← Chapters

သူ့ရွေးချယ်မှု

Vol. 43 Ch. 638

သူ့ရွေးချယ်မှု

Vol. 43 Ch. 638

အားဖန်သည် နံရံပေါ်ရှိ သူ့နှင့်သက်ဆိုင်သည့် ဓာတ်ပုံများကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။ သူသည် သူ့ခေါင်းကို ကောင်းမင်၏ ရင်ခွင်ထဲတွင် ဝှက်ထားပြီး မျက်လုံးများကို တင်းတင်းပိတ်ထားလိုက်၏။

“မကြောက်ပါနဲ့”

ကောင်းမင်၏ နှလုံးခုန်သည် လွန်စွာ တည်ငြိမ်လှသည်။ နှလုံးခုန်သံများက တစ်စုံတစ်ခုသော စွမ်းအားကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။

“ငါတို့တွေဟာ တစ်ချိန်က ကံကြမ္မာရဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတွေ ဖြစ်ခဲ့ကြတာ၊ မင်းရဲ့ တောက်ပမှုနဲ့ ယှဉ်လိုက်ရင် ငါက ဘာမှမဟုတ်ခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူညီတော့ဘူး၊ ဒီစစ်တုရင်ခုံကို မှောက်လှန်ပစ်ဖို့ ငါအစွမ်းကုန် ကြိုးစားမှာပါ”

အားဖန်မှာ ကောင်းမင် ဘာအကြောင်းပြောနေမှန်း နားမလည်ရှာပေ။ သူသည် ဘာကိုမှ ရင်မဆိုင်ချင်တော့ဘဲ ဤနေရာမှ ထွက်ပြေးပြီး သူ့မိသားစုနှင့်အတူ ရှိနေချင်ရုံသာ ဆန္ဒရှိတော့သည်။

သူတို့ မြေအောက်ဓာတ်ခွဲခန်းမှ ထွက်လာချိန်တွင် ဆေးရုံဝန်ထမ်း တစ်ဝက်ခန့် ပျောက်သွားပြီဖြစ်သည်။ စိတ်ရှုပ်ထွေးနေကြသော လူနာအချို့သာ ဟိုဟိုဒီဒီ လျှောက်သွားနေကြသည်။

သူတို့သည် အားဖန်၏ မိခင်ရှိရာ အခန်းသို့ ပြန်ရောက်လာကြသည်။ သူနာပြုနှစ်ဦးက ထိုအမျိုးသမီး၏ လက်မောင်းထဲသို့ တစ်စုံတစ်ခု ထိုးသွင်းနေသည်ကို ကောင်းမင် မြင်လိုက်ရ၏။ ထို့အပြင် သူမ၏ ဦးခေါင်းတွင်လည်း တင်းကျပ်သော သတ္တုဦးထုပ်တစ်လုံး တပ်ဆင်ထားကြသည်။ အားဖန်သည် သူ့မိခင်ဖြစ်သူ နှိပ်စက်ခံနေရသည်ကို မြင်ရသောအခါ အမျက်ထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ သူသည် ကောင်းမင်လက်ထဲမှ ရုန်းထွက်၍ အခန်းထဲသို့ ပြေးဝင်သွားတော့သည်။ သူနာပြုများသည် သူပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ သူတို့သည် အရေးကြီးလူနာများကို ရွှေ့ပြောင်းရန် ရုတ်တရက် အမိန့်ရရှိထားကြခြင်း ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်၊ ကျန်တာ ငါ့ကို လွှဲပေးလိုက်ပါ၊ မင်းတို့ လှပတဲ့အိပ်မက်လေးတွေ မက်ပါစေလို့ ငါ ဆုတောင်းပေးလိုက်ပါတယ်”

သူနာပြုများ အိပ်မက်ဆိုးများထဲသို့ ကျဆင်းသွားကြသည်။ အားဖန်သည် မိခင်ဖြစ်သူ၏ ဦးခေါင်းမှ သတ္တုဦးထုပ်ကို ကယောင်ကတမ်းဖြင့် ခွာထုတ်လိုက်သည်။ သူသည် ငိုယိုနေပြီး သူ့ပါးစပ်ထဲမှ များစွာသော ဒဏ်ရာများလည်း ပေါ်ထွက်နေ၏။

ထိုအမျိုးသမီးမှာမူ သူမ၏သားလေး အကြီးအကျယ် နှိပ်စက်ခံထားရသည်ကို မြင်သော်လည်း ဘာမှ မတတ်နိုင်ရှာပေ။ သူမ၏ နှလုံးသားထဲရှိ အပြစ်ရှိစိတ်နှင့် နာကျင်မှုများကြောင့် ဝေဒနာ ခံစားနေရတော့သည်။ သူမ၏ မှုံဝါးနေသော အကြည့်များက ကောင်းမင်ထံသို့ ရောက်လာသည်။

“ကျွန်မကို သတ်ပေးပါ၊ ကျေးဇူးပြုပြီး သတ်ပေးပါ...”

သူမက ယင်းကိုသာ ထပ်ခါတလဲလဲ တောင်းဆိုနေပြန်သည်။

အခန်းအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။ အားဖန်သည် သူ့မိခင်၏ လက်ကို ဆုပ်ကိုင်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေ၏။ ရွေးချယ်ရမည့် အချိန်ရောက်ပြီ ဖြစ်သည်။

“လုံးဝ အကြွင်းမဲ့လုံခြုံတဲ့ နေရာတစ်ခုကို ငါသိတယ်၊ နောင်ကျရင် မင်းတို့ကို ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးကတော့... မင်းတို့ဟာ ငါ့ကံကြမ္မာနဲ့ ထာဝရ ချည်နှောင်ခံရလိမ့်မယ်”

ကောင်းမင်၏ တက်တူးထိုးထားသော လက်မောင်းသည် သော့တစ်ချောင်းနှင့် တူ၏။ သူက လက်ကို သူ့နှလုံးသားပေါ်တွင် တင်လိုက်ရာ ညှင်းပန်းနှိပ်စက်ခန်းတံခါးသည် ဖြည်းညင်းစွာ ပွင့်လာတော့သည်။ သားစားကြူးနတ်ဘုရား၏ လက်မှာ ဆာလောင်မွတ်သိပ်စွာဖြင့် အားဖန်အား လှမ်းဖမ်းရန် ကြိုးစားလိုက်သည်။

“သူ့ကိုပဲ ရွေးချယ်ခွင့် ပေးလိုက်ပါ”

ကောင်းမင်သည် အားဖန်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးချင်သောကြောင့် သားစားကြူးနတ်ဘုရားကို တားဆီးလိုက်သည်။

အားဖန်သည် သူအိပ်ပျော်နေစဉ်အတွင်း သွေးတံခါးများစွာကို ဖွင့်ခဲ့ပြီး ထူးဆန်းသောအရာများစွာကို စားခဲ့ဖူးသည်။ ဤသည်မှာ သူနိုးနေစဉ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုံးဖြတ်ချက် ချရခြင်း ဖြစ်သည်။ အားဖန်သည် သူ့မိခင်၏ လက်ကို ဆုပ်ကိုင်ထားပြီး သူ၏ ခေါင်းသေးသေးလေးကို မော့ကာ ကောင်းမင်ကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ကောင်းမင်သည် အမြဲတမ်း အိပ်ပျော်နေတတ်သူ ဖြစ်သည်။ အခြားလူနာများက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်သည်ဆိုကာ မောင်းထုတ်ပါက သူသည် ကောင်းမင်၏အခန်းထဲတွင် မကြာခဏ လာပုန်းတတ်သည်။သူသည် ကောင်းမင်နှင့် တစ်ခါမှ စကားမပြောဖူးသော်လည်း ကောင်းမင်ကို သိနေသည်မှာ ကြာပြီဟု ခံစားရသည်။

“သား မေမေနဲ့ အတူနေလို့ရမလား”

“ရတာပေါ့”

ငယ်ရွယ်သော မျက်နှာလေးက သူ့မိခင်ကို ကြည့်လိုက်သည်။ အားဖန်သည် သူ့မိခင်၏ လက်ကို အုပ်ကိုင်လိုက်ပြီး ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ပျောက်ကွယ်သွားတော့သည်။ ထိုသို့ ဖြစ်ပျက်သွားချိန်တွင် ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးမြို့တော်တက်တူးက လင်းလက်လာလေသည်။ ယခင်က တက်တူးသည် ယုံကြည်ခြင်းစွမ်းအားကြောင့် သက်ဝင်လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။ ယခုမူ အားဖန်က သူနှင့်အတူ ရှိနေပြီဖြစ်သောကြောင့် သေဆုံးနေသောမြို့တော်ကြီးသည် သွေးမီးလျှံများဖြင့် နောက်တစ်ကြိမ် ပြန်လည်တောက်ပလာခဲ့ပြီ ဖြစ်သည်။

သွေးမြို့တော်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက် အပြောင်းအလဲသစ်တစ်ခုကို ကြိုဆိုခဲ့ရသည်။ မသေဆေးကုမ္ပဏီသည် သွေးမြို့တော်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်အတွက် အားဖန်ကို ကြိုးကိုင်ခဲ့ခြင်း ဖြစ်သည်။ ကောင်းမင်၏ နည်းလမ်းမှာ ကွာခြားသည်။ သူသည် မြို့တော်နှင့် တဖြည်းဖြည်းပေါင်းစပ်ကာ သွေးမြို့တော်အသစ်တစ်ခု ဖြစ်လာခြင်းပင်။

သားအမိနှစ်ဦး အခန်းထဲမှ ပျောက်ကွယ်သွားပြီးနောက် ဆေးရုံရှိ အချက်ပေးဥသြသံများ အားလုံး မြည်ဟီးလာတော့သည်။ ရှင်းလုမြို့ရှိ အဆောက်အအုံများစွာမှာလည်း ပြောင်းလဲသွားကြသည်။

“အားဖန်ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုထည့်ထားပုံပဲ၊ အဲဒါ ဖျက်ဆီးခံရရင် ဒါမှမဟုတ် ဆေးရုံအပြင်ဘက် ရောက်သွားရင် မသေဆေးကုမ္ပဏီက ချက်ချင်းသိသွားလိမ့်မယ်”

မသေဆေးကုမ္ပဏီအတွက် အားဖန်သည် ကောင်းမင်ထက်ပင် ပိုအရေးကြီးလှသည်။

“ငါကတော့ လမ်းဘေးက မြက်ပင်တစ်ပင်လိုပါပဲ၊ ရွှမ်ဝမ်ကလွဲလို့ ဘယ်သူမှ ငါ့ကို ဂရုမစိုက်ကြဘူး”

နောက်ဆုံးမိနစ်ကျမှ အပိုဆောင်း ထည့်သွင်းခံရသည့် ယာယီကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကောင်းမင်သည် ဝမ်းနည်းစရာကောင်းသော မတော်တဆမှုတစ်ခုသာ ဖြစ်ခဲ့သည်။

“ထန်လင်းကို ရှာရမယ့် အချိန်ရောက်ပြီ၊ နံပါတ် ၂ က သူ့နှလုံးသားထဲမှာ ပိတ်မိနေလိမ့်မယ်လို့ မျှော်လင့်ရတာပဲ”

ကောင်းမင်သည် ရှရန်၏ မှတ်ဉာဏ်များနှင့် အမျိုးသမီးဝန်ထမ်း၏ မြေပုံကို ပေါင်းစပ်လိုက်သည်။ သူသည် ဆေးရုံမှ ထွက်ခွာလိုက်ပြီး အမှောင်ရိပ်များထဲသို့ ပျောက်ကွယ်သွားတော့သည်။

…

ရွှမ်ဝမ်သည် မှတ်ဉာဏ်ချစ်ပ်များ ပြည့်နေသော အံဆွဲကို ကြည့်လိုက်သည်။ သူမသည် နောက်ဆုံး အိပ်မက်စက်ကို ဖြည်းညင်းစွာ ကောက်ယူလိုက်သည်။ သူမ ၎င်းကို ဝတ်ဆင်ရန် ပြင်လိုက်စဉ် အချက်ပေးသံ ထွက်ပေါ်လာသည်။ သူမ၏လက်ပတ်မှ ကုဒ်များအရ အားဖန်ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။

“သူ မှတ်ဉာဏ်တွေ ပြန်ရလာရင် ဒါမျိုးဖြစ်လာမယ်ဆိုတာ ငါသိနေခဲ့တယ်”

ရွှမ်ဝမ်သည် ချစ်ပ်များကို ဦးထုပ်ထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်သည်။ သာမန်လူတစ်ယောက်သည် ချစ်ပ်တစ်ခုသာ သုံးသင့်ပေသည်။ မတူညီသော ချစ်ပ်များသည် မတူညီသော လူများနှင့် သက်ဆိုင်နေသည်။ မှတ်ဉာဏ်ချစ်ပ်များ များပြားလွန်းခြင်းက ကိုယ်ကျင့်စရိုက်ကွဲပြားခြင်းကို ဖြစ်စေနိုင်သည်။ စက်သည် အနီရောင်အဆင့် သတိပေးချက်ကို ပြနေသော်လည်း ရွှမ်ဝမ်က မရပ်တန့်ခဲ့ပေ။ သူမသည် နောက်ဆုံးချစ်ပ်အထိ အကုန်ထည့်ပြီးမှသာ ရပ်လိုက်တော့သည်။

“သူက ဒီလောက်များပြားတဲ့ သေခြင်းတရား မှတ်ဉာဏ်တွေကြားမှာ ဘယ်လိုများ ရှင်သန်ခဲ့တာလဲ”

ခလုတ်ကို ဖွင့်လိုက်သည်နှင့် လျှပ်စစ်မီးပွားများ ထွက်ပေါ်လာလေသည်။ စွန့်ပစ်ထားသော ခွဲစိတ်ခန်းရှိ ကိရိယာအားလုံး လောင်ကျွမ်းသွားတော့သည်။ မီးများ တဟုန်းဟုန်းတောက်လောင်လာ၏။ မီးတောက်များကြားတွင် ရွှမ်ဝမ်သည် သူမကိုယ်သူမ နာကျင်စွာ ပွေ့ဖက်ထားမိသည်။ သူမသည် နောက်ဆုံးအချိန်အထိ ခုခံနေပြီးနောက် နာကျင်ဖွယ် အော်ဟစ်သံတစ်ခုကို လွှတ်ထုတ်လိုက်တော့သည်။

သူမ၏ ပြီးပြည့်စုံသော မျက်နှာလေးသည် မီး‌တောက်များကြားတွင် ရှုံ့မဲ့နေလေသည်။ သူမသည် အိပ်မက်စက်ကို ချွတ်ပစ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း သူမ၏ ကျန်ရှိနေသော ကျိုးကြောင်းဆင်ခြင်စိတ်က သူမကို တားဆီးထားခဲ့သည်။

ထိုဖြစ်စဉ်သည် အချိန်အတော်ကြာမြင့်ခဲ့သည်။ ဆေးရုံတစ်ခုလုံးမှာလည်း ဖရိုဖရဲဖြစ်ရပ်များထဲ ကျရောက်နေခဲ့သည်။ ရွှမ်ဝမ်သည် နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ၏ ဦးနှောက်ထဲတွင် များစွာသော အသံများနှင့် များစွာသော လူမျက်နှာများဖြင့် ပြည့်နှက်နေလေသည်။ သူမသည် သူမခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။ သူမ လဲကျသွားပြီး တွားသွားလိုက်သည်။ အလွန်တိုတောင်းသော အကွာအဝေးကို ရောက်ရန်ပင် အချိန်အတော်ယူလိုက်ရ၏။

“ဒီသေဆုံးမှတ်ဉာဏ်တွေကို ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး၊ ဒါတွေဟာ ငါတို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေ ဖြစ်လာလိမ့်မယ်”

ရွှမ်ဝမ်သည် ပျက်စီးသွားသော ချစ်ပ်များကို ဖျက်ဆီးပစ်လိုက်သည်။ သူမသည် ဘာတစ်ခုမှ ချန်မထားခဲ့ပေ။ သူမ အလုပ်ပြီးသွားချိန်တွင် သူမဦးနှောက်ထဲမှ မှတ်ဉာဏ်များကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေချေပြီ။

သူမသည် နံရံကို ကိုင်၍ ဓာတ်လှေကားဆီသို့ တရွေ့ရွေ့ သွားလိုက်သည်။ ဓာတ်လှေကားထဲ ရောက်သောအခါ သူမပြိုလဲကျသွားတော့သည်။

“ဟေး”

ထိုဓာတ်လှေကားထဲမှာပင် ရှိနေသော လျိုယီသည် နံပါတ်နှိပ်သည့် ခလုတ်ခုံကို ကြည့်နေရင်း ထိတ်လန့်သွားသည်။ သူမသည် ကောင်းမင်ကို ရှာဖွေနေခြင်း ဖြစ်သည်။ ရုတ်တရက် ဓာတ်လှေကားသည် နံပါတ်ခလုတ်ခုံတွင် မပါရှိသော အထပ်တစ်ခု၌ ရပ်သွားခဲ့ခြင်း ဖြစ်သည်။

သူမ မတုန့်ပြန်နိုင်မီ လှပသော အမျိုးသမီးတစ်ဦးက သူမရှေ့တွင် လဲကျလာခဲ့သည်။

သူမသည် ထိုအမျိုးသမီးကို ကူညီရန် အမြန်ပြေးသွားလိုက်သည်။ သူမမျက်နှာကို မြင်လိုက်ရသောအခါ လျိုယီမှတ်မိသွားသည်။

“ရှင်က ကောင်းမင်ရဲ့ အဓိကဆရာဝန်ပဲ၊ ရှင့်နာမည်က ရွှမ်ဝမ် မဟုတ်လား”

ရွှမ်ဝမ်၏ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများ ရှိနေပြီး သူမ၏မျက်လုံးနှင့် နားများမှ သွေးများ စိမ့်ထွက်နေလေသည်။ ရွှမ်ဝမ်၏ ဆိုးရွားလှသော အခြေအနေကို မြင်ပြီး လျိုယီ ထိတ်လန့်သွားသည်။

“ဘာဖြစ်တာလဲ၊ ရှင့်ကို ဆရာဝန် ခေါ်ပေးရမလား”

ဒါပေမယ့်လည်း... ကောင်းမင်က ရွှမ်ဝမ်အတွက် ဆေးရုံကို လာခဲ့တာဆိုရင် အခု ရွှမ်ဝမ်က ဒီလိုဖြစ်နေတာဆိုတော့... သူတို့ရဲ့ ဆက်ဆံရေးက ဆရာဝန်နဲ့ လူနာဆိုတာထက် ပိုပြီးရှုပ်ထွေးနေတာပဲ မဟုတ်လား။

All Chapters