အခန်း (၅၄၆)
Vol. 55 Ch. 546
နှစ်လနီးပါး ကြာအောင် ခရီးရှည် ချီတက်ခဲ့ပြီးနောက် ၊ ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်သည် ၇ သောင်းသည် နောက်ဆုံးတွင် ဟူနန်ပြည်နယ် နယ်စပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ပန်းတိုင်မှာ ထိုနေရာမှတစ်ဆင့် တောင်ဘက်သို့ ဆက်လက် ချီတက်ကာ ၊ တုပိုင်နှင့် ပူးပေါင်းပြီး လီမိသားစု၏ တာ့ယန်တိုင်းပြည် သိမ်းပိုက်ထားသော ကွေ့ကျိုးပြည်နယ်ကို တိုက်ခိုက်ရန် ဖြစ်လေ၏။
သို့သော် လက်ရှိအချိန်၌ ရွှမ်ချန်နယ်စားမင်း လုကျန့်ထံသို့ အထူးဧည့်သည်တော် တစ်ဦး ရောက်ရှိလာလေ၏။ တုကျန်း၏ ညီ ၊ တုပိုင်၏ ဦးလေးတော်စပ်သူ တုကျန့် ပင် ဖြစ်သည်။
“ရွှမ်ချန်နယ်စားမင်း... ဧကရာဇ်ဆီက စစ်စရိတ် ဘယ်လောက်ရခဲ့လဲ...”
တုကျန့်က တဲ့တိုးပင် မေးလိုက်သည်။
“ငွေတုံး သုံးသိန်း...” လုကျန့်က ပြန်ဖြေ၏။
ချက်ချင်းပင် တုကျန့်သည် ငွေလက်မှတ်တစ်ထပ်ကို တိုက်ရိုက် ကမ်းပေးလိုက်ပြီး ဆိုလေ၏။ “ဒါက ငွေတုံး သုံးသိန်းခွဲ... ခင်ဗျားရဲ့ စစ်တပ်ကို ဆက်မချီတက်စေနဲ့တော့... ဟူနန်ပြည်နယ်ထဲမှာပဲ တပ်စွဲထားလိုက်ပါ...”
ရွှမ်ချန်နယ်စားမင်း လုကျန့်က မျက်နှာပျက်ယွင်းစွာဖြင့် ပြန်ပြောလိုက်သည်။ “ကျွန်တော့် မိသားစုကို လီလျန်တင်းက ဖမ်းထားပြီးပြီ... ကျွန်တော်သာ ရပ်တန့်လိုက်ရင် ဧကရာဇ်က ကျွန်တော့် မိသားစု တစ်ခုလုံးကို သတ်ပစ်လိမ့်မယ်...”
တုကျန့်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ကာ ပြောလိုက်သည်။ “ဧကရာဇ်က မကြာခင် အစာငတ်သေတော့မှာပါ...”
“ဧကရာဇ် အစာငတ်မသေခင် ကျွန်တော့် မိသားစု တစ်ခုလုံးကို သတ်ပစ်နိုင်သေးတယ်...”
တုကျန့်၏ မျက်နှာ အေးစက်သွားပြီး အိတ်ထဲမှ နောက်ထပ် ငွေလက်မှတ်တစ်ထပ်ကို ထုတ်ကာ စားပွဲပေါ် ပစ်တင်လိုက်သည်။
ဘုန်း...။
“နောက်ထပ် တစ်သိန်း ထပ်ပေါင်းပေးမယ်... ယောကျာ်းတစ်ယောက် ဖြစ်ပြီး ဘာလို့ မိသားစုအတွက် ပူပန်နေရတာလဲ... ရွှမ်ချန်နယ်စားမင်းက ငယ်ငယ်လေးပဲ ရှိသေးတာ... မိန်းမထပ်ယူ ၊ ကလေးထပ်မွေးလို့ ရတာပဲ... ပြီးတော့ ဧကရာဇ်က ခင်ဗျားရဲ့ မိသားစု တစ်ခုလုံးကို သတ်ပစ်နိုင်တယ် ဆိုပေမဲ့ ခင်ဗျားကတော့ အသက်ရှင်နေသေးတယ်လေ... အရေးအကြီးဆုံးက ဧကရာဇ်က ခင်ဗျားရဲ့ မိသားစုကို သတ်နိုင်သလို ၊ တခြားလူတွေကလည်း သတ်နိုင်တယ် ဆိုတာကို မမေ့နဲ့...”
ဤသည်မှာ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်ခြင်းဖြစ်၏။ ဧကရာဇ်က မင်းရဲ့ မိသားစုကို သတ်နိုင်သလို ၊ ငါတို့ ဖန်းအုပ်စုကလည်း မင်းရဲ့ မိသားစုကို သတ်နိုင်တယ် ဆိုသည့် သဘောပင်။
ထို့နောက် တုကျန့်က ဆက်ပြောသည်။ “ရွှမ်ချန်နယ်စားမင်း... ဒီတစ်ခေါက် တုပိုင် သေချာပေါက် သေရမယ်... ဘယ်သူပဲ ဝင်တားတား ၊ တစ်မိသားစုလုံး အသတ်ခံရမယ်... ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး...”
ထိုညတွင် ရွှမ်ချန်နယ်စားမင်း လုကျန့်သည် လက်ထဲမှ ငွေတုံး လေးသိန်းခွဲတန် ငွေလက်မှတ်များကို ကိုင်လျက် ၊ တစ်ညလုံး မှိုင်တွေငေးငိုင် နေခဲ့လေသည်။
ဧကရာဇ်ဆီက သုံးသိန်း ညှစ်ထုတ်ခဲ့သလို ၊ ဖန်းမိသားစုဆီကလည်း လေးသိန်းခွဲ ရရှိခဲ့သည်။ “အင်း... လက်ထဲမှာ စစ်တပ်ရှိနေသရွေ့ ၊ ကိုယ်ပိုင်ဘုရင် လုပ်လို့ ရတာပဲ... တိုက်တောင် မတိုက်ရသေးဘူး ငွေတုံး သိန်းချီ ရနေပြီ...”
ရွှမ်ချန်နယ်စားမင်း လုကျန့် တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။ “ယောကျာ်းတစ်ယောက်အတွက် မိန်းမနဲ့ ကလေး မရှိလည်း ဘာဖြစ်လဲ... အရှင်မင်းကြီးရေ... ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်သေးဘဲနဲ့ တုပိုင် ဆိုတဲ့ မိန်းမစိုးလေး သေတာရှင်တာကို လာစိတ်ပူမနေပါနဲ့တော့...”
တစ်ရက်ကြာပြီးနောက် ရွှမ်ချန်နယ်စားမင်း လုကျန့်သည် နေထိုင်မကောင်းကြောင်း အကြောင်းပြပြီး ၊ သူ၏ စစ်တပ်ကြီးကို တရားဝင် ရပ်တန့်လိုက်လေတော့သည်။
**--**--**--**--**--**--**--**
စိချွမ်းပြည်နယ် ၊ ရွှီကျိုးမြို့
စိချွမ်းပြည်နယ် အုပ်ချုပ်ရေးမှူး ၊ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် ထံသို့ စာတစ်စောင် ရောက်ရှိလာလေ၏။ ထိုစာသည် ကျန့်ရှီးနယ်စား ၊ ပိုင်ဆယ်စီရင်စုမှူး ၊ ပိုင်ဆယ်စစ်သူကြီး တုပိုင်ထံမှ ပေးပို့လိုက်သော စာဖြစ်လေသည်။
တကယ်တမ်းတွင် ဤစာကို လီဝမ်ဟွေ့က တုပိုင်၏ လေသံဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။
စာထဲတွင် စာလုံးရေ ထောင်ချီ အသုံးပြုပြီး ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်၏ သူရဲကောင်းဆန်သော သမိုင်းကြောင်းများကို ချီးကျူးထားပြီး ၊ တာ့နင်အင်ပါယာ အနောက်တောင်ဘက် ဒေသ၏ ကျောက်တိုင်ကြီးအဖြစ် တင်စားထားကာ ၊ တုပိုင်အနေဖြင့် လက်အောက်ခံအဖြစ် နေလိုကြောင်း ရေးသားထားသည်။
ထို့နောက် ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်၏ ၅၅ နှစ်ပြည့် မွေးနေ့ မကြာမီ ရောက်ရှိတော့မည် ဖြစ်ကြောင်း ကြားသိရသဖြင့် ၊ ရွှေတုံး တစ်သောင်းကို မွေးနေ့လက်ဆောင်အဖြစ် ပေးပို့လိုက်ကြောင်း ရေးသားထားသည်။
စာ၏ နောက်ဆုံးတွင် တုပိုင်သည် ရိုးသားစွာ မေတ္တာရပ်ခံထားသေး၏။ ရေးသားထသည်များမှာ ၊ ကျန့်ကော်နယ်စားမင်း အနေဖြင့် ယွန်းနန်ပြည်နယ်သို့ စစ်သည်များ စေလွှတ်ပေးစေလိုကြောင်း ၊ လက်ရှိအချိန်တွင် လီမိသားစု၏ ယွန်းနန်ပြည်နယ်တွင် စောင့်ကြပ်နေသော စစ်သူကြီး မရှိသလို ၊ စစ်တပ်အင်အားမှာလည်း သောင်းဂဏန်းသာ ရှိသော အရည်အချင်းမရှိသည့် တပ်ဖွဲ့များသာ ကျန်ရှိသဖြင့် ၊ ကျန့်ကော်နယ်စားမင်း အနေဖြင့် အလွယ်တကူ သိမ်းပိုက်ပြီး သမိုင်းဝင် အောင်မြင်မှု ရယူနိုင်မည် ဖြစ်ကြောင်း ရေးသားထားသည်။
သွယ်ဝိုက်သော အဓိပ္ပာယ်မှာ ကျန့်ကော်နယ်စားမင်း အနေဖြင့် စစ်တပ်လွှတ်ပြီး လီမိသားစုကို ဟန့်တားထားပေးရန် ၊ လီရူဟိုင်၏ စစ်သည် ၃ သိန်းကျော် တုပိုင်ကို ဝိုင်းဝန်းတိုက်ခိုက်ခြင်း မပြုနိုင်အောင် ကူညီပေးရန် တောင်းဆိုခြင်း ဖြစ်သည်။
ထို့အပြင် နှုတ်ခမ်းကွဲလျှင် သွားအေးမည်ဟူသော သဘောတရားကိုလည်း ထည့်သွင်းရေးသားထားပြီး ၊ အကယ်၍ တုပိုင်သာ ကျဆုံးသွားခဲ့လျှင် နောက်ထပ် ပစ်မှတ်မှာ ကျန့်ကော်နယ်စားမင်း၏ စိချွမ်းပြည်နယ် ဖြစ်လာမည် ဖြစ်ကြောင်း သတိပေးထားသည်။
စာကို ဖတ်ပြီးနောက် ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်သည် အေးစက်စွာ ပြောလိုက်သည်။
“ရွှေတုံး တစ်သောင်း တကယ် ရောက်လာတာလား...”
လက်အောက်ငယ်သားက ပြန်ဖြေလေ၏။
“တကယ် ရောက်လာပါတယ်... ရွှေတုံး တစ်သောင်း တိတိပါ... အဲဒီ မိန်းမစိုးလေးက ပိုက်ဆံ တော်တော်ရှာနိုင်တာပဲ...”
ကျန့်ကော်နယ်စားမင်းက မထီမဲ့မြင် ပြုံးလိုက်သည်။
“ရွှေတွေကို လက်ခံလိုက်... ပြီးရင် တုပိုင်ရဲ့ သံတမန်ကို မောင်းထုတ်လိုက်... လမ်းဘေးခွေးလေးက ငါ့ရှေ့မှာ နယ်စားဘွဲ့ လာသုံးနေတယ် ဟုတ်လား... ငါ အင်ပါယာအနှံ့ တိုက်ခိုက်နေတုန်းက မင်းက မင်းအဖေရဲ့ ဂွေးစိထဲမှာတောင် မရှိသေးဘူး... မင်းမှာ ဂွေးစိတောင် မရှိဘဲနဲ့ ဘာကောင်မို့လို့လဲ...”
“စက္ကူ ယူခဲ့စမ်း...”
ကျန့်ကော်နယ်စားမင်း အိမ်သာတက်ရန် ပြင်ရင်း အော်ပြောလိုက်သည်။ ထို့နောက် သူ ပြန်ပြောလိုက်သည်။
“ထားလိုက်ပါတော့... မလိုတော့ဘူး... တုပိုင် ပေးလိုက်တဲ့ စာရွက်ကိုပဲ သုံးလိုက်တော့မယ်... နောက်ကျောဘက်က သန့်ရှင်းနေတာပဲဟာ...”
ထို့နောက် သူသည် တုပိုင် ပေးပို့လိုက်သော စာရွက်ဖြင့် အိမ်သာသုံးလိုက်လေတော့သည်။
**--**--**--**--**--**--**--**
မိစ္ဆာနဂါး စခန်း၌ မိုမိသားစု တပ်ဟောင်း စခန်း ၁၃ ခု၏ ခေါင်းဆောင် မိုအောက်၏ အကြံအစည်မှာ ရိုးရှင်းလှသည်။ ချိုင့်ဝှမ်းထဲတွင် ကြီးမားသော ပိတ်ဆို့ကွင်း ထောင်ချောက် ဆင်ထားပြီး ၊ ဖူဟုန်ပင်း၏ စစ်တပ် ဝင်လာရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သို့သော် ထိုမျှ လွယ်ကူပါမည်လော။ ဖူဟုန်ပင်းသည် ချိုင့်ဝှမ်းအဝင်ဝသို့ ရောက်ရှိလာသည်နှင့် အန္တရာယ် အငွေ့အသက်ကို အလိုအလျောက် ခံစားလိုက်ရသည်။ တစ်စုံတစ်ရာကို တွေ့ရှိ၍ မဟုတ်ဘဲ ၊ စစ်မြေပြင်တွင် ကျင်လည်ခဲ့သော စစ်သူကြီးတစ်ဦး၏ ပင်ကိုအာရုံခံစားမှုအရ ဤနေရာသည် ချုံခိုတိုက်ခိုက်ရန် အကောင်းဆုံးနေရာ ဖြစ်ကြောင်း သတိပြုမိလိုက်ခြင်းကြောင့် ဖြစ်သည်။
သို့သော် ဤလမ်းသည် မိစ္ဆာနဂါး စခန်းသို့ သွားရန် မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းဖြစ်သည်။ မိစ္ဆာနဂါး စခန်းကို တိုက်ခိုက်လိုလျှင် ဤလမ်းမှ ဖြတ်မှ ရပေမည်။
“ရပ်...”
ဖူဟုန်ပင်း အမိန့်ပေးလိုက်သည်။ ဝံပုလွေမြင်းစီးတပ်သား ၃၀၀ နှင့် ပြိုင်ဘက်ကင်းမြို့တော်၏ စစ်သည် ၃,၀၀၀ တို့သည် ချက်ချင်း ရပ်တန့်လိုက်ကြသည်။
“စခန်းချကြ...”
ဖူဟုန်ပင်း အမိန့်ပေးလိုက်သည်။
ရုတ်တရက် မိုအောက် အံ့အားသင့်သွားလေ၏။ ‘ဟင်... ထောင်ချောက်ထဲ မဝင်လာဘူးလား...။ ဒါဆို ဘယ်လိုလုပ်မလဲ။’
တုယွမ်က သုံးသပ်ပြလိုက်သည်။
“တုပိုင်ရဲ့ လက်အောက်က ဒီမိန်းမစစ်သူကြီးက အာရုံခံစားမှု အရမ်းကောင်းတယ်... အန္တရာယ်ရှိတာကို ခံစားမိလို့ ထောင်ချောက်ထဲ မဝင်တော့တာ ဖြစ်မယ်...”
မိုအောက်က အေးစက်စွာ ပြောလိုက်သည်။
“သူ့အဖွားကြီးတော်... ကောက်ကျစ်လိုက်တဲ့ မိန်းမ... ဒါပေမဲ့ သူက ခရီးဝေး လာရတာဆိုတော့ ရိက္ခာအများကြီး သယ်လာနိုင်မှာ မဟုတ်ဘူး... သူက မတတ်နိုင်ပေမဲ့ ငါက တတ်နိုင်တယ်...”
ဤလူသည် အလွန် ကောက်ကျစ်စဉ်းလဲသူ ဖြစ်ပြီး ၊ သူ၏ အင်အားက ဖူဟုန်ပင်းထက် ငါးဆခြောက်ဆ သာလွန်နေသော်လည်း ၊ သူ့ စစ်သည်များကို အဆုံးရှုံးမခံဘဲ ဘယ်တော့မှ စတင်တိုက်ခိုက်မည့်သူ မဟုတ်ပေ။
သို့သော် တိတိကျကျ ပြောရလျှင် ဤအချက်ကြောင့်ပင် သူသည် လိပ်ခွံထဲတွင် ပုန်းအောင်းနေသကဲ့သို့ ဖြစ်နေပြီး ၊ ဖူဟုန်ပင်းအတွက် ကိုင်တွယ်ရ ခက်ခဲစေသည်။ တိုက်ခိုက်မလား... ထောင်ချောက်ထဲ ဝင်သွားရုံသာ ရှိမည်။
သူမ သယ်ဆောင်လာသော ရိက္ခာသည် ကြာရှည်ခံမည် မဟုတ်ပေ။ တုပိုင်နှင့် လီရူဟိုင်တို့၏ အဆုံးအဖြတ် တိုက်ပွဲကြီးကလည်း နီးကပ်လာပြီ ဖြစ်ရာ ၊ သူမအနေဖြင့် ဤနေရာတွင် အချိန်ဖြုန်းနေ၍ မရချေ။
နှစ်ဖက်စလုံးသည် နာရီဝက်ခန့် ထိပ်တိုက်တွေ့နေကြသည်။
ဖူဟုန်ပင်းသည် ယနေ့တွင် သေချာပေါက် တိုက်ခိုက်မည် မဟုတ်သလို ၊ ထောင်ချောက်ထဲသို့လည်း ဝင်လာမည် မဟုတ်ကြောင်း မိုအောက် သိလိုက်သည်။
ထို့ကြောင့် သူသည် မိစ္ဆာနဂါး လိုဏ်ဂူထဲသို့ ပြန်ဝင်သွားလေ၏။
အတွင်း၌ မိုမိသားစု တပ်ဟောင်းမှ အခြားသော စခန်းခေါင်းဆောင် ၁၂ ဦး ထိုင်နေကြသည်။ ခေါင်းဆောင်တစ်ဦးစီသည် တောင်တစ်လုံးစီကို သိမ်းပိုက်ထားပြီး ၊ တောင်များကို ခုတ်ထွင်ရှင်းလင်းကာ မိစ္ဆာသီးစိုက်ပျိုးကြသည်။ ယခုနှစ်များအတွင်း သူတို့သည် ကောင်းကောင်းစား ၊ ကောင်းကောင်းနေ ၊ ရွှေငွေများ ဝတ်ဆင်ကာ ပျော်ရွှင်စွာ နေထိုင်နေကြသည်။
“တုပိုင်ရဲ့ လက်အောက်က ကောင်မလေးက အလိမ်မခံရဘူး... ငါတို့ရဲ့ ထောင်ချောက်ထဲ ဝင်မလာဘူး... ဒါပေမဲ့ ကိစ္စမရှိပါဘူး...”
မိုအောက်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
“လူလွှတ်ပြီး သူတို့ရဲ့ နောက်ပြန်လမ်းကို ဖြတ်တောက်လိုက်မယ်... ပြီးရင် သူတို့ ရိက္ခာပြတ်တဲ့အထိ စောင့်ပြီး အပြတ်ရှင်းပစ်လိုက်မယ်... သူ့အဖွားကြီးတော်... အဲဒီ ကောက်ကျစ်တဲ့ မိန်းမကို ငါ အရှင်ဖမ်းပြီး သေလုနီးပါး ဖြစ်အောင် လုပ်ပစ်မယ်... ငါ သေသေချာချာ ပြင်ဆင်ထားတဲ့ ထောင်ချောက်ထဲကို မဝင်လာဘူး...”
ယခုအချိန်၌ မိုအောက်နှင့် အခြားသော စခန်းခေါင်းဆောင် ၁၂ ဦးသည် အသားစား အရက်သောက် လုပ်နေကြလေ၏။
မိုအောက်ကမူ ရေကိုသာ သောက်သည်။ သူသည် အလွန် သတိကြီးသူ ဖြစ်ပြီး ၊ လက်ရှိအချိန်တွင် မူးနေ၍ မဖြစ်ကြောင်း ကောင်းစွာ သိသည်။
ထိုအချိန်၌ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေ၏။
“ခေါင်းဆောင်ကြီး... မီးနတ်ဘုရား ဘုန်းတော်ကြီးက မီးနတ်ဘုရား စစ်သည် သုံးထောင်ကို ဦးဆောင်ပြီး ရောက်လာပါတယ်... ခေါင်းဆောင်ကြီးနဲ့ တွေ့ချင်နေပါတယ်...”
ထိုအချိန်၌ တုယွမ်က ဝင်ပြောလိုက်သည်။ “ခေါင်းဆောင်ကြီး... ဒီဘုန်းကြီးကို လွှတ်ပြီး ဖူဟုန်ပင်းရဲ့ စစ်တပ်ကို တိုက်ခိုင်းလိုက်ရင် မကောင်းဘူးလား... ပြီးမှ ကျွန်တော်တို့က အခွင့်ကောင်းယူပြီး ဝင်တိုက်ကြတာပေါ့...”
မိုအောက် ရယ်မောလိုက်ပြီး ပြောလေ၏။ “ဟုတ်တယ်... ဟုတ်တယ်... တော်တော် အဓိပ္ပာယ်ရှိတဲ့ စကားပဲ... ဘာပဲဖြစ်ဖြစ် တုပိုင်နဲ့ မီးနတ်ဘုရားဘာသာက မဟာရန်သူတွေပဲဟာ... မီးနတ်ဘုရား ဘုန်းတော်ကြီးကို ဝင်ခွင့်ပေးလိုက်...”
ခဏအကြာတွင် မီးနတ်ဘုရား ဘုန်းတော်ကြီးသည် မီးနတ်ဘုရား သိုင်းပညာရှင် ဒါဇင်ခန့်ကို ဦးဆောင်ပြီး ၊ မိစ္ဆာနဂါး လိုဏ်ဂူထဲသို့ ဝင်ရောက်လာလေ၏။
တုပိုင်သည် ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် ဝတ်ရုံဖြင့် ဖုံးအုပ်ထားပြီး ၊ မျက်လုံးနှစ်လုံးသာ ဖော်ထားသည်။ မီးနတ်ဘုရား ဘုန်းတော်ကြီးအသွင် ဝတ်ဆင်ထားပုံမှာ မည်သည့် ဟာကွက်မျှ မရှိပေ။
တုပိုင်၏ မီးနတ်ဘုရား ဘုန်းတော်ကြီးအသွင်ကို မြင်လိုက်ရသောအခါ ၊ မိုအောက်၏ မျက်လုံးများ အေးစက်သွားပြီး ဆိုလိုက်သည်။
“ငါ့နှလုံးသားသည် ကြာပန်းမီးလျှံပမာ...”
သိသာထင်ရှားစွာပင် ဤသည်မှာ စကားဝှက် ဖြစ်ပြီး ၊ မီးနတ်ဘုရားဘာသာနှင့် မိုမိသားစု တပ်ဟောင်းများအကြား သီးသန့် အသုံးပြုသော လျှို့ဝှက်သင်္ကေတ ဖြစ်သည်။
တုပိုင်သည် အသံအက်အက်ဖြင့် ပြန်မေးလိုက်သည်။
“ခေါင်းဆောင်ကြီးမိုက ကြာပန်းမိစ္ဆာဂိုဏ်းကို ဝင်လိုက်ပြီလား...”
အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံး၏ စကားဝှက် အမှန်မှာ ငါ့နှလုံးသားသည် မီးနတ်ဘုရားကဲ့သို့ ၊ လောကကြီးကို သန့်စင်စေသည်ဟူ၍ ဖြစ်သည်။
ထို့နောက် တုပိုင်သည် အသံအက်အက်ဖြင့် လေးနက်စွာ ပြောလိုက်သည်။
“လောကကြီးကို သန့်စင်စေသည်... ခေါင်းဆောင်ကြီးမိုက ငါတို့ မီးနတ်ဘုရားဘာသာကို မလေးမစား လုပ်ပြီး စော်ကားတယ်... သွားတော့မယ်...”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team