အကြောင်းတရားနှင့် ရလာဒ်
Vol. 43 Ch. 634
'နံပါတ် (၀) ' ဆိုသည်မှာ ကမ္ဘာ့ကယ်တင်ရှင်ကို ပေးထားသော နံပါတ်ဖြစ်သော်လည်း ရွှမ်ဝမ်ကမူ ထိုအမည်အပေါ် အထင်အမြင်ကောင်း ရှိပုံမရပေ။
“သရဲတွေက အရမ်းစွမ်းအားကြီးနေပြီး သက်ရှိလူသားတွေမှာ သူတို့ကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းမရှိခဲ့ဘူး၊ နံပါတ် (၀) ရဲ့ လမ်းညွှန်မှုနဲ့အတူ မသေဆေးကုမ္ပဏီဟာ ဆန့်ကျင်ဘက် အစွန်းတစ်ဖက်ကို ရောက်သွားခဲ့တယ်၊ သူတို့က ဟန်ဟိုင်းကို ကမ္ဘာသစ်တစ်ခုရဲ့ မျိုးစေ့အဖြစ် သဘောမထားတော့ဘဲ အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ကြတယ်၊ အဲဒီမှာ ထာဝရရှင်သန်ခြင်းနဲ့ နတ်ဘုရားသရဲတွေရဲ့ စွမ်းအားကို ရဖို့ ကြောက်စရာကောင်းတဲ့ စမ်းသပ်မှုပေါင်းများစွာ လုပ်ခဲ့ကြတယ်”
“အဲဒီအချိန်က ဟန်ဟိုင်းစီမံကိန်း ပြောင်းလဲသွားခဲ့တဲ့ အချိန်ပဲ၊ ကမ္ဘာသစ်တစ်ခု ဖန်တီးဖို့ကနေ ဟန်ဟိုင်းကို အကြွင်းမဲ့ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ခိုက်ရတဲ့အဆင့်အထိ ရောက်သွားခဲ့တယ်”
“မသေဆေးကုမ္ပဏီလုပ်ခဲ့သမျှ အရာအားလုံးက ဒီရည်မှန်းချက်အတွက်ပဲ၊ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ဟာ တံခါးနောက်ကွယ်က အနက်ရောင်မြူတွေကို မခုခံနိုင်ဘူး၊ ဒါကြောင့် သူတို့က မပြောသင့်သူတွေရဲ့ ယဇ်ပလ္လင်တွေကို ငှားသုံးခဲ့ကြတယ်၊ လူသားတွေရဲ့ အသိစိတ်ကို အဲဒီထဲကို ပို့လွှတ်ခဲ့ကြတယ်၊ တည်ငြိမ်တဲ့ ဆက်သွယ်မှုတစ်ခု တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းဖို့ ခက်ခဲတဲ့အတွက်ကြောင့် သူတို့ဟာ တခြားသွေးမြို့တော်တွေမှာရှိတဲ့ ယင်နတ်ဘုရားတွေကို အကူအညီတောင်းဖို့အတွက် ယဇ်ပူဇော်မှုတွေ လုပ်ခဲ့ကြတယ်”
“သူတို့ရဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် မသေဆေးကုမ္ပဏီလုပ်ခဲ့တဲ့ ရူးလောက်စရာကိစ္စတွေကို ရှင်စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး”
“အဆုံးမရှိတဲ့ ကြိုးစားမှုတွေနဲ့ စမ်းသပ်မှုတွေပြီးသွားတော့ သူတို့ဟာ စမ်းသပ်သူပေါင်းများစွာထဲကနေ ကိုယ်စားလှယ် ဆယ်ယောက်ကို ရွေးချယ်ခဲ့ကြတယ်၊ အဲဒီ ဆယ်ယောက်လုံးဟာ သွေးမြို့တော်ရဲ့ ပိုင်ရှင်ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေ ရှိကြတယ် ၊ သူတို့ဟာ အိပ်မက်ဆိုးရဲ့ တိုက်စားမှုတွေကြားမှာတောင် သူတို့ရဲ့ အသိစိတ်ကို ထိန်းထားနိုင်ကြတုန်းပဲ”
“မသေဆေးကုမ္ပဏီက ဦးနှောက်ရောဂါ ကုသပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီကိုယ်စားလှယ် ဆယ်ယောက်ကို ဟန်ဟိုင်းထဲ ပို့ခဲ့တာ၊ အဲဒီ အစီအစဉ်ကို ဒီဆေးရုံမှာပဲ လုပ်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီညမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်၊ ရုတ်တရက် ကိုယ်စားလှယ် သုံးယောက် ပိုလာခဲ့တယ်၊ အဲဒီထဲမှာ ရှင်လည်း ပါခဲ့တာပေါ့”
ရွှမ်ဝမ်သည် ကောင်းမင်၏မှတ်ဉာဏ်များကို ပြန်လည်နှိုးဆွပေးရင်း တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
“ရှင်တို့ ကျောင်းဘတ်စ်ကားက အက်ဆီးဒင့်တစ်ခု ဖြစ်ပွားခဲ့တယ်၊ ရှင်ဟာ ကလေးတွေကို ကယ်ဖို့အတွက် ရှင့်အသက်ကို ရင်းခဲ့တယ်၊ ရှင့်ကို လူနာတင်ကားနဲ့ ဒီကို ခေါ်လာခဲ့ကြတာ၊ ရှင့်အသက်ကို ကယ်ဖို့အတွက် ကျွန်မ မသေဆေးကုမ္ပဏီရဲ့ နောက်ဆုံးပေါ် နည်းပညာကို ရှင့်အပေါ် သုံးခဲ့တယ် ၊ ရှင့်ရဲ့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အသိစိတ်ကို ဟန်ဟိုင်းထဲ ပို့လိုက်တာ ကျွန်မပဲ”
“ကျွန်မရဲ့ ခဏတာကြင်နာမှုက ရှင့်ကို စိတ်ပျက်အားငယ်မှုဝဲဂယက်ထဲကို တွန်းပို့လိုက်သလို ဖြစ်သွားပြီး သွေးမြို့တော်တွေကို သိမ်းပိုက်မယ့် ကိုယ်စားလှယ် (၁၃) ယောက်ထဲက တစ်ယောက် ဖြစ်လာစေခဲ့တာပဲ”
ဘဝတွင် ကံကြမ္မာအနှောင်အဖွဲ့များကို ဖန်တီးပေးတတ်သည့် တိုက်ဆိုင်မှုများစွာ ရှိတတ်သည်။ မည်သူမျှ မလွတ်မြောက်နိုင်ကြပေ။
“မင်းက ငါ့ကို ဟန်ဟိုင်းဆီ ပို့ဖို့စီစဉ်ခဲ့သူဆိုရင် ငါ့ဆီမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မင်း သိနေသင့်တာပေါ့၊ ဒါပေမဲ့ မင်းက ငါ့ခန္ဓာကိုယ်ပေါ်က သွေးမြို့တော် တက်တူးကိုရော၊ တခြားအရာတွေကိုရော ရင်းနှီးပုံမရဘူး”
ကောင်းမင်၏ နှလုံးခုန်သံ နှေးသွားသည်နှင့်အမျှ တက်တူးသည်လည်း ပြန်လည် ပျောက်ကွယ်သွားသည်။ သူသည် အိပ်မက်သရဲ၏ စွမ်းအားကို အသုံးမပြုသရွေ့ သာမန်လူတစ်ယောက်နှင့်သာ တူနေပေလိမ့်မည်။
“ပထမဆုံးအနေနဲ့ ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပြချင်တာ တစ်ခုရှိတယ်၊ ကျွန်မဟာ မသေဆေးကုမ္ပဏီကို ကိုယ်စားမပြုဘူး ၊ သူတို့ရဲ့ မူဝါဒတွေကိုလည်း ကျွန်မလက်မခံဘူး၊ ပြီးတော့ ကျွန်မ သူတို့ကို ကူညီနေတာမဟုတ်ဘူး”
ထို့နောက် ရွှမ်ဝမ်က ကောင်းမင်အား ပြန်ဖြေသည်။
“မသေဆေးကုမ္ပဏီက သွေးမြို့တော်တစ်ခုကို ထိန်းချုပ်နိုင်မယ့် အခက်အခဲကို လျှော့တွက်ခဲ့ကြတာ၊ ရှင် ဟန်ဟိုင်းရဲ့ အရိပ်ကမ္ဘာထဲကို ဝင်ခဲ့ဖူးတယ် မဟုတ်လား၊ အဲဒီ အရိပ်ထဲမှာ နေထိုင်တဲ့ မကောင်းဆိုးဝါးတွေကို ရှင်မြင်ခဲ့ရလား”
ကောင်းမင် ခေါင်းညိတ်ပြလိုက်သည်။
“အရိပ်ကမ္ဘာဆိုတာ ဟန်ဟိုင်းရဲ့ အသွင်အပြင်အစစ်ပဲ၊ သွေးမြို့တော်ရဲ့ ကျန်ရှိနေတဲ့ အသိစိတ်နဲ့ အရှိန်အဝါတွေက ကယ်တင်ရှင်တည်ဆောက်ခဲ့တဲ့ မြို့ကို ဖျက်ဆီးပစ်လိုက်ပြီး မသေဆေးကုမ္ပဏီရဲ့ အစီအစဉ်ကိုလည်း ကမောက်ကမဖြစ်အောင် လုပ်ပစ်လိုက်တယ် ၊ အရာအားလုံး ထိန်းချုပ်မှုလွတ်သွားတော့တာပဲ”
ကောင်းမင် နားလည်သွားခဲ့ချေပြီ။ ဟန်ဟိုင်းတွင် သူမြင်တွေ့ခဲ့ရသည့် ကြောက်မက်ဖွယ် မြင်ကွင်းများသည် သွေးမြို့တော်၏ ရုန်းကန်မှုများပင် ဖြစ်သည်။
“ဒါဆိုရင်... လူနဲ့ သရဲတွေ ပြောင်းပြန်ဖြစ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်က ဒါပေါ့...”
“ရှင် ကျွန်မဆီ မလာသင့်ဘူး၊ ထန်လင်းက ရှင့်ကို ပစ်မှတ်ထားနေတာ ကြာပြီ ၊ သူက ရှင့်အကြောင်းကို ဖော်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားနေတာ”
ရွှမ်ဝမ်၏ အသံက တည်ငြိမ်နေလေသည်။ယင်းက သူမ၏ စိတ်ရင်းအမှန်ကို သစ္စာဖောက်ခြင်းမရှိပေ။
“ရှင်းလုမြို့က မြင်နေရသလောက် အေးချမ်းတာ မဟုတ်ဘူး၊ မြို့တော်ရဲ့ အမှောင်ခြမ်းတွေကို ဓာတ်ခွဲခန်းတွေထဲမှာ သီးသန့် ခွဲထုတ်ထားလို့သာ မူမမှန်မှုတွေ မရှိသလို ဖြစ်နေတာ၊ ရှင်အိပ်မက်ဆိုးထဲမှာ စွမ်းအားတချို့ကို ရခဲ့တယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး၊ ရှင် ထန်လင်းကိုတောင် အနိုင်မတိုက်နိုင်သေးဘူး၊ လျှို့ဝှက်ဆန်းကြယ်တဲ့ နံပါတ် (၀) ကိုဆိုရင်တော့ ဝေးသေးတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ထန်လင်းက မပြောသင့်သူအစစ်နဲ့ ထိတွေ့ဆက်ဆံဖူးသူပဲ”
“ထိတွေ့ဆက်ဆံဖူးတာနဲ့ မပြောသင့်သူရဲ့ စွမ်းအားရှိတာနဲ့က မတူပါဘူး”
ကောင်းမင်သည် နောက်ဆုတ်မည့် အမူအရာ မပြပေ။
“ဒါပေမဲ့ ဒါက မပြောသင့်သူတစ်ယောက်ရဲ့ စွမ်းအားနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ရွှမ်ဝမ်က လေသံကို တင်းမာစွာ မြှင့်ပြောလိုက်သည်။ သူမသည် အိပ်မက်ဆိုးထဲတွင် ထိုသို့ ဘယ်တော့မှ မလုပ်ခဲ့ဖူးပေ။
သူမ၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိသောအခါ ကောင်းမင်က အသာအယာပြုံးလိုက်သည်။
“ငါ သူတို့ကို ရှောင်နေမယ်ဆိုရင်ရော... သူတို့က ငါ့ကို အလွှတ်ပေးမှာလား”
အမှန်တရားအချို့ကို ဖွင့်ဟပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်မှုများ ပြန်လည်ကြီးစိုးသွားသည်။ ကောင်းမင်နှင့် ရွှမ်ဝမ်တို့သည် ထက်မြက်သူများ ဖြစ်ကြသည်။ အရာများစွာကို ထုတ်ဖော်ပြောနေရန် မလိုအပ်ပေ။ သူတို့နှစ်ဦးလုံး အဖြေကို သိကြသည်။ ဥပမာ - ရွှမ်ဝမ်သည် ကောင်းမင်ခန္ဓာကိုယ်ပေါ်မှ သွေးမြို့တော်တက်တူးကို မြင်လိုက်သောအခါမှသာ ဟန်ဟိုင်းအကြောင်းကို သူ့အား ပြောပြခဲ့ခြင်း ဖြစ်သည်။ လိမ်ညာခြင်းသည် သူတို့နှစ်ဦးကို တစ်ဦးနှင့်တစ်ဦး ဝေးကွာအောင်သာ ပြုလုပ်ပေလိမ့်မည်။
“ရှင် ဒီကိုလာတာ ဒါတွေမေးဖို့ပဲလား”
ရွှမ်ဝမ်ထုတ်မပြောဘဲ ချန်ထားခဲ့သည့် အရာအချို့ ရှိသေးသည်။
“တခြား ဘာမှမရှိတော့ဘူးဆိုရင် ကျွန်မတခြားလူနာတွေကို သွားကြည့်ရဦးမယ် ၊ အခန်း ၇၀၀၉ က ရှရန်က အခြေအနေသိပ်မကောင်းဘူး ၊ သူက သူ့ကိုယ်သူ ဓားနဲ့လှီးပြီး သွေးတွေနဲ့ သွေးမြို့တော်ပုံ ဆွဲနေတာ၊ အဲဒါအပြင် အားဖန်ကလည်း ဘလော့တုံးလေးတွေ သုံးပြီး သွေးမြို့တော်တည်ဆောက်ရတာကို ဝါသနာပါနေတယ်၊ သူတို့ အများကြီး အကူအညီ လိုအပ်နေတယ်”
ကောင်းမင် လမ်းမဖယ်ပေးခဲ့ပေ။ သူ့ဦးနှောက်ထဲတွင် ရွှမ်ဝမ်နှင့် ပတ်သက်သော မှတ်ဉာဏ်များ ပြည့်နှက်နေလေသည်။ တခြားသူများအတွက်မူ လအနည်းငယ်ကြာ စမ်းသပ်မှုတစ်ခုသာ ဖြစ်နိုင်သော်လည်း ကောင်းမင်အတွက်မူ ၎င်းသည် အကြိမ်ကြိမ်ခွဲခွာရခြင်းနှင့် အကြိမ်ကြိမ် ပြန်လည်ဆုံတွေ့ရခြင်းများ ဖြစ်သည်။
သူ၏လက်ဖဝါးက အမှောင်ထဲမှ ဆန့်ထွက်လာသည်။ လရောင်သည် သူ၏လက်ဖဝါးပေါ်သို့ ကျရောက်ကာ လက်ချောင်းများကြားမှတစ်ဆင့် စီးကျသွား၏။ ကောင်းမင် ဘာမှ မဖမ်းဆုပ်မိခဲ့ပေ။
“မင်း ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”
ကောင်းမင်သည် သူမေးလိုသည့် မေးခွန်းကို မမေးခဲ့ပေ။ အကြောင်းမှာ အချို့သောအရာများ၏ အဖြေကို သိသွားသောအခါ သင်သည် တုံးအသလို ဟန်ဆောင်နေ၍ မရတော့သောကြောင့် ဖြစ်သည်။ ရွှမ်ဝမ်၏ မသေဆေးကုမ္ပဏီနှင့် ပတ်သက်သော အလုပ်များက အရာအားလုံးကို ရှင်းပြပြီးသား ဖြစ်နေခဲ့သည်။
“ကျွန်မက ရွှမ်ဝမ်ပါ၊ ရွှမ်ဝမ်အစစ်ပေါ့ ၊ ရှင် အိပ်မက်ဆိုးထဲမှာ တွေ့ခဲ့တဲ့ဗားရှင်းက အတုပဲ၊ အဲဒါက ယဇ်ပလ္လင်ကနေ ဖန်တီးပေးထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ ၊ သူမရဲ့ ရည်ရွယ်ချက်က ရှင့်ကို အိပ်မက်ဆိုးထဲမှာပဲတည်ရှိတဲ့ ဟန်ဟိုင်းမြို့ကို လမ်းပြပေးဖို့ပဲ”
ရွှမ်ဝမ်က သူမ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
“အရာအားလုံး ပြီးဆုံးသွားပြီ…အိပ်မက်ဆိုးထဲက အရာတွေနဲ့ အနှောင်အဖွဲ့ မခံပါနဲ့တော့၊ ရှင်ဟန်ဟိုင်းကနေ ထွက်လာခဲ့ပြီပဲ ၊ ပြန်သွားဖို့ မလိုတော့ပါဘူး ၊ ရှင့်ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကသာ အရေးကြီးဆုံးပါပဲ”
ပြည့်ဖောင်းနေသော နှုတ်ခမ်းလွှာများမှာ လရောင်အောက်တွင် ဖြူဖျော့နေပုံရသည်။ ရွှမ်ဝမ်သည် ကောင်းမင်ကို ကျော်ဖြတ်၍ အမှောင်ထဲသို့ လျှောက်သွားလိုက်သည်။ သူမသည် သာမန်လူနာတစ်ဦးအတွက် စိုးရိမ်နေပုံ ပေါက်နေသော်လည်း စိတ်ခံစားချက်များ လွန်ကဲနေမှုကိုလည်း ခံစားနေရပုံရသည်။
ကောင်းမင်သည် သူ့နှလုံးသားထဲတွင် မေးခွန်းများစွာကို သိမ်းဆည်းထားခဲ့သည်။ သူ့စိတ်က ဖရိုဖရဲဖြစ်နေလေသည်။ ပြန့်ကျဲနေသော မှတ်ဉာဏ်အစအနများက ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။ ထိုအရာအားလုံးသည် လူတစ်ယောက်တည်းနှင့်သာ သက်ဆိုင်နေခြင်းဖြစ်တော့သည်။
အခန်းအပြင်ဘက် ရောက်သောအခါ ရွှမ်ဝမ်သည် အခြားလူနာများကို စစ်ဆေးရန် အလျင်မလိုခဲ့ပေ။ ထိုအစား သူမသည် ဝန်ထမ်းသုံးဓာတ်လှေကားဆီသို့ ပြေးလွှားလိုက်သည်။ အတည်ပြုချက်နှစ်ကြိမ် ပြုလုပ်ပြီးနောက် သူမသည် အများပြည်သူသုံး မဟုတ်သည့် အထပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ သူမသည် အသက်ရှူကျပ်မတတ် မှောင်မိုက်နေသော စွန့်ပစ်ခွဲစိတ်ခန်းတစ်ခုထဲသို့ ဝင်သွားလိုက်၏။
တံခါးကို သော့ခတ်ပြီးနောက် ရွှမ်ဝမ်သည် တင်းတင်းကျပ်ကျပ် ဆုပ်ထားသဖြင့် ဖြူဖျော့နေသော သူမ၏လက်သီးများကို ဖြေလျှော့လိုက်လေသည်။ သူမသည် တံခါးကို မှီလိုက်ပြီး အချိန်အတော်ကြာ အသုံးမပြုဘဲ ထားခဲ့သည့် ခွဲစိတ်ကုတင်ကို စိုက်ကြည့်နေမိလေသည်။