ဒုတိယမြောက် မှတ်ဉာဏ်အမှတ်အသား
Vol. 43 Ch. 644
“ပြေး... ငါရပ်လို့မဖြစ်ဘူး၊ ဟိုစိတ်မနှံ့တဲ့ မိန်းမကို သူပဲ ကြိုးဆွဲချသတ်လိုက်တာ ဖြစ်မယ်၊ သူပဲ ဖြစ်မယ်”
ကြောက်ရွံ့မှုက ထန်ဟန်လု၏ အားနည်းသော ခန္ဓာကိုယ်ထဲသို့ အားအင်သစ်များ လောင်းထည့်ပေးလိုက်သည်။ သူမသည် သံချေးတက်နေသော လက်ရန်းကို ဆုပ်ကိုင်၍ ထူးဆန်းသော ပုံစံဖြင့် လှေကားပေါ်သို့ တွားတက်သွားတော့သည်။
“အိပ်မက်ဆိုးတောင် အခုလောက် ကြောက်စရာမကောင်းဘူး၊ ငါ အိပ်မက်ဆိုးထဲ ရောက်နေတာ ဖြစ်နေပါစေလို့ ဆုတောင်းမိတယ်”
ထန်ဟန်လုသည် ရှစ်ထပ်မှတစ်ဆင့် ဆယ်ထပ်သို့ ပြန်ပြေးတက်လာခဲ့သည်။ သူမသည် ပန်းခွေများနှင့် နာရေးပုံတူများကို ဖြတ်ပြေးချိန်တွင် သူမဦးနှောက်ထဲသို့ အပ်များ ထိုးစိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ပုံတူထဲမှ မျက်နှာနှစ်ခုက သူမအား ကြောက်ရွံ့မှုဝဲဂယက်ထဲသို့ ဆွဲနှစ်လိုက်သည်။ ထိုကြောက်ရွံ့မှုသည် အန္တရာယ်ကြောင့်မဟုတ်ဘဲ ဝမ်းနည်းစရာကောင်းသော မှတ်ဉာဏ်များကို တွန်းလှန်နေခြင်းကြောင့် ဖြစ်သည်။ သူမသည် အချို့သောအရာများကို မမှတ်မိချင်သော်လည်း အတင်းအကျပ် ရင်ဆိုင်ရအောင် ဖိအားပေးခံနေသည်။
“သူတို့က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ၊ ၁၀ လွှာက ဒီသက်လတ်ပိုင်း လင်မယားနှစ်ယောက်ကို မြင်ရတာနဲ့ ဘာလို့ ဒီလိုခံစားချက်မျိုး ပေါ်လာရတာလဲ”
ထန်ဟန်လုသည် ကိုးထပ်တွင် မြင်ခဲ့သော စားလက်စကိတ်မုန့်ကို သတိရသွားသည်။ ကိတ်မုန့်ပေါ်က စာသားများက သူမ၏ ဦးနှောက်ထဲတွင် ကျယ်လောင်စွာ မြည်ဟည်းလာ၏။
“ငါတို့ရဲ့ သမီးလေး ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်”
“ကျန်းမာပါစေ… ဘာဖြစ်လို့လဲ၊ သူတို့သမီးက ဖျားနေလို့လား၊ သူတို့သမီးက ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုကို မြင်ပြီးမှ ဖျားသွားတာလား”
သူမ၏ ဦးနှောက်သည် ခြောက်ခြားဖွယ်ကောင်းသော အရာများကို စတင်ပုံဖော်လာတော့သည်။ ထန်ဟန်လုသည် သူမနောက်ဘက်မှ ထွက်ပေါ်နေသော ခြေသံများကို ကြားနေရဆဲဖြစ်သည်။ ထိုတဏှာရူးက သူမနှင့် အလွန်နီးကပ်နေချေပြီ။
သူမ နောက်လှည့်မကြည့်ရဲပေ။ သူမသည် အသက်ရှူပင် မဝတော့သော်လည်း လှေကားထစ်များအတိုင်း ပြေးတက်နေခဲ့သည်။ သူမ အပေါ်သို့ တက်လာလေလေ ကော်ရစ်ဒါထဲတွင် ပိုများသော အမှိုက်များထွက်ပေါ်လာလေလေပင်။ ရှင်းပြမရသော အရာများလည်း ရှိနေသည်။ ထန်ဟန်လု၏ အိမ်သည် ၁၄ လွှာတွင်ရှိသော်လည်း ၁၅ လွှာထပ်မှ စတင်၍ အဆောက်အဦးက ပုံမှန်မဟုတ်တော့ပေ။ ၎င်းသည် သာမန်လူနေတိုက်ခန်းနှင့် မတူတော့ဘဲ လူနာတစ်ဦး၏ နှလုံးသားထဲက အဆိပ်အတောက် ပြည်ပုပ်များသဖွယ် ဖြစ်လာလေသည်။
၁၅ လွှာ၏ နံရံများတွင် ဆေးရောင်စုံများ ပေကျံနေ၏။ အိမ်ရှင်က အလုပ်သမားများကို လုပ်အားခမပေးဘဲ ထွက်ပြေးသွားသဖြင့် အလုပ်သမားများက နံရံပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့်စာများ ရေးသားထားပုံရသည်။
၁၆ လွှာ၊ ၁၇လွှာ၊ ၁၈လွှာနှင့် ၁၉ လွှာအထိတွင်မူ ပြင်းထန်သော ပိုးသတ်ဆေးနံ့များ ရှိနေသည်။ ထိုအထပ်ရှိ အခန်းများသည် လူနာဆောင်များနှင့် ပိုတူနေ၏။ ကော်ရစ်ဒါရှိ အမှိုက်များသည် ဆေးဝါးများနှင့် ဆေးပုလင်းခွံများ ဖြစ်နေကြသည်။ ဤနေရာမှာ မှောင်ခိုဆေးခန်းတစ်ခုနှင့်ပင် တူနေတော့သည်။ ထန်ဟန်လုမှာ အလွန်ကြောက်လန့်နေပြီး ဖြစ်သည်။ထိုအရာများကို မြင်လိုက်ရသောအခါ သူမသည် ပို၍ပင် စိတ်မသက်မသာ ဖြစ်လာတော့သည်။ သူမသည် အကြောင်းရင်းကို မသိသော်လည်း ဆေးရုံနှင့် ဆေးခန်းများကို အလွန်မုန်းတီးနေမိသည်။
“ငါ့ရဲ့ ကလေးဘဝကို ဆေးရုံမှာ ကုန်ဆုံးခဲ့ရတာလား”
၂၀ လွှာသို့ ရောက်လာသောအခါ ပိုးသတ်ဆေးနံ့များ ပျောက်ကွယ်သွား၏။ ဘေးအခန်းများတွင် များစွာသော နံပါတ်များနှင့် နာမည်များ ရှိနေ၏။ ကော်ရစ်ဒါအဆုံးရှိ ပြတင်းပေါက်က ပွင့်နေလေသည်။ ဤသည်မှာ အဆောက်အဦးတစ်ခုလုံးတွင် သူမ မြင်ဖူးသော တစ်ခုတည်းသောပွင့်နေသည့် ပြတင်းပေါက်ပင် ဖြစ်သည်။ ထန်ဟန်လုသည် ထိုပြတင်းပေါက်ဆီသို့ ပြေးသွားလိုက်သည်။ သူမသည် လတ်ဆတ်သော လေကို ရှူသွင်းရင်း အကူအညီတောင်းကာ အော်ဟစ်လိုက်သည်။ သို့သော် ပြန်လည်ရရှိသော တစ်ခုတည်းသော တုံ့ပြန်မှုကား နီးကပ်လာသော ခြေသံများသာ ဖြစ်သည်။
ထန်ဟန်လုသည် ပြတင်းပေါက်လက်ရန်းကို ကိုင်၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။ အလွန်မြင့်သည်။ ညဉ့်လေညင်းက အရိုးထဲအထိ စိမ့်ဝင်မတတ် အေးစက်နေသည်။ ဆေးနံ့များနှင့်အတူ လေညင်းသည် သူမ၏ ညအိပ်ဝတ်စုံထဲသို့ တိုးဝင်လာ၏။ ၎င်းသည် ဖော်မလင်စိမ်ထားသော လက်တစ်ဖက်ဖြင့် သူမခန္ဓာကိုယ်ကို ပွတ်သပ်နေသကဲ့သို့ ခံစားရသည်။ ထန်ဟန်လု ပြတင်းပေါက်မှ ခုန်မချဝံ့သဖြင့် လှေကားထစ်များအတိုင်း ဆက်လက်ပြေးတက်ရန်သာ ရှိတော့သည်။
ခြေသံများမှာ နှေးကွေးသွားပြီး ထိုခြေသံပိုင်ရှင်သည် ထန်ဟန်လု ရှိနေသော ပြတင်းပေါက်နားတွင် ရပ်တန့်လိုက်သည်။ အမျိုးသားတစ်ဦး၏ အသံက လေထဲတွင် လွင့်ပါလာ၏။ သူသည် သူ့ဘာသာ ရေရွတ်နေပုံရသည်။
“သူ အသက်ရှစ်နှစ်တုန်းက ပထမဆုံးအကြိမ် တံခါးနဲ့ ဆုံခဲ့ရတယ်၊ အဲဒီနောက်မှာတော့ သူ့စိတ်က ပုံမမှန်တော့ဘူး၊ သူဟာ မသေဆေးကုမ္ပဏီရဲ့ ဆေးဝါးအသစ်တွေကို စမ်းသပ်ဖို့ ဆေးရုံကို ရောက်လာခဲ့တယ်၊ သူအသက်ကိုးနှစ်မှာ မိဘတွေနဲ့ ပြန်ဆုံခဲ့ပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူအသက် ဆယ်နှစ်မှာ မိဘတွေ ဆုံးသွားခဲ့တယ်၊ ဒါပေမဲ့ အဲဒါက သူ့ကို ကျရှုံးမသွားစေခဲ့ဘူး၊ သူက ပိုပြီးတောင် ကြံ့ခိုင်လာခဲ့သေးတယ်၊ ဆုတွေနဲ့ ပြိုင်ပွဲတွေ အများကြီးကို အနိုင်ရခဲ့တယ်”
“ကံမကောင်းတာက သူဟာ ကုသဖို့အတွက် မသေဆေးကုမ္ပဏီ ရဲ့ ဆေးတွေကို လိုအပ်နေတုန်းပဲ၊ သူ့မိသားစုရဲ့ စုဆောင်းထားတာတွေ အကုန်ကုန်သွားပြီးတဲ့နောက် သူအသက် ၁၄ နှစ်မှာ မသေဆေးကုမ္ပဏီရဲ့ ပရဟိတအဖွဲ့က သူ့ကို တရားဝင်လက်ခံပြီး မွေးမြူစောင့်ရှောက်ခဲ့တယ်”
“အခန်းတိုင်းဟာ သက်ရှိလူသား တစ်ယောက်စီကို ကိုယ်စားပြုတယ်၊ သူဟာ ကလေးတွေအများကြီးနဲ့ ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးမှာ ထိပ်ဆုံးကို ရောက်လာခဲ့တာ”
“သူ အသက် ၂၀ ရောက်တော့ မသေဆေးကုမ္ပဏီကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရခဲ့တယ်...”
လူငယ်က လှေကားပေါ်သို့ မော့ကြည့်လိုက်သည်။
“ဒါပေမဲ့ သူ ထွက်သွားဖို့ မရွေးချယ်ခဲ့ဘူး”
ထန်ဟန်လုသည် လှေကားထစ်များအတိုင်း အစွမ်းကုန် ပြေးတက်နေ၏။ ခြေတစ်လှမ်း တက်တိုင်း သူမ၏ ခန္ဓာကိုယ်က အပြောင်းအလဲတစ်ခု ရရှိနေသကဲ့သို့ပင်။ သို့သော် ပိုမြင့်လာလေလေ သူမစိတ်ထဲတွင် ပို၍ မလုံမခြုံ ဖြစ်လာလေလေ ဖြစ်သည်။ သူမသည် ဆက်လက် ပြေးတက်ရုံမှလွဲ၍ ယင်းကို မည်သို့ဖြေရှင်းရမှန်း မသိရှာပေ။
၂၁ လွှာတွင် မီးများ မှိန်ဖျော့သွားသည်။ နံရံများတွင် အက်ကြောင်းများဖြင့် ပြည့်နှက်နေ၏။ ထန်ဟန်လုသည် အရာအားလုံးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိသည်။ သူမ၏အိမ်သည် ခိုင်ခံ့သည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် သူမသည် အန္တရာယ်ရှိသော အဆောက်အဦးတစ်ခုထဲတွင် နေထိုင်နေခြင်း ဖြစ်သည်။ သူမ၏ လက်ချောင်းများဖြင့် အက်ကြောင်းများကို ထိမိလိုက်သည်။ထန်ဟန်လု၏ လက်ချောင်းများမှာ မတော်တဆ ပြတ်ရှသွားသည်။ ထိုနောက် ပိုထိတ်လန့်စရာကောင်းသော အရာကို သူမမြင်လိုက်ရသည်။ သူမ၏ သွေးများသည် အပ်များအဖြစ် ပြောင်းလဲသွားပြီး အက်ကြောင်းများကို ပြန်ချုပ်ပေးနေခြင်းဖြစ်သည်။ ဤအဆောက်အဦးကြီးသည် လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ အက်ကြောင်းများသည် ဒဏ်ရာများဖြစ်ပေသည်။ ၎င်းပြိုကျမသွားစေရန် အိမ်ငှားများ၏ သွေးနှင့် အသက်ကို အသုံးပြု၍ သူ့ကိုယ်သူ ကုသနေရခြင်းဖြစ်သည်။ ထန်ဟန်လု ၂၄ လွှာသို့ ရောက်လာသောအခါ လှုပ်ပင်မလှုပ်နိုင်တော့ပေ။
သူမ တံခါးများကို လိုက်ခေါက်သည်။ သူမသည် ငိုကြွေးကာ အကူအညီတောင်းသည်။ သူမသည် အလွန် သနားစရာကောင်းနေခဲ့သည်။ သူမ၏လည်ချောင်းမှာ အက်ကွဲနေပြီး ဆံပင်များမှာလည်း မျက်နှာတွင် ကပ်ညှိနေသည်။ ဖိနပ်များလည်း မရှိတော့ပြီဖြစ်ရာ ခြေလက်များတွင်လည်း ပြတ်ရှ ဒဏ်ရာများစွာ ရှိနေခဲ့သည်။
မည်သူမျှ ပြန်မထူးကြပေ။ ထန်ဟန်လု၏ နှလုံးသားသည် စိတ်ပျက်အားငယ်မှုထဲ နစ်မြှုပ်လုနီးပါး ဖြစ်နေချိန်တွင် တံခါးတစ်ချပ် ဖြည်းညင်းစွာ ပွင့်လာလေသည်။တံခါးဝတွင် ကြင်နာတတ်သော ပုံစံရှိသည့် အဘွားအိုတစ်ဦး ရပ်နေခဲ့သည်။ သူမ၏ ဆံပင်များသည် ငွေဖြူရောင် ဖြစ်နေပြီး မျက်လုံးများက အသက်အရွယ်ကြီးရင့်နေပုံရသည်။သို့သော်လည်း မျက်နှာပေါ်ရှိ အရေးအကြောင်းများက သိပ်မသိသာသေးပေ။ သူမ၏ ကျောပြင်သည် တောင့်မတ်နေပြီး အနေအထားက တောင့်တင်းခိုင်မာလှသည်။
ထိုအဘွားအို ဘာမှ မပြောရသေးခင် ထန်ဟန်လုသည် ဒဏ်ရာရထားသော တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ အခန်းထဲသို့ တွားဝင်သွားတော့သည်။
“တံခါးပိတ်လိုက်ပါ အဘွား၊ အမြန်ပိတ်လိုက်ပါ”
လေးလံသော တံခါးကြီးက ဝုန်းခနဲ ပိတ်သွားတော့သည်။ ထန်ဟန်လုကို လိုက်လံ နှောင့်ယှက်နေသော အမျိုးသားက တံခါးရှေ့တွင် ရပ်လိုက်သည်။ သူသည် ဇူလိုင် ၁၅ ဟူသော အခန်းနံပါတ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“မသေဆေးကုမ္ပဏီထဲကို ရောက်သွားပြီးတဲ့နောက် သူဟာ ဒီနေရာကြီးက ဘယ်လောက်တောင် ပျက်စီးနေပြီလဲဆိုတာ သတိထားမိခဲ့တယ်၊ အဆောက်အအုံကြီးက ပြိုကျလုနီးပါး ဖြစ်နေခဲ့ပြီ၊ သူမ အစွမ်းကုန် ကြိုးစားပြီး ကယ်တင်ခဲ့ပေမဲ့ အချည်းနှီးပဲ၊ ဒုတိယမြောက် မှတ်ဉာဏ်အမှတ်အသားက သူအသက် ၂၄ နှစ်၊ ဇူလိုင် ၁၅ ရက်နေ့မှာ ပေါ်လာခဲ့ပြီး သူ့ဘဝကို ပြောင်းလဲစေခဲ့တာပဲ”
တံခါးပိတ်သွားပြီ ဖြစ်သည်။ ထန်ဟန်လုသည် ကြမ်းပြင်ပေါ်တွင် ခွေကျသွား၏။ သူမသည် အသက်ကို လုရှူရင်း နောက်ဆုံးတွင် ပြန်လည် စိတ်သက်သာရာ ရသွားတော့သည်။
ထန်ဟန်လု မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သေးငယ်သော ဧည့်ခန်းထဲတွင် ဝိုင်းစက်နေသော စားပွဲပုလေးတစ်လုံးနှင့် ကုလားထိုင်ငယ်လေးများကို မြင်လိုက်ရသည်။ ကုလားထိုင်တစ်ခုစီတွင် အရုပ်ဆိုးပြီး ကိုယ်လက်အင်္ဂါချွတ်ယွင်းနေသော ကလေးတစ်ဦးစီ ထိုင်နေကြသည်။ သို့သော် ထိုကလေးများ၏ မျက်လုံးများက ကြည်လင်နေကြသည်။ အချို့က ရောင်စုံခဲတံများကို ကိုင်ထားကြပြီး အချို့ကမူ ကိတ်မုန့်များကို ငြိမ်သက်စွာ စားနေကြသည်။ အချို့က ထန်ဟန်လုကို စူးစမ်းစွာ စိုက်ကြည့်နေကြ၏။
“သမီးက ၁၄ ထပ်က ကလေးမလေးလား”
အဘွားအိုသည် ထန်ဟန်လု ကလေးများကို မြင်ပြီး ထိတ်လန့်မသွားစေရန် ဂရုစိုက်နေပုံရသည်။
သူမက ပြောလိုက်သည်။
“အဘွားနာမည်က တုကျင်းပါ၊ ဒီကလေးတွေရဲ့ ဆရာမပေါ့”
အသက်အန္တရာယ်နှင့် ကြုံနေရချိန်တွင် ထန်ဟန်လုသည် ၎င်းတို့ကို ဂရုမစိုက်နိုင်ပေ။ သူမသည် အိမ်ရှေ့တံခါးနှင့် ဝေးရာသို့ ရွေ့သွားရင်း အော်ပြောလိုက်သည်။
“အဘွား... တံခါးကို သော့ခတ်လိုက်ပါ၊ အပြင်မှာ အရူးလူသတ်သမား ရောက်နေတယ်”