← Chapters

အရောင်ရှိသော လူသေဓာတ်ပုံ

Vol. 43 Ch. 636

အရောင်ရှိသော လူသေဓာတ်ပုံ

Vol. 43 Ch. 636

နံရံများပေါ်တွင် သွေးကြောများ တွားသွားနေကြသည်။ ကြမ်းပြင်မှာ သွေးများဖြင့် နစ်မြုပ်နေ၏။ ရှရန်၏ အခန်းသည် လက်တွေ့ကမ္ဘာမှ ပျောက်ကွယ်သွားပြီး အိပ်မက်ဆိုးထဲတွင် ဖုံးကွယ်ခံထားရပုံ ပေါ်သည်။ အိပ်မက်နှင့် ဆက်စပ်နေသော ကိရိယာအားလုံးမှာလည်း ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိသွားသည်။ ကိရိယာများ၏ မြင်ကွင်းပေါ်တွင် သေဆုံးနေသူများ၏ မျက်နှာများ ပေါ်လာပြီး တုန်ခါနေ၏။ လက်တံများက ပြောင်းပြန်လည်နေပြီး မီးလုံးများသည် အသံမထွက်ဘဲ ပေါက်ကွဲကုန်ကြသည်။ ဖန်သားပြင်များပေါ်တွင် အနီရောင်မျက်လုံးများ ပွင့်ဟလာကြ၏။

ထိုထူးဆန်းသော မြင်ကွင်းများက ရှရန်၏မျက်လုံးထဲသို့ ဝင်ရောက်သွားသည်။ သူက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

"ဟုတ်တယ် ဒါက ငါ့မျက်လုံးထဲက ကမ္ဘာပဲ၊ ဒါက ငါမြင်ချင်နေတဲ့ ကမ္ဘာပဲ၊ မင်း လုပ်နိုင်ခဲ့ပြီ၊ ငါ လုပ်ချင်နေတဲ့ အရာတွေကို မင်းက အပြီးသတ်ပေးလိုက်ပြီ"

သူ၏ အရေပြားပေါ်တွင် သွေးမြို့တော်တက်တူးက တွားသွားလျက်ရှိသည်။ ကောင်းမင် ခေါင်းငုံ့၍ ရှရန်ကို ကြည့်လိုက်သည်။ သူသည် ရှရန်၏ ကယ်တင်ရှင် သို့မဟုတ် မိတ်ဆွေ မဟုတ်ပေ။ အတိအကျ ပြောရလျှင် သူသည် ရှရန်အား သေခြင်းတရားဆီသို့ တွန်းပို့ခဲ့သူ ဖြစ်သည်။ အဆုံးမရှိ သေဆုံးခဲ့ရမှုများက ကောင်းမင်အား အချို့သောအရာများကို ကြိုတင်ခန့်မှန်းနိုင်သည့် စွမ်းရည်ကို ပေးအပ်ခဲ့သည်။ ရှရန်သည် ဟန်ဟိုင်းထဲတွင် သူမည်မျှထက်မြက်စေကာမူ ကောင်းမင်ကို အနိုင်မတိုက်နိုင်မှန်း သိရှိသွားခဲ့သည်။ ထို့ကြောင့် သူသည် ဒုတိယအကောင်းဆုံး နည်းလမ်းဖြစ်သည့် အရှုံးမပေးရမည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်။ သူသည် သူ့ကိုယ်သူ သတ်သေခဲ့ပြီး သူ့အသိစိတ်ကို သူ၏လူသေဓာတ်ပုံထဲတွင် ဝှက်ထားလိုက်သည်။ ကောင်းမင် သူ့လူသေဓာတ်ပုံကို အသုံးပြုနေသရွေ့ ကောင်းမင်သည် သူ့အသိစိတ်၏ လွှမ်းမိုးမှုကို ခံလာရမည်ဖြစ်ပြီး ကောင်းမင်ကိုယ်တိုင် သူ(ရှရန်) အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။

ထိုစဉ်က ကောင်းမင်၏ အကြီးမားဆုံး ရန်သူသည် စီတုအန်း ဖြစ်ခဲ့သည်။ သူသည် စီတုအန်းနှင့် တိုက်ခိုက်ရာတွင် အသုံးပြုရမည့် ထိုဝှက်ဖဲမျိုးကို လက်လွှတ်မည် မဟုတ်ပေ။

"ပြောပါဦး၊ ဟန်ဟိုင်းထဲမှာ ခင်ဗျား နောက်ဆုံးမှတ်မိတဲ့ အရာက ဘာလဲ"

ကောင်းမင် ခေါင်းငုံ့ကာ မေးလိုက်သည်။

"အဲဒါက အရေးကြီးလို့လား၊ မင်း တကယ်ပဲ ဂရုစိုက်လို့လား၊ ဟားဟား အဲဒီ အရူးတစ်အုပ်က ငါ့ကို ပထမဆုံးဖယ်ရှားခံရတဲ့ ကိုယ်စားလှယ်လို့ ထင်နေကြတာ၊ ငါ့ရဲ့ စုတ်ပြတ်နေတဲ့ဝိညာဉ်ကို မင်းရဲ့ နှလုံးသားထဲမှာ သိမ်းဆည်းထားခဲ့တာကို သူတို့ မသိကြဘူးလေ"

ရှရန်၏ တောက်ပသော ရုပ်သွင်နောက်ကွယ်တွင် ဖောက်ပြန်နေသော နှလုံးသားတစ်ခု ပုန်းကွယ်နေလေသည်။ သူသည် ဟန်ဟိုင်းတွင် လူသတ်သမားတစ်ဦး ဖြစ်သည်။ သူသည် မိဘမဲ့များနှင့် ကလေးငယ်များကို ကူညီပေးနေရင်း လူကြီးများကို သတ်ဖြတ်နေသူဖြစ်သည်။ သူသည် ဤကမ္ဘာကြီးကို ပန်းချီကားချပ်တစ်ခုကဲ့သို့ သဘောထားသည်။ ရှရန်သည် မသေဆေးကုမ္ပဏီက ဂရုတစိုက် ရွေးချယ်ထားသည့် ကိုယ်စားလှယ်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူသည် ကောင်းမင်နှင့် တွေ့ဆုံခဲ့ရပြီး ပစ်မှတ်ထားခံခဲ့ရသည်။ သူသည် သူ့ကိုယ်သူ သတ်သေပြီးနောက်တွင် ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားခဲ့ရသည်။ ထို့ကြောင့် သူနိုးလာပြီးနောက်ပိုင်း ဟန်ဟိုင်းထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်မရတော့ခြင်း ဖြစ်သည်။

"ခင်ဗျားနဲ့ စီတုအန်း ကျွန်တော့်ရဲ့ နှိပ်စက်ခန်းထဲကနေ လွတ်မြောက်သွားပြီးတော့ ဘာဆက်ဖြစ်ခဲ့လဲ"

ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လက်ရှိ ရှရန်နှင့် စကားပြောရသည်ကို သဘောမကျပေ။

"ငါ မမှတ်မိတော့ဘူး၊ အော်... ဟုတ်ပြီ၊ သူက လုဇန်လို့ ခေါ်တဲ့ လူတစ်ယောက်ကို ရှာဖို့ ငါ့ကို ခေါ်သွားခဲ့တာ၊ အဲဒီလူမှာ ဟန်ဟိုင်းကနေ ထွက်သွားနိုင်တဲ့ နည်းလမ်းရှိတယ်တဲ့"

ရှရန်က မိစ္ဆာတစ်ကောင်ကဲ့သို့ ပြောလိုက်သည်။

"မင်းလည်း သူ့ကို သိတယ် မဟုတ်လား၊ သူ့ကို သတ်ချင်နေတာလား"

လုဇန်သည် စီတုအန်း၏ ထောက်တိုင် ဖြစ်သည်။ သူသည် သွေးမြို့တော်၏ ကိုယ်စားလှယ်အများအပြားနှင့် ဆက်နွယ်နေပုံရသည်။

"ခင်ဗျား ဟန်ဟိုင်းကနေ ဘယ်လို ထွက်လာတာလဲ"

"ငါလည်း သေချာမသိဘူး၊ ငါ မျက်လုံးဖွင့်လိုက်တော့ ဒီကို ရောက်နေတာပဲ"

ရှရန်သည် ကောင်းမင်အပေါ်တွင် အလွန်စိတ်ရှည်နေသည်။

"ထူးဆန်းတာက ငါက မင်းထက်စောပြီး နိုးလာတာ ၊ ငါ တစ်ညပဲ အိပ်ခဲ့ရတယ်၊ ဒါပေမဲ့ မင်းကတော့ သတိမေ့နေခဲ့တာ၊ ဘာပဲဖြစ်ဖြစ် လက်တွေ့ဘဝနဲ့ဟန်ဟိုင်းက အချိန်စီးဆင်းမှု မတူဘူးလေ၊ အဲဒါက သေသူတွေရဲ့ ကမ္ဘာပဲ မဟုတ်လား"

"စီတုအန်း ဘယ်မှာလဲ"

"သူက ဟန်ဟိုင်းမှာရော၊ ရှင်းလုမှာရော မရှိတော့ဘူး၊ မသေဆေးကုမ္ပဏီတောင် သူ့ကို ရှာမတွေ့ဘူး၊ သူတို့က ငါ့ကို ဆေးဝါးမျိုးစုံကျွေးပြီး အချက်အလက်တွေ ရအောင် ကြိုးစားခဲ့ကြသေးတယ်"

ရှရန်၏ အရေပြားသည် ကွာကျလုနီးပါး ဖြစ်နေသော်လည်း သူက ပြုံးရန် ကြိုးစားနေဆဲဖြစ်သည်။

ကောင်းမင်က ဟန်ဟိုင်းအကြောင်း ပြန်မှတ်မိသွားသည့်အတွက် ရှရန်သည် ကောင်းမင်ထက်ပင် ပို၍ ပျော်ရွှင်နေလေသည်။ အရင်က သူကောင်းမင်ကို ပြောပြခဲ့သည့် သရဲပုံပြင်များသည် အလိမ်အညာများ မဟုတ်ကြောင်း သူတစ်ယောက်တည်းသာ သိခဲ့သည်။ သူတို့နှစ်ဦးလုံးသည် ထိုအရာများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ပုံပြင်အားလုံးက အစစ်အမှန်များပင်။ ရှရန်သည် ထိုခံစားချက်ကို အလွန်သဘောကျသည်။ သူသည် သူသတ်ခဲ့သော သားကောင်များ၏ မိသားစု အခြေအနေကို လိုက်မေးနေသည့် လူသတ်သမားတစ်ဦးနှင့် တူသည်။ မည်သူကမျှ သူ့ကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

"မင်းမှာ တခြားမေးစရာ ရှိသေးလား၊ ငါသိသမျှ အကုန်ပြောပြနိုင်တယ်၊ ငါ ကိစ္စတွေအများကြီး သိထားပြီးပြီ၊ ဥပမာ - တခြားကိုယ်စားလှယ်တွေ ဘယ်မှာ ပုန်းနေလဲဆိုတာနဲ့ မသေဆေးကုမ္ပဏီရဲ့ အထက်လူကြီးတွေထဲက မင်းဘယ်သူ့ကို သတ်သင့်လဲ ဆိုတာမျိုးပေါ့၊ ငါ လူသတ်မှုအစီအစဉ်ပေါင်း ခုနစ်ဆယ်ကျော်လောက် ပလန်ချထားထားပြီးပြီ၊ မင်း နားထောင်ချင်လား"

ရှရန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူ့နှုတ်ခမ်းများမှ သွေးများ စိမ့်ထွက်လာသည်။ သူသည် စကားကို အလျင်အမြန်ပြောနေ၏။

တောင့်တောင့်ကြီး ဖြစ်နေသော ရှရန်ကို စိုက်ကြည့်ရင်း ကောင်းမင်သည် ထိုလူ မည်သို့သောဒုက္ခများ ကြုံတွေ့ခဲ့ရသည်ကို မခန့်မှန်းနိုင်တော့ပေ။ ပထမဆုံး ဖယ်ရှားခံရသည့် ကိုယ်စားလှယ်တစ်ယောက် ဖြစ်သောကြောင့် မသေဆေးကုမ္ပဏီသည် သူ့အပေါ်တွင် ကြောက်စရာကောင်းသည့် စမ်းသပ်မှုများစွာ လုပ်ခဲ့ကြသည်။ သို့သော်လည်း သူတို့သည် သူ့အား အိပ်မက်ဆိုးထဲသို့ပင် ပြန်ပို့၍ မရခဲ့ကြပေ။

"သိချင်တာတွေကို ကျွန်တော့်ဘာသာပဲ ရှာလိုက်ပါ့မယ်"

ကောင်းမင်က ရှရန်၏ စကားကို ဖြတ်ပြောလိုက်သည်။ သူ့နှလုံးသားအနီးရှိ တက်တူးက ဖြည်းညင်းစွာ ပွင့်ဟလာ၏။

"ပြောပါ၊ ခင်ဗျား နောက်ဆုံးဆန္ဒ ဘာရှိလဲ"

"နောက်ဆုံးဆန္ဒ..."

ရှရန်သည် ပွင့်လာသော ညှင်းပန်းနှိပ်စက်ခန်းတံခါးကို ကြောက်ရွံ့ခြင်းမရှိဘဲ ကြည့်လိုက်သည်။ သူ စဉ်းစားကြည့်ပြီး ခေါင်းခါ၏။

"မရှိပါဘူး၊ ငါ့ဘဝမှာ ဘာနောင်တမှမရှိဘဲ နေထိုင်ခဲ့တာပဲ"

လက်ရှစ်ဖက်က ရှရန်၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်သည်။ အခန်းထဲရှိ ထူးဆန်းသော အရာအားလုံးသည် ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ထိုးထည့်ခံလိုက်ရတော့သည်။ ရှရန်၏ အသိစိတ်၊ ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ရောက်သွားသောအခါ နှိပ်စက်ခန်း၏ ထောင့်တစ်နေရာရှိ အဖြူအမည်းပုံတူက ပြောင်းလဲသွားသည်။ ရှရန်၏ အလောင်းနှင့် သူ၏ ပုံတူမှာ အရောင်များ ပြန်လည်ရရှိလာလေသည်။သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေသည်။

"ကောင်းမင်... ငါ အိပ်မက်ဆိုးထဲကို ဝင်လို့မရခဲ့ဘူး၊ အများကြီး စဉ်းစားကြည့်ပြီးတဲ့နောက် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့တယ်၊ ငါ့ရဲ့ အသိစိတ်တစ်စိတ်တစ်ပိုင်းက မင်းနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပြီ၊ ငါဟာ မင်းပဲ၊ မင်းဟာ ငါပဲ..."

ဓာတ်ခွဲခန်းရှိ မီးများ ငြိမ်းသေသွားသည်။ ကောင်းမင် ထွက်လာခဲ့၏။ သူသည် သားစားကြူးနတ်ဘုရားအား ရှရန်၏ မှတ်ဉာဏ်များကို စစ်ဆေးခိုင်းပြီးပြီ ဖြစ်သည်။ သူပြောခဲ့သမျှ အရာအားလုံးမှာ အမှန်တရားများ ဖြစ်သည်။

"ရူးနေတဲ့ မကောင်းဆိုးဝါးပဲ"

ကောင်းမင်သည် ရှရန်၏ မှတ်ဉာဏ်ထဲမှ အရေးကြီးသော အချက်အလက်အများအပြားကို ရရှိခဲ့သည်။ ဥပမာ - ထန်လင်းအပါအဝင် အရေးကြီးပုဂ္ဂိုလ်များ၏ လိပ်စာနှင့် အလေ့အကျင့်များ၊ တခြား ကိုယ်စားလှယ်တို့၏ အခြေအနေများ ဖြစ်သည်။ သူ့ အကျင့်စရိုက်ကို ဘေးဖယ်ထားလျှင် ရှရန်သည် အတော်လေး အစွမ်းထက်သည့် လူတစ်ယောက် ဖြစ်သည်။ သူ ကိုယ်စားလှယ်တစ်ယောက် ဖြစ်နေရခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ကောင်းမင်သည် ဓာတ်လှေကားစီး၍ အားဖန်နှင့် သူ့မိခင်ရှိသည့် အထပ်သို့ သွားလိုက်သည်။ ထိုကလေး၏ မိခင်သည် မသေဆေးကုမ္ပဏီ၏ ဓားစာခံအဖြစ် အဖမ်းခံထားရခြင်း ဖြစ်သည်။ သူတို့သည် သူမကို ကုသပေးနိုင်သော်လည်း သူတို့၏ ကိုယ်ပိုင်ရည်မှန်းချက်အတွက် တစ်ခါတစ်ရံတွင် သူမ၏အခြေအနေကို ပိုဆိုးအောင် လုပ်တတ်ကြသည်။

"ကောင်လေး ဒီမှာ မရှိဘူးလား"

ကောင်းမင် တံခါးဖွင့်လိုက်သောအခါ ငိုယိုနေသော အားဖန်၏မိခင်ကို တွေ့လိုက်ရသည်။ သူမသည် ကုတင်ပေါ်တွင် ရှိနေခြင်းဖြစ်သည်။ သူမ၏ လက်ကောက်ဝတ်များတွင် ဆေးထိုးအပ်များ ထိုးစိုက်ထားသည်။ သူမသည် စကားမပြောနိုင်သကဲ့သို့ လှုပ်ရှား၍လည်း မရပေ။

သူမ ကြည့်နေသည့် နေရာသို့ သူလိုက်ကြည့်လိုက်သည်။ ကြမ်းပြင်ပေါ်တွင် အားဖန်၏ ကျောင်းလွယ်အိတ်လေးနှင့် အနီရောင်အဆောက်အဦးဘလော့တုံးလေးများ ရှိနေသည်။ သို့သော်လည်း ကောင်လေးမှာ ပျောက်ဆုံးနေ၏။

"ခင်ဗျားရဲ့သားကို ခေါ်သွားကြတာလား"

ကောင်းမင်၏ အသံကို ကြားသောအခါ အားဖန်၏မိခင်သည် စကားပြောရန် သူမ၏ပါးစပ်ကို အစွမ်းကုန် လှုပ်ရှားလိုက်သည်။

"ဖြည်းဖြည်းပြောပါ၊ ကျွန်တော် ဒီမှာ ရှိပါတယ်"

ကောင်းမင်သည် မိခင်ဖြစ်သူ၏ ပြတ်တောင်းပြတ်တောင်း ထွက်လာသော တောင်းပန်သံကို ကြားနိုင်ရန် အနီးသို့ ကပ်လိုက်ရသည်။

"ကျွန်မကို သတ်ပေးပါ၊ ကျေးဇူးပြုပြီး... ကျွန်မကို သတ်ပေးပါ..."

All Chapters