← Chapters

အခန်း (၅၄၉)

Vol. 55 Ch. 549

အခန်း (၅၄၉)

Vol. 55 Ch. 549

ဧကရာဇ်၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး ၊ လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း တုန်ယင်မှုကို ထိန်းချုပ်၍ မရနိုင်တော့ပေ။ အသက်ကို ဝဝရှူသွင်းပြီးနောက် ဧကရာဇ်သည် စိတ်ကို ငြိမ်သက်အောင် ကြိုးစားပြီး ဖြည်းညှင်းစွာ အမိန့်ပေးလိုက်သည်။

“ကျန်တဲ့သူတွေ ထွက်သွားကြ... အိမ်ရှေ့စံ ကျန်ရစ်ခဲ့...”

ရုတ်တရက် စာကြည့်ဆောင်ထဲတွင် ဧကရာဇ်နှင့် အိမ်ရှေ့စံ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

“ပထမဆုံးအနေနဲ့ အဖေက တုပိုင်ကို ယုံကြည်တယ်...”

ဧကရာဇ်က အစပြု ပြောကြားလေ၏။ “သားတော်... သား နားလည်ချင်မှ နားလည်လိမ့်မယ်... အဖေ အသက်ကြီးလာလေလေ ကံကြမ္မာကို ပိုယုံကြည်လာလေလေပဲ... တုပိုင်က ကံကောင်းခြင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့သူလို့ အဖေ ပိုပိုပြီး ခံစားမိလာတယ်...”

အိမ်ရှေ့စံ၏ မျက်ခွံများ တုန်လှုပ်သွားသော်လည်း စကားတစ်ခွန်းမျှ မပြောဘဲ ငြိမ်နေ၏။

ဧကရာဇ်က ဆက်ပြောသည်။ “ဒါပေမဲ့ အခြေအနေတွေ လုံးဝ ပျက်စီးသွားခဲ့ရင် ၊ တုပိုင် လုံးဝ ပျက်စီးသွားခဲ့ရင် ၊ ပိုင်ဆယ်မြို့ကို ရန်သူ သိမ်းပိုက်သွားခဲ့ရင် ၊ အနောက်တောင်ဘက် ဒေသတစ်ခုလုံး ရန်သူ့လက်ထဲ ရောက်သွားပြီး မြို့တော်လည်း ရိက္ခာပြတ်လပ်သွားခဲ့ရင်... အဖေက ဧကရာဇ် တစ်ပါးအနေနဲ့ တာဝန်ယူရလိမ့်မယ်... မြို့တော်က သန်းနဲ့ချီတဲ့ ပြည်သူတွေကို အစာငတ်ပြီး အသေခံလို့ မဖြစ်ဘူး... အဖေကတော့ အလျှော့ပေးတာထက် သေလိုက်တာက ပိုကောင်းတယ်... ဒါပေမဲ့ သားတော်... သားကတော့ အလျှော့ပေးရလိမ့်မယ်... တာ့နင်အင်ပါယာအတွက် အလျှော့ပေးရလိမ့်မယ်... တကယ်လို့ ယန်မင်းသားသာ ဧကရာဇ် ဖြစ်လာခဲ့ရင် တာ့နင်အင်ပါယာ လုံးဝ အဆုံးသတ်သွားလိမ့်မယ်... သားက ဉာဏ်ကောင်းတယ် ၊ ဉာဏ်နီဉာဏ်နက် များတယ် ၊ အဖေ့လို ခေါင်းမမာဘူး... သားတော် ဧကရာဇ် ဖြစ်လာတဲ့အခါ အခြေအနေကို ပြန်လည် ကုစားနိုင်ဖို့ အခွင့်အလမ်း ရှိနိုင်သေးတယ်...”

အိမ်ရှေ့စံသည် ကြမ်းပြင်ပေါ်တွင် ခေါင်းဖြင့် အသည်းအသန် ဆောင့်ကာ ဦးခိုက်လိုက်လေသည်။

“နင်းရွှဲ့က ဖန်းကျန်ကျစ်ကို လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်သလို ၊ လီလျန်တင်းကို သတ်ပစ်ဖို့လည်း မဖြစ်နိုင်ဘူး... သူတို့ ထွက်ပြေးသွားလို့ ရတယ်... ဒါမှမဟုတ် အဖေ သေသွားရင် လီလျန်တင်းက အဖေ့နောက် လိုက်သေသွားလောက်တယ်... သားရဲ့ ဇနီးကို ကွာရှင်းဖို့ ကိစ္စကတော့... သား ဖန်းချင်းယီကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါ...”

ဧကရာဇ် သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။

“ကဲ... ဒါပါပဲ... သား ဘာမှ ပြောစရာ မလိုတော့ဘူး... ဆုံးဖြတ်ပြီးသွားပြီ... သားအကြောင်း အဖေသိပါတယ်... သားက အဖေ့ထက် ဧကရာဇ် ဖြစ်ဖို့ ပိုသင့်တော်တယ်... သားတော် ငယ်ငယ်လေးကတည်းက ဧကရာဇ် ဖြစ်ဖို့ အရည်အချင်း ရှိခဲ့တာ... ဉာဏ်ကောင်းတယ်... အဖေ့ထက် အများကြီး ပိုတော်တယ်... သားက အဖေ့ထက် ပိုတော်တဲ့ ဧကရာဇ် ဖြစ်လာမှာပါ...”

အိမ်ရှေ့စံသည် စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ဘဲ ၊ ကြမ်းပြင်ပေါ်တွင် လဲကျကာ အော်ဟစ်ငိုကြွေးနေပြီး ၊ ခေါင်းဖြင့် ကြမ်းပြင်ကို သွေးထွက်သည်အထိ ဆောင့်နေလေသည်။

အတော်အတန်ကြာပြီးနောက် ဧကရာဇ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ရွှမ်ချန်နယ်စားမင်း လုကျန့်ရဲ့ မိသားစု တစ်ခုလုံးကို ခေါင်းဖြတ်သတ်လိုက်... တစ်ရက်ကို ဆယ်ယောက်နှုန်းနဲ့ သတ်...”

စိချွမ်းပြည်နယ် ၊ ရွှီကျိုးမြို့ ၊ ကျန့်ကော်နယ်စားမင်း တပ်စခန်း၌ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်သည် အထူးဧည့်သည်တော် တစ်ဦးကို လက်ခံတွေ့ဆုံနေလေ၏။ တုပိုင်၏ ဦးလေး တုကျန့် ဖြစ်သည်။ သူသည် အသက် ၃၅ နှစ်သာ ရှိသေးပြီး ၊ ရွှမ်ချန်နယ်စားမင်း လုကျန့်ကို စည်းရုံးပြီးနောက် မရပ်မနားဘဲ စိချွမ်းပြည်နယ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒါက ငွေတုံး ၅ သိန်း...”

တုကျန့်သည် ငွေလက်မှတ်တစ်ထပ်ကို ထုတ်ပေးလိုက်ပြီး ပြောလေ၏။

“ရွှမ်ချန်နယ်စားမင်းထက် ၁ သိန်း ပိုပါတယ်...”

ထို့နောက် တုကျန့်သည် ငွေလက်မှတ် နောက်ထပ်တစ်ထပ် ထပ်တင်ပေးလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော့် သခင်လေးက ပြောလိုက်ပါတယ်... ကျန့်ကော်နယ်စားမင်းလို သူရဲကောင်းတစ်ယောက်ကို ရွှမ်ချန်နယ်စားမင်းနဲ့ နှိုင်းယှဉ်လို့ မရပါဘူးတဲ့... မကြာခင် ကျန့်ကော်နယ်စားမင်းရဲ့ ၅၅ နှစ်ပြည့် မွေးနေ့ ရောက်တော့မယ်လို့ ကြားပါတယ်... ဒီငွေတွေကို မွေးနေ့လက်ဆောင်အဖြစ် သဘောထားလိုက်ပါ...”

“ဘာကိစ္စ ရှိလို့လဲ...” ကျန်းဝမ်ကျောက်က မေးလိုက်သည်။

တုကျန့်သည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “ဒီခွက်လေးက လှသားပဲ...”

ထို့နောက် သူသည် ခွက်ကို စားပွဲအစွန်းတွင် တင်လိုက်ပြီး ပြောလေ၏။ “ဒီခွက်လေးက ဟို မိန်းမစိုးလေး တုပိုင်နဲ့ တူတယ်... တောက်ပနေပြီး မျက်စိနောက်စရာ ကောင်းတယ်...”

“ခွမ်းးး”

ခွက်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး ကွဲကြေပျက်စီးသွားလေ၏။

တုကျန့်က ပြောလိုက်သည်။ “လီရူဟိုင်က စစ်သည် သိန်းချီ စုစည်းပြီး တုပိုင်ကို ချေမှုန်းဖို့ ပြင်နေပြီ... ကျန့်ကော်နယ်စားမင်းရဲ့ စစ်သည် ၈ သောင်းက ရွှီကျိုးမှာ ရောက်နေတာက လူတွေကို စိတ်မသက်မသာ ဖြစ်စေတယ်... ခင်ဗျားက တုပိုင်ကို ကူညီဖို့ ဆန္ဒမရှိဘူး ဆိုပေမဲ့ ၊ တကယ်တမ်းကျတော့ ခင်ဗျား ရောက်နေတာက သူ့ကို ကူညီသလို ဖြစ်နေတယ်... ချန်တူး မြို့ကို ပြန်ဆုတ်သွားရင် ဘယ်လိုလဲ...”

ကျန်းဝမ်ကျောက်က ငြင်းလိုက်သည်။ “ချန်တူးကို ပြန်ဆုတ်သွားရင် လူတွေက ငါ လီရူဟိုင်ကို ကြောက်ပြီး ထွက်ပြေးတယ် ထင်ကုန်မှာပေါ့...”

တုကျန့်က ဆက်လက်ပြီး စည်းရုံးလိုက်၏။ “လီရူဟိုင်ရဲ့ စစ်တပ်လည်း ဆုတ်ခွာသွားပါလိမ့်မယ်... ခင်ဗျားရဲ့ စိချွမ်းနဲ့ ဝေးရာကို ဆုတ်သွားမှာပါ... တာ့ယန် အိမ်ရှေ့စံ လီကျန်းလည်း သူ့မြို့တော်ကို ပြန်သွားပါလိမ့်မယ်... ခင်ဗျားရဲ့ မျက်စိရှေ့မှာ လာရှုပ်နေမှာ မဟုတ်ပါဘူး... အားလုံးက တုပိုင် ဆိုတဲ့ မိန်းမစိုးလေးကို ဝိုင်းရှင်းပစ်ဖို့ပါပဲ... ဘယ်လိုလဲ...”

ထို့နောက် တုကျန့်သည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ “ဒါက ကျွန်တော့် သခင်လေးရဲ့ ဆန္ဒပါ...”

မောက်မာသော ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။ “ကောင်းပြီ... လီကျန်း အရင်ဆုတ်... ပြီးရင် ငါ ချန်တူးကို ပြန်ဆုတ်ပေးမယ်...”

တုကျန့်က ပြောလိုက်သည်။ “ကောင်းပါပြီ... လီကျန်းကို လီ ရာချီ အကွာအဝေးအထိ ဆုတ်ခိုင်းလိုက်ပါ့မယ်...”

ထို့နောက် တုကျန့် နှုတ်ဆက်ပြီး ပြန်လည် ထွက်ခွာသွားလေ၏။ ခဏအကြာတွင် လှပသော အမျိုးသမီးတစ်ဦး ထွက်လာပြီး ပြောလေ၏။ “သခင်ကြီး... ကျွန်မတို့နဲ့ တုပိုင်က နှုတ်ခမ်းကွဲရင် သွားအေးမဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတာ မဟုတ်ဘူးလား...”

“မင်းလို မိန်းမကက ဘာနားလည်လို့လဲ...”

ကျန်းဝမ်ကျောက်က ပြောလိုက်သည်။ “တုပိုင် ဆိုတဲ့ ဂွေးစိမပါတဲ့ ကောင်လေးက ငါနဲ့ နှုတ်ခမ်းဖြစ်ရအောင် ဘာကောင်မို့လို့လဲ...”

ကိုယ်လုပ်တော်လေးက ပြောလိုက်သည်။ “သခင်ကြီး... ကျွန်မတို့ ကျန်းမိသားစုက ဧကရာဇ်ရဲ့ ကျေးဇူးကို ခံစားခဲ့ရဖူးတယ်လေ... ပြီးတော့ တုပိုင်သာ ဒီတိုက်ပွဲမှာ နိုင်သွားခဲ့ရင် ကျွန်မတို့ ဘယ်လို လုပ်မလဲ...”

“နိုင်မယ်... တုပိုင် ဆိုတဲ့ ခွေးလေးက နိုင်မယ် ဟုတ်လား...” ကျန်းဝမ်ကျောက် ရယ်မောလိုက်ပြီး ပြောလေ၏။ “အိပ်မက် မက်နေလိုက်စမ်းပါ...”

ထို့နောက် ကျန်းဝမ်ကျောက်၏ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်သည်။ “နုံအတဲ့ မိန်းမ... မင်း စာရေးတတ်လို့ ၊ စာအုပ်နည်းနည်း ဖတ်တတ်လို့ စာရင်းအင်းတွေ ကူလုပ်ခိုင်းထားတာ... အခုတော့ ငါ့ခေါင်းပေါ် တက်ချင်နေပြီလား...”

ဖြောင်းးးး။ ပါးရိုက်သံ တစ်ချက် ပြင်းထန်စွာ ထွက်ပေါ်လာပြီး လှပသော ကိုယ်လုပ်တော်လေး ကြမ်းပြင်ပေါ်သို့ လဲကျသွားလေ၏။

‘မိန်းမသားတွေ ဘာနားလည်လို့လဲ...။ တုပိုင် သေရမယ်... ဧကရာဇ်လည်း မကြာခင် သေတော့မယ်...။ ဧကရာဇ် သေတာနဲ့ တစ်လောကလုံး ဖရိုဖရဲ ဖြစ်ကုန်လိမ့်မယ်...။ အဲဒီအချိန်ကျရင် ငါ ကျန့်ကော်နယ်စားမင်းလည်း အင်အားချဲ့ထွင်လို့ ရပြီ...။ စိချွမ်းပြည်နယ်က သယံဇာတ ပေါကြွယ်ဝတယ် ၊ ကျယ်ဝန်းတယ် ၊ လူဦးရေ များတယ်... ကိုယ်ပိုင်အင်ပါယာ တည်ထောင်ဖို့ အကောင်းဆုံး နေရာပဲ...။ အဲဒီအချိန်ကျရင် ငါက နယ်စားဘွဲ့ မကလို့ ဘုရင်ဘွဲ့ တောင် ရနိုင်သေးတယ်...။ ဧကရာဇ် သေဆုံးပြီး လောကကြီး ဖရိုဖရဲ ဖြစ်မှာကို ငါ မျှော်လင့်နေခဲ့တာ ကြာပြီ...’

ပိုင်ဆယ်မြို့၌ တုပိုင် ပျောက်ဆုံးနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သဖြင့် ၊ အစပိုင်းတွင် အဆင်ပြေသော်လည်း နောက်ပိုင်းတွင် ကောလာဟလ အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

စိုးရိမ်ပူပန်မှုများလည်း ပြန့်နှံ့လာခဲ့သည်။ ထိုအချိန်၌ တုပိုင်သည် လူအင်အား နှစ်သောင်းကျော်ကို ဦးဆောင်ကာ ပိုင်ဆယ်မြို့ထဲသို့ ဝင်ရောက်လာလေ၏။ မရေမတွက်နိုင်သော ရိက္ခာများ ၊ ပစ္စည်းများ ၊ ရွှေနှင့် ငွေများ ပါရှိလာလေသည်။

ရုတ်တရက် ပိုင်ဆယ်မြို့တစ်ခုလုံး ပွက်လောရိုက်သွားလေ၏။ ရက်အနည်းငယ်ကြာ ကျဆင်းနေသော စိတ်ဓာတ်များသည် ပြန်လည် မြင့်တက်လာကြသည်။

“ကျန့်ရှီးနယ်စားမင်း သက်တော်ရာကျော် ရှည်ပါစေ...”

“သခင်ကြီးတုပိုင် သက်တော်ရာကျော် ရှည်ပါစေ...”

နှစ်ရက် ကြာပြီးနောက် တုပိုင်၏ လက်အောက်ခံ စစ်သည်များ အားလုံး ပိုင်ဆယ်မြို့ပြင်တွင် စုဝေးရောက်ရှိနေကြလေ၏။ ဤသည်မှာ စစ်ရေးပြပွဲ သက်သက် ၊ စစ်ရေးလေ့ကျင့်မှု သက်သက်သာ ဖြစ်သည်။ စစ်သည်အင်အား ကိုးသောင်းကျော် ရှိပြီး ၊ တစ်သိန်း ပြည့်လုနီးပါး ဖြစ်နေသဖြင့် ၊ စစ်သည် တစ်သိန်းဟု ခေါ်ဆိုနိုင်ပေသည်။

မြို့သူမြို့သား အားလုံးသည် ဤခမ်းနားထည်ဝါသော စစ်ရေးပြပွဲကို လာရောက် ကြည့်ရှုကြသည်။

အဓိက ရည်ရွယ်ချက်မှာ စစ်သားသစ်များကို ပြသရန် ဖြစ်သည်။ စစ်ရေးပြပွဲတွင် ပါဝင်သော စစ်သည်များမှာ အဓိကအားဖြင့် ပြိုင်ဘက်ကင်းမြို့တော်၏ စစ်သည်များနှင့် မီးနတ်ဘုရား စစ်သည်များ ဖြစ်ကြသည်။

အဆုံးအဖြတ် တိုက်ပွဲကြီး နီးကပ်လာပြီ ဖြစ်ရာ ၊ တုပိုင်သည် သူ၏ အတော်ဆုံး လက်ရွေးစင် တပ်ဖွဲ့များကို ထုတ်ပြပြီး စစ်သားသစ်များကို ခြိမ်းခြောက်ရန် လိုအပ်သလို ၊ စိတ်ဓာတ် မြှင့်တင်ပေးရန်လည်း လိုအပ်လေသည်။

စစ်ရေးပြပွဲသည် အလွန် အောင်မြင်ခဲ့သည်။ ပြိုင်ဘက်ကင်းမြို့တော်၏ စစ်သည် ၆ သောင်းသည် သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားပြီး ၊ လက်နက်ကိရိယာ အစုံအလင် တပ်ဆင်ထားကာ ၊ ညီညာသော ခြေလှမ်းများ ၊ ကျွမ်းကျင်သော တိုက်ခိုက်ရေး စွမ်းရည်များကို ပြသခဲ့ရာ ၊ ကြည့်ရှုသူများကို ကြီးမားသော တုန်လှုပ်မှု ဖြစ်စေခဲ့သည်။

စစ်သားသစ် ၃ သောင်းသည် အလွန် အံ့သြကာ လေးစားအားကျသွားကြသလို ၊ ကြောက်ရွံ့မှုများလည်း ဖြစ်ပေါ်လာကြသည်။

ညနေပိုင်းတွင် ပိုင်ဆယ်မြို့၏ ထိပ်သီးအစည်းအဝေးသည် အနည်းငယ် တည်ငြိမ်လေးနက်နေလေသည်။

“ကျွန်မတို့ဆီမှာ စစ်သည် ၉ သောင်း ရှိတယ်... လီရူဟိုင်ရဲ့ စစ်သည် ၃ သိန်းကို ရင်ဆိုင်ရမှာ... မြို့ကို အမှီပြုပြီး ခံစစ်ဆင်မယ် ဆိုရင်တော့ ရှုံးနိမ့်မှာ မဟုတ်ဘူး...”

ဖူဟုန်ပင်းက သုံးသပ်ပြသည်။ “ဒါပေမဲ့ အထိအခိုက် အကျအဆုံးကတော့ အရမ်း ၊ အရမ်း များပြားလိမ့်မယ်...”

လီဝမ်ဟွေ့က ဝင်ပြောလိုက်သည်။ “ယွမ်ထျန်ကျောက်ရဲ့ စစ်သည် ၃ သောင်းခွဲကလည်း စောင့်ကြည့်နေတယ်... တကယ်လို့ သူတို့ပါ ပူးပေါင်းပြီး ပိုင်ဆယ်မြို့ကို တိုက်ခိုက်လာရင် အခြေအနေက အရမ်း အန္တရာယ်များသွားလိမ့်မယ်...”

လီဝမ်ဟွေ့က ဆက်ပြောသည်။ “နောက်ဆုံးရ သတင်းအရ... ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်ရဲ့ စစ်တပ်က ဆုတ်ခွာပြီး ချန်တူးကို ပြန်သွားပြီ... လီရူဟိုင်က သူ့ရဲ့ အင်အား အားလုံးကို စုစည်းပြီး ကျွန်တော်တို့ကို တိုက်ခိုက်နိုင်ပြီ... တာ့ယန် အိမ်ရှေ့စံ လီကျန်းလည်း တပ်ဆုတ်လာပြီး သူ့အဖေနဲ့ သွားပေါင်းပြီ... နောက်ဆုံး စုစည်းထားတဲ့ သတင်းတွေအရ တာ့ယန်နေပြည်တော် ဝန်းကျင်မှာ စုဝေးနေတဲ့ ရန်သူ့စစ်တပ် အင်အားက ၃ သိန်း ၇ သောင်းကျော် ရှိတယ်...”

ဆိုလိုသည်မှာ တုပိုင်ကို လာရောက်တိုက်ခိုက်မည့် ရန်သူအင်အားသည် ခန့်မှန်းထားသည်ထက် ပိုမို များပြားနေပြီး ၊ ၂ သိန်းခွဲ မဟုတ်တော့ဘဲ ၃ သိန်း ၊ သို့မဟုတ် ၃ သိန်း ၃ သောင်း ၊ ၄ သိန်းအထိ ရှိလာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အခြေအနေသည် ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနေလေသည်။

ထိုအချိန်၌ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ သိုင်းပညာရှင်တစ်ဦး ဝင်ရောက်လာပြီး လီဝမ်ဟွေ့၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

လီဝမ်ဟွေ့၏ မျက်နှာ ပျက်သွားပြီး ပြောလိုက်သည်။

“ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံ ကောင်းထင်းက ကွမ်တုံကနေ စစ်သည် ၁ သောင်းခွဲကို ကွမ်ရှီးထဲ ဝင်ဖို့ အမိန့်ပေးလိုက်ပြီတဲ့... ဆိုလိုတာက ယွမ်ထျန်ကျောက်ရဲ့ လက်ထဲမှာ ရှိတဲ့ စစ်တပ်အင်အားက ၃ သောင်းခွဲ မဟုတ်တော့ဘဲ ၅ သောင်း ဖြစ်သွားပြီ...”

ယွမ်ထျန်ကျောက်၏ လက်ထဲရှိ စစ်တပ်များသည် ဖန်းမိသားစု၏ ပင်လယ်ရပ်ခြား အင်ပါယာမှ လက်ရွေးစင် တပ်ဖွဲ့များ ဖြစ်ပြီး ၊ တိုက်ခိုက်စွမ်းရည် အလွန် မြင့်မားကြသည်။

တာ့နင်အင်ပါယာရှိ စစ်ဘုရင်များ၏ တွန်းပို့မှုကြောင့် တုပိုင် ရင်ဆိုင်ရမည့် ရန်သူအင်အားသည် ခန့်မှန်းထားသည်ထက် များစွာ ပိုမို များပြားလာခဲ့ပြီ ဖြစ်သည်။

အစည်းအဝေး ခန်းမထဲရှိ လေထုသည် အလွန် လေးလံနေပြီး ၊ အားလုံး စိတ်ဓာတ်ကျနေသကဲ့သို့ ဖြစ်နေသည်။

သို့သော် တုပိုင် ရုတ်တရက် ပြုံးလိုက်ပြီး ပြောလေ၏။

“ဒီတစ်ခေါက် ကျွန်တော်တို့ မြို့ထဲမှာပဲ ခံစစ်ဆင်မှာ မဟုတ်ဘူး... ကျွန်တော်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး တာ့ယန်တိုင်းပြည်ကို သွားရောက် တိုက်ခိုက်မယ်... လီမိသားစုရဲ့ ပုန်ကန်မှုကို အဆုံးသတ်ပစ်မယ်...”

ထိုစကားကို ကြားလိုက်သည်နှင့် အားလုံး တုန်လှုပ်သွားကြသည်။

တုပိုင်က ပြုံးလျက် ဆက်ပြော၏။ “ကျွန်တော်ပြစရာ တစ်ခုရှိတယ်။ လိုက်ခဲ့ပေးပါ...” ထို့နောက် တုပိုင်သည် အပြင်သို့ ထွက်ခွာသွားလေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters