အခန်း (၅၄၇)
Vol. 55 Ch. 547
မိုအောက်အနေဖြင့် မည်သို့လုပ်ပြီး လက်လျှော့လိုက်မည်နည်း။ သူသည် မီးနတ်ဘုရား စစ်သည် သုံးထောင်ကို လှည့်စားပြီး ဖူဟုန်ပင်း၏ စစ်တပ်နှင့် တိုက်ခိုက်ခိုင်းရန် ကြိုးစားနေဆဲပင်။
“တောင်းပန်ပါတယ်ဗျာ... ကျွန်တော် မှားသွားပါတယ်...”
မိုအောက်က အမြန် ပြောလိုက်သည်။ ထို့နောက် သူ ဆက်ပြောသည်။
“ဘုန်းတော်ကြီး... အခု ခင်ဗျားရဲ့ မဟာရန်သူတော်ကြီး တုပိုင်ရဲ့ စစ်တပ်က ချိုင့်ဝှမ်းအပြင်ဘက်မှာ ရောက်နေတယ်... စုစုပေါင်း လူသုံးထောင်လောက် ရှိတယ်... ကျွန်တော်တို့ နှစ်ဖွဲ့ပေါင်းပြီး တုပိုင်ရဲ့ မိန်းမစိုးစစ်တပ်ကို ချေမှုန်းလိုက်ရင် ဘယ်လိုလဲ...”
တုပိုင်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ...”
မိုအောက်က ဆက်ပြောသည်။ “ဘုန်းတော်ကြီး... ခင်ဗျားရဲ့ မီးနတ်ဘုရား စစ်တပ်က ရဲရင့်ပြီး ပြိုင်ဘက်ကင်းတယ် ဆိုတော့ ခင်ဗျားတို့က ရှေ့ကနေ ဦးဆောင်တိုက်ရင် ဘယ်လိုလဲ...”
တုပိုင်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ...”
ထို့နောက် တုပိုင်သည် မိုအောက်ထံသို့ လက်ကမ်းပေးလိုက်ပြီး ပြောလေ၏။
“ကတိတစ်လုံး သစ္စာပြုကြစို့...”
ဤမိုအောက်၏ သိုင်းပညာသည် အလွန်မြင့်မားပြီး ၊ မဟာဆရာသခင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ မိုမိသားစု တပ်ဟောင်းများထဲတွင် သိုင်းပညာ အမြင့်ဆုံးသူ ဖြစ်သည်။
သူသည် တုပိုင်က လက်ဝါးချင်း ရိုက်ရန် ကမ်းပေးလိုက်သည်ကို သိလိုက်သည်။ သူ့စိတ်ထဲတွင် ကောက်ကျစ်စဉ်းလဲသော အကြံတစ်ခု ရှိနေသဖြင့် ၊ နောက်ကျောဘက်သို့ လက်နှိုက်ပြီး လက်အိတ်နှစ်ထပ် ဝတ်ဆင်လိုက်သည်။ သားရေလက်အိတ် တစ်ထပ်နှင့် သံမဏိကြိုးမျှင် လက်အိတ် တစ်ထပ် ဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် ဘေးကင်းလုံခြုံနေမည် ဖြစ်သည်။
“ကတိတစ်လုံး သစ္စာပြုကြစို့...”
မိုအောက်နှင့် တုပိုင်တို့သည် လက်ဝါးချင်း ရိုက်လိုက်ကြပြီး ၊ ထို့နောက် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
ထိုအချိန်၌ တုပိုင်၏ လက်ဝါးပြင်မှ အဖြူရောင် ငရဲမီးတောက်လေးတစ်ခု ထွက်ပေါ်လာလေ၏။
ချက်ချင်းပင် မိုအောက်သည် တုန်လှုပ်သွားပြီး ၊ သူ၏ ညာလက်တစ်ဖက်လုံး မီးလောင်သွားသည်ကို တွေ့လိုက်ရသည်။
“အားးး...”
သူသည် ရုတ်တရက် သွေးပျက်ဖွယ်ရာ အော်ဟစ်လိုက်ရလေသည်။ ထို့နောက် သူသည် ခန္ဓာကိုယ်ကို အသည်းအသန် ရိုက်ပုတ်ပြီး မီးငြှိမ်းသတ်ရန် ကြိုးစားလေ၏။ သို့သော် ငရဲမီးတောက်သည် ငြှိမ်းသတ်၍ မရနိုင်ပေ။ ထို့အစား သူ၏ တစ်ကိုယ်လုံးသို့ ကူးစက်လောင်ကျွမ်းလာတော့သည်။
“အားးး...” အလွန်တရာ သွေးပျက်ဖွယ် ကောင်းသော အော်ဟစ်သံကြီးသည် သုံးစက္ကန့်မျှသာ ကြာမြင့်လိုက်လေ၏။
ဝုန်းးး။ ဧရာမ အဖြူရောင် မီးတောက်လုံးကြီးတစ်ခု ရုတ်တရက် ထိုးတက်လာလေသည်။ တစ်ခဏအတွင်းမှာပင် မိုမိသားစု တပ်ဟောင်း ခေါင်းဆောင်ကြီး မိုအောက်သည် တစ်ကိုယ်လုံး ပြာကျသွားပြီး ၊ သူ၏ ဝိညာဉ်ပါ လွင့်ပါးပျောက်ကွယ်သွားလေတော့သည်။
ခဏတာအတွင်း နေရာရှိ လူအားလုံး ကြောင်အမ်းသွားကြလေ၏။ အနီးဆုံးတွင် ရှိနေသော တုယွမ်သည် ရုတ်တရက် အော်ဟစ်လိုက်သည်။
“ခင်ဗျား... ခင်ဗျားက မီးနတ်ဘုရား ဘုန်းတော်ကြီး မဟုတ်ဘူး... ခင်ဗျား ဘယ်သူလဲ...”
တုပိုင်သည် မျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ညီလေး... နေကောင်းလား...”
ထို့နောက် ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်လေ၏။
ရွှီး... တစ်ခဏအတွင်း တုပိုင်၏ ဝမ်းကွဲညီလေးသည် ထက်ပိုင်း ပြတ်သွားတော့သည်။
တစ်ချိန်တည်းတွင် ဆယ်နှင့်ချီသော မီးနတ်ဘုရား သိုင်းပညာရှင်များ ဝင်ရောက်လာပြီး ၊ အခြားသော စခန်းခေါင်းဆောင် ၁၂ ဦးနှင့် တိုက်ခိုက်ကြလေသည်။
ထိုခေါင်းဆောင် ၁၂ ဦး၏ သိုင်းပညာသည် ခေါင်းဆောင်ကြီး မိုအောက်လောက် မမြင့်မားသလို ၊ အရက်များ အလွန်အကျွံ သောက်ထားကြသဖြင့် ၊ မီးနတ်ဘုရား သိုင်းပညာရှင်များကို ယှဉ်နိုင်စွမ်း မရှိကြချေ။
တစ်ခဏအတွင်း အားလုံး ဖမ်းဆီးခံလိုက်ရလေသည်။
တုပိုင်သည် မျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီး ပြောလေ၏။
“ငါက တာ့နင်အင်ပါယာရဲ့ အနောက်ဘက် နယ်စားမင်း တုပိုင်ပဲ... မိုအောက် သေပြီ... ငါ့ဆီမှာ လက်နက်ချ အညံ့ခံချင်တဲ့သူ ဒူးထောက်ကြ... အညံ့မခံချင်တဲ့သူ သေ...”
မိုမိသားစု ခေါင်းဆောင်ဟောင်း ၁၂ ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ၊ ချက်ချင်း တုံ့ပြန်ခြင်း မရှိကြပေ။
တုပိုင် ရှေ့သို့ တိုးသွားပြီး လူတစ်ယောက်၏ လက်မောင်းကို ချိန်ရွယ်ကာ ထက်မြက်သော ဓားဖြင့် ဖြတ်ချလိုက်လေ၏။
“အားးး...”
ထိုခေါင်းဆောင်သည် သွေးပျက်ဖွယ်ရာ အော်ဟစ်လိုက်လေသည်။ ရုတ်တရက် မိုမိသားစု ခေါင်းဆောင် ၁၂ ဦးစလုံး ဒူးထောက်လိုက်ကြပြီး ပြောကြလေ၏။
“အညံ့ခံပါ့မယ်... အညံ့ခံပါ့မယ်...”
တုပိုင်က အမိန့်ပေးလိုက်သည်။
“အပြင်ထွက်ပြီး မင်းတို့ရဲ့ လူတွေကို တောင်ပေါ်က ဆင်းခိုင်း... ပြီးရင် ချိုင့်ဝှမ်းထဲမှာ လူစုခိုင်းလိုက်...”
**--**--**--**--**--**--**--**
တစ်နာရီကျော် ကြာပြီးနောက် စုစုပေါင်း လူအင်အား နှစ်သောင်းနီးပါးရှိသော မိုမိသားစု တပ်ဟောင်းများသည် တောင်ပေါ်မှ ဆင်းလာကြပြီး ၊ ချုံခိုနေရာများမှ ထွက်ခွာကာ ချိုင့်ဝှမ်းထဲတွင် စုဝေးလိုက်ကြသည်။
သူတို့၏ ရှေ့တွင် ဖူဟုန်ပင်း၏ စစ်သည် ၃၀၀၀ ကျော် ရှိနေပြီး ၊ သူတို့၏ နောက်တွင် မီးနတ်ဘုရား စစ်သည် ၃၀၀၀ ရှိနေသည်။
တုပိုင်၏ မျက်နှာ အေးစက်နေပြီး အမိန့်ပေးလိုက်သည်။
“သတ်...”
ရုတ်တရက် ဖူဟုန်ပင်း၏ တပ်ဖွဲ့နှင့် မီးနတ်ဘုရား စစ်တပ်တို့သည် ရှေ့မှတစ်ဖွဲ့ နောက်မှတစ်ဖွဲ့ ညှပ်ပြီး ၊ ရူးသွပ်မတတ် ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ကြလေတော့သည်။
မိုမိသားစု တပ်ဟောင်းများ၏ တိုက်ခိုက်စွမ်းရည်သည် ဖူဟုန်ပင်း၏ ပြိုင်ဘက်ကင်းမြို့တော်၏ စစ်သည်များကို မယှဉ်နိုင်သလို ၊ မီးနတ်ဘုရား စစ်တပ်ကိုလည်း မယှဉ်နိုင်ပေ။ ထို့အပြင် သူတို့သည် ချုံခိုနေရာတွင် ရှိမနေတော့ဘဲ လွင်ပြင်ထဲသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
တုပိုင်၏ စစ်တပ်နှစ်ခုက ရှေ့နောက်ညှပ်ပြီး တိုက်ခိုက်လိုက်သောအခါ လုံးဝ တစ်ဖက်သတ် သတ်ဖြတ်ပွဲ ဖြစ်သွားလေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မိုမိသားစု ခေါင်းဆောင် ၁၂ ဦးသည် လုံးဝ ကြောင်အမ်းသွားပြီး အော်ဟစ်လိုက်ကြသည်။
“ဘာလို့လဲ... ဘာလို့လဲ... ကျွန်တော်တို့ အညံ့ခံပြီးပြီလေ... အညံ့ခံပြီးပြီလေ...”
တုပိုင်က ပြောလိုက်သည်။ “သူပုန်တွေ အရင်ဆုံး သေအောင်သတ်ပြီးမှ ဆွေးနွေးမယ်...”
တစ်နာရီကြာအောင် ရူးသွပ်မတတ် သတ်ဖြတ်လိုက်ကြသည်။ မိုမိသားစု တပ်ဟောင်း နှစ်သောင်းအနက် ငါးထောင်ခန့် အသတ်ခံလိုက်ရပြီး ၊ တစ်သောင်းခွဲခန့် ကျန်ရစ်ကာ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်နေကြရသည်။
ထို့နောက် တုပိုင်သည် ရက်စက်သော အမိန့်တစ်ခု ထပ်ပေးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်လေ၏။
ရွှီး... ရွှီး... ရွှီး...
ချက်ချင်းဆိုသလိုပု် အညံ့ခံထားသည့် မိုမိသားစု ခေါင်းဆောင် ၁၂ ဦးစလုံး ခေါင်းဖြတ်သတ်ခံလိုက်ရလေသည်။
ထို့နောက် တုပိုင် နောက်ထပ် အမိန့်တစ်ခု ပေးလိုက်ပြန်သည်။
“လူတစ်ရာအထက် အုပ်ချုပ်ဖူးတဲ့ ခေါင်းဆောင်တွေ အကုန်လုံး ထွက်ခဲ့ကြ...”
ဆယ့်ငါးမိနစ် ကြာပြီးနောက် သူပုန်ခေါင်းဆောင် တစ်ရာကျော်ကို ရွေးထုတ်လိုက်ပြီး ၊ သူတို့အားလုံး မြေပြင်ပေါ်တွင် ညီညာစွာ ဒူးထောက်လျက် ၊ အသည်းအသန် ငိုကြွေးတောင်းပန်နေကြသည်။
“သခင်ကြီး... ကျွန်တော်တို့ အညံ့ခံပါ့မယ်... အညံ့ခံပါ့မယ်...”
“တုပိုင်... မင်း သေချင်းဆိုးနဲ့ သေပါစေ... ကောင်းကောင်း မသေရစေနဲ့...”
တုပိုင် အမိန့်ပေးလိုက်သည်နှင့် သူပုန်ခေါင်းဆောင် တစ်ရာကျော် အားလုံး အသတ်ခံလိုက်ရလေသည်။ ယခုအချိန်တွင် ကျန်ရှိနေသော မိုမိသားစု တပ်ဟောင်း ၁၅,၀၀၀ တွင် ခေါင်းဆောင် မရှိတော့ပေ။ အကြီးဆုံး ရာထူးမှာ လူဒါဇင်ခန့်ကို အုပ်ချုပ်သော ခေါင်းဆောင်ငယ်လေးများသာ ဖြစ်သည်။
တုပိုင်သည် မြေပြင်ပေါ်တွင် ပြည့်နှက်စွာ ဒူးထောက်နေသော လူ ၁၅,၀၀၀ ကို ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။
“မင်းတို့ ငါ့ကို သစ္စာရှိကြမလား... သစ္စာရှိမယ် ဆိုရင် တစ်လကို ငွေတုံး တစ်တုံး ၊ နှစ်တုံး ရမယ်... သစ္စာမရှိဘူး ဆိုရင်တော့ ဒီနေရာမှာတင် သတ်ပစ်မယ်...”
မိုမိသားစု တပ်ဟောင်း ၁၅,၀၀၀ သည် ကြောက်လန့်တကြား ဖြစ်နေပြီး အသတ်ခံရတော့မည်ဟု ထင်မှတ်နေကြသည်။ ယခု တုပိုင်၏ စကားကို ကြားလိုက်ရသောအခါ အလွန် ဝမ်းသာသွားကြပြီး ကျေးဇူးတင်ရှိကြောင်း အသည်းအသန် ဦးခိုက်လိုက်ကြသည်။
“သစ္စာရှိပါ့မယ်... သခင်ကြီးကို သစ္စာရှိပါ့မယ်...”
လူ ၁၅,၀၀၀ စလုံး တုပိုင်၏ ရှေ့တွင် ဒူးထောက်လိုက်ကြပြီး အသည်းအသန် ဦးခိုက်ကြလေတော့သည်။
“သခင်ကြီးကို ဂါရဝပြုပါတယ်...”
“စစ်သူကြီးကို ဂါရဝပြုပါတယ်...”
“နယ်စားမင်းကို ဂါရဝပြုပါတယ်...”
လူ ၁၅,၀၀၀ စလုံး တုပိုင်အပေါ် နက်ရှိုင်းသော ကြောက်ရွံ့မှုများဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လျက် အော်ဟစ်ကြွေးကြော်လိုက်ကြ၏။
တုပိုင်သည် လူသတ်ရသည်ကို ကြိုက်နှစ်သက်ခြင်းမရှိသလို ၊ ရက်စက်ချင်လွန်းလို့လည်း မဟုတ်ပေ။ တကယ်ကို မလွဲသာလို့ လုပ်ရခြင်း ဖြစ်သည်။
ဤလူများသည် တစ်ချိန်က စစ်သားများ ဖြစ်ခဲ့ကြသော်လည်း ၊ ယခုအခါ သူပုန်များ ဖြစ်၏။ သူတို့သည် အာဏာစက်ကိုသာ ကြောက်ရွံ့ပြီး ၊ မေတ္တာတရားကို နားလည်ကြသူများ မဟုတ်ပေ။
ဤနေရာမှ ပိုင်ဆယ်မြို့သို့ လီရာချီ ဝေးကွာပြီး ၊ စစ်သည် ၆၀၀၀ တည်းဖြင့် လူ ၂၀၀၀၀ ကို ဖမ်းခေါ်သွားရမည် ဖြစ်သည်။ ထို့အပြင် ဤတောင်တန်းများနှင့် သစ်တောများသည် သူတို့၏ ကျက်စားရာ နယ်မြေ ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်အချို့က မကောင်းကြံလျှင် တုပိုင်၏ စစ်တပ်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်။
ထို့ကြောင့် တစ်ခါတည်း အပြတ်ရှင်းလိုက်ခြင်း ဖြစ်ပြီး ခေါင်းဆောင်အားလုံးကို သတ်ပစ်လိုက်ခြင်း ဖြစ်သည်။
ရလာဒ်အနေဖြင့် ကျန်ရှိသော လူတစ်သောင်းခွဲသည် ငြိမ်ဝပ်ပိပြားသွားကြသည်။
**--**--**--**--**--**--**--**
လှပသော အမျိုးသမီးတစ်ဦး တုပိုင်၏ ရှေ့တွင် ဒူးထောက်နေလေ၏။ သူမ၏ အနောက်တွင် အမျိုးသမီးတစ်စု ရှိနေပြီး ၊ တချို့က ကြောက်ရွံ့နေကြသလို ၊ တချို့က ဝမ်းသာနေကြသည်။ သေချာပေါက် ဤအမျိုးသမီးများသည် မိုအောက်၏ အမျိုးသမီးများ ဖြစ်ကြသည်။
“မိုအောက်က ငွေတွေ ၊ ရိက္ခာတွေနဲ့ ရတနာတွေကို ဘယ်မှာ သိမ်းထားလဲ ဆိုတာ မင်း သိလား...”
တုပိုင်က မေးလိုက်သည်။
ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်မ လိုက်ပြပေးပါမယ်...”
ထို့နောက် တုပိုင်သည် သိုင်းပညာရှင် ဆယ်ချီကို ခေါ်ဆောင်ပြီး ဤအမျိုးသမီး၏ နောက်သို့ လိုက်ပါသွားလေ၏။
ဤနေရာတွင် လူအင်အား မများသော်လည်း ၊ မြေအောက်လိုဏ်ဂူများမှာမူ မရေမတွက်နိုင်အောင် များပြားလှသည်။ အကွေ့အကောက်များ များပြားလွန်းလှသည်။ ထို့အပြင် လိုဏ်ဂူများထဲတွင် ထောင်ချောက်များစွာ ဆင်ထားပြီး ၊ ဤအမျိုးသမီးသည် ထောင်ချောက်များကို တစ်ခုပြီးတစ်ခု ဂရုတစိုက် ပိတ်ပေးလေသည်။
အချိန်အတော်ကြာ လျှောက်လှမ်းပြီးနောက် နောက်ဆုံးတွင် ကျောက်တံခါးကြီးတစ်ခု ရှိသော လိုဏ်ဂူတစ်ခုသို့ ရောက်ရှိလာလေ၏။
အမျိုးသမီးသည် သော့ငါးချောင်းကို ထုတ်ယူလိုက်ပြီး ၊ သော့ပေါက် ငါးခုကို အသီးသီး ဖွင့်လိုက်သည်။
ဂလောက်...
ပြီးနောက် ကျောက်တံခါးကြီး ဖြည်းညှင်းစွာ ပွင့်သွားလေ၏။
ထို့နောက် တုပိုင် အသက်ရှူမှားသွားလေသည်။ မိုအောက်ဆိုသည့် အကောင်က ချမ်းသာမည်ဟု သူ ခန့်မှန်းထားသော်လည်း ၊ ဤမျှအထိ ချမ်းသာလိမ့်မည်ဟုတော့ ထင်မှတ်မထားခဲ့ချေ။
အတွင်း၌ ရွှေနှင့် ငွေများသည် တောင်ပုံယာပုံ ဖြစ်နေလေသည်။
“လွန်ခဲ့သော နှစ်များအတွင်း မိုအောက် ပိုက်ဆံ ဘယ်လောက်တောင် ရှာထားတာလဲ။”
“မိစ္ဆာသီး စီးပွားရေးက အရမ်း ၊ အရမ်း ၊ အရမ်း ကောင်းတယ်... စိုက်တဲ့သူတွေ ဘယ်လောက်ပဲ များများ ၊ ဈေးက ၁၀ ဆလောက် တက်သွားတာတောင် ဝယ်တဲ့သူ ရှိနေတုန်းပဲ...” ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးက ပြောပြလေ၏။
မိစ္ဆာသီးဆိုသည်မှာ ဘိန်းပင် ဖြစ်၏။
သို့သော် ဤအရာသည် တာ့နင်အင်ပါယာ အတွင်း၌ ပျံ့နှံ့ခြင်း မရှိသလို ၊ တွေ့ရခဲသော အရာဖြစ်သည်။ အကယ်၍ သွေးကွမ်ရင်မယ်တော်သာ ဘိန်းစွဲမနေခဲ့လျှင် ၊ တုပိုင်အနေဖြင့် ဤကမ္ဘာတွင် ဘိန်းရှိနေမှန်း သိမည်ပင် မဟုတ်ချေ။
တုပိုင်က မေးလိုက်သည်။ “သူ့ရဲ့ ဝယ်လက်တွေက ဘယ်သူတွေလဲ...”
အမျိုးသမီးက ဖြေလေ၏။
“ဖန်းမိသားစုရဲ့ ပင်လယ်ရပ်ခြား အင်ပါယာရယ် ၊ မီးနတ်ဘုရားဘာသာရယ်ပါ... အရင်ဆုံး လီမိသားစုဆီ ရောင်းတယ် ၊ ပြီးမှ အနောက်ဘက်ဒေသက မီးနတ်ဘုရားဘာသာဆီ ရောင်းတယ်... ရောင်းမလောက်အောင်ပါပဲ... ကြိုက်သလောက် ရောင်းလို့ရတယ်...”
ပင်လယ်ရပ်ခြား အင်ပါယာများသည် ဘိန်းကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြသည်မှာ သေချာသည်။ ယခုအခါ တုပိုင်သည် သူတို့ မည်သည့်နေရာများအထိ နယ်မြေချဲ့ထွင်ထားသည် ၊ မည်သည့်နေရာများကို သိမ်းပိုက်ထားသည် ဆိုသည်ကို မသိရှိရပေ။
‘ဩစတြေးလျတိုက်ကိုတော့ သိမ်းပိုက်ပြီးလောက်ပြီ။ အမေရိကတိုက်တွေရော ပါသွားပြီလား မသိ’
ဤနေရာသည် တောင်တန်းများနှင့် သစ်တောနက်များအတွင်း ဖြစ်သဖြင့် စိုက်ပျိုးရေး လုပ်ရန် မဖြစ်နိုင်ပေ။ မိုအောက်အနေဖြင့် လူနှစ်သောင်းကျော်ကို မည်သို့ ကျွေးမွေးထားသနည်းဟု တုပိုင် တွေးနေခဲ့မိသည်။
ယခုမှသာ ရှင်းသွားတော့သည်။ ဤငွေပမာဏဖြင့်ဆိုလျှင် လူနှစ်သောင်း မပြောနှင့် ၊ လူတစ်သိန်းလောက်ကိုတောင် အေးဆေး ကျွေးမွေးထားနိုင်ပေသည်။
ခေတ်သစ်ကမ္ဘာမြေ၏ ရွှေတြိဂံဒေသ အအောင်မြင်ဆုံး အချိန်တုန်းက မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ငွေကြေး ဘီလီလျံပေါင်းများစွာအား ရှာဖွေနိုင်ခဲ့သည်။
မိုအောက်သည် အစပျိုးကာလသာ ရှိသေးသော်လည်း ၊ ရှေ့မှ ရွှေတောင်ငွေတောင်ကြီးသည် တုပိုင်၏ မျက်လုံးများကို ပြာသွားစေလောက်သည်။
“ပိုက်ဆံရှိလည်း အသုံးမှ မဝင်တာ... ကြည့်ပြီး ပျော်ရုံပဲ ရှိတာ...” အမျိုးသမီးက ပြောလိုက်သည်။
တုပိုင် ခန့်မှန်းတွက်ချက်ကြည့်လိုက်ရာ... ဤလိုဏ်ဂူထဲတွင် ငွေတုံး ၁.၃ သန်းကျော်နှင့် ရွှေတုံး ၃ သောင်းကျော် ရှိလောက်၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၇ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team