ခေါ်ဆိုမှု သုံးခု
Vol. 43 Ch. 642
အိပ်မက်ဆိုးထဲက မြင်ကွင်းသည် သူမအိမ်တွင် ထွက်ပေါ်လာခဲ့ချေပြီ။ ထိုခြောက်ခြားမှုကြောင့် သူမ၏ သွေးများပင် အေးခဲမတတ် ဖြစ်သွားရသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ထန်ဟန်လုသည် အိပ်ချင်စိတ်များ အကုန်ပျောက်ဆုံးသွားသည်။ သူမကျောပြင်ပေါ်မှ အေးစက်သော ချွေးများကြောင့် အင်္ကျီသည် ခန္ဓာကိုယ်နှင့် ကပ်နေ၏။
“သော့... ဟုတ်တယ်၊ အိမ်သော့”
ထန်ဟန်လုသည် သူမ၏ ကျောင်းလွယ်အိတ်ကို ဆွဲယူကာ အထဲမှပစ္စည်းများကို ကုတင်ပေါ်သို့ မှောက်ချလိုက်သည်။ ကျောင်းစာအုပ်များမှာ နေရာအနှံ့ ပြန့်ကျဲသွားသော်လည်း သော့ကိုတော့ ရှာမတွေ့ပေ။ သူမ၏ နှလုံးသားသည် အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ပို၍ စိုးရိမ်ပူပန်လာတော့သည်။
“ဘေးအိတ်ထဲမှာလည်း မရှိဘူး၊ အိတ်ကပ်ထဲမှာလည်း မရှိဘူး၊ ဘယ်မှာလဲ၊ ငါ လွယ်အိတ်ထဲ ထည့်ထားခဲ့တာ မှတ်မိပါတယ်”
မိခင်ဖြစ်သူ၏ ဖုန်းက အဆက်မပြတ် မြည်နေဆဲဖြစ်သည်။ သူမနဖူးပေါ်မှ အေးစက်သော ချွေးစက်များ စီးကျလာတော့သည်။ ထန်ဟန်လုသည် အိမ်ထဲတွင် ကြာကြာမနေရဲသော်လည်း အပြင်ဘက် ကော်ရစ်ဒါသည်လည်း အလွန်အန္တရာယ်များလှသည်။
“စိတ်အေးအေးထား... ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်မှာပါ”
သူမသည် မိမိကိုယ်ကိုယ် အားပေးလိုက်သည်။ ထန်ဟန်လုသည် သူမ၏ ဖုန်းကို ဆုပ်ကိုင်၍ ပင်မအိပ်ခန်းတံခါးဆီသို့ လျှောက်သွား၏။ အသက်ကို ပြင်းပြင်းရှူပြီးနောက် တံခါးကို တွန်းဖွင့်ကာ ကုတင်အောက်ကို ငုံ့ကြည့်လိုက်သည်။ လူသတ်သမားလည်း မရှိ၊ အလောင်းလည်း မရှိပေ။ သူမမိခင်၏ဖုန်းသည် အိပ်မက်ထဲကအတိုင်း ထောင့်တစ်နေရာတွင် ကပ်နေဆဲဖြစ်သည်။ ထန်ဟန်လုသည် ဖုန်းကို ယူ၍ ကျွမ်းကျင်စွာ လော့ခ်ဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် နံပါတ်နှစ်ခုမှ ခေါ်ဆိုနေမှုများကို ငြင်းပယ်လိုက်ရာ ဖုန်းမြည်သံ ရပ်သွားသည်။ ထန်ဟန်လုက ဧည့်ခန်းထံသို့ ပြန်လာလိုက်သည်။ သူမသည် မိခင်၏ ဖုန်းအဆက်အသွယ်စာရင်းကို လိုက်ရှာကြည့်လိုက်သည်။ သူမသည် မိခင်ဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဦးကို ဆက်သွယ်၍ မိခင်အား အိမ်ပြန်လာခိုင်းဖို့ အကြောင်းကြားခိုင်းရန် နည်းလမ်းရှာချင်နေခြင်း ဖြစ်သည်။
“သမီး အလိုအပ်ဆုံးအချိန်မှာ မေမေက ဘယ်တော့မှ ဘေးမှာမရှိဘူး၊ အမြဲတမ်း အလုပ်ပဲ၊ အလုပ်... အလုပ်... အလုပ်၊ မေမေ တကယ်ပဲ ဘာအလုပ်လုပ်နေတာလဲ”
ထန်ဟန်လုက အဆက်အသွယ်စာရင်းကို လိုက်ကြည့်သည်။ နံပါတ်များကို အက္ခရာစဉ်အလိုက် စီထား၏။ အချို့နံပါတ်များကိုတော့ အမှတ်အသားပြုပြီး ဦးစားပေးစာရင်းထဲ ထည့်သွင်းထားသည်။ ထန်ဟန်လုသည် နှစ်ခါပြန်စစ်ကြည့်သော်လည်း သူမ၏ နာမည်သည် ထိုဦးစားပေးစာရင်းထဲတွင် မရှိပါပေ။ သူမ၏ နှလုံးသားထဲတွင် 'ငါက မေမေ့ရဲ့ အလုပ်တွေ၊ လူနာတွေလောက် အရေးမပါဘူးလား' ဟု တွေးကာ ဝမ်းနည်းမိသွားသည်။
ကြောက်ရွံ့မှုကြောင့် သူမ၏ စိတ်ခံစားချက်များမှာ ပိုမိုပြင်းထန်နေလေသည်။ ထန်ဟန်လုသည် မိခင်ဖြစ်သူ၏ ဖုန်းအဆက်အသွယ်စာရင်းတွင် ထိပ်ဆုံး၌ ရှိနေသောသူကို စိုက်ကြည့်လိုက်သည်။ သူ့နာမည်သည် ထန်ချင်းဖြစ်ပြီး မှတ်ချက်တွင် 'ငါ့ရဲ့ တစ်ဦးတည်းသော မိသားစု' ဟု ရေးထားသည်။
“သူက တစ်ဦးတည်းသော မိသားစုဆိုရင် ငါက ဘာလဲ၊ ရှင်က ဘယ်လိုလုပ်ပြီး သူစိမ်းတစ်ယောက်ကို မိသားစုလို့ သတ်မှတ်နိုင်ရတာလဲ”
ထန်ဟန်လုသည် သူမ၏ မိခင်ကို 'မေမေ' ဟု မခေါ်တော့ဘဲ 'ရှင်' ဟု စိတ်ထဲမှ ရည်ညွှန်းနေမိသည်ကို သူမကိုယ်တိုင်ပင် သတိမထားမိချေ။ ထန်ဟန်လုသည် ခေါင်းကို ခါယမ်း၍ စိတ်အေးအေးထားရန် ကြိုးစားလိုက်သည်။
“သူက ရှင့်ရဲ့ တစ်ဦးတည်းသော မိသားစုဆိုမှတော့ ရှင်ဘယ်မှာလဲဆိုတာ သူသိမှာပဲ၊ သူကနေတစ်ဆင့် ရှင့်ကို ဆက်သွယ်လို့ ရနိုင်မှာပါ”
ထန်ဟန်လုသည် ထန်ချင်း၏ နံပါတ်ကို ခေါ်လိုက်သည်။ ဖုန်းသည် တစ်ခါပဲ မြည်ပြီးနောက် ချက်ချင်း ပြန်ဖြေလာ၏။
“ကျွန်တော် အရမ်းလိမ္မာတယ်နော်၊ ကျွန်တော် ဘယ်မှမသွားဘူး၊ ထမင်းကြော် ကြော်နည်းတောင် သင်ထားသေးတယ်၊ မမ... ဘယ်တော့ အိမ်ပြန်လာမှာလဲ၊ ကျွန်တော် မမကို သတိရနေတာ၊ ကျွန်တော် ကြောက်လာပြီ”
ထိုအသံမှာ လူကြီးတစ်ယောက်၏ အသံဖြစ်သော်လည်း ပြောဆိုပုံသည် ကလေးဆန်နေပြီး ရယ်စရာကောင်းနေလေသည်။ ထန်ဟန်လုသည် ထိုအသံထဲတွင် ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်ကိုပင် ကြားလိုက်ရသည်။
စိတ်မနှံ့တဲ့သူလား၊ သူက သာမန်အတိုင်း ရှင်သန်နေရတာကို ချီးကျူးသင့်တဲ့ အရာတစ်ခုလို ပြောနေတာပဲ။
“မမတဲ့လား၊ ရှင်က ကျွန်မရဲ့ အမေကို 'မမ' လို့ ခေါ်နေတာလား”
“မမ… အဲဒါ နင်လား၊ အိမ်ထဲမှာ အဆောက်အဦးဘလော့တုံးလေးတွေနဲ့ ဆော့တတ်တဲ့ ခွေးလေး လွတ်သွားပြီလို့ ကျွန်တော်ကြားတယ်၊ ခွေးအိမ်တောင် မီးလောင်သွားသေးတယ်တဲ့၊ နင်ရော အဆင်ပြေရဲ့လား”
ထန်ချင်း၏ အသံထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေ၏။ သူသည် သူ့အစ်မ၏ မျက်လုံးထဲတွင် အလွန်တုံးအ နုနယ်သူ ဖြစ်သော်လည်း သူသည် သူမကို အလွန်အမင်း ဂရုစိုက်သည်ကိုတော့ ငြင်းမရပေ။
“အဆောက်အဦးဘလော့တုံးတွေနဲ့ ဆော့တဲ့ ခွေးလေးလား၊ ရှင် ဘာတွေ ပြောနေတာလဲ”
ထန်ဟန်လု အချိန်မဖြုန်းတော့ဘဲ ပြောလိုက်သည်။
“ရှင်က ကျွန်မ မေမေရဲ့ ဖုန်းထဲမှာ ထိပ်ဆုံးရောက်နေတာ၊ မေမေ ဘယ်မှာလဲဆိုတာ ရှင်သိလား၊ သူ့သမီးက အခု အိမ်မှာအန္တရာယ်နဲ့ ကြုံနေရပြီ”
“အန္တရာယ်… ငါ့မမက အန္တရာယ်ရှိနေတာလား၊ မကြောက်နဲ့နော်၊ ကျွန်တော် အခုချက်ချင်း လာခဲ့မယ်”
ထန်ချင်းက ပြတ်သားစွာ ပြောလိုက်သည်။ သူသည် ဖုန်းမချသေးဘဲ အဝတ်အစားများ စတင်ဝတ်ဆင်နေပုံရသည်။ တစ်ဖက်မှ ဆူညံသံများစွာ ထွက်ပေါ်လာ၏။ ထန်ချင်းချော်လဲသွားသည့်အလား အသံများကိုပင် ကြားရသည်။
“ရှင် ရူးနေတာလား၊ ရှင့်ကို လာခိုင်းတာ မဟုတ်ဘူး၊ မေမေ့ကို ဘယ်လို ဆက်သွယ်ရမလဲဆိုတာပဲ ပြောဖို့ လိုတာ”
ထန်ဟန်လုက ထိုလူမှာ ရူးသွပ်နေပြီဟု ထင်မိသည်။ သူမ ရှင်းပြရန် ပြင်လိုက်စဉ် အိမ်ရှေ့တံခါးမှ တံခါးခေါက်သံ ကြားလိုက်ရပြန်သည်။ ထန်ဟန်လု တိတ်ဆိတ်သွား၏။ သူမ နှလုံးသားထဲတွင် ဆုတောင်းနေသော်လည်း အဆိုးဆုံးအရာက ဖြစ်ပျက်လာနေဆဲပင်။
“အိမ်မှာ လူရှိပါသလား”
စိတ်မနှံ့သော အမျိုးသမီး၏ အသံက အခန်းအပြင်ဘက်မှ ဟိန်းထွက်လာသည်။ အိပ်မက်ထဲက မြင်ကွင်းများက တစ်ခုပြီးတစ်ခု ပြန်ပေါ်လာနေ၏။ ထန်ဟန်လုက ၎င်းတို့မှာ အိပ်မက်များမဟုတ်ဘဲ နိမိတ်ပြခြင်းများလားဟု တွေးတောမိလာသည်။
“ငါ အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူး”
ထန်ဟန်လုသည် ထန်ချင်း၏ ဖုန်းကို ချလိုက်သည်။ သူမ ရဲစခန်းသို့ ဖုန်းဆက်ပြီးနောက် အခြားနံပါတ်များကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ ဒုတိယနံပါတ်သည်မှာ 'လီရှင်းချန်' ဖြစ်ပြီး မှတ်ချက်မှာ 'သေသင့်တဲ့ လုပ်ဖော်ကိုင်ဖက်' ဟု ရေးထားသည်။
ဤတစ်ကြိမ်တွင် ဖုန်းသည် ဆယ်စက္ကန့်ကျော် မြည်နေပြီးမှ ပြန်ဖြေလာသည်။ ထန်ဟန်လု ဘာမှမပြောရသေးခင်မှာပင် သက်ကြီးပိုင်း အမျိုးသားတစ်ဦး၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အသံ ထွက်ပေါ်လာသည်။
“အနီရောင်အိမ်ထဲမှာ လူ ၁၃ ယောက် နေခဲ့ကြတာ၊ ၆ ယောက်က ထွက်ပြေးသွားပြီ ၊ အဲဒါ မင်းအစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်းပဲလား”
“ရှင် ဘာတွေပြောနေမှန်း ကျွန်မ မသိဘူး၊ ကျွန်မအမေကို ဆက်သွယ်ပေးလို့ ရမလားရှင်၊ သူ့သမီး အန္တရာယ်ရှိနေပြီ၊ လူဆိုးတွေ တံခါးအပြင်မှာ ရောက်နေလို့ပါ”
ထိုအမျိုးသားမှာ ထန်ဟန်လု၏ ပထမဦးစားပေးရွေးချယ်မှု မဟုတ်သော်လည်း သူမမှာ အသည်းအသန် ဖြစ်နေခြင်းဖြစ်သည်။
“တံခါးအပြင်မှာ လူဆိုးတွေလား၊ ကျိုကျန်းက အနီရောင်ဝတ်ထားတဲ့ အရူးတွေလား”
လီရှင်းချန်က ထိတ်လန့်သွားပြီး စကားပြောသံ နှေးကွေးသွား၏။ သူသည် ထန်ဟန်လု၏ စကားများထဲမှ အချက်အလက်အချို့ကို ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။
“ကျွန်မ မသိဘူး၊ မေမေ့ကို အိမ်အမြန်ပြန်လာဖို့ပဲ ပြောပေးပါ”
စိတ်မနှံ့သော အမျိုးသမီးသည် တံခါးအပြင်ဘက်တွင် ရောက်ရှိနေပြီဖြစ်သည်။ ထန်ဟန်လုမှာ စကားကျယ်ကျယ် မပြောရဲပေ။ ထိုအမျိုးသမီးက တံခါးကို စတင် ထုရိုက်နေပြီဖြစ်သည်။ မကြာမီ ရဲယူနီဖောင်းဝတ်ထားသည့် တဏှာရူး ပေါ်လာပေတော့မည်။
“ကောင်းပြီ... ငါ နားလည်ပြီ”
လီရှင်းချန်က ပြောလိုက်သည်။
“မင်းအမေ အခုချက်ချင်း လာလိမ့်မယ်၊ အိမ်မှာပဲ နေပါ၊ ဘယ်မှ မသွားနဲ့”
“သူတို့ အထဲကို ဝင်လာတော့မယ်၊ ကျွန်မ သော့ပျောက်နေတာ ၊ သူတို့ သော့ရသွားလိမ့်မယ်”
ထန်ဟန်လု စကားမဆုံးခင်မှာပင် လီရှင်းချန်က ဖုန်းချလိုက်သည်။
“သူ ငါ့ဖုန်းကို ချလိုက်တာလား၊ ငါ ပြောလို့တောင် မပြီးသေးဘူးလေ၊ သူက ဟိုလူဆိုးတွေနဲ့ ပူးပေါင်းနေတာလား”
ထန်ဟန်လု ကြောက်လန့်သွားသည်။ အိပ်မက်ဆိုးကြောင့် သူမသည် အလွန်ပင် စိတ်မသက်မသာ ဖြစ်နေရသည်။ သူမသည် ဖုန်းထဲမှ တတိယမြောက် နံပါတ်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုလူ၏ အမည်မှာ ထူးဆန်းလှသည်။နံပါတ် (၀) ဟု ခေါ်ပြီး မှတ်ချက်က စကားလုံးတစ်လုံးတည်းသာ ရှိသည်။ 'သရဲ'။
ထန်ဟန်လုသည် သူမကိုယ်ထဲသို့ တိုးဝင်လာသော လေထုက အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ တုံ့ဆိုင်းသွားသည်။သို့သော်လည်း အပြင်ဘက်မှ ရာဇဝတ်ကောင်များကို သတိရလိုက်သောအခါ သတ္တိမွေးပြီး တတိယနံပါတ်ကို ခေါ်လိုက်တော့သည်။
ဖုန်းမြည်သံ သို့မဟုတ် ဖုန်းနံပါတ် တပ်ဆင်ထားခြင်း မရှိကြောင်း သတိပေးချက်များ မကြားရပေ။ ထိုဖုန်းခေါ်ဆိုမှုသည် အခြားကမ္ဘာတစ်ခုသို့ ဆက်သွယ်နေသည့်အလားပင်။ မကြာမီမှာပင် သူမအိမ်ထဲ၏ နံရံအရောင်များက မှေးမှိန်သွားသည်။ မမြင်ရသော အရိပ်ကြီးတစ်ခုက သူမထံသို့ တိုးဝင်လာပြီး ဧည့်ခန်းရှိ မီးရောင်များအားလုံး ငြိမ်းသေသွားတော့သည်။
“ဒါက ဘယ်လိုနံပါတ်လဲ၊ ငါ သရဲတွေဆီကို တကယ်ကြီး ဖုန်းခေါ်လိုက်တာလား”
ထန်ဟန်လုသည် လုံးဝကြောက်ရွံ့နေသော အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်သည်။ သူမ ဖုန်းကို အကြိမ်ကြိမ် နှိပ်လိုက်ပြီးမှ ဖုန်းကျသွား၏။
သို့သော်လည်း ဖုန်းစခရင်က ပုံမှန်အတိုင်း ပြန်ဖြစ်မလာတော့ပေ။ အခန်းထဲရှိ လျှပ်စီးပတ်လမ်းများ အားလုံး ပြတ်တောက်သွားပုံရသည်။
ထန်ဟန်လုသည် အမှောင်ထဲတွင် ရပ်လျက်ရှိသည်။ အလင်းရောင်ရနိုင်သည့် တစ်ခုတည်းသော အရာမှာ သူမမိခင်၏ ဖုန်းသာ ဖြစ်သည်။