အခန်း (၅၃၈)
Vol. 54 Ch. 538
တုပိုင် ပြန်လည် နိုးထလာချိန်၌ သူသည် အလွန်နက်ရှိုင်းသော မြေအောက်စမ်းသပ်ခန်း လိုဏ်ဂူကြီးတစ်ခုထဲသို့ ရောက်ရှိနေ၏။
ပတ်ပတ်လည်တွင် အမှောင်ထုသာ ရှိနေသော်လည်း သူ့ရှေ့တည့်တည့်၌ တောက်လောင်နေသော မီးတောက်ကြီးတစ်ခု ရှိနေသည်။ သို့သော် ထိုမီးတောက်သည် အဖြူရောင် ဖြစ်နေပြီး မည်သည့် အပူရှိန်မျှ မရှိပေ။
လူ့လောကမှ မီးတောက်နှင့် မတူဘဲ ငရဲဘုံမှ မီးတောက်နှင့် တူနေသည်။ နီရှန် နတ်မိမယ်က ပြောလိုက်သည်။
“တုပိုင်... ရှင်က ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကနေ လွတ်မြောက်ခဲ့တဲ့အတွက် ပေမင်ဓားဂိုဏ်းအနေနဲ့ ရှင့်ကို သတ်ဖြတ်ခွင့် မရှိတော့ဘူး... ဒါပေမဲ့ ပေမင် အကြီးအကဲများ ကောင်စီထဲက တချို့လူတွေက လောကကြီးကို အာခံပြီး ရှင့်ကို သတ်ဖို့ ကြိုးစားနေကြတယ်... ဘာကြောင့်လဲဆိုတော့ ရှင်ဟာ ပေမင်ဘိုးဘေးတွေ ဟောကိန်းထုတ်ထားတဲ့ ကံကြမ္မာသခင်ဖြစ်နေနိုင်လို့ပဲ... ရှင့်ရဲ့ ခန္ဓာကိုယ်ကို ဓားငါးလက်နဲ့ ထိုးဖောက်တာတောင် မသေတာရယ် ၊ ကိုယ်ပေါ်မှာ ရွှေရောင်ကြေးခွံတွေ ပေါ်လာတာရယ်... ဒီအချက်တွေက ဟောကိန်းနဲ့ ကိုက်ညီနေတယ်”
တုပိုင်က မေးလိုက်သည်။
“ကံကြမ္မာသခင် ဟုတ်လား... အဲဒါ ဘာအဓိပ္ပာယ်လဲ”
နီရှန်က ပြန်ဖြေသည်။
“အရမ်း ရှုပ်ထွေးတယ်... ကျွန်မ အခု ရှင့်ကို ပြောပြခွင့် မရှိသေးဘူး”
ထို့နောက် သူမ ဆက်ပြောလိုက်သည်။
“အခု ရှင် ရှေ့က ငရဲမီးတောက်ထဲကို ဝင်သွားလိုက်ပါ... တကယ်လို့ ရှင်သာ ပေမင်ဘိုးဘေးတွေ ဟောကိန်းထုတ်ထားတဲ့ သူဆိုရင် ဒီကြောက်မက်ဖွယ် ကောင်းတဲ့ ငရဲမီးတောက်ကို အနိုင်ယူပြီး စုပ်ယူဝါးမြိုနိုင်လိမ့်မယ်... တကယ်လို့ မဟုတ်ခဲ့ရင်တော့ ရှင် ချက်ချင်း ပြာကျသွားပြီး ဝိညာဉ်ပါ ပျောက်ကွယ်သွားလိမ့်မယ်”
နီရှန် နတ်မိမယ်က ဆက်ပြောသည်။
“တုပိုင်... တကယ်လို့ ရှင်သာ ပေမင်ဘိုးဘေးတွေ ဟောကိန်းထုတ်ထားတဲ့ ကံကြမ္မာသခင် ဖြစ်ကြောင်း သက်သေပြနိုင်ရင်... ဒါဆို ကျွန်မ ရှင့်ကို နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ပေးမယ်... ဘယ်လို တန်ဖိုးပဲ ပေးဆပ်ရပါစေ ရှင့်ကို ကာကွယ်ပေးမယ်”
တုပိုင်က မေးလိုက်သည်။ “မင်းရဲ့ ဆရာသခင် နင်တောက်ရွှမ်က ဒီအကြောင်းကို သိပြီးသား ဖြစ်နေနိုင်တယ် ဆိုတာ မင်း တွေးမိရဲ့လား... ဒါပေမဲ့ သူက ပေမင်အကြီးအကဲတွေ ငါ့ကို လာသတ်တာကို ခွင့်ပြုထားတယ်လေ”
ပေမင်ဘိုးဘေးများ၏ ဟောကိန်းနှင့် ပတ်သက်၍ ပေမင်ဂိုဏ်းချုပ်ကြီး နင်တောက်ရွှမ် သိထားရုံသာမက ထျန်ကျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းလည်း သိထားလေသည်။ မိစ္ဆာအိုကြီးကျန်းဆိုလျှင် ဤဟောကိန်း ဖြစ်လာစေရန် တမင်တကာပင် လမ်းကြောင်းဖောက်ပေးခဲ့သူ ဖြစ်သည်။ အနည်းဆုံးတော့ တုပိုင် ရရှိထားသော ရေနဂါးသွေးဆိုသည်မှာ သူ ပေးခဲ့ခြင်းပင် မဟုတ်ပါလော။
နီရှန် နတ်မိမယ်က ပြန်ပြောသည်။ “ကျွန်မဆရာသခင် နောက်ဆုံးပေးလိုက်တဲ့ အမိန့်က ရှင့်ကို အရှင်ဖမ်းဖို့... မသတ်ဖို့ပါ”
ထို့နောက် သူမ ဆက်ပြောသည်။ “တခြားလူတွေ ဘယ်လိုသဘောထားလဲ ဆိုတာ ကျွန်မ ဂရုမစိုက်ဘူး... ဒါပေမဲ့ ရှင်သာ ကံကြမ္မာသခင် ဖြစ်နေခဲ့ရင် ကျွန်မ အသက်နဲ့လဲပြီး ရှင့်ကို ကာကွယ်ပေးမယ်”
တုပိုင်က ပြောလိုက်သည်။ “လောလောဆယ် ငါ ပေမင်ဓားဂိုဏ်းကို လိုက်မလာနိုင်သေးဘူး... ပိုင်ဆယ်မြို့ကို ပြန်မှ ဖြစ်မယ်”
နီရှန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ဒါပေါ့... ရပါတယ်”
တုပိုင်က ထပ်မေးလိုက်သည်။
“ပေမင်ဘိုးဘေးတွေ ဟောကိန်းထုတ်ထားတဲ့ လူက အဲဒီလောက် အရေးကြီးလို့လား”
နီရှန် နတ်မိမယ် ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။
“အရမ်း အရေးကြီးတယ်... ပြီးတော့... အရမ်းလည်း ကြောက်စရာ ကောင်းတယ်... သူက အဆုံးသတ်ပေးလိမ့်မယ်”
သူမ စကားကို ဆုံးအောင် မပြောပေ။ “ကဲ... အခု ရှင် ငရဲမီးတောက်ထဲကို ဝင်သွားလိုက်တော့... တကယ်လို့ ရှင် အသက်ရှင်ရင် ရှင်က ပေမင်ဘိုးဘေးတွေ ဟောကိန်းထုတ်ထားတဲ့ သူပဲ... မဟုတ်ရင်တော့ ရှင် ဝိညာဉ်ပါမကျန် ပျောက်ကွယ်သွားလိမ့်မယ်”
တုပိုင် အသက်ကို ဝဝရှူသွင်းလိုက်ပြီး ရှေ့ရှိ ကြောက်မက်ဖွယ်ရာ အဖြူရောင် ငရဲမီးတောက်ကြီးဆီသို့ လျှောက်သွားလိုက်သည်။
ရုတ်တရက် အိပ်မက်စနစ်က ပြောလိုက်သည်။
‘ငရဲမီးတောက်ကို အနိုင်ယူခြင်း မစ်ရှင် စတင်ပါပြီ... မစ်ရှင်အောင်မြင်ပါက ပြိုင်ဘက်ကင်း ဆုလာဘ် ရရှိပါမည်’
ငရဲမီးတောက်သည် ရှားပါးလှသည်တော့ မဟုတ်ပေ။ မြေကမ္ဘာ အက်ကွဲကြောင်း နက်ရှိုင်းသော နေရာများတွင် ရံဖန်ရံခါ တွေ့ရှိနိုင်လေသည်။
သို့သော် ယင်းသည် အလွန်တရာ အန္တရာယ်များလှပြီး ထိတွေ့၍ မရသလို ရွှေ့ပြောင်း၍လည်း မရနိုင်ပေ။
တာ့နင်အင်ပါယာ၏ အနောက်တောင်ဘက် ဒေသသည် မြေကမ္ဘာ အက်ကွဲမှု အများဆုံး ဖြစ်ပွားရာ နေရာဖြစ်သဖြင့် နီရှန် နတ်မိမယ်အတွက် ငရဲမီးတောက်တစ်ခု ရှာတွေ့ရန် မခက်ခဲလှချေ။ ပေမင်ဓားဂိုဏ်း၏ မြေအောက်လိုဏ်ဂူများထဲတွင်လည်း ငရဲမီးတောက်အချို့ ရှိနေလေသည်။
ငရဲမီးတောက် ဆိုသည်မှာ အဘယ်နည်း။ ဤသဘောတရားကို ရှင်းလင်းအောင် ပြောပြရန် ခက်ခဲလှသော်လည်း အတိုချုပ်အားဖြင့် ဆိုရလျှင် ယင်းသည် အခြားကမ္ဘာတစ်ခုမှ စွမ်းအင်များဖြင့် ဖြစ်ပေါ်လာသော အစွမ်းအထက်ဆုံး မီးတောက်ပင် ဖြစ်သည်။
ယင်းသည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။
ပို၍ ထူးခြားသည်မှာ ယင်းလောင်ကျွမ်းလိုက်သော အရာဝတ္ထုသည် မည်သည့် အကြွင်းအကျန်မျှ ကျန်ရစ်မည် မဟုတ်ဘဲ ပြာအဖြစ် လွင့်ပါးသွားမည် ဖြစ်သည်။ ဤမီးတောက်ဖြင့် လောင်ကျွမ်းခံရသူသည် အလောင်းကောင် မကျန်ရစ်သလို ဝိညာဉ်လည်း ကျန်ရစ်မည် မဟုတ်ချေ။
ထို့ကြောင့် ယင်းသည် အကြောက်မက်ဖွယ် အကောင်းဆုံး ၊ အဆိုးယုတ်ဆုံးနှင့် အစွမ်းအထက်ဆုံး မီးတောက်လည်း ဖြစ်လေသည်။
တာ့နင်အင်ပါယာရှိ မီးနတ်ဘုရားဘာသာဝင်များ ကိုးကွယ်ကြသည်မှာ အဘယ်နည်း။ အရာအားလုံးကို လောင်ကျွမ်းစေပြီး သန့်စင်ပေးနိုင်သော ဤငရဲမီးတောက်ပင် ဖြစ်လေသည်။
မီးနတ်ဘုရားဘာသာ၏ ဒဏ္ဍာရီများအရ ငရဲမီးတောက်သည် မီးနတ်ဘုရား၏ လက်နက်ဖြစ်သည်ဟု ဆိုကြသည်။ တုပိုင်သည် ခြေငါးလှမ်းစာခန့် မြင့်မားပြီး လေထဲတွင် သူ့အလိုလို တောက်လောင်နေသော ဧရာမ ငရဲမီးတောက်ကြီးကို ကြည့်လိုက်သည်။ သူတစ်ခါမျှ မမြင်ဖူးသော ဖြူဖျော့ဖျော့ မီးတောက်တစ်ခု ဖြစ်လေသည်။
အနီးကပ် သွားကြည့်သောအခါ မည်သည့် အပူချိန်မျှ မရှိသည်ကို တွေ့ရသည်။ တုပိုင်သည် ငရဲမီးတောက်နှင့် တစ်စတစ်စ ပိုမို နီးကပ်လာလေ၏။
နီရှန် နတ်မိမယ်သည်လည်း အသက်အောင့်လျက် တုပိုင်ကို စိုက်ကြည့်နေမိသည်။ ပေမင်ဘိုးဘေးများ၏ ဟောကိန်းအရ ထိုလူသည် ကံကြမ္မာသခင် ဖြစ်ရုံသာမက ပေမင်ဓားဂိုဏ်း၏ နိဂုံးချုပ်သူလည်း ဖြစ်သည်ဟု ဆိုထားသည်။
ထို့ကြောင့်ပင် ပေမင်ဓားဂိုဏ်းမှ အကြီးအကဲအချို့သည် လောကကြီးကို အာခံကာ ၊ ဂိုဏ်းစည်းမျဉ်းများကို ချိုးဖောက်ပြီး မဟာဆရာသခင်အဆင့် ပညာရှင်နှစ်ဦးကို စေလွှတ်၍ တုပိုင်ကို သတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
ထျန်ကျီကျွန်းသခင်သည် တုပိုင်၏ အနာဂတ်ကို မြင်တွေ့ခဲ့ပြီးဖြစ်သလို နင်တောက်ရွှမ်လည်း မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ထျန်ကျီကျွန်းသခင်သည် တုပိုင်၏ အနာဂတ် ဖြစ်လာစေရန် တွန်းအားပေးခဲ့သော်လည်း ၊ နင်တောက်ရွှမ်မှာမူ မူလက သတ်ဖြတ်ချင်ခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ လက်လျှော့လိုက်ပြီး အနာဂတ်ပြစ်မှုအတွက် လက်ရှိအချိန်တွင် အပြစ်မပေးသင့်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ပေမင်ဓားဂိုဏ်း အကြီးအကဲများ ကောင်စီမှ အခြားလူများမှာမူ ထိုအချက်ကို ဂရုမစိုက်ကြချေ။ သူတို့သည် တုပိုင်ကို သေစေလောက်သော ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ကာ လူလွှတ်၍ သတ်ခိုင်းခဲ့ကြသည်။ အကယ်၍ ကျီယင်ယင်သာ မကယ်တင်ခဲ့ပါက နီရှန် နတ်မိမယ် အရောက်လာခဲ့လျှင်ပင် နောက်ကျသွားပြီ ဖြစ်သည်။
သို့သော် နီရှန် နတ်မိမယ်ကမူ တုပိုင်သည် ပေမင်ဘိုးဘေးများ ဟောကိန်းထုတ်ထားသော ကံကြမ္မာသခင် ဖြစ်လာရန် မျှော်လင့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အချို့သော တာဝန်များနှင့် ကံကြမ္မာများအတွက် သခင်တစ်ယောက်က နောက်ဆုံးတွင် တာဝန်ယူရမည် ဖြစ်သောကြောင့်ပင်။ တုပိုင်သည် ငရဲမီးတောက်နှင့် ခြေတစ်လှမ်းဝက်ခန့်သာ ကွာဝေးတော့သည်။
ယခုအချိန်ထက်ထိတိုင် မီးတောက်ထဲမှ မည်သည့် အပူချိန်ကိုမျှ မခံစားရသေးပေ။
“ဟူးးးး”
တုပိုင် နောက်ဆုံးအကြိမ် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ရုတ်တရက် ဧရာမ ငရဲမီးတောက်ကြီးထဲသို့ ဝင်ရောက်သွားလေတော့သည်။
တစ်ခဏအတွင်း...
“ဝုန်းးးး”
တုပိုင်၏ အဝတ်အစားများနှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အရာအားလုံးသည် လုံးဝ ပျောက်ကွယ်သွားလေ၏။
ထို့နောက် သူ၏ ဝိညာဉ်အသိစိတ်သည် စက္ကန့်အနည်းငယ်မျှသာ တောင့်ခံနိုင်လိုက်ပြီး ချက်ချင်း ငြိမ်းသတ်သွားသကဲ့သို့ ဖြစ်သွားတော့သည်။ သူတစ်ယောက်လုံး သတိလစ်မေ့မြောသွားလေ၏။
မီးတောက်ထဲသို့ ဝင်လိုက်သည့် ခဏ၌ တုပိုင်သည် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။ လောင်ကျွမ်းသွားသည့် ဖြစ်စဉ်မျိုး မရှိပေ။ ကိုယ်ပေါ်၌ နဂါးကြေးခွံများ ပေါ်လာခြင်းလည်း မရှိပေ။ ဘာမှ မရှိချေ။
တိုက်ရိုက် ပျောက်ကွယ်သွားသကဲ့သို့ပင်။ ရုတ်တရက် နီရှန် နတ်မိမယ်၏ နှလုံးသားသည် အေးခဲသွားပြီး စိတ်ဓာတ်ကျသွားလေတော့သည်။ တုပိုင်သည် ပေမင်ဘိုးဘေးများ ဟောကိန်းထုတ်ခဲ့သည့်သူ ဟုတ်ပုံမရချေ။
သို့သော် ထိုနေ့ရက်သည် မကြာခင် ရောက်လာတော့မည် ဖြစ်၏။ သို့သော် ထိုလူသည် ယခုအချိန်ထိ မပေါ်လာသေးသည် ဖြစ်ရာ ကျဆုံးခန်းရောက်ရန် ကံပါလာခြင်းလော။
နီရှန် နတ်မိမယ်သည် တုပိုင်အပေါ် သံယောဇဉ် မရှိသော်လည်း ၊ ယခုအချိန်တွင်မူ တုပိုင်ကို ထိုလူ ဖြစ်စေချင်နေမိသည်။
သူ့အကြောင်း အရာအားလုံးက ဟောကိန်းနှင့် အလွန် တူနေသည်။ ရွှေရောင် နဂါးကြေးခွံများ ၊ စစ်မှန်သော ကျားဟိန်းသံနှင့် နဂါးဟိန်းသံ ၊ ဓားနှင့်လှံ မတိုးသော ခန္ဓာကိုယ်။ သို့သော် တုပိုင်သည် ငရဲမီးတောက်ထဲသို့ ဝင်သွားပြီးနောက် တိုက်ရိုက် ပျောက်ကွယ်သွား၏။
ခေတ္တမျှ ကြာပြီးနောက် နီရှန် နတ်မိမယ်သည် ဓားကို ထောက်လျက် မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး စိတ်ပျက်အားငယ်နေမိသည်။
ပေမင်ဓားဂိုဏ်းသည် ယခုအခါ ဖြူစင်သန့်ရှင်းခြင်း မရှိတော့ပေ။ အရှေ့အာရှ သိုင်းလောက တစ်ခုလုံးကို အချိန်ကြာမြင့်စွာ လွှမ်းမိုးထားခဲ့သဖြင့် ၊ အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ လူအများအပြားသည် ပေမင်ဓားဂိုဏ်းကို တည်ထောင်ခဲ့သော ဘိုးဘေးများ၏ မူလရည်ရွယ်ချက်ကို မေ့လျော့သွားကြပြီ ဖြစ်သည်။
သို့သော် သူမကမူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ထိုမူလရည်ရွယ်ချက်အတွက် သူမသည် မည်သူ့ကိုမဆို သတ်ဖြတ်ရန် ဝန်မလေးသလို မည်သူ့ကိုမဆို ထိပါးရန် ဝန်မလေးခဲ့ပေ။
သို့သော် ချက်ချင်းလက်ငင်း စိတ်ပျက်အားငယ်မှုမျိုး မည်သည့်အခါမျှ မရှိခဲ့ပေ။
သို့သော် ရုတ်တရက် တုပိုင်၏ ပုံရိပ်သည် မီးတောက်များကြားတွင် ပြန်လည် ပေါ်ထွက်လာလေ၏။ တိတိကျကျ ပြောရလျှင် သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြောင်းလဲလာခြင်း ဖြစ်သည်။ ယခင်က ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ၊ မီးတောက်လောင်ကျွမ်းခံရပြီးနောက် တစ်ကိုယ်လုံးသည် မီးတောက်နှင့် အရောင်တူ ဖြစ်သွားကာ ငရဲမီးတောက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသကဲ့သို့ ဖြစ်နေသဖြင့် ပျောက်ကွယ်သွားသည်ဟု ထင်ရခြင်း ဖြစ်သည်။
ငရဲမီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် တုပိုင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း ပြောင်းလဲလာလေသည်။ ရွှေရောင်များ စတင် ထွက်ပေါ်လာပြီး ပိုမို တောက်ပလာလေ၏။ နောက်ဆုံးတွင် ရွှေရောင်အဆင်းသည် မီးတောက်တစ်ခုလုံးကို ရွှေရောင်အဖြစ် ပြောင်းလဲသွားစေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နီရှန် နတ်မိမယ်၏ လှပသော မျက်ဝန်းများတွင် မကြုံစဖူးသော အလင်းရောင်များ တောက်ပလာပြီး အသက်အောင့်လျက် စိုက်ကြည့်နေမိသည်။
ငရဲမီးတောက်သည် ဆက်လက်ပြီး လောင်ကျွမ်းနေ၏။
တုပိုင်၏ ခန္ဓာကိုယ်သည်လည်း ဆက်လက် ပြောင်းလဲနေသည်။ ရွှေရောင်မှ တဖြည်းဖြည်း အမည်းရောင်သို့ ပြောင်းလဲလာလေ၏။ အချိန်နှင့်တပြေးညီ ပို၍ ပို၍ မည်းနက်လာသည်။
နောက်ဆုံးတွင် တုပိုင်၏ ပုံရိပ်သည် ထပ်မံ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားပြီး လူ့ခန္ဓာကိုယ်ပုံသဏ္ဌာန် မည်းနက်သော အရိပ်တစ်ခုသာ ကျန်ရစ်တော့သည်။
ထို့နောက် နီရှန် နတ်မိမယ် အံ့သြစွာ တွေ့ရှိလိုက်ရသည်မှာ ငရဲမီးတောက်ကြီးသည် တဖြည်းဖြည်း သေးငယ်လာနေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ငရဲမီးတောက်ကြီး လုံးဝ ပျောက်ကွယ်သွား၏။ လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
တုပိုင်သည်တောာ့ မလှုပ်မယှက် ရပ်နေပြီး ဘေးကင်းလုံခြုံစွာ ရှိနေလေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team