ရှရန်အစစ်
Vol. 43 Ch. 635
ဟန်ဟိုင်းသို့ စေလွှတ်ခံရသည့် ကိုယ်စားလှယ်တိုင်းအတွက် ကိုယ်ပိုင်ခွဲစိတ်ခန်းတစ်ခန်းစီ ရှိကြသည်။ ကောင်းမင်သည်လည်း သူ၏ပထမဆုံးအဆင့် ကုသမှုကို ဤနေရာ၌ပင် ခံယူခဲ့ရခြင်း ဖြစ်သည်။
သွယ်လျသော လက်ချောင်းလေးများက ကြမ်းတမ်းသော မျက်နှာပြင်ကို အသာအယာ ပွတ်သပ်သွားသည်။ ရွှမ်ဝမ်သည် စီးဆင်းနေသော သွေးစက်များကို မြင်နေရသည်။ သူမသည် မိမိကိုယ်ကိုယ် အကြွင်းမဲ့ကျိုးကြောင်းဆင်နိုင်စွမ်းရှိသူတစ်ဦးဟု ယုံကြည်ထားပြီး မည်သည့်အရာကမျှ သူမကို တုန်လှုပ်အောင်မလုပ်နိုင်ဟု ထင်ထားခဲ့သော်လည်း သူမ၏လက်ချောင်းများမှာ ဘေးနားရှိ ထိန်းချုပ်ခလုတ်ကို မတော်တဆ ထိမိသွားခဲ့သည်။ အခန်းထဲရှိ လျှို့ဝှက်တံခါး ပွင့်သွားပြီး မှောင်မိုက်သော ကော်ရစ်ဒါလမ်းတစ်ခု ပေါ်ထွက်လာ၏။ နံရံများတစ်လျှောက်တွင် အလွန်အမင်း ပျက်စီးနေသော အိပ်မက်ထဲသို့ ဝင်ရောက်သည့်ကိရိယာများ စီတန်းလျက်ရှိနေလေသည်။ ပျက်စီးနေသည့် ကိရိယာအရေအတွက်ကို ကြည့်ခြင်းအားဖြင့် အသုံးပြုသူများသည် အိပ်မက်ဆိုးထဲတွင် မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိသာလှသည်။
ရွှမ်ဝမ်သည် ကော်ရစ်ဒါထဲသို့ ဝင်သွားပြီး လမ်းအဆုံးရှိ လုံခြုံရေးသေတ္တာကို ဖွင့်လိုက်သည်။ လုံခြုံရေးသေတ္တာထဲတွင် များစွာသော မှတ်ဉာဏ်ချစ်ပ်ပြားများကို သေသပ်စွာ စီထား၏။
“ဒီလောက် လွယ်လွယ်နဲ့ မေ့ပစ်လို့ရမယ်ဆိုရင် ကျွန်မ ရှင့်ဆီကနေ ဘာလို့ အဲဒီလိုကတိမျိုး တောင်းခဲ့ပါ့မလဲ”
…
အခန်း ၇၀၀၉ တွင် ကောင်းမင်သည် ဖရိုဖရဲဖြစ်နေသော ကမ္ဘာကြီးထဲတွင် ရပ်နေမိသည်။ သူနှင့် ရွှမ်ဝမ်တို့သည် စိတ်ခံစားချက်နောက်သို့ လိုက်မည့်သူများ မဟုတ်ကြောင်း သူသိသည်။ သူတို့နှစ်ဦးလုံးမှာ ကျိုးကြောင်းဆင်ခြင်မှုကို အခြေခံသည့် သတ္တဝါများ ဖြစ်ကြသည်။ သို့သော်လည်း အကြိမ်ကြိမ် ခွဲခွာရခြင်းနှင့် အကြိမ်ကြိမ် ပြန်လည်ဆုံတွေ့ရခြင်းများက များပြားလွန်းလှသဖြင့် သူတို့နှစ်ဦးလုံး ခေတ္တမျှ စိတ်မထိန်းနိုင် ဖြစ်ခဲ့ရခြင်းပင်။
ကောင်းမင် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“အနည်းဆုံးတော့ သူ့အတွက် ငါက အိပ်မက်ဆိုးတစ်ခု မဟုတ်ခဲ့ပါဘူးလေ... ဟုတ်တယ်မလား”
ကောင်းမင် အခန်း ၇၀၀၉ မှ ထွက်လာခဲ့သည်။ အောက်ထပ်မှ တိုက်ခိုက်သံများနှင့် ရှရန်၏ စူးရှသော ရယ်မောသံများကို သူကြားလိုက်ရသည်။ သဘောကောင်းလှသော ဆရာရှသည် ဒုက္ခရောက်နေပုံရသည်။ အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် သူ၏ 'အိမ်ငှား' နှိပ်စက်ခံနေရသည်ကို ကောင်းမင် မည်သို့လျစ်လျူရှုနိုင်ပါမည်နည်း။
“ရွှမ်ဝမ်က သူ့လူနာတွေကို ဘယ်လိုကုသလဲဆိုတာ တစ်ချက်လောက် ကြည့်ရသေးတာပေါ့”
၎င်းသည် ရွှမ်ဝမ်နောက်သို့ လိုက်သွားရန် ဆင်ခြေတစ်ခုလည်း ဖြစ်နိုင်ပေသည်။ ကောင်းမင် လှေကားအတိုင်း ပြေးတက်သွား၏။ တံခါးတွင် 'ဝင်ခွင့်မပြု' ဟူသော ဆိုင်းဘုတ် ချိတ်ထားသော်လည်း ကောင်းမင်က လျစ်လျူရှုလိုက်သည်။ အဋ္ဌမထပ်မှာ ဆေးရုံမြေပုံတွင် ဖော်ပြထားသကဲ့သို့ ကုသရေးဌာန မဟုတ်ကြောင်း ရုတ်တရက် သူသတိပြုမိလိုက်သည်။ အခန်းတိုင်းတွင် သံတံခါးများ တပ်ဆင်ထားရာ ၎င်းတို့သည် အကျဉ်းထောင်အခန်းများနှင့် ပိုတူနေလေသည်။ အခြားဆေးရုံများတွင် မတွေ့ဖူးသည့် ရှုပ်ထွေးသောကိရိယာများလည်း အခန်းထဲတွင် ရှိနေကြသည်။ နေရာသည် အသက်ကယ်သည့် နေရာမဟုတ်ဘဲ လူ့အသက်များကို စမ်းသပ်သည့် နေရာတစ်ခု ဖြစ်နေသည်။
ရှရန်၏ ရယ်မောသံက ပို၍ ပုံပျက်လာခဲ့သည်။ရယ်သံတွင် နားမလည်နိုင်သော ဟိန်းဟောက်အော်ဟစ်သံများ ရောထွေးနေ၏။ ၎င်းမှာ လူသားတစ်ယောက်ထံမှ ထွက်ပေါ်လာသည့် အသံနှင့်မတူဘဲ ဒဏ်ရာရနေသော တိရစ္ဆာန်တစ်ကောင်၏ အသံနှင့် တူနေလေသည်။ ကောင်းမင် ကော်ရစ်ဒါထဲသို့ ဝင်လိုက်သည်နှင့် သူ့ခေါင်းပေါ်ရှိ မီးလုံးများသည် အချက်ပေးစနစ်ကို အသက်သွင်းမိသွားသကဲ့သို့ အရောင်များ ပြောင်းလဲသွားသည်။ ကော်ရစ်ဒါရှိ တံခါးများ ပိတ်သွားပြီး ထောင့်များရှိ ကင်မရာများသည် ကောင်းမင်ကို စိုက်ကြည့်နေသည့် အနီရောင်မျက်လုံးများကဲ့သို့ ဖြစ်သွားကြသည်။
သူနာပြုနားနေဆောင်ထဲမှ ခန္ဓာကိုယ်ကြီးမားသည့် သူနာပြုနှစ်ဦး ထွက်လာကြသည်။ သူတို့သည် ဖော်ရွေပုံ ရသည်။သူတို့က ကောင်းမင်အား လမ်းမှားလာတာလားဟု ယဉ်ကျေးစွာ မေးမြန်းကြသော်လည်း သူတို့လက်ထဲတွင်မူ ပြင်းထန်သော စိတ်ရောဂါဝေဒနာရှင်များအတွက် အသုံးပြုသည့် ကိရိယာများကို ကိုင်ဆောင်ထားကြသည်။
“သူတို့ရဲ့ လက်ကောက်ဝတ်က အမှတ်အသားတွေက မှေးမှိန်နေတာပဲ ၊ အဲဒါက အနက်ရောင်လက်ပတ်တွေကို အကြာကြီး ပတ်ထားလို့ ဖြစ်တာ၊ ဒီဝန်ထမ်းတွေရော စမ်းသပ်သူတွေလား”
ကောင်းမင် ရှေ့သို့ ဆက်လျှောက်သွားသည်။ သူနာပြုနှစ်ဦးသည် တောက်ပသော အပြုံးများဖြင့် ကိရိယာများကို မြှောက်လိုက်ကြသည်။ သူတို့ အချင်းချင်း ဖြတ်ကျော်သွားချိန်တွင် စောင့်ကြည့်ရေးကင်မရာ၌ ကောင်းမင်၏ လှုပ်ရှားမှုကို ဖမ်းမမိလိုက်ဘဲ သူနာပြုနှစ်ဦးမှာ အိပ်ပျော်သွားတော့သည်။ ထို့နောက် သူတို့၏ မျက်နှာများသည် ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့သွားကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ကောင်းမင်သည် ရှရန်ရှိသည့် အခန်းတံခါးကို ဖွင့်လိုက်သည်။ ပိုးသတ်ဆေးနံ့က သူ့ကို ဆီးကြိုလိုက်၏။ နေရာအနှံ့တွင် ဆေးဝါးများ ပြန့်ကျဲနေလေသည်။ အခန်းထဲတွင် လူနာကုတင်မရှိဘဲ ကြီးမားသော ခွဲစိတ်ကုတင်ကြီးတစ်ခုသာရှိပြီး ရှရန်အား ၎င်းနှင့်အတူ တွဲချည်ထားသည်။ သူ၏ ခြေလက်များတွင် များစွာသော အာဟာရအိတ်များ ချိတ်ဆက်ထားရသည်။သူသည် အစာစားရန် ငြင်းဆန်နေသဖြင့် ဆရာဝန်က သူအသက်ရှင်နေစေရန် ထိုနည်းလမ်းကို အသုံးပြုထားခြင်းဖြစ်သည်။
သူ့ ကြွက်သားများမှာ ကျုံ့လှီနေပြီး ဖြူဖျော့သော အရေပြားပေါ်တွင် ဒဏ်ရာများ ပြည့်နှက်နေလေသည်။ သူ၏ ချောမောသော ရုပ်ရည်သည် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ မျက်နှာတစ်ခြမ်းမှာလည်း လှီးထုတ်ခံထားရသည်။ ဤသနားစရာ သတ္တဝါလေးသည် အမြဲတမ်း ခန့်ညားထည်ဝါနေခဲ့သော ဆရာရှဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။
“ဟားဟား... ဆက်လုပ်စမ်းပါ”
ပျက်စီးနေသော အသံအိုးထဲမှ ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သွေးများက နှုတ်ခမ်းပေါ်တွင် စိုရွှဲနေ၏။ ရှရန်၏ပါးစပ်တွင် အကိုက်ခံကိရိယာ တပ်ဆင်ထားသဖြင့် သူ့အသံက အလွန်အမင်း ပြောင်းလဲနေခဲ့သည်။
“သူ ဘာလို့ အိပ်မက်ထဲ ဝင်လို့မရတာလဲ ၊ ကိရိယာတွေအားလုံး ပုံမှန်အတိုင်း လည်ပတ်နေတာပဲ ၊ ဒီနေ့မှ ကုမ္ပဏီချုပ်ကနေ ယူလာတာလေ”
ဆရာဝန် သုံးဦးသည် ကိရိယာများကို စစ်ဆေးရင်း စိတ်ရှုပ်ထွေးနေကြသည်။
“အထက်လူကြီးတွေက အရမ်းမကျေမနပ် ဖြစ်နေကြပြီ၊ ကိုယ်စားလှယ်(၁၃)ယောက်လုံး တစ်ခုခု မှားနေတယ် ၊ စီတုအန်းဆီမှာ ဖြစ်ပျက်ခဲ့တာမျိုးကို နောက်တစ်ကြိမ် အဖြစ်မခံနိုင်ဘူး၊ ရှရန်ရဲ့ အိပ်မက်ဆိုးထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့ သိမှရမယ် ၊ သုံးရက်အတွင်း သူ့ရဲ့ မှတ်ဉာဏ်ကို ဖောက်ထွင်းနိုင်ဖို့ လိုတယ်”
“ရှီပေါ် ... ကျွန်တော်တို့ အကုန်လုံး ကြိုးစားပြီးပြီ၊ ဒီလူက အိပ်မက်ထဲကို ဝင်လိုက်တာနဲ့ အလိုလို ပြန်နိုးလာတာ၊ သူ့အသိစိတ်ထဲမှာ အိပ်မက်တားဆီးတဲ့စက်တစ်ခု ထည့်ထားသလိုပဲ”
လူငယ် ဆရာဝန်က သက်ပြင်းချသည်။
“ကျွန်တော်တို့ လူနာအတော်များများဆီက အိပ်မက်ဆိုးတွေကို ခိုးယူခဲ့ဖူးပါတယ် ၊ သူ့လက်ထဲကျမှ ကျရှုံးလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ၊ အထက်ကို အစီရင်ခံပြီး သူ့ဦးနှောက်ကို ထုတ်ပြီး အဆင့် ၅ ဓာတ်ခွဲခန်းကို ပို့လိုက်ရင် ပိုမကောင်းဘူးလား”
“မလုပ်နဲ့ ၊ ကိုယ်စားလှယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က ဟန်ဟိုင်းစီမံကိန်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းပဲ၊ အဲဒီ သေဆုံးနေတဲ့မြို့တော်ထဲကို ဝင်ရောက်စွက်ဖက်ဖို့ဆိုရင် သူတို့ အသက်ရှင်နေမှ ရမယ်”
သက်ကြီးပိုင်းဆရာဝန် ရှီပေါ်က ရှရန်၏ ဦးခေါင်းနောက်ဘက်သို့ ပိုက်များ ထိုးသွင်းလိုက်သည်။ သူတို့သည် အလုပ်လုပ်ရ လွယ်ကူစေရန်အတွက် ရှရန်၏ ဦးခေါင်းခွံကို အပေါက်ဖောက်ထားကြခြင်းဖြစ်သည်။
ထိုဖြစ်စဉ်တစ်ခုလုံး ရှရန် သတိရှိနေခဲ့သည်။ သူ၏ ရယ်မောသံထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေ၏။ သို့သော်လည်း ရှရန် ရုတ်တရက် ရယ်မောခြင်းကို ရပ်တန့်လိုက်သည်။ သူသည် ရှီပေါ်၏ နောက်ကွယ်သို့ ဖြည်းဖြည်းချင်း မျက်လုံးပင့်ကြည့်လိုက်သည်။
“ဘာလို့ ရုတ်တရက်ကြီး တိတ်သွားတာလဲ၊ သေသွားပြီလား”
လူငယ်ဆရာဝန်သည် သွေးစွန်းနေသော သူ့လက်များကို မြှောက်၍ ရှီပေါ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူတစ်က္ကန့်မျှ အေးခဲသွား၏။
“ရှီပေါ်... ခင်ဗျားနောက်မှာ လူတစ်ယောက်”
အနီရောင်တက်တူးသည် ရှီပေါ်၏ လည်ပင်းနောက်ဘက်သို့ အနီရောင်နဂါးတစ်ကောင်ကဲ့သို့ ပျံ့နှံ့သွား၏။ အသားနံ့တစ်ခု ပျံ့လွင့်လာလေသည်။ ကောင်းမင်၏ အေးစက်လှသော အသံက အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။
“ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို မင်းတို့ ဘယ်လိုများ ဒီလိုဆက်ဆံရဲတာလဲကွ”
ရှရန်မှလွဲ၍ ကျန်လူများအားလုံး အမှောင်ထုထဲသို့ ပစ်ချခံလိုက်ရသည်။ သူတို့၏ ဝိညာဉ်များကို အိပ်မက်ဆိုးများက ဝါးမြိုပစ်လိုက်ကြသည်။
အခန်းထဲတွင် အသက်ရှူကျပ်မတတ် တိတ်ဆိတ်သွားသည်။ ရှရန်၏ ဦးခေါင်းအား တစ်နေရာတည်းတွင် မြဲအောင်လုပ်ထားသဖြင့် ကောင်းမင် ရှေ့သို့လျှောက်လာမှသာ ရှရန်က သူ့ကို မြင်နိုင်တော့သည်။
ကုတင်ပေါ်ရှိ ရှရန်သည် ဟန်ဟိုင်းမှ ရှရန်နှင့် အလွန်ကွာခြားလှသည်။ တစ်ဦးသည် သေခြင်းတရားရှေ့တွင်ပင် အကြွင်းမဲ့ခန့်ညားထည်ဝါမှုကို ထိန်းထားနိုင်ခဲ့သည်။ နောက်တစ်ဦးကမူ အသတ်ခံရရန် စောင့်ဆိုင်းနေသည့် ဝက်တစ်ကောင်နှင့် တူနေရှာသည်။
ကောင်းမင်၏ ပုံရိပ်က ရှရန်၏ မျက်လုံးထဲတွင် ထင်ဟပ်လာသည်။ နောက်ဆုံးတွင် သူသည် ရုပ်ဆိုးလှသော အပြုံးတစ်ခုကို ပြုံးလိုက်၏။
“ငါတို့က အခန်းဖော်တွေ မဟုတ်ဘူးလား၊ ဘယ်တုန်းက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားတာလဲ”
“ဟန်ဟိုင်းထဲက ကိစ္စတွေကို ခင်ဗျားမှတ်မိနေသေးတာလား”
ကောင်းမင်၏ နောက်တွင် များစွာသော ဝိညာဉ်များ ရပ်နေကြသည်။ သူတို့သည် အနက်ရောင်ပင်လယ်ကြီးတစ်စင်းကဲ့သို့ ရှရန်ထံ တိုးဝင်သွားကြသည်။
“မင်းက ငါပြောပြခဲ့တဲ့ သရဲပုံပြင်တွေအားလုံးကို လက်တွေ့ဖြစ်အောင် ပြောင်းပစ်လိုက်တာလား”
ရှရန်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ မရှိပေ။ သူသည် မိမိနှစ်သက်သည့် အရုပ်ကို ရှာတွေ့သွားသည့် ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားစွာ ရယ်မောနေတော့သည်။