အခန်း (၅၄၃)
Vol. 55 Ch. 543
လီဝမ်ဝမ်သည် လက်တစ်ဖက်ဖြင့် တုပိုင်၏ လည်ပင်းကို ညှစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် တုပိုင်၏ လက်မောင်းကို ဆွဲကာ အရှင်လတ်လတ် ဆွဲဖြဲရန် ကြိုးစားလိုက်လေသည်။
သို့သော် မထင်မှတ်ထားသော ရလဒ်အဖြစ် အဖြူရောင် ငရဲမီးတောက်သည် ရုတ်တရက် တောက်လောင်လာတော့သည်။
ချက်ချင်းပင် လီဝမ်ဝမ်၏ နုနယ်သော ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး တုပိုင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ ထို့နောက် သွေးပျက်ဖွယ်ရာ စူးရှသော အော်ဟစ်သံကြီးဖြင့် အော်ဟစ်လိုက်ရသည်။
“အားးး...”
သူမ၏ ညာလက်သည် တစ်ခဏအတွင်း ပြာအဖြစ် လောင်ကျွမ်းသွားလေသည်။ တုပိုင်၏ လက်ထဲတွင် ငရဲမီးတောက် ပေါ်လာလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်မထားခဲ့ချေ။
ငရဲမီးတောက်သည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။.သူမ၏ နှလုံးသားထဲတွင် ကြီးမားသော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာလေ၏။
သူမသည် အလိုအလျောက်ပင် ဘယ်လက်ဖြင့် ညာလက်မှ မီးတောက်များကို ရိုက်ပုတ်ငြှိမ်းသတ်ရန် ကြိုးစားလိုက်မိသည်။
သို့သော် သူမ ချက်ချင်း နောင်တရသွားလေ၏။ အဘယ်ကြောင့်ဆိုသော် ငရဲမီးတောက်သည်ကား ငြှိမ်းသတ်၍ ရနိုင်သောအရာ မဟုတ်ပေ။
သို့သော် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ဘယ်လက်ကိုပါ ငရဲမီးတောက်က လျင်မြန်စွာ ဝါးမြိုသွားလေတော့သည်။
သူမ၏ လှပသော မျက်နှာသည် အလွန်အမင်း ကြောက်ရွံ့နေပြီး တုပိုင်ကို ကြီးမားသော တုန်လှုပ်မှုဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။
“ယောကျာ်း... ကယ်ပါဦး... ကယ်ပါဦး...”
‘ယောကျာ်း ဟုတ်လား။ ဒီစော် ငစားဟ’
တုပိုင်မှာ မျက်စိတစ်မှိတ်စာမျှ ကြောင်အမ်းသွားရလေသည်။ ထို့နောက် သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး လီဝမ်ဝမ်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
“ဘုန်းးး...”
သို့သော် သောက်ကျိုးနည်း မိစ္ဆာမ၏ သိုင်းပညာက အရမ်း မြင့်မားလွန်းနေသည်။
တုပိုင်၏ လက်သီးက သူမ၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားသော်လည်း သူတစ်ကိုယ်လုံးသည်သာ လွင့်ထွက်သွားလေ၏။ တစ်ချိန်တည်းတွင် ဒါဇင်နှင့်ချီသော မီးနတ်ဘုရား သိုင်းပညာရှင်များသည် ဝိုင်းရံလာပြီး ဓားချီများဖြင့် လီဝမ်ဝမ်ကို တိုက်ခိုက်လိုက်ကြသည်။
“ယောကျာ်း... ကယ်ပါဦး... ယောကျာ်း... ကယ်ပါဦး...”
လီဝမ်ဝမ်သည် ဝမ်းနည်းပက်လက် အော်ဟစ်လိုက်လေ၏။
“ရွှီး... ရွှီး... ရွှီး...”
ဒါဇင်နှင့်ချီသော မီးနတ်ဘုရား သိုင်းပညာရှင်များသည် ဓားချီများဖြင့် ခုတ်ပိုင်းလိုက်ကြသည်။ လီလီဝမ်ဝမ်သည် လက်နှစ်ဖက်စလုံး မီးလောင်နေသဖြင့် ပြန်လည် မတိုက်ခိုက်နိုင်ဘဲ၊ သူမ၏ ခန္ဓာကိုယ်သည် နောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာသွားရပြီး ထို့နောက် သူမ၏ ခန္ဓာကိုယ်သည် ငရဲမီးတောက် ပလ္လင်၏ အနောက်ဘက်ရှိ ကမ်းပါးယံထဲသို့ ပြုတ်ကျသွားလေတော့သည်။
“ယောက်ျား... ကယ်ပါဦး...”
“ဝုန်းးး...”
ခဏအကြာတွင် အဖြူရောင် မီးတောက်လုံးကြီးတစ်ခု အပေါ်သို့ ထိုးတက်လာလေ၏။ ထို့နောက် သွေးပျက်ဖွယ်ရာ အော်ဟစ်သံများ အားလုံး ရုတ်တရက် ရပ်တန့်သွားလေတော့သည်။
တုပိုင်သည် မြေပြင်မှ ထလိုက်ပြီး ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။ ငရဲမီးတောက် ပလ္လင်၏ အနောက်ဘက် ကမ်းပါးယံအောက်သို့ ငုံ့ကြည့်လိုက်ရာ... ကမ်းပါးယံအောက်ရှိ မြေပြင်တွင် လီဝမ်ဝမ်၏ ပြာစများပင် ကျန်ရစ်ခဲ့ခြင်း မရှိသည်ကို တွေ့လိုက်ရသည်။
ငရဲမီးတောက်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
ထို့နောက် သူသည် ပြည့်နှက်နေသော အနီရောင်ဝတ်စုံနှင့် မီးနတ်ဘုရား စစ်သည်များကို လှည့်ကြည့်လိုက်ပြီး၊ လက်ကို မြှောက်ကာ မေးလိုက်သည်။
“မီးနတ်ဘုရား စစ်သည်အပေါင်းတို့... မင်းတို့ ငါနဲ့အတူ လောကကြီးကို သိမ်းပိုက်ဖို့ လိုက်ကြမလား...”
ထောင်နှင့်ချီသော မီးနတ်ဘုရား စစ်သည်များသည် ဒူးထောက်လိုက်ကြပြီး ပြန်ဖြေကြလေ၏။
“သခင်ကြီးရဲ့ နောက်ကို ထာဝရ လိုက်ပါမယ်... သေသည်အထိ မယိမ်းမယိုင် သစ္စာရှိပါမယ်...”
ထို့နောက် တုပိုင်သည် ထောင်နှင့်ချီသော မီးနတ်ဘုရား စစ်သည်များကို ခေါ်ဆောင်ကာ မီးနတ်ဘုရားဘာသာ လျှို့ဝှက်ပလ္လင်ခွဲမှ ထွက်ခွာခဲ့ပြီး ၊ အိပ်မက်စနစ်၏ လမ်းညွှန်ပြသမှုအတိုင်း ပိုင်ဆယ်မြို့သို့ ပြန်လာလိုသည်။
တုပိုင် လက်ရှိရောက်နေသည့် နေရာသည် ပိုင်ဆယ်စီရင်စု ၊ လီမိသားစု နယ်မြေနှင့် အန်နမ်နိုင်ငံ သုံးခုဆုံရာ နယ်စပ်ဒေသဖြစ်လေ၏။
အင်အားသုံးထောင်ရှိသော လက်ရွေးစင် မီးနတ်ဘုရား စစ်တပ်ကြီးသည် လိုဏ်ဂူထဲမှ ပြေးထွက်လာကြလေ၏။
တုပိုင် ပိုင်ဆယ်မြို့တွင် မရှိသော ကာလအတောအတွင်း ၊ အထက်ပိုင်း ခေါင်းဆောင်များ အနည်းငယ် စိုးရိမ်ပူပန်ခဲ့ကြသော်လည်း ၊ နီရှန် နတ်မိမယ်သည် တုပိုင်ကို ခေါ်ဆောင်သွားစဉ်က စစ်ခုန်းယဲ့ထံ စာတစ်စောင် ထားခဲ့လေသည်။ သူမသည် တုပိုင်အပေါ် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ၊ ကိစ္စတစ်ခုကို အတည်ပြုရန်သာ ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ၊ ကိစ္စပြီးပါက တုပိုင်ကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့အပြင် သူမသည် တုပိုင်၏ ငရဲမီးတောက် လိုဏ်ဂူမှ ထွက်ခွာပြီး ပေမင်ဓားဂိုဏ်း အစည်းအဝေးသို့ ပြန်သွားချိန်တွင် ပိုင်ဆယ်မြို့ကို ဖြတ်သန်းခဲ့ရာ ၊ လီဝမ်ဟွေ့နှင့် အခြားသူများကို တစ်ကြိမ် ထပ်မံ ပြောကြားခဲ့သည်။ တုပိုင်သည် အရေးကြီးသော အဆင့်ကို ရောက်နေပြီး မကြာမီ ပြန်ရောက်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
တုပိုင် တစ်လခွဲခန့် မရှိသော်လည်း ၊ ပိုင်ဆယ်မြို့ရှိ ကိစ္စအဝဝသည် စနစ်တကျ လည်ပတ်နေဆဲ ဖြစ်သည်။
ဖူဟုန်ပင်းနှင့် လီဝမ်ဟွေ့တို့ နှစ်ဦးစလုံးသည် ကိုယ်ပိုင်အရည်အချင်းနှင့် ပြည့်စုံသော ခေါင်းဆောင်များ ဖြစ်ကြသည်။ အရာရာသည် မူလအစီအစဉ်အတိုင်း ဆက်လက် လည်ပတ်နေပြီး ၊ တုပိုင်၏ အင်အားစုများသည် စစ်သားစုဆောင်းခြင်းကို ရူးသွပ်မတတ် ပြုလုပ်နေကြသည်။
လီဝမ်ဟွေ့၏ ကွပ်ကဲမှုအောက်ရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး အင်အားစုများသည် မြင်းသည်တော် ထောင်ပေါင်းများစွာဖြင့် မိုင်ရာချီ အကွာအဝေးအတွင်းရှိ သိုင်းပညာရှင် မှန်သမျှကို လိုက်လံဖမ်းဆီးပြီး စစ်တပ်ထဲသို့ အတင်းအကြပ် သွတ်သွင်းခဲ့ကြသည်။ ယခုအချိန်အထိ လူတစ်သောင်းကျော် ဖမ်းဆီးရမိထားပြီ ဖြစ်သည်။
ထို့နောက် လီဝမ်ဟွေ့သည် ဤလူတစ်သောင်းကျော်၏ မိသားစုဝင်များကို ပိုင်ဆယ်မြို့ထဲသို့ အတင်းအကြပ် ပြောင်းရွှေ့စေခဲ့သည်။ တစ်ချက်မှာ ဤစစ်သားသစ်များကို မိသားစုနှင့် ပြန်လည် ပေါင်းစည်းပေးရန် ဖြစ်ပြီး ၊ အခြားတစ်ချက်မှာ ဓားစာခံအဖြစ် အသုံးပြုကာ ဤလူများကို လိမ်လိမ်မာမာ နာခံစေရန် ဖြစ်သည်။
ဖမ်းဆီးရမိသော ဤသိုင်းပညာရှင်များသည် တစ်ကိုယ်ရေ ကာယကြံ့ခိုင်မှု ကောင်းမွန်ပြီး တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းလည်း မြင့်မားကြသည်။ သို့သော် အားလုံးသည် တစ်ကိုယ်တော် တိုက်ခိုက်ရသည်ကို ကျင့်သားရနေကြသဖြင့် ၊ စစ်မြေပြင်တွင် သဲတစ်ပွင့်ချင်းစီ ကွဲပြားသွားသကဲ့သို့ စည်းလုံးမှု မရှိဘဲ ဖြစ်သွားတတ်ကြသည်။
ထို့ကြောင့် ဖမ်းဆီးခံရပြီး တစ်လကျော်အတွင်း ပြိုင်ဘက်ကင်း ရဲတိုက်မှ စစ်သည်များသည် ဤစစ်သားသစ်များကို သေမတတ် အစွမ်းကုန် လေ့ကျင့်ပေးခဲ့ကြလေသည်။
လီစစ်ချောင်နှင့် အခြားသူများသည် မိမိတို့၏ သိုင်းပညာ စွမ်းရည်ကို အားကိုးပြီး စစ်တန်းလျားထဲတွင် သိုင်းပညာရှင် အများအပြားကို စည်းရုံးကာ ကိုယ်ပိုင်အုပ်စု ဖွဲ့ရန် ကြိုးစားခဲ့ကြပြီး ၊ သူတို့ကို လေ့ကျင့်ပေးသော နည်းပြများနှင့် ထိပ်တိုက်တွေ့ရန် ကြိုးစားခဲ့ကြသေး၏။
ရလဒ်အနေဖြင့် လဝက်အတွင်းမှာပင် လူအများရှေ့၌ အဝတ်အစားများ ချွတ်၍ ရိုက်နှက်ခံရခြင်း သုံးကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရပြီး တစ်ကြိမ်လျှင် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့နောက် သစ်သားစင်မြင့်ပေါ်တွင် ချိတ်ဆွဲထားပြီး နေပူထဲတွင် နှစ်ရက်နှင့် နှစ်ည လှန်းထားခြင်း ခံခဲ့ရသည်။
အထက်မှ အမိန့်လာသည်မှာ သူတို့အတွက် လေးကြိမ်မြောက် အမှားလုပ်ခွင့် မရှိတော့ကြောင်း ၊ နောက်တစ်ကြိမ် မှားပါက ခေါင်းဖြတ်သတ်မည် ဖြစ်ကြောင်း ပြောထားသည်။
ရက်နှစ်ဆယ် မပြည့်ခင်မှာပင် လီစစ်ချောင်ကဲ့သို့ ခေါင်းမာသော လူမိုက်ခေါင်းဆောင်သည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သွားရလေသည်။
တကယ်တမ်းတွင် ယဉ်ကျေးလာခြင်း မဟုတ်ပါကလည်း မတတ်နိုင်ပေ။ စစ်ရေးပြကွင်းတစ်ဝိုက်ရှိ သစ်သားစင်များပေါ်တွင် အလောင်းကောင် ၂၀၀ ကျော် ချိတ်ဆွဲထားပြီး အားလုံးမှာ ကြိုးပေးကွပ်မျက်ခံထားရသူများ ဖြစ်သည်။
စစ်တပ်ထဲတွင် အမိန့်မနာခံခြင်းသည် သေလမ်းသာ ဖြစ်သည်။ ဖူဟုန်ပင်းက ပြောကြားထားသည်မှာ အမိန့်နှင့် စည်းကမ်းကို မလိုက်နာသူ ရှိပါက ၊ ဤလူတစ်သောင်းထဲမှ တစ်ဝက်လောက်ကို သတ်ပစ်လိုက်ရလျှင်လည်း ဝန်လေးမည် မဟုတ်ကြောင်း ပြောထားသည်။
လီဝမ်ဟွေ့က ပို၍ပင် ဆိုးသေးသည်။ စစ်တပ်ထဲတွင် ဆွေစဉ်မျိုးဆက် အပြစ်ပေးစနစ်ကို ကျင့်သုံးမည်ဟု ပြောထားသည်။ တစ်စုံတစ်ယောက်က ပြဿနာရှာပြီး စစ်ဥပဒေကို ချိုးဖောက်ပါက ၊ ထိုသူ၏ မိသားစုပါ ကံဆိုးမိုးမှောင်ကျမည် ဖြစ်ကြောင်း ကြေညာထားသည်။
ဤမျှ တင်းကျပ်သော စစ်ဥပဒေအောက်တွင် ဖမ်းဆီးထားသော သိုင်းပညာရှင် တစ်သောင်းစလုံးသည် တစ်လကျော်အတွင်းမှာပင် ယဉ်ပါးသွားကြတော့သည်။ သူတို့၏ စိတ်ထဲတွင် အငြိုးအတေး ရှိမရှိ ၊ တုပိုင်အပေါ် အမှန်တကယ် သစ္စာရှိမရှိ ဆိုသည်မှာ မသေချာသေးပေ။
တစ်လတည်းနှင့် တခြားလူတစ်ယောက်က ကိုယ့်ကို ရင်ထဲကနေ သစ္စာရှိလာအောင် ၊ ချစ်ခင်လာအောင် လုပ်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။ သူတို့ ကိုယ့်ကို မလေးစားခင် ကိုယ့်ကို ကြောက်ရွံ့သွားအောင် လုပ်ခြင်းကလည်း ရွေးချယ်မှု ကောင်းတစ်ခုပင်။
အကယ်၍ လီဝမ်ဟွေ့သည် ဖမ်းဆီးခံ သိုင်းပညာရှင် စစ်သားသစ်များအပေါ် ဆောင်းရာသီကဲ့သို့ အေးစက်ခဲ့သည် ဆိုလျှင် ၊ သူတို့၏ မိသားစုဝင်များ အတွက်မူ နွေဦးပေါက် ရာသီကဲ့သို့ နွေးထွေးခဲ့လေသည်။
ငွေပေးသည်၊ ရိက္ခာပေးသည်၊ အသားငါး ပေးသည်။
ကလေး နေမကောင်းလျှင် ၊ လူကြီး နေမကောင်းလျှင် ဆရာဝန် ချက်ချင်း လွှတ်ပေးသည်။
မြို့ထဲရှိ အကောင်းဆုံး အိမ်များကို ဤစစ်သည်များ၏ မိသားစုများအတွက် ပေးထားပြီး လစဉ်လစာကိုလည်း မိသားစုများထံ တိုက်ရိုက် ပေးအပ်လေသည်။
ထို့အပြင် စွမ်းဆောင်ရည် ကောင်းမွန်သော စစ်သားသစ်များအတွက် လီဝမ်ဟွေ့သည် အရာရှိများကို ဦးဆောင်ကာ ထိုစစ်သား၏ အိမ်သို့ ကိုယ်တိုင် သွားရောက် အားပေးစကား ပြောကြားပြီး ၊ လူအများရှေ့တွင် ဆုချီးမြှင့် ဂုဏ်ပြုပေးလေသည်။
ထို့ကြောင့် စစ်သားသစ်များ၏ စိတ်ထဲတွင် လီဝမ်ဟွေ့သည် မိစ္ဆာတစ်ကောင် ဖြစ်နေသော်လည်း ၊ သူတို့၏ မိသားစုဝင်များ၏ မျက်လုံးထဲတွင်မူ လီဝမ်ဟွေ့သည် ဘုရားလောင်းကဲ့သို့ကို မြင့်မြတ်သည့် သူတော်စင်တစ်ဦး ဖြစ်နေလေသည်။
ဤစစ်သားသစ်များသည် တစ်လလျှင် နှစ်ရက် အိမ်ပြန်ခွင့် ရရှိပြီး ဇနီးမယား ၊ သားသမီး ၊ မိဘများနှင့် တွေ့ဆုံခွင့် ရရှိကြသည်။ အိမ်ရောက်သည်နှင့် တုပိုင်နှင့် လီဝမ်ဟွေ့အကြောင်း မကောင်းပြောရန် ပြင်လိုက်သော်လည်း ၊ ဖခင်ဖြစ်သူက ပါးရိုက်လိုက်လေသည်။
“မိုက်မဲတဲ့ကောင်... ကျေးဇူးကန်းတဲ့ကောင်... သခင်ကြီးတုပိုင်က ဒီလောက် ကောင်းတဲ့ အရာရှိ ၊ သခင်ကြီးလီဝမ်ဟွေ့က ဒီလောက် ကောင်းတဲ့ အရာရှိကိုတောင် မင်းက ဆဲရဲသေးတယ်လား... မင်းမျက်လုံးက တိမ်ဖုံးသွားပြီလားဟေ...”
**--**--**--**--**--**--**--**
လီစစ်ချောင် အိမ်ပြန်ရောက်သောအခါ ထမင်းစားပွဲဝိုင်းတွင် တိုးတိုးလေး ပြောလိုက်မိသည်။
“ငါ့ကို အခွင့်အရေးသာ မပေးနဲ့... အခွင့်အရေး ရတာနဲ့ တုပိုင်ရော လီဝမ်ဟွေ့ကိုရော သတ်ပစ်မယ်...”
ရလဒ်အနေဖြင့် ဖခင်ဖြစ်သူက မီးဖိုချောင်ထဲ ဝင်သွားပြီး ဓားကိုင်ကာ သူ့ကို ပြန်သတ်ရန် ကြိုးစားလေတော့သည်။
ဇနီးဖြစ်သူကလည်း သူ့မျက်နှာကို တံတွေးနှင့် လှမ်းထွေးလိုက်လေ၏။
“လူယုတ်မာ... ရှင့်သား ငှက်ဖျားမိတုန်းက သခင်ကြီးလီဝမ်ဟွေ့နဲ့ သခင်ကြီးတုပိုင်တို့ ပေးတဲ့ ဆေးသာ မရရင် ရှင့်သား သေသွားပြီ... လွန်ခဲ့တဲ့ လဝက်လောက်ကလေ...” ဇနီးဖြစ်သူသည် လီစစ်ချောင်၏ မျက်နှာကို ကုတ်ဖဲ့ရင်း ဆဲဆိုလိုက်သည်။ “သခင်ကြီးလီဝမ်ဟွေ့လို ရာထူးကြီးတဲ့ လူတစ်ယောက်က ကျွန်မတို့ သားလေးအတွက် လေးခေါက်တောင် လာကြည့်ပေးသွားတာ... ရှင်သာ ပြဿနာရှာရဲရင် ရှင့်ကို သွားတိုင်ပစ်မယ်... ရှင့်ကြောင့်နဲ့ တစ်မိသားစုလုံး ဒုက္ခရောက်လို့ မဖြစ်ဘူး...”
လီစစ်ချောင်သည် မျက်နှာတွင် အကုတ်အဖဲ့ရာများဖြင့် နာကျင်စွာ ပြောလိုက်သည်။
“ငါက အရင်တုန်းက ထင်တိုင်းကြဲ လုပ်နိုင်တဲ့ ဂိုဏ်းခေါင်းဆောင်ကွ... အခုတော့ စစ်သားလေး ဖြစ်သွားပြီ... မင်းတို့ မျက်နှာမငယ်ဘူးလား...”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team