အခန်း (၅၄၁)
Vol. 55 Ch. 541
လွန်ခဲ့သော ကာလအတောအတွင်း၌ ကြီးမားသော ဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့လေသည်။ ထိုအထဲတွင် အတုန်လှုပ်ဖွယ် အကောင်းဆုံးမှာ ဖန်းမိသားစု၏ ဧကရာဇ်အပေါ် တန်ပြန်လက်စားချေမှုပင် ဖြစ်လေသည်။
လွန်ခဲ့သော တစ်လကျော်ခန့်က ဧကရာဇ်နှင့် အမတ်ချုပ်ကြီး ဖန်းကျိုး ၊ တုဟွေးတို့၏ အားပြိုင်မှုတွင် ဧကရာဇ်က အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ မရေမတွက်နိုင်သော အမတ်များသည် ဖန်းမိသားစုကို ကျောခိုင်းပြီး ဧကရာဇ်ဘက်သို့ ကူးပြောင်းသွားခဲ့ကြသည်။ အမတ်ချုပ်ကြီး ဖန်းကျိုး ၊ အစိုးရအဖွဲ့ဝန်ကြီး တုဟွေးနှင့် ဖန်းမိသားစု စစ်တပ်အားလုံး မြို့တော်မှ ဆုတ်ခွာသွားခဲ့ကြသည်။
ထိုအချိန်က အင်ပါယာတစ်ခုလုံး အကြီးအကျယ် တုန်လှုပ်ခဲ့ရပြီး ဖန်းမိသားစုက မည်သည့်အတွက်ကြောင့် ဤသို့ ပြုလုပ်ခဲ့သနည်း ဆိုသည်ကို နားမလည်နိုင်ခဲ့ကြပေ။ ဖန်းမိသားစုက ဤမျှ အင်အားကြီးမားပါလျက်နှင့် အဘယ်ကြောင့် ဧကရာဇ်ကို လမ်းဖယ်ပေးခဲ့သနည်း။
သို့သော် ထိုသို့ဖြင့် အင်ပါယာရှိ စစ်ဘက်ခေါင်းဆောင်ကြီးများသည် ဧကရာဇ်၏ အရှိန်အဝါကို မထိပါးရဲကြတော့ဘဲ ၊ ရွှမ်ချန်နယ်စားမင်း ကိုယ်တိုင်လည်း လိမ်လိမ်မာမာဖြင့် စစ်တပ်ကို ဦးဆောင်ကာ တောင်ဘက်သို့ ချီတက်လာခဲ့ပြီး ၊ လီမိသားစု၏ ပုန်ကန်မှုကို နှိမ်နင်းရန် ပြင်ဆင်လာခဲ့ရလေသည်။
တစ်ခဏတာအတွင်း ဧကရာဇ်၏ အာဏာစက် မြင့်တက်လာသယောင် ထင်ရလေ၏။ မြို့တော်ရှိ အမတ်မင်းများသည်လည်း ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေကြောင်း ကြွေးကြော်ခဲ့ကြသည်။ သို့သော် ဧကရာဇ် တစ်ပါးတည်းသာ အခြေအနေကို အကောင်းမမြင်ရဲခဲ့ပေ။ ထို့အစား ဧကရာဇ်သည် မြို့တော်တစ်ခုလုံးကို စစ်ပွဲအသင့်အနေအထားသို့ ပြောင်းလဲရန် အမိန့်ပေးခဲ့ပြီး ၊ ရက်စက်ပြီး ပြင်းထန်သော အာဏာစက်များကို အသုံးပြုကာ ဆန်ကုန်သည်များ လက်ထဲရှိ ရိက္ခာအားလုံးကို အတင်းအကြပ် ဝယ်ယူသိမ်းဆည်းခဲ့လေသည်။
ထိုသည်သာ မကသေးပေ။ ဧကရာဇ်သည် မင်းသမီးနင်းရွှဲ့ကိုပါ စစ်တပ်ဦးဆောင်စေပြီး မြို့တော်အနီးတစ်ဝိုက်ရှိ ရိက္ခာများကို လိုက်လံစုဆောင်းစေခဲ့သည်။ ဧကရာဇ်သည် အမှန်တကယ်ပင် အမြော်အမြင် ရှိလှပေသည်။ ဖန်းမိသားစု၏ လက်တုံ့ပြန်မှု လာတော့မည်ကို သူ ကြိုတင်မြင်တွေ့နေ၏။
အမှန်တကယ်ပင် ရက်အနည်းငယ် အကြာမှာပင် ရေကြောင်း ပို့ဆောင်ရေး လမ်းကြောင်းများ ဖြတ်တောက်ခံလိုက်ရလေ၏။ ပင်လယ်ရေကြောင်း လမ်းကြောင်းများ ဖြတ်တောက်ခံလိုက်ရလေ၏။
ဖန်းမိသားစု၏ လက်တုံ့ပြန်မှု နည်းလမ်းမှာ ရိက္ခာဖြတ်တောက်ပြီး မြို့တော်ကို လုံးဝ ပိတ်ဆို့ထားလိုက်ခြင်းပင် ဖြစ်လေသည်။ တာ့နင်အင်ပါယာ၏ မြို့တော်တွင် လူဦးရေ တစ်သန်းကျော် နေထိုင်ပြီး နေ့စဉ် စားသုံးသော ရိက္ခာပမာဏမှာ ကြီးမားလှသည်။ ထို့အပြင် မြို့တော်သည် ရိက္ခာများကို ကိုယ်တိုင် မစိုက်ပျိုးဘဲ ပြင်ပမှ သယ်ယူပို့ဆောင်မှုအပေါ် လုံးဝ မှီခိုနေရခြင်း ဖြစ်သည်။
ရေကြောင်းနှင့် ပင်လယ်ကြောင်း ပို့ဆောင်ရေးသည် မြို့တော်၏ အဓိက ရိက္ခာရင်းမြစ်များ ဖြစ်ကြသည်။
လက်ရှိအချိန်တွင် လျောင်တုန်းဒေသကို ကောင်းစွာ ဖွံ့ဖြိုးအောင် မလုပ်ရသေးချေ။ ဟဲပေ ၊ ရှန်တုန်း ၊ ဟဲနန် စသည့် ပြည်နယ်များသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ကြီးမားသော မိုးခေါင်မှုနှင့် ကျိုင်းကောင် ကပ်ဘေးများကို ခံစားခဲ့ရသည်။ တုပိုင် ထိုဒေသများကို ဖြတ်သန်းလာစဉ်က အစာရေစာ ငတ်မွတ်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ဒုက္ခသည်များစွာကို တွေ့မြင်ခဲ့ရဖူးလေသည်။
တာ့နင်အင်ပါယာ၏ အဓိက ဆန်စပါး စိုက်ပျိုးရာ ဒေသမှာ ယန်ဇီမြစ်၏ တောင်ဘက်ပိုင်း ဖြစ်သည်။ ဆူးကျိုးနှင့် ဟန်ကျိုးတွင် စပါးရိတ်သိမ်းပါက တစ်လောကလုံး စားလောက်သည်ဆိုသည်မှာ ကြွေးကြော်သံ သက်သက် မဟုတ်ဘဲ လက်တွေ့ အမှန်တရားပင် ဖြစ်လေသည်။
အထူးသဖြင့် မြို့တော်၏ ရိက္ခာသည် ယန်ဇီမြစ် တောင်ဘက်ပိုင်းမှ တင်ပို့မှုအပေါ် လုံးဝ မှီခိုနေရခြင်း ဖြစ်သည်။
ဖန်းမိသားစု၏ လက်တုံ့ပြန်မှု နည်းလမ်းသည် ရက်စက်ပြီး ထိရောက်လှပေသည်။
သူတို့၏ သခင်လေးသည် တိုက်ရိုက် ပုန်ကန်ရန် ဆန္ဒမရှိသလို တာ့နင်အင်ပါယာ ဆိုသည့် အဖိုးတန် အခွံကြီးကိုလည်း ရိုက်ခွဲပစ်ရန် ဝန်လေးနေသဖြင့် ၊ ဤကဲ့သို့ ထူးခြားသော အစီအစဉ်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
သူတို့သည် မြို့တော်ရှိ လူတစ်သန်းကျော်ကို ဓားစာခံအဖြစ် အသုံးပြုပြီး ဧကရာဇ်ကို အကျပ်ကိုင်နေခြင်း ဖြစ်သည်။ တိုက်ပွဲပုံစံ ပြောင်းလိုက်ခြင်း ဖြစ်သော်လည်း ပိုမို ရက်စက်ကြမ်းကြုတ်လှသည်။
ထို့ကြောင့်လည်း ဧကရာဇ်သည် အမတ်ချုပ်ကြီး ဖန်းကျိုးကို နာမကျန်းဖြစ်၍ နုတ်ထွက်ခွင့် ပြုလိုက်ရခြင်း ၊ တုဟွေးကို ကျဲ့ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးလျှော့ချပြီး နယ်နှင်လိုက်ရခြင်းနှင့် ဖန်းမိသားစု စစ်တပ်များကို မြို့တော်မှ ဆုတ်ခွာခွင့် ပြုလိုက်ရခြင်း ဖြစ်သည်။
အတိုချုပ် ပြောရလျှင် ဖန်းမိသားစု၏ ရည်မှန်းချက်မှာ တစ်ခုတည်းသာ ရှိသည်။ ဧကရာဇ်ကို ထီးနန်းစွန့်လွှတ်အောင် ဖိအားပေးခြင်းပင်။ ထို့နောက် ထိန်းချုပ်ရလွယ်ကူသော ဧကရာဇ်အသစ် တစ်ပါးကို နန်းတင်ပြီး ၊ ခိုသိုက်ကို ဂျိုးလုသကဲ့သို့ တဖြည်းဖြည်းချင်း အစားထိုး နေရာယူသွားမည့် လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ရန် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်သည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ ဖန်းမိသားစုက မြို့တော်ကို လုံးဝ မပိတ်ဆို့မီ သူသည် စစ်တပ်ကို အသုံးပြုပြီး မြို့တော်ရှိ ဆန်ကုန်သည်များ လက်ထဲမှ ရိက္ခာများ သာမက ၊ ပတ်ဝန်းကျင်ရှိ မြို့နယ်များမှ ဆန်ကုန်သည်များထံမှ ရိက္ခာများကိုပါ အတင်းအကြပ် ဝယ်ယူစုဆောင်းခဲ့သည်။
ထိုရက်ပိုင်းအတွင်း ဆန်ကုန်သည် အားလုံးသည် ဧကရာဇ်ကို နေ့တိုင်း ကျိန်ဆဲခဲ့ကြလေ၏။ ထို့အပြင် မင်းသမီးနင်းရွှဲ့သည်လည်း စစ်တပ်ကို ဦးဆောင်ပြီး မြေပိုင်ရှင်သူဌေးကြီးများ၏ အိမ်များတွင် သိုလှောင်ထားသော ရိက္ခာအများစုကို အတင်းအကြပ် ဝယ်ယူသိမ်းဆည်းခဲ့သည်။
ရိက္ခာများကို အကုန်အစင် သိမ်းဆည်းပြီးနောက် အညီအမျှ ပြန်လည် ခွဲဝေပေးလေသည်။
ရာထူးအဆင့်အတန်း မည်မျှပင် ကြီးမားပါစေ ၊ အရွယ်ရောက်ပြီး အမျိုးသားများသည် တစ်နေ့လျှင် ရိက္ခာ ကျင်းဝက်ခန့်သာ ရရှိပြီး ၊ အမျိုးသမီးများနှင့် ကလေးများသည် တစ်နေ့လျှင် ရိက္ခာ သုံးပုံတစ်ပုံခန့်သာ ရရှိကြသည်။ စစ်သားများကမူ တစ်နေ့လျှင် ရိက္ခာ ကျင်းဝက်ကျော်ခန့် ရရှိကြသည်။
ဧကရာဇ် ကိုယ်တိုင်လည်း တစ်နေ့လျှင် ရိက္ခာ လေးပုံတစ်ပုံ (၄ လျန်) ၊ ဧကရီသည် ၃ လျန် နှင့် အိမ်ရှေ့စံသည် ၅ လျန်သာ စားသုံးကြသည်။
ဤကဲ့သို့ မျှတစွာ ခွဲဝေမှုကြောင့် မြို့တော်ရှိ ရိက္ခာလက်ကျန်သည် နှစ်ဝက်ကျော်ခန့် တောင့်ခံနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဖန်းမိသားစု၏ မဟာဗျူဟာသည် ရက်စက်သော်လည်း ၊ ယခုအချိန်အထိ မြို့တော်တွင် ဖရိုဖရဲ ဖြစ်မှုများ မရှိသေးသလို အစာငတ်ပြီး သေဆုံးသူလည်း မရှိသေးပေ။
တစ်လကျော် ကြာပြီးနောက် ဧကရာဇ်သည် နေ့စဉ် ရိက္ခာ ၄ လျန် (၄ ကျပ်သားခန့်) ကိုသာ စားသုံးရန် ခေါင်းမာစွာ ရပ်တည်ခဲ့ပြီး တစ်စက်မျှ ပိုမစားခဲ့ပေ။ ထို့ကြောင့် ညဘက်တွင် ဆန်ပြုတ်ကိုသာ သောက်သုံးခဲ့ရသည်။
အိမ်ရှေ့စံသည်လည်း ဆန်ပြုတ်သောက်ရင်း မေးလိုက်သည်။
“ခမည်းတော်... သားတို့ရဲ့ ရိက္ခာက နှစ်ဝက်လောက်ပဲ ခံတော့မယ်... အဲဒီအချိန်ရောက်ရင် ဘယ်လိုလုပ်ကြမလဲ”
ဧကရာဇ်က ပြောလိုက်သည်။ “ဒီအခြေအနေကို စောစောကတည်းက ကြိုမြင်ခဲ့ပြီးသားပါ... ငါ ဘယ်တုန်းကမှ အကောင်းမမြင်ခဲ့ဘူး... ငါတို့နဲ့ ဖန်းမိသားစုရဲ့ တိုက်ပွဲက ရေရှည်သွားရမဲ့ ဖြစ်စဉ်တစ်ခုပဲ... ပြဿနာတွေ အခက်အခဲတွေကတော့ ရှိနေမှာပဲ... စစ်တပ်က ဗိုက်ဝနေသရွေ့ ၊ ပြည်သူတွေက မငတ်မပြတ် စားနေရသရွေ့ ပုန်ကန်မှုတွေ ဖြစ်လာမှာ မဟုတ်ဘူး... မြို့တော် ပိတ်ဆို့ခံထားရတာကို ဖြေရှင်းပြီး ဘေးကင်းရာကို ရောက်မလား ဆိုတာကတော့ တုပိုင်အပေါ်မှာပဲ မူတည်နေတယ်... သူ လီရူဟိုင်ကို ဘယ်အချိန် အနိုင်ယူနိုင်မလဲ ဆိုတာပေါ် မူတည်ပြီး မြို့တော် ပိတ်ဆို့မှုက အလိုလို ပြေလည်သွားလိမ့်မယ်”
အိမ်ရှေ့စံက မေးလိုက်သည်။ “တကယ်လို့ တုပိုင် ရှုံးသွားခဲ့ရင်ရော”
ဧကရာဇ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “တကယ်လို့ တုပိုင် ရှုံးသွားရင်... အရာအားလုံးက မူလနေရာကို ပြန်ရောက်သွားမှာပါ... အင်ပါယာရဲ့ အနောက်တောင်ဘက်ဒေသ ကျဆုံးသွားမယ်... ငါကိုယ်တိုင်လည်း ကိုယ့်အပြစ်ကို ဝန်ခံပြီး ထီးနန်းစွန့်လွှတ်ရုံပေါ့”
ထိုအချိန်၌ ဧကရာဇ်၏ လေသံသည် အလွန်အမင်း တည်ငြိမ်နေလေသည်။
ထို့နောက် ဧကရာဇ်က ဆက်ပြောသည်။ “အကြောင်းနဲ့ အကျိုး ဆက်စပ်မှုကို သတိထားကြည့်စမ်း... ငါတို့က အရှိန်အဝါ တည်ဆောက်ပြီး ဧကရာဇ်အာဏာ ပြန်လည်မြင့်တက်လာတဲ့ ပုံစံမျိုး ဖန်တီးခဲ့တာက စစ်ဘက်ခေါင်းဆောင်တွေကို ခြိမ်းခြောက်ဖို့ပဲ... ရွှမ်ချန်နယ်စားမင်း နဲ့ ကျန့်ကော်နယ်စားမင်းရဲ့ စစ်တပ်နှစ်ခု လှုပ်ရှားလာအောင် ၊ လီရူဟိုင်ကို တုပိုင်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်လာအောင် ဖိအားပေးဖို့ပဲ... အခုတော့ အတော်လေး ခရီးရောက်နေပြီ... ရွှမ်ချန်နယ်စားမင်းက တောင်ဘက်ကို ဆင်းသွားပြီး ကွမ်ရှီးပြည်နယ်ထဲ ဝင်တော့မယ်... ကျန့်ကော်နယ်စားမင်းရဲ့ စစ်တပ်လည်း လှုပ်ရှားနေပြီ... လီရူဟိုင်ရဲ့ တပ်တွေနဲ့ အနည်းအကျဉ်း တိုက်ပွဲတွေတောင် ဖြစ်နေပြီ”
သို့သော် ထိုအချိန်၌ပင်...
“ဘုန်းးးး... ဘုန်းးးး... ဘုန်းးးး”
ရုတ်တရက် နန်းတော်၏ အနောက်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီးနောက် ပြင်းထန်သော မီးတောက်များ ထိုးတက်လာကာ ၊ သွေးပျက်ဖွယ်ရာ သတ်ဖြတ်သံများ ဆက်တိုက် ထွက်ပေါ်လာလေ၏။
ခဏအကြာတွင် နန်းတော်၏ မြောက်ဘက်မှလည်း ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားပြန်သည်။
ထို့နောက် တောင်ဘက်မှလည်း ရုတ်တရက် ဧကရာဇ်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေတော့သည်။
အိမ်ရှေ့စံသည် အပြင်သို့ ပြေးထွက်သွားလေ၏။
မြို့တော်တစ်ခုလုံး တုန်လှုပ်နေပြီး သတ်ဖြတ်သံများသည် ပိုမို ကျယ်လောင်လာသည်။ ရိက္ခာဂိုဒေါင်များတွင် မတော်တဆမှု ဖြစ်ပွားခြင်း ဖြစ်သည်။ အဓိက ရိက္ခာဂိုဒေါင်ကြီး သုံးခုစလုံး တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။
လက်ရှိအချိန်၌ မြို့တော်တွင် ဧကရာဇ်အပေါ် သစ္စာရှိသော စစ်သည် ခြောက်သောင်းကျော် ရှိပြီး ၊ ထိုအထဲမှ သုံးသောင်းကျော်သည် ရိက္ခာဂိုဒေါင်များကို စောင့်ကြပ်နေကြခြင်း ဖြစ်သည်။ လုံခြုံရေးသည် အလွန် တင်းကျပ်လှပြီး ၊ ယင်တစ်ကောင်ပင် မဖြတ်သန်းနိုင်ဟု ဆိုရလောက်အောင် ဖြစ်သည်။
သို့သော်... မဖြစ်သင့်သည်များ ဖြစ်ပျက်သွားလေ၏။
နန်းတော်၏ အမြင့်ဆုံးနေရာ၌ ရပ်လျက် ၊ ဧကရာဇ်သည် ရိက္ခာဂိုဒေါင်ကြီး သုံးခုမှ မီးတောက်များ ပိုမို မြင့်မားစွာ လောင်ကျွမ်းနေသည်ကို ကြည့်နေမိသည်။
နာရီဝက်ခန့် ကြာပြီးနောက် တိုက်ခိုက်သံများ ရပ်တန့်သွားလေ၏။ မရေမတွက်နိုင်သော လူများသည် မီးကို ဝိုင်းဝန်းငြှိမ်းသတ်နေကြသည်။ စစ်တပ်သာမက ပြည်သူများစွာလည်း အိမ်ထဲမှ ပြေးထွက်လာပြီး မီးကို ဝိုင်းငြှိမ်းသတ်နေကြသည်။
နာရီအနည်းငယ် ကြာပြီးနောက် မင်းသမီးနင်းရွှဲ့သည် ဧကရာဇ်၏ ရှေ့တွင် ဒူးထောက်နေလေ၏။ သူမ၏ မျက်လုံးများ နီရဲနေပြီး ၊ အဝတ်အစား နေရာအနှံ့တွင် မီးလောင်ကျွမ်းထားသော အရာများ ရှိနေလေသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team