← Chapters

အခန်း (၅၄၂)

Vol. 55 Ch. 542

အခန်း (၅၄၂)

Vol. 55 Ch. 542

ဧကရာဇ်သည် လေးနက်သော အမူအရာဖြင့် မေးမြန်းတော်မူ၏။ “လီလျန်တင်း... ရွှမ်ချန်နယ်စားရဲ့ ဆွေမျိုးတွေကို ဖမ်းပြီးပြီလား”

လီလျန်တင်းက ခေါင်းငုံ့ကာ ရိုသေစွာ ပြန်လည်လျှောက်တင်လေသည်။ “ဖမ်းဆီးထားပြီးကြောင်းပါ ဘုရား”

ဧကရာဇ်က ဆက်လက် မိန့်ကြားလိုက်သည်။ “တကယ်လို့ ရွှမ်ချန်နယ်စားသာ တောင်ဘက်စစ်မြေပြင်မှာ မလှုပ်မယှက် ရပ်နေရင် ၊ အားစိုက်ပြီး မတိုက်ရင် သူ့ဆွေမျိုးတွေကို သတ်ပစ်”

လီလျန်တင်းက ဦးခိုက်လိုက်သည်။

“အမိန့်တော်မြတ်အတိုင်းပါ ဘုရား”

လက်ရှိအချိန်၌ လီလျန်တင်း၏ ရင်ထဲတွင်မူ အလွန် ခါးသီးနေရလေသည်။ တုပိုင် ပျောက်ဆုံးနေသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း ဧကရာဇ်အား သူ မလျှောက်တင်ရဲခဲ့ပေ။

ဧကရာဇ်သည် အပြင်ဘက်ရှိ ကောင်းကင်ယံကို မော့ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။

“လီမိသားစုရဲ့ တာ့ယန်တိုင်းပြည်ကို တစ်လကျော်အတွင်း အပြီးအပိုင် ချေမှုန်းဖို့ဆိုတာ တကယ်ပဲ မဖြစ်နိုင်တော့ဘူးလား...”

မည်သည့်အတွက်ကြောင့် တုပိုင်က လီမိသားစုကို ချေမှုန်းနိုင်ရုံမျှဖြင့် မြို့တော်ပိတ်ဆို့မှုက အလိုအလျောက် ပြေပျောက်သွားမည်နည်း။

အပေါ်ယံ ရှုမြင်ရသော် လီရူဟိုင်ကို ချေမှုန်းလိုက်သည်နှင့် တုပိုင်သည် အင်ပါယာ၏ အနောက်တောင်ဘက် ဒေသတစ်ခုလုံးကို လွှမ်းမိုးသွားမည် ဖြစ်သည်။ အကယ်၍ ဖန်းအုပ်စုကသာ မြို့တော်ပိတ်ဆို့မှုကို မဖြေလျှော့ပေးပါက တုပိုင်သည် သူ၏စစ်တပ်ကို ဦးဆောင်ကာ ဟူပေပြည်နယ်ရှိ ရိက္ခာဂိုဒေါင်ကြီးများဆီသို့ ချီတက်ပြီး အင်အားသုံး၍ မြို့တော်အတွက် ရိက္ခာလမ်းကြောင်း ဖွင့်ပေးပေလိမ့်မည်။

သို့သော်ငြား ထိုသို့ လုပ်ဆောင်ရန် အချိန်များစွာ ကြာမြင့်နိုင်ပြီး မြို့တော်အတွက် အချိန်မမီ ဖြစ်သွားနိုင်သည်။

အမှန်တကယ် အကြောင်းရင်းမှာမူ တုပိုင်သည် လီမိသားစုကို ချေမှုန်းလိုက်ပါက အနောက်တောင်ဘက် ဒေသတစ်ခုလုံးကို ပိုင်ဆိုင်သွားမည်ဖြစ်ပြီး အလွန် အင်အားကြီးမားလာမည် ဖြစ်သောကြောင့်ပင်။ ထိုအချိန်၌ ဧကရာဇ် နတ်ရွာစံသွားလျှင်ပင် အိမ်ရှေ့စံ၌ အားကိုးစရာ အင်အားကြီးတစ်ခု ရှိလာလိမ့်မည်။

အဆိုးရွားဆုံး အခြေအနေတွင် အိမ်ရှေ့စံ နန်းတက်ပြီးနောက် အနောက်တောင်ဘက်ရှိ တုပိုင်၏ နယ်မြေသို့ သွားရောက် ပုန်းခိုနေနိုင်ပြီး ၊ ထိုအချိန်တွင် တုပိုင်သည် ဧကရာဇ်ကို လက်ကိုင်ပြုကာ နယ်စားပယ်ရာများကို အမိန့်ပေးနိုင်သော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ယင်းသည် တုပိုင်အတွက် အလွန် အကျိုးရှိသော အခြေအနေ ဖြစ်သည်။

ထို့ကြောင့် တုပိုင်သာ လီရူဟိုင်ကို ချေမှုန်းလိုက်ပါက ဧကရာဇ် နတ်ရွာစံခြင်းမှ အကျိုးအမြတ် အများဆုံး ရရှိမည့်သူသည် တုပိုင် ဖြစ်သွားလိမ့်မည်။ ဖန်းအုပ်စုသည် ထိုကဲ့သို့ မိမိခြေထောက်ကို ကျောက်တုံးနှင့် ထုမည့် အလုပ်မျိုးကို မိုက်မဲစွာ လုပ်ဆောင်မည် မဟုတ်ပေ။

ထို့ကြောင့် တုပိုင်သည် လီရူဟိုင်ကို ဖိနှိပ်ထားနိုင်ရုံနှင့်ပင် မြို့တော်ပိတ်ဆို့မှုသည် အလိုအလျောက် ပြေလည်သွားမည် ဖြစ်လေသည်။

**--**--**--**--**--**--**--**

အင်ပါယာ၏ အနောက်တောင်ဘက်ရှိ မီးနတ်ဘုရားဘာသာ လျှို့ဝှက်ပလ္လင်ခွဲတစ်ခု၌ ဖြစ်သည်။ လီဝမ်ဝမ်၏ လှပသော မျက်ဝန်းအစုံသည် အေးစက်မှုတို့ လွှမ်းခြုံလျက် ပြောလိုက်၏။

“မောင်လေးတုပိုင်... သေလိုက်တော့... ပြာကျပြီး ဝိညာဉ်ပါ လွင့်ပါးသွာလိုက်တော့”

ထို့နောက် တုပိုင်၏ ခန္ဓာကိုယ်ကို ဖြူဖျော့ဖျော့ အရောင်ရှိသော ကြောက်မက်ဖွယ် ငရဲမီးတောက်ကြီးထဲသို့ ရုတ်တရက် ပစ်ချလိုက်လေ၏။

တစ်ခဏအတွင်း တုပိုင်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် ငရဲမီးတောက်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ပျောက်ကွယ်သွားလေတော့သည်။

အခြေအနေသည် ယခင်တစ်ခေါက်ကနှင့် တစ်ပုံစံတည်းပင် ဖြစ်၏။ တုပိုင်သည် တိုက်ရိုက် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။

လီဝမ်ဝမ်သည် ငရဲမီးတောက်ကို လက်ညှိုးထိုးပြပြီး ထောင်နှင့်ချီသော မီးနတ်ဘုရား စစ်သည်များကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“မင်းတို့ မြင်ကြလား... မြင်ကြရဲ့လား”

“တုပိုင်က ငရဲမီးတောက်နဲ့ မီးရှို့သတ်ခံလိုက်ရပြီ... သူက နတ်ဘုရားအတုအယောင်ကောင်ပဲ”

“သူ့ရဲ့ မသေမျိုးဆိုတာတွေ အားလုံးက လှည့်စားမှု သက်သက်ပဲ”

ရုတ်တရက် မရေမတွက်နိုင်သော မီးနတ်ဘုရား စစ်သည်များ၏ မျက်လုံးများထဲမှ အကြည့်များ တဖြည်းဖြည်း ပြောင်းလဲလာကြလေ၏။

တုပိုင်သည် မီးနတ်ဘုရား၏ တမန်တော် မဟုတ်ပေ။ သူသည် တကယ်ပင် ငရဲမီးတောက်ထဲ၌ အသတ်ခံလိုက်ရပြီ ဖြစ်သည်။

သို့ဆိုလျှင် ယခင်က စစ်မြေပြင်၌ ဖြစ်ပျက်ခဲ့သည်များမှာ သူ ဟန်ဆောင်ထားခြင်းများလော။ ရုတ်တရက် မီးနတ်ဘုရား စစ်သည်များ၏ စိတ်ထဲတွင် တည်ရှိနေသော တုပိုင်၏ ခမ်းနားထည်ဝါသော ပုံရိပ်သည် ပြိုလဲသွားလေတော့သည်။

လီဝမ်ဝမ် အလွန် ဝမ်းသာသွားလေ၏။ နောက်ထပ် ခြေလှမ်းတစ်လှမ်းအနေဖြင့် သူမကိုယ်တိုင် အဖြူရောင် မီးတောက်များထဲသို့ ဝင်ရောက်ပြီး မသေဘဲ ပြန်ထွက်လာပြလိုက်လျှင် ဤမီးနတ်ဘုရား စစ်တပ်၏ ယုံကြည်မှုနှင့် ကိုးကွယ်မှုကို ပြန်လည် ရရှိတော့မည် ဖြစ်သည်။ သူမသည် ပြိုင်ဘက်ကင်း မီးနတ်ဘုရား သူတော်စင်မလေး ပြန်ဖြစ်လာတော့မည်။

လီဝမ်ဝမ်သည် ငရဲမီးတောက်ကို ကြည့်ရင်း စိတ်ထဲတွင် ကျိတ်၍ ရေရွတ်လိုက်သည်။

‘တုပိုင်... တကယ်ဆို ရှင့်ကို တစ်စစီ အပိုင်းပိုင်း ခုတ်ထစ်သတ်ပစ်သင့်တာ... အခုလို ငရဲမီးတောက်ထဲမှာ ပြာကျသွားရတာက ရှင့်အတွက် သက်သာလွန်းနေသေးတယ်။’

ထို့နောက် သူမသည် ညာလက်ကို မြှောက်လိုက်ပြီး ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။

“တုပိုင် သေပြီ... တုပိုင် သေပြီ... တုပိုင် သေပြီ”

သူမ၏ အစောင့်တပ်သားများကလည်း လိုက်လံ အော်ဟစ်ကြသည်။ “တုပိုင် သေပြီ... နတ်ဘုရားအတုအယောင်ကောင် သေပြီ”

အစပိုင်းတွင် လူဒါဇင်အနည်းငယ်သာ အော်ဟစ်ကြသော်လည်း နောက်ပိုင်းတွင် ရာနှင့်ချီ ၊ ထောင်နှင့်ချီသော လူများကပါ လိုက်လံ အော်ဟစ်ကြလေတော့သည်။

“တုပိုင် သေပြီ... နတ်ဘုရားအတုအယောင်ကောင် သေပြီ”

သို့သော် ထိုအချိန်၌ပင် ငရဲမီးတောက်များကြားတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာလေ၏။ ရွှေရောင် ပုံရိပ်တစ်ခုဖြစ်၏။

ယခင်က မြင်ကွင်းနှင့် တစ်ပုံစံတည်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ တုပိုင်၏ ဒန်တျန်ထဲရှိ ကျိုယန်ကျမ်းရင်းသည် ရူးသွပ်မတတ် လည်ပတ်နေပြီး စွမ်းအင်ဝဲကတော့တစ်ခု ဖြစ်ပေါ်လာကာ ငရဲမီးတောက် စွမ်းအင်များကို အဆက်မပြတ် ဝါးမြိုနေလေ၏။

ထို့နောက် ရွှေရောင်ပုံရိပ်သည် တဖြည်းဖြည်း မည်းနက်သော အရောင်သို့ ပြောင်းလဲသွားပြီး လူသားပုံသဏ္ဌာန် မည်းနက်သော အလင်းရောင်အရိပ်တစ်ခု ဖြစ်သွားလေသည်။

ရုတ်တရက် လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြလေ၏။

လီဝမ်ဝမ် အပါအဝင် လူတိုင်း လုံးဝ တုန်လှုပ်သွားကြပြီး မိမိတို့ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။

သူမ၏ နှလုံးသားထဲတွင် သေချာပေါက် သိထားသည်မှာ မီးနတ်ဘုရား၏ တမန်တော်ဆိုသည်မှာ အတုအယောင်ဖြစ်ပြီး သေပြီးမှ ပြန်ရှင်ခြင်းဆိုသည်မှာလည်း အတုအယောင်သာ ဖြစ်သည်။

ငရဲမီးတောက်သည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပြီး ဖျက်ဆီးပစ်နိုင်သည်။ သို့ဆိုလျှင် ဤမြင်ကွင်းကား အဘယ်နည်း။

ထို့နောက် ပိုမို ထိတ်လန့်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာလေ၏။ ဧရာမ ငရဲမီးတောက်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်လာနေခြင်း ဖြစ်သည်။ တုပိုင်က တစ်စချင်းစီ ဝါးမြိုလိုက်သကဲ့သို့ တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။

လီဝမ်ဝမ်သည် ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ သေသွားလျှင်တောင် သူမရှေ့မှ မြင်ကွင်းကို ယုံကြည်ချင်မည် မဟုတ်ပေ။

ဤသည်က လောကကြီး၏ ဖြစ်တည်မှု သဘောတရားများကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင်။ ဤလောကကြီးတွင် တကယ်ပင် နတ်ဘုရား ရှိသလော။ တကယ်ပင် မီးနတ်ဘုရား တမန်တော် ရှိသလော။

လီဝမ်ဝမ် မယုံကြည်နိုင်သော်လည်း ထောင်နှင့်ချီသော မီးနတ်ဘုရား စစ်သည်များမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။

“ငရဲမီးတောက်နှင့် ရှို့တာတောင် မသေဘူး ၊ ငရဲမီးတောက်ကိုတောင် အနိုင်ယူပြီး ဝါးမြိုပစ်လိုက်တယ် ဆိုတော့... ဒါ... ဒါက တကယ့် မီးနတ်ဘုရား တမန်တော် စစ်စစ်ပဲ”

သူတို့သည် အံ့ဖွယ်တန်ခိုးကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရခြင်း ဖြစ်သည်။ ထောင်နှင့်ချီသော မီးနတ်ဘုရား စစ်သည်များ၏ စိတ်လှုပ်ရှားမှုကို မည်သည့် စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ပေ။ သူတို့၏ ယုံကြည်ကိုးကွယ်မှုသည် အဖြေရရှိသွားခဲ့ပြီ ဖြစ်သည်။ သူတို့၏ ယုံကြည်မှုသည် တန်ဖိုးရှိသွားခဲ့ပြီ ဖြစ်သည်။

ငရဲမီးတောက် အားလုံး ပျောက်ကွယ်သွားပြီး တုပိုင်၏ ဝါးမြိုခြင်းကို လုံးဝ ခံလိုက်ရပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ တုပိုင်သည် သတိမေ့သွားခြင်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဒန်တျန်နှင့် သွေးကြောများသည် ပြုပြင်ပြောင်းလဲပြီးသား ဖြစ်သောကြောင့်ပင်။

ငရဲမီးတောက် အားလုံးကို ဝါးမြိုပြီးနောက် ကိုယ်လုံးတီး ဖြစ်နေသော တုပိုင်သည် ဖြည်းညှင်းစွာ လျှောက်ထွက်လာခဲ့လေ၏။ သူသည် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

ရုတ်တရက် မီးနတ်ဘုရား စစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြပြီး ဦးခိုက်ကြလေတော့သည်။

“မီးနတ်ဘုရားရဲ့ တမန်တော်ကို ဂါရဝပြုပါတယ်... မီးနတ်ဘုရားရဲ့ တမန်တော်ကို ရှိခိုးပါတယ်...”

“သခင်ကြီးကို ဂါရဝပြုပါတယ်...”

“သခင်ကြီးကို ဂါရဝပြုပါတယ်...”

ဤထောင်နှင့်ချီသော မီးနတ်ဘုရား စစ်သည်များ၏ စိတ်အားထက်သန်မှုသည် ယခင်က သူတော်စင်မလေး လီဝမ်ဝမ်အပေါ် ထားရှိခဲ့သော စိတ်အားထက်သန်မှုထက်ပင် များစွာ သာလွန်နေလေသည်။

အဘယ်ကြောင့်ဆိုသော် မီးနတ်ဘုရား သူတော်စင်မလေး ပြန်ရှင်လာသည်ကို သူတို့ ကိုယ်တိုင် မမြင်ခဲ့ရဘဲ ပါးစပ်ရာဇဝင်အဖြစ်သာ ကြားခဲ့ရခြင်း ဖြစ်သည်။ ယခု သူတို့ရှေ့မှ အံ့ဖွယ်တန်ခိုးကိုမူ ကိုယ်တိုင် မျက်စိဖြင့် တပ်အပ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

သူတို့ ဒူးထောက် ဦးခိုက်ပြီး သခင်ဟု ခေါ်နေသော သူမှာ လီဝမ်ဝမ် မဟုတ်တော့ပေ။ တုပိုင် ဖြစ်လေသည်။

ရုတ်တရက် လီဝမ်ဝမ် သွေးအန်လုမတတ် ဖြစ်သွားလေ၏။ ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ ဖြစ်ပေါ်နေသော မကျေနပ်ချက်များနှင့် ဒေါသများကို မည်သည့် စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်တော့ပေ။ ဤသည်မှာ သူမ သေချာ ပြုစုပျိုးထောင်ထားသော စစ်တပ်၊ သူမ၏ အတော်ဆုံး လက်ရွေးစင် စစ်တပ်ဖြစ်သည်။

ယခုအခါတွင်တော့ တုပိုင်၏ ရှေ့၌ ဒူးထောက်ပြီး သခင်ကြီးဟု ခေါ်နေကြ၏။ သူမ ရူးချင်သွားလေ၏။ တုပိုင်ကို ကြည့်လိုက်သော သူမ၏ မျက်ဝန်းများတွင် အမုန်းတရားများ ပြည့်နှက်နေတော့သည်။

“သခင်ကြီးကို ဂါရဝပြုပါတယ်...”

“သခင်ကြီးကို ဂါရဝပြုပါတယ်...”

ထောင်နှင့်ချီသော မီးနတ်ဘုရား စစ်သည်များသည် ဒီလှိုင်းလုံးကြီး တစ်ခုကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် ဦးခိုက်လိုက်ကြသည်။ တုပိုင်သည် လက်နှစ်ဖက်ကို မြှောက်လျက် သူတို့၏ ကိုးကွယ်မှုကို ခံယူလိုက်သည်။

သူသည် နောက်ထပ် စစ်တပ်တစ်ခုကို ရရှိလိုက်ပြီ ဖြစ်သည်။ အလွန် ရူးသွပ်ပြီး အလွန် အင်အားကြီးမားသော စစ်တပ်တစ်ခုကို ရရှိလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဤစစ်တပ်၏ သစ္စာရှိမှုသည် ထာဝရ တည်တံ့နေပေလိမ့်မည်။ ယခုအချိန်မှစ၍ တုပိုင် အမိန့်ပေးလိုက်သည်နှင့် ဤစစ်တပ်သည် လီရူဟိုင်၏ တာ့ယန်တိုင်းပြည်ကို တုံ့ဆိုင်းခြင်း မရှိဘဲ တိုက်ခိုက်ပေလိမ့်မည်။

ထို့နောက် တုပိုင်၏ မျက်လုံးများ အေးစက်သွားပြီး အမိန့်ပေးလိုက်သည်။

“မိစ္ဆာမ လီဝမ်ဝမ်က မီးနတ်ဘုရားကို စော်ကားခဲ့တယ်... ခွင့်လွှတ်လို့မရတဲ့ အပြစ်ပဲ... သူ့ကို သတ်ကြ”

ထိုစကားကို ကြားလိုက်သည်နှင့် မီးနတ်ဘုရား စစ်သည်များ အနည်းငယ် တုန်လှုပ်သွားကြသည်။ လီဝမ်ဝမ်သည် သူတို့၏ သူတော်စင်မလေး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

တုပိုင်က ဆက်ပြောသည်။ “ဒီမိစ္ဆာမရဲ့ နာမည်ရင်းက လီဟိုဟို... သူ သေပြီးမှ ပြန်ရှင်လာတယ် ဆိုတာ အတုပဲ... သူနဲ့ လီချန်ချန်က အမွှာညီအစ်မတွေ... ငါ လီချန်ချန်ကို သတ်လိုက်တုန်းက သူက လီချန်ချန်အဖြစ် ဟန်ဆောင်ပြီး လူတွေရှေ့မှာ ပြန်ပေါ်လာတာ... သေပြီးမှ ပြန်ရှင်လာသယောင် ဟန်ဆောင်ခဲ့တာ... ဒါဟာ လူတွေကို လှည့်စားပြီး မီးနတ်ဘုရားကို စော်ကားတဲ့ သူတော်စင်မလေး အတုပဲ... မီးနတ်ဘုရားရဲ့ အမိန့်တော်အတိုင်း သူ့ကို သတ်ပစ်ကြ”

“မီးနတ်ဘုရား အမိန့်တော်အတိုင်း မိစ္ဆာမကို သတ်...”

“မီးနတ်ဘုရား အမိန့်တော်အတိုင်း မိစ္ဆာမကို သတ်...”

ရုတ်တရက် ထောင်နှင့်ချီသော မီးနတ်ဘုရား စစ်သည်များသည် ဓားများကို ဆွဲထုတ်ပြီး လီဝမ်ဝမ်ထံသို့ ပြေးဝင်သွားကြလေ၏။ သူတို့သည် အမှန်တကယ်ပင် သစ္စာအရှိဆုံးနှင့် အရူးအမူးဆုံး လူအုပ်စု ဖြစ်ကြသည်။ ယခုအခါ တုပိုင်၏ အမိန့်ကို နာခံပြီး သူတို့၏ သခင်ဟောင်းကို သတ်ဖြတ်ရန် ဝန်မလေးကြတော့ပေ။

လီဝမ်ဝမ်၏ မျက်လုံးများ အကွဲမတတ် ပြူးကျယ်သွားပြီး တုပိုင်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။

“တုပိုင်... သေစမ်း... သေလိုက်စမ်း”

ထို့နောက် သူမသည် ရှိသမျှ အတွင်းအား အကုန်ထုတ်ပြီး လက်သည်းကုတ်ချက်ဖြင့် တုပိုင်ထံသို့ တိုးဝင်လာလေသည်။ သူမ၏ သိုင်းပညာ မည်မျှပင် မြင့်မားပါစေ၊ လူထောင်ပေါင်းများစွာကို ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော် သူမ ထွက်ပြေးချင်ပါက ဤလူထောင်ပေါင်းများစွာ တားဆီးနိုင်မည် မဟုတ်ချေ။ သို့သော်ငြား သူမသည် တုပိုင်ကို ဤနေရာတွင် မင်းမူခွင့်ပေးပြီး ထွက်မပြေးလိုပေ။ တုပိုင်က သူမ၏ စစ်တပ်ကို သိမ်းပိုက်သွားသည်ကို လက်မခံနိုင်ပေ။ သူမသည် ရှိသမျှ နည်းလမ်းပေါင်းစုံ သုံးပြီး တုပိုင်ကို သတ်ဖြတ်ချင်နေသည်။

“တုပိုင်... သေစမ်း... သေစမ်း”

မိစ္ဆာမ လီဝမ်ဝမ်၏ လက်သည်းများသည် တုပိုင်၏ လည်ပင်းကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး ၊ ကျန်လက်တစ်ဖက်က တုပိုင်၏ ညာလက်မောင်းကို ဖမ်းဆုပ်ကာ ရှိသမျှ အတွင်းအားများကို အသုံးပြုပြီး တုပိုင်ကို အရှင်လတ်လတ် ဆွဲဖြဲပစ်ရန် ကြိုးစားလိုက်လေသည်။

သူမ၏ သိုင်းပညာသည် အလွန်မြင့်မားသဖြင့် တုပိုင်ကို အမှန်တကယ် ဆွဲဖြဲပစ်နိုင်လေသည်။ သို့သော် ထိုအချိန်၌ တုပိုင် အေးစက်စွာ ပြုံးလိုက်လေ၏။

“မိစ္ဆာမ... ငါ ဒီအချိန်ကို စောင့်နေတာ ကြာပြီ... ငရဲမီးတောက်ရဲ့ အရသာကို မြည်းစမ်းကြည့်လိုက်ပါဦး”

ရုတ်တရက် တုပိုင်၏ လက်ဝါးပြင်မှ အဖြူရောင် ငရဲမီးတောက်တစ်ခု ထွက်ပေါ်လာလေ၏။

“အားးး”

ချက်ချင်းပင် လီဝမ်ဝမ်သည် မကြုံစဖူးသော သွေးပျက်ဖွယ်ရာ အော်ဟစ်သံကြီးဖြင့် အော်ဟစ်လိုက်ရသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters