လက်တွေ့ဘဝက အားဖန်
Vol. 43 Ch. 637
“ခင်ဗျားကို သတ်ပေးရမှာလား”
ကောင်းမင်သည် ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို အရင်ကလည်း ကြားဖူးခဲ့သော်လည်း မည်သည့်နေရာတွင်ကြားဖူးခဲ့သည်ကိုတော့ မမှတ်မိတော့ပေ။
လူနာသည် အသက်ရှင်နေသော လူသားတစ်ဦးဖြစ်သော်လည်း သူမ၏ ဘဝအရည်အသွေးမှာ လမ်းဘေးရှိ မြက်ပင်တစ်ပင်ထက်ပင် ပို၍ ဆိုးရွားနေလေသည်။ ကောင်းမင် ထိုအမျိုးသမီး၏ လက်ကို ဆုပ်ကိုင်လိုက်ရာ သူမနှလုံးသားထဲမှ ပြင်းပြသော လိုအင်ဆန္ဒကို ခံစားလိုက်ရသည်။ သူမသည် သူမခင်ပွန်းအပေါ်တွင် မျှော်လင့်ချက် မထားတော့ပေ။ ဤကမ္ဘာကြီးကိုလည်း သူမဂရုမစိုက်တော့။ အားဖန်အတွက် စိုးရိမ်နေသည်မှအပ သူမသည် သေခြင်းတရားကိုသာ တောင်းတနေတော့သည်။
နာကျင်မှုများက သူမကို နှိပ်စက်နေ၏။ မသေဆေးကုမ္ပဏီသည် သူမအား အနာကျင်ဆုံး အခြေအနေတွင် ဆက်လက်အသက်ရှင်နေစေရန် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားခြင်း ဖြစ်သည်။
“ခင်ဗျား သေသွားရင်ရော အားဖန်ရဲ့ နာကျင်မှုတွေ လျော့ပါးသွားမယ် ထင်လို့လား”
ထိုအမျိုးသမီးသည် စကားမပြောနိုင်ရှာပေ။ သူမသည် ကြမ်းပြင်ပေါ်ရှိ အနီရောင် ဘလော့တုံးလေးများကို ကြည့်ကာ မျက်ရည်များ ဝဲလာခဲ့သည်။ သူမသည် ထောင်ချောက်ထဲတွင် ပိတ်မိနေသည့် သားရဲတစ်ကောင်နှင့် တူနေလေသည်။
“ရှင်းလုမြို့မှာ သရဲတွေ မရှိဘူး ၊ ဘာလို့ လူတွေက ဒီလို နာကျင်မှုမျိုးနဲ့ ရှင်သန်နေရသေးတာလဲ”
ကောင်းမင် ကုတင်ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။
“သရဲတွေက ဒီဘေးဒုက္ခတွေရဲ့ အရင်းအမြစ် မဟုတ်တာလား”
အားဖန်၏ မိခင်သည် အကူအညီ မတောင်းခဲ့ပေ။ သူမတွင် သေချင်စိတ် တစ်ခုတည်းသာ ရှိနေသည်။ ကောင်းမင် ထွက်သွားတော့မည်ကို မြင်သောအခါ သူမသည် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး အားကိုးရာမဲ့စွာ ရေရွတ်နေတော့သည်။ သူမသည် အစွမ်းကုန် ကြိုးစားသော်လည်း လက်တစ်ဖက်ကိုပင် မြှောက်နိုင်စွမ်း မရှိပေ။
“အားဖန်ကို ရှာတွေ့ရင် ခင်ဗျားကို ကုသပေးဖို့ ကြိုးစားကြည့်ပါ့မယ်”
ကောင်းမင် ထိုအမျိုးသမီး၏ လက်ကို လွှတ်လိုက်သည်။ သူသည် သွေးစွန်းနေသော ဘလော့တုံးများကို ကောက်ယူ၍ ၎င်းတို့ထဲမှ အငွေ့အသက်များကို ခံစားကြည့်လိုက်သည်။ သူ အပင်ပန်းခံ ရှာစရာမလိုဘဲ ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးမြို့တော်တက်တူးက တုံ့ပြန်လာခဲ့သည်။
“အားဖန်က ကိုယ်စားလှယ် (၁၃) ယောက်ထဲမှာ အငယ်ဆုံးပဲ၊ သူကို ထိန်းချုပ်ရတာ အလွယ်ဆုံး ဖြစ်လိမ့်မယ်၊ မသေဆေးကုမ္ပဏီက သူ့ကို ရွေးချယ်ခဲ့တယ်ဆိုတာ သူ့ထဲမှာ အရေးကြီးတဲ့အရာတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်”
ကောင်းမင်သည် အရင်က ဟန်ဟိုင်းတွင် အားဖန်နှင့် တွေ့ဆုံခဲ့ဖူးသည်။ သွေးမြို့တော်၏ အကြွင်းအကျန်ဝိညာဉ်သည် သူ့ကိုယ်ထဲတွင် ပုန်းကွယ်နေခြင်း ဖြစ်သည်။ တက်တူး၏ လမ်းညွှန်မှုဖြင့် ကောင်းမင်သည် ဆေးရုံ၏ မြေအောက်ငါးထပ်မြောက်သို့ ရောက်ရှိလာသည်။ ထိုနေရာသည် အများပြည်သူအတွက် ဖွင့်လှစ်မထားသော နေရာဖြစ်သည်။ သူသည် ဝန်ထမ်းများစွာကို ရက်ရက်စက်စက် ထိုးကြိတ်၍ တံခါးသုံးချပ်ကို ကန်ဖွင့်ပြီးမှသာ ထိုနေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“ဒီနေရာက အမျိုးသမီးဝန်ထမ်းပေးခဲ့တဲ့ မြေပုံထဲမှာ အမှတ်အသားလုပ်ထားတယ်၊ ဒီပုဂ္ဂလိကဆေးရုံက မသေဆေးကုမ္ပဏီရဲ့ ဓာတ်ခွဲခန်းပဲ”
ဤဆေးရုံ၏ ရည်ရွယ်ချက်သည် ကိုယ်စားလှယ်အများစု အိပ်ပျော်နေချိန်တွင် အားဖန်နှင့် ရှရန်တို့ကို စောင့်ကြည့်ရန် ဖြစ်သည်။ ပိုအတိအကျပြောရလျှင် ဤဆေးရုံသည် အားဖန်အတွက် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။ မြေအောက်ဓာတ်ခွဲခန်းတွင် အားဖန်ပြောခဲ့သမျှ စကားနှင့် ဘလော့တုံးများဖြင့် တည်ဆောက်ခဲ့သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားသည်။ သူ၏ စိတ်ခံစားချက် အတက်အကျများကိုပင် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဆေးရုံသည် အာဖန်း၏ စမ်းသပ်ကွင်းပင် ဖြစ်သည်။ သူသည် မသေဆေးကုမ္ပဏီက ရေးသားထားသည့် ဇာတ်ညွှန်းအတိုင်း ရှင်သန်နေခဲ့ရခြင်း ဖြစ်သည်။ မသေဆေးကုမ္ပဏီသည် အားဖန်အား သူတို့ အလိုရှိသည့် လူသားတစ်ယောက်အဖြစ် ပြုစုပျိုးထောင်လိုကြသည်။ အားဖန်ကို လူသားတစ်ယောက်အဖြစ် သတ်မှတ်နိုင်သေးရင်ပေါ့...။
ကောင်းမင်သည် ထိုနေရာအား ချုံခိုတိုက်ခိုက်ခဲ့သော်လည်း အတားအဆီးများစွာနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ဝန်ထမ်းများသည် ကြောက်ရွံ့ခြင်းမရှိဘဲ လက်နက်များ ကိုင်ဆောင်ထားကြ၏။ သားစားကြူးနတ်ဘုရား၏ စွမ်းအားသည် သူတို့မြေအောက်ထဲရောက်သောအခါ အားနည်းသွားကြောင်း ကောင်းမင် ခံစားမိသည်။ မသေဆေးကုမ္ပဏီသည် နတ်ဘုရားသရဲများကို ကိုင်တွယ်နိုင်သည့် ကိရိယာတချို့ကို တပ်ဆင်ထားပုံရသည်။
နောက်ဆုံး သုတေသနသမားတစ်ဦး အိပ်ပျော်သွားချိန်တွင် ကောင်းမင်သည် ကြမ်းပြင်ပေါ်ရှိ ခြေရာသေးသေးလေးများအတိုင်း လိုက်လာခဲ့ပြီး လွန်ကဲစွာပိတ်ဆို့ထားသော မြေအောက်ငါးထပ်မြောက်သို့ ရောက်ရှိလာလေသည်။ ထိုနေရာတွင် အစောင့်မရှိပေ။ အခန်းများစွာ ရှိနေပြီး အခန်းတိုင်းတွင် များစွာသော တံခါးများတပ်ဆင်ထားသည်။ တံခါးသည်လည်း အမျိုးမျိုးပင်။ ၎င်းသည် တံခါးများဖြင့် တည်ဆောက်ထားသော ဝင်္ကပါတစ်ခုနှင့်ပင် တူနေတော့သည်။ ကောင်းမင်တွင် မြေပုံမရှိသော်လည်း တက်တူးက သူ့ကို အာဖန်းရှိရာသို့ လမ်းပြပေးနေခဲ့သည်။ ကောင်းမင် စိတ်မရှည်နိုင်ဖြစ်လာတော့မည့် အချိန်တွင် သူ့ရှေ့၌ သွေးရောင်လွှမ်းနေသော တံခါးတစ်ချပ် ပေါ်လာလေသည်။ ထိုတံခါးတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နေပြီး ကံဆိုးမိုးမှောင်ကျမှုအငွေ့အသက်များ ဖြာထွက်နေလေ၏။ ကောင်းမင်သည် ထိုကဲ့သို့ တံခါးမျိုးကို အိပ်မက်ဆိုးထဲတွင်သာ တွေ့ဖူးသည်။
“လက်တွေ့ကမ္ဘာမှာ တည်ရှိနေတဲ့ သွေးတံခါးလား၊ ဒါက ဘယ်ကို ဦးတည်နေတာလဲ”
တံခါးပေါ်မှ အက်ကွဲကြောင်းများ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ ကောင်းမင် အနီးသို့ ချဉ်းကပ်လိုက်သောအခါ ထူးဆန်းသော တဂျွပ်ဂျွပ် ဝါးစားသံတစ်ခုကို ကြားလိုက်ရသည်။
“သွေးမြို့တော်တက်တူးက ငါ့ကို ဒီကို လမ်းပြခဲ့တာဆိုတော့ အားဖန်က ဒီတံခါးနောက်မှာ ရှိနေတာလား”
ကောင်းမင် လက်ကို ဆန့်၍ တံခါးကို ထိလိုက်သော်လည်း တံခါးသည် ၎င်း၏ ကန့်သတ်ချက်ကို ရောက်နေပုံရသည်။ ၎င်းက ကောင်းမင်၏ မျက်စိရှေ့တွင်တင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ နောက်မြင်ကွင်းကတော့ ကောင်းမင်အား ကြက်သီးထသွားစေခဲ့သည်။
တံခါးနောက်က ကမ္ဘာကြီးမှာ ကျိုးပဲ့နေသော တံခါးအစအနများ တောင်ပုံရာပုံဖြစ်နေလေသည်။ အနက်ရောင် မြူခိုးများသည် လှိုင်းလုံးကြီးများကဲ့သို့ တအိအိလှိုင်းထနေကြသည်။ ကင်းခြေများကဲ့သို့သော လက်ချောင်းများက အားဖန်၏ပါးစပ်ကို ဖြဲထားပြီး အပိုင်းအစများကို အတင်းအဓမ္မ ဝါးစားခိုင်းနေကြသည်။ သွေးတံခါး တစ်ချပ်ချင်းစီသည် ခြောက်ခြားထိတ်လန့်ဖွယ် မှတ်ဉာဏ်များနှင့် စွဲလမ်းမှုများ ဖြစ်သည်။ ၎င်းတို့၏ အပိုင်းအစများသည် ကမ္ဘာပေါ်တွင် အထက်မြက်ဆုံး ဓားများကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့ကို ဝါးစားရခြင်းသည် အလွန်အမင်း နာကျင်မှုနှင့် မုန်းတီးမှုများကို ခံစားရစေသည်။ အားဖန်သည် သူ့မျက်လုံးများ မှိတ်ထားသော်လည်း သူ့မျက်နှာသေးသေးလေးလေးပေါ်တွင် နာကျင်မှုနှင့် ခုခံလိုစိတ်များမှာ ထင်ဟပ်နေလေသည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကား သန္ဓေပြောင်းနေပြီး တောင်တစ်လုံးကဲ့သို့ ကြီးမားနေသည်။ သူ့အရေပြားပေါ်တွင်လည်း ထိုလက်ချောင်းများက ထူးဆန်းသော ပုံစံကွက်များကို ရေးဆွဲထားကြသည်။
ထိုမြင်ကွင်းက တစ်စက္ကန့်မျှသာ ကြာလိုက်သည်။ တံခါးကျိုးသွားသည်နှင့် တံခါးနောက်ကွယ်မှ မြင်ကွင်းက ပျောက်ကွယ်သွားတော့သည်။ သွေးတံခါးသည် ဘယ်တုန်းကမှ မရှိခဲ့သလိုပင် ခံစားရသည်။ ကောင်းမင်သည် ကြမ်းပြင်ပေါ်တွင် လဲပြိုကျနေသော အားဖန်ကို မြင်လိုက်ရသည်။ ထိုကလေးသည် သစ်သားစများ၊ ရွှံ့များနှင့် စွန့်ပစ်ထားသော ဆေးပိုက်များကို ဝါးစားနေလေ၏။
“ဒီလူတွေက မင်းကို သွေးတံခါးတွေ ကျွေးနေတာပဲ၊ သူတို့က မင်းကို ဘာအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတာလဲ”
ကောင်းမင်သာ ရောက်မလာခဲ့လျှင် ထိုကောင်လေးအပေါ် ဖြစ်ပျက်လာမည့်အရာကို သူစိုးရိမ်မိသည်။
ကောင်းမင် မျက်မှောင်ကြုတ်သွား၏။ အန္တရာယ်ရှိနိုင်သည့် တစ်ခုတည်းသော အရာသည် မြူထဲမှ လက်ချောင်းများ ဖြစ်သည်။ ၎င်းတို့မှာ သရဲတစ်ကောင်တည်းမှ ဖြစ်ပုံရသည်။ ကောင်းမင်သည် ၎င်း မည်မျှ အစွမ်းထက်သည်ကို မသိပေ။ ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း အနည်းငယ်ကိုသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
“ရှင်းလုမြို့မှာ မူမမှန်မှုတွေ မရှိတာက သရဲတွေဟာ တံခါးတွေရဲ့ နောက်ကွယ်၊ လူတွေရဲ့ နှလုံးသားနဲ့ အိပ်မက်တွေထဲမှာ ပုန်းနေကြလို့ပဲ”
ကောင်းမင် အားဖန်ကို ဂရုတစိုက် ချီမလိုက်ပြီး သူ့ပါးစပ်ထဲမှ တိုလီမုတ်စအရာများကို ရှင်းထုတ်ပေးလိုက်သည်။ အားဖန်သည် ဤအရာများကို ကျင့်သားရနေခဲ့သည်။ သူသည် ညတိုင်းလိုလိုပင် အိပ်ပျော်နေရင်း လမ်းလျှောက်တတ်သူ ဖြစ်၏။ ထူးခြားချက်မှာ ယခုတစ်ကြိမ် သူနိုးလာသောအခါ ကောင်းမင်ကို မြင်လိုက်ရခြင်း ဖြစ်သည်။
သူ၏ ပါးစပ်အတွင်းပိုင်းသည် ပြင်းထန်စွာဒဏ်ရာရနေခြင်းဖြစ်သည်။ ကောင်လေးသည် အဘယ်ကြောင့် စကားမပြောချင်သည်ကို ကောင်းမင် နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ့ပါးစပ်ကို လှုပ်ရှားလိုက်တိုင်း သူအလွန်အမင်း နာကျင်ရသောကြောင့် ဖြစ်သည်။ ကောင်လေးသည် သူ့မိခင်အတွက် မည်မျှခက်ခဲသည်ကို သိနေသဖြင့် ဘယ်တော့မှ မညည်းတွားခဲ့ပေ။ သူသည် ပါးစပ်ကို မသုံးမိရန် အစွမ်းကုန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
“ရောဂါတွေနဲ့ နာကျင်မှုတွေမရှိတဲ့ နေရာတစ်ခုကိုသွားဖို့ သား စဉ်းစားဖူးလား”
ကောင်းမင် အားဖန်ကို ပွေ့ဖက်လိုက်သည်။ သူသည် အားဖန်၏ ချစ်စရာကောင်းသော မျက်နှာလေးကို မြင်နေရသော်လည်း သူ့စိတ်ထဲတွင်မူ တံခါးနောက်ရှိ အားဖန်၏ ကြီးမားရုပ်ဆိုးသော ခန္ဓာကိုယ်ကြီးကိုသာ မြင်ယောင်နေမိသည်။
အားဖန်က ခေါင်းကို ခပ်ပြင်းပြင်း ညိတ်ပြလိုက်သည်။ ထို့နောက် သူသည် သွေးစွန်းနေသော သူ့ပါးစပ်ကို ဟကာ ကြောက်ရွံ့နေသောလေသံဖြင့် မေးလိုက်သည်။
“မေမေကိုရော ခေါ်သွားလို့ရမလား”
“ရတာပေါ့”
ပထမတွင် ကောင်းမင်သည် အားဖန်အား ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ဆွဲခေါ်သွားရန် တွန့်ဆုတ်နေခဲ့သည်။ သို့သော်လည်း မသေဆေးကုမ္ပဏီက အားဖန်အပေါ် မည်သို့ဆက်ဆံခဲ့သည်ကို မြင်လိုက်ရသောအခါ သူ့စိတ်ကို ပြောင်းလဲလိုက်တော့သည်။ အားဖန်သည် ဟန်ဟိုင်းပရောဂျက်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သူသည် အားဖန်နှင့် ဖျားနာနေသော သူ့မိခင်ကို ခေါ်သွားမည်ဆိုပါက မသေဆေးကုမ္ပဏီသည် သူ့ကိုသာ အာရုံစိုက်လာတော့မည် ဖြစ်သည်။ ကောင်းမင်သည် အားဖန်အား မိမိမှလွဲ၍ တခြားသူနှင့်ထားခဲ့ရန် စိတ်မချနိုင်ပေ။
“လာပါ... သားကို သားမေမေဆီ ခေါ်သွားပေးမယ်”
ကောင်းမင်သည် အားဖန်ကို ပွေ့ချီ၍ မြေအောက်ငါးထပ်မြောက်မှ ထွက်လိုက်သည်။ ကောင်လေးသည် မျက်လုံးများကို ပြူးကျယ်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုနေ၏။ သူသည် အိပ်ပျော်နေစဉ် လမ်းလျှောက်နေရင်း ဓာတ်ခွဲခန်းထဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်သဖြင့် ဆေးရုံ၏ မြေအောက်ပိုင်းက မည်သို့မည်ပုံ ရှိသည်ကို သူဘယ်တုန်းကမှ မသိရခဲ့ပေ။ သူ နိုးလာတိုင်း ကုတင်ပေါ်တွင်သာ ရှိနေတတ်သည်။
သူ့မိခင်ဘေးတွင် ရှိနေချိန်တွင်တော့ ခင်မင်ဖော်ရွေသော ဦးဦး ဒေါ်ဒေါ်များစွာရှိနေပြီး သူ့ကို ပြုစုစောင့်ရှောက်ပေးနေသည်ဟု သူထင်မှတ်ခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ သူသည် ကြောက်ရွံ့မှုကိုသာ ခံစားနေရလေသည်။
အရာအားလုံး အတုအယောင်များ ဖြစ်သည်။ လူတိုင်း သူ့ကို လိမ်ညာနေခဲ့ကြခြင်း ဖြစ်သည်။