← Chapters

အခန်း (၅၄၄)

Vol. 55 Ch. 544

အခန်း (၅၄၄)

Vol. 55 Ch. 544

ဇနီးဖြစ်သူက စူးစူးဝါးဝါးဖြင့် အော်ဟစ်လိုက်လေ၏။

“ရှင်ကလေ... အရင်တုန်းက မတရားငွေရှာတုန်းကတော့ ရွာသားတွေက ရှင့်ကို စောစောသေပါစေလို့ ကျိန်ဆဲကြတယ် မဟုတ်လား...။ အခု ရှင် စစ်သားဖြစ်သွားတော့ ရှင့်မိသားစုက လစဉ်လစာနဲ့ ရိက္ခာတွေ ပုံမှန်ရတယ်... ပြီးတော့ လတိုင်း အသားဟင်း စားရတယ်...။ အရင်ကထက် အများကြီး ပိုကောင်းနေတာကို ဘာတွေများ စိတ်ပူနေရတာလဲ...”

လီစစ်ချောင်သည် ဒေါသအိုး ပေါက်ကွဲသွားသကဲ့သို့ ပြန်လည်အော်ဟစ်လိုက်လေတော့သည်။

“အောင်မယ်။ ဒီမိန်းမကတော့... မင်းက ဘာနားလည်လို့လဲ...။ ကွမ်ရှီးပြည်နယ် အရှေ့ပိုင်းမှာ ယွမ်ထျန်ကျောက်ရဲ့ စစ်တပ် သောင်းချီ ရှိနေတာ... အနောက်ပိုင်းမှာလည်း လီရူဟိုင်ရဲ့ စစ်တပ် သိန်းချီ ရှိနေတယ်ဟ...။ တုပိုင်က မကြာခင် ကျဆုံးတော့မှာ... အဲဒီအချိန်ကျရင် ငါတို့အားလုံး အတူတူ သေကုန်ကြမှာဟ...”

သို့သော် ဇနီးသည်၏ တုံ့ပြန်မှုက လီစစ်ချောင်ထက်ပင် နှာတစ်ဖျား သာနေလေ၏။ သူမက ခါးထောက်ကာ ပြန်လည်ချေပလိုက်သည်။

“ရှင်က ဘာတွေ လာပြီး ဟန်ဆောင်နေတာလဲ...။ အနောက်ဘက်မှာ ကျန့်ကော်နယ်စားမင်းနဲ့ လီရူဟိုင်တို့ တိုက်ပွဲတွေ စဖြစ်နေပြီရှင့်...။ မြောက်ဘက်က ရွှမ်ချန်နယ်စားမင်းရဲ့ စစ်တပ် သောင်းချီကလည်း တောင်ဘက်ကို ဆင်းလာနေပြီ...။ သခင်ကြီးတုပိုင်ရဲ့ စစ်တပ်အင်အားကလည်း နေ့တိုင်း တိုးပွားနေတာ...။ ကျွန်မတို့ လုံးဝ ရှုံးမှာ မဟုတ်ဘူး...”

လီစစ်ချောင်မှာ ကြောင်အမ်းသွားရချေသည်။ သူ၏ ဇနီးသည်မှာ တောသူမလေး ဖြစ်ပြီး ၊ မည်သည့်အကြောင်းအရာကိုမျှ နားမလည်သူဟု ထင်မှတ်ထားခဲ့သော်လည်း ၊ ယခုမူ ရွှမ်ချန်နယ်စားမင်းတို့ ၊ ကျန့်ကော်နယ်စားမင်းတို့ကိုပါ သိရှိနားလည်နေ၏။

အမှန်စင်စစ်အားဖြင့် လင်းချီနျန်နှင့် ချန်ဖိန်၏ ဝါဒဖြန့်ချိရေး အဖွဲ့သည် ဤမိသားစုဝင်များ၏ အတွေးအခေါ်များကို နေ့စဉ်နှင့်အမျှ ဝါဒမှိုင်းတိုက် ရိုက်သွင်းနေခြင်း ဖြစ်ပေသည်။

ထိုသို့ အတွေးအခေါ် ရိုက်သွင်းသည့် နည်းလမ်းမှာလည်း အလွန် ရိုးရှင်းလှပေသည်။ အခြေအနေအရပ်ရပ်မှာ အလွန်တရာ ကောင်းမွန်နေသည်... သာမန်ကာလျှံကာ ကောင်းမွန်နေခြင်း မဟုတ်ဘဲ ၊ အံ့မခန်း တိုးတက်နေသည်ဟူသော ပုံစံမျိုးပင် ဖြစ်လေသည်။

ဤမိသားစုဝင်များသည်လည်း ဂုဏ်ယူဝင့်ကြွားနေကြလေသည်။ သာမန်ပြည်သူများ ဖြစ်ကြသော်ငြား နန်းတွင်း စစ်ရေးနိုင်ငံရေး ကိစ္စရပ်များတွင် ပါဝင်ခွင့်ရနေသည်ဟု ခံစားနေကြရ၏။ ဤသည်မှာ အလွန် ဂုဏ်ယူဖွယ်ရာ ကောင်းသည် မဟုတ်ပါလော။

နောက်ထပ် တစ်နှစ်ခွဲခန့် အချိန်ကြာမြင့်ပါက ဤသူများသည် မြို့တော်ရှိ သတင်းပေးရာတွင် နာမည်ကျော်ကြားသော ပြည်သူများကဲ့သို့ပင် သတင်းအချက်အလက် စီးဆင်းမှုတွင် အရေးပါသူများ ဖြစ်လာကြပေလိမ့်မည်။

နောက်ဆုံးတွင်မူ မည်သူက အကျိုးပေးသနည်း... ထိုသူကို ထောက်ခံမည်ဆိုသည့် စကားအတိုင်းပင် ဖြစ်ချေသည်။ ဤသိုင်းပညာရှင်များ၏ မိသားစုများသည် မူလက ကျေးလက်တောရွာများတွင် နေထိုင်ခဲ့ကြသော်လည်း ၊ ယခုအခါ မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ခွင့် ရရှိကြသည် ၊ ပိုမို ခန့်ညားသော နေအိမ်များတွင် နေထိုင်ရသည် ၊ ကောင်းမွန်သော အစားအစာများကို စားသောက်ရသည် ၊ ယခင်ကထက် ငွေကြေး ပိုမို ရရှိကြသည် ဖြစ်ရာ သူတို့ကို မထောက်ခံစရာ အကြောင်း မရှိပေ။

အိမ်နောက်ဖေး မီးလင်းမှသာ ရှေ့အိမ်ကြီးလည်း လင်းမည် မဟုတ်ပါလော။ မိသားစု တည်ငြိမ်အေးချမ်းမှသာ စစ်သားများသည်လည်း တည်ငြိမ်စွာ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ပေသည်။

ထင်ထားသည့်အတိုင်းပင် အိမ်မှ စစ်တန်းလျားသို့ ပြန်ရောက်လာသောအခါ ၊ ဤစစ်သားသစ်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည် လုံးဝ ပြောင်းလဲသွားပြီး ပိုမို လေးနက် တည်ငြိမ်လာကြလေသည်။

လီစစ်ချောင်၏ စိတ်နှလုံးသည်လည်း ပြောင်းလဲသွားလေ၏။

‘သောက်ကျိုးနည်း... ငါ့တစ်မိသားစုလုံး လီဝမ်ဟွေ့နဲ့ တုပိုင်ရဲ့ လှည့်စားတာ ခံလိုက်ရပြီ... ဒါပေမဲ့ ငါ့မိဘတွေ ၊ ငါ့မိန်းမနဲ့ ငါ့ကလေးတွေကို ငါ ပစ်မထားနိုင်ဘူး... ဒါကြောင့် လောလောဆယ်တော့ တုပိုင်ဆီမှာပဲ ကပ်ပြီး နေရမှာပဲ... ငါ့သိုင်းပညာက ဒီလောက်ကောင်းတာ... ဘယ်လိုလုပ် အရာရှိ မဖြစ်ဘဲ နေမှာလဲ...’

ဆိုးရွားသည်မှာ သူ၏ တပည့်ကျော် ညီငယ်တချို့က သူ့ထက်အရင် စောစောစီးစီး အသိဉာဏ် ပွင့်လင်းသွားကြပုံရသည်။ လွန်ခဲ့သည့် လဝက်ခန့်ကတည်းက လိမ်လိမ်မာမာဖြင့် ကြိုးစားနေကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ သူ၏ အရာရှိများ ဖြစ်လာပါက သူအရှက်ကွဲပြီး သေရချည်ရဲ့ဟု လီစစ်ချောင် တွေးလိုက်မိသည်။

‘အထူးသဖြင့် ဟို စာပေသမားလေးလေ... သခင်ကြီးချန်ဖိန်ကို နေ့တိုင်း ဖားနေတဲ့ကောင်... အခုဆို မြို့တော်ဝန်ရုံးရဲ့ စာရေး ဖြစ်နေပြီ... အရင်တုန်းက စာမေးပွဲတောင် မအောင်တဲ့ကောင်က ငါ့နောက်လိုက်ပြီး ထမင်းစား ၊ အရက်သောက် လုပ်နေတဲ့ကောင်... ပြီးခဲ့တဲ့ တစ်ခေါက် လမ်းမှာ တွေ့တော့ ငါ့ပခုံးကို ပုတ်ပြီး ကြိုးစားထားနော် တဲ့... ခွေးမသားလေးက သောက်ရမ်း ရဲတင်းတာပဲ...’

ရုတ်တရက် လီစစ်ချောင်၏ ရင်ထဲတွင် အကျပ်အတည်း ခံစားမှုတစ်ခု ဖြစ်ပေါ်လာလေ၏။

‘မဖြစ်ဘူး... ငါ နိုးထမှ ရမယ်... ငါ လိမ္မာမှ ရမယ်... ငါ ရာထူးတက်မှ ရမယ်...’

**--**--**--**--**--**--**--**

လီဝမ်ဟွေ့သည် ပြည်ထဲရေး စီမံခန့်ခွဲမှုတွင် ပါရမီရှင်တစ်ဦး ဖြစ်ပြီး ၊ ပိုင်ဆယ်မြို့တစ်မြို့လုံးကို ကောင်းမွန်စွာ စီမံအုပ်ချုပ်ထားလေသည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရန်စစ်သည် နှစ်သောင်းနှင့် လီဝမ်ဟွေ့ ဖမ်းဆီးစုဆောင်းပေးသော စစ်သားသစ် တစ်သောင်း ပေါင်းလိုက်သောအခါ ၊ တုပိုင်၏ စစ်တပ်အင်အားသည် သုံးသောင်းခွဲမှ ခြောက်သောင်းခွဲအထိ တိုးပွားလာလေ၏။ ထို့အပြင် လူသစ်စုဆောင်းခြင်း ဟု အမည်ခံထားသော်လည်း လက်တွေ့တွင်မူ အတင်းအကြပ် ဖမ်းဆီးခြင်းသာ ဖြစ်သည့် လုပ်ငန်းစဉ်သည် ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သဖြင့် အင်အားသည် နောင်တွင်လည်း ဆက်လက် တိုးပွားနေဦးမည် ဖြစ်သည်။

လီလင်းသည် စစ်သည် တစ်သောင်းခွဲကို ဦးဆောင်ကာ ပိုင်ဆယ်စီရင်စု ပတ်ဝန်းကျင်ရှိ မြို့နယ်များကို စတင် သိမ်းပိုက်ပြီး တုပိုင်၏ နယ်မြေကို ချဲ့ထွင်နေလေသည်။ တစ်လကျော် ကာလအတွင်းမှာပင် တုပိုင်၏ နယ်မြေသည် အဆများစွာ ကျယ်ပြန့်လာခဲ့၏။ မူလက ပိုင်ဆယ်မြို့ တစ်မြို့တည်းသာ ရှိသော်လည်း ၊ ယခုအခါ မြို့ကြီးတစ်မြို့နှင့် မြို့နယ်ခွဲ ငါးခုအထိ ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် ဖူဟုန်ပင်းသည်လည်း စစ်တပ်ချဲ့ထွင်ရေး စီမံချက်၏ တတိယအဆင့်ကို စတင် အကောင်အထည်ဖော်ရန်အတွက် တောင်တန်းများဆီသို့ စစ်ချီတက်သွားလေ၏။ သူမ၏ ရည်မှန်းချက်မှာ တောင်ပေါ်သူပုန်များကို နှိမ်နင်းပြီး ၊ မိုမိသားစု၏ တပ်ဟောင်းများကို မိမိဘက်သို့ သိမ်းသွင်းရန် ဖြစ်သည်။

လွန်ခဲ့သော နှစ်များက မိုမိသားစု ရှုံးနိမ့်သွားပြီးနောက် ၊ အင်အား နှစ်သောင်း သုံးသောင်းခွဲခန့်ရှိသော တပ်ဖွဲ့ဝင်များသည် တောင်တန်းများထဲသို့ ထွက်ပြေးပုန်းခိုသွားကြပြီး ၊ အများစုမှာ တောင်ပေါ်သူပုန်ဘုရင်များ ဖြစ်လာကြသည်။

ဖူဟုန်ပင်းသည် ဝံပုလွေမြင်းစီးတပ်သား သုံးရာနှင့် သိုင်းပညာရှင် သုံးထောင်ကို ဦးဆောင်ကာ တောင်ပေါ်သူပုန်များကို နှိမ်နင်းရန် ချီတက်သွားသည်။ သူမ၏ ပစ်မှတ်မှာ မိုမိသားစု တပ်ဟောင်းများ စုဝေးရာ အကြီးဆုံး စခန်းဖြစ်သည့် မိစ္ဆာနဂါးစခန်းပင် ဖြစ်လေ၏။

ထိုနေရာသည် ပိုင်ဆယ်မြို့နှင့် မိုင်ရာချီ ဝေးကွာပြီး ၊ အန်နမ်နိုင်ငံ ၊ လီမိသားစု နယ်မြေနှင့် ပိုင်ဆယ်စီရင်စု သုံးခုဆုံရာ နယ်စပ်ဒေသ ဖြစ်ကာ ၊ မြင့်မားသော တောင်တန်းများနှင့် ထူထပ်သော သစ်တောများ ရှိလေသည်။ တာ့နင်အင်ပါယာ အစိုးရနှင့် လီမိသားစု နှစ်ဖက်စလုံးသည် တောင်ပေါ်သူပုန်များကို နှိမ်နင်းရန် စစ်တပ်များ စေလွှတ်ခဲ့ဖူးသော်လည်း ၊ ဆိုးရွားကြမ်းတမ်းသော ပထဝီအနေအထားကြောင့် အကြိမ်တိုင်းတွင် အထိအခိုက် အကျအဆုံး များပြားကာ လက်ဗလာဖြင့် ပြန်လှည့်လာခဲ့ကြရသည်။

ယခုတစ်ကြိမ်တွင် ဖူဟုန်ပင်း၌ ဝံပုလွေမြင်းစီးတပ်သားများ ပါရှိသဖြင့် ၊ တောင်တန်းများနှင့် သစ်တောများထဲတွင် မြေပြင်ပြန့်၌ သွားလာသကဲ့သို့ လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ပြီး ၊ မိုမိသားစု၏ အကြီးမားဆုံး တောင်ပေါ်စခန်းကို သိမ်းပိုက်ရန် သန္နိဋ္ဌာန် ချထားလေသည်။

သို့သော် သူမသည် ဤနေရာ၏ ပတ်ဝန်းကျင် အခြေအနေ ဆိုးရွားမှုကို လျှော့တွက်မိခဲ့သည်။ နေရာတိုင်းတွင် အဆိပ်ငွေ့များ ရှိနေပြီး ၊ အဆိပ်ရှိသော ပိုးမွှားများနှင့် မြွေများ ပြည့်နှက်နေလေသည်။ မိစ္ဆာနဂါး စခန်းသို့ မရောက်မီမှာပင် သူမ၏ စစ်တပ်သည် အထိအခိုက် အကျအဆုံး များပြားနေပြီ ဖြစ်သည်။

သို့သော်ငြား ဖူဟုန်ပင်းသည် လုံးဝ လက်လျှော့မည် မဟုတ်ပေ။ မိစ္ဆာနဂါး စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်သည်နှင့် ကျန်သည့်ကိစ္စရပ်များ အားလုံး လွယ်ကူသွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် မိုမိသားစု တပ်ဟောင်းများသည် တောင်စခန်း မဟာမိတ်ပုံစံဖြင့် ဖွဲ့စည်းထားပြီး ၊ မိုင်ရာချီ ကျယ်ဝန်းသော တောင်တန်းများထဲတွင် စခန်းပေါင်း ဆယ်နှင့်ချီအား ဖြန့်ကျက်ထားရှိသည်။ မိစ္ဆာနဂါး စခန်းသည် မဟာမိတ်အဖွဲ့၏ ဝင်ပေါက် ဖြစ်သလို ၊ ခေါင်းဆောင်လည်း ဖြစ်လေသည်။

မိစ္ဆာနဂါး စခန်းကို သိမ်းပိုက်နိုင်ခြင်းသည် မိုမိသားစု တပ်ဟောင်းများကို သိမ်းသွင်းခြင်း လုပ်ငန်းစဉ်၏ ထက်ဝက် ပြီးမြောက်သွားခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ မိုမိသားစု တပ်ဟောင်းများကို သိမ်းသွင်းနိုင်လိုက်သည်နှင့် ၊ မြို့စားမင်းတုပိုင်သည် စစ်သည်အင်အား တစ်သိန်းနီးပါး ပိုင်ဆိုင်သွားမည် ဖြစ်ပြီး ၊ စစ်ပွဲအား အနိုင်လျှင်ပင် အနည်းဆုံးတော့ ရှုံးနိမ့်စရာ အကြောင်း မရှိတော့ဘဲ သရေအနေအထားကို ထိန်းထားနိုင်ပေလိမ့်မည်။

**--**--**--**--**--**--**--**

မိစ္ဆာနဂါး စခန်း။

မိုမိသားစု တပ်ဟောင်း ဆယ့်သုံးစခန်း၏ ခေါင်းဆောင် မိုအောက်သည် တစ်ချိန်က မိုမိသားစု စော်ဘွား၏ စစ်သူကြီးတစ်ဦး ဖြစ်ပြီး အဆင့်ကိုး နေရာတွင် ရှိခဲ့သည်။ သူသည် ကောက်ကျစ်စဉ်းလဲသူ ဖြစ်သဖြင့် ၊ မိုမိသားစု ကျဆုံးချိန်တွင် သေဆုံးခြင်း မရှိခဲ့ဘဲ ၊ စစ်တပ်ကို ဦးဆောင်ကာ တောင်ပေါ်သို့ ထွက်ပြေးပုန်းခိုပြီး တောင်ပေါ်ဘုရင် လုပ်နေခြင်း ဖြစ်သည်။

ယခုအချိန်တွင် မိုအောက်သည် အထူးဧည့်သည်တော် တစ်ဦးကို လက်ခံတွေ့ဆုံနေလေသည်။ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်း၏ သံတမန် ၊ တုမိသားစုဝင် ၊ တုပိုင်၏ ဝမ်းကွဲညီအစ်ကို တုယွမ် ပင် ဖြစ်လေသည်။

“ဒါက ငွေစက္ကူ သုံးသိန်းတန်...”

“ဒါက ပိုင်ဆယ်စီရင်စုမှူး ၊ ပိုင်ဆယ်စစ်သူကြီး ရာထူး ခန့်အပ်လွှာ... ဧကရာဇ်ရဲ့ တံဆိပ်တုံး မပါပေမဲ့ တရားဝင်တယ်လို့ ယူဆလို့ ရပါတယ်...”

“ပြီးတော့ ရိက္ခာ ဆန်အိတ် ၅ သောင်း... ပင်လယ်ပြင်မှာ ကြိုတောင်ရောက်နေပြီ...”

မိုအောက်သည် ပါးစပ်ဖြဲကာ ပြုံးလိုက်ပြီး ပြောလေ၏။

“သခင်ကြီးတု စိတ်ချပါ... စိတ်ချပါ... ကျွန်တော် ကတိပေးထားတဲ့အတိုင်း သေချာပေါက် လုပ်ပေးပါ့မယ်...”

တုယွမ်က တည်ငြိမ်စွာပင် မေးလိုက်သည်။

“တုပိုင်ရဲ့ လက်အောက်ငယ်သား ဖူဟုန်ပင်းက စစ်တပ်ကို ဦးဆောင်ပြီး ခင်ဗျားရဲ့ မိစ္ဆာနဂါး စခန်းကို တိုက်ဖို့ လာနေပြီ... အားလုံး ပြင်ဆင်ပြီးပြီလား...”

“သံတမန်မင်း... ကျွန်တော့်နောက် လိုက်ခဲ့ပါ...”

တုယွမ်သည် မိုအောက်၏ နောက်မှ လိုက်ပါသွားပြီး လိုဏ်ဂူထဲမှ ထွက်ကာ မြင့်မားသော နေရာတစ်ခုပေါ်တွင် ရပ်လိုက်သည်။ ထိုနေရာသည် တောင်များဖြင့် ဝိုင်းရံထားပြီး ကတော့ပုံ ချိုင့်ဝှမ်းသဏ္ဌာန် ဖြစ်နေကာ ၊ ဝင်ပေါက် တစ်ခုတည်းသာ ရှိပြီး အလွန် ကျဉ်းမြောင်းလှပေသည်။

မိုအောက် အမိန့်ပေးလိုက်သည်နှင့် ၊ သူ၏ လက်အောက်ငယ်သားများက အလံကြီးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ကြသည်။

“သတ်ကြစမ်းးး...”

“သတ်... သတ်...”

“ဘုန်းးး... ဝုန်းးး...”

ရုတ်တရက် သစ်တောများနှင့် မြက်ခင်းများကြားမှ တောင်ပေါ်သူပုန်များ ရုတ်တရက် ထွက်ပေါ်လာကြလေသည်။ အရပ်မျက်နှာ အားလုံးမှ ဝိုင်းရံထားပြီး ၊ ချိုင့်ဝှမ်းတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်သည်။

သဘာဝအတိုင်း ဖြစ်ပေါ်နေသော အိတ်ပုံစံ ပိတ်ဆို့စစ်ဆင်ရေးကွက်ကြီး တစ်ခု ၊ ကုန်းတွင်းပိတ် ချုံခိုတိုက်ခိုက်ရန် အကောင်းဆုံး နေရာတစ်ခုပင်။ ထို့အပြင် မရေမတွက်နိုင်သော ကျောက်တုံးကြီးများနှင့် မြှားများကိုလည်း ပြင်ဆင်ထားသေးသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters