← Chapters

အခန်း (၅၅၀)

Vol. 55 Ch. 550

အခန်း (၅၅၀)

Vol. 55 Ch. 550

လွန်ခဲ့သော ရက်အနည်းငယ်က စစ်ခုန်းယဲ့သည် ကောင်းကင်ကိုးဆင့်ထက်မှ တိမ်တိုက်များကို ငေးမောကြည့်ရှုရင်း ရုတ်ခြည်းပင် ဉာဏ်အလင်းပွင့်သွားခဲ့၏။ ထို့နောက် ညစ်ညမ်းနေသော သန့်စင်ခြင်းရေတွင်းထဲရှိ ကြောက်မက်ဖွယ်ကောင်းသည့် အမှောင်ဒြပ်ထုကို ရှုပ်ထွေးနက်နဲလှသော အဂ္ဂိရတ်ပညာရပ်ဖြင့် ထုတ်ယူနိုင်ခဲ့လေသည်။

ထိုအမှောင်ဒြပ်ထုသည် သိပ်သည်းဆ အလွန်မြင့်မားပြီး အခဲအခြေအနေနှင့် အရည်အခြေအနေကြား အချိန်မရွေး ကူးပြောင်းနိုင်စွမ်းရှိသည်။ ထိုသို့ ပြောင်းလဲနေစဉ်အတွင်း နှိုင်းယှဉ်မရနိုင်လောက်အောင် ဆန်းကြယ်ပြီး စွမ်းအားကြီးမားသော အရှိန်အဝါများ ထုတ်လွှတ်နေတတ်သေးသည်။

ယင်းစွမ်းအင်သည် ဤကမ္ဘာမှ မဟုတ်ဘဲ အခြားကမ္ဘာတစ်ခုမှ စွမ်းအင်ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။

သို့သော် နှမြောစရာကောင်းသည်မှာ စစ်ခုန်းယဲ့ခမျာ ထိုစွမ်းအင်ကို လေ့လာစိစစ်ရန် အချိန်မရလိုက်မီမှာပင် ကျီယင်ယင်က ထိုအမှောင်ဒြပ်ထု အနည်းငယ်ကို သောက်ပစ်လိုက်၏။

ထို့နောက်တွင်မူ ကျီယင်ယင်သည် ယခင်ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရရှိသွားပြီး ၊ ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် နှစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်လိုက်ကာ အိပ်မောကျခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက်တွင် နီရှန် နတ်မိမယ်က တုပိုင်ကို ခေါ်ဆောင်သွားခဲ့လေ၏။

ထိုဖြစ်ရပ်ကြောင့် စစ်ခုန်းယဲ့သည် များစွာ အားတက်သွားပြီး စိတ်လှုပ်ရှားသွားခဲ့ရသည်။ နှစ်ရက်နှင့် နှစ်ညတိုင်တိုင် အိပ်စက်အနားယူပြီးနောက် ၊ ရက်ပေါင်းများစွာ ညပေါင်းများစွာ မအိပ်မနေဘဲ ကြိုးပမ်းအားထုတ်ခဲ့ရာ ထူးဆန်းသော အမှောင်ဒြပ်ထု ၁၀ မီလီလီတာ ကို ထပ်မံ ထုတ်ယူနိုင်ခဲ့ပြန်သည်။

ထိုအခိုက်မှစ၍ ယင်းအမှောင်ဒြပ်ထုအပေါ် ရူးသွပ်ဖွယ်ရာ သုတေသနပြုမှုများကို စတင်တော့သည်။

ပထမဦးစွာ မီးဖြင့် ရှို့ကြည့်သော်လည်း မည်သို့မျှ တုံ့ပြန်မှု မရှိပေ။ ထို့နောက် ဖိအားအမျိုးမျိုး ပေးကြည့်သော်လည်း အရာမထင်ချေ။ ထို့နောက် စွမ်းအင်ကျောက်တုံး အမျိုးမျိုးကို အသုံးပြုကာ ကောင်းကင်မှ မိုးကြိုးများကိုပင် ဆွဲယူ၍ အမှောင်ဒြပ်ထုကို လျှပ်စစ်ဖြင့် ရူးသွပ်စွာ လျှပ်စီးတိုက်ကြည့်ခဲ့သည်။

သို့သော်... ဘာမျှ ဖြစ်မလာခဲ့ပေ။

အခြား အဂ္ဂိရတ်ပညာရှင် များကဲ့သို့ပင် နောက်ဆုံး၌ သူသည် သက်ရှိများကို စမ်းသပ်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့၏။

အမှောင်ဒြပ်ထု အနည်းငယ်ကို ခွေးတစ်ကောင်အား ကျွေးလိုက်သည်။ ရလဒ်အနေဖြင့် ထိုခွေးသည် ပွဲချင်းပြီး အသက်ပျောက်သွားလေ၏။

ထို့နောက် သူသည် အထက်အရာရှိကို လုပ်ကြံရန် ကြိုးစားခဲ့သော သေဒဏ်ကျ အကျဉ်းသား စစ်သည်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၊ အမှောင်ဒြပ်ထု အနည်းငယ်ကို ကျွေးလိုက်ပြန်သည်။

ရလဒ်မှာ... ထပ်မံ၍ ပွဲချင်းပြီး သေဆုံးသွားရပြန်လေ၏။

စစ်ခုန်းယဲ့သည် လက်မလျှော့နိုင်ဘဲ လူတစ်ယောက်ကို တွင်းနက်ကြီးထဲသို့ စေလွှတ်ကာ အခြားကမ္ဘာမှ စွမ်းအင်ရှိသော သားရဲဆန်းတစ်ကောင်ကို ဖမ်းဆီးခိုင်းလိုက်သည်။

လူတိုင်းသိကြသည့်အတိုင်းပင် သားရဲဆန်းများသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး တိုက်ခိုက်စွမ်းရည် မြင့်မားကြသည်။ သားရဲဆန်းကို ဖမ်းဆီးခြင်းသည် အလွန်တရာ အန္တရာယ်များလှ၏။

သို့သော် မည်သူမျှ သူ၏ အမိန့်ကို မနာခံရဲကြပေ။ သူသည် လီဝမ်ဟွေ့ကို သွားရောက် ရှာဖွေခဲ့ရာ ၊ နောက်ဆုံး၌ လီဝမ်ဟွေ့ ကိုယ်တိုင် အမိန့်ပေး၍ သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့ကို တွင်းနက်ကြီးထဲသို့ စေလွှတ်ခဲ့ရသည်။ နှစ်ရက်ခန့် ကြာပြီးနောက် သားရဲဆန်းအငယ်လေး တစ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့ကြသည်။

မွေးခါစဖြစ်သဖြင့် စွမ်းရည် သိပ်မရှိလှပေ။ စစ်ခုန်းယဲ့သည် ထိုသားရဲငယ်လေးကို အမှောင်ဒြပ်ထု အနည်းငယ် ကျွေးလိုက်လေ၏။

ထို့နောက် ကြက်သီးထဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပျက်လာခဲ့သည်။

သားရဲဆန်း၏ ခန္ဓာကိုယ်သည် ကြောက်ခမန်းလိလိ ပြောင်းလဲလာပြီး ၁၀ ဆ ခန့် ကြီးထွားလာကာ ၊ အလွန် ရက်စက်ကြမ်းကြုတ်၍ ကြောက်မက်ဖွယ် ကောင်းလာတော့သည်။

သို့သော် ထိုအခြေအနေသည် အသက်ရှူအကြိမ်ရည် အနည်းငယ် မျှသာ ကြာမြင့်ခဲ့၏။

ထို့နောက်...

“ဘုန်းးး... ဝုန်းးးး...”

၁၀ ဆ ခန့် ကြီးထွားလာသော သားရဲဆန်းသည် တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး အသားစများ တစ်စစီ လွင့်စင်သွားတော့သည်။

ထိုစမ်းသပ်မှု ပြီးဆုံးပြီးနောက် စစ်ခုန်းယဲ့သည် အခန်းအောင်းကာ တရားပြန်ထိုင်နေပြီး ၊ တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေပြန်သည်။

သို့သော် တုပိုင် မရှိသည့်အတွက် သူ့စကားကို မည်သူမျှ နားမလည်ကြသလို ၊ မည်သူကမျှလည်း သူ့ကို ဉာဏ်အလင်း လမ်းပြပေးနိုင်ခြင်း မရှိပေ။

ထို့ကြောင့် သူသည် ထပ်မံ ရူးသွပ်သွားပြန်ပြီး မိမိကိုယ်ကို နှိပ်စက်သည့် အလုပ်များကို လုပ်ဆောင်ပြန်လေ၏။

သူ၏ ကိုယ်ကိုကိုယ် နှိပ်စက်ခြင်းသည် သူတစ်ပါးအား ပြသရန် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူထိုသို့ လုပ်ဆောင်ချိန်၌ တစ်ယောက်တည်း ရှိနေတတ်သောကြောင့် ဖြစ်သည်။

သူ့စိတ်ထဲတွင် အကြံဉာဏ်များနှင့် ဉာဏ်အလင်းများ ရှိနေပြီဟု ခံစားနေရသော်လည်း ၊ ထိုအရာများသည် မရေမတွက်နိုင်သော ချည်မျှင်များကြားတွင် ပုန်းကွယ်နေသကဲ့သို့ ဖြစ်နေပြီး ရှာမတွေ့နိုင် ဖြစ်နေသည်။ ထို့ကြောင့် နာကျင်မှုကို အသုံးပြု၍ စိတ်ကို ပိုမို ကြည်လင်လာစေရန် လှုံ့ဆော်ခြင်း ဖြစ်ပေ၏။

နောက်ဆုံး၌ စစ်ခုန်းယဲ့သည် ရူးသွပ်ဖွယ်ရာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ အမှောင်ဒြပ်ထုကို ကိုယ်တိုင် သောက်သုံးပြီး အဖြေတစ်ခု ရရှိရန်အတွက် မိမိ၏ အသက်ကို ပုံအော၍ စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သောက်လိုက်လျှင် သေမည်ဆိုတာကို သူသိသည်။ သူသည် ကျီယင်ယင် မဟုတ်ပေ။ သို့သော် သူ စစ်ခုန်းယဲ့သည် ထိုသို့သော လူမျိုးပင်။ သေရမာကြောက်ပါက သူ ယနေ့အခါတွင် ဤနေရာသို့ ရောက်လာနိုင်မည် မဟုတ်ချေ။

စစ်ခုန်းယဲ့သည် အရာအားလုံးကို ပြင်ဆင်ပြီးနောက် ရေချိုး ၊ အဝတ်အစားလဲကာ ဖယောင်းတိုင်များကို ထွန်းလိုက်သည်။ ပြီးနောက်တွင် စာရွက်နှင့် စုတ်တံကို ထုတ်ယူပြီး သေသပ်စွာ ထိုင်လိုက်လေ၏။

သူသောက်ပြီးသည်နှင့် ခံစားချက်များနှင့် တွေ့ရှိချက်များကို စာရွက်ပေါ်တွင် ချက်ချင်း ချရေးမည်။ မသေဆုံးမီ အချိန်လေး၌ သူသည် အတော်ဆုံးနှင့် ဉာဏ်အရှိဆုံးလူ ဖြစ်လာမည်ဖြစ်ပြီး အမှောင်ဒြပ်ထု၏ အခြေခံ ဂုဏ်သတ္တိများကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားလေသည်။

စစ်ခုန်းယဲ့သည် အရူးတစ်ယောက် ဖြစ်၏။ မည်သည့် ရှုထောင့်မှ ကြည့်ကြည့် သူသည် အစွန်းရောက်သော အရူးတစ်ယောက် ဖြစ်ပေသည်။

လက်စားချေလိုသည့်အခါ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်ခဲ့သည်။ မိသားစုနှင့် သမီးတစ်ယောက် ပိုင်ဆိုင်ပြီးနောက်တွင်တော့ သူ့ဘဝတစ်ခုလုံးကို အဂ္ဂိရတ်ပညာ၌ မြှုပ်နှံထားခဲ့သည်။ ရလဒ်တစ်ခု ရရှိရန်အတွက် မိမိအသက်ကိုပင် စွန့်လွှတ်ရန် ဝန်မလေးသူ ဖြစ်သည်။

သူသေဆုံးရန် နှုတ်ခမ်းဝသို့ ရောက်နေချိန်မှာပင် လီဝမ်ဟွေ့ ဝင်ရောက်လာပြီး သူ့လက်ထဲမှ အမှောင်ဒြပ်ထုကို လုယူကာ လက်ဝါးဖြင့် ရိုက်၍ သတိမေ့သွားစေခဲ့သည်။

ယခင် ပုပုကွကွ ပရောဖက် ၊ ယခု အဂ္ဂိရတ်ပညာရှင် စစ်ခုန်းယဲ့ နိုးလာချိန်တွင် ကုတင်ပေါ်၌ ခြေလက်များ အတုပ်နှောင် ခံထားရပြီး ဖြစ်နေလေ၏။

တုပိုင် ပြန်ရောက်လာသည့် အချိန်ကျမှသာ စစ်ခုန်းယဲ့ လွတ်လပ်ခွင့် ရရှိခဲ့လေသည်။ တုပိုင်ကို ပထမဆုံး မြင်လိုက်ရသည့်အခါ စစ်ခုန်းယဲ့သည် အော်ဟစ်ငိုကြွေးလိုက်ရာ တုပိုင်မှာ နေရခက်သွားရလေသည်။

‘ခင်ဗျား ဆရာသခင် စစ်ခုန်းယဲ့က အရပ် ၃ ပေ လောက်ပဲ ရှိတယ် ဆိုပေမဲ့ အသက်က ရာကျော်နေပြီလေ... ကလေးတစ်ယောက်လို ကျုပ်ခြေထောက်ကို ဖက်ပြီး ငိုနေတာကတော့ သိပ်မဟန်ပါဘူး...’

ထို့နောက် စစ်ခုန်းယဲ့သည် ပွစိပွစိ ပြန်ပြောပြန်တော့သည်။ သူ့စိတ်ထဲရှိ အတွေးများနှင့် ယခင်စမ်းသပ်မှု ရလဒ်များ အားလုံးကို ထုတ်ပြောလေ၏။

စစ်ခုန်းယဲ့သည် နှစ်နာရီ ကြာအောင် မမောမပန်း ပြောဆိုနေခဲ့၏။ စကားပြောနှုန်း အလွန်မြန်ပြီး စကားလုံးများ မပီသသလို ၊ စကားလုံးများကြားတွင် ယုတ္တိဆက်စပ်မှုလည်း မရှိပေ။ စိတ်ထဲရှိရာများကို လျှောက်ပြောနေခြင်း ဖြစ်သည်။

သူ့စကားများကို ရှင်းရှင်းလင်းလင်း ကြားရရန်အတွက် တုပိုင်သည် စိတ်စွမ်းအင်ပညာရပ်များကိုပင် ထုတ်သုံးခဲ့ရသည်။ နှစ်နာရီ ကြာပြီးနောက် စကားလုံးပေါင်း သောင်းချီကို နားထောင်ပြီးသွားပြီ ဖြစ်သည်။

ပြောပြီးသွားချိန်၌ စစ်ခုန်းယဲ့သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် တုပိုင်ကို ကြောင်တောင်တောင် ကြည့်ကာ အဖြေကို စောင့်မျှော်နေလေ၏။ တုပိုင် မျက်လုံးများကို မှိတ်လိုက်ပြီး တရားကျင့်ကြံခြင်း ကမ္ဘာထဲသို့ ဝင်ရောက်ကာ စတင် စဉ်းစားသည်။

လက်တွေ့တွင် သူ၏ ဦးနှောက်သည် ဤမျှ ရှုပ်ထွေးသော ပြဿနာများကို စဉ်းစားရန် မလုံလောက်ပေ။ သို့သော် တရားကျင့်ကြံခြင်း ကမ္ဘာထဲသို့ ရောက်ရှိသွားချိန်တွင် သူ၏ ဦးနှောက်စွမ်းရည်သည် များစွာ တိုးတက်သွားပြီး ၊ စဉ်းစားတွေးခေါ်မှုအပိုင်း၌ ရှုပ်ထွေးနေသော ပြဿနာများကို ရှင်းလင်းသွားစေနိုင်သည်။

တုပိုင်တစ်ယောက် နှစ်နာရီ ကြာအောင် တွေးတောခဲ့လေ၏။ မျက်လုံးဖွင့်ပြီးနောက် တုပိုင်က မေးလိုက်သည်။

“ဒီအမှောင်ဒြပ်ထုကို မီးနဲ့ရှို့တဲ့အခါ ဘယ်လိုရလဒ် ထွက်လာသလဲ...”

စစ်ခုန်းယဲ့က ဖြေလိုက်သည်။ “မီးတောက်က သေးသွားပြီးတော့ ပျောက်သွားတယ်...”

တုပိုင်က မေးပြန်သည်။ “သေဒဏ်ကျအကျဉ်းသားနဲ့ စမ်းသပ်တုန်းကရော သူဘယ်လိုမျိုး သေသွားတာလဲ...”

စစ်ခုန်းယဲ့က ပြန်ဖြေလေ၏။ “ခန္ဓာကိုယ်ထဲက အသက်စွမ်းအင်တွေ အားလုံးကို ဝါးမြိုခံလိုက်ရသလိုပဲ... တစ်ကိုယ်လုံးက အသီးခြောက်လိုကို ကျုံ့ဝင်သွားပြီးတော့မှ သေဆုံးသွားတာ...”

တုပိုင်က ထပ်မေးလေသည်။ “သားရဲဆန်းနဲ့ စမ်းသပ်တုန်းက အသေးစိတ် ဖြစ်စဉ်ကို ပြောပြပါ...”

စစ်ခုန်းယဲ့ မျက်လုံးမှိတ်ပြီး ပြန်စဉ်းစားကာ အသေးစိတ် ပြောပြလေသည်။ “အမှောင်ဒြပ်ထုကို ကျွေးလိုက်တဲ့ ခဏမှာ သားရဲဆန်းက ထိုင်းမှိုင်းသွားပြီး ကျုံ့ဝင်သွားသလို ဖြစ်သွားတယ်... ဒါပေမဲ့ ခဏလေးပါပဲ... ပြီးတော့မှ ရုတ်တရက် စွမ်းအင်လှိုင်းတွေ ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်က စတင် ဖောင်းပွလာတယ်... တိုက်ခိုက်စွမ်းအားတွေ ရူးသွပ်စွာ တိုးပွားလာတယ်... နောက်ဆုံးတော့ ခန္ဓာကိုယ်က အဲဒီ ဖောင်းပွမှုနဲ့ အင်အားကို မခံနိုင်တော့ဘဲ တစ်စစီ ပေါက်ကွဲထွက်သွားတာပဲ...”

တုပိုင် ပြောလိုက်သည်။ “တော်တော်လေး ရှင်းသွားပြီ... ဆရာသခင် စစ်ခုန်းယဲ့... ကျွန်တော်တို့ အရင်သွားခဲ့တဲ့ လမ်းကြောင်းက မှားနေခဲ့တယ်...”

စစ်ခုန်းယဲ့ မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူပင် ရပ်တန့်သွားမတတ် ဖြစ်သွားရသည်။

တုပိုင်က ဆက်ပြောသည်။ “ကျွန်တော်တို့ အရင်သွားခဲ့တဲ့ လမ်းကြောင်းက... ဒီညစ်ညမ်းနေတဲ့ သန့်စင်ခြင်း ရေတွင်းထဲမှာ အားကြီးတဲ့ စွမ်းအင်နှစ်ခု ရှိနေတယ်လို့ တွေးခဲ့ကြတယ်... တစ်ခုက သန့်စင်ခြင်းရေရဲ့ အလင်းစွမ်းအင်နဲ့ နောက်တစ်ခုက ယူရေနီယမ် ကျောက်တုံးရဲ့ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်ပေါ့... အဲဒီနှစ်ခုက တစ်ခုနဲ့တစ်ခု တွန်းကန်နေကြတယ်လို့ ထင်ခဲ့ကြတယ်... ဒါကြောင့် ကျွန်တော်တို့က ဒီစွမ်းအင်နှစ်ခုကို တိုက်မိစေပြီး အားကြီးတဲ့ စွမ်းအင် ပေါက်ကွဲထွက်လာအောင် လုပ်ဖို့ အမြဲ ကြိုးစားခဲ့ကြတယ်...”

စစ်ခုန်းယဲ့ ခေါင်းကို အဆက်မပြတ် ငြိမ့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တုပိုင်နှင့် သူ၏ သုတေသန လမ်းကြောင်း ဖြစ်ပြီး ၊ လျှို့ဝှက်လက်နက် သုတေသန လမ်းကြောင်းတစ်ခုလုံးသည်လည်း ဤစည်းမျဉ်းပေါ်တွင် အခြေခံထားသောကြောင့် ဖြစ်ပေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters