← Chapters

ဘဝအလွှာများ

Vol. 43 Ch. 643

ဘဝအလွှာများ

Vol. 43 Ch. 643

အေးစက်မှု ၊ စိုထိုင်းမှု နှင့် အမှောင်ထု။

ထန်ဟန်လုသည် သူမမိခင်၏ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဝံပုလွေတွင်းထဲ ကျရောက်သွားသော ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ အားကိုးရာမဲ့နေရှာသည်။ ကြောက်ရွံ့မှုများက သူမ၏အသွေးအသားထဲတွင် အမြစ်တွယ်လာပြီး အရေပြားကို ထိုးဖောက်သွားသည်။ ထန်ဟန်လုသည် ယခုဖြစ်ပျက်နေသောအရာများကို သူမ၏ အိပ်မက်ဆိုးထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားနေရသည်။

သူမသည် သူမမိခင်၏ အလုပ်အကြောင်းကို တစ်ခါမှ မမေးမြန်းခဲ့ဖူးပေ။ သူမ သိထားသည်မှာ သူမမိခင်သည် အလွန်အလုပ်များပြီး လူနာများစွာကို ပြုစုစောင့်ရှောက်ပေးနေရသည်ဟူ၍သာ။ မိခင်၏ ဖုန်းနံပါတ် အဆက်အသွယ်စာရင်းကို မြင်လိုက်ရသောအခါမှသာ ထန်ဟန်လုသည် သူမမိခင်၏ အလုပ်သည် တစ်စုံတစ်ရာထူးခြားနေနိုင်ကြောင်း သတိပြုမိသွားသည်။

သရဲထံသို့ ဖုန်းခေါ်ဆိုပြီးနောက် ထန်ဟန်လုသည် အခန်းကြီးတစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်ဟု ခံစားလာရသည်။ သူမသည် တစ်စုံတစ်ယောက်၏ ကိုယ်တွင်းအင်္ဂါထဲတွင် နေထိုင်ရှင်သန်နေရပုံ ဖြစ်နေသည်။လေထုသည် စေးကပ်လာပြီး အသက်ရှူခြင်းက ခက်ခဲသောအလုပ်တစ်ခု ဖြစ်လာခဲ့သည်။ ထန်ဟန်လု ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူမ၏အိမ်သည် အလွန်အမင်း စိမ်းသက်နေလေသည်။ အနက်ရောင် တီဗီဖန်သားပြင်၊ မီးဖိုချောင်သုံးစတီးပစ္စည်းများနှင့် ချောမွတ်နေသော ပန်းကန်ပြားများပေါ်တွင် လူရိပ်များ ထင်ဟပ်နေကြသည်။ ၎င်းတို့သည် တွန့်လိမ်လှုပ်ရှားရင်း သူမထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာနေကြ၏။

ထန်ဟန်လုသည် နံရံတွင် ကျောကပ်ထားလိုက်သည်။ သူမကိုယ်သူမ သတိမထားမိဘဲ အိမ်ရှေ့တံခါးသို့ ရောက်ရှိသွား၏။ သူမ၏ အကြည့်များက အိပ်ခန်းထဲရှိ မှန်ချပ်ဆီသို့ ရောက်ရှိသွားသည်။ မှန်ထဲတွင် အင်္ကျီတစ်ထည်က အလိုလို လှုပ်ရှားနေလေသည်။ မှန်ထဲမှ လက်တစ်ဖက် ထွက်လာပြီး ထိုအင်္ကျီကို လှမ်းဆွဲနေသကဲ့သို့ပင်။

“ဒီအိမ်ထဲမှာ တကယ်ကြီး ငါနဲ့အတူ တစ်ယောက်ယောက်ရှိနေတာပဲ”

ထန်ဟန်လုသည် အလွန်အမင်း ကြောက်လန့်သွားသဖြင့် အသက်ရှူပင် မဝတော့ချေ။ တံခါးအပြင်ဘက်က စိတ်မနှံ့သော အမျိုးသမီးသည်လည်း ပို၍ ပျာယာခတ်လာတော့သည်။

“တံခါးဖွင့်ပေးပါ၊ ငါ့ကလေး ဒီကော်ရစ်ဒါလမ်းမှာ ပျောက်သွားတာပါ၊ ငါ့ကို ကူညီပေးနိုင်မလား”

ထိုအမျိုးသမီး၏ စိတ်အခြေအနေကား ပျက်ပြားနေပြီဖြစ်သည်။ ထန်ဟန်လုသည် သူမမိခင် ပြောပြခဲ့သည့် ထိုစိတ်မနှံ့သော အမျိုးသမီးအကြောင်းကို သတိရလိုက်သည်။ ထိုအမျိုးသမီးသည် ဘေးဒုက္ခခံစားခဲ့ရသည့် နစ်နာသူတစ်ဦးသာ ဖြစ်သည်။ သူမ စိတ်တည်ငြိမ်နေသရွေ့ စကားပြောဆိုရန် ဖြစ်နိုင်ပေသည်။

“အိပ်မက်ထဲမှာတုန်းက ငါ တံခါးမဖွင့်ပေးခဲ့ဘူး၊ အဲဒီအမျိုးသမီးက မျှော်လင့်ချက်တွေအားလုံး ကုန်ဆုံးသွားလို့ စိတ်ရူးပေါက်သွားခဲ့တာ၊ ငါ သူ့ကို ကူညီဖို့ ရွေးချယ်ခဲ့ရင် အခြေအနေတွေ ပြောင်းလဲသွားမလား”

မှန်ထဲက လူရိပ်က ပိုမိုထင်ရှားလာသည်။ လီရှင်းချန်က သူမအား အိမ်ထဲကနေ မထွက်ခွာဖို့ သတိပေးခဲ့သော်လည်း ဤနေရာကြီးမှာ အလွန်ကြောက်စရာကောင်းလွန်းလှသည်။ ထန်ဟန်လုသည် အမှောင်ထဲတွင် တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ သူမ တံခါးကို အနည်းငယ် ဟလိုက်သည်။ သူမသည် ထိုစိတ်မနှံ့သော အမျိုးသမီးနှင့် စကားပြောချင်သော်လည်း သူမ၏ အနီရောင်ဝတ်စုံနှင့် ဖရိုဖရဲ အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူမအလွန်ကြောက်လန့်သွားပြီး နောက်သို့ ယိုင်လဲသွားတော့သည်။

တံခါးသော့ဖွင့်သံကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီးက ပို၍ စိတ်လှုပ်ရှားလာသည်။ သူမသည် တံခါးကို ထုရိုက်ရင်း တံခါးကြားထဲသို့ လက်သည်းများဖြင့် ကုတ်ခြစ်လာ၏။

“ကင်မရာလေး ကြည့်ပါရစေ၊ အထဲ ဝင်ခွင့်ပြုပါ၊ ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ”

ထန်ဟန်လု၏ ဦးနှောက်က ဗလာဖြစ်သွားသည်။ သူမသည် ထိုအမျိုးသမီးကို လှည့်စား၍ သူမထံမှ အဝေးသို့ ထွက်သွားစေရန်သာ ကြံစည်မိတော့သည်။ အသည်းအသန်ဖြစ်နေသည့်အဆုံး ထန်ဟန်လုက အော်ဟစ်လိုက်သည်။

“ဝတ်စုံနွမ်းနွမ်းနဲ့ ရဲအတုက ရှင့်ကလေးကို ခေါ်သွားတာပဲ၊ သူ သိပ်ဝေးဝေးမရောက်လောက်သေးဘူး၊ သူက ဒီဝင်းထဲမှာပဲ ပုန်းနေတာ”

“နင် မြင်လိုက်တာလား၊ သူ ငါ့ကလေးကို ခေါ်သွားတာ နင် မြင်လိုက်တာလား”

“ဟုတ်တယ်”

ထန်ဟန်လု ခေါင်းညိတ်ပြလိုက်သည်။

“အဲဒီလူက အရပ်ရှည်ရှည်နဲ့ လူငယ်တစ်ယောက်ပဲ၊ သူက ဒီဒေသကမဟုတ်တဲ့ လေယူလေသိမ်းနဲ့ စကားပြောတယ်”

စိတ်မနှံ့သော အမျိုးသမီး၏ အသံက ဝေးကွာသွားသည်။ ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်လာသည်။ ထန်ဟန်လုသည် ဖုန်းထဲက အချိန်ကို စိုက်ကြည့်ရင်း ခဏစောင့်နေလိုက်သည်။

“ဒါက ငါ့အိပ်မက်ဆိုးထဲမှာ ရဲအတုပေါ်လာတဲ့ အချိန်ဝန်းကျင်ပဲ၊ ဒါပေမဲ့ ဒီတစ်ခါတော့ သူ ရောက်မလာဘူး၊ စိတ်မနှံ့တဲ့ အမျိုးသမီးက သူ့နောက်ကို လိုက်သွားလို့လား”

ထန်ဟန်လုသည် သူမ၏ အိမ်ထဲတွင် ပိတ်မိနေသလို ခံစားနေရသည်။ သူမသည် ချောင်းကြည့်ပေါက်မှတစ်ဆင့် အပြင်ဘက်ကို အတန်ကြာ စောင့်ကြည့်လိုက်၏။ ဘယ်သူမှ မရှိကြောင်း သေချာသွားမှသာ အပြင်တံခါးကို ဖွင့်လိုက်တော့သည်။

လေပြင်းမှုကြောင့် သူမမိခင်၏ အိပ်ခန်းတံခါးက ဝုန်းခနဲ ပွင့်သွားသည်။ မှန်ထဲက လူရိပ်က ပျောက်ကွယ်သွား၏။ အခန်းထဲရှိ အလင်းပြန်နိုင်သော အရာအားလုံးပေါ်တွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ထိုအရာက ထန်ဟန်လုနောက်သို့ လိုက်နေခြင်းဖြစ်သည်။

နောက်ဆုံးအချိန်တွင် ထန်ဟန်လုသည် သူမ၏ အခန်းထဲမှ ထွက်လာနိုင်ခဲ့သည်။ အိပ်မက်ထဲတွင် ထိုစိတ်မနှံ့သော အမျိုးသမီးက ဘေးကင်းလုံခြုံရေးလှေကားထဲတွင် ပုန်းနေခဲ့သည်ကို သူမ အမှတ်ရလိုက်သည်။

“အဲဒီမိန်းမက အဲဒီမှာ ပုန်းနေခဲ့တာ၊ ဒါပေမဲ့ အခုတော့ သူရဲအတုနောက်ကို လိုက်သွားလောက်ပြီ၊ ပြီးတော့ သူ အဲဒီမှာ ပုန်းနေခဲ့တယ်ဆိုကတည်းက သူဟာ လှေကားထဲမှာ ရဲအတုနဲ့ မဆုံခဲ့ဘူးဆိုတဲ့ သဘောပဲ၊ ဒါကြောင့် အဲဒီလမ်းက လုံခြုံလိမ့်မယ်”

ထန်ဟန်လုက ဓာတ်လှေကားနံပါတ်ခုံကို လှမ်းကြည့်လိုက်ရာ ဂဏန်းများ ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။ ဓာတ်လှေကားကို တစ်စုံတစ်ယောက် အသုံးပြုနေခြင်း ဖြစ်သည်။ တစ်ယောက်ယောက်က ပထမထပ်မှ အပေါ်သို့ တက်လာနေသည်။

“ငါ မြန်မြန်သွားမှဖြစ်မယ်၊ ပထမထပ် ရောက်သွားရင် ငါ ဘေးကင်းသွားမှာပါ”

ထန်ဟန်လု လှေကားထဲသို့ ဝင်လိုက်သည်။ နံရံပေါ်ရှိ (၁၄) ဟူသော အနီရောင်ဧရာမနံပါတ်တစ်ခုက သူမကို ဆီးကြိုနေ၏။

“၁၄ လွှာ၊ ငါက ဒီအထပ်မှာ နေတာလား၊ ငါမှတ်မိတာကတော့ ငါက ဒီနှစ်မှာ အသက် ၁၄ နှစ် ရှိပြီဆိုတာပဲ”

ထန်ဟန်လုက လှေကားထဲ ဝေ့ကြည့်လိုက်သည်။ နံရံများတွင် လူပျောက်ကြော်ငြာများ၊ မသေဆေးကုမ္ပဏီ၏ ကြော်ငြာများနှင့် ဆေးဝါးအသစ် စမ်းသပ်ခံရန် အလုပ်ခေါ်စာများဖြင့် ပြည့်နှက်နေသည်။ အသိသာဆုံးအရာမှာ လှေကားထိပ်ရှိ မသေဆေးကုမ္ပဏီ လက်အောက်မှ ပရဟိတအဖွဲ့တစ်ခု၏ အလှူခံသေတ္တာတစ်လုံးပင် ဖြစ်သည်။ ၁၄ လွှာရှိ အရာအများစုသည် မသေဆေးကုမ္ပဏီ နှင့် ဆက်စပ်နေခြင်းဖြစ်သည်။ ထန်ဟန်လုမှာ ယင်းတို့ကို ကျင့်သားရနေပြီ ဖြစ်သည်။ သူမ ၁၃ လွှာသို့ ဆင်းလာခဲ့သည်။ များစွာသော သင်္ချာသင်တန်း ကြော်ငြာများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေ၏။ထူးချွန်လှသော အိမ်ငှားကောင်းများ၏ ဂုဏ်ပြုဆိုင်းဘုတ်လည်း ရှိနေသည်။ သူတို့၏ ဓာတ်ပုံများနောက်တွင် သူတို့၏ ဂုဏ်ပြုမှတ်တမ်းများ ရှိနေသည်။

ထန်ဟန်လုသည် ၎င်းတို့ကို လျစ်လျူရှု၍ လှေကားအတိုင်း ဆက်လက် ပြေးဆင်းလာခဲ့သည်။ ၁၂ လွှာတွင် စာအုပ်အဟောင်းများစွာ စုပုံနေလေသည်။ ၁၁ လွှာတွင်တော့ ဆေးအိတ်များ၊ ပလတ်စတစ်ဆာဂျရီ ကြော်ငြာများနှင့် အမှိုက်အိတ်များစွာ ရှိနေသည်။ ၁၀ လွှာတွင် ပန်းခွေများကို တွေ့ရသည်။ ထိုအိမ်မှ လူကြီးတစ်ဦး ကွယ်လွန်သွားပုံရသည်။ ထန်ဟန်လုသည် နာရေးပုံတူထဲရှိ လင်မယားနှစ်ဦးကို ရင်းနှီးနေသကဲ့သို့ ခံစားရသော်လည်း အမြန်ပြေးနေရသဖြင့် သေချာမကြည့်နိုင်ခဲ့ပေ။

ကိုးထပ်သို့ ရောက်လာသောအခါ ထန်ဟန်လုက အရှိန်လျှော့လိုက်သည်။ ဤအထပ်၏ အလှဆင်ထားပုံသည် နွေးထွေးပျူငှာလှသည်။ ကြမ်းပြင်ပေါ်တွင် ရောင်စုံစက္ကူစများ ပြန့်ကျဲနေ၏။ အမှိုက်ပုံးထဲတွင် ကိတ်မုန့်ဘူးခွံတစ်ခု ထွက်နေလေသည်။

“ငါ အသက်ကိုးနှစ်တုန်းက မေမေတို့က ငါ့အတွက် အရမ်းလှတဲ့မွေးနေ့ပွဲလေး လုပ်ပေးခဲ့တယ်၊ အဲဒီနောက်တော့...”

ထန်ဟန်လုက ခေါင်းကို ကုတ်လိုက်သည်။ သူမ ဆက်လက် ဆင်းသွားရင်း “ငါ ဘာလို့ မမှတ်မိတာလဲ”

ထန်ဟန်လုသည် တစ်ချက်ခုန် နှစ်ထစ်ကျော်ဖြင့် လှေကားထစ်များကို ခုန်ဆင်းလာသည်။သူမ လက်ရန်းကို ဆုပ်ကိုင်လိုက်သည်။ သူမသည် ရှစ်ထပ်နှင့် ကိုးထပ်ကြား ရောက်သောအခါ သူမခန္ဓာကိုယ်ထက် မျက်လုံးများက အရင်တုံ့ပြန်လိုက်သည်။ သူမ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး သူမတစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ရှစ်ထပ်၏ လှေကားထစ်များတွင် ကလေးဦးခေါင်းအရွယ်အစားရှိသော အရိုးပန်းများဖြင့် ပြည့်နှက်နေလေသည်။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် လှေကားလက်ရန်းခွင်တွင် ကြိုးဆွဲချ သေဆုံးနေလေသည်။

သူမ၏ ဖြူဖျော့နေသော ခြေထောက်များသည် ကြမ်းပြင်နှင့် မထိတထိ ဖြစ်နေ၏။ သူမသည် လေနှင့်အတူ ယိမ်းထိုးနေသည်။ သူမ၏လျှာကြီးမှာ ပါးစပ်အပြင်သို့ ထွက်နေပြီး မျက်လုံးများက ရွှေငါးမျက်လုံးကဲ့သို့ ပြူးထွက်နေသည်။ သူမမျက်နှာသည်လည်း ဖူးယောင်လျက်ရှိသည်။

ထန်ဟန်လုသည် အော်ဟစ်ရန်ပင် မေ့လျော့သွားသည်။ အီနားရှားသဘောတရားကြောင့် သူမသည် ထိုအလောင်းနှင့် ဝင်တိုက်လုနီးပါး ဖြစ်သွား၏။ သူမခန္ဓာကိုယ်ထဲမှ အားအင်များ ကုန်ခမ်းသွားပြီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။

“ငါ အသက် ရှစ်နှစ်တုန်းက မိန်းမတစ်ယောက် ကြိုးဆွဲချသေတာကို မြင်ခဲ့ရတယ်၊ သူက အနီရောင် တံခါးဘောင်မှာ ကြိုးဆွဲချထားတာ၊ သွေးတွေက ကြမ်းပြင်တစ်ခုလုံး စိုရွှဲနေခဲ့တယ်...”

ထန်ဟန်လု၏ ခြေထောက်များက ကြမ်းပြင်ကို ကန်ကျောက်နေခဲ့သည်။ သူမ၏ လက်များမှာလည်း အားအင်ကုန်ခန်းနေခဲ့သည်။ သူမသည် ခြေရောလက်ပါ သုံး၍ကြိုးစားသော်လည်း ကြမ်းပြင်ပေါ်မှ ပြန်ထ မရတော့ပေ။

“ဒါဆို ပထမဆုံး မှတ်ဉာဏ်အမှတ်အသားက သူ အသက်ရှစ်နှစ်တုန်းကပေါ့...”

မရင်းနှီးသော အသံတစ်ခုက ပြောလိုက်သည်။ ထန်ဟန်လုသည် သူမထံသို့ လမ်းလျှောက်လာနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူသည် သူမကို ဝင်တိုက်သွားပြီး အိမ်သော့ကို ခိုးယူသွားသူ ဖြစ်နိုင်သည့် လူဆိုးပင် ဖြစ်သည်။

All Chapters