← Chapters

အခန်း (၅၃၉)

Vol. 54 Ch. 539

အခန်း (၅၃၉)

Vol. 54 Ch. 539

တုပိုင်သည် ဝတ်လစ်စလစ် ဖြစ်နေပြီး ပိန်ပါးသော ခန္ဓာကိုယ်ပုံစံ ရှိသော်ငြား ၊ မည်သည့် ပြောင်းလဲမှုမျှ မရှိသကဲ့သို့ ထင်ရသည်။

ယောက်ျား မိန်းမ ကွဲပြားမှု ရှိသော်လည်း နီရှန်သည် ဂရုမပြုပေ။

သူမသည် သတိထားပြီး လျှောက်သွားလိုက်ရာ တုပိုင် လုံးဝ သတိမေ့မြောနေသည်ကို တွေ့လိုက်ရ၏။ သို့သော် သူ၏ ခန္ဓာကိုယ်ထဲတွင် နက်နဲဆန်းကြယ်သော စွမ်းအင်တစ်ခုက သူ၏ ဒန်တျန်နှင့် သွေးကြောများကို ရူးသွပ်မတတ် ပြုပြင်ပြောင်းလဲပေးနေသည်။

နီရှန်သည် အနားသို့ တိုးသွားလိုက်ရုံဖြင့် ထိုစွမ်းအင်အငွေ့အသက်က သူမကိုပါ အနှောင့်အယှက် ပေးနေသည်ကို ခံစားလိုက်ရ၏။

ခုနက ငရဲမီးတောက် ပျောက်ကွယ်သွားရခြင်းမှာ တုပိုင်က လုံးဝ စုပ်ယူဝါးမြိုလိုက်သောကြောင့် ဖြစ်ကြောင်း သူမ နားလည်လိုက်၏။

ယခုအချိန်၌ သူ၏ ဒန်တျန်နှင့် ခန္ဓာကိုယ်သည် ငရဲမီးတောက် စွမ်းအင်များကို ချေဖျက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ငရဲမီးတောက် စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးနေခြင်း ဖြစ်သည်။

ပေမင်ဘိုးဘေးများ၏ ဟောကိန်းအရ ကံကြမ္မာသခင်သည် ကပ်ဘေးကြီး ကျရောက်လာမည့်အရေးကို တားဆီးရန်အတွက် ဤလောကရှိ သိုင်းပညာများကို ကျော်လွန်ရမည်ဟု ဆိုထားသည်။

ယခုအချိန်၌ သူမသည် တုပိုင်ကို ထိတွေ့ရန် အစီအစဉ် မရှိသလို ရွှေ့ပြောင်းရန်လည်း ဆန္ဒမရှိပေ။ ရွှေ့ပြောင်းလိုက်လျှင်လည်း တုပိုင်အတွက် ပြဿနာမရှိနိုင်သော်လည်း နီရှန်သည် အန္တရာယ် မပြုလိုချေ။

ထို့ကြောင့် နီရှန် နတ်မိမယ်သည် ဘေးနားတွင် ထိုင်လျက် မလှုပ်မယှက် နေကာ တုပိုင်အတွက် တရားစောင့်ရှောက်ပေးနေလေတော့သည်။ အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေ၏။

တုပိုင်သည် မလှုပ်မယှက် ရပ်နေဆဲပင်။ သူ၏ ဒန်တျန်နှင့် သွေးကြောများသည် ငရဲမီးတောက် စွမ်းအင်များကို ဆက်လက် ချေဖျက်နေဆဲ ဖြစ်သည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးနေဆဲ ဖြစ်လေပြီး သုံးရက် ၊ ငါးရက် ၊ ဆယ်ရက် ၊ ဆယ့်ငါးရက် ၊ ဆယ့်ကိုးရက်သို့ပင် ရောက်လာလေသည်။

နီရှန် စိတ်ပူလာလေ၏။ တုပိုင်၏ ကျန်းမာရေးအတွက် စိတ်ပူခြင်း မဟုတ်ပေ။ သိသာထင်ရှားစွာပင် တုပိုင်၏ ခန္ဓာကိုယ်သည် လုံးဝ အဆင်ပြေနေပြီး အခြေအနေမှာ ယခင်ကထက်ပင် ပိုကောင်းနေကာ လမ်းကြောင်းလွဲမည့် အန္တရာယ်လည်း မရှိချေ။

သူမ စိုးရိမ်နေရခြင်းမှာ ပေမင်ဓားဂိုဏ်း၏ နှစ်ပတ်လည် ညီလာခံကြီး ပြန်လည် စတင်တော့မည် ဖြစ်သောကြောင့်ပင်။

ဤညီလာခံတွင် အချို့လူများက ကွပ်မျက်ခြင်းနှင့် ပြောင်းလဲခြင်းများကို အဆိုပြုကြမည်မှာ သေချာသလောက် ရှိနေပြီး အကြီးအကဲ အများအပြားကလည်း ထောက်ခံကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ မျက်လုံးထဲတွင် ပေမင်ဓားဂိုဏ်းသည် ကောင်းကင်ဘုံ ဖြစ်ပြီး သူတို့၏ အာဏာရင်းမြစ်လည်း ဖြစ်သောကြောင့်ပင်။

အကယ်၍ တုပိုင်သည် ဟောကိန်းထဲမှ လူဖြစ်နေလျှင် သူ့၌ နောက်ထပ် အထောက်အထားတစ်ခု ရှိနေနိုင်သေးသည်။ ယင်းမှာ ပေမင်ဓားဂိုဏ်းကို အဆုံးသတ်မည့်သူ နိဂုံးချုပ်သူ ဟူသော အချက်ပင်။

နီရှန်၏ စိတ်ထဲတွင်မူ ပေမင်ဓားဂိုဏ်းကို တည်ထောင်ခဲ့ခြင်းသည် တာဝန်တစ်ခုအတွက် ဖြစ်သည်။

ထိုတာဝန်သည် အရေးအကြီးဆုံး ဖြစ်သည်။ ပေမင်ဓားဂိုဏ်း ကိုယ်တိုင်က ဒုတိယ အရေးကြီးသည်။ ဂိုဏ်းသည် လူတစ်စုအတွက် မိုးခေါ်လေခေါ် လုပ်ရန် ကိရိယာတန်ဆာပလာ မဟုတ်ပေ။

သူမသည် ပေမင်ဓားဂိုဏ်းသို့ အမြန်ပြန်ကာ အကြီးအကဲများ ကောင်စီမှ လူများကို တားဆီးရပေမည်။ မိမိတို့ ကိုယ်ကျိုးစီးပွား အာဏာအတွက် တုပိုင်ကို သတ်ဖြတ်ရန် နည်းလမ်းပေါင်းစုံ ကြိုးစားနေမှုများကို သူမ တားဆီးရမည်။

သူမသည် ညီလာခံတွင် ကိုယ်ပိုင်အဆိုပြုချက်ကို တင်ပြရမည် ဖြစ်ပြီး ဆရာသခင် နင်တောက်ရွှမ်ကိုလည်း နားချရမည် ဖြစ်သည်။

“တုပိုင်... ပေမင် နှစ်ပတ်လည် ညီလာခံကြီး စတော့မယ်... အကြီးအကဲတွေ ရှင့်ကို အပြစ်ပေးမဲ့ကိစ္စကို တားဆီးဖို့ ကျွန်မ အမြန်ပြန်သွားမှ ဖြစ်မယ်... ရှင် နိုးလာရင် ပိုင်ဆယ်မြို့ကို ကိုယ့်ဘာသာ ပြန်လိုက်ပါ”

နီရှန်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“သွားခွင့်ပြုပါဦး တုပိုင်... ပေမင်ဓားဂိုဏ်းဆီ အမြန်ဆုံး လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်”

နီရှန် နတ်မိမယ် ပြောလိုက်ပြီးနောက် ခြေဖျားထောက်ကာ ခုန်တက်လိုက်ရာ သူမ၏ ပုံရိပ်သည် ပျောက်ကွယ်သွားလေတော့သည်။

လေထဲတွင် ဆွဲဆောင်မှုရှိသော ရနံ့သင်းသင်းလေးသာ ကျန်ရစ်ခဲ့လေ၏။ ပန်းပေါင်းတစ်သောင်း ဖူးပွင့်နေသကဲ့သို့ မွှေးပျံ့ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိချေ။

နောက်ဆုံးတွင် တုပိုင်၏ ဒန်တျန်သည် ငရဲမီးတောက် စွမ်းအင်များကို လုံးဝ ချေဖျက်လိုက်နိုင်ပြီ ဖြစ်သည်။

သူသည် ငရဲမီးတောက်ကို အမှန်တကယ် ဝါးမြိုလိုက်ခြင်း ဖြစ်သည်။ သူ ငရဲမီးတောက်ထဲသို့ ဝင်ရောက်လိုက်သည့်အချိန်၌ ဒန်တျန်ထဲရှိ ကျိုယန်ကျမ်းရင်းသည် လျင်မြန်စွာ လည်ပတ်လာပြီး စွမ်းအင်ဝဲကတော့တစ်ခု ဖြစ်ပေါ်လာကာ ငရဲမီးတောက် စွမ်းအင်များကို တစ်စချင်းစီ ဝါးမြိုလိုက်ခြင်း ဖြစ်သည်။

ငရဲမီးတောက် စွမ်းအင်သည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော်လည်း သွေးကြောတစ်ခုချင်းစီကို ဖြတ်သန်းသွားသောအခါ ထိုသွေးကြောသည် ပြောင်းလဲသွားလေသည်။

သွေးကြောများသည် ထူးဆန်းသော အစိမ်းရောင်နှင့် ရွှေရောင် ရောယှက်နေသည့် အရောင်အဖြစ် ပြောင်းလဲသွားပြီး ငရဲမီးတောက် စွမ်းအင် ဖြတ်သန်းသွားချိန်တွင် လုံးဝ ငြိမ်းချမ်းနေခဲ့သည်။

ဤသို့ဖြင့် ငရဲမီးတောက်သည် တုပိုင်၏ ဒန်တျန်ထဲသို့ တစ်စချင်းစီ ဝင်ရောက်သွားခဲ့သည်။ ယခုအခါ တုပိုင်၏ ဒန်တျန်ထဲတွင် အဖြူရောင် မီးတောက်တစ်ခုသည် အဆက်မပြတ် တောက်လောင်နေလေသည်။

တုပိုင်က မေးလိုက်သည်။ ‘စနစ်... ဒီငရဲမီးတောက်က ဘာအတွက် သုံးရမှာလဲ’

အိပ်မက်စနစ်က ပြောလေ၏။ ‘တစ်မျိုး ပြောင်းပြောပြမယ်... နဂါးသွေး ၊ သန့်ရှင်းသော ရေတွင်းက ရေ နဲ့ ကြောက်စရာကောင်းတဲ့ ယူရေနီယမ် စွမ်းအင်တွေက ဒီအခိုက်အတန့်အတွက် စနစ်ရှင်ရဲ့ ခန္ဓာကိုယ်နဲ့ သွေးကြောတွေကို ပြုပြင်ပြောင်းလဲပေးခဲ့တာပဲ’

တုပိုင်က ပြောလိုက်သည်။ ‘အဲဒီလောက်ကြီး မဟုတ်လောက်ပါဘူး... ကြွက်သားတွေ ပြောင်းလဲသွားပြီးတဲ့နောက် ငါ အကျိုးကျေးဇူးတွေ အများကြီး ရထားပြီးသားပဲကို’

အိပ်မက်စနစ်က ပြန်ပြောသည်။ ‘အဲဒါက ဘေးထွက်ဆိုးကျိုးတွေပါ... နဂါးသွေးကြောက စနစ်ရှင်ကို ကြီးမားတဲ့ စွမ်းအင်တွေ ပေးခဲ့တယ်... ဒါပေမဲ့ စနစ်ရှင်ရဲ့ ခန္ဓာကိုယ် ပြောင်းလဲခြင်းက အနှစ်ချုပ်ပြောရရင် စွမ်းအားကြီးမားတဲ့ စွမ်းအင်သိုလှောင်ရာ နေရာတစ်ခု ဖြစ်လာအောင် လုပ်ပေးတာပဲ... ငရဲမီးတောက်က အဲဒီထဲက တစ်ခုပဲ ရှိသေးတယ်’

ထို့နောက် အိပ်မက်စနစ်သည် တုန်ခါသွားပြီး ပြောလိုက်သည်။

‘စနစ်ရှင် လက်ဝါးရိုက်ထုတ်လိုက်တာနဲ့ လီပေါင်းထောင်ချီ ဝေးတဲ့နေရာက ပစ်မှတ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ငရဲမီးလုံးကြီး ပျံသန်းသွားပြီး ထိမှန်သွားမဲ့ မြင်ကွင်းမျိုးကို တွေးဖူးလား’

‘သောက်ကျိုးနည်း...’

တုပိုင် ရေရွတ်လိုက်မိသည်။

ထိုမြင်ကွင်းကို စဉ်းစားကြည့်ပြီးနောက် တုပိုင် တစ်ကိုယ်လုံး တုန်ယင်သွားလေ၏။

အိပ်မက်စနစ်က ဆက်ပြောသည်။

‘ဒါပေမဲ့ အဲဒီအဆင့်ရောက်ဖို့ လိုပါသေးတယ်... စနစ်ရှင်ရဲ့ ကျင့်ကြံခြင်းအဆင့် လိုအပ်ချက်က အရမ်း ၊ အရမ်း မြင့်မားတယ်... လက်ရှိအချိန်မှာ စနစ်ရှင်ရဲ့ ရွှမ်းချီအတွင်းအား အဆင့်က အဲဒီလောက်ကြီးမားတဲ့ မီးတောက်ကို ထုတ်လွှတ်ဖို့ မပြောနဲ့ ၊ အဝေးကြီးကို ပစ်လွှတ်ဖို့တောင် အများကြီး လိုပါသေးတယ်’

တုပိုင်က ပြောလိုက်သည်။

‘ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အဲဒီအဆင့်ကို ရောက်သွားပြီ ဆိုရင်တော့... ငရဲမီးလုံး တိုက်ခိုက်မှုက သွေးကြောခြောက်သွယ် နတ်ဓားသိုင်းထက်တောင် ပိုမကြမ်းဘူးလား’

အိပ်မက်စနစ်က ပြန်ဖြေလေ၏။

‘အဆင့်ချင်း လုံးဝ မတူပါဘူး... သွေးကြောခြောက်သွယ် နတ်ဓားသိုင်းက ဒဏ္ဍာရီလာ သိုင်းကျမ်းတစ်စောင် ဖြစ်ပေမဲ့ သိုင်းပညာ အမျိုးအစားထဲမှာပဲ ပါဝင်နေတုန်းပါ... ငရဲမီးလုံး တိုက်ခိုက်မှုကတော့ လုံးဝ စွမ်းအင်တိုက်ခိုက်မှု သက်သက်ပါပဲ... ပြောရရင် တစ်လောကလုံးမှာ စနစ်ရှင် တစ်ယောက်တည်းပဲ ဒီလို စွမ်းအင်တိုက်ခိုက်မှုကို ပိုင်ဆိုင်ထားတာပါ’

ထိုမြင်ကွင်းကို စိတ်ကူးကြည့်လိုက်ရုံဖြင့် တုပိုင် ကြက်သီးထသွားမိသည်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်နှင့် ငရဲမီးလုံးကြီးသည် လီပေါင်းများစွာ ပျံသန်းသွားပြီး ပစ်မှတ်ကို ထိမှန်သွားမည်။

ဤသည်မှာ ဖျက်ဆီးအားပြင်းထန်သည့် တိုက်ခိုက်မှုပင်။

အိပ်မက်စနစ်ကဆက် ပြောလိုက်သည်။ ‘ငရဲမီးတောက်က အခြားကမ္ဘာတစ်ခုက စွမ်းအင်ပါ... တိတိကျကျ ပြောရရင် အခြားကမ္ဘာတစ်ခုရဲ့ မတူညီတဲ့ ကမ္ဘာတစ်ခုပေါ့... အဲဒီအကြောင်းကို နောက်ကျရင် စနစ်ရှင် သိလာပါလိမ့်မယ်’

တုပိုင် ရုတ်တရက် သတိရသွားလေ၏။ ထျန်ကျီကျွန်း၏ စိတ်ဝိညာဉ် ပုံရိပ်ယောင်ကမ္ဘာထဲတွင် နောက်ဆုံးတွေ့ခဲ့ရသော နက်နဲဆန်းကြယ်သည့် ကမ္ဘာ၌ မီးတောက်များစွာ ကျဆင်းလာပြီး ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည် မဟုတ်ပါလော။

အိပ်မက်စနစ်က ဆက်ပြောသည်။ ‘စနစ်ရှင်ရဲ့ မစ်ရှင်က အရမ်း ကြီးမားပါတယ်... ပြီးတော့ အောင်မြင်ဖို့ မျှော်လင့်ချက် ရှိလာဖို့အတွက် ဒီလောကရဲ့ သိုင်းပညာတွေကို ကျော်လွန်ဖို့ ကံပါလာပြီးသားပါ... အခုလောလောဆယ် ငရဲမီးလုံး တိုက်ခိုက်မှုကို မသုံးနိုင်သေးပေမဲ့ ၊ ငရဲမီးတောက်ရဲ့ ကောင်းကင်ကို အာခံနိုင်တဲ့ နောက်ထပ် အစွမ်းတစ်ခု ရှိပါသေးတယ်... မကြာခင် စနစ်ရှင် မြင်တွေ့ရပါလိမ့်မယ်... အဲဒီအစွမ်းက စစ်ပွဲတစ်ခုလုံးကို လုံးဝ ပြောင်းလဲပစ်နိုင်တယ်... ပိုင်ဆယ်မြို့ကို ပြန်ရောက်တာနဲ့ ငရဲမီးတောက်က စနစ်ရှင်ကို ကြီးမားတဲ့ အံ့အားသင့်စရာ လက်ဆောင်တစ်ခု ချက်ချင်း ပေးပါလိမ့်မယ်’

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters