မရှောင်လွှဲနိုင်သော
Vol. 43 Ch. 641
ဒါဆိုရင် ငါ့အမေက အမြဲတမ်း အိမ်မှာရှိနေခဲ့တာပေါ့။ သူ့အလောင်းက ကုတင်အောက်မှာ ရှိနေခဲ့တာ။ တံခါးပွင့်သွားချိန်မှာရော၊ ငါစားပွဲမှာထိုင်ပြီး အိမ်စာလုပ်နေချိန်မှာရော သူ့အလောင်းက ငါ့ကို စိုက်ကြည့်နေခဲ့တာပဲ။
မဟုတ်သေးဘူး... အဲဒီတုန်းက သူအသက်ရှင်နေသေးတာလည်း ဖြစ်နိုင်တယ်။ သူက ငါ့ကို အကူအညီတောင်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့တာ။ ဒါမှမဟုတ် သူ အရမ်းနာကျင်နေပေမဲ့ ဘာအသံမှ မထွက်ရဲခဲ့တာလည်း ဖြစ်နိုင်တယ်။ လူသတ်သမားက သူ့ဘေးမှာရှိနေပြီး သူ့လည်ပင်းကို ဓားနဲ့ထောက်ထားတာမျိုးပေါ့။ သူ့ကို နှိပ်စက်ရင်းနဲ့ သူတို့က ခြိမ်းခြောက်ထားတာ 'မင်းအသံထွက်ရဲရင် မင်းသမီးကို သတ်ပစ်မယ်' ဆိုပြီးတော့လေ။
ထန်ဟန်လု၏ ဦးနှောက်က ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေခဲ့သည်။ အဆုံးမရှိသော ကြောက်မက်အတွေးများက သူမစိတ်ထဲသို့ တိုးဝင်လာလျက် ရှိနေ၏။
“ဒါပေမဲ့ လူသတ်သမားက ကုတင်အောက်မှာ ရှိနေတာဆိုရင် အပြင်ဘက်က ရဲတွေက ဘာလဲ”
ထန်ဟန်လုသည် သူမ၏လက်ချောင်းများ နာကျင်ပြီး နီရဲလာသည်အထိ ဖုန်းကို တင်းတင်းဆုပ်ထားမိသည်။ သူမသည် ယုတ္တိရှိသောအတွေးအချို့ကို ပြန်လည် စုစည်းလိုက်သည်။
“လူဆိုးက အပြင်မှာရှိနေပြီး ရဲအရာရှိအဖြစ် ဟန်ဆောင်နေတာ၊ သူက ငါအိမ်ပြန်လာတုန်းက တွေ့ခဲ့တဲ့လူကြီးလား၊ အိမ်ထဲမှာ လူသတ်သမား နောက်တစ်ယောက် ထပ်ရှိမနေနိုင်ဘူး၊ မေမေ့ကို ကုတင်အောက်မှာ ပုန်းခိုင်းထားဖို့လည်း သူ့မှာ အကြောင်းပြချက် မရှိဘူး”
ထန်ဟန်လုသည် ပင်မအိပ်ခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ အတွေးနှစ်ခုက တိုက်ခိုက်နေ၏။ လူသတ်သမားက တံခါးအပြင်ဘက်တွင် ရှိနေသင့်သည်ဟု သူမခံစားရသော်လည်း၊ လူသတ်သမားသည် မိန်းကလေးငယ်လေးများကို တမင်လိုက်လံ နှောင့်ယှက်တတ်သည့် တဏှာရူးတစ်ယောက် ဖြစ်နေပြီး သူမအိမ်ပြန်လာချိန်ကို ကုတင်အောက်တွင် ပုန်း၍စောင့်နေခြင်း ဖြစ်နိုင်သည်ဟုလည်း စိုးရိမ်နေမိသည်။
“ငါ အိမ်စာလုပ်နေတုန်းက ငါ့နောက်ကျောဘက်က ဟာလာဟင်းလင်းကြီးပဲ၊ လူသတ်သမားသာ အိမ်ထဲမှာရှိနေရင် သူငါ့ကို လုပ်ကြံဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာပဲ... ဒါကြောင့် ငါ့အိမ်က လုံခြုံမှာပါ”
ထန်ဟန်လုသည် သူမကိုယ်သူမ အားပေးလိုက်သည်။ သူမသည် ကြမ်းတိုက်တုတ်ကို ကောက်ကိုင်လိုက်သည်။ သူမ၏ ဖိနပ်သံ အသံကျယ်သွားမည် စိုး၍ အိပ်ခန်းတံခါးဆီသို့ ခြေဗလာဖြင့် လျှောက်သွားလိုက်သည်။ ထန်ဟန်လုက တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ သူမ ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။ တံခါးပွင့်သွားသည်နှင့် ကုတင်အောက်ကို ငုံ့ကြည့်လိုက်သည်။ သူမနှလုံးသားမှာ တဒုန်းဒုန်း ခုန်ပေါက်နေလေသည်။ ကုတင်အောက်ရှိ နေရာလွတ်ကား မှောင်မည်းနေလေ၏။ အလောင်း မရှိသလို လူသတ်သမားလည်း မရှိပေ။ ထောင့်တစ်နေရာတွင် ကပ်နေပြီး မြည်နေသော ဖုန်းတစ်လုံးသာ ရှိနေလေသည်။
“မေမေ ဖုန်းမေ့ကျန်ခဲ့တာလား”
ထန်ဟန်လုသည် ထိတ်လန့်သွားမှုကြောင့် အားအင်များ ကုန်ခမ်းသွားသလို ခံစားရသည်။ သူမ လျှောက်သွားလိုက်ပြီး ဖုန်းကို ကောက်ယူလိုက်၏။
“အမည်မသိ နံပါတ်လား၊ ဘယ်သူက မေမေ့ကို ခေါ်နေတာလဲ၊ မေမေက သူ့လုပ်ဖော်ကိုင်ဖက် ဖုန်းနဲ့ ငါ့ကို တစ်ခုခုပြောမလို့လား”
မျှော်လင့်ချက်များဖြင့် ထန်ဟန်လုသည် ဖုန်းကို နားနားကပ်ကာ ပြန်ဖြေသည့်ခလုတ်ကို နှိပ်လိုက်သည်။ ဖုန်းချိတ်ဆက်သွားပြီးနောက် သေဆုံးနေသကဲ့သို့ တိတ်ဆိတ်မှုသာ ရှိနေ၏။ ထန်ဟန်လုက 'ဟယ်လို' ဟု အကြိမ်အနည်းငယ် ပြောလိုက်သည်။ နောက်ဆုံးတွင် အသံလိုင်းမကြည်လင်မှုများကြားမှ သူစိမ်းအမျိုးသားတစ်ဦး၏ အသံ ပေါ်ထွက်လာလေသည်။
“ငါ မင်းကို စောင့်ကြည့်နေတယ်”
ထိုစကားလုံးများက တစ်လုံးချင်း ထွက်ပေါ်လာသည်။ ထိုလူ နောက်ထပ် ဘာမှ မပြောနိုင်ခင် ထန်ဟန်လုက ဖုန်းကို အမြန်ချပစ်လိုက်သည်။ သူမ ဖုန်းကို ကုတင်ပေါ် ပစ်လွှင့်လိုက်၏။
“ဘယ်သူက ငါ့ကို စောင့်ကြည့်နေတာလဲ၊ သူက ဘယ်သူလဲ၊ မေမေ့နံပါတ်ကို သူ ဘယ်လိုသိတာလဲ”
ထန်ဟန်လု ကြောက်ရွံ့နေမိသည်။ သူမသည် ပင်မအိပ်ခန်းထဲတွင် ဆက်မနေရဲတော့ပေ။ ပြတင်းပေါက် လိုက်ကာများ၊ မှန်တင်ခုံနှင့် စားပွဲတို့ကို ဝေ့ကြည့်လိုက်သည်။ ထိုနေရာအားလုံးတွင် ထိုလူ ပုန်းနေနိုင်သည်ဟု သူမ ခံစားနေရသည်။
“ရဲတွေ ဘာလို့ ရောက်မလာသေးတာလဲ”
ထန်ဟန်လု အိပ်ခန်းထဲမှ ပြေးထွက်လာပြီး ရဲစခန်းသို့ နောက်တစ်ကြိမ် ဖုန်းဆက်လိုက်သည်။ ရဲဝန်ထမ်း၏ အသံက သူမကို စိတ်အေးသွားစေသည်။ ရဲတပ်ဖွဲ့ ထွက်ခွာလာပြီဖြစ်ပြီး မကြာမီ သူမရှိရာသို့ ရောက်လာမည်ဖြစ်ကြောင်း ပြောပြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်၌ ကော်ရစ်ဒါဘက်မှ ခြေသံများ ထွက်ပေါ်လာလေသည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် အသံများလည်း ကြားရ၏။ အိမ်ထဲတွင်ရှိနေသော ထန်ဟန်လုမှာ အသံများကို သဲသဲကွဲကွဲ မကြားရပေ။ တစ်စုံတစ်ယောက်က အတွင်းတံခါးကို ပြင်းထန်စွာ လာထု၏။ အမျိုးသားတစ်ဦးက အော်ဟစ်လိုက်သည်။
“မင်းက ရဲတိုင်ရဲတယ်ပေါ့လေ၊ မင်း မလွတ်နိုင်ပါဘူး၊ ရဲတွေ ထွက်သွားတာနဲ့ မင်းကို ငါ ပြန်လာသတ်မယ်”
ခြေသံများ ရှုပ်ထွေးသွားသည်။ တံခါးအပြင်ဘက်က လူသည် ကော်ရစ်ဒါပြတင်းပေါက်မှတစ်ဆင့် ရဲများကို မြင်သွားပုံရသည်။ သူ ဓာတ်လှေကားထဲသို့ ပြေးဝင်သွား၏။ ထန်ဟန်လုသည် ထိုလှည့်ကွက်ထဲသို့ အကျမခံပေ။ သူမ ဝရန်တာသို့ ပြေးသွားလိုက်သည်။ ဝရန်တာလက်ရန်းဘေးတွင် ဒူးထောက်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ မကြာမီမှာပင် ထန်ဟန်လုသည် ကော်ရစ်ဒါလမ်းထဲမှ ပြေးထွက်လာသော ရဲဝတ်စုံနွမ်းနွမ်းဝတ်ထားသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ သို့သော်လည်း ထိုလူသည် ဝင်းထဲမှ ထွက်မသွားပေ။ ဒုတိယမြောက် အဆောက်အဦးထဲသို့ ဝင်ရောက် ပုန်းအောင်းသွားခြင်းသာ ဖြစ်သည်။
“သူ ဘေးက အဆောက်အဦးထဲကို ဝင်သွားပြီ၊ သူ ထွက်မသွားသေးဘူး”
ထန်ဟန်လုသည် အိမ်နီးချင်း၏ ဝရန်တာကိုကြည့်ရင်း အန္တရာယ်ကို ခံစားလိုက်ရသည်။ သူမ ပြတင်းပေါက်ကို ပိတ်လိုက်သည်။
“ရဲတွေကို စောင့်ရမယ်၊ သူတို့ ရောက်လာတော့မှာ”
ထန်ဟန်လုသည် စိတ်လှုပ်ရှားလွန်းသဖြင့် လက်သည်းများကို ကိုက်နေမိသည်။ သူမ ဝရန်တာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ရင်းနှီးနေသော တံခါးခေါက်သံကို ကြားလိုက်ရပြန်သည်။
ယင်းမှာ သူမ၏ နှလုံးခုန်သံ မဟုတ်သလို အိမ်ရှေ့တံခါးမှ လာခြင်းလည်း မဟုတ်ပေ။ ထန်ဟန်လု လှည့်ကြည့်လိုက်သောအခါ ဘေးတိုက်ခန်း၏ ဝရန်တာတွင် လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုသူမှာ ဝတ်စုံနွမ်းနွမ်းနှင့် ရဲအရာရှိပင် ဖြစ်သည်။ သူသည် အရပ်ရှည်ပြီး သူ့မျက်နှာကို အမှောင်ထဲတွင် ဖုန်းကွယ်ထားသည်။သူ့လက်ချောင်းများက ပြတင်းပေါက်မှန်ကို အသာအယာ ခေါက်နေလေသည်။
“သူ... သူက ဘေးခန်းမှာပဲ”
သူမ၏ နှလုံးခုန်သံက ရပ်တန့်လုနီးပါး ဖြစ်သွား၏။သူမသည် အသက်ရှူရမည်ကိုပင် မေ့သွားပြီး သူမ၏ ဦးနှောက်မှာ ဗလာဖြစ်သွားတော့၏။
အိမ်နီးချင်း၏ ပြတင်းပေါက် ပွင့်သွားသည်။ အမှောင်ထုထဲတွင် သစ်သားပြားတစ်ချောင်းသည် ထန်ဟန်လု၏ ဝရန်တာဘက်သို့ ဆန့်ထွက်လာသည်။ သူမ၏ အိမ်သည် အထပ်မြင့်တွင် ရှိခြင်းဖြစ်သည်။ ဝရန်တာတွင် လုံခြုံရေးသံဇကာများ မရှိပေ။ အပြင်ဘက်နံရံမှ လှပသော အလှဆင်ပစ္စည်းများသည် လူသတ်သမား ကူးတက်လာရန် အထောက်အကူများ ဖြစ်လာခဲ့သည်။
“သူ လာနေပြီ”
ရဲအရာရှိအတုသည် ဓားကို ကိုင်ထားသည်။ သူသည် သူမအိမ်ဘက်သို့ ပိုနီးကပ်လာပြီ ဖြစ်သည်။
“လူသတ်သမားက အဆောက်အအုံတွေကြားမှာ ရောက်နေတာ၊ ငါ အခုချက်ချင်း အောက်ကို ပြေးဆင်းရင် သူထက် ပိုမြန်မှာပဲ၊ သော့က ပျောက်နေတုန်း၊ အိမ်မှာနေတာ မလုံခြုံတော့ဘူး၊ အကူအညီရှာဖို့ အပြင်ထွက်မှဖြစ်မယ်”
ထန်ဟန်လုက တွန့်ဆုတ်မနေတော့ပေ။ ကြောက်ရွံ့မှုက သူမ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဖျက်ဆီးပစ်လိုက်သည်။ သူမသည် ဖုန်းကို ဆွဲကိုင်၍ ဖိနပ်ပင် မစီးနိုင်တော့ဘဲ အိမ်ရှေ့တံခါးဆီသို့ ပြေးသွားလိုက်တော့သည်။
သူမ နောက်ဘက်မှ မှန်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူမသည် တံခါးသော့ကို အယောင်ယောင်အမှားမှား ဖွင့်လိုက်သည်။ ထိုအရေးကြီးသော အခိုက်အတန့်တွင် သူမ အပြင်သို့ ပြေးထွက်နိုင်ခဲ့သည်။ သူမသည် ဓာတ်လှေကားကို လျစ်လျူရှုလိုက်ပြီး လှေကားထစ်များအတိုင်း ပြေးဆင်းသွားလိုက်သည်။
သစ်သားလုံခြုံရေးတံခါးက ပွင့်သွားသည်။ ထန်ဟန်လုသည် တစ်စုံတစ်ယောက်က တဂျွတ်ဂျွတ် ဝါးစားနေသည့်အသံကို ကြားလိုက်ရသည်။ မီးဘေးအချက်ပေးမီး၏ အစိမ်းရောင်အလင်းဖြင့် ကြည့်လိုက်သောအခါ ထောင့်တစ်နေရာတွင် ဆူးပန်းများဖြင့် ဖုံးလွှမ်းနေသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးသည် သူမ၏ မျက်နှာကြီးကို ဆန့်ထုတ်လိုက်ရင်း တဖြည်းဖြည်း လှည့်ကြည့်လာ၏။
“ငါ့ကလေး ငါ့ကလေးလေး”
ထန်ဟန်လု အော်ဟစ်လိုက်တော့သည်။ သူမ၏ ဦးနှောက်ထဲတွင် တစ်စုံတစ်ခု အရည်ပျော်သွားသလို ခံစားလိုက်ရသည်။ သူမသည် အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်ဟု ထင်လိုက်မိသည်။
“နံပါတ် ၂ က ပထမအလွှာ အိပ်မက်ဆိုးထဲမှာ မရှိဘူး၊ ဒါပေမဲ့ အကာအကွယ်အလွှာတွေအများကြီးက သူတစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုတာ သက်သေပြနေတာပဲ၊ ငါ ဆက်ပြီး တွန်းအားပေးရမယ်... အိပ်မက် လွှတ်စမ်း...”
…
ထန်ဟန်လုသည် တုန်ယင်နေ၏။ သူမသည် စားပွဲတွင် အိပ်ပျော်သွားခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူမသည် ထုံကျင်နေသော လက်မောင်းများကို နှိပ်နယ်လိုက်သည်။ သူမနဖူးတွင် အေးစက်သော ချွေးများဖြင့် စိုရွှဲနေသည်ကို နားလည်လိုက်သည်။
“အိပ်မက်ဆိုးတစ်ခုပဲကိုး… တကယ်အစစ်ကြီးလို ခံစားရတယ်”
ထန်ဟန်လုက သူမ၏ဖုန်းကို ထုတ်ကြည့်လိုက်သည်။ စခရင်ဖန်သားပြင်ပေါ်တွင် ည ၁၁ နာရီဟု ပြသနေ၏။
“မေမေ အခုထိ အိမ်မပြန်လာသေးဘူးလား”
အိပ်မက်ထဲက မှတ်ဉာဏ်များက ထန်ဟန်လုကို ကြောက်ရွံ့စေသည်။ သူမသည် မှောင်မိုက်နေသော ဧည့်ခန်းဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ကြောက်စရာကောင်းသော အတွေးများကို ဖယ်ထုတ်ရန် ခေါင်းကို ခါယမ်းလိုက်သည်။ သူမ ဖုန်းကို ထုတ်လိုက်သည်။ မိခင်ဖြစ်သူ ပြန်လာမည့်အချိန်ကို သူမသိရန် လိုအပ်သည်။ သူမသည် သူမ၏မိသားစုကို အသည်းအသန် လိုအပ်နေခြင်းဖြစ်သည်။
ထန်ဟန်လုသည် မျှော်လင့်ချက်များဖြင့် ဖုန်းကို နားနားသို့ ကပ်လိုက်သည်။ သို့သော်လည်း ရင်းနှီးနေသော ဖုန်းမြည်သံမှာ ပင်မအိပ်ခန်းထဲမှ ထွက်ပေါ်လာခဲ့လေသည်။