မန်နေဂျာသုံးယောက်ရဲ့ တည်နေရာ
Vol. 43 Ch. 631
မြေပုံပေါ်ရှိ ပင်စိုက်ထားသော အမှတ်တစ်ခုတိုင်းသည် မသေဆေး၏ ဓာတ်ခွဲခန်းတစ်ခုစီကို ကိုယ်စားပြုနေပြီး ဘေးတွင် အသေးစိတ်ရှင်းလင်းချက်များ ပါရှိသည်။
"ကမ္ဘာ့ကယ်တင်ရှင်တစ်ဦး ချမှတ်ထားတဲ့ စည်းမျဉ်းတွေကြောင့် ရှင်းလုမြို့က အခုထိ ကပ်ဆိုးကြီးတွေ မကျရောက်သေးတာ၊ ဒါပေမဲ့ သူတို့ ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ နောက်ဆုံးကျရင် ကြောက်စရာကောင်းတဲ့ အရာတွေ ဖြစ်လာလိမ့်မယ်"
ထိုအမျိုးသမီးက စီးကရက်ကိုကိုင်ရင်း အဖိုးတန်မြေပုံကို ပုတ်ကာ ပြောလိုက်သည်။
"ဒါကို ရှင့်ကို လက်ဆောင်ပေးလိုက်လို့ရပါတယ်"
ကောင်းမင်က မြေပုံထောင့်ကို အသာအယာကိုင်လိုက်သည်။
"ဒါက အရမ်းအဖိုးတန်လွန်းတယ်၊ ငါ မယူနိုင်ဘူး"
"ရပါတယ်၊ ကျွန်မတို့ဆီမှာ ဒီလိုမြေပုံတွေ အများကြီးရှိတယ်၊ ဘော့စ်က လက်တွေ့ကမ္ဘာက ရှင်းလုမြို့ မြေပုံကိုတင်သာ မကဘဲ အနက်ရောင်မြူထဲက ရှင်းလုမြို့ မြေပုံကိုပါ ဆွဲထားပြီးသားပဲ"
အမျိုးသမီးက အချက်အလက်များကို ကောင်းမင်ထံ ကမ်းပေးလိုက်သည်။
"တကယ်လို့ ရှင် တံခါးရဲ့ နောက်ကို ခရီးသွားဖို့ ဆန္ဒရှိမယ်ဆိုရင် ဘော့စ်က ရှင့်ကို ဒီထက်မက ပြောပြပေးလိမ့်မယ်လို့ ကျွန်မယုံကြည်တယ် ၊ ရှင့်ရဲ့ မေးခွန်းတွေအတွက်လည်း ဖြေပေးနိုင်လိမ့်မယ်"
ကောင်းမင်က ခေါင်းခါလိုက်ပြီး ဖိုင်တွဲများကို ငုံ့ကြည့်လိုက်သည်။ သူဖတ်လေလေ ပိုအံ့သြရလေလေ ဖြစ်သည်။ ထိုလူများက မည်သည့်နည်းလမ်း သုံးခဲ့သည်ကို သူမသိသော်လည်း မသေဆေးကုမ္ပဏီအကြောင်း အချက်အလက်များစွာကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဖူရှု ပြောပြခဲ့သော နာမည်တချို့ကိုလည်း ကောင်းမင်တွေ့လိုက်ရသည်။
"ဝမ်ကျား - ဟန်ဟိုင်းစီမံကိန်းရဲ့ မန်နေဂျာ သုံးဦးထဲက တစ်ဦး၊ လွန်ခဲ့တဲ့ နှစ်တွေက ဆာလောင်တစ္ဆေပွဲတော်အတွင်းမှာ သူ ပျောက်ဆုံးသွားခဲ့တယ်၊ သူ ထောက်ပံ့ပေးထားတဲ့ မိဘမဲ့ကလေး အယောက် (၃၀) ကျော်လည်း အတူတူ ပျောက်ဆုံးသွားခဲ့တယ်"
"တုကျင်း - ဟန်ဟိုင်းစီမံကိန်းရဲ့ မန်နေဂျာ သုံးဦးထဲက တစ်ဦး၊ သူမဟာ ထာဝရရှင်သန်ခြင်းခေါင်းစဉ်အောက်မှာ ပြုပြင်မွမ်းမံမှုတွေကို ခံယူထားသူဖြစ်ပြီး မသေဆေးကုမ္ပဏီရဲ့ သတ္တမမြောက် ဓာတ်ခွဲခန်းထဲမှာ အိပ်မောကျနေတယ်၊ အဲဒီဓာတ်ခွဲခန်းက မြို့ဟောင်းဇုန်ရဲ့ အောက်ဘက်မှာ ရှိပြီး 'သုခဘုံ'လို့ ခေါ်တယ်"
"နံပါတ် သုည - ဟန်ဟိုင်စီမံကိန်းရဲ့ မန်နေဂျာ သုံးဦးထဲက တစ်ဦး၊ ???"
ဖိုင်တွဲများအရ ဝမ်ကျားနှင့် တုကျင်းတို့ထံ ဆက်သွယ်မရသောကြောင့် နံပါတ် သုညသည် ဟန်ဟိုင်းပရောဂျက်၏ တစ်ဦးတည်းသော မန်နေဂျာ ဖြစ်လာခဲ့သည်။
"နံပါတ် သုည အတွက် စာမျက်နှာတစ်မျက်နှာလုံး သီးသန့်ပေးထားပေမဲ့ ဘာလို့ မေးခွန်းသင်္ကေတတွေပဲ ရှိနေတာလဲ"
ကောင်းမင်သည် ဘာမျှမပါသလောက် ဖြစ်နေသော စာရွက်လွတ်ကို ကောက်ကိုင်လိုက်သည်။
"နံပါတ် သုညက ဘယ်သူလဲဆိုတာ ကျွန်မတို့မသိဘူး၊ အဲဒီလိုလူ ရှိတယ်ဆိုတာလောက်ပဲ သိတယ်"
အမျိုးသမီးက ပခုံးတွန့်ရင်း ဆိုသည်။
"ကျေးဇူးပြုပြီး... ကျွန်မတို့က သရဲအိမ်သရုပ်ဆောင်တွေပဲလေ၊ ကျွန်မတို့အပေါ် ဒီလောက်ကြီး မျှော်လင့်မထားပါနဲ့"
ကောင်းမင် ဆက်ဖတ်လိုက်သည်။ ရွှမ်ဝမ်၏ အမည်ကို သူရှာမတွေ့ပေ။ နောက်ဆုံးနားတွင် ထန်လင်းအကြောင်း ရေးထားသော စာမျက်နှာအချို့ကို သူတွေ့လိုက်ရသည်။
"ထန်လင်း - ဦးနှောက်နယ်ပယ် ဂိမ်းထုတ်လုပ်သူ။ ထာဝရရှင်သန်ခြင်းခေါင်းစဉ်အောက်မှာ ပြုပြင်မွမ်းမံမှုတွေ ခံယူထားတဲ့သူ။ သူ့အသက်အမှန်ကို မသိရဘူး၊ သုတေသီအတော်များများက သူမကို 'ဆရာမ' လို့ ခေါ်ကြတယ်၊ မကြာသေးတဲ့ နှစ်တွေအတွင်း သူဟာ အလယ်အလတ်နဲ့ နက်ရှိုင်းအဆင့် အိပ်မက်ဆိုးတွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေခဲ့သူ ဖြစ်တယ်၊ သူဟာ တံခါးတွေအပေါ် အထူးစိတ်ဝင်စားပြီး တံခါးနောက်ကွယ်က အရာတစ်ခုခုရဲ့ အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားတယ်၊ သူဟာ မပြောသင့်သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ သံသယရှိတယ်"
ကောင်းမင် ဖတ်ပြီးသွားသော်လည်း လက်မလျှော့သေးပေ။
"ရွှမ်ဝမ်လို့ခေါ်တဲ့ အမျိုးသမီးအကြောင်းရော စုံစမ်းမိတာ ရှိလား ၊ သူက ငါ့ဆရာဝန်ဟောင်း ဖြစ်ပြီးတော့ မသေဆေးကုမ္ပဏီမှာ အလုပ်လုပ်နေတာ"
"တစ်စုံတစ်ယောက်ကို စုံစမ်းမယ်ဆိုရင် ကျွန်မတို့မှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်စံနှုန်းတွေ ရှိတယ်"
စီးကရက် ကုန်သွားသည်။ မီးခိုးငွေ့များ၏ ထိန်းချုပ်မှုမရှိတော့သောအခါ သူမ၏ လှပသော မျက်လုံးများက ဖြည်းဖြည်းချင်း နီရဲလာ၏။
"ဒီစာရင်းထဲကလူတိုင်း အသတ်ခံလိုက်ရတာနဲ့ မသေဆေးကုမ္ပဏီတစ်ခုလုံး ပြိုလဲသွားလိမ့်မယ် ၊ အခု ရှင်နားလည်ပြီလား"
"ကိုယ့်စကားကို ပြန်နားထောင်ကြည့်ပါဦး၊ မင်း ပြောတဲ့လေသံတွေက သာမန်သရဲအိမ် သရုပ်ဆောင်တစ်ယောက်နဲ့ တူရဲ့လားလို့"
ကောင်းမင်သည် ဖိုင်များနှင့် မြေပုံကို အိတ်ထဲ ထည့်လိုက်သည်။ ဖူရှု၏စာရင်းအရ ထန်လင်းသည် ကိုင်တွယ်ရန် အလွယ်ကူဆုံး ဖြစ်သင့်ပြီး သူမက နံပါတ် ၂နှင့်လည်း နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေသည်။ သူသည် ထန်လင်းထံမှ စတင်ရန် စီစဉ်လိုက်သည်။
"ထန်လင်း ဘယ်မှာနေလဲဆိုတာ မင်းသိလား၊ သူမရဲ့ အိပ်မက်ဆိုးကို ငါသွားကြည့်ချင်တယ်"
"ငါ့လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်ပြီး ကူညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ အချိန်တော့ နည်းနည်းယူရလိမ့်မယ်"
ထိုအမျိုးသမီးက စကားလမ်းကြောင်း လွှဲလိုက်ပြီး "ရှင့်ရဲ့ အဓိကဆရာဝန်က မသေဆေးကုမ္ပဏီက မဟုတ်ဘူးလား၊ ဘာလို့ သူ့ကို တိုက်ရိုက်မမေးတာလဲ"
"မင်းပြောတာ မှန်တယ်"
အမျိုးသမီးအား ကျေးဇူးတင်စကား ပြောပြီးနောက် ကောင်းမင် ထွက်လာခဲ့သည်။ ဓာတ်လှေကားထဲ ရောက်လာသောအခါ သူသည် နဝမအာရုံစူးစမ်းရှာဖွေရေးဌာနထဲသို့ နောက်လှည့်ကြည့်လိုက်သည်။ ထိုအထဲတွင် သားစားကြူးနတ်ဘုရားကိုပင် မတည်မငြိမ်ဖြစ်စေသော ဖုံးကွယ်ထားသည့် အရာတစ်ခု ရှိနေပေသည်။
"အဲဒီ အမျိုးသမီးဝန်ထမ်းအပြင် အဲဒီမှာ ပုန်းနေတဲ့ နောက်ထပ်သရဲတစ်ကောင် ရှိသေးတယ်၊ ကျိုကျန်းက လာတဲ့ အနီရောင်တစ္ဆေတွေကို လျှော့တွက်လို့ မရဘူး"
ကောင်းမင်က ဓာတ်လှေကားတံခါးပိတ်ရန် ခလုတ်ကို နှိပ်လိုက်သည်။ သူ့ခရီးစဉ်သည် အတော်လေး အကျိုးရှိခဲ့ခြင်းဖြစ်သည်။သူသည် အစွမ်းထက်သော မဟာမိတ်တစ်ခုကို ရရှိခဲ့သည်။ သို့သော် သူတို့ကို အပြည့်အဝတော့ မယုံကြည်သေးပေ။ အမျိုးသမီးဝန်ထမ်းသည် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီး သူ့ကို စောင့်နေသကဲ့သို့ ခံစားရသည်။
"ဘော့စ်ဆိုတဲ့လူက တကယ်ပဲ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ စွမ်းအားရှိတာ ဖြစ်နိုင်တယ်၊ သူက တစ်ခုခုကိုမြင်ပြီး ကြိုစီစဉ်ထားတာပဲ"
လေးလံသော အိတ်ကြီးကို လွယ်ထားရင်း ကောင်းမင်ရှေ့မှ ဓာတ်လှေကား တံခါးများ ဖြည်းညင်းစွာ ပိတ်သွားသည်။
"သူတို့က မသေဆေးကုမ္ပဏီကို နှောင့်ယှက်ဖို့ ငါ့ကို အသုံးချနေတာလည်း ဖြစ်နိုင်တယ်"
ကောင်းမင်ကို သယ်ဆောင်သွားသော ဓာတ်လှေကား ပိတ်သွားပြီး အောက်သို့ ဆင်းသွားသည်နှင့် ဘေးမှ ဓာတ်လှေကားတံခါး ပွင့်လာလေသည်။ အားကစားဝတ်စုံ၊ ဦးထုပ်နှင့် နှာခေါင်းစည်း တပ်ထားသော လျိုယီထွက်လာလေသည်။ သူမသည် ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်ရှုပြီးနောက် နဝမအာရုံစူးစမ်းရှာဖွေရေးဌာန၏ အဝင်ဝတွင် ရပ်လိုက်သည်။
"ကောင်းမင်က ညဘက်အိပ်မပျော်တဲ့အခါတိုင်း ဒီကို လာနေတာလား၊ သူက သရဲအိမ်တစ်လုံးထဲမှာ မသေဆေးကုမ္ပဏီကို တိုက်ခိုက်နေတာလား"
လျိုယီသည် မျက်မှောင်ကြုတ်ရင်း ရှေ့သို့ တိုးသွား၏။
"ဟေ့... ဒီကို နင်တစ်ယောက်တည်း လာတာလား"
အမျိုးသမီးဝန်ထမ်း၏ အသံက လျိုယီ၏နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။ လျိုယီသည် အလွန်လန့်သွားသဖြင့် ခုန်ဆုတ်လိုက်၏။
လျိုယီက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထိုးထည့်၍ ထိုအမျိုးသမီးကို တည်ငြိမ်စွာ အကဲခတ်လိုက်သည်။ သူမသည် အလွန်လှပသော်လည်း သဘာဝမကျသောအရှိန်အဝါတစ်ခု ရှိနေလေသည်။ သူမ၏ လည်ပင်းနှင့် ဦးခေါင်းထောင့်ချိုးသည် မှားယွင်းနေဟန်ရှိပြီး ချုပ်ရိုးတက်တူးများမှာလည်း အစစ်နှင့် တူလွန်းနေသည်။ ထိုအမျိုးသမီးသည် လူသားတစ်ယောက်နှင့် မတူပေ။
"တောင်းပန်ပါတယ်၊ ကျွန်မ အထပ်မှားဆင်းမိတာပါ"
လျိုယီသည် အိတ်ကပ်ထဲရှိ အရာတစ်ခုကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ သူမ ဓာတ်လှေကားထဲက ထွက်လာချိန်တွင် မည်သည့်ခြေသံမျှ မကြားရဘဲ ပတ်ဝန်းကျင်တွင်လည်း မည်သူမျှ မရှိကြောင်း အတည်ပြုခဲ့သည်။သို့သော်လည်း ထိုအမျိုးသမီးက မည်သို့မည်ပုံဖြင့် သူမနောက်သို့ ရောက်လာကြောင်းမသိချေ။
"နားလည်ပါပြီ"
အမျိုးသမီးက တခစ်ခစ်ရယ်လိုက်သည်။
"ပြင်းထန်တဲ့ ယင်စွမ်းအင်တွေကို သယ်ဆောင်ထားတဲ့သူတွေ ငါတို့အထပ်ကို မှားရောက်လာတတ်ကြတာ ထုံးစံပါပဲ"
လျိုယီသည် ဓာတ်လှေကားဆီသို့ ပြန်လှည့်သွား၏။
လျိုယီ အလောတကြီး ဖြစ်နေသည်ကို မြင်သောအခါ အမျိုးသမီးက စေတနာဖြင့် သတိပေးလိုက်သည်။
"တကယ်လို့ နင်တစ်ယောက်ယောက်ကို လာရှာတာဆိုရင်တော့ သူ့ကို ကုသပေးခဲ့တဲ့ ဆေးရုံမှာ သွားကြည့်သင့်တယ်"
အမျိုးသမီးသည် ပျင်းရိစွာ အညောင်းဆန့်ရင်း သူမ၏နေရာသို့ ပြန်သွားသည်။ သူမက မိမိဘာသာ ရေရွတ်လိုက်၏။
"သူ့အိမ်မှာ ဒီလောက်လှတဲ့ ဇနီးရှိနေတာကို ဟိုဆရာဝန်မကိုပဲ ဂရုစိုက်နေတာလား၊ ငါတို့ကပဲ ပေါ့ဆလို့ ဆရာဝန်မကို စာရင်းထဲက ချန်ထားမိတာလား၊ ဒါမှမဟုတ် သူကပဲ သူ့ကို အရမ်းဂရုစိုက်လွန်းနေတာလား"
ဓာတ်လှေကားတံခါး ပိတ်သွား၏။ လျိုယီသည် မူလက ကောင်းမင်၏ ဘေးကင်းလုံခြုံမှုအတွက်သာ စိုးရိမ်ခဲ့သော်လည်း ယခုအခါ သူမတွင် စိုးရိမ်စရာအသစ်တစ်ခု ထပ်တိုးလာခဲ့ပြီ ဖြစ်သည်။
ဓာတ်လှေကားက အောက်သို့ဆင်းသွားပြီးနောက် အမျိုးသမီးဝန်ထမ်း၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားသည်။
"ဒီမိန်းမက ဘော့စ် မြင်ခဲ့ရတဲ့အနာဂတ်ထဲမှာ မပါဘူး၊ သူက ဘယ်သူလဲ"
ကောင်းမင်သည် တက္ကစီတစ်စီးငှား၍ ဆေးရုံသို့ သွားရန် ပြင်ဆင်လိုက်သည်။ အမှန်စင်စစ် သူ့တွင် မှတ်ဉာဏ်များ ပြန်ရလာသည့် အချိန်ကတည်းက ရွှမ်ဝမ့်အပေါ် မေးစရာမေးခွန်းများစွာ ရှိနေခဲ့ပြီး ဖြစ်သည်။