အလောင်း
Vol. 43 Ch. 640
လူခေါ်ဘဲလ်သံက တစ်စုံတစ်ယောက်၏ ငိုယိုအကူအညီတောင်းနေသကဲ့သို့ အဆုံးမရှိမြည်ဟီးနေသည်။ အကြောင်းထူးမလာသည့်အဆုံး ထိုအမျိုးသမီးက တံခါးကို ထပ်မံထုရိုက်တော့သည်။ သူမ၏ အော်ဟစ်သံသည် အဆောက်အဦးတစ်ခုလုံး ပဲ့တင်ထပ်နေသော်လည်း မည်သူမျှ သူမကို ပြန်မထူးကြပေ။
သူမအသံက ပို၍ပင် စူးရှလာသည်။အသံသည် ဖန်ကွဲစများကို မျိုချထားသည့်အလား ဖြစ်နေသည်။ သူမ၏လည်ချောင်းမှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေပုံရ၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ကုတ်ခြစ်ရာများ ပေါ်လာလေသည်။ ထန်ဟန်လုသည် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ထားမိ၏။ အပေါ်ထပ်တွင် စိတ်မနှံ့သော အမျိုးသမီးတစ်ဦး နေထိုင်ကြောင်း သူမမိခင်က ပြောပြဖူးသည်။ သူမသည် ထိုအမျိုးသမီးနှင့် တစ်ခါမှ မဆုံဖူးသော်လည်း ခေါင်မိုးပေါ်တွင် သူမ စိုက်ပျိုးထားသော ပန်းများကိုတော့ မြင်ဖူးသည်။ သူမ၏ပန်းများသည် အမြဲတမ်း ဝေဝေဆာဆာ ပွင့်လန်းနေတတ်၏... သူမ၏ ကလေး ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် အချိန်ကတည်းလိုပင်။
ဒုန်း ဒုန်း ဒုန်း။
ထိုအမျိုးသမီးက တံခါးကို တွန်းလှုပ်နေလေသည်။ သူမ တံခါးလက်ကိုင်ကို ဆွဲလိုက်သောအခါ တံခါးက တုန်ခါသွား၏။ ထန်ဟန်လုသည် အပြင်ဘက်က မြင်ကွင်းကို မတွေးဝံ့သော်လည်း ပုံရိပ်အမျိုးမျိုးက သူမစိတ်ထဲသို့ တိုးဝင်လာတော့သည်။ ဆံပင်ဖရိုဖရဲနှင့် အရူးမတစ်ယောက်သည် သေဆုံးသွားသော သူမကလေး၏အင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ၏ ခြေလက်များက ရှည်လျားပိန်လှီနေပြီး သူမ၏ မျက်လုံးကြီးကို တံခါးချောင်းကြည့်ပေါက်ထဲသို့ အတင်းထိုးထည့်ထားကာ လက်သည်းရှည်များဖြင့် တံခါးကြားကို ကုတ်ခြစ်နေပေလိမ့်မည်။
အကြောက်တရားသည် ဝဲဂယက်တစ်ခုကဲ့သို့ပင်။ တစ်ခါထွက်ပေါ်လာပြီးပါက လွှတ်ပေးရန် ငြင်းဆန်တတ်သည်။ ထန်ဟန်လု၏အရေပြားပေါ်တွင် ကြက်သီးမွေးညှင်းများ ထလာ၏။ မီးသီးအားလုံး ဖွင့်ထားသော်လည်း သူမလုံခြုံသည်ဟု မခံစားရပေ။
“ကျွန်မကလေး ပျောက်သွားလို့ပါ၊ သူ ဒီအထပ်မှာတင် ပျောက်သွားတာပါ၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါရှင်၊ သူဘယ်ရောက်သွားလဲဆိုတာ သိရအောင် ကင်မရာကို ကြည့်ချင်ရုံပါ”
“ကျွန်မသမီးလေးက ငယ်ငယ် သေးသေးလေးပါ၊ မဟုတ်ဘူး... သူက ပိုပြီး အရပ်ရှည်လာသင့်တာ၊ သူ့ဗိုက်သားတွေ ချိုင့်ဝင်သွားပြီးတဲ့နောက် သူ အရပ်ပိုရှည်လာတယ်လို့ ကျွန်မမှတ်မိပါတယ်”
အခန်းသည် လေးလံထိုင်းမှိုင်းလာတော့သည်။ ထန်ဟန်လုသည် အသက်ကို ပြင်းပြင်းပင် မရှူဝံ့ပေ။ သူမဦးနှောက်ထဲတွင် ကောလာဟလများနှင့် ပုံရိပ်အမျိုးမျိုးတို့ ပြည့်နှက်နေ၏။
“သော့… ငါ့သော့ကို ဘယ်မှာ ကျန်ခဲ့တာလဲ၊ တစ်ယောက်ယောက်များ ကောက်ယူသွားတာလား”
လက်သည်းများက သော့ပေါက်ကို ကုတ်ခြစ်နေသဖြင့် တစ်ချောက်ချောက်မြည်သံများ ထွက်ပေါ်လာသည်။ ထိုအမျိုးသမီးသည် တံခါးဖွင့်ရန် နည်းလမ်းမျိုးစုံ ကြိုးစားနေသော်လည်း မအောင်မြင်ပေ။ သူမသည် စိတ်ပျက်အားငယ်စွာ ရယ်မောလိုက်သည်။ ထိုရယ်သံသည် သူမ၏ ဒဏ်ရာရနေသော လည်ချောင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဝမ်းနည်းမှုနှင့် ကျိန်စာများ စိုစွတ်နေသည်။
နောက်ဆုံးတွင် အရာအားလုံး ပြန်လည် တိတ်ဆိတ်သွား၏။ ထန်ဟန်လုသည် တံခါးဆီသို့ တရွေ့ရွေ့ တိုးသွားလိုက်သည်။ သူမလက်က တံခါးလက်ကိုင်ကို ထိလိုက်မိစဉ် လျှပ်စစ်နှင့်အတို့ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လက်ကို ပြန်ရုတ်လိုက်သည်။
“မေမေက အခုထိ အိမ်ပြန်မလာသေးဘူး၊ အခု သူဓာတ်လှေကားထဲက ထွက်လာရင် ဟိုအမျိုးသမီးနဲ့ တည့်တည့်တိုးမှာပဲ၊ အဲဒီမိန်းမက တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်ရမယ်၊ အချိန်မရွေး ပြေးထွက်လာနိုင်တယ်”
ထန်ဟန်လု စိုးရိမ်လာ၏။ သူမ ဖုန်းကို ရှာလိုက်ပြီး မိခင်ဖြစ်သူထံ ဖုန်းခေါ်လိုက်၏။ သူမတွင် ပြောပြချင်သည့် အရာများစွာ ရှိနေသည်။
ခဏအကြာတွင် ဖုန်းမြည်သံက မိခင်ဖြစ်သူ၏ အိပ်ခန်းထဲမှ ထွက်ပေါ်လာလေသည်!။
ထန်ဟန်လု တုန်တက်သွားသည်။ သူမအိမ်နီးချင်းက အိမ်ထဲက အသံကို ကြားသွားမည်ကို သူမ ကြောက်ရွံ့သွားသည်။ သူမ၏ လက်ချောင်းက ဖုန်းချမည့် ခလုတ်ပေါ်တွင် တန့်နေ၏။ သူမ စိတ်ရှုပ်ထွေးသွား၏။ မေမေ့ဖုန်းက ဘာလို့ အိပ်ခန်းထဲမှာ မြည်နေတာလဲ၊ ဖုန်းယူသွားဖို့ မေ့နေခဲ့တာလား။
ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ယံက အမှောင်အတိ ကျသွားပြီဖြစ်သည်။ ထန်ဟန်လုက လက်ချောင်းများကို တင်းတင်းဆုပ်သည်။ အရင်ကဆိုလျှင် အချိန်ပိုဆင်းရမည်ဆိုပါက သူမ၏ မိခင်သည် သူမကို အမြဲအကြောင်းကြားတတ်သည်။ ဒီနေ့ မေမေ အချိန်ပို ဆင်းနေတာလား၊ ဒါမှမဟုတ် အိပ်ခန်းထဲမှာ ရှိနေတာလား၊ သူ အိမ်စောစော ပြန်လာခဲ့တာလား။
ထန်ဟန်လု ဖုန်းမချခဲ့ပေ။ ထိုဖုန်းမြည်သံသည် မိခင်ဖြစ်သူနှင့် ဆက်သွယ်ထားသည့် တစ်ခုတည်းသော ကြိုးမျှင်ကဲ့သို့ပင်။ ထန်ဟန်လုသည် ပင်မအိပ်ခန်းတံခါးဆီသို့ တဖြည်းဖြည်း တိုးသွားသည်။ သူမသည် နီညိုရောင် တံခါးကို ဂရုတစိုက် ဖွင့်လိုက်သည်။ ဖုန်းကို ကိုင်ထားရင်း ဖုန်းမြည်သံ ထွက်ပေါ်လာရာ နေရာဆီသို့ ရှာဖွေလိုက်သည်။ သူမ ကုတင်ကို လှမ်းကြည့်လိုက်ရာ... ကုတင်ခင်းက လှုပ်ရှားနေလေသည်။
သူမ၏ ခြေထောက်များက ရေခဲပေါ်တွင် နင်းနေရသကဲ့သို့ အေးစက်သွား၏။ တစ်စုံတစ်ယောက်က သူမ၏ခြေဖဝါးများကို စိုက်ကြည့်နေသလို ထန်ဟန်လု ခံစားလိုက်ရသည်။ ထိုဆိုးယုတ်သော အကြည့်သည် ကုတင်အောက်မှ လာနေခြင်းဖြစ်သည်။ ကျောင်းဆင်းချိန်က သူမတွေ့ခဲ့သော လူကြီးမှာ ထွက်သွားရန်ငြင်းဆန်နေသည့် အိပ်မက်ဆိုးတစ်ခုပင်။ ထန်ဟန်လု၏ နှုတ်ခမ်းများ ဖြူဖျော့သွားသည်။ အဲ့ဒီလူကြီးက သူမအခန်းထဲကို ဝင်လာခဲ့တာလား။ မေမေက... ကုတင်အောက်မှာလား။
သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးမှာ တုန်ယင်နေသည်။ သူမ တွန့်ဆုတ်မနေဘဲ ဖုန်းကို ချလိုက်တော့သည်။ အိပ်ခန်းတံခါးကို ပိတ်ပြီး ရဲစခန်းသို့ အမြန်ဖုန်းဆက်လိုက်သည်။ ထန်ဟန်လုသည် သူမ၏အိမ်အပြင်ဘက်က စိတ်မနှံ့သော အမျိုးသမီးအကြောင်းနှင့် သူမမိခင်ဖြစ်သူ၏ ကုတင်အောက်တွင် ပုန်းနေသော လူကြီးအကြောင်းကိုပါ တုန်တုန်ရင်ရင်ဖြင့် ရှင်းပြလိုက်သည်။ ဖုန်းကျသွား၏။ အခန်းသည် သေဆုံးနေသကဲ့သို့ တိတ်ဆိတ်နေ၏။ ထန်ဟန်လုသည် သူမအိပ်ခန်းထဲမှ အပြင် မထွက်ရဲတော့ပေ။ သူမ၏လွယ်အိတ်ကိုသာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားမိသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် အိမ်ရှေ့တံခါးကို တစ်စုံတစ်ယောက်က လာခေါက်သည်။
“ဟယ်လို၊ ကျွန်တော်တို့ လီဝမ်ရဲစခန်းက ရဲတွေပါ”
“အထဲမှာ ဘယ်သူရှိလဲ၊ ရဲတွေပါ”
ထန်ဟန်လု စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။ ထိုအသံသည် ယုံကြည်အားကိုးထိုက်ပြီး နွေးထွေးလှသည်။ သူမ လွယ်အိတ်ကို ဆွဲကာ အိပ်ခန်းတံခါးကို အနည်းငယ် ဟလိုက်၏။ ပင်မအိပ်ခန်းတံခါး ပွင့်မနေကြောင်း အတည်ပြုပြီးနောက် သူမသည် ဧည့်ခန်းကို ဖြတ်၍ အိမ်ရှေ့တံခါးဆီသို့ အပြေးအလွှား သွားလိုက်သည်။ ဘေးကင်းစေရန်အတွက် ထန်ဟန်လုသည် တံခါးမှန်ပြောင်းထဲမှ ချောင်းကြည့်လိုက်သည်။ တွန့်ကြေနေသော ယူနီဖောင်းနှင့် လူငယ်ရဲအရာရှိတစ်ဦးက အပြင်ဘက်တွင် ရပ်နေလေသည်။ ထိုအရာရှိသည် အလွန်အရပ်ရှည်ပြီး တံခါးချောင်းကြည့်ပေါက်နှင့် ကပ်၍ ရပ်နေသဖြင့် သူမသည် သူ့လည်ပင်းအောက်ပိုင်းကိုသာ မြင်ရသည်။
“အထဲမှာ ဘယ်သူရှိလဲ၊ ဖုန်းဆက်တိုင်ကြားလို့ ရောက်လာတာပါ၊ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ”
တံခါးခေါက်သံက ပို၍ ကျယ်လောင်လာသည်။ ထန်ဟန်လုသည် အတွင်းဘက် လုံခြုံရေးတံခါးကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် ခိုင်ခံ့သော တံခါးတစ်ချပ် ကျန်သေးသည်။
ရဲအရာရှိက ပြုံးလိုက်သည်။
“လူတစ်ယောက်က သူ့သမီးလေး ပျောက်သွားလို့ဆိုပြီး တိုင်ထားလို့ပါ၊ အားလုံးရဲ့ ကင်မရာမှတ်တမ်းတွေကို စစ်ဆေးချင်ပါတယ်၊ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်”
“ကလေးပျောက်တာ၊ ကင်မရာစစ်ဖို့လား”
ထန်ဟန်လု၏ လက်များ အေးခဲသွားသည်။ ဤရဲအရာရှိသည် သူမ၏ ဖုန်းခေါ်ဆိုမှုကြောင့် ရောက်လာခြင်း မဟုတ်ပေ။
ကလေးပျောက်နေတယ်။ ပြန်ရောက်လာတဲ့ ပြန်ပေးဆွဲသမားလည်း ဖြစ်နိုင်တယ်။
မဟုတ်ဘူး။
ရဲအရာရှိ၏ ဝတ်စုံက နွမ်းကြေနေသည်ကို ထန်ဟန်လု သတိထားမိလိုက်သည်။သူသည် သူ့မျက်နှာကို မမြင်ရစေရန် တံခါးချောင်းကြည့်ပေါက်နှင့် ရည်ရွယ်ချက်ရှိရှိ ကပ်နေခြင်း ဖြစ်သည်။ ထန်ဟန်လုသည် အသံမထွက်စေဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွား၏။ တစ်ချိန်တည်းမှာပင် လူငယ်ရဲအရာရှိက တံခါးလက်ကိုင်ကို ဆွဲကိုင်၍ လှုပ်ယမ်းလိုက်တော့သည်။
အပြင်တံခါးက ဆွဲဖွင့်ခံလိုက်ရသည်။ ထန်ဟန်လုက အတွင်းတံခါးကို အမြန်ဆောင့်ပိတ်လိုက်၏။ ကြောက်လန့်တကြားဖြင့် သူမ တံခါးလက်ကိုင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။ ထိုစဉ် အခြားတစ်ဖက်မှ အားနည်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
“နေပါဦး၊ တံခါးက သော့မခတ်ထားဘူးလား”
ထန်ဟန်လုသည် တုပ်တုပ်မလှုပ်ရဲပေ။ တစ်မိနစ်ခန့်ကြာပြီးနောက် အပြင်ဘက်တွင် ပြန်လည် တိတ်ဆိတ်သွား၏။ သူမ ခြေဖျားထောက်၍ တံခါးမှန်ပြောင်းထဲမှ ထပ်မံချောင်းကြည့်လိုက်သည်။ ထန်ဟန်လုသည် ဂရုတစိုက်ဖြင့် အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ ရဲအရာရှိမှာ ထွက်ခွာသွားပုံရသည်။
သူမ၏ စိတ်မအေးရသေးခင် နီရဲနေသော မျက်လုံးကြီးတစ်ခုက တံခါးချောင်းကြည့်ပေါက်တစ်ခုလုံးကို နေရာယူလိုက်သည်။ ပြူးထွက်နေသော ထိုမျက်လုံးက တဖျတ်ဖျတ်ခတ်နေ၏။ ထိုမျက်လုံး၏ ပိုင်ရှင်သည် တံခါးအပြင်ဘက်တွင် ရပ်နေဆဲဖြစ်သည်။
အိမ်ရှေ့တံခါးနှစ်ချပ်ထဲမှ တစ်ချပ်က သော့ပွင့်နေပြီဖြစ်သည်။သူမသည် သော့ကို ရှာမတွေ့သေးပေ။
“သော့... သော့က ဘယ်မှာလဲ”
သူမသည် အလွန်အမင်း ကြောက်လန့်သွားသဖြင့် ဘာကိုမှ မတွေးတောနိုင်တော့ပေ။ ထိုအချိန်၌ ပင်မအိပ်ခန်းထဲမှ ဖုန်းမြည်သံ ထွက်ပေါ်လာပြန်သည်။ တစ်စုံတစ်ယောက်က သူမ၏ မိခင်ထံ ဖုန်းခေါ်နေခြင်း ဖြစ်သည်။
“ဘယ်သူခေါ်တာလဲ၊ မေမေ့ကုမ္ပဏီကလူလား၊ မေမေ အလုပ်မလာလို့ ဖုန်းဆက်တာလား၊ သူ အလုပ်မှာ မရှိဘူးဆိုရင် ဘယ်မှာလဲ၊ ကုတင်အောက်မှာလား၊ ဘာဖြစ်လို့လဲ၊ သူဘာလို့ အသံမထွက်နိုင်တာလဲ၊ အပြင်ကိုရော ဘာလို့ ထွက်မလာတာလဲ၊ အဲဒါက...”
ထိုအတွေးများအားလုံး ပေါင်းစည်းသွားပြီး စကားလုံးတစ်လုံး ထွက်ပေါ်လာတော့သည် - 'အလောင်း'။