← Chapters

တွေ့ဆုံခြင်း

Vol. 43 Ch. 632

တွေ့ဆုံခြင်း

Vol. 43 Ch. 632

ပိုးသတ်ဆေးနံ့များက စူးရှလှသည်။ ထိုသို့သော အခန်းမျိုးထဲတွင် အချိန်ကြာကြာနေပါက တစ်ကိုယ်လုံး ထိုအနံ့အသက်များ စွဲကပ်သွားပေလိမ့်မည်။ ကောင်းမင်သည် သူ့အိတ်ကိုလွယ်၍ ဆေးရုံကော်ရစ်ဒါလျှောက်လမ်းအတိုင်း လျှောက်လာခဲ့၏။ သူ အရင်ကနေခဲ့ဖူးသော အခန်းထဲသို့ လူနာအသစ်တစ်ဦး ပြောင်းရွှေ့ထားပြီဖြစ်သည်။ ထိုလူနာသည် သတိမေ့နေပြီး မိသားစုဝင်များအား ပေးတွေ့ခြင်းမရှိပေ။

“ရပ်လိုက်၊ ဒါက ပုဂ္ဂလိကဆေးရုံပါ ၊ လူနာတွေကို စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကုသမှုခံယူနေစဉ်အတွင်း လူနာတွေ့ခွင့်မပြုပါဘူးရှင့်”

သူနာပြုတစ်ဦးသည် ကောင်းမင်၏ ကျောပြင်ကို မြင်လိုက်ရသဖြင့် လူနာဆောင်တစ်ခုထဲမှ အပြေးအလွှား လာတားလေသည်။

“ကျွန်တော်က လူနာရှင်မဟုတ်ပါဘူး၊ လူနာပါ”

ကောင်းမင် လှည့်ကြည့်လိုက်သည်။ ထိုသူနာပြုအား ရင်းနှီးနေသလိုရှိသည်။ သူမသည် သူ့ကို ပြုစုစောင့်ရှောက်ခဲ့ဖူးသော သူနာပြုမလေး လင်လင်ပင် ဖြစ်နေသည်။

“ကောင်းမင်လား၊ ရှင်ဆေးရုံက ဆင်းသွားပြီ မဟုတ်လား၊ ရောဂါပြန်ထတယ်လို့လည်း ဆရာဝန်ဆီက မကြားမိပါဘူး”

လင်လင်သည် ကောင်းမင်ကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားသည်။ ကောင်းမင် သတိမေ့နေစဉ်က သူမကပင် ပြုစုခဲ့ရခြင်းဖြစ်ရာ ကောင်းမင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခြင်းအပေါ် သူမက ဂုဏ်ယူမိသလို ခံစားနေရသည်။

“ကျွန်တော် ရွှမ်ဝမ်ကို လာရှာတာပါ၊ မကြာသေးခင်က ထူးဆန်းတဲ့အိပ်မက်တွေ ခဏခဏမက်နေလို့လေ”

ကောင်းမင်သည် အလွန်အမင်း ရုပ်ရည်ချောမောသူမဟုတ်သော်လည်း အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ဖူးသည့်အတွက်ကြောင့် သူ၏အမူအရာသည် အနည်းငယ် ညို့မှိုင်းနေသောသော အရှိန်အဝါမျိုး ရှိနေသည်။

“တိုက်ဆိုင်လိုက်တာ၊ ဒေါက်တာရွှမ်က မသေဆေးကုမ္ပဏီက ပညာရှင်တွေနဲ့ အစည်းအဝေးပြီးတာနဲ့ အခန်းနံပါတ် ၇၀၀၉ က လူနာကို သွားစစ်ဆေးနေတာ”

လင်လင်က ညည်းတွားရင်း ပြောလိုက်သည်။

“အခန်း ၇၀၀၉ က လူနာကို ရှင့်တွေ့ဖူးပါတယ်၊ သူက ကျွန်မကိုင်တွယ်ခဲ့ရသမျှထဲမှာ အခက်ခဲဆုံးလူနာပဲ ၊ သူ့ကို အိပ်ဆေးပေးတိုင်း သူက ချက်ချင်း ပြန်နိုးလာတာလေ ၊ ပညာရှင်တွေတောင် အစည်းအဝေးလုပ်နေကြတာ နှစ်ရက်ရှိနေပြီ”

“ကျွန်တော် သူ့ကို သိတာလား”

“အင်းလေ၊ သူ့နာမည်က ရှရန်တဲ့ ၊ သူ့ကို လူတိုင်းက မုန်းကြတယ်၊ ရှင်ကတော့ သတိမေ့နေတဲ့သူဆိုတော့ သူ့ပုံပြင်တွေကို နားထောင်ပေးတဲ့ တစ်ဦးတည်းသောလူ ဖြစ်နေတာပေါ့”

လင်လင်က အားကိုးရာမဲ့သလို ကြည့်ရင်း ပြောသည်။

“ရှင် သူ့ကို မသိလောက်ပေမဲ့ သူကတော့ ရှင်က သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလို့ ယုံကြည်နေတာ၊ ရှင်က သူ့မိသားစုထက်တောင် ပိုနီးစပ်သေးတယ်”

“ဒါပေမဲ့ သူလည်း ဆေးရုံက ဆင်းသွားပြီ မဟုတ်လား”

ကောင်းမင် နိုးလာချိန်တွင် ရှရန်က သူ့အား မွေးနေ့လက်ဆောင်အဖြစ် ပန်းချီကားတစ်ချပ် ပေးခဲ့သေးသည်။

“အဲဒီအရူးက ဆေးရုံကဆင်းပြီး ရက်ပိုင်းအတွင်းပဲ ပြန်ရောက်လာတာလေ၊ ဆေးရုံက သူ့အိမ်ကို အပြေးအလွှား သွားကြည့်တော့ အိပ်ခန်းတစ်ခုလုံး သွေးတွေနဲ့ ရွှဲနေတာပဲတဲ့၊ နံရံတွေပေါ်မှာလည်း ထူးဆန်းတဲ့ သင်္ကေတတွေ ဆွဲထားတယ်တဲ့၊ သူက သူ့အိမ်ကို သွေးလှောင်အိမ်တစ်ခုအဖြစ် ဖန်တီးချင်နေတာတဲ့လေ”

လင်လင်သည် အရင်ကတည်းက ကောင်းမင်အား အလုပ်ခွင်မှ မကျေနပ်စရာများကို ရင်ဖွင့်လေ့ရှိသည်။ အကြောင်းမှာ ကောင်းမင်က ဘယ်တော့မှ အတင်းအဖျင်း ပြန်မပြောတတ်သောကြောင့် ဖြစ်သည်။

“သူ ဘာလို့ ဒီလိုတွေ လုပ်နေတယ်လို့ ရှင်ထင်သလဲ ၊ သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားလေးပဲလေ၊ သူ့မိဘတွေ ချန်ထားခဲ့တဲ့ အမွေတွေက သူ့ဘဝတစ်လျှောက်လုံး သုံးမကုန်နိုင်ပါဘူး၊ သူ့မှာ ဘာတွေများ အခက်အခဲ ရှိနေလို့လဲ”

“သူ အိမ်ကို လွမ်းနေလို့ဖြစ်မှာပါ”

ကောင်းမင် သူ့နှလုံးသားကို အသာအယာ ထိတွေ့လိုက်မိသည်။ ဟန်ဟိုင်းမှ ရှရန်သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။သူ့လူသေဓာတ်ပုံမှာ နှိပ်စက်ခန်းထဲတွင် ရှိနေခဲ့သည်။ သို့သော် ကောင်းမင်သည် အနာဂတ်နတ်ဘုရား၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ရသဖြင့် ရှရန်နှင့် စီတုအန်းတို့၏ ဝိညာဉ်များ လွတ်မြောက်သွားခဲ့ရသည်။

“ရှရန်က ငါ့လိုပဲ မသေဆေးကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ကုသမှုကို ခံယူခဲ့ရတာ၊ ဒါကြောင့် သူ့ခန္ဓာကိုယ်အစစ်က ရှင်းလုမြို့မှာ ရှိရမယ်၊ ဒါဆိုရင် ဟန်ဟိုင်းကို ရောက်လာတာက သူ့အသိစိတ်လား၊ ဒါမှမဟုတ် သူ့ဝိညာဉ်လား”

လင်လင်သည် ကောင်းမင်နှင့် ခေတ္တစကားပြောပြီးနောက် သူမ၏အလုပ်များကို ပြန်လုပ်ရန် ထွက်သွားသည်။ ကောင်းမင်သည် လှေကားထစ်အတိုင်း သတ္တမမြောက်အထပ်သို့ တက်လာခဲ့သည်။ သူအပေါ်သို့တက်လေလေ ဆေးရုံကြီးမှာ ပို၍ နက်မှောင်လာလေလေ ဖြစ်သည်။ သတ္တမထပ်၏ ကော်ရစ်ဒါသည် လူကို နစ်မွန်းသွားစေမည့် ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

“ငါ ဒီကို အရင်က ရောက်ခဲ့ဖူးသလိုပဲ”

များစွာသော သေဆုံးမှတ်ဉာဏ်များမှာ ကောင်းမင်၏ စိတ်ထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ ရှင်းလုမြို့မှ မှတ်ဉာဏ်များနှင့် ကောင်းမင်၏ ကလေးဘဝက မှတ်ဉာဏ်များလည်း ပါဝင်နေသည်။ သာမန်လူတစ်ယောက်ဆိုပါက ရူးသွပ်သွားလောက်ပြီ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ကောင်းမင်ကား သာမန်လူတစ်ယောက် မဟုတ်ပါပေ။

ကောင်းမင်သည် အခန်းနံပါတ်များကို တစ်ခုချင်း စစ်ဆေးရင်း လူနာဆောင်များကို ဖြတ်ကျော်လာခဲ့သည်။ သူသည် အခန်းနံပါတ် ၇၀၀၃ ရှေ့အရောက်တွင် ခြေလှမ်းများကို အရှိန်လျှော့ကာ ရပ်တန့်လိုက်၏။ တံခါးပေါ်ရှိ ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်သောအခါ ကုတင်ပေါ်တွင် တောင့်တောင့်ကြီးရပ်နေသော လူနာတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူနာ၏ ဦးခေါင်းသည် တစ်စိတ်တစ်ပိုင်း ဖယ်ရှားခံထားရသကဲ့သို့ ချိုင့်ဝင်နေလေသည်။

“စီတုအန်းရဲ့ ဆေးရုံမှာတုန်းကလည်း အခန်း ၇၀၀၃ ကို ငါတွေ့ခဲ့ရတယ်၊ အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် ‘မေးခွန်း’လို့ ခေါ်တဲ့ လူနာတစ်ယောက် ရှိခဲ့ဖူးတယ်၊ သူကပဲ ငါ့ကို ဟန်ဟိုင်းက အစစ်အမှန်မဟုတ်ဘူး၊ ငါတို့ရဲ့ဘဝတွေက အတုအယောင်တွေလို့ ပြောပြခဲ့တာ”

ကောင်းမင်၏ ပိုက်ဆံအိတ်ထဲတွင် ထိုလူပေးခဲ့သော မြို့မြေပုံ ရှိနေဆဲဖြစ်သည်။ မြေပုံသည် အကြိမ်ကြိမ် ခေါက်ခံထားသဖြင့် ဟောင်းနွမ်းနေပြီ ဖြစ်သည်။ပုံထဲတွင် ရှင်းလုနှင့် ကျိုကျန်းပတ်ပတ်လည်ရှိ ပင်လယ်ပြင်ကြီးကို အနီရောင်ဖြင့် ဝိုင်းထားသည်။

ကောင်းမင် တံခါး ခေါက်လိုက်သည်။ ကုတင်ပေါ်ရှိ လူနာက ဖြည်းညင်းစွာ လှည့်ကြည့်လာသည်။ သူ၏ အဝတ်အစားများပေါ်တွင် သင်္ချာပုံသေနည်းများ ပြည့်နှက်နေ၏။ သူတို့ မျက်လုံးချင်း ဆုံသွားကြသည်။ ဦးနှောက်ခွဲစိတ်မှု ခံယူထားခါစဖြစ်သော ထိုလူနာ၏ မျက်လုံးများက တုန်ရီနေလေသည်။သူက တံခါးဆီသို့ လျှောက်လာခဲ့သည်။ သော့ခတ်ထားသော တံခါးသည် ဆေးရုံ၏ အချက်ပေးစနစ်နှင့် ဆက်သွယ်ထားသဖြင့် အတင်းအဓမ္မ ဖွင့်၍မရပေ။ လူနာသည် ပြတင်းပေါက်တွင် မှီကာ ကောင်းမင်အား သတိကြီးစွာဖြင့် အကဲခတ်လိုက်သည်။

“မေးခွန်းလား”

“မင်း အားလုံးကို မှတ်မိသွားပြီပဲ”

ထိုလူ၏မျက်နှာသည် ပြတင်းပေါက်တွင် ကပ်နေပြီး အရုပ်ဆိုးလှသော အပြုံးတစ်ခုကို ပြသလာသည်။

“ဒါဆိုရင် မင်းမှာ အခွင့်အရေး ရှိနေသေးတယ်လို့ ဆိုလိုတာပေါ့”

“ဘာလုပ်ဖို့ အခွင့်အရေးလဲ”

ကောင်းမင်သည် ဤလူနာအပေါ် စိတ်ဝင်စားမိသည်။ ထိုလူသည် ဟန်ဟိုင်းသို့ ရောက်ရှိလာခဲ့ပြီး သူ၏စွမ်းအားကို အသုံးပြုကာ သူ့ကိုယ်သူ နိုးထရန်အတွက် ဟာကွက်တစ်ခုကို တွက်ချက်နိုင်ခဲ့သူ ဖြစ်သည်။

“ငါ့နာမည်ကို ငါကိုယ်တိုင် မမှတ်မိလို့ မင်းကို 'မေးခွန်း' လို့ပဲ ခေါ်ခိုင်းခဲ့တာ၊ ဒါပေမဲ့ မင်းကတော့ မတူဘူး၊ မင်းမှာ မင်းနာမည်အရင်းကို ပြန်ယူနိုင်ဖို့ အခွင့်အရေး ရှိသေးတယ်”

ထိုလူနာ၏မျက်နှာသည် ပြတင်းပေါက်ကျဉ်းကျဉ်းလေးတွင် ကပ်နေသဖြင့် ကြည့်ရသည်မှာ ထိတ်လန့်စရာ ကောင်းလှသည်။

“မင်း နိုးနေတုန်းက ငါပြောခဲ့တာတွေကို မှတ်မိလား”

“နည်းနည်းတော့ မှတ်မိပါတယ်”

ထိုလူက ကောင်းမင် ထိုသို့ဖြစ်ရခြင်းသည် မသေဆေး၏ နောက်ဆုံးပေါ် ကုသမှုကြောင့်ဖြစ်ပြီး သူ့ကဲ့သို့ လူပေါင်း (၁၃) ယောက် ရှိသည်ဟု ပြောခဲ့ဖူးသည်။

“အဲဒီ ၁၃ယောက်ထဲမှာ တခြား ၁၂ယောက်က အထူးရွေးချယ်ခံရသူတွေပဲ၊ မင်းတစ်ယောက်တည်းပဲ ချွင်းချက်ဖြစ်နေတာ၊ မင်း ရောက်လာတာက လူတိုင်းအတွက် မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုပဲ”

ထိုလူနာက တံခါးကို လက်ဖြင့် ဖိလိုက်သည်။

“မင်း တစ်ယောက်တည်းပဲ...”

သူ ဆက်ပြောရန် ပြင်နေစဉ် ကော်ရစ်ဒါ၏ တစ်ဖက်ခြမ်းမှ ခြေသံများ ထွက်ပေါ်လာသည်။ သူသည် ချက်ချင်းပင် လူအတစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်ပြီး ထောင့်တစ်နေရာတွင် ကြောင်တောင်တောင် မတ်တပ်ရပ်နေလိုက်သည်။ ကောင်းမင် ခြေသံလာရာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း တစ်ဦးတစ်ယောက်မှ မတွေ့ရပေ။ အခန်း ၇၀၀၉ ဆီသို့ သွားရာလမ်းသည် ခြောက်ကပ်နေ၏။

ကောင်းမင် အခန်း ၇၀၀၉ ဆီသို့ အပြေးအလွှား သွားလိုက်သည်။ အခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ သူ၏ မျက်လုံးများ မှေးကျဉ်းသွားတော့သည်။

ကုတင်ပေါ်တွင် သွေးများ ဖုံးလွှမ်းနေ၏။ သွေးစွန်းနေသော ပတ်တီးများနှင့် ဆေးဝါးများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေလေသည်။ စက်ပစ္စည်းများလည်း ကျိုးပဲ့ပျက်စီးနေ၏။ ထိုရှုပ်ထွေးမှုများကြားတွင် အမျိုးသမီးဆရာဝန်တစ်ဦးသည် သူမပတ်ဝန်းကျင်မှ ပရမ်းပတာ အခြေအနေများကို လျစ်လျူရှုထားပြီး လူနာမှတ်တမ်းကို တည်ငြိမ်စွာ လှန်လောဖတ်ရှုနေလေသည်။

ပြတင်းပေါက်ရှိ သံတိုင်များမှာ ကွေးနေပြီး မှန်စများမှာလည်း နေရာအနှံ့ ပျံ့ကျဲလျက်ရှိသည်။ ကောင်းမင်၏ အကြည့်များသည် အခန်းထဲရှိ အမျိုးသမီးဆရာဝန်ထံတွင်သာ ရပ်တန့်နေမိသည်။ ပြတင်းပေါက်မှ တိုက်ခတ်လာသော လေညင်းက သူမ၏ ဆံနွယ်များကို လွင့်ပျံနေစေ၏။

ကောင်းမင် တံခါးကို ဖွင့်ကာ အခန်းထဲသို့ ဝင်လိုက်သည်။

ဆရာဝန်မက ခေါင်းမော့ကြည့်လာသည်။

လရောင်သည် သူတို့နှစ်ဦးကြားတွင် ဖြာကျလျက်ရှိနေသည်။ တစ်ဦးသည် ရှုပ်ထွေးမှုများကြားတွင် ရပ်နေပြီး နောက်တစ်ဦးကမူ အမှောင်ထဲတွင် ပုန်းကွယ်နေလေသည်။

ပြန်လည်ဆုံတွေ့ရခြင်းအတွက် ဝမ်းသာကြည်နူးမှု သို့မဟုတ် ပျော်ရွှင်မှု မျက်ရည်များ မရှိခဲ့ပေ။ သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာ ရပ်နေကြရင်း တစ်ဖက်လူက စကားစတင်ပြောဆိုလာမည်ကိုသာ စောင့်ဆိုင်းနေကြလေသည်။

All Chapters