အခန်း (၅၄၀)
Vol. 54 Ch. 540
ရုတ်တရက် တုပိုင်သည် အလွန်အမင်း မျှော်လင့်တကြီး ဖြစ်သွားရလေ၏။ အိပ်မက်စနစ်က ပြောလိုက်သည်။
‘ကောင်းပါပြီ... စနစ်ရှင် မျက်လုံးဖွင့်လို့ရပါပြီ... ဒါပေမဲ့ ကြိုပြောထားပါရစေ... စိတ်ကိုတော့ ပြင်ဆင်ထားလိုက်ပါ... မျက်လုံးဖွင့်လိုက်တာနဲ့ စနစ်ရှင်ကို ကြိုဆိုနေမဲ့ အံ့အားသင့်စရာတစ်ခု ရှိနေလို့ပါ’
စနစ်၏ အသံသည် အနည်းငယ် ထူးဆန်းပြီး မကောင်းဆိုးဝါးဆန်နေသကဲ့သို့ ရှိနေသည်။ တုပိုင် စိတ်ကို ပြင်ဆင်လိုက်ပြီးနောက် သူ၏ ဝိညာဉ်အသိစိတ်အားလုံးကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုစည်းလိုက်သည်။
မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ရုတ်တရက် တုပိုင် မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။
‘သောက်ကျိုးနည်း’
သောက်ကျိုးနည်း စနစ်... အံ့အားသင့်စရာက မည်သည့်နေရာ၌နည်း။ ဤသည်မှာ သိသိသာသာကို ခြောက်လှန့်နေခြင်းပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ငရဲမီးတောက် လိုဏ်ဂူထဲတွင် မရှိတော့ဘဲ ၊ ထူးဆန်းပြီး ခမ်းနားထည်ဝါသော အခန်းကြီးတစ်ခုထဲသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
သူ၏ ရှေ့တွင် အမျိုးသမီးတစ်ယောက် ရပ်နေလေ၏။ တိုင်းပြည်ပျက်လောက်အောင် လှပပြီး သက်ရှိသတ္တဝါအားလုံးကို ညှို့ယူဖမ်းစားနိုင်သော ပြိုင်ဘက်ကင်း အလှပဂေးတစ်ဦး။
သူနှင့် နက်ရှိုင်းသော အမုန်းတရားများ ရှိနေပြီး ၊ သူ့ကို အရေခွံခွာ အကြောထုတ်ပစ်ချင်နေသော လီဝမ်ဝမ်ပင် ဖြစ်လေသည်။
လီဝမ်ဝမ်၏ အနောက်တွင် မီးနတ်ဘုရား အစောင့်တပ်သား ရာပေါင်းများစွာသည်လည်း ရှိနေသေး၏။
လူပေါင်းရာကျော်သည် ကိုယ်လုံးတီးဖြစ်နေသော တုပိုင်ကို ဝိုင်းကြည့်နေကြခြင်း ဖြစ်သည်။
“သံဖိနပ်ပေါက်အောင် ရှာတာတောင် မတွေ့ခဲ့ရပေမဲ့ ၊ အခုတော့ အားစိုက်စရာ မလိုဘဲ တွေ့လိုက်ရပြီပဲ”
လီဝမ်ဝမ်က ပြုံးလျက် ပြောလိုက်သည်။
“အမတို့က ဒီနေရာမှာ မီးနတ်ဘုရားဘာသာရဲ့ လျှို့ဝှက်ဘုရားကျောင်းခွဲတစ်ခု တည်ဆောက်နေတာ... အမရဲ့ အစောင့်တပ်သားတွေက မြေအောက်လိုဏ်ဂူတွေကို စူးစမ်းရှာဖွေနေရင်းနဲ့ မထင်မှတ်ဘဲ တွေ့လာကြတယ်... ကိုယ်လုံးတီး အမျိုးသားတစ်ယောက် ရပ်နေတာတဲ့... ပြီးတော့ အဲဒီလူက အမ အိပ်မက်ထဲထိ တစ်စစီ အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေတဲ့ ရန်သူတော်ကြီး ဖြစ်နေတယ်... ဒါကြောင့် မောင်လေးကို ဖမ်းလာခဲ့ကြတာ”
တုပိုင် စကားမပြောနိုင် ဖြစ်သွားလေ၏။ နီရှန်ကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ပေမင်ဓားဂိုဏ်းသို့ မခေါ်သွားလျှင်ပင် အနည်းဆုံးတော့ ပိုင်ဆယ်မြို့သို့ ပြန်ခေါ်သွားပေးသင့်သည် မဟုတ်လား။ အဘယ်ကြောင့် ဤနေရာ၌သာ ထားခဲ့ရသည်နည်း။
တကယ်တမ်းတွင် ဤသည်မှာ နီရှန်၏ အမှား မဟုတ်ပေ။ သူမသည် စိုးရိမ်လွန်ပြီး စိတ်ရှုပ်ထွေးနေခဲ့ကာ ၊ တုပိုင်သည် ငရဲမီးတောက် စွမ်းအင်များကို ဝါးမြိုချေဖျက်နေချိန်တွင် မည်သူမျှ နှောင့်ယှက်၍ မရသလို ၊ ရွှေ့ပြောင်း၍လည်း မရဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဤနေရာ၌ လူအရိပ်အယောင် မရှိသည့်အပြင် တစ္ဆေတစ်ကောင်မျှပင် မရှိသော နေရာဖြစ်သည်။
သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် မိစ္ဆာမလေး လီဝမ်ဝမ်သည် မိုင်ပေါင်းတစ်ရာခန့် ဝေးသောနေရာ၌ မီးနတ်ဘုရားဘာသာ၏ လျှို့ဝှက်ဘုရားကျောင်းတစ်ခုကို လာရောက် တည်ထောင်နေခြင်း ဖြစ်သည်။ သူမ၏ အစောင့်တပ်သားများသည် မိုင်ရာချီ အကွာအဝေးအထိ စူးစမ်းရှာဖွေရင်း ၊ မရေမတွက်နိုင်သော လိုဏ်ဂူများအနက် တုပိုင်ရှိသော လိုဏ်ဂူကို ရှာတွေ့သွားခဲ့ခြင်း ဖြစ်သည်။
ဤသည်ကား အမှန်တကယ်ပင် ကံဆိုးလွန်းသည်ဟု ဆိုရပေမည်။ သူတို့ ငရဲမီးတောက်ကိုတော့ မတွေ့ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် မီးတောက်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့်ပင်။
အဓိကအချက်မှာ တုပိုင်သည် မိုင်တစ်ရာကျော်အထိ သယ်ဆောင်လာခြင်း ခံခဲ့ရပြီး ၊ မီးနတ်ဘုရားဘာသာ၏ ကုတင်ပေါ်သို့ တင်ထားခြင်း ခံခဲ့ရသော်လည်း သူ လုံးဝ မသိရှိခဲ့ပေ။ သူသည် ထိုလိုဏ်ဂူထဲ၌ပင် ရှိနေသေးသည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
လီဝမ်ဝမ်၏ ပြိုင်ဘက်ကင်း လှပသော မျက်နှာလေးသည် တုပိုင်အနားသို့ တိုးကပ်လာပြီး နူးညံ့စွာ ပြောလိုက်သည်။
“မောင်လေးတုပိုင်... အဲဒီ မြေအောက်လိုဏ်ဂူထဲမှာ ဘာလုပ်နေတာလဲ... ကိုယ်လုံးတီးနဲ့ဆိုတော့... လူသူကင်းမဲ့တဲ့ လိုဏ်ဂူထဲမှာ မကောင်းတာတွေ လုပ်နေတာလား... ဒါပေမဲ့ မောင်လေးက မိန်းမစိုးလေ... ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ဖို့တောင် မဖြစ်နိုင်ဘူး... ဟွန်း... ကြည့်ရတာ တစ်ခုခုကို ကျင့်ကြံနေပုံရတယ်”
လီဝမ်ဝမ်သည် တုပိုင်ကို တစ်ချက် ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ကြည့်ရတာ မအောင်မြင်ဘူး ထင်တယ်... ငှက်ကလေးက ခေါင်းမထောင်နိုင်ရှာဘူး... အော်... အမ မှားသွားတယ်... ငှက်ကြီးပဲ... အရွယ်အစားက မသေးဘူးပဲ... နှမြောစရာကောင်းလိုက်တာ”
တုပိုင် သက်ပြင်းချလိုက်ပြီး ပြောလေ၏။ “မိစ္ဆာမ... မင်း ဘာပြောချင်တာလဲ... ငါ့ကို မြင်းငါးကောင်နဲ့ ဆွဲပြီး သတ်မလို့လား... ဒါမှမဟုတ် အရှင်လတ်လတ် အရေခွံခွာမလို့လား”
လီဝမ်ဝမ်က အမိန့်ပေးလိုက်သည်။ “အားလုံး ထွက်သွားကြ”
ချက်ချင်းပင် အားလုံး အခန်းထဲမှ ထွက်ခွာသွားကြလေ၏။ လီဝမ်ဝမ်သည် မြှားတိုတစ်ချောင်းကို ထုတ်လိုက်ပြီး တုပိုင်၏ ခန္ဓာကိုယ်ကို ဓားဖြင့် မွှန်းလိုက်သည်။ ရုတ်တရက် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး သွေးများ စီးကျလာလေ၏။
သို့သော် ခဏအကြာတွင် တုပိုင်၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာသည် တဖြည်းဖြည်း ပြန်လည် စုစည်းသွားပြီး ပျောက်ကင်းသွားလေသည်။
လီဝမ်ဝမ်၏ လှပသော မျက်လုံးများသည် ဤမြင်ကွင်းကို အလွန် မနာလိုသော အကြည့်ဖြင့် ကြည့်နေမိသည်။
“အမရဲ့ မီးနတ်ဘုရား စစ်သည်တွေက မောင်လေးကို မီးနတ်ဘုရားလို သဘောထားကြတာ မဆန်းပါဘူး... တကယ်ပဲ မသေမျိုး ခန္ဓာကိုယ် ဖြစ်နေတာကိုး”
လီဝမ်ဝမ်သည် တုပိုင်၏ ရင်ဘတ်ပေါ်မှ သွေးများကို လျှာဖြင့် လှမ်းလျက်လိုက်သည်။ ထို့နောက် သူမ၏ မြှားတိုဖြင့် တုပိုင်၏ ရင်ဘတ်ကို ရုတ်တရက် ထိုးစိုက်လိုက်လေ၏။ နှလုံးနှင့် အဆုတ်ကို ရှောင်ရှားလိုက်သော်လည်း တုပိုင်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့သည်။
စူးရှသော နာကျင်မှုနှင့်အတူ တုပိုင်၏ မျက်လုံးများ ပြာဝေသွားလေ၏။
‘သောက်ကျိုးနည်း မိစ္ဆာမ’
မြှားတိုကို ဆွဲထုတ်လိုက်သောအခါ လီဝမ်ဝမ် အံ့သြစွာ တွေ့ရှိလိုက်ရသည်မှာ... ဖောက်ထွင်းခံလိုက်ရသည့်တိုင် ဒဏ်ရာသည် တဖြည်းဖြည်း ပြန်လည် ကျက်သွားသည်ကိုပင်။
“ဒီလို ခန္ဓာကိုယ်မျိုးက တကယ်ကို မနာလိုစရာ ကောင်းတာပဲ”
လီဝမ်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
“ဆိုလိုတာက မောင်လေးရဲ့ အဲဒီ မသေမျိုး ဆိုတာကြီးကြောင့် အမရဲ့ မီးနတ်ဘုရား စစ်တပ် စိတ်ဓာတ်တွေ ကျဆင်းပြီး မောင်လေးကို နတ်ဘုရား ဝင်စီးထားတယ်လို့ ထင်သွားကြတာပေါ့... ဒါတင်မကဘူး... အခုထိ အသက်ရှင် ကျန်ရစ်နေတဲ့ ထောင်နဲ့ချီတဲ့ စစ်သည်တွေလည်း စိတ်ဓာတ်ကျနေတုန်းပဲ... ဘာလို့လဲဆိုတော့ သူတို့ရဲ့ မီးနတ်ဘုရား သူတော်စင်မလေးက သူတို့ရှေ့မှာ လဲကျသွားခဲ့လို့ပဲလေ... သူတို့က အမရဲ့ သေပြီးမှ ပြန်ရှင်လာခြင်းကို သံသယ ဝင်နေကြတယ်... အတုလို့ ထင်နေကြတယ်... မဟုတ်ရင် အမ ဘယ်လိုလုပ် လဲကျသွားမှာလဲ... သူတို့က မောင်လေးရဲ့ မသေနိုင်မှုကို ယုံကြည်ပြီး မောင်လေးကို မီးနတ်ဘုရား ဝင်စီးထားတယ်လို့ ယုံကြည်နေကြတယ်”
စကားလုံးများက ဆွဲဆောင်မှု ရှိသော်လည်း အေးစက်သော လူသတ်အငွေ့အသက်များ ပြည့်နှက်နေလေသည်။
လီဝမ်ဝမ်က ဆက်ပြောသည်။ “အမတပ်သားတွေရဲ့ စိတ်ဓာတ်ကို ပြန်မြှင့်တင်ပြီး ဒီထောင်ပေါင်းများစွာသော စစ်သည်တွေရဲ့ ယုံကြည်မှုနဲ့ ကိုးကွယ်မှုကို ပြန်ရဖို့ အမ ဘာလုပ်ရမလဲ... သေချာတာပေါ့... မောင်လေးဆိုတဲ့ နတ်ဘုရားကို အပြီးအပိုင် ချေမှုန်းပစ်ရမယ်... ပြီးရင် မသေမျိုး နတ်ဘုရားမအဖြစ် ဟန်ဆောင်ရမယ်... ဒါဆိုရင် ဘယ်လိုလုပ်ပြီး မောင်လေးဆိုတဲ့ နတ်ဘုရားတုကို အပြီးအပိုင် ချေမှုန်းမလဲ... သေချာတာပေါ့... မောင်လေးကို အရက်စက်ဆုံး နည်းလမ်းနဲ့ သတ်ပြီး မောင်လေးရဲ့ မသေမျိုး ဆိုတဲ့ ဒဏ္ဍာရီကို ဖောက်ထုတ်ပစ်လိုက်ခြင်းအားဖြင့်ပေါ့”
တုပိုင်ကို ဖမ်းမိပြီးနောက် လီဝမ်ဝမ် ဘာကြောင့် ချက်ချင်း မသတ်ခဲ့သလဲ ဆိုသည်ကို အံ့သြစရာ မလိုတော့ပေ။ ဤမျှကြီးမားသော အသုံးဝင်မှု ရှိနေသောကြောင့်ပင်။
လီဝမ်ဝမ်၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီများသည် တုပိုင်၏ မျက်နှာကို နမ်းရှိုက်လိုက်ပြီး ၊ လျှာဖြင့်ပင် လျက်လိုက်သေးသည်။ နောက်ဆုံးတွင် တုပိုင်၏ နှုတ်ခမ်းကို တိုက်ရိုက် နမ်းလိုက်ပြီး ပြင်းပြင်းထန်ထန် စုပ်ယူလိုက်လေ၏။
“ချောမောလိုက်တဲ့ မောင်လေးရယ်... မောင်လေးကို သတ်ပစ်ဖို့ အမ တကယ် မလုပ်ရက်ပါဘူး... ဒါပေမဲ့ အမမှာ ရွေးချယ်စရာ မရှိလို့ပါ”
လီဝမ်ဝမ်သည် ဝမ်းနည်းသကဲ့သို့ ဟန်ဆောင်လိုက်သော်လည်း မျက်လုံးများကမူ ရက်စက်ကြမ်းကြုတ်စွာ အေးစက်နေလေ၏။
“မောင်လေးတုပိုင်... အပြည့်စုံဆုံးနဲ့ အရက်စက်ဆုံး သေခြင်းတရားကို သွားရောက် ရင်ဆိုင်လိုက်ပါတော့”
ထို့နောက် လီဝမ်ဝမ်သည် လက်အိတ်ဝတ်လိုက်ပြီး တုပိုင်ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့လေသည်။ ဤသည်မှာ သဘာဝ လိုဏ်ဂူကြီးတစ်ခု ဖြစ်ပြီး တာ့ယန်တိုင်းပြည် မီးနတ်ဘုရားဘာသာ၏ လျှို့ဝှက်ဘုရားကျောင်းခွဲတစ်ခုလည်း ဖြစ်လေသည်။
အောက်ဘက်တွင် ထောင်နှင့်ချီသော မီးနတ်ဘုရား စစ်သည်များ ပြည့်နှက်နေလေ၏။ လီဝမ်ဝမ်၏ ကွပ်ကဲမှုအောက်တွင် မူလက မီးနတ်ဘုရား စစ်သည် နှစ်သောင်းနှင့် အစောင့်တပ်သား နှစ်ထောင် ရှိခဲ့သည်။ ယင်းသည် အလွန်အင်အားကြီးမားသော စစ်တပ်ဖြစ်သည်။ ဤစစ်တပ်သည် တုပိုင်၏ ပိုင်ဆယ်မြို့ကို ကျိုးပေါက်လုနီးပါး တိုက်ခိုက်ခဲ့ပြီး ပြိုင်ဘက်ကင်း ရဲတိုက် စစ်သည်များကို အကြီးမားဆုံး အထိအခိုက် အကျအဆုံး ဖြစ်စေခဲ့သည်။
ဤသည်မှာ ယုံကြည်ချက်ဖြင့် တည်ဆောက်ထားသော စစ်တပ်ဖြစ်ပြီး ၊ ရူးသွပ်မှုနှင့် အင်အားကြီးမားမှုတို့ ရှိလေသည်။ ကံဆိုးစွာဖြင့် စိတ်ဓာတ်ကျဆင်းသွားပြီးနောက် လီဝမ်ဝမ် လဲကျသွားသည်ကို မြင်တွေ့ခဲ့ရခြင်း ၊ လီရူလုံ စစ်ရှုံး၍ တပ်ပျက်သွားခြင်းတို့ကြောင့် တုပိုင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ယခုအခါ လူထောင်ဂဏန်းသာ ကျန်ရှိတော့သည်။
ထို့အပြင် ဤကျန်ရစ်သော မီးနတ်ဘုရား စစ်သည်များသည် ယခုအချိန်၌ ယခင်ကကဲ့သို့ စိတ်အားထက်သန်ပြီး ပြတ်သားခြင်း မရှိတော့ဘဲ သံသယများဖြင့် ပြည့်နှက်နေကာ စိတ်ဓာတ်များ အလွန် ကျဆင်းနေကြသည်။
သူတို့ တုပိုင်ကို ကြည့်လိုက်သော အကြည့်များသည်လည်း အလွန် ရှုပ်ထွေးနေပြီး ကြောက်ရွံ့ရိုသေမှုများပင် ပါဝင်နေလေသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် ဓားချက်များစွာ ထိမှန်ခဲ့သော်လည်း မသေဆုံးခဲ့ဘဲ ၊ တစ်ကိုယ်လုံး နီရဲကာ မီးနတ်ဘုရား ဆင်းသက်လာသကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို လူများစွာ ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့်ပင်။
လီဝမ်ဝမ်သည် တုပိုင်ကို တွန်းထုတ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ညီအစ်ကို မောင်နှမတို့... မောင်တို့နှမတို့ထဲက လူအများစု စိတ်နှလုံး တုန်လှုပ်နေကြတယ် ဆိုတာ ကျွန်မ သိတယ်... ဘာကြောင့်လဲဆိုတော့ မင်းတို့ရဲ့ ရှေ့က ဒီတုပိုင်ကြောင့်ပဲ... သူက ဓားချက်တွေနဲ့ ထိုးတာတောင် မသေဘူး... တစ်ကိုယ်လုံး မီးလောင်နေသလို နီရဲနေတာကို မင်းတို့ထဲက တချို့ ကိုယ်တိုင် မြင်ခဲ့ကြတယ်... ဒါကြောင့် သူ့ကို မီးနတ်ဘုရား ဝင်စီးထားတယ်လို့ သံသယဝင်ပြီး သူ့ကို လုံးဝ မထိပါးရဲကြဘူး မဟုတ်လား”
ထောင်ပေါင်းများစွာသော မီးနတ်ဘုရား စစ်သည်များသည် အလိုအလျောက် ခေါင်းညိတ်လိုက်ကြသည်။
လီဝမ်ဝမ်က ဆက်ပြောသည်။
“ဒါတွေ အားလုံးက လှည့်ကွက်တွေပဲ... မိန်းမစိုးဂိုဏ်းက တုပိုင်ကို ကာကွယ်ဖို့ လုပ်ထားတဲ့ အရှက်မဲ့တဲ့ လှည့်ကွက်တွေပဲ... သူ ဓားထိုးခံရတာတောင် မသေတာ ၊ တစ်ကိုယ်လုံး မီးလောင်သလို နီရဲတာတွေ အားလုံးက မင်းတို့ရဲ့ ယုံကြည်ချက်ကို လှည့်စားဖို့ တခြားလူတွေနဲ့ ပူးပေါင်းကြံစည်ပြီး သရုပ်ဆောင်ထားတာတွေပဲ”
လူတိုင်း၏ မျက်လုံးများထဲတွင် သံသယများ ရှိနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အရာမျှ အကျိုးအကြောင်း ခိုင်လုံမှု မရှိသောကြောင့်ပင်။
လီဝမ်ဝမ်က ဆက်ပြောသည်။
“အခု ကျွန်မက တုပိုင်ရဲ့ မီးနတ်ဘုရား ဝင်စီးပါတယ် ဆိုတဲ့ မျက်နှာဖုံးအတုကို အပြီးအပိုင် ခွာချပြမယ်... ကျွန်မတို့ မီးနတ်ဘုရားဘာသာက ဘာကို ကိုးကွယ်တာလဲ... မင်းတို့ ဘာကို ကိုးကွယ်ကြသလဲ”
“မီးနတ်ဘုရား”
ထောင်ပေါင်းများစွာသော စစ်သည်များက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
လီဝမ်ဝမ်က မေးလိုက်သည်။
“မီးနတ်ဘုရားရဲ့ လက်နက်က ဘာလဲ”
စစ်သည်များက ပြန်ဖြေကြသည်။
“ငရဲမီးတောက်”
လီဝမ်ဝမ်က ပြောလိုက်သည်။
“ဟုတ်တယ်... ငရဲမီးတောက်ပဲ... အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပြီး ဘယ်တော့မှ မငြိမ်းသတ်နိုင်တဲ့ ၊ အရာအားလုံးကို သန့်စင်ပေးနိုင်တဲ့ ငရဲမီးတောက်ပဲ”
“စစ်မှန်တဲ့ မီးနတ်ဘုရား တမန်တော်ဆိုရင် မီးမလောင်နိုင်ဘူး... တကယ်လို့ တုပိုင်သာ ငရဲမီးတောက်ထဲ ပစ်ချခံရပြီး ပြာကျသွားမယ် ဆိုရင် ဘာအဓိပ္ပာယ်လဲ... အဲဒါက သူဟာ လှည့်စားတဲ့ လူလိမ်တစ်ယောက် ဖြစ်ပြီး ၊ သူ့ရဲ့ မသေမျိုး ဆိုတာတွေ ၊ မီးနတ်ဘုရား ဝင်စီးတယ် ဆိုတာတွေက အတုတွေလို့ ဆိုလိုတာပဲ”
လီဝမ်ဝမ် ကျယ်လောင်စွာ ပြောလိုက်သည်။
ထို့နောက် သူမသည် တုပိုင်၏ နားနားသို့ ကပ်ပြီး ပြောလိုက်သည်။
“ဒီလောကကြီးမှာ မီးနတ်ဘုရား ဆိုတာ မရှိဘူး... ငရဲမီးတောက် ဆိုတာကလည်း တခြားကမ္ဘာတစ်ခုက မီးတောက်တစ်ခုပဲ... ဒါပေမဲ့ အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပြီး သန့်စင်ပေးနိုင်တယ် ဆိုတာကတော့ အမှန်တရားပဲ... ဒီလောကထဲက ဘယ်လူသားမဆို ငရဲမီးတောက်နဲ့ လောင်ကျွမ်းခံရရင် ချက်ချင်း ပျောက်ကွယ်သွားပြီး ၊ ဝိညာဉ်ပါ လွင့်ပါးကာ ၊ အစအနမကျန် သေဆုံးသွားမှာပဲ”
တုပိုင် ကြောင်အမ်းသွားလေ၏။ ထို့နောက် လီဝမ်ဝမ်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
“ငရဲမီးတောက် ပလ္လင်ကို ဖွင့်လိုက်... တုပိုင်ကို ငရဲမီးတောက်ထဲ ပစ်ချပြီး မီးရှို့သတ်လိုက်... ဒီနတ်ဘုရားအတုကို အပြီးအပိုင် မီးရှို့ပြီး သူ့ရဲ့ မျက်နှာဖုံးကို ခွာချလိုက်ကြ”
“ဘုန်းးးး... ဘုန်းးးး... ဘုန်းးးး”
ခန်းမဆောင်ကြီး၏ အလယ်တည့်တည့်ရှိ တံခါးကြီးလေးချပ် ဖြည်းညှင်းစွာ ပွင့်သွားပြီး အတွင်းမှ မီးတောက်များကို ဖော်ပြလိုက်သည်။ အမြင့်ပေ သုံးဆယ်ခန့် ရှိသော ကြီးမားလှသည့် ငရဲမီးတောက်ကြီး ဖြစ်လေ၏။
အဖြူရောင် ငရဲမီးတောက်သည် တုပိုင် ဝါးမြိုခဲ့သော မီးတောက်နှင့် တစ်ပုံစံတည်း ဖြစ်သော်လည်း ၊ အရွယ်အစားမှာ ပိုမို ကြီးမားလေသည်။
မီးနတ်ဘုရားဘာသာ၏ ဘုရားကျောင်းခွဲတိုင်းကို ငရဲမီးတောက်တစ်ခု၏ အပေါ်တွင် တည်ဆောက်ရမည် ဆိုသည်ကို တုပိုင် နားလည်လိုက်လေသည်။
“အခု မြင်တွေ့ရမယ့် မြင်ကွင်းက တုပိုင်ရဲ့ ဖြစ်တည်မှုအမှန်ကို သက်သေပြလိုက်ပြီး သူ့ရဲ့ အရှက်မဲ့တဲ့ မုသားတွေကို ဖော်ထုတ်လိုက်လိမ့်မယ်”
“လာကြစမ်း... တုပိုင်ကို ငရဲမီးတောက်ထဲ ပစ်ချလိုက်”
ချက်ချင်းပင် မီးနတ်ဘုရား အစောင့်တပ်သား အများအပြား ရှေ့ထွက်လာပြီး တုပိုင်၏ ခြေလက်များကို ဖမ်းချုပ်ကာ ၊ ဧရာမ ငရဲမီးတောက်ကြီးထဲသို့ ပစ်ချလိုက်ကြလေတော့သည်။
လီဝမ်ဝမ်၏ လှပသော မျက်ဝန်းများသည် အေးစက်စွာဖြင့် ကြည့်ရှုနေပြီး ပြောလိုက်သည်။
“မောင်လေးတုပိုင်... သေလိုက်တော့... ပြာကျပြီး ဝိညာဉ်ပါ လွင့်ပါးသွားလိုက်တော့”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team