကောင်းသော၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါဖြင့် ဖုံးလွှမ်းလျက် ရှိနေ၏။

သူမသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် နှစ်ဦး၏ ဓားများကို လက်ဗလာဖြင့် တိုက်ရိုက် ဖမ်းဆုပ်လိုက်လေသည်။

“ငါ့လူကို ထိပါးရဲတဲ့ကောင်တွေ... သေလမ်းရှာနေကြတာပဲ”

ကျီယင်ယင်သည် အေးစက်စွာ ပြောလိုက်၏။

ထို့နောက် သူမ၏ လက်သေးသေးလေး နှစ်ဖက်ကို ပြင်းထန်စွာ လှုပ်ခါလိုက်သည်။

“ဝုန်းးးး”

ရုတ်တရက်ဆိုသလိုပင် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် နှစ်ဦး၏ ဓားများသည် တစ်ခဏအတွင်း တစ်စစီ ကျိုးပဲ့ကြေမွသွားတော့သည်။

ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူး၏ ကိုယ်ခန္ဓာသည် တုန်ခါသွားပြီး မေးလိုက်သည်။

“မင်း... မင်းက ဘယ်သူလဲ”

ကျီယင်ယင်က အေးစက်စွာ ပြုံးလိုက်ပြီး ပြန်ဖြေလေ၏။

“ငါက ကောင်းကင်မိစ္ဆာဂိုဏ်းချုပ်... ကျီယင်ယင်ပဲ”

သူမ၏ အသံသည်လည်း လုံးဝ ပြောင်းလဲသွားလေ၏။ ကလေးအသံ မဟုတ်တော့ဘဲ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေကာ ကြီးမားသော အာဏာစက်များနှင့် ပြည့်နှက်နေသဖြင့် ကြားရသူတိုင်းကို တုန်လှုပ်ခြောက်ခြားစေသည်။ မျက်လုံးမှိတ်ပြီး နားထောင်လိုက်ရုံဖြင့် ဤအမျိုးသမီးသည် မိစ္ဆာဘုရင်မကြီး ဖြစ်ကြောင်း သိသာလွန်းလှသည်။

“ကျီယင်ယင်”

ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် နှစ်ဦးသည် အေးစက်စွာ ပြောလိုက်ကြသည်။

“မင်းက အလောင်းကောင်အဖြစ်ကနေ ပြန်ရှင်လာတာလား”

ထို့နောက် သူတို့နှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချက်ချင်းပင် သူတို့၏ အတွင်းအား ရွှမ်းချီစွမ်းအင် အားလုံးကို စုစည်းကာ ကျီယင်ယင်၏ ခန္ဓာကိုယ်ငယ်လေးထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ကျီယင်ယင်သည် မလှုပ်မယှက် ရပ်နေပြီး သူမ၏ ဘယ်ပြန်ညာပြန် လက်ဝါးနှစ်ဖက်ကို ထုတ်ဖော်လိုက်ရာ... ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် နှစ်ဦး၏ တုန်လှုပ်ဖွယ်ရာ လက်ဝါးရိုက်ချက်များနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံသွားလေတော့သည်။

“ဘုန်းးးး”

အကျိုးဆက်အနေဖြင့် မြေပြင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားလေ၏။ စမ်းသပ်ခန်းအတွင်းရှိ အရာအားလုံးသည် တစ်ခဏအတွင်း အမှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။ ဘယ်ညာရှိ စားပွဲများ ၊ ကျောက်စိမ်းပုလင်းများ... အားလုံး ပျောက်ကွယ်သွားရသည်။

ထို့နောက် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် နှစ်ဦးသည် မလှုပ်မယှက် ရပ်နေကြသလို ကျီယင်ယင်၏ ခန္ဓာကိုယ်ငယ်လေးသည်လည်း မလှုပ်မယှက် ရပ်နေလေ၏။

သို့သော် ခဏအကြာ၌ ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် နှစ်ဦး၏ ခန္ဓာကိုယ်များသည် တစ်လက်မချင်းစီ စတင်အက်ကွဲလာကြ၏။ အချိန်အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ဦးစလုံးသည် လုံးဝ အမှုန့်ဖြစ်သွားကြလေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တုပိုင်သည် လုံးဝ ကြောင်အမ်းသွားသလို စစ်ခုန်းယဲ့သည်လည်း မှင်သက်သွားလေ၏။ သူတို့၏မျက်စိရှေ့မှ မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။

ကျီယင်ယင် မည်သို့ ဖြစ်သွားသနည်း။ ထိုထူးဆန်းသော နက်မှောင်သည့် ဆေးရည်ကို သောက်ပြီးနောက် ဤမျှအထိ စွမ်းအားကြီးသွားခဲ့လေသလော။

တိတိကျကျ ပြောရလျှင် သူမသည် မူလကတည်းက အလွန်တရာ စွမ်းအားကြီးသူ ဖြစ်သော်လည်း ပြန်လည်နုပျိုခြင်းကြောင့် သူမ၏ သိုင်းပညာများ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဤဆေးရည်က သူမ၏ ကောင်းကင်အာဏာစက်နှင့် ယှဉ်နိုင်သော သိုင်းပညာအစွမ်းကို ပြန်လည်ရရှိစေခဲ့ခြင်း ဖြစ်သည်။ ကျီယင်ယင်သည် တစ်ချိန်က အလွန်စွမ်းအားကြီးခဲ့သည်ကို တုပိုင် သိသော်လည်း ၊ မဟာဆရာသခင် နှစ်ဦးကို တစ်စက္ကန့်အတွင်း အစအနမကျန် သတ်ဖြတ်နိုင်လောက်သည်အထိ စွမ်းအားကြီးလိမ့်မည်ဟုတော့ ထင်မှတ်မထားခဲ့ချေ။

တုပိုင် သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ သို့သော် ထိုအချိန်၌ပင် ကျီယင်ယင်၏ ကိုယ်ပေါ်ရှိ အမည်းရောင် စွမ်းအင်အရှိန်အဝါများသည် လုံးဝ ပျောက်ကွယ်သွားပြီး ငါးနှစ်အရွယ် ချစ်စရာကောင်းသော ကလေးငယ်လေး ပုံစံသို့ ပြန်လည်ရောက်ရှိသွားလေ၏။

“ကိုကို... သမီး အရမ်းပင်ပန်းတာပဲ”

ထို့နောက် သူမ၏ နှာခေါင်းနှင့် နားများမှ သွေးများ စီးကျလာလေသည်။ သူမ၏ မျက်လုံးဝိုင်းကြီးများ ပိတ်ကျသွားပြီးနောက် သတိမေ့မြောသွားတော့သည်။ သူမ မလဲကျမီတွင် တုပိုင်သည် အလျင်အမြန် ပြေးသွားပြီး သူမ၏ ခန္ဓာကိုယ်ငယ်လေးကို ပွေ့ဖက်ကာ အော်ခေါ်လိုက်သည်။

“ကလေးမ... ကလေးမ”

သို့သော် ကျီယင်ယင်သည် သတိပြန်မလာတော့ပေ။ သူမ၏ ခန္ဓာကိုယ်ထဲရှိ သိုင်းပညာ စွမ်းအားများသည်လည်း တစ်ခဏအတွင်း လုံးဝ ပျောက်ကွယ်သွားပြီး ၊ ကြက်ကလေးတစ်ကောင်ကို ဖမ်းချည်ရန်ပင် အားမရှိသော နုနယ်အားနည်းသည့် ကျီယင်ယင်လေး ဖြစ်သွားလေတော့သည်။

တုပိုင်သည် သူမ၏ ရင်ဘတ်ကို နားကပ်ပြီး နှလုံးခုန်သံနှင့် အသက်ရှူသံကို စစ်ဆေးလိုက်သည်။ နှလုံးခုန်သံနှင့် အသက်ရှူသံ ရှိနေသေးသော်လည်း အလွန်တရာ အားနည်းနေလေ၏။

အိပ်မက်စနစ်က ပြောလိုက်သည်။ ‘သူ့ရဲ့ ခန္ဓာကိုယ်က အလိုအလျောက် ကာကွယ်တဲ့စနစ်ထဲကို ဝင်ရောက်သွားပြီ... ဒါကြောင့် ဘယ်တော့မှ ပြန်နိုးလာတော့မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ တကယ်လို့ သူသာ ပြန်နိုးလာရင် ချက်ချင်း သေဆုံးသွားလိမ့်မယ်... ဘာလို့ဒီလိုဖြစ်သွားတာလဲဆိုတော့... ခုနက စနစ်ရှင်ကို ကယ်တင်ဖို့အတွက် ပေမင်ဓားဂိုဏ်းက မဟာဆရာသခင် နှစ်ယောက်ကို သတ်လိုက်တုန်းက သူရဲ့ သက်စောင့်စွမ်းအားတွေကို အလွန်အကျွံ သုံးစွဲလိုက်ရလို့ပဲ’

တုပိုင် အသည်းအသန် မေးလိုက်၏။ ‘ငါ သူ့ကို ကယ်ချင်တယ်... ဘယ်လို ကယ်ရမလဲ’

ကျီယင်ယင်နှင့် တုပိုင်တို့ အတူနေလာသည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ရာ ၊ အချိန်ကြာလာသည်နှင့်အမျှ သူမသည် တုပိုင်ကို အလွန်တွယ်တာလာသလို တုပိုင်အတွက်လည်း ညီမလေးတစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူမသည် တုပိုင်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်၏။ သို့မဟုတ်ပါက တုပိုင်သည် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်များ၏ လက်ချက်ဖြင့် သေဆုံးနေလောက်ပြီ ဖြစ်သည်။ အိပ်မက်စနစ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

‘လောလောဆယ်တော့ သူ့ရဲ့ ကံကြမ္မာအခွင့်အရေး မပေါ်လာသေးဘူး... ပေါ်လာတာနဲ့ စနစ်ရှင်ကို ချက်ချင်း ပြောပြပါမယ်’

တုပိုင်က မေးလိုက်သည်။ ‘ဒါဆို သူ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ’

အိပ်မက်စနစ်က ဖြေလေ၏။ ‘သူက မေ့မြောနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ၊ နှစ်ခြိုက်စွာ အိပ်စက်ခြင်းအခြေအနေထဲကို လုံးဝ ရောက်သွားပြီမို့ နောက်ထပ် နှစ်ဝက်လောက် အသက်ရှင်နိုင်ပါလိမ့်မယ်’

ထိုအချိန်၌ပင် ပေမင်ဓားဂိုဏ်းမှ နောက်ထပ် မဟာဆရာသခင်တစ်ဦး အလျင်အမြန် ရောက်ရှိလာလေ၏။

ဤမဟာဆရာသခင်သည် ခုနက မဟာဆရာသခင်နှစ်ဦးထက် များစွာ ပိုမိုစွမ်းအားကြီးမားလှသည်။ သူမသည် ပေမင်ဓားဂိုဏ်း၏ နံပါတ်တစ် အလှပဂေး ၊ နင်တောက်ရွှမ်၏ မွေးစားသမီး ၊ ကောင်းကင်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ၊ နီရှန် နတ်မိမယ်ပင် ဖြစ်လေသည်။

သူမ၏ အရှိန်အဟုန်သည် အလွန်မြန်ဆန်လွန်းလှသဖြင့် လေထုထဲတွင် သက်တံတစ်စင်း ဆွဲသားထားသကဲ့သို့ ဖြစ်နေပြီး ၊ အလွန် ဆွဲဆောင်မှုရှိသော ရနံ့သင်းသင်းလေးကို ထုတ်လွှတ်နေလေသည်။

ပိုင်ဆယ်မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် သူမသည် အတွင်းအားကို အသုံးပြု၍ အသံလွှင့်ကာ အော်ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကြီး အမိန့်ရှိတယ်... ဂိုဏ်းချုပ်ကြီး အမိန့်ရှိတယ်... တုပိုင်ကို အရှင်ဖမ်းရမယ်... သူ့ကို လုံးဝ မသတ်ရဘူး... လုံးဝ မသတ်ရဘူး”

အကွာအဝေး ဝေးကွာနေသော်လည်း သူမ၏ အသံသည် တုပိုင်၏ နားထဲတွင် အနီးကပ် ပြောနေသကဲ့သို့ ကြားနေရလေ၏။ အပြင်ဘက်၌ အပြင်းအထန် လေ့ကျင့်နေကြသော စစ်သည်များမှာမူ မည်သည့်အသံကိုမျှ မကြားရပေ။

“ပေမင် အမိန့်တော်... တုပိုင်ကို အရှင်ဖမ်းရမယ်... မသတ်ရဘူး... မသတ်ရဘူး”

ဤအသံသည် တုပိုင်၏ နားထဲတွင် ဒုတိယအကြိမ် မြည်ဟည်းလာချိန်၌ပင် နီရှန် နတ်မိမယ်သည် စမ်းသပ်ခန်းထဲသို့ ဝင်ရောက်လာလေတော့သည်။

“တုပိုင်ကို ဖမ်း... မသတ်ရဘူး”

သို့သော် နောက်တစ်စက္ကန့်တွင် သူမ လုံးဝ ကြောင်အမ်းသွားလေ၏။

တုပိုင်သည် အထိအခိုက်မရှိဘဲ ရပ်နေသော်လည်း ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် နှစ်ဦးမှာ ပျောက်ဆုံးနေသည်။ သူမ မျက်လုံးများကို မှိတ်ပြီး အာရုံခံကြည့်လိုက်ရာ... ထိုလူနှစ်ဦး သေဆုံးသွားသော စွမ်းအင်အငွေ့အသက်များကို ရုတ်တရက် ခံစားလိုက်ရလေသည်။

မဟာဆရာသခင် နှစ်ပါး သေဆုံးသွားခဲ့ပြီလော။ မည်သို့ ဖြစ်နိုင်မည်နည်း။

ထို့နောက် နီရှန် နတ်မိမယ်၏ လှပသော မျက်ဝန်းများသည် ကျီယင်ယင်ထံသို့ ရောက်ရှိသွားပြီး ၊ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေသော အထူးစွမ်းအင် အငွေ့အသက်များကို ခံစားမိလိုက်ရာ ရုတ်တရက် မယုံကြည်နိုင်စွာ ပြောလိုက်မိသည်။

“ကျီယင်ယင်က ကျွန်မတို့ ပေမင်ဓားဂိုဏ်းရဲ့ မဟာဆရာသခင် နှစ်ယောက်ကို သတ်လိုက်တာလား”

တုပိုင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ဒါပေမဲ့ အခုတော့ သူက အပြစ်ကင်းတဲ့ ကလေးမလေး တစ်ယောက် ပြန်ဖြစ်သွားပြီ”

နီရှန် နတ်မိမယ်သည် ကျီယင်ယင်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ပြောလေ၏။

“ကျီယင်ယင်ရဲ့ ကိစ္စကို ဂိုဏ်းချုပ်ကြီးနဲ့ သခင်မကြီးပဲ ဝင်ရောက်စွက်ဖက်ခွင့် ရှိတယ်... ဒါပေမဲ့ တုပိုင်... ရှင့်ကိုတော့ ပေမင်ဓားဂိုဏ်းဆီ ပြန်ခေါ်သွားမှ ဖြစ်မယ်”

တုပိုင်က ပြောလိုက်သည်။ “နီရှန်... ငါ အခု လိုက်မသွားနိုင်သေးဘူး... ဒါပေမဲ့ ငါ ကတိပေးပါတယ်... လီမိသားစုကို အမြစ်ပြတ် သုတ်သင်ပြီးရင် ပေမင်ဓားဂိုဏ်းကို သေချာပေါက် လာခဲ့ပါ့မယ်... ပြီးတော့ ငါ့ဆီမှာ ရှိတဲ့ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကျမ်းလိပ်ကိုပါ ယူလာခဲ့ပါ့မယ်”

နီရှန်က အေးစက်စွာ ပြောလိုက်သည်။

“ကျွန်မ ပြောပြီးပြီလေ... လောကီရေးရာတွေကို ကျွန်မ စိတ်မဝင်စားဘူးလို့... ပြီးတော့ ကျွန်မ ရှင့်ကို ပြောလိုက်မယ်... လီတောက်ယွဲ့က ရှင့်အတွက်နဲ့ ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူး တစ်ယောက်ကို သတ်ပစ်လိုက်တယ်... ဒါက အကြီးမားဆုံး သစ္စာဖောက်မှုပဲ... မကြာခင် ပေမင်ဓားဂိုဏ်းက နယ်ပယ်တစ်ခုလုံး အတိုင်းအတာနဲ့ သတ်ဖြတ်မိန့် ထုတ်ပြန်တော့မယ်... လီတောက်ယွဲ့က မဟာဆရာသခင် အဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဆိုပေမဲ့ ပေမင်ဓားဂိုဏ်းရဲ့ လိုက်လံသတ်ဖြတ်မှုကနေ လွတ်မြောက်နိုင်မယ် ထင်လို့လား”

တုပိုင် မှင်သက်သွားလေ၏။ လီတောက်ယွဲ့က သူ့အတွက်နဲ့ ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးကို သတ်ခဲ့သည်လား။ မည်သည့်အချိန်က ဖြစ်ပျက်သွားသနည်း။

ရုတ်တရက် သူ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာလေ၏။

နီရှန်က ဆက်ပြောသည်။

“တုပိုင်... အခု ပေမင်အကြီးအကဲများ ကောင်စီထဲမှာ ရှင့်ကို သတ်ချင်နေတဲ့ အင်အားစုကြီးတစ်ခု ရှိနေတယ်... ရှင်က ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကနေ လွတ်မြောက်ပြီး မသေနိုင်ဘူး ဆိုတာကို သိရက်နဲ့ သူတို့က ရှင့်ကို သတ်ချင်နေကြတုန်းပဲ... ဘာအကြောင်းပြချက်လဲ ဆိုတာတော့ ကျွန်မလည်း မသိဘူး... ဒါကြောင့် ရှင် ကျွန်မဖမ်းတာ ခံလိုက်မှသာ အသက်ရှင်လမ်း တစ်လမ်း ရှိလိမ့်မယ်”

ထို့နောက် နီရှန် နတ်မိမယ်သည် ရုတ်တရက် တုပိုင်၏ လက်မောင်းကို ဖမ်းဆုပ်လိုက်ပြီး ပြောလိုက်သည်။

“တုပိုင်... ကျွန်မ ပေမင်ဓားဂိုဏ်း ကိုယ်စား ရှင့်ကို တရားဝင် ဖမ်းဆီးလိုက်ပြီ”

ယခုအချိန်၌ သူမ၏ နုနယ်သော လက်အစုံသည် အထူးပြုလုပ်ထားသော လက်အိတ်များကို ဝတ်ဆင်ထားသဖြင့် ၊ အရေပြားချင်း ထိတွေ့မှု မရှိတော့ရာ တုပိုင်သည် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

ဘာစကားမှ ထပ်မပြောတော့ဘဲ သူမသည် တုပိုင်ကို တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။ သူမ၏ သိုင်းပညာသည် အလွန်မြန်ဆန်လွန်းလှသဖြင့် ၊ လက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်သည်နှင့် တုပိုင်သည် လုံးဝ လှုပ်ရှား၍ မရတော့ပေ။

ဤအချိန်တွင် သူ လုံးဝ လိုက်ပါသွား၍ မဖြစ်ပေ။ သူသာ ထွက်ခွာသွားပါက ပိုင်ဆယ်မြို့သည် ခေါင်းဆောင်မဲ့ နဂါးတစ်ကောင် ဖြစ်သွားပေလိမ့်မည်။ လီရူဟိုင်၏ သိန်းနှင့်ချီသော စစ်တပ်ကြီး လာရောက်တိုက်ခိုက်ပါက ကပ်ဘေးကြီး ဆိုက်ရောက်သွားပေလိမ့်မည်။

“ဝေါင်းးးး” အလွန်အမင်း စိတ်လှုပ်ရှား စိုးရိမ်နေသောကြောင့် တုပိုင် ရုတ်တရက် အော်ဟစ်လိုက်လေ၏။

ထိုအသံသည် နဂါးဟိန်းသံအဖြစ် ထွက်ပေါ်လာသည်။

ချက်ချင်းပင် တုပိုင်၏ ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်နဂါးကြေးခွံများ ဖုံးလွှမ်းသွားလေ၏။ သူ၏မျက်လုံးများသည်လည်း လုံးဝ ပြောင်းလဲသွားပြီး ရွှေရောင် မျက်ဆံများ ဖြစ်သွားတော့သည်။

ရုတ်တရက် နီရှန် နတ်မိမယ် လုံးဝ ကြောင်အမ်းသွားလေ၏။ တုပိုင်ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် သူမ ပြောလိုက်သည်။

“ကျွန်မ... ပေမင် အကြီးအကဲများ ကောင်စီထဲက တချို့လူတွေ ရှင့်ကို ဘာလို့ သတ်ချင်နေကြတာလဲ ဆိုတာ ကျွန်မ သိပြီ”

ထို့နောက် သူမက မေးလိုက်သည်။ “မကြာသေးခင်က ရှင့်ဆီမှာ ထိတ်လန့်စရာကောင်းပြီး တခြားလူတွေ မြင်သွားစေလောက်တဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်မျိုး ဖြစ်ခဲ့သေးလား”

တုပိုင်က ပြန်ဖြေလိုက်သည်။ “ဓားငါးလက်နဲ့ အထိုးခံရတာတောင် မသေတာရယ် ၊ ကိုယ်ပေါ်မှာ ရွှေရောင်ကြေးခွံတွေ ပေါ်လာတာရယ်ပဲ”

နီရှန် နတ်မိမယ် မျက်လုံးများကို မှေးလိုက်ပြီး အသက်ရှူသံများ မြန်ဆန်လာကာ ပြောလိုက်သည်။ “နဂါးကြေးခွံတွေ... ပြီးတော့ မသေနိုင်တဲ့ခန္ဓာကိုယ်... တကယ်ပဲ ဟုတ်နေတာလား”

ထို့နောက် သူမသည် တုပိုင်ကို ဆွဲခေါ်ကာ အပြင်သို့ ပြေးထွက်သွားလေ၏။ “လာ... ကျွန်မနဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့”

တုပိုင်က ငြင်းဆန်လိုက်သည်။ “ငါ ပိုင်ဆယ်မြို့ကနေ လုံးဝ ထွက်သွားလို့ မရဘူး... နီရှန်... ငါ့ကို ကြည့်စမ်းပါ... ငါ လေးလေးနက်နက် ကတိပေးပါတယ်... လီမိသားစုကို အမြစ်ပြတ် သုတ်သင်ပြီးရင် ပေမင်ဓားဂိုဏ်းကို သေချာပေါက် လာခဲ့ပါ့မယ်”

နီရှန် နတ်မိမယ်က ပြောလိုက်သည်။ “ကျွန်မ ရှင့်ကို ပေမင်ဓားဂိုဏ်းဆီ ခေါ်သွားမှာ မဟုတ်ဘူး... နေရာတစ်ခုကို ခေါ်သွားမှာ... တကယ်လို့... တကယ်လို့သာ ရှင်က အဲဒီလူ ဖြစ်ကြောင်း သက်သေပြနိုင်ရင် ၊ ကျွန်မ ရှင့်ကို ပြန်လွှတ်ပေးမယ်... ပြီးတော့... ကျွန်မရဲ့ နည်းလမ်းပေါင်းစုံနဲ့ ရှင့်ကို ကာကွယ်ပေးမယ်”

တုပိုင် ချက်ချင်း တုန်လှုပ်သွားပြီး နီရှန် နတ်မိမယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

အချိန်အကြာကြီး သူ့ကို အသည်းအသန် လိုက်ဖမ်းနေခဲ့သော နီရှန် နတ်မိမယ်က ၊ ယခုအခါ သူ့ကို ပိုင်ဆယ်မြို့သို့ ပြန်လွှတ်ပေးပြီး ကာကွယ်ပေးမယ်ဟု ပြောနေသည်လား။

“ငါက ဘယ်သူလဲ ဆိုတာ သက်သေပြရမယ် ဟုတ်လား”

တုပိုင် မေးလိုက်သည်။

နီရှန်က ပြန်ဖြေသည်။ “ရောက်သွားရင် ရှင် သိလာပါလိမ့်မယ်”

ထို့နောက် သူမ ဆက်ပြောလိုက်သည်။ “အခု ကျွန်မ ရှင့်ကို သတိမေ့သွားအောင် လုပ်လိုက်တော့မယ်... ဒါပေမဲ့ ရှင့်ကို လုံးဝ ထိခိုက်အောင် မလုပ်ပါဘူး”

ထို့နောက် သူမ၏ လက်ဝါးသည် တုပိုင်၏ ဦးခေါင်းထက်သို့ ကျရောက်လာပြီး အလွန်ထူးခြားသော စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

အိပ်မက်စနစ်က ပြောလိုက်သည်။ ‘မခုခံပါနဲ့... မေ့သွားအောင် လွှတ်ပေးလိုက်ပါ’

တုပိုင် တုန်လှုပ်သွားသော်လည်း စနစ်၏ အကြံပြုချက်အတိုင်း လိုက်နာလိုက်လေ၏။ ရုတ်တရက် သူ၏ မျက်လုံးများ ပြာဝေသွားပြီး အမှောင်ထုထဲသို့ ကျရောက်ကာ သတိမေ့မြောသွားတော့သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters