← Chapters

ငါ့အနာဂတ်

Vol. 43 Ch. 633

ငါ့အနာဂတ်

Vol. 43 Ch. 633

“ကောင်းသော ညနေခင်းလေးပါ ကောင်းမင်၊ နောက်တစ်ခါ နေမကောင်းဖြစ်ပြန်ပြီလား”

အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရွှမ်ဝမ်က သူမ၏ အမူအရာကို ပြုပြင်လိုက်သည်။ သူမသည် ကောင်းမင်အား သာမန်လူနာတစ်ယောက်လိုပင် ဆက်ဆံလိုက်သည်။

“အမြင်မှားတာတွေက မင်းရဲ့ နေ့စဉ်ဘဝကို နောက်တစ်ခါနှောင့်ယှက်လာပြန်ပြီလား”

“အဲဒါတွေက ဘယ်တုန်းကမှ အမြင်မှားတာတွေ မဟုတ်ခဲ့ဘူး၊ ငါ ကုသမှုခံယူဖို့ မလိုသလို ထွက်ပြေးနေတာတွေကိုလည်း ရပ်တော့မယ်”

ကောင်းမင်က ကွဲအက်နေသော မှန်စများကို နင်းကာ ရှေ့တိုးလာသည်။ သူ့နှုတ်ခမ်းများ လှုပ်ရှားသွားသည်။

“အဆင့် ၅ ဝင်ခွင့်စစ်ဆေးရေး ဓာတ်ခွဲခန်းထဲမှာတုန်းက ငါမင်းကို ကျေးဇူးတင်ခဲ့တယ်၊ အဲဒီစကားတွေက မင်းကို နာကျင်စေခဲ့ပုံပဲ ၊ မင်း အဲဒါကို ဂရုစိုက်နေတာပဲ”

“ရှင်မှားနေတာ ဖြစ်မှာပါ”

“မင်းရဲ့ ကျောပြင်က တုန်ယင်နေခဲ့တယ်၊ စိတ္တဇရာဇဝတ်ကောင်တစ်ယောက်ဟာ အဲဒီအချိန်မှာ သူ့ရဲ့ ဟာကွက်ကို ဖော်ပြလိုက်တာပဲ”

ကောင်းမင်သည် သူတို့ကြားက အကွာအဝေးကို ကျဉ်းမြောင်းစေရန် ရှေ့ဆက်လျှောက်လာသည်။

“မင်း ဘာလို့ ငါ့ကို မှတ်မိနေသေးတာလဲ၊ အိပ်မက်ဆိုးထဲက ငါ့ပုံစံကိုလေ”

ကောင်းမင်သည် လရောင်နှင့် အမှောင်ရိပ်တို့ကြားရှိ နေရာလွတ်သို့ လျှောက်သွားလိုက်သည်။ မှတ်ဉာဏ်များ ပျောက်ဆုံးနေသင့်သည့် လူတစ်ယောက်က အခြားတစ်ယောက်အား အဘယ်ကြောင့် သူ့ကို မှတ်မိနေသေးသနည်းဟု မေးခွန်းထုတ်နေခြင်းဖြစ်သည်။ အမှန်တကယ်တော့ ယင်းသည် သူပြောလိုသည့် စကားမဟုတ်သော်လည်း စကားလုံးများက သူ့ပါးစပ်မှ အလိုလို ထွက်ကျလာခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူသည် တစ်ခုခုကို အတည်ပြုချင်နေခြင်း ဖြစ်ပေလိမ့်မည်။ သူသည် ဟန်ဟိုင်းတွင် အကြိမ်ပေါင်းများစွာ သေဆုံးနေခဲ့သော်လည်း သူ့အား ဘယ်သောအခါမှ လက်မလျှော့ခဲ့သည့် လူတစ်ယောက် ရှိခဲ့ဖူးသည်။ သူမသည် သူ့ကို ရွှံ့နွံထဲမှ အမြဲတမ်း ဆွဲတင်ပေးခဲ့သည်။ ထိုကဲ့သို့သော လူမျိုးက သူ့ကို လိမ်ညာလိမ့်မည်ဟု သူမယုံကြည်ချင်ခဲ့ပေ။

“ကျွန်မ ရှင့်ကို မှတ်မိတာပေါ့၊ ရှင် ဒီကို ရောက်လာတုန်းက ရှင့်ခန္ဓာကိုယ်က ပျက်စီးနေခဲ့တာလေ၊ ကျွန်မနဲ့ တခြားဆရာဝန်တွေက ရှင့်ကို သေမင်းလက်ကနေ လုယူဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြရတာ”

အမျိုးသမီးသည် လူနာမှတ်တမ်းကို ပိတ်လိုက်ပြီး ကွေးနေသည့် သံတိုင်များကြားမှတစ်ဆင့် မှောင်မိုက်သော ညဦးယံကို လှည့်ကြည့်လိုက်သည်။

“ငါ့ကို သေမင်းလက်ကနေ အကြိမ်ကြိမ်ကယ်ခဲ့တာက တကယ်တော့ မင်းပါပဲ”

ကောင်းမင်က ရွှမ်ဝမ်၏မျက်နှာကို စိုက်ကြည့်လိုက်သည်။

“ဒါပေမဲ့ ဆေးရုံမှာတော့ မဟုတ်ဘူး၊ ဟို ဥမင်လိုဏ်ခေါင်းသံသရာထဲမှာပဲ”

“ရှင့်ရဲ့ အခြေအနေက ပိုဆိုးလာပြီပဲ၊ အစစ်နဲ့ အတုကိုတောင် မခွဲခြားနိုင်တော့ဘူး”

ရွှမ်ဝမ်၏ အသံသည် သူမကိုယ်သူမ ယုံကြည်အောင် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။

“ငါ့ကို လိမ်ဖို့အတွက် စိတ်ရောဂါကို ဆင်ခြေအဖြစ် သုံးနေဖို့ မလိုပါဘူး၊ ငါသိချင်တာ တစ်ခုပဲ ရှိတယ်”

ကောင်းမင်၏ နှလုံးက ခုန်ပေါက်လာ၏။ သူအရေပြားအောက်ရှိ သွေးကြောများ ဖောင်းတက်လာပြီးနောက် သွေးများက ထိန်းချုပ်မရဘဲ စိမ့်ထွက်လာတော့သည်။

“ငါ့ကို သေခြင်းတရားဆီ ထပ်ခါထပ်ခါတွန်းပို့ခဲ့တာက မင်းအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလား၊ ငါဟာ သစ္စာဖောက်ခံရပြီး ပုံစံမျိုးစုံနဲ့သေဆုံးရဖို့ မင်းကပဲ နောက်ကွယ်က ကြိုးကိုင်ခဲ့တာလား ၊ ငါတစ်ခုပဲ သိချင်တယ်၊ မင်းက ငါ့ကို တစ်ခါပြီးတစ်ခါ ကယ်တင်ခဲ့တာလား၊ ဒါမှမဟုတ် ချောက်နက်ထဲကို တစ်ခါပြီးတစ်ခါ တွန်းချခဲ့တာလား”

အနီရောင် သွေးမြို့တော်တက်တူးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းသည် ကမ္ဘာကြီး၏ အလှပဆုံး အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။ ထိတ်လန့်ဖွယ်အရှိန်အဝါက လူနာဆောင်၏ ထောင့်တိုင်းကို လွှမ်းမိုးသွားသည်။ ကောင်းမင်၏ နှလုံးသားထဲမှ အဆုံးမဲ့ ဝိညာဉ်များက ဟိန်းဟောက်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် လက်တွေ့အရှိတရားသည် စက္ကူတစ်ချပ်ကဲ့သို့ပင် အလွန်တရာ နုနယ်လှသည်။ နောက်တစ်စက္ကန့်တွင်ပင် အိပ်မက်ဆိုးက ၎င်းကို ဆွဲဖြဲပစ်လိုက်နိုင်ပေသည်။ ရွှမ်ဝမ်ကမူ အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။ သူမတွင် ထိတ်လန့်မှု သို့မဟုတ် စိုးရိမ်ပူပန်မှုများ မရှိခဲ့ချေ။ သူမ၏ မျက်လုံးထဲတွင် နောင်တတရားများသာ ရှိနေခဲ့သည်။ ရွှမ်ဝမ်က နံရံကို မှီလိုက်ပြီး ခေါင်းခါလိုက်သည်။

“ရှင် အရမ်းကိုနက်နက်ရှိုင်းရှိုင်း ရောက်သွားခဲ့ပြီပဲ၊ ကျွန်မ ရှင့်ကို ထပ်ကူညီနိုင်တော့မှ မဟုတ်ဘူး”

သူမသည် နေရာမှ မရွေ့ခဲ့ပေ။

အိပ်မက်ဆိုးထဲတွင် ရွှမ်ဝမ်သည် အလွန်တက်ကြွသူဖြစ်သည်။ သူမသည် နွေရာသီတွင် ပွင့်လန်းသော ရမ္မက်ပြင်းပြပြီး လိမ္မာပါးနပ်သည့် ပန်းတစ်ပွင့်နှင့် တူသည်။သူမသည် သူမ၏ အံ့သြဖွယ်အကောင်းဆုံး အလှတရားကို ဖော်ဆောင်နိုင်သရွေ့ ရာသီဥတုနှင့်အခြေအနေများကို ဂရုမစိုက်ပေ။ လက်တွေ့ကမ္ဘာရှိ ရွှမ်ဝမ်မှာမူ စိုးရိမ်စရာကိစ္စများစွာရှိပြီး နှလုံးသားထဲတွင် လျှို့ဝှက်ချက်များကို သိုဝှက်ထားသည်။ ဆရာဝန်ဝတ်စုံက သူမ၏ဝိညာဉ်ကို အကာအကွယ် ပေးထားသကဲ့သို့ပင်။

“အိပ်မက်ဆိုးထဲမှာ ရှင်တွေ့ခဲ့ရတဲ့ ရွှမ်ဝမ်က ကျွန်မပါပဲ၊ ရှင့်ရဲ့အသိစိတ်ကို ဟန်ဟိုင်းဆီ ပို့ဖို့အတွက် ကျွန်မတို့က မသေဆေးကုမ္ပဏီရဲ့ နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုခဲ့ကြတယ်၊ ဒီဖြစ်စဉ်အတွင်း ရှင်ဟာ အိပ်မက်ဆိုးထဲမှာ မတူညီတဲ့အထောက်အထားတွေကို ခံယူရလိမ့်မယ်၊ ဥပမာ - မှောင်မိုက်တဲ့ ဥမင်ကို ဖြတ်သွားတာ ဒါမှမဟုတ် ထူထပ်တဲ့ မြူထဲကနေ ဖြတ်သန်းသွားတာမျိုးပေါ့၊ ရှင်က မကြာသေးခင်က ဦးနှောက်နယ်ပယ် စမ်းသပ်မှုတချို့မှာ ပါဝင်ခဲ့တာဆိုတော့ ဒါတွေကို ရင်းနှီးမှာပါ”

ရွှမ်ဝမ်သည် ကောင်းမင်ကို အမြဲစောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ကောင်းမင် ဆေးရုံက ဆင်းသွားပြီးနောက် ဘာတွေလုပ်ခဲ့သည်ကို သူမသိနေခဲ့သည်။

“အဲ့ဒါက ငါမေးတဲ့ မေးခွန်းမဟုတ်ဘူး”

ကောင်းမင်က သူ့နှလုံးသားဆီ ညွှန်ပြလိုက်သည်။

“ငါ့ရဲ့ အဆုံးမရှိတဲ့သေဆုံးမှုတွေအတွက် မင်းမှာ တာဝန်ရှိသလား”

“အဆုံးမရှိတဲ့ သေဆုံးမှုတွေ”

ရွှမ်ဝမ်သည် သိသာစွာပင် စိတ်ရှုပ်ထွေးသွားသည်။

“ရှင်သာ ဟန်ဟိုင်းမှာ သေခဲ့ရင် လုံးဝအပြီးတိုင် သေသွားလိမ့်မယ်၊ အဲဒါကြောင့် ကျွန်မ နားမလည်နိုင်ဖြစ်နေတာ၊ ရှင်ဘာလို့ အကြိမ်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ပြောနေရတာလဲ၊ အဲဒါက ကျွန်မရဲ့ ကုသမှုမှာ ပြဿနာရှိလို့လား၊ ဒါမှမဟုတ် ရှင့်အသိစိတ်ကို ဟန်ဟိုင်းထဲ ပို့ခဲ့တုန်းက ကျွန်မတို့ လွဲသွားတဲ့ အမှားတစ်ခုခု ရှိနေလို့လား”

ရွှမ်ဝမ်က အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။ သူမသည် ကောင်းမင်ကို ဟန်ဟိုင်းထဲ ပို့ခဲ့သူဖြစ်ကြောင်း ဝန်ခံပြီးနောက် လိမ်ညာနေစရာ အကြောင်းမရှိပေ။ ထို့ကြောင့်ပင် ရွှမ်ဝမ်က ကောင်းမင်ကို ဥမင်ထဲမှ အမြဲတမ်းဆွဲထုတ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကောင်းမင်ပြောနေသည့် သေဆုံးမှုများနှင့် ပတ်သက်၍ သူမဘာတစ်ခုမှ သိပုံမရပေ။ ကောင်းမင်၏ နှလုံးသားထဲတွင်သာ ထိုအကြိမ်ပေါင်းများစွာ သေဆုံးခဲ့သည့်မှတ်ဉာဏ်များ ရှိနေခဲ့ခြင်းဖြစ်သည်။ သူတစ်ယောက်တည်းသာ ထိုမျှများပြားသော စိတ်ပျက်အားငယ်မှုများကို တွေ့ကြုံခဲ့ရကြောင်း သိနေသည်။ ကောင်းမင်သည် အိပ်မက်သရဲ၏ စွမ်းအားကို အသုံးပြု၍ ရွှမ်ဝမ်လိမ်မပြောကြောင်း အတည်ပြုလိုက်သည်။

“ဟန်ဟိုင်းရဲ့ သွေးမြို့တော်အကြောင်းကို ရှင်ဒီလို မဆင်မခြင်ထုတ်မပြသင့်ဘူး”

ရွှမ်ဝမ်က ကောင်းမင်၏တက်တူးကို ညွှန်ပြလိုက်သည်။

“ဒါက ရှင်နဲ့ရှင့်ပတ်ဝန်းကျင်က လူတွေဆီကို ဘေးဒုက္ခတွေ ယူဆောင်လာလိမ့်မယ်၊ မသေဆေးကုမ္ပဏီက ရှင့်ကို ပစ်မှတ်ထားလာလိမ့်မယ်၊ ပြီးရင် ရှင့်ရဲ့ လက်ကျန်ဘဝကို ဖန်ဘူးတစ်ခုထဲမှာပဲ ကုန်ဆုံးရလိမ့်မယ်”

“ဘေးဒုက္ခက ဘယ်သူ့အပေါ် ကျရောက်မလဲဆိုတာ ပြောဖို့ ခက်ပါတယ်”

ကောင်းမင်သည် ရွှမ်ဝမ်ထံ ချဉ်းကပ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ ရွှမ်ဝမ်အပေါ် ထားရှိသည့် သူ၏မှတ်ဉာဏ်များကို လရောင်အောက်တွင်သာ ချန်ထားရစ်ခဲ့တော့သည်။

“မင်းကလည်း ဟန်ဟိုင်းနဲ့ ပါဝင်ပက်သက်သူတစ်ယောက်ပဲ၊ အဲဒီ သေဆုံးနေတဲ့ မြို့တော်ထဲမှာ မင်းက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာလဲ”

“သေဆုံးနေတဲ့ မြို့တော်… ရှင်က ကျွန်မထက်တောင် ပိုသိနေတဲ့ပုံပဲ”

ရွှမ်ဝမ်က မျက်လုံးမှိတ်ကာ စဉ်းစားလိုက်သည်။

“ဟန်ဟိုင်းစီမံကိန်းဟာ မသေဆေးကုမ္ပဏီရဲ့ အဓိကလျှို့ဝှက်ချက်ပဲ၊ အရင်ကမ္ဘာ့ကယ်တင်ရှင်ဟောင်းက လူသားတွေနဲ့ သရဲတစ္ဆေတွေ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ချင်ခဲ့တာ၊ သူက ကမ္ဘာပေါ်ကနေ စိတ်ပျက်အားငယ်မှုတွေကို ဖယ်ရှားပစ်ချင်ခဲ့ပြီး သေခြင်းတရားဟာ လူသားတွေရဲ့ နောက်ဆုံးခရီးမဖြစ်စေဖို့ ကြိုးစားခဲ့တယ်၊ သူက ရှင်းလုမြို့မှာ သူ့အိုင်ဒီယာကို အကောင်အထည်ဖော်ဖို့ တားမြစ်ဂိမ်းတစ်ခုကို သုံးခဲ့တယ်၊ အိပ်မက်ဆိုးရဲ့ ဒဏ်ရာတွေကို ကုသဖို့ ကမ္ဘာကြီးရဲ့ အလှတရားကို သူအသုံးချခဲ့ပေမဲ့ သူ့လမ်းမှာ အဟန့်အတားတွေ အများကြီး ရှိခဲ့တယ်”

“လူသားတွေရဲ့ လောဘကို ပယ်ဖျက်လို့ မရခဲ့ဘူး၊ အရုပ်ဆိုးတဲ့ သရဲတွေကို ကယ်တင်ဖို့အတွက် ဘယ်သူကမှ သူတို့ရဲ့ကြင်နာမှုတွေကို မမျှဝေချင်ခဲ့ကြဘူး”

ရွှမ်ဝမ်သည် မသေဆေးကုမ္ပဏီမှ ဖုံးကွယ်ထားသော အမှန်တရားကို ဖွင့်ဟလိုက်သည်။

“သူ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ ကမ္ဘာ့ကယ်တင်ရှင်ဟာ အတွေးပြောင်းသွားခဲ့တယ်၊ သူ့အစီအစဉ် မှန်ကန်ကြောင်း သက်သေပြဖို့ သူဟာ အနက်ရောင်မြူခိုးတွေထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ မြို့တစ်မြို့ကို ရှာဖွေတွေ့ရှိခဲ့တယ်၊ အဲဒီနေရာမှာ သူ့ရဲ့ ကမ္ဘာသစ်ကြီးကို တည်ဆောက်ဖို့ သူစီစဉ်ခဲ့တယ်”

“အဲဒီမြို့က ဟန်ဟိုင်းလား”

“ဟုတ်တယ်၊ အိပ်မက်ဆိုးရဲ့ နက်ရှိုင်းတဲ့နေရာမှာ သွေးမြို့တော် ၁၃ မြို့ ရှိတယ်၊ ဟန်ဟိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တခြားမြို့ ၁၂ မြို့ရဲ့ သတ်ဖြတ်တာကို ခံထားခဲ့ရတာ”

ရွှမ်ဝမ်၏ စိတ်ခံစားချက်များသည် တည်ငြိမ်နေဆဲ ဖြစ်သည်။

“ကမ္ဘာ့ကယ်တင်ရှင်ဟာ သူ့ကို ယုံကြည်တဲ့ သရဲတွေနဲ့ ကစားသမားတွေကို ဦးဆောင်ပြီး အပျက်အစီးတွေပေါ်မှာ မြို့တော်အသစ်တစ်ခု တည်ဆောက်ခဲ့တယ်၊ သူဟာ စိတ်ပျက်အားငယ်မှုတွေထဲကို မျှော်လင့်ချက်တွေ ယူဆောင်လာပေးခဲ့တယ်”

“ကမ္ဘာသစ်တစ်ခု ပေါ်ထွက်လာတော့မယ့် အချိန်မှာပေါ့ ၊ ကမ္ဘာ့ကယ်တင်ရှင်ဟာ မပြောသင့်သူတွေကို ဦးဆောင်ပြီး အနက်ရောင်မြူတွေထဲကို ပိုနက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့ကြတယ် ၊ ဘာကြောင့်လဲဆိုတာတော့ မသေဆေးကုမ္ပဏီရဲ့ အထက်လူကြီးတွေပဲ သိကြတယ်”

“ပထမတော့ မသေဆေးကုမ္ပဏီနဲ့ ရှင်းလု စီမံခန့်ခွဲရေးအဖွဲ့က ကမ္ဘာ့ကယ်တင်ရှင်ရဲ့ အစီအစဉ်ကို ဆက်အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြသေးတယ်၊ ဒါပေမဲ့ နံပါတ် (၀) အသစ် ပေါ်လာပြီးတဲ့နောက်မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်”

All Chapters